တိုက်ခန်းက သေးငယ်သည်။ သို့သော်ငြား အခန်းတွင်း အပြင်အဆင်က အလွန်နွေးထွေးပြီး ဇိမ်ကျသည်။
အတွင်းပိုင်းအလှဆင်မှုပုံစံကား ယနေ့ခေတ်တွင် ရေပန်းစားသော Scandinavian စတိုင်ပုံစံ ဖြစ်သည်။ ဧည့်ခန်းရှိ ဝါညိုနုရောင် ဆိုဖာသည် မကြီးမားချေ။ ၎င်းအပေါ်တွင် နူးညံ့ပျော့ပျောင်းသော ခေါင်းအုံးအနည်းငယ် ရှိသည်။ ဆိုဖာနှင့် မျက်နှာချင်းဆိုင်တွင် ကြီးမားသော တီဗီတစ်လုံး ရှိ၏။ တီဗီအောက်တွင် အခွေများ အများအပြား ရှိပြီး စတီရီယိုတိပ်ခွေများလည်း ရှိသည်။ တီဗီဘေးရှိ သစ်သားစင်ပေါ်ရှိ တွဲလောင်းကျသစ်ခွပင် ပန်းအိုးတစ်အိုးမှာ အလွန်သန်စွမ်းစွာ ကြီးထွားနေပြီး အကိုင်းအခက်များစွာကို တွဲလျားချထားလျက်ရှိသည်။
( For photos)
ယန်ကျင်းဇီ ဆိုဖာပေါ်တွင် နိုးလာသည်။ ဤခန္ဓာကိုယ်ဟာ ယခင်က ဆိုဖာပေါ်တွင် အိပ်မောကျခဲ့ခြင်း ဖြစ်နိုင်သည်။ သူ့ခန္ဓာကိုယ် အနည်းငယ် ကိုက်ခဲနေလေသည်။
ဒါ ဘယ်နေရာလဲ?
ယန်ကျင်းဇီသည် ရုတ်ချည်းထရပ်လိုက်ပြီး ဧည့်ခန်းဘေးနားရှိ ဆင်ဝင်ပေါ်တွင် မှန်တစ်ချပ် ရှိကြောင်းကို သတိထားမိလိုက်သည်။ သူသည် လမ်းလျှောက်သွားသောအခါ အလွန်ခွန်အားမဲ့သည့်ပုံပေါ်လျက် တွန့်ကြေနေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မျက်လုံးအောက်များတွင်လည်း အနက်ရောင်မျက်လုံးအိတ်များ ရှိနေသော လူငယ်တစ်ဦးကို မှန်ထဲတွင် တွေ့လိုက်ရသည်။
ဒါ သူမဟုတ်ဘူး!
ဤနေရာရှိ အရာရာတိုင်းကို လုံးဝ မရင်းနှီးပေ... ဒါဆို သူ ကူးပြောင်းလာတာလား?
ယန်ကျင်းဇီသည် ကမ္ဘာကူးပြောင်းလာသည်ဟု ခံစားမိသော်လည်း ကိုယ်ခန္ဓာ၏ မူလပိုင်ရှင်ထံမှ မှတ်ဉာဏ်များ မရှိသည့်အပြင် ကမ္ဘာမကူးပြောင်းခင်မှ သူ့ကိုယ်ပိုင်မှတ်ဉာဏ်များလည်း မရှိချေ။ အရာရာတိုင်းက သူ့အတွက် ဝေဝါးနေပြီး သူ့အား အနည်းငယ် စိတ်ထွေပြားနေစေသည်။
ကောင်းပြီ၊ သူ ဘယ်လိုကူးပြောင်းခဲ့သလဲ? အခု သူ ဘာမှမသိဘူး။ ဘာလုပ်ရမလဲ?
တွေဝေစဉ်းစားနေစဉ် ယန်ကျင်းဇီ၏ လက်ကိုင်ဖုန်းသံ မြည်လာသည်။
သူသည် သူ့ဖုန်းကို ထိလိုက်ပြီး ဖျတ်ခနဲ ကြည့်လိုက်သောအခါ မနက်ရှစ်နာရီကျော်နေပြီဖြစ်ကြောင်း တွေ့လိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်နှာအသိအမှတ်ပြုခြင်းက အသက်ဝင်လာပြီး အလိုအလျောက် ဖုန်းလော့ခ်ပွင့်သွားသည်။
သူ့ဖုန်းတွင် မက်ဆေ့တစ်စောင် ရောက်ရှိနေသည်။ “လောင်ချိုက်” အမည်ရှိလူတစ်ဦးက ဓာတ်ပုံအချို့ကို ပို့ထားပြီး အဆုံးတွင် စာတစ်ကြောင်း ပါသည် : “ လောင်ယန်၊ ငါ မင်းကို အပြစ်တင်ဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့်... မင်း ကျန်းယွင်ရှိူ့စီက အရူးလုပ်မခံသင့်တော့ဘူး။ သူက လူကောင်းမဟုတ်ဘူး! ”
ဒီလောင်ချိုက်က ဘယ်သူလဲ? ကျန်းယွင်ရှိူ့ကရော ဘယ်သူလဲ?
ယန်ကျင်းဇီသည် ဓာတ်ပုံတစ်ပုံကို ဝင်နှိပ်လိုက်သောအခါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အတူရောထွေးနေသည့် ဝေဝေဝါးဝါး ဓာတ်ပုံကို တွေ့လိုက်ရသည်။
ဤနှစ်ဦးတွင် အသက်နှစ်ဆယ်ကျော်ခါစ အမျိုးသားက အတော်ကြည့်ကောင်းသော်လည်း အမျိုးသမီးကတော့ မတူချေ။ ဤအမျိုးသမီးက အသက်လေးဆယ်ကျော်ခန့် ရှိပြီး နည်းနည်းဝသည်...
ဒါက / လတ်လတ်ဆတ်ဆတ် အသားတုံးလေး / ကို ပျိုးထောင်နေတဲ့ သူဌေးမတစ်ဦး လား? ဒီအမျိုးသမီးက အရမ်းကံကောင်းတယ်!
ထိုလူ ပို့သော စကားများနှင့် ပေါင်းစပ်လိုက်သောအခါ... ပုံထဲက အမျိုးသားက ကျန်းယွင်ရှိူ့လား? မူလပိုင်ရှင်က သူနဲ့ ဆက်ဆံရေးမရှိလောက်ပါဘူး ဟုတ်တယ်မလား?
ရှိနေရင် ရွံရှာစရာပဲ...
ယန်ကျင်းဇီသည် ယခင်စကားပြောမှတ်တမ်းများကို စတင်ကြည့်ရှုလိုက်ပြီး မူလပိုင်ရှင်က လောင်ချိုက် ဟူသော ဤလူနှင့် ရန်ဖြစ်ခဲ့ကြောင်း သိရှိလိုက်ရသည်။ အကြောင်းအရင်းမှာ လောင်ချိုက်ဆိုသူက မူလပိုင်ရှင်ထံသို့ ဗီဒီယိုတစ်ပုဒ်နှင့် စာတစ်ကြောင်းကို ပို့ရာမှ ဖြစ်သည် : “ ယန်ကျင်းဇီ၊ မင်းရဲ့ အိပ်မက်ချစ်သူက ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ မှာ ကစားဖို့ သွားခဲ့ပြီး အဖမ်းခံလိုက်ရပြီ! ”
ထို့နောက်တွင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့က ထိုသို့သော လူစားမျိုး မဟုတ်ကြောင်းနှင့် ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ သို့ သွားရောက်မည်မဟုတ်ကြောင်းတို့ကို မလျှော့တမ်း ငြင်းဆိုခဲ့သည်။ လောင်ချိုက်က မူလပိုင်ရှင်တွင် ဆိုးရွားသော အမြင်အာရုံ ရှိသည်ဟု ခံစားရကာ မူလပိုင်ရှင်အား လှောင်ပြောင်ခဲ့ပြီး နောက်ဆုံးတွင်တော့ နှစ်ယောက်သား ရန်ဖြစ်ကြတော့သည်။
ထိုအချိန်တွင် လောင်ချိုက်သည် နောက်ထပ်လူတစ်ဦး၏ အမည်နာမကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။ သူသည် မူလပိုင်ရှင်အား သုံ့ချင်းလင်ဟု အမည်ရသော လူတစ်ဦးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရန် ပြောဆိုခဲ့၏။ မူလပိုင်ရှင်အပေါ် ကောင်းမွန်သော သုံ့ချင်းလင်ကဲ့သို့ လူများမှာ အနည်းငယ်သာ ရှိပြီး မူလပိုင်ရှင်အား ၎င်းကို တန်ဖိုးထားရန် ပြောဆိုနေခဲ့လေသည်။
ယန်ကျင်းဇီ : “ ... ” သူသည် ဤလောင်ချိုက်နှင့် စကားပြောမှတ်တမ်းကိုသာ ကြည့်ရသေးသော်လည်း စိုးရိမ်ပူပန်နေရပြီဖြစ်သည်။
ဤခန္ဓာကိုယ် မူလပိုင်ရှင်၏ စိတ်ခံစားချက်ပိုင်း အတွေ့အကြုံမှာ အလွန်ရှုပ်ထွေးနေပုံပေါ်သည်... သူ ဘာကိုမှ နားမလည်ပေ။ သူ ကိုင်တွယ်နိုင်ပါ့မလား?
ထို့အပြင် ဓာတ်ပုံထဲမှ အမျိုးသားသည် မူလပိုင်ရှင်၏ အိပ်မက်ချစ်သူ ဖြစ်သည်။ မူလပိုင်ရှင်ရဲ့ အကြိုက်... သူ သည်းမခံနိုင်ဘူး!
ယန်ကျင်းဇီသည် ဤသို့တွေးနေစဉ် လွန်ခဲ့သော ရက်အနည်းငယ်က လောင်ချိုက် ပေးပို့ခဲ့သော ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ တွင် သူ၏ အိပ်မက်ချစ်သူ ဖမ်းဆီးခံရသည်ဟု ဆိုသော ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။
ဤဗီဒီယိုကို ကလပ်တစ်ခု၏ ဝင်ပေါက်တွင် ရိုက်ကူးထားသည်။ ရိုက်ကူးသူသည် မိုဘိုင်းလ်ဖုန်းကို အသုံးပြုနေခဲ့သည်။ မှောင်မည်းပြီး လှုပ်ယမ်းနေသောကြောင့် ပုံမှာ အလွန်မသဲကွဲဘဲ အရည်အသွေးကလည်း လောင်ချိုက် ပို့သော ဓာတ်ပုံနှင့် ဆင်တူသည်။
ထို့အပြင် ဤဗီဒီယိုရိုက်ကူးသူက ရိုက်ကူးနေစဉ် စကားပြောနေသေးသည် : “ ကျန်းယွင်ရှိူ့! အဲ့ဒါ ကျန်းယွင်ရှိူ့ပဲ! ”
ပုံထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပေါ်လာသည်။ သူ့အမူအရာမှာ အေးစက်နေပြီး မျက်ခုံးများမှာ တွန့်ချိုးနေလျက် အနည်းငယ် စိတ်မရှည်ဖြစ်နေပုံပေါ်သည်။ သူ့နောက်တွင် ရဲသားတစ်ဦးက တွန်းတိုးနေသည်။
အတွန်းခံရသောအခါ သူ့အသံ ချက်ချင်းထွက်လာသည် : “ ငါ့ကို မထိနဲ့! ”
ဤသို့ပြောနေစဉ် ထိုလူ၏ မျက်နှာကလည်း ကင်မရာဘက်သို့ လှည့်လာ၏...
သိသိသာသာပင် ဗီဒီယိုက ဝေဝါးနေသော်ငြား ယန်ကျင်းဇီသည် သူ့ကို ကောင်းကောင်းမွန်မွန် တွေ့မြင်နိုင်ဆဲဖြစ်ပြီး ချက်ချင်းပင် နှလုံးခုန်မြန်သွားသည်။
သူ မြင်မြင်ချင်း ချစ်မိသွားပြီ!
ဗီဒီယိုထဲမှ လူသည် အနည်းငယ် စိတ်မရှည်ဖြစ်နေပြီး ဒေါသထွက်ပုံပေါ်သည်။ ဒါပေမယ့် ဘယ်လိုလုပ် သူက အရမ်းကြည့်ကောင်းနေရတာလဲ? ဒီကမ္ဘာမှာ ဒီလောက် ချစ်စရာကောင်းတဲ့သူ ဘယ်လိုရှိနေတာလဲ?
ဘာကြောင့် သူ ကူးပြောင်းလာသလဲ သူ သိသွားပြီ!
ဒါက ဒီလူအတွက်ပဲ ဖြစ်ရမယ်!
ဒါ သူ့ရဲ့ အမျိုးသားနတ်ဘုရားပဲ!
ဗီဒီယိုပြီးသွားသောအခါ ယန်ကျင်းဇီသည် ချက်ချင်းနှိပ်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်သည်။
ဤအခိုက်အတန့်တွင် သူ ရုတ်တရက် တစ်ခုသတိထားမိသွားသည် – ခုနက သူ တွေ့လိုက်တဲ့ ဓာတ်ပုံထဲက ခပ်ဝဝ အမျိုးသမီးကို ဖက်ထားတဲ့ အမျိုးသားက သူ့ရဲ့ အမျိုးသားနတ်ဘုရားနဲ့ တူတယ်!
ဒါပေမယ့် သူ့ရဲ့ အမျိုးသားနတ်ဘုရား မဟုတ်မှန်း သေချာတယ်။
သူ့ရဲ့ အမျိုးသားနတ်ဘုရား ပြာဖြစ်သွားရင်တောင် သူ လူမမှားနိုင်ဘူး!
ဤအချိန်တွင် ဗီဒီယိုမှာ ပြန်လည်ပြသနေပြီး ယန်ကျင်းဇီ၏ခေါင်းသည် စတင်မူးဝေလာသည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာ၏။
ထိုမှတ်ဉာဏ်များ ရောက်ရှိလာသည်နှင့်တပြိုင်နက် သူ ကျိန်ဆဲချင်မိသည်။
ဒီမူလပိုင်ရှင်က တကယ် ရွံစရာကောင်းတယ်။ သူက တကယ့်ဆန်ကုန်မြေလေးပဲ!
သူ့လိုလူတွေကို ဇီဝိန်ခြွေပေးသင့်တယ်!
မူလပိုင်ရှင်ကို သူ့လိုပင် ယန်ကျင်းဇီဟု ခေါ်သည်။ သူသည် အသက်နှစ်ဆယ့်ရှစ် ဖြစ်ပြီး ချမ်းသာကြွယ်ဝသော မိသားစုတွင် မွေးဖွားသည်... ဥက္ကဌတစ်ဦးလည်း ဖြစ်၏။
မူလပိုင်ရှင်၏ဖခင်သည် ကျေးလက်ဒေသတွင် မွေးဖွားခဲ့ပြီး သူ့မိသားစုမှာ အလွန်ဆင်းရဲသော်လည်း အလွန်လိမ္မာပါးနပ်ပြီး အတော်လေး အရည်အချင်းပြည့်ဝသူဖြစ်သည်။ ရွာနားရှိ မိုင်းတွင်းတွင် အလုပ်သွားလုပ်စဉ် ကျောက်မီးသွေး သူဌေး၏ တစ်ဦးတည်းသော သမီးနှင့် ချစ်သူဖြစ်နိုင်ခဲ့သည်။
မူလပိုင်ရှင်၏ဖခင်သည် ချမ်းသာသောဘဝကို အလွန်တောင့်တသည်။ သူသည် အလွန်ရည်မှန်းချက်ကြီးပြီး ကျောက်မီးသွေးသူဌေး၏ မိသားစုထဲသို့ မဆိုင်းမတွ ဝင်ရောက်သည်။
ဒေသတွင်းစည်းမျဉ်းများအရ သားမက်တစ်ဦးကို မိသားစုထဲသို့ ခေါ်ဆောင်သည့် မိသားစုတစ်စုတွင် သားသမီးနှစ်ဦး ရှိနိုင်သည်။ မူလပိုင်ရှင်၏ ဖခင်နှင့် မိခင်တို့သည် ကလေးနှစ်ယောက် ဖြစ်သော မူလပိုင်ရှင်၏ အစ်မနှင့် မူလပိုင်ရှင်တို့ကို မွေးဖွားခဲ့သည်။
ထိုအချိန်ကား ကျောက်မီးသွေးလုပ်ငန်းအတွက် အကျိုးအမြတ် အဖြစ်ထွန်းဆုံးအချိန် ဖြစ်ခဲ့၏။ ကလေးနှစ်ယောက် မွေးပြီးနောက် စီးပွားရေးလုပ်ငန်းမှာ အလွန်ကောင်းမွန်နေခဲ့သည်။ မူလပိုင်ရှင်၏ ဖခင်သည် ပိုက်ဆံဖြုန်းစရာ နေရာမရှိသော မူလပိုင်ရှင်၏ အဘိုးထံမှ ပိုက်ဆံအမြောက်အမြားကို ရရှိခဲ့ပြီး ကုမ္ပဏီကို စတင်ဖွင့်လှစ်သည်။
မူလပိုင်ရှင်၏ဖခင်သည် အရည်အချင်းရှိသူဖြစ်သည်။ အစပိုင်းတွင် သူသည် စူပါမားကတ်နှင့် ကုန်စည်လက်လီရောင်းချမှု လုပ်ငန်းတို့ကို စတင်ဖွင့်လှစ်ခဲ့ပြီး သူ၏ ကြွယ်ဝသော အရင်းအနှီးဖြင့် လျင်မြန်စွာ ဈေးကွက်ကို သိမ်းပိုက်လိုက်သည်။ နောက်ပိုင်းတွင် သူသည် အိမ်ခြံမြေနှင့် တခြားလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်... အတိုချုပ်ရလျှင် သူသည် ပမာဏမသိနိုင်သော ပိုက်ဆံများစွာကို ရှာဖွေနိုင်ခဲ့၏။
မူလပိုင်ရှင် ဆယ်ကျော်သက်အရွယ် အစောပိုင်းကာလ၌ မူလပိုင်ရှင် ဖခင်ဖြစ်သူ၏ ကြွယ်ဝချမ်းသာမှုသည် သူ့ယောက္ခမထက် သာလွန်သွားပြီဖြစ်သည်။ သူသည် အပြင်တွင် အမျိုးသမီးငယ်တချို့နှင့် ပွေရှုပ်သော်လည်း သူ့ဇနီးကို မစွန့်ပစ်ခဲ့ပေ။ ထို့ကြောင့် သူသည် မူလပိုင်ရှင်၏ နာမည်နှင့် မျိုးရိုးနာမည်ကိုသာ ပြောင်းလဲခဲ့သည်။
မူလပိုင်ရှင် ဖခင်ဖြစ်သူ၏ စကားများအရ သူသည် အပြင်တွင် မိန်းကလေးများနှင့် အပျော်ကစားခြင်းသာ ဖြစ်သည်။ အိမ်တွင် ရှိသော မိသားစုက အရေးကြီးဆုံး ဖြစ်သည်... အကျဉ်းချုပ်ဆိုရသော် သူသည် သူ့ဇနီးနှင့် သားသမီးများကို ဂရုစိုက်ဆဲဖြစ်သော်ငြား ၎င်းက သူ့အား အပြင်တွင် မိန်းကလေးများနှင့် အပျော်ရှာခြင်းမှ မဟန့်တားနိုင်ချေ။
အသေအချာပင် သူသည် အလွန်ဂရုတစိုက်လည်း ရှိလှပြီး နောက်ထပ်သားတစ်ဦးကို ဘယ်တော့မှ မထုတ်လုပ်ခဲ့ပေ။ ဤကိစ္စတွင် ဖခင်ယန် ပြောလေ့ရှိသော စကား ရှိ၏။ ယင်းကား ဤသို့ဖြစ်သည်။ သူ့တွင် ပိုင်ဆိုင်မှုများစွာ ရှိပြီး ယခုအခါ ကြွယ်ဝမှုအဆင့်အတန်း မြင့်နေသည်။ သို့သော် နောက်ထပ်သားသမီးများ ရှိလာလျှင်... နောက်မျိုးဆက်တွင် မိသားစုပိုင်ဆိုင်မှုများက သားတစ်ဦး သို့မဟုတ် သမီးတစ်ဦးသာ ရှိသော မိသားစုများအောက် နိမ့်ကျသွားလိမ့်မယ် မဟုတ်လား?
မည်သို့ပင်ဖြစ်စေ သားတစ်ဦးနှင့် သမီးတစ်ဦးတို့ကို မွေးဖွားရန်အတွက် သူသည် သူ့ဇနီးသည်ကိုသာ လိုအပ်သည်။
မူလပိုင်ရှင်သည် ထိုသို့သော မိသားစုတွင် ကြီးပြင်းခဲ့သည်။
မူလပိုင်ရှင် မွေးခါစတွင် မူလပိုင်ရှင်၏ ဖခင်ဖြစ်သူသည် ယောက္ခမကြီး၏ လက်အောက်တွင် နေထိုင်ဆဲဖြစ်သည်။ သူသည် နေ့စဉ်နေ့တိုင်း သူ့ဇနီးအနားတွင် သွားလာလျက် သူ့သား၏ ကလေးအနှီးများကို လျှော်ဖွပ်ခြင်း ဟူသော အလုပ်များကို ဆောင်ရွက်သည်... သူ အပြင်ထွက်သောအခါ မူလပိုင်ရှင် အသက်သုံးနှစ်သာ ရှိသေးသည်။ မူလပိုင်ရှင် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ်တွင် သူသည် နာမည်ကျော်သွားပြီဖြစ်သည်။
ထို့နောက် သူသည် မူလပိုင်ရှင်နှင့် မူလပိုင်ရှင်၏ အစ်မတို့ကို မြို့သို့ ခေါ်သွားသည်။ သူသည် ပိုက်ဆံသုံး၍ သူတို့ကို ပုဂ္ဂလိကကျောင်းတွင် ပညာသင်ကြားစေခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်သည် အလယ်တန်းကျောင်း ဒုတိယနှစ်တွင် တက်ရောက်နေသည်။
မူလပိုင်ရှင်၏ အဘိုးတွင် မိုင်းတွင်းများနှင့် ပိုက်ဆံရှိသည်။ သူ့မိသားစု၏ နောက်မျိုးဆက် ဖြစ်သော မူလပိုင်ရှင်နှင့် မူလပိုင်ရှင်၏ အစ်မတို့ကို ရတနာလေးများကဲ့သို့ သဘောထားဆက်ဆံသည်။ သူသည် မိသားစုတွင် ပိုက်ဆံရှိလေရာ ကလေးနှစ်ယောက်က လုပ်ချင်သမျှ လုပ်ဆောင်နိုင်ပြီး စာကြိုးစားကျက်စရာ မလိုအပ်ဟု တွေးသည်။
ထို့ကြောင့် မူလပိုင်ရှင်သည် အခြေခံမူလတန်းကျောင်းတွင် တက်ရောက်ခဲ့ချိန်တွင် သင်ခန်းစာများတွင် လုံးဝ အာရုံမစိုက်ခဲ့ချေ။ ထို့နောက် သူသည် ဂုဏ်သတင်းကြီးသော အလယ်တန်းကျောင်းသို့ ရုတ်တရက် တက်ရောက်လိုက်သည်...
ကျောင်းအဆင့်များ၏ နောက်ဆုံးတွင် သူ ရှိနေခြင်းမှာ သံသယဖြစ်ဖွယ်ပင်မရှိချေ။
ထို့အပြင် သူသည် သူဌေးလက်သစ်လည်း ဖြစ်နေသေးသည်။ သူသည် အမျိုးမျိုးသော ဈေးကြီးသည့် အဝတ်အစားများနှင့် ဖိနပ်များကို ဝယ်ရမည်ကိုသာ သိသည်။ သို့သော် သူသည် တွဲဖက်ဝတ်ဆင်ခြင်းအကြောင်း ဘာမှမသိပေ။ အရည်အချင်းအမျိုးမျိုးကိုလည်း သူ မသိချေ။ သူသည် တရားဝင် တရုတ်ဘာသာစကား မန်ဒရင်းကိုပင် မပြောတတ်...
ထုံးစံအတိုင်း မူလပိုင်ရှင်ကို တခြားသူများက အထင်သေးပြီး ကဲ့ရဲ့ငြင်းပယ်ကြသည်။
မူလပိုင်ရှင်သည်လည်း ကြမ်းတမ်းပြီး တစ်စုံတစ်ဦးနှင့် ရန်ဖြစ်ခဲ့သည်... ရလဒ်ကမူ ထိုလူ၏ မိသားစုက မရိုးရှင်းလှ။ မူလပိုင်ရှင်၏ ဖခင်ဖြစ်သူကလည်း သိပ်မကောင်းသေး။ အဆုံးတွင်တော့ မူလပိုင်ရှင်ကို အရင်ရန်စသူမှာ ထိုလူ ဖြစ်ကြောင်း ထင်ရှားသော်လည်း ထိုလူက မူလပိုင်ရှင်ကို တောင်းပန်ခိုင်းခဲ့သည်။
ထို့ကြောင့် မူလပိုင်ရှင်၏ ကျောင်းရှိ အဆင့်အတန်းမှာ နောက်ထပ်ပို၍ပင် ထိုးစိုက်ကျသွားသည်။ သူသည် မိသားစုက အားကိုးမရကြောင်း သိသွားပြီး မိသားစုကိုလည်း ထပ်မံ မပြောပြတော့ချေ။ ထို့နောက် သူသည် ဤသို့သော ဘဝမျိုးဖြင့် တစ်နှစ်နေထိုင်ခဲ့သည်။
ဤအချိန်တွင်ပင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ ဟူသော သူ့နှလုံးသား၏ လရောင်ဖြူလေးကို တွေ့ရှိခဲ့လေသည်။
သူ၏ တတိယနှစ်တွင် ကျန်းယွင်ရှိူ့သည် ဤကျောင်းသို့ ဝင်ရောက်ပြီး အလယ်တန်းကျောင်း ပထမနှစ်တွင် တက်ရောက်ခဲ့သည်။
ကျန်းယွင်ရှိူ့၏ မိသားစုနောက်ခံသည် ဤကျောင်းတွင် ထိပ်တန်း ဖြစ်သည်။ သူသည် လူသိများသော ပါရမီရှင်ကလေးတစ်ဦး ဖြစ်ပြီး ဂီတထူးချွန်သူတစ်ဦး ဖြစ်ကာ သူ့တွင် အံ့ချီးဖွယ်ရာ အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့သောလူအတွက် မူလပိုင်ရှင်သည် အားကျမိပြီး မနာလိုဖြစ်မိသော်လည်း ရှောင်တိမ်းလိမ့်မည်ဖြစ်သည်။ ရလဒ်မှာမူ ကျန်းယွင်ရှိူ့က အမှန်တကယ်ပင် မူလပိုင်ရှင်ကို စတင်ဆက်သွယ်ခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်သည် အနိုင်ကျင့်ခံရပြီး ရိုက်နှက်ခံထားရသည်။ သူသည် ကျောင်းကန်တင်းနောက်တွင် တစ်ယောက်တည်း ပုန်းနေလျက် လက်စားပြန်ချေရန် ဒေါသတကြီး ကျိန်ဆိုနေစဉ် ကျန်းယွင်ရှိူ့က ရုတ်တရက်ကြီး ပေါ်လာသည်။
ကျန်းယွင်ရှိူ့သည် မူလပိုင်ရှင်အား ဒဏ်ရာကုသရန် ကျောင်းဆရာဝန်ထံသို့ ခေါ်ဆောင်သွားပြီးနောက် မူလပိုင်ရှင်အား အဝတ်အစားများကို တွဲဖက်နည်းနှင့် အနီးအနားရှိ လူများနှင့် မည်သို့ဆက်ဆံရမည်ကို သင်ကြားပေးခြင်းဖြင့် မူလပိုင်ရှင်ကို နှစ်သိမ့်ပေးခဲ့သည်။
ကျန်းယွင်ရှိူ့သည် အလွန်အသန့်ကြိုက်ပြီး လူများနှင့် ထိတွေ့ရခြင်းကို မနှစ်သက်သော်လည်း မူလပိုင်ရှင်ထံသို့ အမြဲလာကာ မူလပိုင်ရှင်၏ စိတ်နှလုံးသားအပေါ်သို့ နက်ရှိုင်းသော အမှတ်အသား ချန်ရစ်ထားနေလျက်ရှိသည်။
ထိုအချိန်တွင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို နတ်သားတစ်ပါး အဖြစ်၊ သူ၏ ကွန်းခိုရာအဖြစ် သတ်မှတ်ထားခဲ့သည်။
ကံမကောင်းစွာဖြင့် သူနှင့် ကျန်းယွင်ရှိူ့တို့သည် တစ်လမျှသာ အတူရှိရသေးပြီး ပိုမိုမရင်းနှီးနိုင်ခင်တွင် သူ့မိသားစု၌ ကိစ္စတစ်ခု ဖြစ်ပွားခဲ့၏။
သူ့မိခင်သည် သူ့ဖခင်၏ ဖောက်ပြန်ခြင်းကို သိရှိသွားပြီး ပြဿနာမျိုးစုံကို ပြုလုပ်ခဲ့သည်။ သူ့အဖေလည်း လက်လျှော့လိုက်ပြီး သူ့နာမည်ကို ပြောင်းချင်ခဲ့၏။ နှစ်ယောက်သား လှည့်ပတ်ငြင်းခုံနေကြစဉ် ကျောင်းတွင် သူ အနိုင်ကျင့်ခံရကြောင်းကိုလည်း သိရှိသွားကြသည်...
တတိယနှစ်တွင် မူလပိုင်ရှင်သည် နာမည်ပြောင်းပြီး ကျောင်းအသစ်ပြောင်းကာ ဘဝအသစ်ကို စတင်ခဲ့သည်။
မူလကျောင်းကို သူက ထားရစ်ခဲ့ပြီး ကျန်းယွင်ရှိူ့တစ်ဦးတည်းကိုသာ သူ့နှလုံးသားထဲတွင် ရေးထွင်းထားသည်။
မူလပိုင်ရှင် ထိုကျောင်းမှ ထွက်ပြီး မကြာမီ ကျန်းယွင်ရှိူ့သည် နိုင်ငံခြားသို့ ပညာသင်ကြားရန် သွားခဲ့သည်။
နိုင်ငံခြားရောက်သွားသောအခါ သူ၏ ဂီတစွမ်းရည်မှာ အပြည့်အဝ ထုတ်ဖော်ခံရသည်။ အသက်ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်ခန့်တွင် ကျန်းယွင်ရှိူ့သည် အသိအမှတ်ပြုခံရသော ဂီတမင်းသားလေး ဖြစ်လာသည်။
သူ့တွင် မိသားစုနောက်ခံကောင်း ရှိပြီး ဂီတဆုများစွာကို ရရှိထားသည်။ သူသည် တိတ်တဆိတ် နေထိုင်တတ်သူ ဖြစ်သော်လည်း မလွှဲရှောင်သာ နာမည်ကြီးလာပြီး မရေမတွက်နိုင်သော လူများစွာ၏ အာရုံစိုက်ခြင်းကို ဆွဲဆောင်နိုင်ခဲ့သည်။
မူလပိုင်ရှင်သည်လည်း သူ့နောက်လိုက်သူများထဲမှ တစ်ဦး ဖြစ်သည်။
အလယ်တန်းကျောင်းမှ ထွက်ပြီး နာမည်ပြောင်းပြီးနောက် မူလပိုင်ရှင်၏ ဖခင်သည် မိသားစုအပေါ် လျစ်လျူရှုထားမိသည်ကို သိရှိလာခဲ့သည်။ သူ့တွင် ဇနီးသည်နှင့် သားသမီးများအတွက် ခံစားချက်များ ရှိသောကြောင့် နှစ်အနည်းငယ်အတွင်း သူသည် အပြင်ဘက်မှ အမျိုးသမီးများနှင့် လုံးဝ အဆက်အသွယ်ဖြတ်ပြီး ကလေးနှစ်ယောက်၏ ပညာရေးတွင် သူ့ကိုယ်သူ မြှုပ်နှံလိုက်သည်။ ထို့ကြောင့် မူလပိုင်ရှင်နှင့် သူ့အစ်မတို့သည် ပုံစံပြောင်းသွားပြီး ထူးချွန်လာကြသည်။
မူလပိုင်ရှင်သည် အထူးတလည် အလွန်ပြောင်းလဲသွားခဲ့သည်။
သူသည် ဖွံ့ဖြိုးမှုနောက်ကျပြီး ငယ်ငယ်က အဘိုးဖြစ်သူသည် သူ့ကို ကောင်းကောင်းကျွေးမွေးခဲ့၏။ ဂုဏ်သတင်းကြီးသော အလယ်တန်းကျောင်းတွင် သူ တက်ရောက်သောအခါ သူသည် တကယ့်ကို ဝဖြိုးနေပြီး ကျေးလက်တောရွာမှ ဝဝတုတ်တုတ် အသားမည်းမည်း အမျိုးသား ဖြစ်နေခဲ့သည်။
ဤသည်မှာလည်း သူ အနိုင်ကျင့်ခံရသော အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင်... သူက အရပ်ပိုရှည်လာပြီး အသားပိုဖြူလာသည်။ ယခင်ကနှင့်ယှဉ်လျှင် သူ့ပုံစံမှာ လုံးဝ ပြောင်းလဲသွားသည်။
ထိုမျှတင်မက သူ့မိသားစုကလည်း အလွန်ချမ်းသာလာသည်။
ထို့နောက် မူလပိုင်ရှင်သည် အချိန်ယူစဉ်းစားမိသည်နှင့်အမျှ ကျန်းယွင်ရှိူ့နောက်သို့ လိုက်ချင်ခဲ့သည် – အချိန်ကြာလာလေလေ မူလပိုင်ရှင်သည် သူက အမျိုးသားများကို သဘောကျပြီး ကျန်းယွင်ရှိူ့ကို ကြိုက်ကြောင်း တွေ့ရှိခဲ့၏။
သို့သော် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့၌ နှစ်ပေါင်းများစွာ သဘောကျခဲ့ရသော လူတစ်ဦး ရှိကြောင်းနှင့် ထိုလူကို လိုက်ရှာနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ ကျန်းယွင်ရှိူ့က ဒေါသကြီးပြီး လူများကို အထူးဂရုမစိုက်ဘဲ ဆက်သွယ်ရခက်သည်ဟုလည်း တခြားသူများက သူ့ကို ပြောပြကြသည်။
မူလပိုင်ရှင်သည် အခြားသူများရှေ့တွင် လုံးဝ ပြောင်းလဲသွားသည်။ သူသည် မာန်မာနကြီးသည်ဟု ပြောနိုင်သည့်အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသော်လည်း ကျန်းယွင်ရှိူ့၏ရှေ့တွင်မူ သူ့၌ မလွှဲရှောင်နိုင်သော သိမ်ငယ်စိတ်ထား ရှိနေဆဲဖြစ်သည်။
ဤသတင်းများကို ရရှိပြီးနောက် သူသည် ကျန်းယွင်ရှိူ့ထံသို့ မချဉ်းကပ်ရဲဘဲ တိတ်တိတ်လေးသာ အာရုံစိုက်နေဝံ့သည်။
ထို့အပြင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့နှင့် တူသော လူတစ်ဦးကို ရှာဖွေပြီး အစားထိုးအဖြစ် ပျိုးထောင်ရန်လည်း တွေးခဲ့သည်။
မူလပိုင်ရှင် တွေ့ရှိခဲ့သော အစားထိုးမှာ သုံ့ချင်းလင် ဖြစ်သည်။
သုံ့ချင်းလင်သည်လည်း ဂီတတီးခတ်သည်။ မူလပိုင်ရှင် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားရောက်စားသောက်စဉ် သူသည် စားသောက်ဆိုင်ထဲတွင် စန္ဒရားတီးခတ်နေသူက ကျန်းယွင်ရှိူ့နှင့် အလွန်ဆင်တူကြောင်း တွေ့လိုက်ရသည်။ သူသည် ဆွဲဆောင်ခံလိုက်ရပြီး ထိုလူ၏ မိသားစုက အလွန်ဆင်းရဲကာ မိခင်ဖြစ်သူကလည်း အပြင်းအထန် နာမကျန်းဖြစ်နေကြောင်း သိလိုက်ရ၏။ သူသည် သုံ့ချင်းလင်အား ထောက်ပံ့ရန် စပွန်ဆာစာချုပ်တစ်ခုကို လက်ထောက်အား မူကြမ်းရေးခိုင်းခဲ့သည်။
ထိုအချိန်တွင် မူလပိုင်ရှင်၏ နှလုံးသားထဲ၌ ကျန်းယွင်ရှိူ့နှင့် ပြည့်နှက်နေပြီး သုံ့ချင်းလင်ကို ဘာမှမလုပ်ခဲ့ပေ။ သူသည် သုံ့ချင်းလင်ကို သူ့ရှေ့တွင် ကျန်းယွင်ရှိူ့အဖြစ်သာ သရုပ်ဆောင်ခိုင်းခဲ့သည်။
ယခု သူ ရှိနေသော အိမ်ကိုလည်း မူလပိုင်ရှင်က သုံ့ချင်းလင် နေထိုင်ရန် ဝယ်ယူထားခြင်း ဖြစ်သည်။ သူသည် ဤနေရာသို့ မကြာမကြာ လာသော်လည်း သုံ့ချင်းလင်နှင့် မအိပ်ချေ။ သူသည် သုံ့ချင်းလင်အား ကျန်းယွင်ရှိူ့ မကြာခဏ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများကို ဝတ်ဆင်စေပြီး သူ့အတွက် စန္ဒရားတီးပြစေသည်။
သို့သော် သုံ့ချင်းလင်သည် မူလပိုင်ရှင်ကို ချစ်မိသွားခဲ့သည်။
သူသည် မူလပိုင်ရှင်ကို အလွန်ဂရုစိုက်ပြီး မူလပိုင်ရှင် စိတ်ကျေနပ်စေရန် နည်းလမ်းပြောင်းသည်။ မူလပိုင်ရှင်ကို တွေ့သောအခါ သူသည် စေ့စေ့စပ်စပ် ရှိပြီး မူလပိုင်ရှင်က သူ့ကို လာရှာသည်ဖြစ်စေ၊ လာမရှာသည်ဖြစ်စေ သူက မူလပိုင်ရှင်၏ အကြိုက်ဆုံးဟင်းလျာများကို ပြင်ဆင်ပြီး မူလပိုင်ရှင်ကို စောင့်ဆိုင်းနေလိမ့်မည်ဖြစ်သည်။
မူလပိုင်ရှင်သည် သူ့ပတ်ဝန်းကျင်တွင် ထိုသို့သော လူတစ်ဦး ရှိခြင်းကို တဖြည်းဖြည်း ကျင့်သားရလာပြီး သုံ့ချင်းလင်ကို သူငယ်ချင်းအချို့ထံ ခေါ်ဆောင်သွားကာ သုံ့ချင်းလင်အတွက် နှစ်သက်မှုတချို့လည်း ရှိလာခဲ့သည်။
သူသည် ကျန်းယွင်ရှိူ့နှင့် သူက ဘာမှမသက်ဆိုင်သဖြင့် သုံ့ချင်းလင်ကို သူ့ဘေးတွင် ထားချင်သည်ဟု တွေးခဲ့၏။
သို့သော် တစ်နေ့တွင်တော့ အမြဲလိမ္မာရေးခြားရှိခဲ့သော သုံ့ချင်းလင်သည် မူလပိုင်ရှင်ကို ဂရုမစိုက်တော့ဘဲ တခြားအမျိုးသားများနှင့် စတင်ရင်းနှီးလာသည်။
မူလပိုင်ရှင်ကရော? သူက ကျန်းယွင်ရှိူ့ကို ချစ်သည်ဟု ပြောသော်လည်း သုံ့ချင်းလင်ကို လက်မလွှတ်နိုင်ချေ။ သူသည် သဝန်တိုမှုမျိုးစုံကို ခံစားနေရပြီး ဤအချိန်တွင် ကျန်းယွင်ရှိူ့တွင် မတော်တဆမှု ဖြစ်သည်။ ကျန်းယွင်ရှိူ့နှင့် ပတ်သက်သော မကောင်းသတင်းမျိုးစုံသည် ပျံ့နှံ့နေလေသည်။
သတင်းအချို့သည် တစ်ချက်ကြည့်ရုံဖြင့် အတုမှန်း သိသာသော်လည်း မူလပိုင်ရှင်က ယုံကြည်ပြီး ကျန်းယွင်ရှိူ့၏ ပုဂ္ဂလိကဘဝမှာ ဖရိုဖရဲဖြစ်နေသည်ဟု ခံစားခဲ့ရသည်။ အတိတ်ကာလမှ မရနိုင်သော အသွင်အပြင်အားလုံးဟာ ဟန်ဆောင်မှုများသာ။
ဤအချိန်တွင် သုံ့ချင်းလင်သည် မူလပိုင်ရှင်နှင့် စပွန်ဆာစာချုပ်ကို ရပ်ဆဲချင်သည်။ ၎င်းက မူလပိုင်ရှင်အား သူက သုံ့ချင်းလင်ကို ချစ်နေကြောင်း တွေ့ရှိစေခဲ့သည်။
မူလပိုင်ရှင်၏ ဦးနှောက်ပတ်လမ်းတွင် ပြဿနာရှိနေသည်။ သုံ့ချင်းလင်ကို ချစ်ကြောင်း သူ သိပြီးနောက် ကျန်းယွင်ရှိူ့က မြင့်မြတ်မှုကို ပြသရန်အတွက်သာ သူ့ကို ကူညီခဲ့သည်ဟု သူက တကယ်တွေးထင်ခဲ့သည်။ ကျန်းယွင်ရှိူ့နှင့် သူ့ကို အနိုင်ကျင့်သူများက တူညီသော လူစားမျိုး ဖြစ်သည်ဟုလည်း သူက ထင်ခဲ့ပြီး နောက်ဆုံးတွင် ကျန်းယွင်ရှိူ့ကို မုန်းသွားသည်။
သုံ့ချင်းလင်အပေါ်တွင် သစ္စာစောင့်သိကြောင်း ပြသရန် သူသည် ကျန်းယွင်ရှိူ့ကို စတင်ဒုက္ခပေးပြီး ကျန်းယွင်ရှိူ့နှင့် ပတ်သက်သော မကောင်းမှုကိစ္စများကို လုပ်ကြံဖန်တီးသည်။ သူသည် သူ အလယ်တန်းကျောင်းတက်စဉ် ကျန်းယွင်ရှိူ့က တခြားသူများကို အနိုင်ကျင့်ခဲ့သည်ဟုပင် ပြောခဲ့သည်။
ထို့နောက်တွင်တော့ သူနှင့် ကျန်းယွင်ရှိူ့တို့သည် ကြီးပြင်းလာပြီးနောက် ပထမဆုံး တွေ့ဆုံခဲ့ကြသည်။
အခက်အခဲများစွာနှင့် တွေ့ကြုံရပြီးနောက် အားအင်ကုန်ခမ်းပြီး အလွန်နွမ်းနယ်နေသော ကျန်းယွင်ရှိူ့သည် မူလပိုင်ရှင်ကို တွေ့သောအခါ မမျှော်လင့်ထားစွာ တုံ့ပြန်ခဲ့သည်။
ထိုအချိန်တွင် ကျန်းယွင်ရှိူ့သည် အလွန်ပျော်ရွှင်နေပြီး သူ့မျက်ဝန်းများက လင်းလင်းလက်လက် တောက်ပနေသည်။ သူက မူလပိုင်ရှင်၏ ယခင်နာမည်ကို ထုတ်ခေါ်လာပြီးနောက် မူလပိုင်ရှင်ကို လိုက်ရှာနေခဲ့ကြောင်း ပြောလာခဲ့သည်...
ရလဒ်ကမူ မူလပိုင်ရှင်က ဒေါသတကြီးဖြင့် သူ့ကို ပါးရိုက်ခဲ့သည်။
ယန်ကျင်းဇီ သူ့ကိုယ်သူ လက်ပြန်ဖြင့် ပါးရိုက်ချလိုက်သည်။ မူလပိုင်ရှင်က လူတောင် မဟုတ်ဘူး!
ကံကောင်းထောက်မစွာဖြင့် ဤအဖြစ်အပျက်မှာ မဖြစ်ပျက်ရသေးဘဲ အမျိုးမျိုးသော ကျန်းယွင်ရှိူ့နှင့်ပတ်သက်သည့် မကောင်းမှုကိစ္စများမှာ အင်တာနက်ပေါ်တွင် စတင်ပေါ်ပေါက်ခါစသာ ရှိသေးသည်။