အပိုင်း ၁၀၃ ( The President 3 )
Viewers 10k

ယန်ကျင်းဇီသည် သုံ့ချင်းလင်၏ စိတ်ရှုပ်ထွေးမှုကို မသိပေ။ သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသောကြောင့် ကြောက်ရွံ့ခြင်း အလျဉ်းမရှိချေ။


အပြင်ထွက်လာပြီးနောက် ယန်ကျင်းဇီသည် သူ့အတွင်းရေးမှူးကို ဦးစွာဖုန်းဆက်လိုက်သည်။ သူသည် အတွင်းရေးမှူးကို သူ့အိမ်သို့ လာ၍ သူနှင့် တွေ့ခိုင်းလိုက်၏။ ထို့နောက် သူသည် ကားစီသို့ လျှောက်၍ ကားမောင်းကာ အိမ်ပြန်လာသည်။


မနေ့က မူလပိုင်ရှင်သည် သုံ့ချင်းလင်ကြောင့် ဝမ်းနည်းပက်လက်ဖြစ်ပြီး သူ့ကိုယ်သူ အလွန်အရုပ်ဆိုးစေခဲ့သည်။ ကျန်းယွင်ရှိူ့ထံသို့ မသွားမီ သူ့ကိုယ်သူ သန့်ရှင်းစေရန် သူ ဆုံးဖြတ်လိုက်သည်။


ကျန်းယွင်ရှိူ့၏ နေအိမ်... မူလပိုင်ရှင်က ဘယ်မှာရှိလဲ သိပြီးသား!


ယန်ကျင်းဇီ အိမ်ပြန်ရောက်သောအခါ အတွင်းရေးမှူး မရောက်သေးသဖြင့် သူသည် အတွင်းရေးမှူးထံသို့ စာပို့လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။


ရေချိုးကာ သူ့မျက်နှာပေါ်ရှိ အမွေးငုတ်တိုများကို ရိတ်ပြီးနောက် ယန်ကျင်းဇီသည် အဆင့်မြင့်ဖက်ရှင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။


မှန်ထဲတွင် ပေါ်လာသော အမျိုးသား၏ မျက်လုံးများအောက်၌ မည်းပြာပြာတချို့ ရှိသေးသော်ငြား သူ့စိတ်ကတော့ ပိုမိုကောင်းမွန်လာသည်။ ကြည့်လိုက်သော်... သူက အတော်လေး ချောမောနေဆဲဖြစ်၏။


မူလပိုင်ရှင်၏ဖခင်သည် လယ်သမားအဖြစ် မွေးဖွားလာကာ မည်သည့်စာအုပ်မျှ မဖတ်ဖူးခဲ့ချေ။ သို့သော် သူသည် မြို့မှ ယောက်ျားများစွာကို ‌မြင်ဖူးသည့် ကျောက်မီးသွေးတွင်းသူဌေး၏ တစ်ဦးတည်းသော သမီးနှင့် တွဲနိုင်ခဲ့သည်။ ငယ်ရွယ်စဉ်က သူသည် ကြည့်ကောင်းသော အမျိုးသား ဖြစ်သည်။ မူလပိုင်ရှင်သည် သူ့ဖခင်ကဲ့သို့ ဖြစ်ပြီး ရုပ်ရည်ကြည့်ကောင်းပေသည်။


မူလပိုင်ရှင်သည် ငယ်ရွယ်စဉ်က တောင်များပေါ်တွင် ပြေးလွှား‌ရင်း အသားမည်းမည်း ကောင်ငယ်လေး ဖြစ်လာပြီး သူ့အဘိုး၏ ကျွေးမွေးမှုများကြောင့် အလွန်ဝလာသည်။ ထို့ကြောင့် သူသည် ခပ်ဝဝ အသားမည်းမည်း ကောင်ငယ်လေး ဖြစ်ခဲ့သည်။


ယန်ကျင်းဇီသည် သူ့မျက်နှာကို ထိလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားလိုက်သည်။


မူလပိုင်ရှင်၏ ဖခင်သည် သားဖြစ်သူကို အလွန်ဂရုစိုက်သည်။ မူလပိုင်ရှင်သည် ယခုမှ ဘွဲ့ရထားပြီး အလှဆင်ပြီးသား ဗီလာတစ်လုံးက သူ့နာမည်အောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ ဤသည်က လက်ရှိအိမ် ဖြစ်သည်။ မူလပိုင်ရှင်သည် ဤနေရာတွင် အမြဲလိုလို နေလေ့ရှိပြီး နာရီအနည်းငယ်ခန့် သုံ့ချင်းလင်၏ စန္ဒရားတီးခတ်မှုကို ကြည့်ရှုရန် သုံ့ချင်းလင်ထံသို့ သွားပြီးလျှင်ပင် ညအိပ်မနေဘဲ အမြဲတမ်း အိမ်ပြန်လာသည်။


ဤနေရာသည် မူလပိုင်ရှင်မှ အသိအမှတ်ပြုထားသော နေရာ ဖြစ်ပြီး မူလပိုင်ရှင်ကို သက်တောင့်သက်သာ ဖြစ်စေသော နေရာလည်း ဖြစ်သည် – ဤဗီလာ၏ နံရံများတွင် ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများက နေရာယူထားသည်။


ကျန်းယွင်ရှိူ့၏ ဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်နေသော ဓာတ်ပုံများ၊ ကျန်းယွင်ရှိူ့၏ လူမှုဘဝမှ သီးသန့်ဓာတ်ပုံများ၊ မူလပိုင်ရှင်ကိုယ်တိုင် လျှို့ဝှက်ရိုက်ကူးထားသော ဓာတ်ပုံများပင် ပါသေးသည်။


ဓာတ်ပုံအားလုံးတွင် ကျန်းယွင်ရှိူ့သည် အဖြူရောင် ဝတ်ဆင်ထားသည်။ တစ်ခါတစ်ရံတွင် သူ့မျက်နှာမှာ အမူအရာကင်းမဲ့နေတတ်ပြီး တစ်ခါတစ်ရံတွင်တော့ သူက ခပ်ဖျော့ဖျော့ ပြုံး‌ပြနေသည်။ ၎င်းကိုကြည့်ရုံဖြင့် လူအများ၏ နှလုံးခုန်သံကို ပိုမိုမြန်ဆန်စေလေသည်။


ယန်ကျင်းဇီ အရမ်းပျော်ရွှင်သကဲ့သို့ ခံစားရသည်။


ဤဓာတ်ပုံကောင်းများကို နောက်ပိုင်းတွင် မူလပိုင်ရှင်က ဆုတ်ဖြဲပစ်လိုက်သည်မှာ နှမြောစရာပင်။ ထို့ပြင် သုံ့ချင်းလင်က ဤဗီလာကို မုန်းတီးသောကြောင့် သူက ဗီလာကိုလည်း ရောင်းချခဲ့သည်။


ငတုံးကောင်။


ယန်ကျင်းဇီ အောက်ထပ်ဆင်းသွားသောအခါ သူ့အတွင်းရေးမှူးက စောင့်ဆိုင်းနေပြီဖြစ်သည်။


မူလပိုင်ရှင်သည် ဥက္ကဌ ဖြစ်သော်ငြား ဥက္ကဌ ဖြစ်လာရန် တကယ့်အရည်အချင်းများကို အားမကိုးခဲ့ချေ။ သူသည် သူ့အဖေကို အဓိကအားကိုးခဲ့သည် – မူလပိုင်ရှင် ယခု စီမံကွပ်ကဲနေသော ကုမ္ပဏီကို သူ့အဖေ ပေးထားခြင်းဖြစ်သည်။


သေချာတာပေါ့၊ မူလပိုင်ရှင်က အသုံးကျသေးသည်။ အနည်းဆုံးတော့ သူက စီမံခန့်ခွဲနိုင်၏။


ဥက္ကဌတစ်ဦးအနေဖြင့် မူလပိုင်ရှင်တွင်လည်း ဥက္ကဌများ၏ စံပြအချက်တစ်ချက် – စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး အတွင်းရေးမှူး ရှိလေသည်။


ဤအတွင်းရေးမှူး၏ အဓိကတာဝန်မှာ မူလပိုင်ရှင်၏ သုံ့ချင်းလင်အတွက် ငွေပေးချေခြင်းကို ဆောင်ရွက်ခြင်း အစရှိသော မူလပိုင်ရှင်၏ လူနေမှုဘဝကိစ္စများ ဖြစ်သည်။


“ အတွင်းရေးမှူးကျိုး၊ အနာဂတ်မှာ ငါ သုံ့ချင်းလင်အတွက် ငွေပေးစရာ မလိုတော့ဘူး။ ငါ သုံ့ချင်းလင်ကို ဆင့်ပွားကဒ်*လည်း ပေးထားမိတယ်မလား? အဲ့ဒါကို ဖျက်လိုက်တော့။ ပြီးတော့ သူ နေနေတဲ့ အိမ်ကိုလည်း မင်း ဈေးခန့်မှန်းမယ့် လူကို ရှာပြီး ရောင်းလိုက်... အထဲက စန္ဒရားနဲ့ တခြားပစ္စည်းတွေကို အရင်ရောင်းလို့ ရလိမ့်မယ်။ အဲ့ဒါတွေက ဈေးမပေါဘူး။ စကားမစပ် သူ့ကားလည်း ရှိသေးတယ်။ အဲ့ကားကို ကုမ္ပဏီကို ပြန်ယူလာပြီး အများစီးကားအဖြစ် သုံးလိုက်။ ” ယန်ကျင်းဇီသည် အသက်တစ်ရှိုက်အတွင်း ကိစ္စများစွာကို ပြောလိုက်သည်။


( T/N : ဆင့်ပွားကဒ် ဆိုတာ ဘဏ်ကဒ်ပိုင်ရှင်က နောက်ထပ်လူတစ်ယောက်ကို တရားဝင် အသိအမှတ်ပြုပြီး ဒုတိ‌ယမြောက်ကဒ်၊ ဆင့်ပွားကဒ် ဆိုတဲ့ ကဒ်အဖြစ်နဲ့ သူ့ကဒ်ထဲက ယူသုံးခွင့်ပြုတဲ့ ကဒ်ပါ။ )


မူလပိုင်ရှင်တွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချစ်သူကောင်လေး သို့မဟုတ် ချစ်သူကောင်မလေး မရှိခဲ့ဘဲ အကျင့်ဆိုးများလည်း မရှိခဲ့ချေ။ သူ့တွင် ပိုက်ဆံများများ ရှိသော်လည်း သုံးစရာမရှိ။ သုံ့ချင်းလင်က သူ့အတွက် အမြဲချက်ပြုတ်ပေးသည်။ သူ့ကို အမြဲတမ်း အလွန်ဂရုစိုက်ပေးသေးသည်။ ထို့ကြောင့် သဘာဝကျစွာပင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို အလွန်ရက်ရောစွာ ဆက်ဆံသည်။


ဥပမာအားဖြင့် သုံ့ချင်းလင် စန္ဒရားတီးသင်သောအခါ မူလပိုင်ရှင်သည် ပိုက်ဆံများစွာ သုံး၍ သုံ့ချင်းလင်အတွက် အကောင်းဆုံးဆရာ ရှာပေးသည်။


သေချာတာပေါ့၊ ဤကိစ္စများကို ယခု ရပ်တန့်ပစ်ရမည်။


သုံ့ချင်းလင်က တခြားတစ်ယောက်နဲ့ တွဲနေပြီ။ ဘာကြောင့် သူက အနစ်နာခံရမှာလဲ?


အမှန်ပင်၊ သုံ့ချင်းလင်တွင် နောက်ထပ်ချစ်သူ ရှိနေပြီဖြစ်သည်။ ထိူလူ၏ မျိုးရိုးနာမည်မှာ ကောင်း ဖြစ်ပြီး နာမည်မှာ ကောင်းပေါ်ဟောင် ဖြစ်၏။ ကောင်းပေါ်ဟောင်၏ မိသားစုသည် သူ့မိသားစုထက် ပိုမချမ်းသာသော်ငြား ကောင်းပေါ်ဟောင်သည် မူလပိုင်ရှင်ထက် အရည်အချင်းပိုရှိပြီး သာလွန်ကောင်းမွန်သည်။


မူလဇာတ်ကြောင်းအရ နောက်နှစ်နှစ်တွင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို အရူးအမူး နှောင့်ယှက်နေသဖြင့် ကောင်းပေါ်ဟောင်ကို ဒေါသထွက်စေခဲ့သည်။ ထို့နောက် ကောင်းပေါ်ဟောင်က မူလပိုင်ရှင်၏ ကုမ္ပဏီကို ဖြုတ်ချခဲ့၏...


သို့သော် ယန်ကျင်းဇီသည် ကောင်းပေါ်ဟောင်ကို မမုန်းပေ။ ယင်းကား မူလပိုင်ရှင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူသည် နောက်ပိုင်းတွင် သုံ့ချင်းလင်နှင့် စည်းတားထားမည် ဖြစ်ပြီး ကောင်းပေါ်ဟောင်က သူ့ကို ဒုက္ခပေးရန် ရောက်လာလိမ့်မည်မဟုတ်ချေ။


အတွင်းရေးမှူးကျိုးသည် မူလပိုင်ရှင်နှင့် ရွယ်တူဖြစ်ပြီး အသက် ၂၈ ရှိပြီဖြစ်၏။ သူ(မ)သည် အလွန့်အလွန် လှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် ထူးချွန်တောက်ပသော အသွင်အပြင်တို့ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မူလပိုင်ရှင်က သူ(မ)ကို အခမ်းအနားပွဲတိုင်းသို့ ခေါ်သွားလျှင်ပင် လုံးဝ ရှက်စရာမရှိချေ။


ဤအခိုက်အတန့်တွင် အလွန်လှပသော အတွင်းရေးမှူးက ယန်ကျင်းဇီကို တအံ့တဩ ကြည့်နေသည် : “ သေချာရဲ့လား? ”


ယန်ကျင်းဇီက ဆိုသည် : “ သေချာတယ်။ ”


“ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ရှင်... ” အတွင်းရေးမှူးကျိုးသည် သူ့ဘော့စ်ကို တုံ့ဆိုင်းစွာ ကြည့်သည်။ သုံ့ချင်းလင် သူ(မ)၏ဘော့စ်ကို အလွန်နာခံနေစဉ်က သူ(မ)၏ဘော့စ်က သုံ့ချင်းလင်ကို စိတ်မဝင်စားခဲ့။ သို့သော် လွန်ခဲ့သော လအနည်းငယ်က သုံ့ချင်းလင်သည် သူ(မ)၏ဘော့စ်ထံသို့ စားသောက်ဖွယ်ရာများ ပို့ဆောင်ခြင်းကို ရပ်တန့်ပြီး သူ(မ)၏ဘော့စ်ကို စာမပို့၊ ဖုန်းမဆက်ခဲ့ပြီးနောက် သူ(မ)၏ဘော့စ်က သုံ့ချင်းလင်ကို ရုတ်တရက် စွဲလမ်းသွားသည်။ သူက သူ(မ)ကို လက်ဆောင်များ ပြင်ဆင်၍ သုံ့ချင်းလင်ထံသို့ ပို့စေသည်။ သူက သူ(မ)အား သုံ့ချင်းလင်၏ အသွားအလာများကိုလည်း အာရုံစိုက်‌ထားစေ၏။


လွန်ခဲ့သော ရက်အနည်းငယ်၌ပင် သုံ့ချင်းလင်က အကြီးအကျယ် စိတ်ဆိုးပြသွားသေးသည်။


အစားထိုး သုံ့ချင်းလင်က မကြာခင်မှာ ပြန်လှည့်နိုင်တော့မယ်လို့ သူ(မ) ထင်ခဲ့တာ!


ယန်ကျင်းဇီက ‌ပြော‌သည် : “ ငါ အစကတော့ တွေးခဲ့တယ်... နောက်နှစ်နှစ်လောက်အထိ သူနဲ့ နေဖို့ ကောင်းလိမ့်မယ်ပေါ့။ ဒါပေမယ့် သူက မနေချင်ဘူး ဆိုမှတော့ သူ့ကို သွားခိုင်းလိုက်မယ်... အခု အရေးကြီးဆုံးကတော့ ယွင်ရှိူ့ရဲ့ ကိစ္စပဲ။ ”


အတွင်းရေးမှူးကျိုး အံ့အားသင့်သွားသည်။ ယန်ကျင်းဇီသည် ယခင်က ကျန်းယွင်ရှိူ့နှင့် ပတ်သက်၍ အလွန်စိတ်ပူခဲ့သော်လည်း ဤရက်အနည်းငယ်အတွင်း သူက လုံးဝ စကားမ‌ဆိုခဲ့ချေ... ဘာလို့ သူက အခုမှ ကျန်းယွင်ရှိူ့အကြောင်း စဉ်းစားနေတာလဲ?


“ ယွင်ရှိူ့ စွပ်စွဲခံရတယ်။ ငါ သူ့နာမည်ကို ရှင်းပေးဖို့ နည်းရှာရမယ်! မင်း ငါ့အတွက် ကောင်းမွန်တဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့တစ်ဖွဲ့ ရှာပေး။ ပြီးတော့ အေးဂျင့်ကောင်းတစ်ယောက်လည်း ရှာရမယ်... ” ယန်ကျင်းဇီသည် ကိစ္စအများအပြားကို မှာကြားလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည် : “ ကိစ္စပြီးသွားရင် ငါ မင်းကို လစာတိုးပေးမယ်! ”


အတွင်းရေးမှူးကျိုးသည် နောက်ဆုံးစကားကို ကြားလိုက်သောအခါ စိတ်ဓာတ်တက်ကြွသွားသည် : “ စိတ်မပူပါနဲ့။ ကျွန်မ အကုန်ပြီးအောင် လုပ်ပေးပါ့မယ်! ”


ယန်ကျင်းဇီသည် အတွင်းရေးမှူးကျိုးနှင့် အတူအိမ်အပြင်ထွက်ပြီးနောက် သူ့ကားပေါ်သို့ တက်လိုက်သည်။


သူ ကျန်းယွင်ရှိူ့ကို သွားရှာတော့မည်။


ယန်ကျင်းဇီ၏အနောက်တွင် အတွင်းရေးမှူးကျိုးသည် သူ ထွက်သွားသည်ကို ကြည့်ရှုပြီးမှ ကားထဲသို့ ဝင်ပြီး ယန်ကျင်းဇီ၏ ယခင်က သုံ့ချင်းလင်ကို ပေးခဲ့သော နေအိမ်သို့ ဦးတည်ထွက်ခွာလိုက်သည်။ 


သူ(မ)တွင် ထိုနေရာ၏ သော့တွဲများ ရှိသောကြောင့် ယခု ကြိုသွား၍ ဈေးကြီးသော ဂီတတူရိယာများကို ရောင်းချလိုက်မည်ပင်။


သုံ့ချင်းလင် ဖယ်ရှားခံတော့မည်ဟု တွေးမိသောအခါ အတွင်းရေးမှူးကျိုးသည် ရုတ်တရက်ကြီး သူ့ကို အနည်းငယ် သနားမိသွားသည်။ သို့သော် မကြာမီတွင် သူ(မ) တစ်ခုခုမှားတွေးမိပြီဟု ခံစားလိုက်ရသည်။


သုံ့ချင်းလင်သည် သူ့မျက်နှာကို အားကိုး၍ သူ(မ)၏ဘော့စ်ထံမှ သန်းပေါင်းများစွာကို ရရှိခဲ့ပြီး ယခုအခါ ကောင်းပေါ်ဟောင်နှင့် တွဲခုတ်နေသည်။ ဘာလို့ သူ(မ)က သနားရမှာလဲ?


သူ(မ) ကိုယ့်ကိုယ်ကိုသာ သနားသင့်သည်။


ယန်ကျင်းဇီ ဖုန်းဆက်သည့်အခါတိုင်း သူ(မ) ဘာအလုပ်ပဲ လုပ်နေပါစေ ချက်ချင်း သွားရပြီး တစ်လလျှင် ယွမ် ၂၀,၀၀၀ သာ ရရှိသည်။


အတွင်းရေးမှူးကျိုး အလုပ်သွားလုပ်နေစဉ် ယန်ကျင်းဇီသည် လမ်းပေါ်တွင် ကားမောင်းနေသည်။ သူသည် တစ်စုံတစ်ခု တွေးမိပြီး စူပါမားကတ်သို့ ဦးစွာသွားကာ ကောင်းမွန်သော နို့မှုန့်ဗူးတစ်ဗူး၊ လက်ဖက်ရွက်ကောင်းများနှင့် သကြားတို့ကို ဝယ်ယူလိုက်သည်။ 


ကျန်းယွင်ရှိူ့က နို့လက်ဖက်ရည် သောက်ခြင်းကို နှစ်သက်ကြောင်း သူ သတိရမိသည်။


သို့သော် ကျန်းယွင်ရှိူ့တွင် အသန့်ကြိုက်ခြင်း အလေ့အကျင့် ရှိသည်။ သူသည် ကျောင်းနားရှိ နို့လက်ဖက်ရည်ဆိုင်မှ နို့လက်ဖက်ရည်ကို တစ်ခါမှ မဝယ်သောက်ဘဲ သူကိုယ်တိုင်သာ သယ်ဆောင်လာတတ်သည်။


ဈေးဝယ်ပြီးနောက် ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး ကျန်းယွင်ရှိူ့၏ လူနေရပ်ကွက်သို့ တိုက်ရိုက်သွားလိုက်သည်။


ကျန်းယွင်ရှိူ့သည် ကျန်းမိသားစုတွင် မွေးဖွားသည်။ သူ့ဖခင်သည် အမှန်တကယ်ပင် Detai ဆေးဝါးထုတ်လုပ်ဖြန့်ချိရေး၏ ဥက္ကဌ ကျန်းချီရှန် ဖြစ်သည်။ 


ဤနှစ်များအတွင်း ဆေးဝါးကုမ္ပဏီများ ပိုပိုများပြားလာသောကြောင့် Detai ဆေးဝါးထုတ်လုပ်ဖြန့်ချိရေးတွင် ဝင်ငွေသိပ်မများတော့ချေ။ သို့သော် သူတို့ကုမ္ပဏီတွင် လူအများ အသိအမှတ်ပြုထားသော ဆေးဝါးတချို့ ရှိသေးသဖြင့် ကျန်းမိသားစုဟာ အလွန်ချမ်းသာဆဲဖြစ်သည်။


သို့သော် ကျန်းယွင်ရှိူ့၏ မိသားစုနှင့် ဆက်ဆံရေးမှာ မကောင်းမွန်ချေ။


ကျန်းယွင်ရှိူ့ နိုင်ငံခြားပညာတော်သင် သွားစဉ်က သူ့ဖခင်၏ ပိုက်ဆံကို အသုံးမပြုခဲ့ဟု သတင်းထွက်ထားသည်။ မူလဇာတ်ကြောင်းတွင် ကျန်းယွင်ရှိူ့၏ မကောင်းကိစ္စများ မိုးကောင်ကင်တစ်ခွင် ပြန့်ကြဲနေသော်ငြား ကျန်းချီရှန်က ဂရုမစိုက်ခဲ့။


ကျန်းယွင်ရှိူ့သည် နေမကောင်းဖြစ်ပြီး သေကြောင်းကြံစည်ခဲ့ကာ နှစ်နှစ်ကြာ ဒုက္ခရောက်ခဲ့သည်။ နောက်ဆုံးတွင်တော့ နိုင်ငံခြားမှ ဆရာတစ်‌ယောက်က သူ့ကို ဆက်သွယ်ခဲ့သဖြင့် သူ့တွင် သွားစရာ နေရာတစ်ခု ရှိလာပြီး နိုင်ငံခြားသွားရန် ပြင်ဆင်ခဲ့၏။


ကျန်းယွင်ရှိူ့တွင် အရည်အချင်းရှိသည်။ သူ၏ ပြည်တွင်းမကောင်းကိစ္စကို နိုင်ငံခြားတွင် လူသိပ်မသိကြချေ။ နိုင်ငံခြားသွားပြီးနောက် သူ၏ရောဂါကို သေသေချာချာ ကုသလိုက်လျှင် သူ့တွင် ကောင်းမွန်သော အနာဂတ် ရှိနိုင်သည်။


ကံမကောင်းစွာဖြင့် လေယာဉ်ပျက်ကျခဲ့သည်။


ယန်ကျင်းဇီသည် လေယာဉ်ပျက်ကျချိန်ကို အကြိမ်ကြိမ် အလွတ်မှတ်ပြီး လေကြောင်းလိုင်းကို ကြိုတင်သတိပေးရန် ဆုံးဖြတ်လိုက်သည်။


လေယာဉ်ပေါ်မှ လူများနှင့် ပတ်သက်ပြီး... သောက်ကျိုးနည်း မူလပိုင်ရှင်မှလွဲ၍ ဘယ်သူမှ မသေသင့်ချေ။


အဓိကအကြောင်းကို ပြန်သွားကြမည်။


ကျန်းယွင်ရှိူ့၏ မိသားစုနှင့် မကောင်းမွန်သော ဆက်ဆံရေးကြောင့်သာမက B မြို့ကြီး၏ မြေတစ်လက်မတိုင်းက ချမ်းသာသူများအတွက်သာ ဖြစ်သောကြောင့် ကျန်းယွင်ရှိူ့သည် နာမည်ကျော်အနုပညာရှင်တစ်ဦး ဖြစ်သော်လည်း သာမန်နေရာတစ်နေရာတွင် နေထိုင်သည်။


အနည်းဆုံးတော့ အဝင်အထွက် ခက်ခဲသော ယန်ကျင်းဇီ၏ ဗီလာ တည်ရှိသည့် လူနေအသိုင်းအဝိုင်းနှင့် မတူချေ။


ဤလူနေရပ်ကွက်မှ အိမ်များကိုပင် အလွယ်တကူ ဝယ်ယူနိုင်သည်။


မူလပိုင်ရှင်က ဤနေရာတွင် အိမ်တစ်လုံး ဝယ်ထားလေသည်။ ယန်ကျင်းဇီသည် သူ့ကဒ်ကိုဖြတ်ပြီး အထဲသို့ တိုက်ရိုက်ဝင်သွားသည်။


ကျန်းယွင်ရှိူ့ မည်သည့်နေရာတွင် နေမှန်း သူ သိသည်။ ယန်ကျင်းဇီသည် နို့မှုန့်ဗူးကို သယ်ပြီး ကျန်းယွင်ရှိူ့ နေထိုင်သော နေရာသို့ သွားလိုက်သည်။


ကျန်းယွင်ရှိူ့ အိမ်တွင် ရှိ၊မရှိကိုတော့ မသိပေ။



ကျန်းယွင်ရှိူ့ အိမ်တွင် ရှိနေသည်။


သူသည် ဤရပ်ကွက်ရှိ အထပ်နှစ်ဆယ်မြင့် အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် နေထိုင်သည်။


သူ့အိမ်က မကြီးဘဲ အိမ်ထဲတွင် ပရိဘောဂလည်း သိပ်မရှိချေ။ အခန်းအလှဆင်မှုကလည်း အေးစက်ပြီး ထူးခြားမှု မရှိသဖြင့် ပုံစံမှာ ပို၍ပင် ငြီးငွေ့ဖွယ်ကောင်းလှသည်။


ဤအခိုက်အတန့်တွင် ကျန်းယွင်ရှိူ့သည် အဖြူရောင်စကျင်ကျောက် ထမင်းစားပွဲဘေးရှိ အဖြူရောင်စကျင်ကျောက် ထိုင်ခုံတွင် ထိုင်နေပြီး သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။


သတင်းထောက် အများအပြားသည် သူ့အိမ်ရှေ့တွင် ထိုင်နေကြပြီး အော်ဟစ်ခေါ်ဆိုနေကြသူများလည်း ရှိနေသောကြောင့် သူ့ကို ကြီးမားသော ဖိအားခံစားရစေပြီး သူ့တစ်ကိုယ်လုံးရှိ အာရုံကြောများ တင်းမာလာသည်။


“ ယွင်ရှိူ့၊ ငါတို့ ရဲခေါ်ကြမလား? ” ကျန်းယွင်ရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူက အကြံပြုသည်။


ကျန်းယွင်ရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူသည် နိုင်ငံခြားတွင် ဂီတသွားသင်စဉ်က ကျန်းယွင်ရှိူ့ တွေ့ဆုံခဲ့သော ယွီယဲ့ ဟု အမည်ရသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။


ထိုအချိန်တွင် ယွီယဲ့၏မိသားစုသည် တော်တော်လေး ချမ်းသာခဲ့သောကြောင့် သူ့တွင် ပါရမီမပါသော်ငြား သူက နိုင်ငံခြားသို့ သွားရောက်၍ ဂီတပညာ သင်ယူသည်။ ကံမကောင်းစွာဖြင့် သူ၏ ကံကောင်းမှုများ ကုန်ဆုံးသွားသည်။ နှစ်နှစ်တာ စာသင်ပြီးနောက် မိသားစုက ဒေဝါလီခံလိုက်ရပြီး သူ့ဖခင်က အကြွေးတင်နေသည့် အဘိုးကြီး ဖြစ်သွားလေသည်။


ယွီယဲ့သည် ချက်ချင်း ဆင်းရဲသွားပြီး စာလေ့လာရန် မဆိုနှင့်၊ စားသောက်ဖို့ပင် ပြဿနာဖြစ်လာသည်။ သူ့ကို ကူညီခဲ့သူမှာ ကျန်းယွင်ရှိူ့ ဖြစ်သည်။


ထို့နောက် သူသည် ကျန်းယွင်ရှိူ့နောက်သို့ စတင်လိုက်သည်။


ကျန်းယွင်ရှိူ့၏ သန့်ရှင်းသပ်ရပ်မှု အလေ့အထက အလွန်ပြင်းထန်သည်။ လူမှုရေး အတားအဆီးများ ရှိပြီး သူသည် လူများနှင့် ဆက်သွယ်ရခြင်းကို မနှစ်သက်။ ယွီယဲ့သည် ကျန်းယွင်ရှိူ့၏ လက်ထောက်အဖြစ် ပြုမူပြီး ကျန်းယွင်ရှိူ့ကို ကူညီ၍ အလုပ်အမျိုးမျိုးကို လက်ခံရယူပေးသည်။


သို့သော် သူ လုပ်နိုင်သည်မှာ ဤမျှသာ ဖြစ်သည်။ သူသည် ယခင်က သေသေချာချာ ဘာမှမလေ့လာဖူးသဖြင့် သိပ်မသိချေ။ ဤလတ်တလောကိစ္စတွင် သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မဖြေရှင်းနိုင်သေးပေ။


ပထမဆုံးအချက်မှာ လွန်ခဲ့သော တစ်ပတ်ခန့်က ကျန်းယွင်ရှိူ့သည် သူ လိုက်ရှာနေသော လူဟာ ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ တွင် ရှိနေကြောင်း မက်ဆေ့ရခဲ့သည်။ ကျန်းယွင်ရှိူ့ အမြန်ပြေးသွားသော်လည်း ရဲများက တိုင်ကြားချက် ရရှိပြီး ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ကို ဝိုင်းရံထားခဲ့ကြသည်။


ထိုသို့ဖြင့် ကျန်းယွင်ရှိူ့ကို ရဲခေါ်သွားခဲ့သည်။


ဤကား နားလည်မှုလွဲခြင်း ဖြစ်သည်။ ကျန်းယွင်ရှိူ့သည် အမှန်တကယ်ပင် ဘာမှမလုပ်ခဲ့ချေ။ ရဲစခန်းတွင် စာရင်းသွင်းပြီးနောက် သူ အိမ်ပြန်နိုင်ပြီဖြစ်သည်... ဒါပေမယ့် ကျန်းယွင်ရှိူ့ရဲ့ “အဖမ်းခံရ” တဲ့ ဗီဒီယိုက အွန်လိုင်းပေါ် ရောက်နေပြီ!


ကျန်းယွင်ရှိူ့ အိမ်ပြန်ရောက်သွားလျှင်ပင်၊ သူတို့ ကြေညာရှင်းလင်းထားလျှင်ပင် လူအများစုက မမြင်ဟန်ဆောင်နေကြလိမ့်မည်။ ကျန်းယွင်ရှိူ့က ညစ်ညစ်ပတ်ပတ် ကိစ္စတွေကို လုပ်ခဲ့တယ်လို့ တွေးနေကြဆဲပဲ!


ထို့အပြင် ထိုဗီဒီယိုတွင် ကျန်းယွင်ရှိူ့သည် ရဲများအပေါ် ဆိုးရွားသော သဘောထား ရှိခဲ့သည်။


ယွီယဲ့သည် ကျန်းယွင်ရှိူ့နှင့် ရင်းနှီးသည်။ ကျန်းယွင်ရှိူ့က သန့်ရှင်းသပ်ရပ်မှုကို စွဲလမ်းနေပြီး ရဲများ၏ အတွန်းခံရသောအခါ စိတ်မပျော်ဖြစ်သည်ကို သူ သိသည်။ ဒါပေမယ့် သူများတွေက အဲ့လိုမထင်ဘူး! သူတို့သည် ကျန်းယွင်ရှိူ့က ညစ်ပတ်သော ကိစ္စများကို သူကိုယ်တိုင် ပြုမူထားသော်လည်း ရဲများကို မျက်နှာရှစ်ခေါက်ချိုးဖြင့် ကြည့်နေဆဲဖြစ်သည်ဟု တွေးထင်ပြီး ၎င်းက သူတို့ကို ရွံရှာစေသည်။


ထို့အပြင် မနေ့ညက “ကျန်းယွင်ရှိူ့” ၏ မဖွယ်မရာ ဓာတ်ပုံအချို့သည် နေရာအနှံ့ ပျံ့နှံ့ခဲ့သည်။


ကျန်းယွင်ရှိူ့ မဟုတ်ကြောင်း ယွီယဲ့ ၁၀၀% သေချာသည်။


ကျန်းယွင်ရှိူ့၏ သန့်ရှင်းသပ်ရပ်မှု အလေ့အထဖြင့်ဆိုလျှင် သူ ကြိုက်နှစ်သက်သူနှင့် တွေ့သည့်အချိန်တွင်ပင် ထိုလူနှင့် တဏှာကင်းသော ဆက်ဆံရေးကိုသာ ရရှိနိုင်လောက်သည်... ထိုသို့သော လူလတ်ပိုင်းအမျိုးသမီးကြီးနှင့် ရင်ဆိုင်ရသော်... ကျန်းယွင်ရှိူ့က သူ(မ)နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ် ဆိုရင်တောင်မှ နောက်ကျရင် သူ့လက်ကို ဆယ်ခါ ဒါမှမဟုတ် အခါနှစ်ဆယ်လောက် ဆေးနေမှာ!


ယွီယဲ့ သိသော်ငြား တခြားသူများ မသိကြချေ။ အင်တာနက်ပေါ်မှ လူအများစုသည် ဓာတ်ပုံထဲမှ လူဟာ ကျန်းယွင်ရှိူ့ဟု ထင်ကြပြီး လူတချို့က ဝင်ပါကာ ကျန်းယွင်ရှိူ့ မကောင်းကြောင်းများကို ပြောကြသည်။


ကျန်းယွင်ရှိူ့သည် လူများနှင့် ပေါင်းသင်းဆက်ဆံရခြင်းကို မနှစ်သက်ချေ။ အချို့သော အနုပညာရှင်ဟောင်းများသည် ရည်ရွယ်ချက်ကောင်းများဖြင့် လှုပ်ရှားမှုများတွင် ပါဝင်ရန် သူ့ကို ဖိတ်ကြားသည်။ သူက တတ်နိုင်သမျှ အမြဲငြင်းဆိုသည်။ အပြင်ထွက်ခြင်း... သူသည် သူ၏ သန့်ရှင်းသပ်ရပ်မှု အလေ့အထကြောင့် အပြင်ထွက်၍ အခြားသူများနှင့် မပျော်ရွှင်နိုင်ပေ။ သို့သော် သူက ထူးချွန်လွန်းသည်၊ အောင်မြင်လွန်းသည်။ သူ၏ နာမည်ကျော်ကြားမှုနှင့် တခြားသော ကဏ္ဍများက ထိုလူများကို ဖိနှိပ်နေလေသည်။


ဘယ်လိုလုပ် ဒီလိုလူက သူများတွေရဲ့ မနာလိုဖြစ်မှုကို မဆွဲဆောင်နိုင်ရမှာလဲ?


သို့သော် လူအနည်းငယ်ကသာ ကျန်းယွင်ရှိူ့ကို မုန်းကြသည်။ တချို့ကတော့ သူ့ကို မမုန်းသော်လည်း ဤအချိန်မျိုးတွင် သူ့ကို ကူညီပေးမည်မဟုတ်ချေ။


ယွီယဲ့ အလွန်စိုးရိမ်ပူပန်နေသည်။


ကျန်းယွင်ရှိူ့သည်လည်း စိတ်မသက်မသာဖြစ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။


ယခု ယွီယဲ့က ရဲခေါ်ရန် အကြံပေးသည်... ကျန်းယွင်ရှိူ့က တားသည် : “ ရဲမခေါ်နဲ့! ” သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ရဲစခန်းသို့ ရောက်သွားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အရိပ်မည်း ရှိလာခဲ့သည်။


“ ဒါဆို ဘာလုပ်မလဲ? ” ယွီယဲ့က မေးသည်။


ကျန်းယွင်ရှိူ့က မျက်နှာဖျော့ဖျော့နှင့် ဆိုသည် : “ ငါတို့ တံခါးမဖွင့်ရင် အချိန်တန် သူတို့ ထွက်သွားလိမ့်မယ်။ ”


ဤသို့သာ ဖြစ်နိုင်သည်... ယွီယဲ့ ပြောလိုက်သည် : “ အိုက်ယား၊ ယွင်ရှိူ့ မင်း အဲ့ဒီ့ဖက်တီးကို ရှာဖို့ ပိုက်ဆံမသုံးပဲနဲ့ ငါတို့လက်ထဲမှာ ပိုက်ဆံစုထားခဲ့မယ်ဆိုရင် ငါတို့လည်း ရေတပ်တို့ဘာတို့ သွားငှားနိုင်မှာပဲ... ” 


ကျန်းယွင်ရှိူ့သည် အနုပညာအသိုင်းအဝိုင်းတွင် ရောနှောခြင်းမရှိချေ။ သူသည် ဤကဲ့သို့ အနုပညာလောကတွင် ရောနှောခြင်းမပြုနိုင်ခဲ့သောကြောင့် သဘာဝကျစွာပင် သူသည် ငွေအများကြီး မရှာနိုင်ခဲ့ပေ။


ဤအိမ်ကို ဝယ်ယူပြီးနောက် သူသည် ဂီတတူရိယာအချို့ သို့မဟုတ် တစ်စုံတစ်ခုကို ဝယ်ယူရန် ပိုက်ဆံအများကြီး အမြဲကုန်နေတတ်သည်။ ထို့အပြင် သူသည် လူရှာရန် ပုဂ္ဂလိကစုံစမ်းသူများကို ဆက်တိုက်မေးမြန်းနေသေးသည်... သူတို့တွင် စုဆောင်းငွေများ တကယ်ပင် မရှိ။


“ သူ့ကို ‘ဖက်တီး’ လို့ မခေါ်နဲ့! ” ကျန်းယွင်ရှိူ့ စိတ်လှုပ်ရှားသွားပြီး စားပွဲမျက်နှာပြင်ကို သူ့လက်သည်းများနှင့် တဂျစ်ဂျစ်မြည်အောင် ကုတ်ခြစ်လိုက်သည်။


“ အိုကေ၊ အိုကေ၊ ငါ သူ့ကို အဲ့လိုမခေါ်တော့ဘူး။ ” ယွီယဲ့ ပြောလိုက်ပြီး စိုးရိမ်တကြီးဖြင့် တံခါးကို ထပ်ကြည့်လိုက်ပြန်သည်။


သတင်းထောက်များက

သူတို့အိမ်တံခါးရှေ့တွင် တိုက်ရိုက်ထိုင်စောင့်နေကြသည်… သူတို့ ဘာလုပ်နိုင်မလဲ?


စိတ်ပူနေစဉ် ယွီယဲ့ ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည် : “ မင်းတို့က ဘယ်သူတွေလဲ? သူများအိမ်ရှေ့မှာ လာထိုင်နေတာ ဘာလုပ်‌ချင်လို့လဲ? ”