အပိုင်း ၉၉ ( Little White Face 27 - extra 2 )
Viewers 10k

ယောက္ခမများနှင့် တွေ့ဆုံခြင်း ( အပိုင်း ၂ )

ယန်ကျင်းဇီသည် စုံတွဲအို စိတ်ကျေနပ်စေရန် ကြိုးစားနေပြီး ကျိုးဝမ်ရှိူ့အကြောင်း ပြောပြနေလေသည် : “ ဝမ်ရှိူ့က အံ့ဩစရာကောင်းတယ်။ သူက H မြို့ကြီးမှာ ရှိတဲ့ ကျွန်တော်တို့ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းရဲ့ ဥက္ကဌပါ။ ကမ္ဘာပျက်ကပ် ရောက်လာ‌တော့ သူက သဘာဝလွန် မီးစွမ်းရည် နိုးကြားပြီး သူ့အတန်းဖော်တွေကို ကယ်ခဲ့တာ... ”

“ ကျွန်တော်က တက္ကသိုလ်မြို့မှာ ကျောင်းတက်ခဲ့ပေမယ့် သူနဲ့ ကျောင်းမတူဘူး။ ကျွန်တော့်ကျောင်းက ပိုဆိုးတယ်... အဲ့တုန်းက ကျွန်တော် သူ့ကို အရမ်းလေးစားခဲ့တယ်! ”

“ ကမ္ဘာပျက်ကပ် ဖြစ်လာတော့ ကျွန်တော် အိမ်မှာ ပိတ်မိပြီး ငတ်သေတော့မလို့။ ဝမ်ရှိူ့က ကျွန်တော့်ကို ကယ်ခဲ့တာ။ ”

ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ထပ်ခါတလဲလဲ အမွှမ်းတင်နေခဲ့သည်။

ကျိုးဝမ်ရှိူ့ အနည်းငယ်ရှက်သွားပြီး အနည်းငယ် ပျော်သွားသည် — ကမ္ဘာမပျက်ခင်ကတည်းက ယန်ကျင်းဇီက သူ့ကို တကယ် သတိထားမိခဲ့တာလား? စခန်းကို ပြန်ရောက်ရောက်ချင်း ယန်ကျင်းဇီ သူ့ကို ဖွင့်ပြောခဲ့တာ မဆန်းတော့ဘူး!

သူတို့နှစ်ယောက် အချိန်များစွာကို ဖြုန်းမိခဲ့သည်မှာ နှမြောစရာပင်... နားလည်မှုလွဲနေခဲ့တာကြောင့်လေ!

ယန်ကျင်းဇီက အစပိုင်းမှာ သူ့အရည်အချင်းများနှင့် မကိုက်ညီဟု ခံစားရပြီး သူ့ကို ရှောင်ခဲ့သည်မှာ ကျိန်းသေသည်။

ယန်ကျင်းဇီက အမျိုးသမီးတွေကို ချော့တဲ့နေရာမှာ တကယ်တော်တယ်! အချိန်တိုလေးအတွင်း သူသည် မစ္စကျိုးကို သူ့အား သူ(မ)၏ သားအရင်းကဲ့သို့ ဆက်ဆံ‌ရန် ဆွဲဆောင်နိုင်လိုက်သည်။

ကျိုးဟိုင်ရှန်းက သူ့သားကို ကြည့်လိုက်သည် : “ မင်း H မြို့ကြီးမှာ ကောင်းကောင်းမွန်မွန် နေရတယ်ဆိုရင် ဘာလို့ ဒီအထိ အဝေးကြီးလာတာလဲ? လမ်းမှာ အန္တရာယ်ကြုံရင် ဘယ်လိုလုပ်မလဲ? ”

သူတို့၏ B မြို့ကြီး အခြေစိုက်စခန်းမှ လူများသည် အတော်လေး တည်ငြိမ်ပြီး အထူးသဖြင့် သာမန်လူများသည် မြို့ပြင်ထွက်ရန် မလိုအပ်ချေ။ နေထိုင်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ခြင်းမှလွဲ၍ အနည်းဆုံးတော့ သူတို့ ဇွန်ဘီများကို ရင်ဆိုင်စရာ မလိုအပ်ပေ။

သို့သော် ထိုသို့ဆိုလျှင်ပင် အပြင်တွင် အန္တရာယ်ရှိမှန်း သူတို့ သိသည်။

မကြာသေးမီက သတင်းများစွာ ထွက်ပေါ်လာပြီး ဇွန်ဘီများ ပိုမိုအားကောင်းလာကြောင်း တစ်ချိန်လုံး သတင်းဖော်ပြနေခဲ့သည်။

သူ့သားက H မြို့ကြီးမှ ရောက်လာခဲ့ပြီး မည်မျှဒုက္ခရောက်ခဲ့ကြောင်း သူ မသိ။

ကျိုးဟိုင်ရှန်းသည် ထိုသို့တွေးမိပြီးနောက် သူ့သား၏ ချောမွတ်သော မျက်နှာကို ထပ်ကြည့်လိုက်သည်။ ကောင်းပြီ၊ သူ့သား ဒုက္ခ‌မရောက်ခဲ့လောက်ဘူး။

“ ကျွန်တော်တို့က စစ်တပ်ကြီးနဲ့ လာခဲ့တာ။ အဖေ ကြားပြီးပြီလား? S မြို့ကြီး အခြေစိုက်စခန်းကနေ အရမ်းသန်မာတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်။ ” ကျိုးဝမ်ရှိူ့၏ မျက်ဝန်းများသည် ဤအဖြစ်အပျက်ကို ပြောသောအခါတွင် အနည်းငယ် တောက်ပနေခဲ့သည်။

အဲ့ဒီ့အရမ်းသန်မာတဲ့လူက သူ့ရဲ့ လက်တွဲဖော်ပဲ!

“ ငါ ကြားပြီးပြီ။ တောင်ပိုင်းက လူတစ်ယောက်က လက်တစ်ဝှေ့လေးနဲ့ ဇွန်ဘီထောင်ပေါင်းများစွာကို သတ်နိုင်တယ်လို့ ငါ သတင်းကြားခဲ့တယ်။ သူက အရမ်းအရမ်း အင်အားကြီးတယ်! မင်း သူ့နောက်လိုက်လာတာလား? မင်း ဒုက္ခမရောက်ခဲ့တာ မထူးဆန်းတော့ပါဘူး။ ” ကျိုးဟိုင်ရှန်းက ဆိုသည်။

ကျိုးဝမ်ရှိူ့က ပြောသည် : “ ကျွန်တော်တို့ သူ့နောက်မလိုက်ခဲ့ဘူး... ” ယန်ကျင်းဇီက အဲ့ဒီ့လူပဲ!

ကျိုးဟိုင်ရှန်း စိတ်ရှုပ်သွားသည်။ သူတို့က စစ်တပ်ကြီးနဲ့ လာတယ်လို့ သူ့သားက ခုလေးတင် ပြောလိုက်ပြီးမှ ဘာလို့ သူတို့ မလိုက်ခဲ့ဘူးလို့ အခု ပြောနေတာလဲ?

ဤအချိန်တွင် သူတို့အိမ်၏ တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ် တံခါးခေါက်သံ ကြားသောအခါ ကျိုးဟိုင်ရှန်းက မကြောက်ရွံ့တော့ပေ။ သူ့သားက ဤနေရာတွင် ရှိနေပြီး သူ့သားက စွမ်းအားရှင်လည်း ဖြစ်သည်။

“ မစ္စတာကျိုးဟိုင်ရှန်း ဒီမှာရှိပါသလား? ” တစ်စုံတစ်ယောက်က တံခါးအပြင်ဘက်တွင် ယဉ်ယဉ်ကျေး‌ကျေး အော်လာသည် – ဤတံခါးက အတော်လေး ကောင်းသည်။ အတွင်းထဲမှ မအော်မချင်း မည်သည့်အသံကိုမျှ မကြားနိုင်ချေ။

“ ငါ ရှိတယ်။ ” ကျိုးဟိုင်ရှန်း ပြောပြီး တံခါးစီသို့ လျှောက်သွားကာ ချောင်းကြည့်နိုင်သည့် ကြောင်မျက်ဝန်းမှတစ်ဆင့် အပြင်သို့ ကြည့်လိုက်သည်။ သူသည် ပထမဆုံး မြင်မြင်ချင်း တောင့်တင်းသွားသည် – စစ်ယူနီဖောင်းဝတ် လူငယ်များစွာက အပြင်တွင် မတ်တပ်ရပ်နေသည်။

“ မေးပါရစေ၊ သားဖြစ်သူ ပြန်ရောက်လာပါပြီလား? ” ထိုလူက ထပ်မေးပြန်သည်။

ကျိုးဟိုင်ရှန်း ဘာမှမပြော။ သားဖြစ်သူက ယခုလေးတင်မှ ပြန်ရောက်လာပြီး တစ်စုံတစ်‌ယောက်က တံခါးဝသို့ ရောက်လာကာ သူ့သားကို လာရှာသည်။ သူ့သားက အပြင်မှာ ပြစ်မှုတော့ မကျူးလွန်ခဲ့လောက်ဘူးမလား?

“ မစ္စတာကျိုး? ” တံခါးအပြင်မှ လူက ထပ်အော်သည်။

ကျိုးဝမ်ရှိူ့က တံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။

“ ဝမ်ရှိူ့ မင်း... ” ကျိုးဟိုင်ရှန်း အနည်းငယ် စိုးရိမ်သွားသည်။ အဘယ့်ကြောင့် ဤလူများ ဤနေရာသို့ ရောက်လာကြောင်း သူ မသိပေ။ ဘာလို့ သူ့သားက တံခါးဖွင့်လိုက်တာလဲ?!

စိုးရိမ်ပူပန်နေစဉ် ကျိုးဟိုင်ရှန်းသည် တံခါးအပြင်ဘက်မှ လူက သူ့သားကို အလေးပြုပြီး တအံ့တဩ စကားပြောသည်ကို တွေ့လိုက်ရသည် : “ ကောင်းသော နေ့ပါ ကျိုးဗိုလ်ချုပ်ကြီး! ” ကျိုးဝမ်ရှိူ့ကို ရှာတွေ့ခြင်းသည် ယန်ကျင်းဇီကို ရှာတွေ့ခြင်းနှင့် ညီမျှသည်... သူတို့ ဒီမှာ တကယ် ရှိနေတာပဲ!

ကျိုးဟိုင်ရှန်း : “ ??? ” ဘာဖြစ်တာလဲ? ဒီလူတွေက သူ့သားကို ဗိုလ်ချုပ်ကြီးလို့ တကယ် ခေါ်လိုက်တာလား?

ကျိုးဝမ်ရှိူ့ လမ်းဖယ်ပေးလိုက်သည် : “ မင်းတို့တွေ ဝင်လာခဲ့ပါ။ ”

အပြင်မှ လူများသည် ချက်ချင်း ဝင်လာကြပြီး စကားပြောသည် : “ ကျိုးဗိုလ်ချုပ်ကြီး၊ ငါတို့စခန်းက မင်းမိသားစုကို ဂရုမစိုက်မိခဲ့တာ ငါတို့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ အနာဂတ်မှာ သူတို့ အကောင်းဆုံးဆက်ဆံမှုကို ရရှိလိမ့်မယ် ဆိုတာ မင်း စိတ်ချနိုင်ပါတယ်... ”

ဤလူများက ရိုသေလေးစားသည်။

ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် ဤအချိန်တွင် မြောက်ပိုင်းသို့ ရောက်လာသည်။ ဇွန်ဘီမည်မျှကို သတ်ခဲ့ပြီး လုံခြုံရေးအခြေစိုက်စခန်း မည်မျှကို ကယ်တင်ခဲ့မှန်း သူတို့ မသိချေ။

မကြာသေးမီက ဇွန်ဘီများသည် သန်မာသထက် ပိုပိုသန်မာလာပြီး လုံခြုံရေးအခြေစိုက်စခန်း အများအပြားကို အဆင့်မြင့်ဇွန်ဘီများ တိုက်ခိုက်ခဲ့ကြသည်။ ဇွန်ဘီဝိုင်းတိုက်မှုက ရှားပါးလျှင်ပင် အဆင့်မြင့်ဇွန်ဘီများက ဗိုက်ဆာသောအခါ အခြေစိုက်စခန်းထဲသို့ ဝင်၍ လူများကို ခိုးယူစားသောက်လေ့ရှိသည်။ နေရာတိုင်းလိုလို ဖြစ်နေတယ်!

သို့ရာတွင် ယန်ကျင်းဇီ ပေါ်လာပြီးကတည်းက ဤကိစ္စမျိုးမှာ ရပ်တန့်သွားသည်။

သူ သွားလေရာ၌ ယန်ကျင်းဇီသည် အမှောင်စွမ်းအင်ဖြင့် စုစည်းထားသော ကျောက်တုံးများကို ထုတ်ယူပြီး အတူထားလိုက်သည်။

ထို့နောက် အနီးအနားရှိ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဇွန်ဘီများအားလုံးသည် ဆွဲဆောင်ခံရပြီး ၎င်းတို့ရောက်လာသည်နှင့်တပြိုင်နက် ယန်ကျင်းဇီ၏လက်၌ သေဆုံးသွားကြပေလိမ့်မည်။

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဇွန်ဘီများ၏ ခြိမ်းခြောက်မှု မရှိလျှင် အနီးအနားရှိ လုံခြုံရေးအခြေစိုက်စခန်း အမျိုးမျိုးမှ လူများသည် ကောင်းကောင်းမွန်မွန် နေထိုင်ကြနိုင်လိမ့်မည်ဖြစ်သည်။

B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသည် ယန်ကျင်းဇီကို စစ်တပ်ရာထူး ပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ယန်ကျင်းဇီက မလိုချင်ပေ။ သူသည် သူ့ဝါသနာက တခြားသူများ၏ ပျိုးထောင်ခံရခြင်း ဖြစ်ကြောင်းနှင့် အပင်ပန်းမခံလွန်းနိုင်သောကြောင့် စစ်ရာထူး မလိုချင်ကြောင်း ပြောခဲ့သည်... နောက်ဆုံးတွင် ဤစစ်ရာထူးက ကျိုးဝမ်ရှိူ့ထံသို့ ရောက်သွားသည်။

သေချာတာပေါ့၊ ကျိုးဝမ်ရှိူ့ကိုယ်တိုင်လည်း ထိုက်တန်သည်။

ဤခရီးတစ်လျှောက်လုံးတွင် ယန်ကျင်းဇီသည် ဇွန်ဘီများကို သတ်နေခဲ့ပြီး သူလည်း ထပ်တူပင်။

B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသည် ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့ ဇွန်ဘီသတ်နေသော ဗီဒီယိုကို လက်ခံရရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကမ္ဘာပျက်ကပ်တွင် ဆက်သွယ်ရေး အဆင်‌မပြေဘဲ ယန်ကျင်းဇီနှင့် သူတို့၏ အဖွဲ့များသည် မကြာခဏ လမ်းကြောင်းပြောင်းကြသည်။ နှစ်ဖက်စလုံးက အသေအချာ မဆက်သွယ်ရသေးဘဲ ကျိုးဝမ်ရှိူ့၏ မိသားစုကိုလည်း ကြိုတင်ဂရုမစိုက်နိုင်ခဲ့ကြချေ။

“ ကျေးဇူးတင်ပါတယ်။ ငါ့မိဘတွေ နေကောင်းတယ်။ ငါ တကယ် ကျေးဇူးတင်တယ်။ ” ကျိုးဝမ်ရှိူ့ ပြောလိုက်သည်။ B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသည် သူ့ထက် အများကြီး ပိုကောင်းသည်။ သူ့မိဘများက အသက်မငယ်တော့သည့်အပြင် စွမ်းအားလည်း မရှိကြသော်ငြား သူတို့၏ကိုယ်ပိုင်အိမ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ကြဆဲဖြစ်သည်။

“ ကျိုးဗိုလ်ချုပ်ကြီး၊ တကယ်တမ်းကျ ဒါက ငါတို့ရဲ့ အမှားပါ... ” အဖွဲ့ခေါင်းဆောင်သည် မနီးမဝေးရှိ ယန်ကျင်းဇီကို နောက်တစ်ခေါက် ကြည့်လိုက်သည် : “ ကျိုးဗိုလ်ချုပ်ကြီး၊ မင်းနဲ့ ဆရာယန်က ဒီမှာ နေဖို့ စီစဉ်ထားတာလား? ”

“ ဟုတ်တယ်။ ” ကျိုးဝမ်ရှိူ့က ဆိုသည်။ ဤနေရာသည် ကမ္ဘာမပျက်မီက သူ့အိမ် ဖြစ်သည်။ အခြေစိုက်စခန်းက သူ နေထိုင်ရန် ပိုမိုကောင်းမွန်သော နေရာကို စီစဉ်ပေးနိုင်ကြောင်း သူ သိသော်လည်း ဤနေရာတွင် နေထိုင်ရခြင်းကို သူ နှစ်သက်ဆဲဖြစ်သည်။

“ ကိစ္စမရှိပါဘူး။ ငါတို့ မင်းတို့ရဲ့ လုံခြုံရေးဝန်ထမ်းတွေကို ချက်ချင်း စီစဉ်လိုက်မယ်။ မင်းတို့ရဲ့ နေ့စဉ်သုံးပစ္စည်းတွေကိုလည်း အခုချက်ချင်း ပို့လိုက်ပါ့မယ်။ ” ထိုလူက ထပ်ပြောသည်။

ကျိုးဝမ်ရှိူ့သည် ထိုလူနှင့် စကားအနည်းငယ် ပြောခဲ့ပြီး ထိုလူက ထွက်သွားသည်။

ထိုလူ ထွက်သွားပြီးမှသာ ကျိုးဟိုင်ရှန်းသည် သူ့သားကို ကြည့်လိုက်သည် : “ ဝမ်ရှိူ့၊ ဘာဖြစ်နေတာလဲ? ”

“ အဖေ၊ ဇွန်ဘီတွေကို သတ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့လူက ကျင်းဇီပါ။ ” ကျိုးဝမ်ရှိူ့က ပြောသည်။

ကျိုးဟိုင်ရှန်းသည် ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်သောအခါ ယန်ကျင်းဇီက သူ့ကို တောက်ပစွာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည် : “ အဖေ၊ ကျွန်တော့်မှာ စကေးနည်းနည်း ရှိတယ်... ”

ကျိုးဟိုင်ရှန်း : “ ... ” ဒါက 'စကေးနည်းနည်း' လား?

ကျိုးဟိုင်ရှန်းနှင့် မဒမ်ကျိုးတို့ ဆွံ့အသွားကြသည်။

ယန်ကျင်းဇီ ယခင်က စကားပြောသောအခါ သူက ကျိုးဝမ်ရှိူ့ကို ချီးမွမ်းနေခဲ့ပြီး ကျိုးဝမ်ရှိူ့က သူ့ကို ကယ်ခဲ့သည်ဟုပင် ပြောခဲ့သည်။ သူတို့သည် ယန်ကျင်းဇီက သိပ်မကောင်းလှဟု အမြဲတွေးခဲ့သော်လည်း ရလဒ်ကမူ...

ယခင်က ယန်ကျင်းဇီ၏ ကျိုးဝမ်ရှိူ့ကို အမွမ်းတင်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် ၎င်းက နောက်တစ်မျိုး ပြောင်းသွားသည်။

ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီအကြောင်း စတင်ပြောဆိုသည်။

ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့ အံ့ဩသွားကြသည်။ နောက်ပိုင်းတွင် ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် အနားယူရန် ထွက်သွားကြပြီး သူတို့နှစ်ဦးက အံ့ဩနေကြဆဲဖြစ်သည်။

ဒီညနေ အဖြစ်အပျက်တွေက သူတို့အတွက် မယုံနိုင်စရာကောင်းလွန်းတယ်!

ကျိုးဟိုင်ရှန်းနှင့် မစ္စကျိုးတို့သည် တစ်ညလုံး အိပ်မပျော်ခဲ့ကြဘဲ မနက်စောစောတွင် သူတို့သည် တစ်စုံတစ်ရာကို လာရောက်ပို့ဆောင်သော လူများနှင့် တွေ့လိုက်ရသည်။

ဤနေရာသို့ ရောက်လာသူများမှာ လူအနည်းငယ်သာ ဖြစ်ပြီး သူတို့အားလုံးတွင် သဘာဝလွန် စွမ်းရည်များ ရှိကြသည်။ သူတို့ထဲတွင် ကြားရုံသာ ကြားဖူးသော – တစ်ခါမှမမြင်ဖူးသည့် နေရာလပ်စွမ်းအားရှင်များလည်း ပါသည်။

ဤနေရာလပ်စွမ်းအားရှင်များသည် ရောက်လာလာချင်း ကြမ်းပြင်ပေါ်တွင် ပစ္စည်းမျိုးစုံကို စတင်နေရာချသည်။ သူတို့တွင် စားစရာမှအစ နေ့စဉ်သုံးပစ္စည်းများအထိ အရာအားလုံး ရှိသည်။

ဤပစ္စည်းများ၊ ကမ္ဘာမပျက်မီက ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် တစ်ခါမှ မပြတ်လပ်ဖူးသော်လည်း ကမ္ဘာပျက်ပြီးကတည်းက သူတို့ မမြင်ရတော့ပေ။

ထိုကောင်းမွန်သော ဝက်သားဆိုလျှင် ပြောစရာပင်မလို...

ကမ္ဘာမပျက်ခင်ကဆိုလျှင် ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးတို့သည် ၎င်းကို စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် အခုတော့ အဲ့ကြီးမားတဲ့ဝက်သားတွေကို ကြည့်ရင်းနဲ့ သူတို့ သရေကျမိတော့မယ်!

နေရာလပ်စွမ်းအားရှင်သည် သူ့ပစ္စည်းများကို ထုတ်ယူပြီး ထွက်သွားသည်။ သို့သော် တခြားစွမ်းအားရှင်များသည် နေရစ်ပြီး လူတချို့က ပါဝင်ပစ္စည်းများကို စတင်ကူရှင်းပေးကြသည်။

ဘယ်လိုလုပ် စွမ်းအားရှင်တစ်‌ယောက်က ဒီလိုလုပ်နိုင်တာလဲ! စုံတွဲအိုက ကျင့်သားမရသော်ငြား ယန်ကျင်းဇီ ထွက်လာသည်... ထို့နောက် စွမ်းအားရှင်တစ်ဦးက မီမွှေးပြီး ယန်ကျင်းဇီကို ဟင်းချက်ရန် တောင်းဆိုသည်။

ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီး : “ ??? ” စွမ်းအားရှင်တွေလည်း ဒီလိုကိစ္စမျိုး လုပ်ကြတာလား?

ဟုတ်ပြီ။ သဘာဝလွန်စွမ်းရည် ရှိသော လူများသည်လည်း ဤသို့ပြုမူကြသည်မှာ အဆင်ပြေသေးသည်... ယန်ကျင်းဇီက ဟင်းချက်နေတယ်!

သူတို့ တအံ့တဩ ကြည့်နေကြစဉ် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ် အလွန့်အလွန် လှပသော စွမ်းအားရှင်အမျိုးသမီးတစ်ဦးက ယန်ကျင်းဇီကို အလင်းလုံးတစ်လုံး ပစ်လိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။

“ ငါ့ကို ပစ်ဖို့ မလိုဘူး။ ငါ့မိဘတွေစီ နည်းနည်းပစ်လိုက်။ ” ယန်ကျင်းဇီက ပြောသည်။

ထိုစွမ်းအားရှင်အမျိုးသမီး၏ အလင်းလုံးသည် ကျိုးဝမ်ရှိူ့၏ မိဘများထံသို့ ချက်ချင်းပင် ပစ်လွှတ်ခံလိုက်ရသည်။

ကျိုးဝမ်ရှိူ့၏ မိဘများသည် ပြေလျော့သွားပြီး သက်တောင့်သက်သာရှိသကဲ့သို့သာ ခဏတာ ခံစားလိုက်ရ၏။

ယန်ကျင်းဇီက သူတို့ကို ဤသို့တွေ့သောအခါ ပြုံးပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

အဖေကျိုးနှင့် အမေကျိုးတို့က အတော်လေး ကောင်းမွန်သည်။ မူလပိုင်ရှင်၏ မိဘများလည်း အတော်လေး ကောင်းမွန်၏။ သို့သော် ကံမကောင်းစွာဖြင့် သူ ကူးပြောင်းလာချိန်၌ပင် မူလပိုင်ရှင်၏ မိသားစု မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

ယန်ကျင်းဇီ ဟင်းစချက်လိုက်ပြီးမှ ကျိုးဝမ်ရှိူ့ အခန်းထဲမှ ထွက်လာသည်။

သူသည် မနေ့က သူ့မိဘများကို တွေ့လိုက်ရသဖြင့် အရမ်းပျော်ရွှင်ခဲ့ပြီး ညဘက်တွင် နည်းနည်းအစပြုမိလိုက်သည်။ သူ့အိမ်က ကောင်းစွာအသံလုံကြောင်းကိုလည်း ယန်ကျင်းဇီ သိသွားသည်...

သူတို့ ပြီးသွားသောအခါ မနက်ရောက်နေပြီဖြစ်သည်။

သူသည် မအိပ်ချင်တော့ဘဲ အိပ်ရာထရန် တွေးသော်လည်း ယန်ကျင်းဇီက စွမ်းရည်သုံးခဲ့သောကြောင့် သူ ထပ်မံအိပ်ပျော်သွားပြီး ယခုမှသာ ပြန်နိုးလာသည်။

ထားတော့၊ ယန်ကျင်းဇီက သူ့ကို အနားယူစေချင်တာ ဆိုတော့ သူ အနားယူသင့်တယ်! သက်တောင့်သက်သာ နေရတဲ့ အဖိုးအဖြစ် ဘယ်သူက မနေချင်လို့လဲ?

ကျိုးဝမ်ရှိူ့သည် စားပွဲတွင် ဝင်ထိုင်ပြီး စားရန် စောင့်နေလိုက်သည်။ ထို့နောက် သူ့အဖေက သူ့ကို ဆွဲဆိတ်လာသည် : “ မင်း ဘာလို့ သွားမကူတာလဲ? ”

ဘယ်လိုလုပ် မင်းက မင်းမိန်းမကိုတော့ ဟင်းချက်ခိုင်းပြီး မင်းကျတော့ ထိုင်နေတာလဲ?

“ အဖေ၊ ကျွန်တော် ဝမ်ရှိူ့ရဲ့ အကူအညီ မလိုပါဘူး။ ကျွန်တော် လုပ်ပါ့မယ်။ ” ယန်ကျင်းဇီသည် အထူးမွန်မြတ်ပြီး တစ်ချိန်တည်းမှာပင် အလင်းစွမ်းအားရှင်၏ အလင်းလုံးက ကျိုးဝမ်ရှိူ့ကို အတိအကျ ထိမှန်လာသည်။

ကျိုးဟိုင်ရှန်း : “ ... ” သူ့သားရဲ့ဘဝက အဆင်ပြေလွန်းတယ်!

ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့သည် နံနက်စာ စားပြီး ထွက်သွားကြသည်။ လူတစ်ယောက်က ကျိုးဟိုင်ရှန်းထံသို့ ID ကဒ်အသစ် နှစ်ကဒ် ပေးပို့လာသည်။ တစ်ကဒ်မှာ သူ့အတွက် ဖြစ်ပြီး နောက်တစ်ကဒ်မှာ သူ့ဇနီးအတွက် ဖြစ်ကာ နေ့စဉ်နေ့တိုင်း ထောက်ပံ့အမှတ် အများအပြား ရရှိလိမ့်မည်ဖြစ်သည်။

ထိုမျှတင်မက သူတို့သည် ကျိုးဟိုင်ရှန်းနှင့် သူ့ဇနီးအတွက် လွယ်ကူသော အလုပ်နှစ်ခုကိုလည်း စီစဉ်ပေးခဲ့သည်။ ဤအလုပ်သည် ထောက်ပံ့အမှတ် နည်းနည်းလေးသာ ပေးသော်လည်း ၎င်းက လူများကို အလုပ်လုပ်၍ အချိန်ကုန်စေသည်။

ကျိုးဟိုင်ရှန်းသည် ကမ္ဘာပျက်ပြီးနောက် သူ့တွင် ပြန်ပြောင်းလှည့်နိုင်စွမ်း မရှိတော့လောက်ကြောင်း တွေးခဲ့မိသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တကယ့်ကို ပြန်ပြောင်းလှည့်နိုင်ခဲ့၏။

သူ၏ ID ကဒ်ကို သိမ်းဆည်းပြီးနောက် ကျိုးဟိုင်ရှန်းသည် အလုပ်ထွက်ရန်အတွက် သူ့အလုပ်နေရာသို့ သွားရောက်ရန် စီစဉ်လိုက်သည်။

ကျိုးဟိုင်ရှန်းသည် သူ့အလုပ်နေရာသို့ ရောက်သောအခါ ယခင်ပုံမှန်ကထက် အများကြီး နောက်ကျခဲ့ပြီး သူ အလုပ်နောက်ကျနေပြီဖြစ်သည်။

သူ ရောက်လာလာချင်း တစ်စုံတစ်ယောက်က ပြောလာသည် : “ အခု ဘယ်အချိန်ရှိပြီလဲ မင်း သိလား? အရမ်းနောက်ကျပြီးမှ ရောက်လာတာတောင် မင်းက အလုပ်လို‌ချင်‌သေးတာလား? ”

နောက်တစ်ယောက်က ပြောသည် : “ ကမ္ဘာမပျက်ခင်တုန်းကနဲ့ တူသေးတယ်လို့ မင်း ထင်နေတာလား? လူတိုင်းက မင်းနဲ့ အလိုက်အထိုက် နေနေရမှာလား? အနာဂတ်မှာ မင်း နောက်ထပ် နောက်ကျမယ်ဆိုရင် မလာနဲ့တော့! ”

ကျိုးဟိုင်ရှန်း အနည်းငယ် ဆွံ့အသွားသည်။

သူ အလုပ်နောက်ကျကြောင်း ပြောသော ဤလူနှစ်ဦးက အမြဲတမ်း နောက်ကျလေ့ရှိသည်။ သို့သော် သူ၏ သန်မာသော ဇွဲလုံ့လကြောင့် ဘယ်တော့မှ နောက်မကျခဲ့ပေ။

သို့ရာတွင် သူသည် တခြားလူများနှင့် ငြင်းခုံရန် ပျင်းရိလွန်းလှသည် : “ ငါ ဒီနေ့ နှုတ်ထွက်ဖို့ လာခဲ့တာ။ ”

နှုတ်ထွက်တော့မည်ဟု ကျိုးဟိုင်ရှန်း ပြောသည်ကို ကြားသောအခါ ဤလူများအားလုံး အံ့ဩသွားကြသည်။

အဆုံးသတ်နေ့ရက်များတွင် သူတို့၏အလုပ်က တော်တော်ကောင်းသည်။ ကျိုးဟိုင်ရှန်းက တကယ်ကြီး နှုတ်ထွက်ချင်တာလား?

သူ ရူးနေသလား?

ဤလူများသည် ကျိုးဟိုင်ရှန်းကို မယုံကြည်နိုင်စွာ ကြည့်ကြသည်။

ကမ္ဘာမပျက်ခင်က သူတို့ထဲမှ ဘယ်သူကမှ ကျိုးဟိုင်ရှန်းကဲ့သို့ ပိုက်ဆံမရှိခဲ့ကြ‌။ ယခု သူတို့ ကျိုးဟိုင်ရှန်းနှင့် အလုပ်လုပ်နေ‌ရသောအခါ ပိုမိုသာလွန်သော ခံစားချက်ကို ရရှိထားသည်။ ထို့ကြောင့် ကျိုးဟိုင်ရှန်း အလုပ်ထွက်တော့မည်ဟု သူတို့ ကြားသောအခါ သူ့ကို လက်လွှတ်ရန် သူတို့ အနည်းငယ် တွန့်ဆုတ်နေသည်။

“ လောင်ကျိုး၊ ဒီအလုပ်က တော်တော်ကောင်းတယ်။ အလုပ်ထွက်ရတာ နှမြောစရာမကောင်းဘူးလား? ” ကျိုးဟိုင်ရှန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် လူတစ်ဦးက ပြောလာသည်။

ယခင်က ကျိုးဟိုင်ရှန်းကို အမြဲတစေ အထင်သေးခဲ့ကြသော လူအနည်းငယ်ဟာ အနည်းနှင့်အများ ရှက်ရွံ့သွားကြပြီး အခြားတစ်ယောက်က ပြောလာသည် : “ ဒါ ဘယ်ခေတ်လဲ။ နည်းနည်းလေး ဒေါသထွက်တာနဲ့ မင်းမိသားစုရဲ့ စားနပ်ရိက္ခာ အရင်းအမြစ်ကို မင်းက အလေးမထားချင်တော့တာလား? ”

ကျိုးဟိုင်ရှန်း ပြုံးလိုက်သည် : “ ငါ့သား ပြန်လာပြီ။ အခု အိမ်မှာ ထောက်ပံ့အမှတ်တွေ မရှားတော့ဘူး။ အဲ့ဒါကြောင့် ငါ အလုပ်ထွက်ချင်ပြီ။ ”

“ မင်းရဲ့သား ပြန်လာပြီလား? ” တစ်စုံတစ်ယောက်က အံ့ဩသွားပြီး ထပ်မေးသည် : “ အခု သူက စွမ်းအားရှင်လား? ”

ကျိုးဟိုင်ရှန်း ခေါင်းညိတ်လိုက်သည်။

“ ဒါဆို မင်းရဲ့နေ့ရက်တွေ ပိုကောင်းလာလိမ့်မယ်! ဒါပေမယ့် မင်း အလုပ်ထွက်စရာမလိုပါဘူး။ ပိုက်ဆံပိုရှာပြီး မိသားစုအပိုဝင်ငွေရတာ မကောင်းဘူးလား? ” ဤနေရာရှိ လူတချို့တွင်လည်း စွမ်းအားရှင် မိသားစုဝင်များ ရှိပြီး ဤအလုပ်ရရန် စွမ်းအားရှင်များ‌အပေါ် မှီခိုထားကြသည်။

သို့သော်ငြား လူတိုင်းက အလုပ်လုပ်နေကြဆဲဖြစ်သည်... အဆင့်နိမ့်စွမ်းအားရှင်များသည် ဝင်ငွေသိပ်မရကြဘဲ ပိုမိုသန်မာသော စွမ်းအားရှင်များက ကွင်းဆင်းရပြီး အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်လေသည်။

“ ငါ့သားက အောင်မြင်တော့ ငါ့ထောက်ပံ့ငွေ မလိုအပ်ဘူး။ ”

ကျိုးဟိုင်ရှန်းနှင့် ဆက်ဆံရေး မကောင်းသော လူတစ်ဦးက သူ့နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည် : “ မင်းရဲ့သားက ဘယ်လောက်ပဲ အလားအလာကောင်းပါစေ၊ မင်းရဲ့သားက အဲ့လောက်မအောင်မြင်သရွေ့ မင်း မင်းရဲ့သားကို အဲ့လိုဆက်ဆံဖို့ မကောင်းဘူး! ”

ထိုလူက စကားပြောပြီးနောက် သူတို့၏ လုပ်ငန်းခွင်ရှိ ပရိုမိုးရှင်းစခရင်ကို ညွှန်ပြသည်။

ထိုဖန်သားပြင်တွင် B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းသို့ ရောက်ရှိလာသော ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့၏ မြင်ကွင်းကို ယခု ပြသနေသည်။ အစီအစဉ်တင်ဆက်သူသည် ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ကို အသံကျယ်ကျယ်ဖြင့် မိတ်ဆက်နေဆဲဖြစ်ပြီး သူတို့ ဇွန်ဘီသတ်နေသော ဗီဒီယိုတချို့ကို ထည့်သွင်းပြသ‌လျက်ရှိသည်။

သေချာတာပေါ့၊ ယန်ကျင်းဇီက သဘာဝလွန်စွမ်းအားများ၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့သည်၊ သဘာဝလွန် အလင်းစွမ်းရည်ကို တွေ့ရှိခဲ့သည်နှင့် အလားတူ တခြားကိစ္စများကိုလည်း တစ်ခုချင်းစီ ပြောပြနေလေသည်။

သန်မာသော စွမ်းအားရှင်တစ်ဦး တောင်ပိုင်းမှ ရောက်‌လာကြောင်း B မြို့ကြီးမှ လူများ သိထားကြပြီး ယခု သူတို့ကိုယ်တိုင် မျက်စိနှင့်မြင်ရသောအခါ... ကျိုးဟိုင်ရှန်းနှင့် အလုပ်လုပ်သော လူများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

ကျိုးဟိုင်ရှန်းက ရုတ်တရက် ပြောလိုက်သည် : “ အဲ့ဒီ့ကျိုးဝမ်ရှိူ့က ငါ့သားပဲ။ ”

ရုံးခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကျိုးဟိုင်ရှန်းက ထပ်ပြောသည် : “ ယန်ကျင်းဇီက ငါ့သားရဲ့ ချစ်သူကောင်လေး။ ”

ရုံးခန်းထဲရှိ လူများ : “ ... ” ကမ္ဘာမပျက်ခင်က သူတို့အားလုံး ကျိုးဟိုင်ရှန်းကို မနာလိုဖြစ်ခဲ့ကြသည်။ ကမ္ဘာပျက်ပြီးနောက်မှသာ သူတို့သည် နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီလာခဲ့သည်။ ရလဒ်ကမူ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလာသည်...

သူတို့ မနာလိုဖြစ်ရပြန်ပြီ!

ဤလူများ မည်သို့တွေးနေပါစေ၊ ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့အကြောင်း ဝါဒဖြန့်မှုများသည် B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းတွင် တခဲနက် စတင်လာခဲ့သည်။

သို့သော် သူတို့နှစ်‌ယောက်သည် ဤနေရာတွင် အကြာကြီးမနေနိုင်ကြပေ။

အပြင်တွင် ဇွန်ဘီများစွာ ရှိနေသေးသည်။ သူတို့သည် ဤနေရာတွင် ရက်အနည်းငယ် အနားယူပြီးနောက် ဇွန်ဘီများကို သတ်ရန်အတွက် နောက်ထပ်လူများနှင့်အတူ ထွက်ခွာသွားလိမ့်မည်ဖြစ်ပေသည်။