အပိုင်း ၉၈ ( Little White Face 26 - extra 1)
Viewers 10k

ယောက္ခမများနှင့် တွေ့ဆုံခြင်း

B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသည် နိုင်ငံအတွင်း အကြီးဆုံးအခြေစိုက်စခန်း ဖြစ်သည်။ ဤလုံခြုံရေးစခန်းတွင် လူဦးရေ ၇ သန်းကျော်ပင် ရှိသည်။

လူဦးရေ များပြားသောကြောင့် ထိုအတွင်းရှိ လူအများအပြားသည် ဇွန်ဘီများကို တွေ့ရခဲသည်။ သူတို့၏ ဘဝများသည် ကမ္ဘာမပျက်မီနှင့် ထပ်တူနီးပါး တူညီလှသည် – သူတို့သည် မနက်တိုင်းတွင် အလုပ်သွား၍ ညဘက်တွင် အိမ်ပြန်သည်။ သူတို့ ပိုက်ဆံရလာလျှင် စားစရာများနှင့် အခြားသော နေ့စဉ်အသုံးအဆောင်များကို ဝယ်ယူနိုင်သည်။

ယခင်က လူအများသည် ပိုက်ဆံရှာပြီး အစားအသောက်အတွက် ပိုက်ဆံတစ်ဝက်ကို သုံးစွဲခဲ့ကြသော်လည်း ယခုမူ လူအများစုသည် သူတို့၏ ဝင်ငွေအများစုကို အစားအသောက် ဝယ်ယူရန် သုံးစွဲနေကြပြီဖြစ်သည်။

ဤသို့ဆိုလျှင်ပင် သူတို့သည် စားနပ်ရိက္ခာပြတ်လပ်မှုကို ခံစားနေရဆဲဖြစ်၏။

ကျိုးဟိုင်ရှန်းသည် B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်း၏ သာမန်အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ သူသည် နေ့တိုင်း အလုပ်များနေပြီး သူနှင့် သူ၏ ဇနီးအတွက် စားနပ်ရိက္ခာ အလုံအလောက်သာ ရရှိနိုင်သည်။

သို့သော် သူက သာမန်လူမဟုတ်... ကမ္ဘာမပျက်ခင်က ကျိုးဟိုင်ရှန်း ဆိုတဲ့ သူက ထိပ်တန်းသူဌေးတွေထဲက တစ်ယောက် ဆိုတာ ဘယ်သူ မသိလို့လဲ?

ကံမကောင်းအကြောင်းမလှစွာဖြင့် ကမ္ဘာပျက်ကပ် ရောက်လာပြီး ယခုအခါ သူ၏ စည်းစိမ်ဥစ္စာများ မရှိတော့ချေ။

ဤအခိုက်အတန့်တွင် ကမ္ဘာမပျက်ခင်က ငွေကြေးပိုက်ဆံ အသုံးမဝင်တော့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူက သူဌေးကြီး ဖြစ်ခဲ့ဖူးလေရာ လုံခြုံရေးစခန်းကို စီမံခန့်ခွဲသူများသည် သူ့ကို စားစရာပိုပေးကြသည်။

သို့သော် သူသည် အကျိုးအမြတ် အနည်းငယ်မျှသာ ရရှိနေဆဲဖြစ်သည်။

သူ့တွင် ကမ္ဘာမပျက်ခင်က B မြို့ကြီး၌ အိမ်အများအပြား ရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့ကို အသိမ်းခံရသည်မှာ ကြာပြီဖြစ်သော်ငြား သူသည် သူ နေထိုင်ရန်အတွက် အိမ်တစ်လုံးကို ချန်ရစ်ထားသည်။ သူသည် နောက်ပိုင်းမှ B မြို့ကြီးသို့ ရောက်လာသူများနှင့် မတူချေ။ သူတို့သည် နေထိုင်စရာများ မရှိသောကြောင့် မိသားစုတစ်စုလျှင် အခန်းတစ်ခန်းတွင်သာ နေထိုင်ရသည်။

ထို့အပြင် သူ၏ နှစ်ပေါင်းများစွာ ကုမ္ပဏီများကို စီမံခန့်ခွဲမှု အတွေ့အကြုံကြောင့်လည်း သူသည် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

သူ့ကဲ့သို့ အသက်ငါးဆယ်ကျော် သာမန်လူများသည် လုံခြုံရေးဇုန်တွင် အလုပ်မရှာနိုင်‌ကြချေ။ သူတို့သည် အနည်းဆုံးထောက်ပံ့မှုဖြင့်သာ အသက်ရှင်နိုင်ကြပြီး စားစရာ လုံလုံလောက်လောက် မရှိကြ။ သို့သော် အနည်းဆုံးတော့ သူ့တွင် သူနှင့် သူ့ဇနီးကို ကျွေး‌မွေးနိုင်သော အလုပ်တစ်ခု ရှိသေးသည်။

သူ၏ ဇနီးသည်သည် အခြားလူများ၏ ကလေးများကို ပြုစုစောင့်ရှောက်၍ နောက်ထပ်အလုပ်အနည်းငယ်ကို လုပ်ဆောင်ပြီး သူတို့မိသားစုတွင် ထောက်ပံ့အမှတ်တချို့ကို စုဆောင်းလာနိုင်လေသည်။

တစ်နေ့တာ အလုပ်ပြီးသောအခါ ကျိုးဟိုင်ရှန်း အနည်းငယ် ပင်ပန်းလာသည်။

သူ၏ အလုပ်သည် ကာယခွန်အား မလိုအပ်သော်ငြား လုပ်ဆောင်ရန် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး ခက်ခဲသည်။ အရေးကြီးဆုံးမှာ... ကမ္ဘာကြီးက ရုတ်တရက် ပြောင်းလဲသွားပြီး ရာထူးဂုဏ်သိမ်တို့ ပျက်ပြားသွားခြင်း ဖြစ်သည်။ ယခင်က သူနှင့် တစ်ကမ္ဘာစာခန့် ဝေးကွာခဲ့သော လူများသည် ယခုအခါ သူ့ထက် ပိုမိုအင်အားကြီးလာကြသောကြောင့် သူတို့က သူ့ရှေ့တွင် အမြဲတစေ လာရောက်ကြွားဝါလေ့ရှိကြသည်။

ဤသည်ကား လူ့သဘောသဘာဝ ဖြစ်၏။ ထို့ကြောင့် ကျိုးဟိုင်ရှန်းသည် လျစ်လျူပြုနိုင်သော်လည်း ထိုသို့သော လူများစွာ ရှိနေပြီး သူ့အလုပ်ကို အနှောင့်အယှက်ဖြစ်စေသည်။

အိမ်အပြန်လမ်းတွင် ကျိုးဟိုင်ရှန်းသည် အစားအစာများ တညီတညာတည်း ဖြန့်ဝေသော အနီးအနားရှိ ကန်တင်းသို့ ဝင်ပြီး အဆင့် C သတ်မှတ်အစားအစာ ခြောက်ပွဲကို ဝယ်ယူခဲ့သည်။

သာမန်ကန်တင်းများသည် သတ်မှတ်အစားအစာများကိုသာ ရောင်းချသည်။ သတ်မှတ်အစားအစာများကို အမျိုးအစားလေးမျိုး ခွဲခြားထားသည်။ အဆင့် A ၏ အဓိကအစားအစာမှာ ခေါက်ဆွဲဖြူ သို့မဟုတ် ထမင်း ဖြစ်ပြီး ဟင်းပွဲကောင်းများဖြင့် တွဲဖက်သည်။ အဆင့် B မှာ သိပ်မကောင်းဘဲ အဆင့် C က ပို၍ပင် ဆိုးရွားသည်။ အများအားဖြင့် ၎င်းမှာ အသီးအရွက်များ ရောနှောနေလျက် ကြမ်းထော်သော ဂျုံစပါးတို့ဖြင့် ပြုလုပ်ထားသည့် ပန်ကိတ် ဖြစ်သည်။ အဆင့် D ကမူ... အဆင့် D သည်လည်း အသီးအရွက်များ ရောနှောနေလျက် ကြမ်းထော်သော ဂျုံစပါးတို့ဖြင့် ပြုလုပ်ထားသည့် ပန်ကိတ် ဖြစ်သော်ငြား ဂျုံစပါးက အဆင့် C ထက် ပိုမိုဆိုးရွားပြီး အတွင်းပိုင်းရှိ အသီးအရွက်များက ဟောင်းနွမ်းကာ ခါးသက်သည်။

အခြေစိုက်စခန်းရှိ ထောက်ပံ့‌ကြေး ရရှိသူများသည် တစ်ရက်လျှင် အဆင့် D သတ်မှတ်အစားအစာ နှစ်ပွဲသာ ရရှိနိုင်သည်။

ယနေ့၏ အဆင့် C သတ်မှတ်အစားအစာသည် ပုံမှန်အတိုင်း ပန်ကိတ်များသာ ဖြစ်ပြီး ပန်ကိတ်များကို အရေအတွက်ဖြင့် ‌မရောင်းချဘဲ အလေးချိန်တွယ်၍ ရောင်းချသည်။ ကျိုးဟိုင်ရှန်းက အလေးချိန်ကို ပြောပြီး သူတို့က သူ့အတွက် ချိန်တွယ်ပေးသည်။

ကျိုးဟိုင်ရှန်းသည် အပူပေးဗူးကို ထုတ်၍ ပန်ကိတ်များကို ထည့်လိုက်သည်။ ထို့နောက်မှသာ သူသည် အိမ်ပြန်လာခဲ့သည်။

ဤခြောက်ပွဲသည် သူနှင့် သူ့ဇနီးတို့၏ ယနေ့ညစာ ဖြစ်သည့်အပြင် မနက်ဖြန် နံနက်စာနှင့် မနက်ဖြန် နေ့လယ်စာလည်း ဖြစ်သည်။

သူတို့မိသားစု၏ ဝင်ငွေသည် မဆိုးဘဲ လက်ဝယ်ရှိ ထောက်ပံ့အမှတ်များလည်း တည်ငြိမ်သည်။ သို့ရာတွင် သူနှင့် သူ့ဇနီးတို့သည် ပိုက်ဆံအများကြီး မသုံးစွဲဘဲ အများအပြား စုဆောင်းထားသည်။

ကျိုးဟိုင်ရှန်း အိမ်ပြန်ရောက်သောအခါတွင် ကလေးနှစ်ယောက်နှင့် လူငယ်တစ်ဦးသည် သူ့အိမ်မှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူ့ကို မြင်သောအခါ ထိုလူက ခေါင်းညိတ်ပြသည်။

အခြေစိုက်စခန်းရှိ လူအများက အလွန်အလုပ်ရှုပ်ကြပြီး သူတို့၏ ကလေးများကို ဂရုစိုက်ရန် အချိန်မရှိသောကြောင့် သူတို့သည် ထောက်ပံ့အမှတ် အနည်းငယ်ကို ပေး၍ တခြားသူများကို ကူညီစေသည်။

သေချာပေါက်ပင် ပိုက်ဆံတတ်နိုင်သူများသည် သူတို့၏ သားသမီးများကို ထိန်းကျောင်းရန် ပိုမိုကောင်းမွန်သော လူကို ရွေးချယ်လိမ့်မည်ဖြစ်သည်။ အနည်းဆုံးတော့ ကောင်းမွန်သော နေထိုင်စရာ မရှိဘဲ လုံလောက်သော စားစရာများ မရှိ‌သူတို့သည် ဤကဲ့သို့သော အလုပ်မျိုးကို ရှာဖွေရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ချေ။

မစ္စကျိုးကတော့ မတူပေ။

သူ(မ)၏ မိသားစုက ယခုအခါတွင် ပြိုလဲနေသော်လည်း သူ(မ)တွင် အိမ်တစ်လုံး ရှိပြီး စားသောက်စရာ မပြတ်လပ်သေး။ အရေးကြီးဆုံးမှာမူ သူ(မ)သည် နိုင်ငံခြားဘာသာစကား အများအပြားကို ကျွမ်းကျင်တတ်မြောက်ပြီး တေးဂီတတူရိယာများစွာ ရှိသည့်အပြင် ကောင်းမွန်သော စိတ်သဘောထား ရှိကာ ကလေးများကို သင်ကြားပေးနိုင်သည်... သူ(မ)ထံတွင် ကလေးများ အပ်နှံရသည်ကို လူတိုင်း စိတ်ချနိုင်သည်။

မစ္စကျိုးသည် တခြားသူများ၏ ကလေးများကို ထိန်းကျောင်းပေးခြင်းဖြင့် မိသားစုကို အပိုဝင်ငွေ ရှာဖွေပေးနေသည်။

ကျိုးဟိုင်ရှန်း အိမ်ထဲသို့ ဝင်လိုက်သောအခါ သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော သူ့ဇနီးက စားပွဲခုံများကို စီတန်းနေသည်အား တွေ့လိုက်ရသည်။

ကမ္ဘာပျက်ကပ် ဖြစ်လာသော်လည်း မစ္စကျိုးသည် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အလွန်သတိထားဆဲဖြစ်ပြီး မိတ်ကပ်ဖျော့ဖျော့လေးပင် ခြယ်သထားကာ သူ(မ)၏ ဤပုံစံကြောင့် သူ(မ) စိတ်အခြေအနေကောင်းသည်ဟု ဆိုလေသည်။

ကျိုးဟိုင်ရှန်းသည် သူ့ဇနီးကို မြင်လိုက်ရသောအခါ အမှန်တကယ်ပင် ခံစားချက်ပိုမိုကောင်းမွန်လာသည်။

လူနှစ်ဦးသည် ပန်ကိတ်များကို ထုတ်ယူ၍ ခြောက်ပိုင်း ပိုင်းကာ နှစ်ပိုင်းကို ယူပြီး အနောက်တိုင်းစတိုင် ပန်းကန်ပြားပေါ်တွင် တင်လိုက်သည်။ မစ္စကျိုးသည် ရေနှစ်ခွက် လောင်းထည့်၍ သူတို့ဘေးတွင် ချလိုက်၏။

ဤသို့ဆမ်းလိုက်လျှင် အရသာမရှိသော ပန်ကိတ်ကို မျိုချရန် အနည်းငယ် လွယ်ကူလာသည်။

ဇနီးမောင်နှံအိုတို့သည် မျက်နှာချင်းဆိုင် ထိုင်၍ စားနေကြစဉ် စကားပြောနေကြသည်။ သူတို့သည် ယနေ့ သူတို့ ကြုံတွေ့ရသော ကိစ္စများအားလုံးကို ပြောဆိုကြ၏။

ကျိုးဟိုင်ရှန်းက ဆိုသည် : " အရမ်းအင်အားကြီးတဲ့ လူတစ်ယောက် တောင်ပိုင်းမှာ ပေါ်လာပြီး ဇွန်ဘီတွေ အများကြီးကို သတ်နေတယ်လို့ ငါ ကြားခဲ့တယ်... အခြေစိုက်စခန်း အမျိုးမျိုးကလည်း ဇွန်ဘီတွေကို သတ်နေကြတယ်။ နှစ်အနည်းငယ်ကြာရင် ဇွန်ဘီတွေ အကုန်လုံး သေသွားလောက်တယ်။ "

မဒမ်ကျိုး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည် : " အဲ့လိုဖြစ်ရင် သိပ်ကောင်းမှာပဲ... "

ကျိုးဟိုင်ရှန်း ခေါင်းညိတ်လိုက်သည်။

မစ္စကျိုးက ဆက်ပြောလာသည် : " ဇွန်ဘီတွေ မရှိတော့ရင် ငါတို့ ဝမ်ရှိူ့စီ သွားလို့ရပြီလား? "

ကျိုးဟိုင်ရှန်းတို့ ဇနီးမောင်နှံသည် ကံကောင်းခဲ့ကြပြီး ကမ္ဘာပျက်ကပ် ကျရောက်လာသောအခါ နှစ်ယောက်စလုံး ဇွန်ဘီမဖြစ်ခဲ့ကြချေ။

ထိုအစား သူတို့၏ နာနီက ဇွန်ဘီဖြစ်သွားပြီး တံခါးကို အရူးအမူး ဆက်တိုက်ခေါက်နေခဲ့သည်... သူတို့၏ ဆွေမျိုးများ ဆိုလျှင် သူတို့ တံခါးဖွင့်ပေးလောက်သော်လည်း တံခါးခေါက်သူက နာနီ ဖြစ်နေသည်... နာနီက သူတို့၏အခန်းတံခါးကို ရုတ်တရက် လာခေါက်ပြီး သူတို့ သူ(မ)ကို စကားပြောသောအခါတွင်လည်း ပြန်မဖြေချေ... သဘာဝကျစွာပင် ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် တံခါးမဖွင့်ရဲတော့။

နောက်ပိုင်း ဇွန်ဘီများအကြောင်း သူတို့ သိသောအခါ သူတို့ တံခါးပင် မဖွင့်ရဲခဲ့ပေ။

ထိုအချိန်တွင် ဇွန်ဘီများသည် မသန်မာကြ။ နာနီသည် ဇွန်ဘီဖြစ်သွားပြီး ရက်ပေါင်းများစွာ တံခါးခေါက်နေခဲ့ကာ သူတို့အိမ်၏ အသံလုံတံခါးကို မချိုးဖြတ်နိုင်ခဲ့‌ချေ... နောက်ပိုင်းတွင်... စစ်တပ်က လာရောက်ကယ်တင်ခဲ့သည်။

သူတို့သည် ကံကောင်း၍ ဤမြို့ကြီးတွင် နေထိုင်မိပြီး သူတို့ကို ကယ်တင်မည့် စစ်တပ် ရှိနေခြင်းဖြစ်သည်။ ဤတစ်ချိန်လုံး သူတို့ စိတ်ပူရသည့် တစ်ခုတည်းသော ကိစ္စမှာ သူတို့၏သားလေး ကောင်းမွန်စွာ မနေရမည်ကို ဖြစ်သည်။

H မြို့ကြီးမှာ စစ်တပ် မရှိဘူး!

သူတို့၏ သားဖြစ်သူသည် အဝေးကြီးတွင် ရောက်ရှိနေပြီး သူ မည်သို့နေထိုင်နေကြောင်း သူတို့ မသိပေ...

ပြင်ပတွင် လူသေဆုံးမှုနှုန်း အလွန်မြင့်မားကြောင်း သူတို့ သိသော်ငြား တိကျသော သတင်းကို မရရှိသရွေ့ ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် သူတို့၏သား အသက်ရှင်နေသေးသည်ဟု အခိုင်အမာ ယုံကြည်ကြသည်။

ဤယုံကြည်မှုကြောင့်သာ အတိအကျပင် သူတို့သည် တခြားသူများကဲ့သို့ သူတို့၏ ထောက်ပံ့အမှတ်များ အားလုံးကို မသုံးစွဲဘဲ စုဆောင်းထားခြင်း ဖြစ်သည်။

အနာဂတ်တွင် သူတို့၏သားဖြစ်သူ ပြန်လာလိမ့်မည်ဖြစ်ပြီး သူတို့သည် သူ့ကို မိသားစုပိုက်ဆံတချို့ အမြဲပေးနိုင်ပေလိမ့်မည်။

သားလေးအကြောင်း ပြောသောအခါ လင်မယားနှစ်ယောက် စကားမပြောဘဲ တိတ်တဆိတ် ဆက်စားလိုက်ကြသည်။

ဤနေရာသည် ကမ္ဘာမပျက်မီ သူတို့ နေထိုင်ခဲ့သော အိမ် ဖြစ်သည်။

တကယ်တော့ ဤမြို့ကြီးတွင် သူတို့၌ ပိုကြီးပြီး ပိုကောင်းသော အိမ်တစ်လုံး ရှိသော်လည်း ဤအိမ်သည် နေရာကောင်းတွင် ရှိပြီး သူတို့ နေထိုင်နေသည်မှာ ကြာပြီဖြစ်သည်။ ကံကောင်းစွာဖြင့် သူတို့သည် ဤအိမ်ငယ်တွင် နေထိုင်မိကြသည်။ သူတို့ ဗီလာတွင် တကယ် နေထိုင်ဖြစ်လျှင် ဟိုးယခင်ကတည်းက သူတို့ မောင်းထုတ်ခံနေရလောက်ပြီဖြစ်သည်။

ပန်ကိတ်စားပြီးနောက် မစ္စကျိုးသည် ပန်းကန်များကို သိမ်း၍ သွားရောက်ဆေးကြောသည်။

B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်း၏ ရေနှင့် လျှပ်စစ်ဓာတ်အားကို ပြန်လည်ချိတ်ဆက်ပြီးပြီဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ကန့်သတ်ထားပြီး လျှပ်စစ်ဓာတ်အား ဈေးနှုန်းက အလွန်ဈေးကြီးသည်... စွမ်းအင်မလုံလောက်သောကြောင့် ယခု ဤသို့ဖြစ်နေကြခြင်းဖြစ်သည်။

စားပြီးနောက် လင်မယားနှစ်ယောက်သည် အိပ်ခန်းထဲရှိ မီးငယ်ကို ဖွင့်ကာ အတူတူ စာဖတ်ကြသည်။

တီဗီကြည့်ခြင်းက လျှပ်စစ်ဓာတ်အား သုံးစွဲပြီး ယခုအခါ ကြည့်စရာဘာမှမရှိလေရာ သူတို့သည် မကြာခဏ ညဘက်တွင် စာဖတ်လေ့ရှိကြသည်။

ကမ္ဘာမပျက်မီက သူတို့သည် စာအုပ်များစွာကို ဝယ်ယူခဲ့ပြီး ဖတ်ရှုရန် တစ်ခါမှ အချိန်မရှိခဲ့သော်လည်း ယခုအခါ စာအုပ်အားလုံးနီးပါးကို ဖတ်ရှုပြီးပြီဖြစ်သည်။

စာဖတ်နေစဉ် တံခါးခေါက်သံ ရုတ်တရက် ပေါ်လာသည်။

ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့ နှစ်ဦးစလုံး တောင့်တင်းသွားကြပြီး အနည်းငယ် ကြောက်ရွံ့သွားကြသည်။

ကမ္ဘာပျက်ကပ် ရောက်လာပြီး ရာဇဝတ်ကောင်များ ပိုမိုများပြားလာသည်။ သူတို့၏ လုံခြုံရေးဇုန်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသော်လည်း စွန့်စား‌ရဲသော ငတ်မွတ်သူများ ရံဖန်ရံခါ ရှိနေဆဲဖြစ်သည်။

မခံမရပ်နိုင်ဖြစ်ပြီး ရူးသွပ်သွားသော လူတချို့လည်း ရှိပြီး သူတို့က ဘာမဆိုလုပ်နိုင်ကြသည်။

တစ်စုံတစ်ယောက်က ညလယ်ခေါင်ကြီး တံခါး‌လာခေါက်လေရာ သူတို့ အနည်းငယ် မကြောက်ဘဲ မနေနိုင်။

" ဒီမှာ ကျိုးဟိုင်ရှန်း နေပါသလား? " အနည်းငယ် တုန်ယင်နေသော အသံတစ်သံ ပေါ်ထွက်လာသည်။

မူလက အလွန်စိုးရိမ်နေသော ကျိုးဟိုင်ရှန်းသည် ဤအသံကို ကြားပြီးနောက် သူ့ခန္ဓာကိုယ်က တုန်ယင်သွားသည်။ မစ္စကျိုးက သူ(မ)လက်ထဲမှ စာအုပ်ကိုပင် လွှတ်ပစ်လိုက်သည် : " ဒါ ဝမ်ရှိူ့အသံပဲ၊ အဲ့ဒါ ဝမ်ရှိူ့အသံ ဟုတ်တယ်မလား? "

မစ္စကျိုး စကားမဆုံးသေးခင် ကျိုးဟိုင်ရှန်းသည် အမြန်ပြေးထွက်သွားပြီးဖြစ်သည် : " ဝမ်ရှိူ့? ဝမ်ရှိူ့လား? "

" အဖေ၊ ကျွန်တော်ပါ! " တံခါးအပြင်ဘက်တွင် ကျိုးဝမ်ရှိူ့သည်လည်း သူ့အဖေ၏အသံကို ကြားပြီး စိတ်လှုပ်ရှားသွားသည်။

ကျိုးဝမ်ရှိူ့နှင့် ယန်ကျင်းဇီတို့သည် စစ်တပ်ကြီးမှ ထွက်ခွာပြီး ဤနေရာကို စောစောရောက်လာသည်။

ကျိုးဝမ်ရှိူ့သည် B မြို့ကြီးနှင့် မနီးသောအခါ စိတ်တည်ငြိမ်‌နိုင်နေသေးသော်လည်း B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းနှင့် နီးကပ်လာသောအခါ မတည်ငြိမ်နိုင်တော့ပေ။

ဤအချိန်တွင်ပင် B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းမှ သူတို့ကို လာကြိုသူ ရောက်ရှိလာပြီး B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းနှင့် ပတ်သက်သော ကိစ္စတချို့ကို ပြောပြလေသည်။

သူ့အိမ်သည် ဘေးကင်းဇုန်တွင် တည်ရှိကြောင်း ကြားသိပြီး ဤယေဘုယျအခြေအနေတွင် သူ့အိမ်ကို သူ စောင့်ရှောက်နိုင်ကြောင်း သိလိုက်ရသောအခါ... ကျိုးဝမ်ရှိူ့ လုံးဝ မနေနိုင်တော့ပေ။

ဤသည်ကို တွေ့သော် ယန်ကျင်းဇီသည် ရိုးရှင်းစွာပင် B မြို့ကြီးမှ သူတို့ကို လာကြိုသူများထံမှ ဝင်ခွင့်များ တောင်းလိုက်ပြီးနောက် စစ်တပ်ကြီးကို ထားခဲ့ကာ ကျိုးဝမ်ရှိူ့ကို ခေါ်၍ B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသို့ ကြိုတင်သွားသည်။

သူတို့သည် ညနေစောင်းတွင် ရောက်လာသည်။ သူတို့ ကျိုးဝမ်ရှိူ့၏ အိမ်ကို တွေ့သောအခါ မှောင်နေပြီဖြစ်သည်။

ကျိုးဝမ်ရှိူ့သည် အိမ်ပြန်ရောက်ပြီး သတင်းဆိုးများ ကြားရမည်ကို စိုးထိတ်သည်။ စစချင်းတွင် သူသည် တံခါးမခေါက်ရဲခဲ့သော်လည်း တံခါးခေါက်လိုက်ပြီးနောက် ကျိုးဟိုင်ရှန်း၏ အသံကို ကြားရသောအခါ ကျိုးဝမ်ရှိူ့ ပို၍ပင် ဆို့နင်သွားသည် : " အဖေ... "

ကျိုးဟိုင်ရှန်းသည် တံခါးကို အမြန်ပြေးဖွင့်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် မဒမ်ကျိုးသည်လည်း အခန်းထဲမှ ပြေးထွက်လာသည် : " ဝမ်ရှိူ့! "

ကျိုးဝမ်ရှိူ့ တံခါးမှဝင်လိုက်သည်နှင့်တပြိုင်နက် သူ့ကို သူ့အဖေက ပွေ့ဖက်လာပြီး ပြေးထွက်လာသော မဒမ်ကျိုးကလည်း ပွေ့ဖက်လာလေ၏။ သုံးယောက်သား ပွေ့ဖက်ပြီး ကျယ်လောင်စွာ ငိုကြွေးကြသည်။

ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့နောက်မှ လိုက်လာပြီး အထဲဝင်လိုက်သည်။ သူသည် နားလည်မှုရှိစွာ တံခါးကို ပိတ်လိုက်ပြီး ဘေးတွင် ရပ်၍ မိသားစုသုံး‌ယောက် ပြန်လည်ဆုံစည်းမှုကို ‌ကြည့်ရှုနေသည်။

သုံးယောက်သား အချိန်အတော်ကြာအောင် ငိုကြွေးကြပြီးမှ နောက်ဆုံး ရပ်တန့်သွားသည်။

" ဝမ်ရှိူ့၊ သား အဆင်ပြေတာ ကောင်းလိုက်တာ... " မစ္စကျိုးသည် ကျိုးဝမ်ရှိူ့ကို ဆုပ်ကိုင်၍ အကြည့်မလွှဲနိုင်တော့ပေ : " မင်း H မြို့ကြီးမှာ ရှိနေတာ မဟုတ်ဘူးလား? မင်း ဘယ်လိုပြန်လာတာလဲ? အရမ်းဝေးတယ်လေ... "

" ကျွန်တော်... " ကျိုးဝမ်ရှိူ့ ဘာမှမပြောရသေးသော်လည်း ယန်ကျင်းဇီက ဝင်ပြောလာသည် : " အဖေ၊ အမေ၊ ဝမ်ရှိူ့က မင်းတို့အကြောင်း တစ်ချိန်လုံး တွေးနေခဲ့တာပါ။ သူ မင်းတို့စီ လာချင်နေတာ ကြာပြီ။ ဒီတစ်ခါ အဖွဲ့တစ်ဖွဲ့ ရောက်လာတော့ ကျွန်တော်တို့လည်း အတူလိုက်လာတာပါ။ "

ထိုအခါမှသာလျှင် ကျိုးဟိုင်ရှန်းနှင့် မစ္စကျိုးတို့သည် ယန်ကျင်းဇီကို သတိပြုမိကြတော့သည်။

မီးမဖွင့်ထား၍ ယန်ကျင်းဇီ၏ ပုံပန်းသွင်ပြင်ကို သူတို့ မမြင်နိုင်သော်ငြား ယန်ကျင်းဇီ၏ စကားကို ကြားသောအခါ သူတို့ အနည်းငယ် စိတ်ရှုပ်သွားကြသည်။ ဘာလို့ ဒီလူက သူတို့ကို 'အဖေနဲ့ အမေ' လို့ ခေါ်နေတာလဲ?

ဤအခိုက်အတန့်တွင် ကျိုးဟိုင်ရှန်းသည် ဧည့်ခန်းထဲရှိ မီးများကို ဖွင့်လိုက်သည်။

သူတို့သား ပြန်ရောက်လာတဲ့ အရေးကြီးကိစ္စမျိုးမှာ သူ လျှပ်စစ်မီတာခကို ဂရုမစိုက်ဘူး!

မီးဖွင့်လိုက်သောအခါ ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် သားဖြစ်သူနှင့် အတူလိုက်ပါလာသူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အံ့ဩသွားကြသည်။

ကမ္ဘာမပျက်ခင်တွင် ကျိုးဟိုင်ရှန်းသည် တကယ်တော့ အနည်းငယ် ဝသည်။ သူက ဝရုံတင်မကဘဲ သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီဓာတ်နှင့် သွေးပေါင်ချိန်တို့လည်း အနည်းငယ် မြင့်သည်။

သူသည် သူ၏ အစောပိုင်း စီးပွားရေးနှစ်ကာလများတွင် အလုပ်အလွန်ကြိုးစားခဲ့ပြီး သူ့ခန္ဓာကိုယ် ထိခိုက်ခဲ့သည်။

သို့သော် ကမ္ဘာပျက်ပြီး တစ်‌နှစ်ကျော်ကြာပြီးနောက် ကျိုးဟိုင်ရှန်းသည် ကိုယ်အလေးချိန် လျော့ကျသွားသည်။ ကိုယ်အလေးချိန်ကျရုံသာမက ယခုလက်ရှိ သူ၏ သွေးတွင်းသကြားဓာတ်လည်း ပိုမိုကောင်းမွန်လာသည်။

စားစရာ လောက်လောက်ငှငှ မရှိသောကြောင့်ပင်။

သေချာသည်မှာ သူတို့သည် အမြဲတမ်း စားစရာ နည်းပါးပြီး အသားမစားရသဖြင့် သူတို့၏ ကျန်းမာရေးအတွက် မကောင်းမွန်ချေ... ကျိုးဟိုင်ရှန်းနှင့် မဒမ်ကျိုးတို့သည် အသက်များစွာ ကြီးလာပုံ‌ပေါ်နေသည်။

သို့သော် ကျိုးဝမ်ရှိူ့ကတော့ မတူပေ။

ယခင် H မြို့ကြီး အခြေစိုက်စခန်း၌ ကျိုးဝမ်ရှိူ့ ခေါင်းဆောင်ဖြစ်စဉ်က သူသည် အလုပ်များစွာကို လုပ်ဆောင်ရပြီး အလွန်အလုပ်ကြိုးစားခဲ့သည်။ အမှန်တော့ သူသည် ကမ္ဘာမပျက်ခင်ကထက် ပိုမိုရင့်ကျက်လာပုံပေါ်ပြီး သူ့မျက်နှာက အနည်းငယ် ပို၍ အေးစက်လာသည်။

သို့ရာတွင် မကြာသေးမီက သူ ပြောင်းလဲလာခဲ့သည်။

ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် ထောင်ပေါင်းများစွာသော လူများအဖွဲ့ဖြင့် S မြို့ကြီးမှ ထွက်ခွာလာခဲ့သည်။ ဤထောင်ပေါင်းများစွာသော လူများသည် သူတို့ သက်တောင့်သက်သာ နေထိုင်နိုင်ရန် သန္နိဋ္ဌာန်ချထားကြသည်...

သူတို့က အမြဲတမ်း အရသာရှိတဲ့ အစားအသောက်တွေကိုပဲ စားတယ်!

ယန်ကျင်းဇီသည်လည်း ကျိုးဝမ်ရှိူ့၏ စွမ်းရည်များ တိုးတက်လာရန် ကူညီပေးနေပြီး နေ့စဉ်နေ့တိုင်း အလင်းစွမ်းအားရှင် မိန်းကလေးအား ကျိုးဝမ်ရှိူ့ကို အလင်းလုံးများ ‌ပစ်လွှတ်စေသည်။

ထိုမိန်းကလေးသည် အလင်းအမျိုးအစား သဘာဝလွန်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာပျက်ပြီးနောက်တွင်ပင် သူ(မ)သည် ဖြူဖွေးပြီး လှပနေဆဲဖြစ်သည်။ အလင်းလုံးများဖြင့် အမြဲအပစ်ခံရသော ကျိုးဝမ်ရှိူ့သည်လည်း တ‌ဖြည်းဖြည်း အသားဖြူလာသည်...

ထို့အပြင် ကျိုးဝမ်ရှိူ့သည် မွေးကတည်းက အမှန်တကယ်ပင် သူ့ပုံရိပ်ကို အလွန်တန်ဖိုးထားခဲ့သည်။ နေရေးထိုင်ရေး ခက်ခဲလာသောအခါ သူ့တွင် ဂရုစိုက်ရန် အချိန်မရှိတော့။ နေရေးထိုင်ရေး ကောင်းမွန်လာသောအခါ သူ့တွင် ဂရုစိုက်ရန် အချိန်ရှိလာသည်။

ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့၏ အသွင်အပြင်သည် ကမ္ဘာမပျက်ခင်ကနှင့် အတူတူဖြစ်ပြီး စိုပြည်နီမြန်းသော အသားအရေသည် သူ ကောင်းမွန်စွာ နေထိုင်နေကြောင်း လူအများကို သိစေနိုင်သည်။

သားဖြစ်သူကို ဤသို့မြင်‌ရသောအခါ ကျိုးဟိုင်ရှန်းနှင့် မစ္စကျိုးတို့သည် အလွန်ဝမ်းသာသွားကြသည်။

သို့သော် ကျိုးဝမ်ရှိူ့၏ ရုပ်ရည်သည် ကောင်းမွန်သော်လည်း ယန်ကျင်းဇီနှင့် နှိုင်းယှဉ်ပါက သာမန်သာဖြစ်သည်။

ယန်ကျင်းဇီကို တွေ့သောအခါ ကျိုးဟိုင်ရှန်းနှင့် မစ္စကျိုးတို့ အံ့အားသင့်သွားကြသည် – ဒီလူက ကြည့်ကောင်းလွန်းတယ်!

ကမ္ဘာမပျက်ခင်က သူတို့သည် အမျိုးမျိုးသော ကြယ်ပွင့်များကို တွေ့ဖူးခဲ့ကြသည်။ သို့သော် ယန်ကျင်းဇီကဲ့သို့ ကြည့်ကောင်းလှသော တစ်စုံတစ်ယောက်မှာ တွေ့ရခဲလှသည်။ ဒီလိုကမ္ဘာပျက်ကပ်မှာဆို ပြောမနေနဲ့တော့!

ယန်ကျင်းဇီ၏ ဖြူဖွေးနူးညံ့သော အသားအရေကို ကြည့်ခြင်းအားဖြင့် သူက ခက်ခဲကြမ်းတမ်းမှုကို လုံးဝ မခံစားဖူးကြောင်း သိသာထင်ရှားသည်။ ဒီလူက ဘယ်သူလဲ?

ကျိုးဟိုင်ရှန်းနှင့် မစ္စကျိုးတို့သည် ယန်ကျင်းဇီကို ပဟေဠိဖြစ်စွာ ကြည့်လိုက်ကြသည်။

ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီကို မိတ်ဆက်ပေးတော့မည်အပြု ယန်ကျင်းဇီက အရင်ပြောလာသည်။ " အဖေ၊ အမေ၊ ကျွန်တော်က ဝမ်ရှိူ့ရဲ့ ကောင်လေးပါ။ "

သူတို့ အဖေနဲ့အမေလို့ အခေါ်ခံလိုက်ရပြန်ပြီ... ကျိုးဟိုင်ရှန်းနဲ့ မစ္စကျိုးတို့ သိပ်အဆင်မပြေလှဘူး!

တစ်ချိန်ချိန်တွင် သူတို့၏ သားဖြစ်သူ အိမ်ပြန်လာပြီး မိန်းမယူကာ ဤနေရာတွင် ကောင်းကောင်းမွန်မွန် နေလိမ့်မည်ဟု သူတို့ စိတ်ကူးယဉ်ဖူးသည်။ သို့သော် ထိုအိပ်မက်က အလွန်လက်တွေ့မဆန်လှဟု အမြဲခံစားရပြီး သူတို့၏သား ပြန်မလာတော့ဟုပင် ယောင်ဝါးဝါး ခံစားခဲ့ရသည်။

ရလဒ်ကတော့… သူတို့သားလေး ပြန်လာပြီ!

သူတို့သားက အိမ်ပြန်လာရုံတင်မကဘဲ ချွေးမတစ်ယောက်ကိုပါ ပြန်ခေါ်လာခဲ့သေးတယ်!

ဒီချွေးမရဲ့ လိင်အမျိုးအစားက သိပ်မမှန်တာလေးပဲ ရှိတယ်။

ကမ္ဘာမပျက်ခင်ကသာဆိုလျှင်၊ သူ၏ အတော်ဆုံးသားကသာ ယောက်ျားတစ်ယောက်ကို အိမ်ခေါ်လာခဲ့မည်ဆိုလျှင် ကျိုးဟိုင်ရှန်း အသေစိတ်ဆိုးမည်ဖြစ်သော်လည်း ယခုမူ...

သူတို့ကုမ္ပဏီ မရှိတော့ဘူး။ ဒီခေတ်ကာလမှာ ကလေးမွေးမယ်ဆိုရင်တောင် ကလေး‌အတွက် ကောင်းတဲ့ ကိစ္စတော့ သေချာပေါက် မဟုတ်လောက်ဘူး။ ဒီလိုဆိုမှတော့ သူတို့ရဲ့သားက မိန်းမပဲရှာရှာ၊ ယောက်ျားပဲရှာရှာ ကွာခြားချက်ရှိပါ့ဦးမလား?

ကျိုးဟိုင်ရှန်း အံ့အားသင့်ပြီးနောက် ယန်ကျင်းဇီကို ကြည့်ကာ ပြုံးပြလိုက်သည်။ " ဒါဆို မင်းက ဝမ်ရှိူ့ရဲ့ ကောင်လေးပေါ့။ အရမ်းချောတာပဲ။ "

မစ္စကျိုးကလည်း ပြောသည်။ " အိုက်ယား မင်းတို့က ဒီအထိ လာခဲ့ရတာ။ ငါ့မှာ ဧည့်ခံစရာ ဘာမှမရှိဘူး... ငါ မင်းတို့သောက်ဖို့ တစ်ခုခုသွားယူလာခဲ့မယ်။ "

ကျိုးဟိုင်ရှန်း၏ ကမ္ဘာမပျက်မီက ဝိုင်စုဆောင်းမှုကို နှစ်ယောက်စလုံး မထိခဲ့ကြပေ။ မစ္စကျိုးသည် ကမ္ဘာမပျက်မီက ဝယ်ယူထားသော ကျန်းမာရေးပစ္စည်းများကိုလည်း သိမ်းဆည်းထားခဲ့သည်။ ဤအချိန်တွင် မစ္စကျိုးသည် မီးဖိုချောင်သို့ဝင်၍ ဝိုင်ပုလင်းကို ထုတ်ယူရုံတင်မက ငှက်သိုက်ကိုလည်း ပေါင်းလိုက်သည်။ စဉ်းစားလိုက်ပြီးနောက် သူ(မ)သည် ကျိုးဟိုင်ရှန်းကို အစားအစာထွက်ဝယ်ရန် ခေါ်လိုက်၏ – လူတိုင်း အဆင်ပြေစေရန် ကန်တင်းက ညဘက်တွင်လည်း ဖွင့်သည်။

တကယ်တော့ သူတို့အိမ်တွင် စားစရာကျန်သေးသည်။ သို့သော် ပန်ကိတ်များက အရမ်းကြမ်းလွန်းသည်။ ယခုအခါတွင် သူတို့သည် အပြင်ထွက်ပြီး သူတို့၏ ကလေးများအတွက် အကောင်းဆုံး အဆင့် A သတ်မှတ်အစားအစာကို ဝယ်ယူချင်သည်။

" စားစရာဝယ်ဖို့ မလိုပါဘူး။ ကျွန်တော် ဒီမနက်က ချက်ထားတဲ့ ထမင်း မစားရသေးဘူး။ " ယန်ကျင်းဇီ ပြောလိုက်သည်။ သူ ထွက်လာသောအခါ ဤနေရာသို့ ညနေခင်းတွင် ရောက်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ ညစာ စားရန် နေရာမရှိလောက်ဟု တွေးမိသောကြောင့် သူ ထွက်လာသောအခါ သူ ချက်ထားသော အစားအစာကို ယူလာခဲ့၏။

အဆင်ပြေစေရန်အတွက် ယန်ကျင်းဇီသည် စားရန် ကြက်ဥထမင်းကြော်နှင့် အသားပေါက်စီများကို ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို သူ သယ်လာသော အိတ်ထဲတွင် ထည့်ထားသည်။

အစားအစာက အေးနေပြီဖြစ်သည်။ သို့သော် ကျိုးဝမ်ရှိူ့တွင် မီးစွမ်းရည် ရှိသည်။ အပူပေးလိုက်ရုံဖြင့် သူတို့ ချက်ချင်း တန်းစားနိုင်ပေသည်။

စကားပြောနေစဉ် ယန်ကျင်းဇီသည် ကြက်ဥထမင်းကြော်နှင့် အသားပေါက်စီများကို ထုတ်ယူနေပြီဖြစ်သည် : " ဝမ်ရှိူ့၊ လာပြီး အပူပေးပေးပါဦး။ "

ကျိုးဝမ်ရှိူ့သည် သူ့မီးစွမ်းရည်ကို အသုံးပြုပြီး စားစရာများကို ချက်ချင်းအပူပေးလိုက်သည်။

ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့သည် ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်သွားကြသည်။ သူတို့၏ သားဖြစ်သူသည် သူ၏ သဘာဝလွန်စွမ်းရည်ကို နိုးကြားပြီးပြီဖြစ်သည်။ သူပြန်လာနိုင်တာ မဆန်းဘူး!

ဘုရားသခင်ရဲ့ ကောင်းချီးပဲ!

သူတို့နှင့် ယန်ကျင်းဇီတို့သည် အတူတူထိုင်ပြီး စတင်စားသောက်လိုက်ကြသည်...

ဒါက အရသာရှိလွန်းတယ်။ ကမ္ဘာပျက်ကပ် ရောက်လာကတည်းက သူတို့ ဒီလောက် အရသာရှိတာမျိုး မစားခဲ့ရဘူး!

သူတို့ရဲ့သားက တကယ် ကောင်းမွန်တဲ့ လက်တွဲဖော် တွေ့လာတာပဲ! ရုပ်ချောတဲ့အပြင် ဟင်းချက်လည်းတော်သေးတယ်!

ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် ယန်ကျင်းဇီကို ချက်ချင်းပင် အလွန်သဘောကျသွားကြတော့သည်။ ထို့အပြင် ယန်ကျင်းဇီက အလွန်နှုတ်ချိုသည်။ သူက သူတို့ကို တစ်ချိန်လုံး အဖေနှင့်အမေဟု ဆက်တိုက်ခေါ်နေလေသည်။ အလွန်တိုတောင်းသော အချိန်လေးအတွင်း သူတို့သည် သူတို့၏သားဖြစ်သူက ချစ်သူကောင်လေး ရှာတွေ့လာသည့်ကိစ္စကို လက်ခံလိုက်ကြပေသည်။

ဤအချိန်တွင် B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းမှ လူများ စိုးရိမ်ပူပန်နေကြပြီဖြစ်သည် – ယန်ကျင်းဇီနဲ့ ကျိုးဝမ်ရှိူ့တို့က ဘယ်ကို ရောက်သွားကြတာလဲ?

____

Thanks for reading 💙

____