အပိုင်း ၁၀၀ ( Little White Face 28 - extra 3 )
Viewers 10k

နိဂုံးချုပ်

မတ်လရောက်ပြီဖြစ်သော်ငြား နိုင်ငံ၏ မြောက်ဖျားပိုင်းတွင် အေးနေသေးသည်။

စွမ်းအားရှင်တစ်စုသည် အဝတ်များကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားကြပြီး ခြေတစ်လှမ်း နက်၍ ခြေတစ်လှမ်း တိမ်လျက် နှင်းတောထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြသည်။

ဤဆောင်းတွင်းတွင် သူတို့ အခက်တွေ့နေရ၏။

ဆောင်းရာသီအလယ်တွင် ဇွန်ဘီအများအပြား အေးခဲသွားကြပြီး သူတို့ကို လုံးဝ လာရောက်မတိုက်ခိုက်ကြသော်လည်း ပူနွေးမှု မရှိသောကြောင့် လူအများအပြား အေးခဲသေဆုံးသွားခဲ့ကြသည်။

“ အေးလိုက်တာ... ”

“ ဒီမှာ ရှိတဲ့ ဇွန်ဘီတွေအကုန်လုံး အေးခဲသွားလို့ အအေးကို ကျေးဇူးတင်ရမယ်၊ မဟုတ်ရင်... ”

“ အိုက်ယား၊ ဒီအကြောင်း မပြောရအောင်။ ဒီလောက် အေးတဲ့နေ့မှာ ငါတို့ ကားမောင်းလို့မရဘူး။ ငါတို့ ဘယ်မှာ စားစရာ သွားရှာကြမလဲ? ”

ကမ္ဘာမပျက်ခင်က နှင်းကျလာသောအခါ လမ်းမ အေးခဲခြင်းကို ကာကွယ်ရန် တစ်စုံတစ်ယောက်က လမ်းမပေါ်တွင် ဆားများကို ဖြန့်ခင်းထားကြလိမ့်မည်ဖြစ်သည်။

သို့သော် ဤသည်ကား ကမ္ဘာပျက်ကပ် ပေတည်း။

ယခင်က သူတို့ တည်ငြိမ်စွာ နေထိုင်ရချိန်၌ သူတို့သည် တစ်နေ့လုံး ဟိုဟိုသည်သည်အကြောင်းများကို မကျေမနပ် ပြောခဲ့ကြပြီး သူတို့၏ အလုပ်က ခက်ခဲ၍ ဘဝက ပင်ပန်းသည်ဟု ခံစားခဲ့ကြရသည်။ သို့သော် ယခု ကမ္ဘာပျက်ကပ် ရောက်လာသောအခါ အတိတ်ကာလဟာ နတ်ဘဝသဖွယ်ဖြစ်ခဲ့ကြောင်း သူတို့ နားလည်သွားရလေသည်။

ပူပူနွေးနွေး ဂျုံခေါက်ဆွဲဝက်သားပြုတ်၊ ရနံ့မွှေးပျံ့သော ငါးပေါင်းနှင့် ဂျုံဖြူဖက်ထုပ်ပေါင်းများ... အတွေးဖြင့်ပင် သူတို့၏ တံတွေးများ မရပ်မနား စီးဆင်းနိုင်သည်။

သို့ရာတွင် ဤနေရာ၌ သူတို့ စိတ်မချမ်းမြေ့ခြင်းတော့ မဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် ဒီက ဇွန်ဘီတွေ အေးခဲနေသေးတယ်မလား?

“ ငါတို့ ငါးဖမ်းဖို့ ရေခဲထဲမှာ တွင်းတစ်တွင်းလောက် အရည်ပျော်အောင် လုပ်လိုက်ရင်ရော? ” မီးစွမ်းအားရှင်တစ်ဦးက အကြံပြုသည်။

တခြားသူများလည်း သဘောတူကြသည်။ သူတို့ စကားပြောနေကြစဉ် အဖွဲ့ထဲမှ လေစွမ်းအားရှင်က ရုတ်တရက် ထပြောသည် : “ ဇွန်ဘီတွေ လာနေတယ်! ”

လေစွမ်းအားရှင် စကားပြောပြီးသည်နှင့်တပြိုင်နက် အမျိုးသားနှင့် အမျိုးသမီး အရပ်အမောင်းများ ရှိသော ဇွန်ဘီဒါဇင်ပေါင်းများစွာက သူတို့ထံသို့ ပြေးလာနေသည်ကို သူတို့ တွေ့လိုက်ရသည်။

သာမန်ဇွန်ဘီများသည် ဆောင်းရာသီတွင် မအေးခဲလျှင်ပင် လှုပ်ရှားရန် အခက်အခဲရှိသည်။ သို့သော် ဤဇွန်ဘီများသည် လုံးဝ မထိခိုက်ဘဲ အမှန်တကယ်ပင် သူတို့ကို အကြိမ်ကြိမ် အဖန်ဖန် တိုက်ခိုက်ကြသည်။

သူတို့ထဲမှ တစ်‌ယောက်က သတိလက်လွတ်ဖြစ်ပြီး ဇွန်ဘီတစ်ကောင်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရကာ လည်ပင်းကိုလည်း အကိုက်ခံလိုက်ရသည်။

“ မဖြစ်ဘူး! ” ဤစွမ်းအားရှင်များက ထိတ်လန့်တုန်လှုပ်စွာ အော်လိုက်ကြသည်။

သူတို့လည်း ထွက်ပြေးချင်သည်။ သို့သော် ဤဇွန်ဘီများ၏ အရှိန်က မြန်လွန်းသည်။ သူတို့သည် ဤဇွန်ဘီများကို ဟန့်တားနိုင်နေသည်မှာ သူတို့၏ စွမ်းအားများကို သုံး၍ ထိပ်တိုက်ရင်ဆိုင်နေသောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့ နောက်လှည့်၍ ထွက်ပြေးလိုက်လျှင်... ဤဇွန်ဘီများသည် သေချာပေါက် သူတို့ကို နောက်မှခုန်အုပ်၍ အသေကိုက်သတ်လိမ့်မည်ဖြစ်သည်။

“ လောင်ကျောက်၊ ငါတို့ ဇွန်ဘီတွေကို တားထားမယ်။ မင်း ပြန်သွားပြီး သတင်းပို့! ” စွမ်းအားရှင်တစ်ဦးက ပြောသည်။ လောင်ကျောက်သည် လေစွမ်းအားရှင် ဖြစ်သည်။ သူတို့ထဲတွင် သူတစ်ဦးတည်းကသာ လွတ်မြောက်နိုင်သည်။

ထိုသို့ပြောပြီးနောက် ဤစွမ်းအားရှင်သည် သူတို့၏ လည်ပင်းအကိုက်ခံထားရသော ရဲဘော်ရဲဘက်ကိုလည်း သတ်ပစ်ချင်သည် – ဤရဲဘော်ရဲဘက်က ဇွန်ဘီဖြစ်သွားမည်ကို သူ ငြိမ်ငြိမ်လေး စောင့်ကြည့်မနေနိုင်ချေ။

လောင်ကျောက်သည် မျက်ရည်များဖြင့် တုံ့ပြန်ကာ ထွက်ပြေးတော့မည်ပြုသော်ငြား ထိုအခိုက်အတန့်၌ ရုတ်တရက်ကြီး သူတို့သည် သူတို့၏ ကိုယ်ခန္ဓာပေါ်တွင် ကြီးမားလေးလံသော ဖိအားကို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာက သူတို့အပေါ်မှ ဖိနှိပ်ထားပြီး သူတို့ကို လှုပ်ရှားခွင့်မပေးပေ။

ဒါ ဇွန်ဘီတစ်ကောင်ရဲ့ လှုပ်ရှားမှုလား?

ဤလူများ ဤသို့တွေးနေကြစဉ် သူတို့ရှေ့မှ ဇွန်ဘီများအားလုံး လဲကျသွားသည်ကို တွေ့လိုက်ရသည်...

တစ်ချိန်တည်းမှာပင် မနီးမဝေးမှ ဆိုင်ကယ်တစ်စီး ရောက်လာသည်။

ခေါင်းဆောင်းများနှင့် သားမွေးကုတ်များ ဝတ်ဆင်ထားသော လူနှစ်ဦးက ဆိုင်ကယ်ပေါ်တွင် ထိုင်နေသည်။ သူတို့ကို တွေ့သောအခါ လူနှစ်ယောက်က ဆိုင်ကယ်ပေါ်မှ ဆင်းလာသည်။ တစ်ချိန်တည်းမှာပင် သူတို့ကို ဖိနှိပ်ထားသော ဖိအားကြီးလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ မင်း ငါတို့ကို ကယ်ခဲ့တာလား? ကျေးဇူးတင်ပါတယ်! ” စွမ်းအားရှင်ခေါင်းဆောင်က ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူသည် အစောက ဆိုင်ကယ်မောင်းနေသော အမျိုးသားက ခေါင်းပေါ်မှ ခေါင်းဆောင်းကို ချွတ်လိုက်သည်အား တွေ့လိုက်ရသည်။

ရုပ်ရည်ချောမောသော လူငယ်က ခေါင်းဆောင်းချွတ်ပြီးသည်နှင့် ပြောလာသည် : “ ရပါတယ်။ ”

ဤအချိန်တွင် တခြားအမျိုးသားကလည်း ခေါင်းဆောင်းကို ချွတ်လိုက်သည်။

ယင်းကား ပို၍ များစွာချောမောလှသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူက လည်ပင်းအကိုက်ခံရသော စွမ်းအားရှင်၏ဘေးတွင် ရပ်နေသည်။ ကြည့်ရှုပြီးနောက် သူက ဆိုသည်။ “ သူ့ကို ကယ်နိုင်သေးတယ်။ ”

ကယ်နိုင်သေးတယ်လား? အဖွဲ့ခေါင်းဆောင် စိတ်ရှုပ်ထွေးသွားသည်။ ဤအခိုက်အတန့်တွင် လေစွမ်းအားရှင်က ထပ်မံတင်ပြလာပြန်သည် : “ အဖွဲ့ကြီးကြီးတစ်ဖွဲ့ လာနေတယ်။ ”

အမှန်တကယ်ပင် ကြီးမားသော အဖွဲ့တစ်ဖွဲ့က လာရောက်နေလေ၏။

ထောင်ပေါင်းများစွာ စွမ်းအားရှင်များသည် ပထမဦးဆုံး ရောက်ရှိလာသူ အမျိုးသားနှစ်ဦးကို ဝိုင်းရံလိုက်ကြသည်။ ဤလူများသည် မိန်းမငယ်တစ်ဦးကိုလည်း ဆွဲထုတ်လာပြီး ထိုမိန်းမငယ်က သူတို့၏ လည်ပင်းအကိုက်ခံရသော ရဲဘော်ရဲဘက်ထံသို့ အလင်းလုံးအနည်းငယ်ကို ပစ်လွှတ်လာသည်။ သူတို့ရဲဘော်ရဲဘက်၏ လည်‌ပင်းပေါ်မှ ဒဏ်ရာကား အံ့အားသင့်စရာကောင်းလှစွာ သက်သာပျောက်ကင်းသွားသည်။

ဤသည်မှာ အစသာ ဖြစ်သည်။

ဤလူတို့သည် သူတို့၏ အခြေစိုက်စခန်းသို့ လိုက်လာကြသည်။ အဲ့အခါကျမှ ဒီလူတွေကို နိုင်ငံက စေလွှတ်လိုက်မှန်း သူတို့ သိလိုက်ရတယ်!

စွမ်းအားရှင်ထောင်ပေါင်းများစွာရှိ အင်အားစုကြီးမှ မြေစွမ်းအားရှင်များသည် သူတို့ကို ကူညီ၍ အိမ်ဆောက်ပေးသည်။ ရေနှင့် မီးစွမ်းအားရှင်တို့က ပူးပေါင်း၍ ရေပူကျိုချက်ကာ နွေးထွေးသော အိမ်တစ်လုံးကို တည်ဆောက်ပေး၏။ ထို့ကြောင့် သူတို့၏‌ အခြေစိုက်စခန်းမှ ညစ်ပတ်နေသူများသည် သက်တောင့်သက်သာဖြင့် ရေချိုးပြီး သန့်ရှင်းသွားကာ ဖျားနာနှုန်း လျော့ကျသွားသည်။ သူတို့၏ ဒဏ်ရာရသူများသည်လည်း ကုသခံရသည်...

ဤအဖွဲ့၏ ဗဟိုချက်ဖြစ်သော ယန်ကျင်းဇီဟု အမည်ရသည့် အမျိုးသားက ဤလူများကို အနီးအနားရှိ စပါးများ ပြည့်နေသော ဂိုဒေါင်အား ရှာဖွေရန်လည်း လမ်းညွှန်ပြခဲ့သည်။ ထို့ကြောင့် ယခုမှစ၍ သူတို့သည် ရိက္ခာမပြတ်‌လပ်တော့ပေ။

ဤလူများသည် သူတို့၏ အခြေစိုက်စခန်းတွင် တစ်ရက်သာ နေသွားသော်ငြား တစ်ရက်အကြာတွင် သူတို့အခြေစိုက်စခန်း၏ လူနေမှုဘဝသည် ကမ္ဘာတုန်လောက်အောင် အကြီးအကျယ် ပြောင်းလဲသွားလေသည်။

သူတို့ စာရင်းလည်း သွင်းထားပြီးပြီဆိုတော့ အနာဂတ်မှာ အခြေစိုက်စခန်းကြီးတစ်ခုက သူတို့ကို ဆက်သွယ်လိမ့်မယ်!

အံ့ဩစရာအကောင်းဆုံးမှာ ဤနေရာတွင် သူတို့သည် အေးစက်မှုကို အတော်လေး ခံစားရသောကြောင့် နွေးနွေးထွေးထွေး ရှိစေရန်အတွက် သူတို့၏ အခြေစိုက်စခန်းတွင် မီးစွမ်းအားရှင် အနည်းငယ် ရှိလျှင် အကောင်းဆုံး ဖြစ်သွားလိမ့်မည်ဟု သူတို့ တွေးခဲ့ကြသည်။ ယန်ကျင်းဇီဟု အမည်ရှိပုဂ္ဂိုလ်က သူတို့၏ အခြေစိုက်စခန်းမှ လူဒါဇင်ပေါင်းများစွာကို ညွှန်ပြပြီး မီးအနီရောင် ကျောက်တုံးတစ်ပိုင်းကို ထုတ်ယူကာ သူတို့ကြားတွင် နေရာချလိုက်သည်...

တစ်ညတာ ကုန်လွန်သွားပြီး သူတို့၏ အခြေစိုက်စခန်းတွင် မီးစွမ်းအားရှင် ဒါဇင်ပေါင်းများစွာ ရှိလာသည်။

ဒီယန်ကျင်းဇီက သူတို့အတွက် ပြန်လည်ထူထောင်မှုရဲ့ အကျိုးတော်ဆောင်ပဲ!

ယန်ကျင်းဇီ ထွက်သွားသောအခါ ဤအခြေစိုက်စခန်း၏ မြေစွမ်းအားရှင်များသည် စခန်းဂိတ်တံခါးဝတွင် ယန်ကျင်းဇီအတွက် ရုပ်တုတစ်ခု ဆောက်လုပ်ပြီးပြီဖြစ်သည်။

ဤသို့သော ကိစ္စများသည် နေရာမျိုးစုံတွင် ဖြစ်ပျက်လာသည်။

နောက်ထပ်ဆယ်နှစ် ကြာသည့်အထိ ယန်ကျင်းဇီသည် အမျိုးမျိုးသော အခြေစိုက်စခန်းများကို ကူညီရန် ပြေးလွှားနေခဲ့သည်။

တဖြည်းဖြည်း ဇွန်ဘီများ ပိုပိုနည်းပါးလာသည်...

ယန်ကျင်းဇီ ဤကမ္ဘာကို ရောက်နေသည်မှာ အနှစ် ၂၀ ရှိပြီဖြစ်သည်။ ကမ္ဘာပျက်ကပ် ပြီးဆုံးသွားပြီး ဆက်သွယ်ရေးကိရိယာအသစ်များ စတင်အသုံးပြုနိုင်ပြီဖြစ်ကာ အင်တာနက်ကို ပြန်လည်ဖွင့်လှစ်ပြီးပြီဖြစ်၏။ နောက်ဆုံးတွင်တော့ နေရာမျိုးစုံ၌ ပြန့်ကြဲနေသော လူများသည် အတော်လေး တည်ငြိမ်သော ဘဝတွင် နေနိုင်ကြလေပြီ။

ယန်ကျင်းဇီသည် အနှစ် ၂၀ ကြာအောင် လူအုပ်ကြီး၏ နောက်မှလိုက်ခြင်းကို ခံခဲ့ရပြီး အဆုံးတွင်တော့ သူ လွတ်လပ်သွားပြီဖြစ်သည်။ သူသည် mask နှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်ပြီး B မြို့ကြီး လုံခြုံရေးအခြေစိုက်စခန်းအတွင်း တစ်ဦးတည်း လှည့်လည်သွားလာသည်။

လျှောက်သွားနေစဉ် သူ့အကြောင်း ပြောနေသော လူတစ်စုကို သူ တွေ့လိုက်ရသည်။

“ ဒီတစ်‌ခေါက် ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ဆရာယန်က ဘာလို့ ကိုယ်စားလှယ်လောင်း မဖြစ်တာလဲ? ငါ သူ့ကို မဲ‌ပေးချင်တယ်! ”

“ နောက်ပိုင်းကျရင် အနားယူချင်တယ်လို့ ဆရာယန်က ပြောထားတယ်မလား? ”

“ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ဆရာကျိုးအတွက် မဲက ဆရာယန်အတွက် မဲနဲ့ အတူတူပဲ မဟုတ်လား? ”

“ မှန်တယ်! ဆရာယန် စစချင်း စွမ်းရည်နိုးကြားတုန်းက အရမ်းအားနည်းတယ်လို့ ငါ ကြားခဲ့ရတယ်။ ဆရာကျိုးကြောင့်သာ မဟုတ်ရင် သူ အသက်ရှင်မှာ မဟုတ်ဘူး! ”

“ ဆရာယန်က ဆရာကျိုးကို အကြိုက်ဆုံးပဲ! ”

“ ... ”

ယန်ကျင်းဇီသည် လက်နှစ်ဖက်ကို ကျောပစ်လျက် ဖြည်းညှင်းစွာ အဝေးသို့ လျှောက်သွားသည်။

ကျိုးဝမ်ရှိူ့သည် အလုပ်လုပ်ရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး ဤတိုင်းပြည်အတွက် ပိုမိုလုပ်ဆောင်လိုသည်။ မျိုးဆက်ဟောင်းမှ ယခင်ခေါင်းဆောင်များသည် သူ့ကို ပျိုးထောင်ရန် အလွန်နှစ်သက်ကြသည်။

ကျိုးဝမ်ရှိူ့သည် အပျက်အစီးများမှ ပြန်လည်မွေးဖွားလာသော ဤတိုင်းပြည်၏ ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ သံသယဖြစ်စရာ မရှိချေ။

သူ့အတွက်ကတော့…

တစ်နေ့ လူများ အွန်လိုင်းသုံးနေကြစဉ် တစ်ခုသော ပလက်ဖောင်းမှ တိုက်ရိုက်ထုတ်လွှင့်နေမှုကို ရုတ်တရက် တွေ့လိုက်ရသည်။

“ မီးစွမ်းအားရှင်က မင်းကို ဟင်းချက်‌သင်ပေးမယ် ” ၊ “ အိမ်ဆောက်ခြင်းအတွက် မြေစွမ်းအား၏ အံ့အားသင့်စရာ အသုံးဝင်မှု ” ၊ “ လေ‌ပြေချစ်ခြင်း - လေစွမ်းအားရှင်က မင်းကို ပန်းခြံအလည်ထွက်ခေါ်သွားမယ် ” အစရှိသော တိုက်ရိုက်ထုတ်လွှင့်မှု အများအပြားကြားထဲတွင် “ ယန်ကျင်းဇီ၏ တိုက်ရိုက်ထုတ်လွှင့်မှု ” ဟု အမည်တပ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ တကယ့်ကို သိသာထင်ရှားလှသည်။

ယန်ကျင်းဇီက ဘယ်သူလဲ? ဒါက ကယ်တင်ရှင်လို့ သူတို့ သီးသန့်ခေါ်တဲ့ လူ! နာမည်ကြီးဖို့အတွက်နဲ့ သူ့ကို ဘယ်လိုတောင် အသုံးပြုရဲတာလဲ...

ဤတိုက်ရိုက်ထုတ်လွှင့်မှုကို မြင်သူအားလုံးသည် ချက်ချင်း ကလစ်နှိပ်ကာ ထုတ်လွှင့်သူကို ကျိန်ဆဲ၍ အကောင့်ဖျက်သွားအောင် ဆောင်ရွက်ရန် ရည်ရွယ်လိုက်ကြသည်။

ထို့နောက် သူတို့ ဝင်လိုက်သည်နှင့်တပြိုင်နက် သူတို့ ယန်ကျင်းဇီကို တွေ့လိုက်ရသည်။

သက်ဝင်လှုပ်ရှားနေသော ယန်ကျင်းဇီ။

အသက်လေး‌ဆယ်ကျော်ပြီဖြစ်သော်ငြား ယန်ကျင်းဇီသည် အလွန်ချောမောနေဆဲဖြစ်သည်... မူလက တစ်စုံတစ်ဦးကို ဆူပူကြိမ်းမောင်းချင်ခဲ့ကြသော လူများသည် အတွင်းရှိ ပြုံးနေသော လူကို တွေ့လိုက်ရသောအခါ ဖမ်းစားခံလိုက်ရပြီး အရာရာကို မေ့လျော့သွားကြသည်။

“ ငါ့မှာ ဘာမှလုပ်စရာမရှိတော့ ကမ္ဘာမပျက်ခင်က ငါ့ရဲ့ အလုပ်ဟောင်းကို ပြန်ရွေးပြီး anchor ဖြစ်လာတယ်။ လူတိုင်း ကြိုက်နှစ်သက်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ” ယန်ကျင်းဇီက ပြုံးလျက် ဆိုသည်။

“ ကြိုက်၊ ကြိုက်၊ ကြိုက်တယ်! လုံးဝ ကြိုက်တယ် အားးးးးးးး! ”

“ နှစ် ၁၀,၀၀၀ စာလောက် မင်းကို ချစ်တယ်! ”

“ ငါ့မိသားစုတစ်စုလုံး မင်းကိုချစ်တယ်! ”

“ မေမေ၊ ကျင်းဇီကို လာကြည့်ပါဦး! ”

ယန်ကျင်းဇီက ထပ်ပြောသည် : “ နောင်အနာဂတ်မှာ ဒီကနေ ငါ သဘာဝလွန် စွမ်းအားတွေ ကျင့်ကြံနည်းကို မျှဝေပေးပါမယ်။ တချို့လူတွေက ငါ ဘာကြောင့် ဒီလောက် သန်မာနေတာလဲ သိချင်ကြတယ်။ ငါ အဲ့ဒါကိုလည်း ပြောပြပေးမယ်... စိတ်မပူပါနဲ့၊ ငါ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားရင် ဗီဒီယိုပြန်တင်ပေးမယ်။ မင်းတို့ ထပ်ခါထပ်ခါ ကြည့်ရှုနိုင်တယ်။ ”

ထူထပ်သော လက်ဆောင်ပေါ့ပ်အပ်များဟာ ချက်ချင်းပင် ယန်ကျင်းဇီ၏မျက်နှာကို ဖုံးလွှမ်းသွားလေသည်။

“ ငါ့ဆရာယန်ရဲ့ ချောမောတဲ့ မျက်နှာကို လာမကွယ်နဲ့။ ပိတ်ပစ်ကြ၊ ပိတ်ပစ်ကြ! ” နောက်စက္ကန့်အတွင်း လူတိုင်းနီးပါးသည် ပေါ့ပ်အပ်များနှင့် လက်ဆောင်အကြံပြုချက်များကို ပိတ်ရန် ရွေးချယ်လိုက်ကြသည်။

ဘယ်ဟာကမှ သူတို့ ယန်ကျင်းဇီရဲ့မျက်နှာကို ကြည့်တာကို မတားနိုင်ဘူး!

ကံမကောင်းစွာဖြင့် ကမ္ဘာကြီး၏ အလှတရားနှင့် သာယာဝပြောမှုများ ဟာ သူတို့နှင့် မသက်ဆိုင်ချေ...

အိုက်ယား! ဗိုလ်ချုပ်ကျိုးက အစွမ်းထက်ဆုံးလူ ဖြစ်ပြီး တစ်ယောက်တည်းနဲ့ ထိပ်တန်းစွမ်းအားရှင်များစွာကို အနိုင်ယူနိုင်ကာ အရည်အချင်းနဲ့ လုပ်ကိုင်နိုင်စွမ်း ရှိပေမယ့် သူ့ကို ကြည့်ရတာ အမျိုးသား alpha နဲ့ နည်းနည်းတူတယ်။ လူတစ်ယောက်ကို ဘယ်လိုအလိုလိုက်ရမလဲ သူ မသိလောက်ဘူး!

အစွမ်းထက်တဲ့ ဆရာယန်ကို သူက ဟင်းချက်ခိုင်းတယ်...

လူတိုင်း ဤသို့တွေးနေစဉ် ကျိုးဝမ်ရှိူ့၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည် : “ ယန်ကျင်းဇီ! ”

ယန်ကျင်းဇီ ဘာမှမပြောနိုင်သေးခင် ကျိုးဝမ်ရှိူ့က ဝင်လာပြီး နီရဲနေသော မျက်နှာနှင့် ဆိုသည် : “ ယန်ကျင်းဇီ! မင်း ဘယ်လိုလုပ် ငါ့လည်‌ပင်းပေါ်မှာ အမှတ်တွေ ချန်ထားရဲတာလဲ! ” ယနေ့ သူ အစည်းအဝေးသို့ သွားသောအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူ တော်တော်ရှက်မိတယ်!

ယန်ကျင်းဇီက မျက်တောင်ခတ်လိုက်သည်။ သူ့မျက်နှာတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေသည်။

“ မင်း စောစောမရပ်ဘဲ နောက်ကျသွားတယ်။ ဘာလို့ ဒီနေ့ လုပ်တာလဲ! ” ကျိုးဝမ်ရှိူ့သည် ယခုလေးတင် ဒေါသများ ပြည့်နေသော်လည်း ယန်ကျင်းဇီ၏မျက်နှာကို တွေ့သော် သူ စိတ်မ‌ဆိုးနိုင်တော့ပေ : “ လူတွေ အများကြီးက ငါ့ကို အဓိပ္ပာယ်ပါပါနဲ့ ကြည့်ကြတယ်။ မင်းက အရမ်းတက်ကြွသလားလို့ သူတို့က ငါ့ကို မေးတယ်... မင်း... ဒီနေ့အစည်း‌အဝေးက တီဗီမှာ ပါလာမှာ! ”

“ တကယ်တော့ ငါ မင်းလည်ပင်းပေါ်မှာ အမှတ်အသားတွေ အမြဲချန်ထားတယ်... ” ယန်ကျင်းဇီက ပြောသည်။

“ ဘာ? ” ကျိုးဝမ်ရှိူ့ အံသြသွားသည်။

“ ဒါပေမယ့် မင်း မနက်တိုင်း အိပ်ရာမထခင် မင်းစီကို အလင်းလုံးတွေ ပစ်နေတော့ သိပ်မကြာဘဲ ပျောက်သွားရော... ” ယန်ကျင်းဇီ ပြောလိုက်သည်။ အလင်းစွမ်းအားနှင့် ထိတွေ့မှုအလွန်များ‌သွားသောကြောင့်လားမသိ၊ ကျိုးဝမ်ရှိူ့၏ အသားအရေက ပိုပိုကောင်းလာပြီး အမှတ်အသား ချန်ရစ်ရန် အလွန်လွယ်လာသည်...

ကျိုးဝမ်ရှိူ့ : “ ... ”

“ ငါက အရမ်းစိတ်အားထက်သန်တယ်၊ ငါတို့က အရမ်းချစ်ခင်ကြတယ်လို့ သူများတွေ တွေးတာလည်း ကောင်းပါတယ်။ ချစ်ခင်ကြင်နာပြီး ဂရုစိုက်တတ်တဲ့ ဇနီးလေးရဲ့ အပြင်သရုပ်ကို သတ်မှတ်ဖို့ လူတွေအများကြီးက အထူးတလည် စိတ်မဝင်စားကြလောက်ဘူးမလား? ” ယန်ကျင်းဇီ ပြောလိုက်သည်။

“ ဒီမှာ မင်းက ဇနီးလေးလား? ဘယ်သူက ငါ့ကို နေ့တိုင်း လူးလှိမ့်နေတာလဲ? ” ကျိုးဝမ်ရှိူ့ တွေးလိုက်၏။ ယန်ကျင်းဇီက လက်အောက်တွင် အလင်းစွမ်းအားရှင်တစ်ဦး ရှိနေသောကြောင့် အနားမယူဘဲ နေ့စဉ်နေ့တိုင်း သူ့ကို လူးလှိမ့်သည်။ သူ နည်းနည်းစိတ်ဆိုးသွားပြီး ယန်ကျင်းဇီ၏ လည်ပင်းကို ကိုက်လိုက်လေသည်။

သို့သော် သူ မကိုက်ရက်ဘဲ အဆုံးတွင်တော့ နမ်းသာ နမ်းလိုက်သည်။

ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ အနမ်းကြောင့် အနည်းငယ် ယားယံသွားပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည် : “ ခဏလေး... ဝမ်ရှိူ့၊ ငါ တိုက်ရိုက်ထုတ်လွှင့်နေတယ်။ ”

ကျိုးဝမ်ရှိူ့ : “ ... ” သူ တကယ် ကိုက်မိတော့မယ်!

တိုက်ရိုက်ကြည့်ရှုနေကြသူများ : “ ... ”

သူတို့ ဘက်မှားနေပြီ! ဘက်မှားရပ်မိပြီ!

ဗိုလ်ချုပ်ကျိုးက အမျိုးသား alpha မဟုတ်ဘူး။ သူက မာနကြီးရုံပဲဟ!

ယန်ကျင်းဇီက မကောင်းမြတ်ဘူးဟ။ သူက သူ့ဇနီးကို ချစ်လို့ပဲ!

ခဏလေး၊ ယန်ကျင်းဇီက ပျိုးထောင်ခံရတာကို ကြိုက်တယ်လို့ လူသိရှင်ကြား ပြောခဲ့တယ်မလား?

ဆရာယန်၊ မင်းက တကယ် သတ္တိရှိတယ်ပေါ့လေ? မင်းရဲ့ဇနီးက မင်းကို ပျိုးထောင်တာကို မင်းက ခွင့်ပြုထားတယ်!

စကားမစပ်၊ ဒီလူနှစ်‌ယောက်ရဲ့ ဗီဒီယိုတွေထဲမှာ ဇွန်ဘီသတ်တဲ့အချိန်ဆို ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီရဲ့ရှေ့ကနေ အမြဲရပ်နေတယ်။ တစ်ခါတစ်လေ ယန်ကျင်းဇီ ဖြေရှင်းရတဲ့ ဇွန်ဘီတွေက များလွန်းတယ်။ အဲ့အခါကျရင် သူ့ကို ဆက်တိုက်ကာကွယ်ခဲ့တာက ကျိုးဝမ်ရှိူ့ပဲ...

အရင်က သူတို့ ကျိုးဝမ်ရှိူ့ရဲ့ ခွန်အားကို လေးစားနှစ်သက်ပြီး ထောက်ခံခဲ့ကြပေမယ့် အခုတော့...

...

ထတော့ ဆရာယန်ရေ။ တိုက်ရိုက်ထုတ်လွှင့်မှုတွေ မလုပ်နဲ့တော့။ အပြင်ထွက်ပြီး အလုပ်လုပ်!

မင်းရဲ့ဇနီးက ဝန်ကြီးချုပ်ရာထူး ဝင်ပြိုင်နေတုန်း မင်းက ဘယ်လိုတောင် အိမ်မှာ otaku အဖြစ် နေနိုင်နေတာလဲ!

ယန်ကျင်းဇီ : “ ... ” ဘာလို့မလုပ်ရမှာလဲ? သူ့မိသားစုဝင် ဝမ်ရှိူ့က သူ့ကို ပျိုးထောင်ဖို့ ဆန္ဒရှိနေတယ်လေ!