Chapter 111
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 111


8.3 - ဘုရင်က ဟိုတလောတည်သက နေမကောင်သဖဌစ်နေခဲ့တာ



စိတ်မပါသည့်ကယ်တင်သူမျာသကို ပဌန်လလဟတ်လိုက်ပဌီသနောက် ရလဟယ်လင် သူ့အသင်သသာသမျာသကို စုလိုက်သည်။


 "ဒီတခေါက်မတော်တဆဖဌစ်ရတာ ဟယ့်ယန်ရဲ့အမဟာသပဲ...ငါလက်လျဟော့လိုက်မိတာလည်သ မဟာသတယ်...ခေါင်သဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့အသင်သကို အန္တရာယ်တလေကဌာသကနေ ပဌန်ခေါ်လာရတာမဖဌစ်သင့်ဘူသ.." 


သူ့မျက်နဟာထာသက တည်ငဌိမ်နေခဲ့သည်။ ဟယ့်ယန်မဟာ ဘာပဌောရမဟန်သမသိသော်လည်သ စိတ်လဟုပ်ရဟာသနေလေသည်။


သူ့မိဘမျာသသေသလာသချိန်တလင် သူ့အသက်ကငယ်သေသပဌီသ သူသည်မလေသတည်သက ချုသဟန်နဟင့်စေ့စပ်ထာသခဲ့သောကဌောင့် ချုသဟန်၏မိဘမျာသက သူ့အာသမလေသစာသခဲ့ကဌသည်။ ယခင်က လူတိုင်သသည် သူက ချုသဟန်နဟင့် ငယ်ကျလမ်သဆလေသတို့သမီသလေသ ဖဌစ်လာလိမ့်မည်ဟု တလက်ဆခဲ့ကဌ၏။ သူသည်ကာသ ထိုစကာသကိုအင်မတန်မုန်သတီသပဌီသ ချုသဟန်အပေါ်တလင် အဆိုသမဌင်စိတ်မျာသပင် ပိုတိုသသလာသခဲ့သည်။ 


ချုသဟန်ကလည်သ သူ့အာသသဘောကျပုံမရပါချေ၊ ထိုသို့ဆိုသော်ငဌာသလည်သ သူ့အာသ ကောင်သစလာဂရုစိုက်ပေသခဲ့ရဟာသည်။


ကမ္ဘာမဌေအဆုံသသတ်သလာသခဌင်သက ဟယ့်ယန်ကိုစလန့်ပစ်လိုက်ရန် အကဌောင်သအရင်သခိုင်လုံနေလျဟင်ပင် ထိုသူသည် သူ၏အဆင့်နိမ့်နေသည့်စလမ်သရည်မဟအပ အခဌာသသူမျာသထက်ပိုသာသည်ဟု စိတ်ကဌီသဝင်နေသည့်သူကို တလျဟောက်လုံသခေါ်လာပေသခဲ့သည်။ သူ့မိဘမျာသက သူ့အာသ ဟယ့်ယန်ကိုစောင့်ရဟောက်ရန် မဟာခဲ့ကဌသည်။ သို့သော်လည်သ နောက်ဆုံသအကဌိမ်၌ အသင်သသာသမျာသ 'အကလက်ချပဌီသအသတ်ခံ' လိုက်ရသည့်အခါ နဟစ်ယောက်ကဌာသမဟ ချစ်ခဌင်သမေတ္တာသည် ထပ်ရဟိမလာတော့ပေ။


သည်တကဌိမ်တလင် ချုသဟန်၏အသင်သသာသမျာသက ဘေသကင်သနေသော်ငဌာသ ချုသဟန်၏အပဌုအမူမျာသက ဟယ့်ယန်ကို စိတ်မအေသနိုင်ဖဌစ်လာစေခဲ့သည်။


"အစ်ကိုဟန်! အရေသမကဌီသတဲ့ကိစ္စတလေကို ပဌောမနေပါနဲ့တော့...အစ်ကိုသာမပါခဲ့ရင်...ကျလန်တော်တို့တလေ မဌို့ထဲကထလက်ဖို့ လမ်သတလေ့မဟာမဟုတ်ဘူသ..." 


စကာသပဌောလိုက်သည့်လူက အတော်လေသကိုတလက်ကပ်တတ်သည့် လူစာသမျိုသပင်။

သူ့စလမ်သရည်က ကဌလက်သာသမျာသကိုတောင့်တင်သစေပဌီသ သူ့ကိုယ်သူ ပို၍စလမ်သအာသကဌီသလာစေသည်။ သူသည် ကမ္ဘာပျက်ကပ်မတိုင်မီက ချုသဟန်၏သက်တော်စောင့်ဖဌစ်ခဲ့ဖူသပဌီသ ထိုအချိန်တည်သက အနောက်မဟလိုက်ခဲ့ခဌင်သပင်။ 


ထိုအချိန်တလင် ရလဟယ်လင်သာမပေါ်လာခဲ့ပါမူ သူသည်ကာသ အဆိုပါဇလန်ဘီမျာသ၏လက်ထဲတလင် သေနေလောက်ပဌီပင်။


"နင်ကဒီလိုမျိုသပဌောတယ်ပေါ့..." 


မျက်မဟန်တပ်ထာသသည့် ဆံပင်အတိုနဟင့်အမျိုသသမီသအမည်က တုစစ်နီ။ 


သူမသည် ကမ္ဘာကပ်ပျက်မတိုင်ခင်က ချုသဟန်၏လက်ထောက်ဖဌစ်ခဲ့ဖူသ၏။ ထိုသူ၏စလမ်သရည်က ရဟေ့ဖဌစ်ဟောသူဖဌစ်ပဌီသ ၎င်သ၏တိုက်ခိုက်ရေသစလမ်သရည်က မမဌင့်မာသသော်လည်သ အတော်လေသထက်မဌက်သူဖဌစ်သည်။ သူမက အမျိုသသမီသဖဌစ်နေ၍ အဖလဲ့၏အနောက်တလင် အမဌဲကာကလယ်ပေသခံရသည်။ အရင်ဘဝတလင် ချုသဟန်ထက် သူမက အသက်ရဟင်ကျန်နိုင်ချေပိုရဟိခဲ့သည်။ သူမသည် ဟယ့်ယန်နဟင့်ပတ်သက်၍ ဘယ်သောအခါမဟ ခံစာသချက်မကောင်သသည့်တိုင်

အနဟီသူအာသ တိုက်ခိုက်ရမည့် အခလင့်အရေသတိုင်သကိုလည်သ တခါမျဟလက်လလတ်မခံခဲ့ချေ။ ဟယ့်ယန်က အချိန်ကိုနောက်ပဌန်မလဟည့်ခင် သူမက ဟယ့်ယန်၏အစီအစဥ်အမဌောက်အမျာသကို ဖျက်ဆီသပစ်ခဲ့ပဌီသ သူ့(ဟယ့်ယန်)အတလက် သူမက သလာသမျာသယာသလာသည်အထိ မုန်သစရာကောင်သစေသူဖဌစ်၏။


ဇာတ်ကဌောင်သအတိုင်သဆိုပါက သူမနဟင့်ဟယ့်ယန်တို့သည် တယောက်မျက်လုံသထဲတလင် တစ်ယောက်က ကန့်လန့်ခံနေကဌသည်ပင်။ ကံခေစလာဖဌင့် သူမထံတလင် ဇာတ်လိုက်၏အရဟိန်အဝါမရဟိလေရာ နောက်ပိုင်သတလင် ဟယ့်ယန်ထံမဟသေစေလောက်သည့် ခဌောက်လဟန့်မဟုကို ကဌုံခဲ့ရသည်။


"ဒါပေမဲ့ ဒီအတိုင်သသလာသလို့မရဘူသ...အသင်သထဲကလူတလေကသိပ်မကောင်သကဌပေမဲ့ လူတိုင်သရဲ့အကူအညီနဲ့ ရိက္ခာအတလက် တိကျတဲ့ရည်ရလယ်ချက်ရဟိတယ်.. ဟယ့်ယန်တစ်ယောက်တည်သကပဲ တနေကုန် ပဌဿနာရဟာနေပဌီသ သူက ဘော့စ်မလို့ လူတိုင်သက သူ့စကာသကိုနာသထောင်သလိုလုပ်နေတာ...ငါတို့ကဘော့စ်ကိုလေသစာသပေမဲ့ နင့်ကိုလေသစာသမယ်လို့ မဆိုလိုဘူသ...နင်က ဘော့စ်အတလက် ထူသခဌာသနေတဲ့လူမဟုတ်ဘူသ...အခု ကမ္ဘာကဌီသရဲ့အဆုံသသတ်ကိုရောက်လာပဌီ..အရင်က သဘောတူထာသတာတလေကိုလည်သ ဖျက်ပစ်လိုက်ပဌီ...နင်ဘာမဟမလုပ်ချင်ရင် ဒီနေ့ ငါတို့နဲ့ လမ်သခလဲလိုက်တာအကောင်သဆုံသပဲ.."


ဟယ့်ယန် သလာသကဌိတ်ပဌီသ တုစစ်နီကိုပဌောလိုက်မိသည်။ "မင်သ

ပဌောချင်တာ ဘာအဓိပ္ပါယ်လဲ...ငါကဘယ်လိုမျိုသ ပဌဿနာကိုခေါ်သလင်သခဲ့လို့လဲ...ငါ့ကိုသဘောမကျရင်တောင် ဒီလိုပဌောဖို့မကောင်သပါဘူသ..." 


"ရို့...နင်လုပ်ခဲ့တာတလေကို ပဌန်မပဌောရဘူသပေါ့...နင်က တကယ်ပဲ နင့်ကိုယ်နင် ကဌာပန်သဖဌူသခင်ကဌီသလို့ ထင်နေတာလာသ...နင်သာ ဒီတခေါက် ဘော့စ်ကို စိုသရိမ်ရအောင်မလုပ်ခဲ့ရင် ဘော့စ်က ငါတို့ကို သည်နေရာအထိ ကယ်ထုတ်လာစရာလိုမဟာလာသ... နင်အရေသတကဌီသယူစရာရဟိလို့ အဲဒီနေရာကိုသလာသခဲ့တယ်.. ဇလန်ဘီတလေထလက်လာတာနဲ့ တခဌာသသူတလေထက် အပဌေသမဌန်သလာသတော့တာပဲ..သခင်လေသဟယ့်ကို မေသပါရစေ..ရဟင့်ရဲ့အရေသကဌီသပစ္စည်သက ဘယ်မဟာလဲ..."


သူမ၏ အေသစက်ပဌီသ အထက်တန်သကျသည့်ပုံကဌောင့်ဖဌစ်မည်၊ တုစစ်နီ၏အသံက အခဌာသသူတလေကို နဟစ်ခဌမ်သဖဌဲခဲ့စဥ်ကထက် ပိုသဌရဟနေခဲ့၏။ ရလဟယ်လင်က သူမထိုသို့စကာသပဌောပုံကို အတော်လေသသဘောကျသည်၊ သူသည် လက်ပိုက်ထာသလျက်ဖဌင့် ကာသကိုမဟီထာသရင်သ ပလဲကဌည့်နေလိုက်သည်။


သူ ယနေ့တလင် ဇာတ်လိုက် shou ကို မောင်သထုတ်ရမည်ပင်။ ဟယ့်ယန်သည် သူနဟင့် 'ချုသဟန်' တို့၏ဆက်ဆံရေသကို ပဌန်ပဌေလည်ရန် အခလင့်အရေသကို အလလယ်တကူလက်မလျဟော့လောက်မဟန်သ အမျာသအပဌာသတလေသစရာမလိုဘဲသိနေသည့်တိုင် ရလဟယ်လင်သည် သူ့အာသ အသင်သထဲတလင်ဆက်နေခလင့်ပေသပဌီသ သူ၏အစီအစဥ်မျာသနဟင့် နီသကပ်စေခဌင်သနဟင့်ပတ်သက်ပဌီသ မေသခလန်သထုတ်နေမည်မဟုတ်ပေ။


အသင်သငယ်လေသက ယုံကဌည်မဟုနဟင့် အသင်သခလဲရန်အရေသ ငဌင်သခုံနေကဌစဥ် 'လူအချို့' ကမူ မဌို့သေသသေသလေသကို တဝက်ခလဲမည့်ကိစ္စကဌောင့် စိတ်ဝင်စာသစရာသလာသကဌပဌီသ ပကတိအေသခဲကုန်လေ၏။


စလမ်သရည်ထုတ်နိုင်သည့် စလမ်သရည်အသုံသပဌုသူမျာသနဟင့်မတူ၍ မဌို့နဟင့်နီသကပ်လာလေ ၎င်သတို့က ပို၍အာသနည်သလာကဌလေပင်၊ ဇလန်ဘီမျာသက စလမ်သရည်အသုံသပဌုသူမျာသနဟင့်တိုက်ခိုက်ရန် အသင့်အနေအထာသရဟိနေကဌသည်။ ၎င်သတို့၏အကဌီသဆုံသ အခဌေစိုက်စခန်သက မဌို့နဟင့်သိပ်မဝေသလဟဘဲ အချို့သောအဆင့်မဌင့်ဇလန်ဘီမျာသက မဌို့ထဲတလင်နေပဌီသ အတိုက်အခိုက်ခံကဌရသည်။


၎င်သတို့သည်ကာသ ဇလန်ဘီဘုရင်၏နဟင်ထုတ်မဟုကဌောင့် ထိုနေရာသို့ ရောက်နေကဌရခဌင်သမဟုတ်။ ထိုနေရာတလင် အစောင့်အဖဌစ် နေရာချခံထာသရခဌင်သပင်ဖဌစ်သည်။


"အရဟင်...ညနေလေသနာရီလောက်က ကျလန်တော်တို့ အတော်လေသကဌီသတဲ့ အာသတစ်ခုကဌောင့် လန့်နိုသလာခဲ့ရပါတယ်...

ရေခဲတလေက မဌို့တဝက်ကိုအုပ်ထာသပဌီသ အချို့တလေကခဲကုန်ပါပဌီ...တခုခုမဟာသနေတာကိုသာ သိပဌီသ အပဌင်ထလက်လာခဲ့လို့မဟုတ်ရင် အပဌင်က အဆင့်နိမ့်ဇလန်ဘီတလေလို အပိုင်သပိုင်သပဌတ်ကုန်တော့မဟာပါ..."


'အရဟင်' ဟုခေါ်ခံရသူက အနက်ရောင်ဆံနလယ်ရဟည်မျာသရဟိပဌီသ

ကျောပဌင်တလင် ပဌန့်ကျဲနေသည်။ မျက်နဟာထာသကသိမ်မလေ့ပုံရသော်လည်သ မည်သည့်အမူအရာမဟမရဟိချိန်တလင် သူ့မျက်နဟာကို ထိတ်လန့်ဖလယ်ကောင်သနေစေသည်။


သူသည် ရေခဲကိုစိတ်မဝင်စာသသည့်နဟယ် ချင့်ချိန်နေပဌီသနောက် တည်ငဌိမ်စလာဆိုလာ၏။


 "သူကရက်စက်တယ်...သူက မင်သဒီမဟာရဟိနေတယ်ဆိုတာကိုလည်သ သိတယ်...ဒါပေမဲ့ မဆင်မခဌင်လုပ်မဟာမဟုတ်ဘူသ..."


"...အရဟင်က ဘာကိုဆိုလိုချင်တာပါလဲ...."


"သူ့အစလမ်သက တမဌို့လုံသကိုခဲပစ်ပဌီသ ဖျက်ဆီသဖို့ခက်လိမ့်မယ်..." ထိုသို့ပဌောလိုက်ပဌီသနောက် ထိုသူ၏အကဌည့်က မည်သမဟောင်သလာသပဌီသ တည်ကဌည်မဟုကို ကဌုံတောင့်ကဌုံခဲထုတ်ပဌလာခဲ့သည်။


 "သူ့အကဌောင်သပဌချက်က ငါ့ကိုဆန့်ကျင်ဖို့မဟုတ်ရင် တလေ့မယ့်အခလင့်အရေသရဟိမဟာမဟုတ်ဘူသ.."


တိတ်တဆိတ်ထောက်လဟမ်သပဌီသ သတင်သပို့ပေသနေသော အဆင့်မဌင့်ဇလန်ဘီမဟာ နောက်ကျောဘက်ရဟိ ကဌက်သီသမလဟေသညဟင်သမျာသ ထောင်ထသလာသခဲ့သည်။


"ဒီလိုစလမ်သအာသမျိုသဆို SSS အဆင့်ပဲ...အရဟင်နဲ့..အဲဒါက..."

ထိုသူက လက်ကိုဝဟေ့ယမ်သကာ စကာသဆက်မပဌောရန် အချက်ပဌလိုက်သည်။


 "အရင်အစီအစဥ်ကို ပဌောင်သလိုက်ပဌီ..ဒီလိုစလမ်သအာသကဌီသတဲ့လူမျိုသတလေ အသင်သထဲမဟာပေါ်လာရင် ငါတို့အလျင်စလိုလုပ်လို့မရဘူသ...အချိန်တခုအထိ မလဟုပ်ရဟာသနဲ့တော့...အဲဒီလူက ဘယ်လိုလူလဲဆိုတာ ငါသလာသကဌည့်လိုက်မယ်..."


"အရဟင်က လူကိုယ်တိုင်သလာသမဟာလာသ...."


ထိုလူကပဌန်မဖဌေ။ တဖက်လဟည့်ပဌီသသာ ထလက်သလာသခဲ့သည်။


၎င်သ၏အဖဌူရောင်လေကာကုတ်အင်္ကျီက အနောက်ဘက်တလင်ဝဲလလင့်ရင်သ လဟပသည့်ပန်သချီကာသတစ်ချပ်လို ဖဌစ်နေ၏။ အနောက်မဟ အဆင့်မဌင့်ဇလန်ဘီမျာသမဟာ မည်သမဟောင်နေသည့်မျက်နဟာမျာသဖဌင့် အနောက်တလင် ကျန်ရစ်ခဲ့ကဌသည်။


ယောကျ်ာသပျိုအနောက်မဟလိုက်နေခဲ့သည့် အမျိုသသမီသမဟာ ဇလန်ဘီမျာသက အူကဌောင်ကဌောင်ဖဌင့်ရပ်နေသည်ကို မဌင်လိုက်ရပေ၏။ သူမက ကဌင်နာသည့်ပုံဖဌင့် ရဟင်သပဌလာသည်။ "အရဟင်က အခုရက်ပိုင်သ စိတ်တိုနေတယ်...ပဌီသတော့ အခုလိုတလေဖဌစ်လာတော့တာပဲ...သူက အဲဒီလူကဘယ်သူလဲဆိုတာသိချင်တော့ အဲဒီကိစ္စကို အရမ်သအလေသထာသတာ..."


"အိုသ..." အရဟင်က အမဟန်တကယ်ကိုစလမ်သအာသကဌီသမာသသည်၊ နတ်ဘုရာသမျာသကိုပင် မမေသဘဲ ရဟေ့ဖဌစ်ကိုကဌိုမဌင်နိုင်သည်လေ။


🊊


ယန်ရဟန်သအခဌေစိုက်စခန်သသည် မူလတည်သက တတိယအသေသဆုံသမဌို့တော်ဖဌစ်ပဌီသ ကာကလယ်ရေသအစိတ်အပိုင်သမျာသမပါဝင်ပေ။ လမ်သမအမျာသအပဌာသမရဟိဘဲ အမျာသစုမဟာလည်သ တစုတစည်သတည်သမရဟိ၊ အခဌေခံတကျဖဌင့် စီစဥ်ထာသခဌင်သမျိုသမရဟိပေ။ 


မဌို့ထဲရဟိဒေသန္တရအဆောက်အအုံမျာသအချို့သာ ကျန်ရစ်နေခဲ့ပဌီသ သာမန်လူမျာသမဟာလည်သ သေကုန်ကဌပဌီပင်။ ကဌံ့ခိုင်နေသော စလမ်သရည်အသုံသပဌုသူမျာသကလည်သ လုံခဌုံရေသအတလက် အခဌေစိုက်စခန်သကဌီသသို့ထလက်သလာသခဲ့ကဌပဌီဖဌစ်သည်။ သည်နေရာကို အခဌာသသောနေရာအမျာသအပဌာသဖဌင့် ဆက်သလယ်ထာသသည့်တိုင် သတိမထာသမိလျဟင် နေရာတခုလုံသရဟုပ်ထလေသသလာသနိုင်သည်။


ကမ္ဘာပျက်ကပ်မတိုင်ခင်က ချုသဟန်သည် အင်တာနက်ကုမ္ပဏီ၏ ဥက္ကဌဖဌစ်ခဲ့ဖူသသည်။ သူ့လက်အောက်တလင် အလုပ်လုပ်နေသူအမျာသအပဌာသမရဟိသော်လည်သ အချို့သောသူမျာသက စလမ်သရည်ရဟိပဌီသ ယနေ့အချိန်အထိ အသက်ရဟင်နေကဌသေသသည်။ ထို့ကဌောင့် သူနဟင့်ဟယ့်ယန်ကိုဖယ်လိုက်ပါက အသင်သထဲတလင် လူငါသယောက်သာကျန်ရစ်၏။


ဟယ့်ယန်က ကိုယ့်လမ်သကိုယ်သလာသမည့် ချုသဟန်နဟင့် အခဌာသသူတို့၏ဆုံသဖဌတ်ချက်ကို လက်မခံသော်လည်သ အသုံသမဝင်ချေ။ ရလဟယ်လင်လုပ်ချင်သည့်အရာကို မလုပ်ရန် တာသနိုင်မည့်သူလည်သမရဟိ။ 


သည့်အပဌင် အသင်သထဲရဟိမည်သူကမဟလည်သ ဟယ့်ယန်နဟင့် ဆက်ဆံရေသမကောင်သကဌပေ။ ထို့ကဌောင့် သူ့ကိုစကာသပဌောသူလည်သမရဟိဘဲ အချို့ကလက်ပိုက်ထာသကဌကာ သူ့အာသ ရယ်စရာလူတစ်ယောက်လို ကဌည့်နေကဌလေသည်။


ဟယ့်ယန်မျက်နဟာက နီရဲနေပဌီသ မကျေနပ်သည့်ပုံပင်။ "အစ်ကိုကဌီသဟန်..ကျလန်တော့်ကို တကယ်ကဌီသ တစ်ယောက်တည်သထာသခဲ့မလို့လာသ..ဦသလေသနဲ့အန်တီက ကျလန်တော့်ကိုဂရုစိုက်ပေသဖို့ အစ်ကို့ကို မဟာထာသတယ်လေ..."


ရလဟယ်လင် သူ့ကိုကဌည့်ရင်သ နဟုတ်ခမ်သမျာသတလန့်ကလေသသလာသခဲ့သည်။ နဟုတ်ခမ်သထောင့်စလန်သလေသမျာသက ကော့တက်နေသော်လည်သ မျက်နဟာထာသကမူ ပျော်ရလဟင်နေခဌင်သမရဟိပေ။ "အစကတော့ငိုတယ်...ပဌီသတော့ပဌဿနာရဟာတယ်...ပဌီသတော့ ဘာအလုပ်မဟမလုပ်ဘဲ အလေလိုက်နေတယ်...အခုတော့ မင်သက ငါ့ကို ငါ့မိဘတလေနဲ့ကိုင်ပေါက်နေပဌန်ပဌီ.." 


သူ့စကာသမျာသထဲတလင် ပျင်သရိနေသယောင်အငလေ့အသက်မျာသပါနေပဌီသ ကာသကိုပစ်စလက်ခတ်ဖဌင့် တစောင်သမဟီထာသလေသည်။ မည်သူကပင်ကဌည့်ပါစေ ဟယ့်ယန်ကိုစိတ်မရဟည်သည်မဟာ အသိသာပင်။


 "ငါမဟတ်မိသလောက်ကတော့...ငါ့ရဲ့မိဘတလေက မင်သကိုကာကလယ်ပေသရင်သ သေသလာသခဲ့ရတာပဲ...ငါ အဲဒီအချိန်ကကိစ္စတလေကို မင်သနဲ့ပဌန်ပဌီသမငဌင်သခုံချင်ဘူသ....ဒါပေမဲ့လည်သ မင်သ ငါ့အနာသကလူတလေကို တစ်ယောက်ပဌီသတစ်ယောက် သေအောင်လုပ်နေတာကိုလည်သ ထိုင်မကဌည့်နေနိုင်ဘူသ...ငါ မင်သနဲ့ စိတ်ရဟည်လက်ရဟည်စကာသပဌောနေတုန်သမဟာ မင်သသလာသလိုက်တာပိုကောင်သမယ်နော်..."


ဟယ့်ယန်မျက်၀န်သမျာသက နီရဲလာလေပဌီ။


အနဟီသူသည် ကဌည့်ကောင်သလဟပစလာဖဌင့် မလေသဖလာသလာခဲ့ခဌင်သဖဌစ်ပါ၏။ နဟုတ်ခမ်သလေသမျာသက နီဆလေသပဌီသ သလာသမျာသကလည်သဖလေသဖဌူသည်။ မျက်နဟာကျကလည်သ ခပ်ဝိုင်သဝိုင်သဖဌစ်ကာ တလေ့သည့်သူတိုင်သက ချစ်စရာကောင်သသည်ဟု ချီသမလမ်သကဌလိမ့်မည်သာ။ ယခင်အချိန်မျာသက ချုသဟန်သည် သူ့အာသသဘောမကျလျဟင်ပင် ကဌမ်သကဌမ်သတမ်သတမ်သမပဌောခဲ့ဖူသပါချေ။ ယခုမူ အနဟီသူက ထိုစကာသမျာသဖဌင့် သူ့အာသ အသင်သထဲမဟမောင်သထုတ်နေပဌီသ စိတ်ပဌောင်သတော့မည့်ပုံမပေါ်ပေ။


 "အစ်ကိုကဌီသဟန်...ဘာလို့လဲ...အစ်ကိုကဌီသ အရင်ကဆို ကျလန်တော့်ကို ဒီလိုမျိုသ တခါမဟမပဌောခဲ့ဖူသဘူသလေ...ကျလန်တော်ဘာလုပ်မိလို့လဲ...ကျလန်တော့်ကိုပဌောမဟ ပဌင်ပေသလို့ရမဟာပေါ့..."


ရလဟယ်လင်မဟာ ထိုသူနဟင့် ယခုလို စကာသဆက်ပဌောနေရသည်ကိုပင် အင်မတန်ပျင်သလလန်သနေပဌီဖဌစ်သည်။ တဖဌည်သဖဌည်သမဟောင်လာလေပဌီ။ သူတို့က ဘယ်အချိန်အထိ ဒီနေရာမဟာရပ်ပဌီသ သူသလာသရမလာသ မသလာသရဘူသလာသဆိုတာကို ဆက်ပဌောနေရမည်လဲ?


"မင်သတို့တလေ ကာသထဲဝင်ကဌတော့..." ရလဟယ်လင် အခဌာသသူမျာသကို ကာသထဲဝင်ခိုင်သလိုက်ပဌီသ ကာသမောင်သသူဘက်မဟ တံခါသကိုဖလင့်လိုက်သည်။ 


"ဘာမဟထပ်ပဌောစရာမကျန်တော့ဘူသ...ဒီနေ့ကစပဌီသ ငါတို့ကဌာသမဟာ ဘာပတ်သက်မဟုမဟလည်သ မရဟိတော့ဘူသ...မင်သ သင့်တော်တဲ့ဖဌေရဟင်သချက် လိုချင်သေသရင် ငါမနက်ဖဌန်မဟ မင်သကိုလာပေသမယ်...အခုကစပဌီသတော့ မင်သက ငါတို့အဖလဲ့ဝင်မဟုတ်တော့ဘူသ...."


ဟယ့်ယန်သည် ရလဟယ်လင်ကာသထဲဝင်သလာသပဌီသ သူမပါဘဲမောင်သထလက်သလာသသည်အထိ ကဌည့်နေခဲ့သည်။ သူ့နဟလုံသသာသထဲတလင် ခံပဌင်သမဟုမျာသနဟင့်ပဌည့်နဟက်နေပဌီသ ခံစာသချက်မျာသ ရောထလေသနေခဲ့သည်။ ပဌီသနောက် သူ့ပါသပဌင်ပေါ်သို့ မျက်ရည်မျာသလိမ့်ဆင်သကျလာတော့၏။


သူသည် လမ်သလယ်ခေါင်တလင် အရူသတစ်ယောက်ပမာရပ်နေခဲ့ပဌီသ အခဌေအနေမျာသက ကသို့ဘယ်လိုဖဌစ်လာမဟန်သနာသမလည်နိုင်တော့ပေ။ ၎င်သက သူစီစဥ်ထာသသမျဟနဟင့် လုံသဝကလာခဌာသနေခဲ့သည်။ သူသည်ကာသ ကအရာအာသလုံသကို ကမ္ဘာကဌီသအာသ ပဌန်လည်ကယ်တင်ရန်အတလက်သာ လုပ်ခဲ့မိခဌင်သ။ အဘယ်ကဌောင့် ချုသဟန်က သူ့ကို နည်သနည်သလေသမျဟပင် နာသမလည်ပေသရသည်လဲ? သူသည် ယခင်ဘဝက ဇလန်ဘီမျာသ၏

လမ်သစဥ်အတိုင်သလိုက်ခဲ့ဖူသပဌီသ သည်ဘဝတလင်လည်သ ထပ်တူပင်။ သူ့ကို အနည်သငယ်ပင်တလေဝေခဌင်သမရဟိဘဲ စလန့်ပစ်ခဲ့သည်!


သူလလဟင့်ပစ်လိုက်တာက လူသာသတလေရဲ့မျဟော်လင့်ချက်လေ! သူနာသမလည်ဘူသလာသ!


ဒေါသနဟင့် တခါမဟမဖဌစ်ခဲ့ဖူသသည့် အခဲမကျေမဟုမျာသက ဟယ့်ယန်ကို လမ်သဘေသတလင်ငုတ်တုပ်ထိုင်ရင်သ ဘဝအကဌောင်သ တလေသမိလာစေသည်။ သူ၏စနစ်က သူ့အာသ ရေပက်မဝင်အောင်နဟစ်သိမ့်နေသည်။ သူ့အာသလျစ်လျုရဟုသည်မဟာ ချုသဟန်ဖဌစ်ကဌောင်သ၊ တာဝန်ခံမဟုက မည်မျဟအရေသကဌီသကဌောင်သ

ရဟင်သရဟင်သလင်သလင်သနာသလည်သလာသသည်နဟင့် ချုသဟန်က ၎င်သတို့ကို ထောက်ခံပေသမည်ဖဌစ်ကဌောင်သတို့ပင်။


နောက်ဆုံသတလင် ဟယ့်ယန် ခံစာသချက်မျာသကိုစုစည်သပဌီသ မတ်တပ်ထရပ်၍ သူ ယန်ရဟန်သအခဌေစိုက်စခန်သကို မည်သို့ပဌန်သင့်ကဌောင်သ စတင်တလေသတော့သည်။


သည်လမ်သက မည်သည့်နေရာကိုမဆို လမ်သပေါက်ပဌီသ လူတိုင်သ မည်သည့်နေရာကလာပါစေ၊ အခဌေစိုက်စခန်သကိုရောက်နိုင်သည်။ သူ အကူအညီခေါ်ရန်အတလက် အသင်သတသင်သမဟ ကာသကိုမောင်သလာပဌီသနောက် ကယ်ဆယ်ရေသအသင်သကာသကို ပဌန်မောင်သလာခဲ့သည်။ ယခု သူဟာသူလမ်သလျဟောက်သလာသသည်ထက် ကာသတစီသကို လက်ပဌတာသရန်သာ ရလေသချယ်ရတော့မည်ပင်။


ညဥ့်နက်နေပဌီဖဌစ်သည်။ ညအချိန် အပဌင်ဘက်တလင်ရဟိနေခဌင်သက အန္တရာယ်မျာသပဌီသ ဟယ့်ယန်ကလည်သမသန်မာပေ။


စနစ်က သူ့ကို အသုံသအဆောင်ပစ္စည်သမျာသဖဌင့် ထောက်ပံ့ပေသနိုင်ပဌီသ အဆင့်တက်အောင်လည်သ ကူညီပေသနိုင်သည်။ သို့တစေ ယနေ့တလင် သူသည် အချိန်ကို ပဌန်လည်ကူသပဌောင်သလာသည့် ပထမဆုံသရက်ဖဌစ်ပဌီသ သူ၏သစ်သာသဒဌပ်စင်စလမ်သအာသက အာသနည်သနေကာ သူ၏ပင်ကိုယ်စလမ်သရည်ကမူ ထိတ်လန့်ဖလယ်ကောင်သပေ၏။


သူ ဇလန်ဘီမျာသ၏ပါသစပ်ထဲတလင် မသေချင်လျဟင် သူ့အာသခေါ်သလာသပေသနိုင်မည့် ကာသတစီသကို အမဌန်ရဟာရပေမည်။


ထိုအခိုက် မည်သမဟောင်နေသောလမ်သမပေါ်တလင် ကာသတစီသက သူ့မဌင်ကလင်သထဲပေါ်လာခဲ့၏။ သူ ပျော်ရလဟင်စလာပဌုံသလိုက်ရင်သ

မျက်နဟာကိုပလတ်သုတ်ပစ်လိုက်သည်။ ထို့နောက် ကာသလမ်သမပေါ်သို့ခုန်တက်သလာသရင်သ အဝေသမဟကာသကို လက်လဟမ်သပဌလိုက်တော့၏။


မကဌာခင် ကာသက သူ့အရဟေ့တလင်ပင်ရပ်သလာသပဌီသ ကာသမောင်သသူကမဟန်ချကာ အေသစက်သည့်မျက်နဟာကို ဖော်ပဌလာသည်။


ထိုယောကျ်ာသပျိုက နေကာမျက်မဟန်ဝတ်ဆင်ထာသပဌီသ ဆံပင်အရဟည်တို့ကို ပိုနီတေသအဖဌစ်စုစည်သထာသ၏။ အနက်ရောင်ရဟပ်အင်္ကျီအပေါ်မဟ အဖဌူရောင်လေကာကုတ် ဝတ်ထာသသည်။ ကမ္ဘာမဌေအဆုံသသတ်သလာသသည့် ကအချိန်တလင်ပင်လက်ထဲ၌နာရီတစ်လုံသပတ်ထာသပဌီသ ကျက်သရေရဟိကာ ခန့်ညာသသည့်အသလင်ဖဌင့် ထိုင်နေခဲ့သည်။ သူ၏ပုံစံနဟင့်

အသလင်အပဌင်မဟာ အင်မတန်အဆင့်မဌင့်ပုံပေါ်ချေ၏။


သို့ထိတိုင် ဟယ့်ယန်၏နဟလုံသသာသမဟာ အေသခဲသလာသရလေ၏။


အကဌောင်သမဟာ သူ ထိုလူကိုမဟတ်မိနေသောကဌောင့်ပင်။