အပိုင်း ၁၀၂ ( The President 2 )
Viewers 10k

ယန်ကျင်းဇီ ကူးပြောင်းလာသည့်အချိန်တွင် သုံ့ချင်းလင်သည် မူလပိုင်ရှင်နှင့် သုံးလကြာ ဝေးကွာနေပြီးဖြစ်ကာ တခြားအမျိုးသားတစ်ဦးနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ မူလပိုင်ရှင်သည် မနာလိုဖြစ်ပြီး ညဘက်တွင် အိပ်မပျော်နိုင်ဘဲ အလွန်မသက်မသာဖြစ်နေခဲ့သည်။


ကျန်းယွင်ရှိူ့အတွက်မူ...

ယန်ကျင်းဇီသည် “လောင်ချိုက်” နှင့် စကားပြောခန်းကို ပြန်ဖွင့်လိုက်သည်။

ကျန်းယွင်ရှိူ့နှင့် တွေ့ဆုံခဲ့သော အလယ်တန်းကျောင်းမှ ကျောင်းပြောင်းပြီးနောက် မူလပိုင်ရှင်သည် တခြားအလယ်တန်းကျောင်းကို မသွားတော့ဘဲ အိမ်တွင် နေ၍ ကျူရှင်ဆရာနှင့် သင်ကြားခဲ့သည်။ ဤနည်းအတိုင်း တစ်နှစ်အကြာ စာလေ့လာပြီးနောက် ကောင်းမွန်သော အထက်တန်းကျောင်းတစ်ကျောင်း၏ ဝင်ခွင့်‌စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့၏။ သူသည် လောင်ချိုက်နှင့် ထိုအထက်တန်းကျောင်းတွင် တွေ့ခဲ့ပြီး အခင်ဆုံးသူငယ်ချင်းများ ဖြစ်လာကြသည်။

မူလနာမည်အရင်း ချိုက်ဟန်၊ လောင်ချိုက်သည် မူလပိုင်ရှင်ကဲ့သို့ ချမ်းသာသော ဒုတိယသူဌေးမျိုးဆက် ဖြစ်သည်။ မူလပိုင်ရှင်က သုံ့ချင်းလင်ကို အစားထိုးအဖြစ် ပျိုးထောင်သည့်အချိန်တွင် လောင်ချိုက်သည် မူလပိုင်ရှင် ရူးနေပြီဟု ထင်ခဲ့သည် – မူလလူကို မလိုက်နိုင်လျှင်တောင်မှ ပိုက်ဆံအများအပြား အကုန်အကျခံ၍ အစားထိုးတစ်ယောက်ကို ပျိုးထောင်စရာ မလိုအပ်ချေ။

သို့သော် မူလပိုင်ရှင်က လက်မလျှော့ခဲ့။ နောက်ပိုင်းတွင် သုံ့ချင်းလင်၏ လိမ္မာရေးခြားရှိသော သဘောထားကို တွေ့သောအခါ သူက လောင်ချိုက်ကိုလည်း သုံ့ချင်းလင်နှင့် မိတ်ဆက်ပေးခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အဖြစ်အပျက်များကို မသိရသော်ငြား လောင်ချိုက်၏ သုံ့ချင်းလင်အပေါ် အမြင်မှာ ပိုပိုကောင်းလာသည်။ သူက မူလပိုင်ရှင်ကိုပင် ကျန်းယွင်ရှိူ့အား မေ့ပြီး သုံ့ချင်းလင်နှင့် နေထိုင်ရန် စတင်ပြောဆိုလာ၏။

အမှန်တကယ်ပင် ထိုအချိန်တွင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို တွေးနေဆဲဖြစ်ပြီး လက်ခံရန် ငြင်းဆိုခဲ့သည်မှာ ကျန်းယွင်ရှိူ့၏ မကောင်းကိစ္စများ နေရာတကာတွင် ပြန့်သည့်အချိန်အထိ ဖြစ်သည်။

လွန်ခဲ့သော တစ်ပတ်ခန့်က အနုပညာလောကတွင် ကြီးမားသော ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ရဲများသည် တိုင်ကြားချက်တစ်ခုကို လက်ခံရရှိပြီး ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ဟု ခေါ်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော အသိုက်တွင်းတစ်တွင်းကို ဖျက်ဆီးခဲ့ကြသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူတို့သည် အနုပညာလောက၏ နာမည်ကျော်ကြားသော ကြယ်ပွင့်များစွာကိုလည်း ဖမ်းဆီးခဲ့၏။

ဤနာမည်ကျော်များသည် ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ တွင် လူစု၍ ဆေးသုံးကြပြီး... အတိုချုပ်ပြောရလျှင် ဤလူများကို ဆွဲထုတ်လာသောအခါ သူတို့၏ အဝတ်အစားများမှာ ကောင်းစွာ ဝတ်ဆင်ထားခြင်းမရှိသည့်အပြင် ရဲများထံသို့ တစ်ကိုယ်လုံးပြောင်လျက် အမြန်ပြေးလာကြသည့် အရူးအမူးမြူးထူးနေသော အမျိုးသမီးအနုပညာရှင်များပင် ရှိသေးသည်။

ထို့နောက် ၎င်းကို နတ်ဆိုးအုပ်စုဟု အမည်ပေးလိုက်ကြသည်။

ကျန်းယွင်ရှိူ့လည်း... အထဲတွင် ရှိသည်။

ရဲများက သူ့ကို ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ထဲမှ ဖမ်းခေါ်သွားချိန်တွင် သူသည် ဗီဒီယိုရိုက်ကူးခံခဲ့ရသည်။ ၎င်းကား အစောက ယန်ကျင်းဇီကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်စေခဲ့သော ဗီဒီယို ဖြစ်သည်။

ဤဗီဒီယို နေရာတိုင်းတွင် ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သည်။

ကျန်းယွင်ရှိူ့က ဘယ်သူလဲ?

သူသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စန္ဒရားတီးပညာရှင် ဖြစ်သည်။ သူသည် နိုင်ငံတကာ ဆုများစွာကို ဆွတ်ခူးရရှိထားပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲများစွာကိုလည်း ကျင်းပခဲ့သည်။ အရေးပါအရာရောက်တဲ့ နိုင်ငံတကာ ပြိုင်ပွဲတချို့ရဲ့ ဖွင့်ပွဲတွေမှာတောင် စန္ဒရားတီးခဲ့သေးတယ်!

သူသည် နာမည်ကြီး တေးရေးဆရာ နှင့် အဆိုတော် တစ်ဦးလည်း ဖြစ်သည်။ သူသည် အနုပညာလောက၏ လမ်းကြောင်း‌ကို မလိုက်သော်လည်း ကိုယ်ပိုင်သီချင်းများကို ရေးသားလေ့ရှိသည်။ ၎င်းတို့သည် နယ်ပယ်ထဲတွင် အလွန်ချီးကျူးခံရပြီး ဆုပေါင်းများစွာကိုလည်း ရရှိခဲ့သည်။

သူသည် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ်၌ပင် နိုင်ငံခြားမှ အလွန်နာမည်ကျော်ကြားသော စန္ဒရားတီးပညာရှင်များနှင့် အဆိုတော်တချို့က သူ့ကို “မင်းသားလေး” ဟု စတင်ခေါ်နေကြပြီဖြစ်သည်။ ယနေ့ခေတ်တွင် သူ့ကို ပြည်တွင်းဂီတလောက၏ ထိပ်တန်းဂီတသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားကြပြီး သူတို့က သူ့ကို “ဂီတမင်းသားလေး” ဟု ခေါ်ကြသည်။

ထို့အပြင် ကျန်းယွင်ရှိူ့တွင် အလွန်ကောင်းသော မိသားစုနောက်ခံကောင်းလည်း ရှိသည်။

သူသည် သူ့မိသားစုဝင်များအကြောင်းကို တစ်ခါမှ မပြောဖူးသော်လည်း အင်တာနက်သုံးစွဲသူများက ဖော်ထုတ်သိရှိထားကြသည်။ သူသည် Detai ဆေးဝါးထုတ်လုပ်ဖြန့်ချိရေး၏ ဥက္ကဌဖြစ်သူ ကျန်းချီရှန်၏ သား ဖြစ်သည်။

အရည်အချင်းရှိခြင်း၊ ရုပ်ရည်ရှိခြင်း၊ မိသားစုနောက်ခံကောင်းခြင်း...

ကျန်းယွင်ရှိူ့ မည်မျှပင် တိတ်တဆိတ် နေထိုင်ပါစေ၊ သူ၏ နာမည်ကျော်ကြားမှုက အလွန်မြင့်မားဆဲဖြစ်သည်။

စန္ဒရားကို လုံးဝ နားမလည်သူတချို့ပင် သူ့နာမည်ကို ‌ကြားဖူးကြပြီး သူ့အကြောင်းများကို ပြောနိုင်ကြကာ တချို့ဆိုလျှင် သူ့မျက်နှာကြောင့်သာ ပရိသတ်များ ဖြစ်လာကြခြင်း ဖြစ်ပေသည်။

လူတိုင်းသည် သူ့အား မြင့်မြတ်ပြီး မရနိုင်လောက်သော မင်းသားငယ်လေး ဟု မှတ်ယူထားကြသည်။

ဤသို့သော လူမျိုးသည် အံ့ဩစရာကောင်းလှစွာပင် ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ထဲမှ ရဲများ၏ ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်...

အင်တာနက်တွင် ချက်ချင်း ပေါက်ကွဲသွားကြပြီး ကျန်းယွင်ရှိူ့၏ အပြင်ပန်း သရုပ်သကန် ပျက်စီးသွားပြီဟု သူတို့အားလုံးက ပြောကြသည်။

ယန်ကျင်းဇီသည် ဗီဒီယိုကို နောက်တစ်ခေါက် နှိပ်ပြီး ကြည့်လိုက်ကာ ဗီဒီယိုထဲမှ ကျန်းယွင်ရှိူ့အတွက် အနည်းငယ် စိတ်ဆင်းရဲသွားရသည်။

ကျန်းယွင်ရှိူ့က မတော်တဆ ဝင်ရောက်မိခြင်း ဖြစ်ပြီး မကောင်းသော ကိစ္စများကို မပြုလုပ်ခဲ့ဟု ဆို၍ မူလပိုင်ရှင်သည် လောင်ချိုက်နှင့် ရန်ဖြစ်ခဲ့သော်ငြား တကယ်တော့ သူ့စိတ်မှာ အနည်းငယ် သက်ရောက်ခံရပြီးပြီဖြစ်သည်။ သူသည် သူ့အတွေးအတိုင်း ကျန်းယွင်ရှိူ့က မွန်မြတ်ပြီး မဖြူစင်ဟု ခံစားခဲ့ရသည်။

သို့သော် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ မှားဝင်မိခြင်းဖြစ်ကြောင်း သိသည်။

ထိုအချိန်တွင် ဖမ်းဆီးခံရသော အနုပညာရှင်များမှာ ဖိုသီဖတ်သီ ဖြစ်နေကြစဉ် ကျန်းယွင်ရှိူ့သည် ခေါင်းမှခြေဖျားအထိ သပ်သပ်ရပ်ရပ် ရှိနေခဲ့သည်။ သူ၏ အဖြူရောင်ဝတ်စုံသည် အနည်းငယ်ပင် မတွန့်ကြေနေချေ... သေချာပေါက် သူက ကံမကောင်းလွန်းလို့ ဒီကိစ္စထဲမှာ မတော်တဆ ပါသွားတာပဲ!

မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို အလွန်ပူပန်တတ်ပြီး ကျန်းယွင်ရှိူ့နှင့် ပတ်သက်သော ကိစ္စများစွာကိုလည်း သိထားသည်။ သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိလေရာ အသေအချာပင် သူလည်း သိရှိထားပေသည်။

၎င်းတို့ထဲမှ ကိစ္စတစ်ခုမှာ ကျန်းယွင်ရှိူ့တွင် အလွန်ပြင်းထန်သော သန့်ရှင်းသပ်ရပ်မှု အစွဲအလမ်း ရှိခြင်း ဖြစ်သည်။

ကျန်းယွင်ရှိူ့သည် ဖျော်ဖြေပွဲများသို့ သွားလေ့ရှိပြီး အခြားသူများနှင့် လက်ဆွဲနှုတ်ဆက်ရန် ဆန္ဒမရှိပေ။ ဘယ်လိုလုပ် သူက ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ကို သွားပြီးတော့ ညစ်ပတ်နံစော်နေတဲ့ လူတစ်စုနဲ့ ရောနှောနေနိုင်ပါ့မလဲ?

ဗီဒီယိုကို ကြည့်ရုံဖြင့်ပင် သူသည် ကျန်းယွင်ရှိူ့က အလွန်စိတ်ရှုပ်ထွေးနေပြီး အလွန်အဆင်မပြေဖြစ်နေကြောင်း တွေ့မြင်နိုင်သည်... မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို လုံးဝ နားမလည်ခဲ့ချေ။ အံ့ဩစရာကောင်းလောက်အောင်ပဲ ထပ်တလဲလဲ အပြစ်တင်ခံရပြီးတော့ ကျန်းယွင်ရှိူ့က အဲ့လိုနေရာကို သွားခဲ့ပြီး မကောင်းတာ လုပ်ခဲ့တယ်လို့ သူက တကယ် ယုံတယ်!

မူလပိုင်ရှင်က ယုံကြည်ပြီး အင်တာနက်ပေါ်မှ လူအများကလည်း ယုံကြည်ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူအများအပြားသည် ကျန်းယွင်ရှိူ့၏ မရရှိနိုင်သော ယခင်ပုံပန်းသွင်ပြင်မှာ ဟန်ဆောင်ထားခြင်းဖြစ်ကြောင်းနှင့် သူ ရရှိထားသော လက်ရှိအောင်မြင်မှုများမှာလည်း ရွှေသခင်အမျိုးမျိုး၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း ပြောဆိုနေကြသည်။

ပိုက်ဆံရှိလျှင် ကျန်းယွင်ရှိူ့နှင့် အိပ်နိုင်သည်ဟု ပြောကြသူများပင် ရှိသေးသည်။ 

ဤကိစ္စသည် ရက်အတော်ကြာကြာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို လုံးဝ မကူညီခဲ့သည့်အပြင် သုံ့ချင်းလင်၏ အရေးကိစ္စများဖြင့် ရုန်းကန်နေလေသည်။

မူလပိုင်ရှင်နှင့် သုံ့ချင်းလင်တို့၏ စပွန်ဆာစာချုပ်သည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ သုံ့ချင်းလင်က စာချုပ်ကို ဖျက်သိမ်းချင်သည်ဟု ပြောခဲ့သော်ငြား မူလပိုင်ရှင်သည် ဟိုးစိတ်နှလုံးအောက်ခြေထဲမှပင် မလိုလားဘဲ ရက်ပေါင်းများစွာ ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်ခဲ့ချေ။

မနေ့က စာချုပ်၏နောက်ဆုံးနေ့ ဖြစ်ပြီး မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို ထားထားသော သူ့အိမ်သို့ သွားရောက်ခဲ့ပြီး သုံ့ချင်းလင်နှင့် စကားပြောချင်ခဲ့သည်။

သုံ့ချင်းလင်သည် ထိုနေရာတွင် မရှိဘဲ မူလပိုင်ရှင်သည် လူကို တွေ့ရခြင်း မရှိသော်လည်း တစ်ညလုံး စောင့်နေသည်။ သုံ့ချင်းလင်ကို ဖုန်းခေါ်ပြီးနောက် ဖုန်းပိတ်သွားကာ နောက်ဆုံးတွင် ဆိုဖာပေါ်၌ သူ အိပ်ပျော်သွားခဲ့သည်။

မူလပိုင်ရှင် အိပ်ရာနိုးလာသောအခါ... သူ ဖြစ်လာသည်။

သူ ကူးပြောင်းလာတာ ကံကောင်းတာပဲ!

ယန်ကျင်းဇီသည် သူ ရောက်မလာလျှင် မည်သို့ဆက်ဖြစ်မည်ကို တွေးမိသောအခါ အသက်ရှူမဝသကဲ့သို့ ခံစားလိုက်ရသည်။

မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင် နိုးလာပြီး လောင်ချိုက် ပို့ထားသည့် “ကျန်းယွင်ရှိူ့ရဲ့ သူဌေးမနဲ့ ချိန်းတွေ့ခြင်း” ဆိုသော မဖွယ်မရာဓာတ်ပုံများကို တွေ့သွားသည်။

သူသည် တစ်ချက်ကြည့်ရုံဖြင့် ပုံထဲမှ လူက ကျန်းယွင်ရှိူ့ မဟုတ်ဘဲ ကျန်းယွင်ရှိူ့နှင့် အတော်ဆင်တူသော အမျိုးသားတစ်ဦးသာ ဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော် မူလပိုင်ရှင်က မခွဲခြားနိုင်ဘဲ ကျန်းယွင်ရှိူ့၏ လှည့်စားခြင်းကို ခံရသည်ဟု ထင်သွားသည်။

ဒီအရူးက စဉ်းတောင် မစဉ်းစားဘူး။ ကျန်းယွင်ရှိူ့ရဲ့ မိသားစုနောက်ခံနဲ့ဆိုရင် ချမ်းသာတဲ့ မိန်းမတစ်ယောက်နဲ့ ပွေရှုပ်ဖို့ လိုသေးလို့လား?

အကျဉ်းချုံ့ရသော် မူလပိုင်ရှင်တွင် အသိဉာဏ်မရှိချေ။ ဓာတ်ပုံများကို တွေ့ပြီးနောက် သူသည် သူ့နှလုံးသားထဲမှ သန့်ရှင်းဖြူစင်သော လရောင်ဖြူလေးက မဖြူစင်ဟု ခံစားလိုက်ရသည်။

ဤအချိန်တွင် သုံ့ချင်းလင် ပြန်ရောက်လာပြီး မူလပိုင်ရှင်နှင့် စပွန်ဆာစာချုပ်ကို ရပ်‌စဲချင်ခဲ့သည်။ သူက တစ်စုံတစ်ယောက်၏ အစားထိုး ဖြစ်ရန် ဆန္ဒမရှိဟု ဆိုလေသည်... မူလပိုင်ရှင်သည် သုံ့ချင်းလင်က ဖြူစင်ပြီး ဟန်ဆောင်မှုကင်းသည်ဟု ခံစားခဲ့ရပြီး သူ တကယ် ချစ်မြတ်နိုးသူမှာ သုံ့ချင်းလင် ဖြစ်ကြောင်း သိရှိသွားသည်။

တိုတို‌ပြောရလျှင် မူလပိုင်ရှင်က စပွန်ဆာစာချုပ်ကို ရပ်စဲရန် ငြင်းဆိုသော်ငြား ဤအချိန်တွင်... သူက သုံ့ချင်းလင်ကို ကြိုက်သည်ဟု ဝန်ခံရန်ကိုလည်း မူလပိုင်ရှင်က ငြင်းဆိုခဲ့သည်။

ထိုနောက်ပိုင်းတွင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို အမျိုးမျိုး နှောင့်ယှက်ခဲ့ပြီး လက်မလွှတ်ချေ။ သုံ့ချင်းလင်ထံသို့ ပစ္စည်းမျိုးစုံကို ပို့ပေးခြင်းနှင့် သုံ့ချင်းလင်အတွက် ကိစ္စများကို ဆောင်ရွက်ပေးခြင်းဖြင့် သူ၏ နက်ရှိုင်းသော နောင်တကို ပြသနေခဲ့သည်... သုံ့ချင်းလင်တွင် မူလပိုင်ရှင်အောက် မနိမ့်ပါးသော တခြားအမျိုးသားတစ်ဦး ရှိသည်ဆိုလျှင်တောင်မှ မူလပိုင်ရှင်က အငယ်အနှောင်း ယောက်ျား ဖြစ်ရန်ကိုပင် အခိုင်အမာ ပြောဆိုသည်။

မူလပိုင်ရှင်သည် သုံ့ချင်းလင်က သူ့ကို ချစ်သော်လည်း သူနှင့် အတူမနေသည်မှာ ကျန်းယွင်ရှိူ့ကြောင့်သာ လုံးဝဥဿုံ ဖြစ်သည်ဟု ခံစားခဲ့ရသည်။

ထိုအချိန်တွင် ကျန်းယွင်ရှိူ့သည် မည်းမှောင်လွန်းသွားသောကြောင့် နောက်ကြောင်းပင် ပြန်မလှည့်၍ မရနိုင်တော့ချေ။

“ကျန်းယွင်ရှိူ့” နှင့် တခြားသူများ၏ မဖွယ်မရာဓာတ်ပုံတချို့ကို အင်တာနက်ပေါ်တွင် တင်ခဲ့ကြသည်။ ထိုမျှတင်မက ကျန်းယွင်ရှိူ့၏ ထွက်ရှိထားခါစ သီချင်းသည်လည်း ကူးယူထားမှုဟု သံသယရှိကြသည်...

အရေးအကြီးဆုံးမှာ ကျန်းမိသားစုက ကျန်းယွင်ရှိူ့ကို ဂရုပင်မစိုက်သော ကိစ္စ ဖြစ်သည်။

ဤအချိန်တွင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို အလွန်စိတ်ပျက်နေပြီဖြစ်ပြီး သုံ့ချင်းလင်ကို ဆုံးရှုံးရသည်မှာ ကျန်းယွင်ရှိူ့ကြောင့်သာ ဖြစ်ကြောင်း ခံစားရသဖြင့် ကျန်းယွင်ရှိူ့ကို စတင်၍ ဒုက္ခပေးတော့သည်။

သူသည် ကျန်းယွင်ရှိူ့ကို အပုပ်ချရန် ရေတပ်ကို ငှားရုံတင်မကဘဲ ကျန်းယွင်ရှိူ့ကို အိမ်တိုင်ရာရောက် သွားရှာ၍ ကျန်းယွင်ရှိူ့ကို ပါးရိုက်ပြီး ကျန်းယွင်ရှိူ့ကို အရှက်မရှိဟု ကြိမ်းမောင်းကာ သူ့ကြောင့် ကျန်းယွင်ရှိူ့က ဤအဆုံးသတ်ကို ရရှိခဲ့သည်ဟု ပြောခဲ့သည်။

ထိုအချိန်တွင် ကျန်းယွင်ရှိူ့သည် သူ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးသွားရပြီး အသက်မဲ့သွားသည်။

ထိုရိုက်နှက်မှု၊ ထိုစော်ကားသော စကားများ...

ယန်ကျင်းဇီသည် ဤသို့တွေးမိပြီးနောက် သူ့ကိုယ်သူ ထပ်ရိုက်ချင်လာပြန်သည်။

ဂီတမင်းသားလေး ကျန်းယွင်ရှိူ့သည် နောက်နှစ်နှစ်ကြာသည်အထိ နှုတ်ရေးဖြင့် စော်ကားခြင်းနှင့် အွန်လိုင်းအကြမ်းဖက်မှုတို့ကို ခံစားခဲ့ရသည်။ သူသည် ပြင်းထန်သော စိတ်ကျရောဂါကို ခံစားခဲ့ရပြီး ပြန်လည်ကောင်းမွန်လာသည်။ ထို့နောက် မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ပြီး ဆက်လက်၍ ရောဂါကုသခဲ့ရပြန်သည်။

နောက်ဆုံးတွင် သူသည် အရှက်တကွဲဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့ပြီး ကံကြမ္မာမှာ အလွန်ဆိုးရွားသဖြင့် လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့သည်။

ယန်ကျင်းဇီကို ပျော်ရွှင်စေသည့် တစ်ခုတည်းသော ကိစ္စမှာ မူလပိုင်ရှင်သည်လည်း ဤလေယာဉ်ပေါ်တွင် ရှိနေပြီး အတူသေဆုံးသွားခြင်း ဖြစ်သည်။

ကျန်းယွင်ရှိူ့သည် သနားစရာကောင်းစွာ သေဆုံးသွားသည်။ မူလပိုင်ရှင်ကတော့... သေသွားတာ ကောင်းတယ်!

ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ဆက်လက်ကြည့်ရှုလိုက်သည်။

မူလပိုင်ရှင်က စိတ်ထွေပြားနေသော်လည်း သူက နိုးကြားနေသည်။

ကျန်းယွင်ရှိူ့၏ သတင်းများကို မူလပိုင်ရှင် စုံစမ်းစဉ်က ကျန်းယွင်ရှိူ့တွင် နှစ်ပေါင်းများစွာ ကြိုက်နှစ်သက်ခဲ့ရသူတစ်ဦး ရှိကြောင်း သူ သတင်းကြားခဲ့ရသည်။ ကျန်းယွင်ရှိူ့က ထိုလူကို လိုက်ရှာနေသေးသည်။ နောက်ပိုင်းတွင် မူလပိုင်ရှင်က ကျန်းယွင်ရှိူ့ကို သွားရှာသည်။ ကျန်းယွင်ရှိူ့က ပါးစပ်ဖွင့်၍ မူလပိုင်ရှင်၏ နာမည်အရင်းကို ထုတ်ခေါ်ပြီး မူလပိုင်ရှင်ကို လိုက်ရှာနေခဲ့ကြောင်း ပြောခဲ့သည်... 

ထိုအချိန်တွင် ကျန်းယွင်ရှိူ့ အလွန်ပျော်နေခဲ့သည်...

သူ ကြိုက်သည့်လူက မူလပိုင်ရှင် ဖြစ်သည်။

ကျန်းယွင်ရှိူ့သည် မူလပိုင်ရှင်ကို နှစ်ပေါင်းများစွာ သဘောကျခဲ့ပြီး မူလပိုင်ရှင်ကို ရှာဖွေနေခဲ့ကာ နောက်ဆုံးတွင် မူလပိုင်ရှင်နှင့် တွေ့ဆုံခဲ့ရသည်။ သူသည် မူလပိုင်ရှင်နှင့် တွေ့ရသောကြောင့် အလွန်ပျော်ရွှင်နေခဲ့သော်လည်း မူလပိုင်ရှင်၏ ပါးရိုက်ခြင်းကို ခံလိုက်ရ၏။

ထို့နောက် သူသည် မူလပိုင်ရှင်၏ စော်ကားမှုကို ခံရပြီး သူ့ကို ဒုက္ခပေးသူမှာ မူလပိုင်ရှင် ဖြစ်ကြောင်း သိလိုက်ရသည်...

အဲ့အချိန်တုန်းက ကျန်းယွင်ရှိူ့ ဘယ်လောက်တောင် ဝမ်းနည်းသွားခဲ့မလဲ?

မူလပိုင်ရှင် အလယ်တန်းကျောင်း တက်တုန်းက ဘယ်လိုပုံစံလဲ? သူက ဝဖြိုးမည်းနက်နေပြီး ကျောင်း၏ ဘိတ်ဆုံး ဖြစ်သည်။ သူက လူတိုင်း၏ အနိုင်ကျင့်ခြင်းကို ခံရသောကြောင့် ကျန်းယွင်ရှိူ့က သူ့ကို အမြဲလာကူညီပေးခဲ့သည်။

ထိုအချိန်တွင် ကျန်းယွင်ရှိူ့သည် ကျောင်းရှိ တခြားလူများကို အမြဲလျစ်လျူရှုထားခဲ့သည်။ သူက မူလပိုင်ရှင်ကိုသာ စိတ်ဝင်စားသည်။

ဤသို့ရိုးသားစစ်မှန်သော ခံစားချက်...

ယန်ကျင်းဇီ စိတ်ညစ်သွားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ထံသို့ သေချာပေါက် သွားရောက်နိုင်ခဲ့သည်။ ယင်းကား ပျော်ရွှင်စရာ အဆုံးသတ် ဖြစ်ခဲ့ပေလိမ့်မည်။ မူလပိုင်ရှင်တွင် သိမ်ငယ်စိတ် ရှိခဲ့ပြီး ကျန်းယွင်ရှိူ့ကို ကြိုက်သည်ဟု ပြောသော်ငြား ကျန်းယွင်ရှိူ့ကို ‌ကျေးဇူးတင်စကားပင် မပြောရဲသောကြောင့် အစားထိုးတစ်‌ယောက်ကိုသာ ရှာဖွေရဲသည်။

မူလပိုင်ရှင်က အစားထိုးကို သဘောကျသော ကိစ္စအတွက်မူ...

မည်သို့ပင်ဖြစ်စေ ယန်ကျင်းဇီ ဤကိစ္စကို နားမလည်နိုင်ပေ။

သုံ့ချင်းလင်က ဖြူစင်ပြီး ဟန်မဆောင်တတ်တာ ဘာကြောင့်လဲ? သူ ပိုက်ဆံရတယ် မဟုတ်ဘူးလား?

မူလပိုင်ရှင်က ဥက္ကဌတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် ပိုက်ဆံရှိပြီး လူများကို လှည့်စားရန် စိတ်မဝင်စားချေ။ စစချင်းကတည်းက သူသည် သုံ့ချင်းလင်နှင့် ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး သုံ့ချင်းလင်ကို အစားထိုးတစ်ယောက် ဖြစ်စေချင်သောကြောင့်သာ သူက သုံ့ချင်းလင်ကို ရှာဖွေခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

သုံ့ချင်းလင်သည် မူလပိုင်ရှင်နှင့် သုံးနှစ်တာ အတူရှိခဲ့၏။ သုံးနှစ်အတွင်း မူလပိုင်ရှင် သုံ့ချင်းလင်ကို ပေးခဲ့သော ပိုက်ဆံမှာ အနည်းဆုံး ငွေငါးသန်း ရှိသည်။

တစ်စုံတစ်ယောက်က မင်းကို နေစရာ အိမ်တစ်လုံး ပေးပြီး မောင်းနှင်ရန် ကားတစ်စီးကိုလည်း ဝယ်ပေးကာ လစဉ်လတိုင်း “လစာ” ၁၀၀,၀၀၀ ပေးသည့်အပြင် အချိန်တိုင်းတွင် နောက်ထပ်ငွေနည်းနည်း ထပ်ပေးမည်၊ သူ လိုချင်သည့်အချိန်တိုင်း တခြားလူတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်၍ စန္ဒရားတီးပြရန်နှင့် တခြားလူထံမှ သင်ကြားရန်သာ လိုမည်ဆိုလျှင် မင်း ဒီအလုပ် လုပ်မလား?

ယန်ကျင်းဇီသည် အကယ်၍ သူသာ အင်တာနက်ပေါ်တွင် အလုပ်ခေါ်စာ သွားတင်လိုက်လျှင် အလုပ်လျှောက်ရန် အပြေးအလွှား လာရောက်သူများ မရေမတွက်နိုင်အောင် များပြားနေလိမ့်မည်ဟု ယုံကြည်သည်။

သုံ့ချင်းလင်က မူလပိုင်ရှင်ထံမှ ပိုက်ဆံများစွာကို ယူခဲ့ပြီး စိတ်ထိခိုက်နစ်နာပုံ ပေါ်နေသေးသည်။ ၎င်းမှာလည်း ယခင်က သုံ့ချင်းလင်သည် မူလပိုင်ရှင်ကို ကြိုက်ခဲ့ပြီး မူလပိုင်ရှင်က သုံ့ချင်းလင်ကို ပြန်မကြိုက်သောကြောင့်သာ ဖြစ်သည်။

ဒါပေမယ့် ဒါက အစကတည်းက ဒီလိုအပေးအယူ လုပ်ခဲ့ကြတာပဲမလား? စပွန်ဆာသဘောတူညီမှုအဖြစ် အားလုံးကို သဘောတူပြီး လက်မှတ်ထိုးခဲ့ကြတယ်လေ!

ပိုကောင်းတာကတော့ သုံ့ချင်းလင်က တခြားတစ်ယောက်နဲ့ မကြာခင်က စတွဲနေခဲ့တယ်!

အတိုချုပ်ပြောရလျှင် ယန်ကျင်းဇီတွင် ဤသုံ့ချင်းလင်နှင့် ပတ်သက်၍ ကောင်းမွန်သော ခံစားချက် မရှိဘဲ ဤလူနှင့် မပတ်သက်ချင်ပေ။ ယခုအခါတွင် သူသည် ကျန်းယွင်ရှိူ့နှင့်သာ တွေ့ချင်သည်။

‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ အဖြစ်အပျက်သည် ယခုမှ သတင်းထွက်လာပြီး အင်တာနက်ပေါ်တွင် ရှုပ်ပွနေသော ဓာတ်ပုံများ ရှိနေသည်... ကျန်းယွင်ရှိူ့ ယခု မည်သို့ဖြစ်နေမှန်း သူ မသိချေ။

ယန်ကျင်းဇီသည် မူလပိုင်ရှင်၏ သုံ့ချင်းလင်ကို ပျိုးထောင်ထားသော နေရာတွင် မနေနိုင်သောကြောင့် ထပြီး တံခါးသို့ သွားလိုက်သည်။

ဤအခိုက်အတန့်တွင် အိမ်တံခါး ပွင့်လာပြီး သုံ့ချင်းလင် ဝင်လာသည်။

သုံ့ချင်းလင်သည် ကျန်းယွင်ရှိူ့နှင့် ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းခန့် ဆင်တူသည်။ မျက်နှာဘေးတိုက် ကြည့်လိုက်လျှင် ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဆင်တူကြောင်း တွေ့ရပေလိမ့်မည်။

သို့သော် သူ့တွင် ကျန်းယွင်ရှိူ့၏ ခြားနားသိသာစေသည့် အဆင့်မြင့်သော ယဉ်ကျေးဖွယ်ရာ ပင်ကိုစရိုက်မျိုး မရှိချေ။

ဤအချိန်တွင် သုံ့ချင်းလင်သည် ဖိုင်တစ်ဖိုင်ကို ကိုင်ဆောင်လျက် ကျန်းယွင်ရှိူ့ ဝတ်ဆင်လိမ့်မည်မဟုတ်သော မီးခိုရောင်လည်ခွံပါဆွယ်တာနှင့် အနက်ရောင်ဂျာကင်၊ အပြာရောင်ဂျင်းဘောင်းဘီ၊ Martin ဘွတ်ဖိနပ်တစ်ရံတို့ကို ဝတ်ဆင်ထားပြီး အလွန်ငယ်ရွယ်ပုံပေါ်နေသည်။ သူက ယန်ကျင်းဇီကို သရော်ရယ်သွမ်းသွေးလျက် ကြည့်နေသည်။

ယန်ကျင်းဇီ : “ ... ” ‌ဒီလူက ကြောင်နေတာလား? ဘာလို့ သူ့ကို လာလှောင်နေတာလဲ?

“ ယန်ကျင်းဇီ၊ ဒီနေ့ ငါတို့ရဲ့ စာချုပ်က သက်တမ်းကုန်ပြီ။ အခုချိန်ကစပြီး ငါတို့မှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူး။ ” သုံ့ချင်းလင်သည် မျက်နှာချင်းဆိုင်ရှိလူကို ကြည့်ပြီး အေးစက်စွာ ပြောသည်။

“ ကောင်းတယ် ” ယန်ကျင်းဇီ တန်းသဘောတူလိုက်သည်။

ဒီစာချုပ်ကို မြန်မြန်ရပ်စဲပစ်ရမယ်! သူ သုံ့ချင်းလင်နဲ့ ထပ်မပတ်သက်ချင်တော့ဘူး။

သူ့အနားမှာ ဒီလိုလူမျိုး ရှိနေရင် ကျန်းယွင်ရှိူ့က သူ့ကို ကြိုက်တယ်ဆိုရင်တောင်မှ သူနဲ့ အတူရှိနေချင်မှာ မဟုတ်ဘူး!

ယခုအခါတွင် ယန်ကျင်းဇီသည် ကိစ္စတစ်ခုကိုတော့ အလွန်ကျေးဇူးတင်မိသည် – မူလပိုင်ရှင်က သုံ့ချင်းလင်နှင့် မအိပ်ခဲ့ချေ။

အစပိုင်းတွင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို စိတ်မဝင်စားခဲ့ဘဲ နောက်ပိုင်းမှသာ... သုံ့ချင်းလင် ထွက်သွားပြီးနောက် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို စိတ်ဝင်စားခဲ့သော်လည်း သုံ့ချင်းလင်က အစားထိုးဖြစ်သဖြင့် စကားနားထောင်ရမည်ဟု ပြောနေဆဲဖြစ်သည်...

ကျေးဇူးတင်ဖွယ်ကောင်းစွာပင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို တစ်ခါမှ ဖွင့်မပြောဖူးသကဲ့သို့ သုံ့ချင်းလင်နှင့် အတူလည်း မအိပ်ဖူးချေ။

ယန်ကျင်းဇီ အလွန်လျင်မြန်စွာ သဘောတူလိုက်သော ဖြစ်ရပ်က သုံ့ချင်းလင်ကို စိတ်ရှုပ်သွားစေသည် : “ မင်း သဘောတူလိုက်တာလား? ”

“ ဟုတ်တယ်။ တခြားကိစ္စ ရှိသေးလား? ငါ စာချုပ်ရပ်စဲခြင်းမှာ လက်မှတ်ထိုးပေးရဦးမလား? ” ယန်ကျင်းဇီ မေးလိုက်သည်။ သုံ့ချင်းလင် ကိုင်ဆောင်ထားသော စာရွက်စာတမ်းမှာ စာချုပ်ရပ်စဲခြင်း ဖြစ်လောက်သည်။

သုံ့ချင်းလင်သည် ကိစ္စများ အလွန် ချောချောမွေ့မွေ့ ဖြစ်ပျက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူသည် တုံ့ပြန်ပုံကြောင့် အနည်းငယ် တုန်လှုပ်သွားသော်လည်း ခပ်မြန်မြန် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည် : “ မင်း လက်မှတ်ထိုးချင်ရင် ငါတို့ လက်မှတ်ထိုးကြမယ်။ ဒီအိမ်ကိစ္စလည်း ရှိသေးတယ်။ ငါ ဒီမှာ နေတာ ကျင့်သားရနေပြီဆိုတော့ ငါ မင်းစီက ပြန်ဝယ်ချင်တယ်။ ”

သုံ့ချင်းလင်သည် စကားပြောပြီးနောက် ယန်ကျင်းဇီအား ရပ်စဲခြင်းစာရွက်စာတမ်းကို ပေးလိုက်၏။

ယန်ကျင်းဇီသည် လက်မှတ်ထိုးရန် ဘောပင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သူက လက်မှတ်ထိုးရင်း စကားဆိုသည် : “ တကယ်တော့ ငါတို့စာချုပ်မှာ ဘာတရားဝင်အကျိုးအမြတ်မှ မရှိဘူး။ မင်း အခု လက်မှတ်မထိုးလည်း ဘာမှမဖြစ်ဘူး။ ငါ တရားရုံးကို သွားပြီး မင်းကို တရားစွဲလို့လည်း မရဘူး။ စာချုပ်ရပ်စဲဖို့ လက်မှတ်ထိုးစရာ လိုကို မလိုဘူး... ဒီအိမ်ကတော့ မင်း တတ်နိုင်လို့လား? ”

သူ ရောက်မလာဘဲ မူလပိုင်ရှင်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ဤမနက်ခင်းတွင် ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မည်။

မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို တစ်ညလုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက်စောစောတွင် ကျန်းယွင်ရှိူ့၏ “မဖွယ်မရာ ဓာတ်ပုံများ” ကို တွေ့လိုက်ရသည်။ သုံ့ချင်းလင် ရောက်လာသောအခါ သူက ဒေါသထွက်နေပြီးဖြစ်သည်။ သုံ့ချင်းလင်က စာချုပ်ဖျက်သိမ်းရန် ရပ်စဲခြင်းစာရွက်ကို ထုတ်လာသော်လည်း မူလပိုင်ရှင်က ဖြဲပစ်လိုက်သည်။ သူ သေသွားလျှင်ပင် စာချုပ်ကို မဖျက်သိမ်းနိုင်ဟု ပြောသည်။ သုံ့ချင်းလင်က မူလပိုင်ရှင်နှင့် ရန်ဖြစ်ခဲ့ပြီး သူ သေသွားလျှင်ပင် စာချုပ်ကို သက်တမ်းထပ်မတိုးနိုင်တော့ဟု ပြောလေသည်...

လူနှစ်ဦးက အလျှော့ပေးရန် ငြင်းဆန်ပြီး ရန်ပွဲအလယ်တွင် သုံ့ချင်းလင်က ဤအိမ်ကို ဝယ်ယူမည့်ကိစ္စကိုလည်း ထည့်ပြောခဲ့သည်။

မူလပိုင်ရှင်က မစဉ်းစားဘဲ သုံ့ချင်းလင်ထံသို့ အိမ်ကို တန်းလွှဲပေးလိုက်သည်။

မူလပိုင်ရှင်တွင် ဘယ်တော့မှ အလုပ်ကြိုးစားလုပ်၍ ပိုက်ဆံရှာဖူးခြင်း မရှိခဲ့ချေ။ မင်း တာဝန်မယူထားရင် ဆန်နဲ့ သစ်သား ဘယ်လောက်ဈေးကြီးလိုက်သလဲ မင်း မသိနိုင်ဘူးမလား? ဤအိမ်သည် B မြို့ကြီးတွင် တည်ရှိပြီး မကြီးမားသော်လည်း စတုရန်းမီတာ ၁၂၀ ကျော် ရှိသည်။ မြေနေရာက အရမ်းကောင်းပြီး ဆယ်သန်းအောက်နည်းတဲ့ ဈေးနဲ့ မဝယ်နိုင်ဘူး!

ငွေသုံးနည်းကိုသာ သိသော သုံ့ချင်းလင်ကဲ့သို့ လူမျိုးက ထွက်သွားချင်သည်။ ဘာလို့ မူလပိုင်ရှင်က သူ့ကို တားတာလဲ? သူက ဆယ်သန်းတန်တဲ့ အိမ်တစ်လုံးကို ပေးလိုက်တဲ့အပြင် နောက်ပိုင်းမှာလည်း လတိုင်း “လစာ” ဒေါ်လာ ၁၀၀,၀၀၀ ကို ဆက်ပေးခဲ့သေးတယ်...

အရှုံးသမားပဲ!

“ မင်း ပိုက်ဆံဘယ်လောက်လိုချင်လဲ? ” သုံ့ချင်းလင်က ယန်ကျင်းဇီကို မထီမဲ့မြင်ပုံစံဖြင့် ကြည့်သည်။

ယန်ကျင်းဇီက ဆိုသည် : “ ငါ အစကတည်းက ဒီအိမ်ကို ရောင်းပစ်မလို့ပဲ။ ငါ ဒီနှစ်ရက်ထဲမှာ ဈေးခန့်မှန်းဖို့ လူရှာလိုက်မယ်။ မင်း ဝယ်ချင်ရင် ငါ့အတွင်းရေးမှူးကို မေးနိုင်တယ်။ မင်းမှာ သူ့ဖုန်းနံပါတ် ရှိတယ်။ ” သုံ့ချင်းလင်၏ မိသားစုဟာ ဆင်းရဲလွန်းသဖြင့် သူ့အမေက သူ(မ)၏ ဆေးကုသစရိတ်အတွက် သူ့ကို မှီခိုနေသည်။ ဘယ်လိုလုပ် မူလပိုင်ရှင် သူ့ကို ပေးခဲ့တဲ့ ပိုက်ဆံနဲ့ အိမ်ဝယ်ဖို့ ပိုက်ဆံကျန်ဦးမှာလဲ? ယန်ကျင်းဇီသည် သုံ့ချင်းလင်က သူ့အား အလကား ပေးစေချင်နေသည်ဟု သံသယဖြစ်မိသည်။

ဒါပေမယ့် အိမ်တစ်လုံးကို အလကား ပေးပစ်ဖို့က မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့! စကားမစပ် ပထမဆုံး တွေ့တုန်းက မူလပိုင်ရှင် သုံ့ချင်းလင်ကို ပေးထားတဲ့ ကား ရှိသေးတယ်။ အဲ့တုန်းက သူက သုံ့ချင်းလင်ကို ဂရုမစိုက်တော့ သုံ့ချင်းလင် နာမည်ကို မှတ်မထားခဲ့ဘူး... အဲ့ကားကိုလည်း ပြန်လိုချင်တယ်!