တံခါးအပြင်ဘက်တွင် ရုတ်တရက် လှုပ်ရှားမှု ရှိလာသောကြောင့် ယွီယဲ့သည် ချောင်းကြည့်နိုင်သည့် ကြောင်မျက်လုံးထံသို့ အမြန်သွား၍ အပြင်ကို ကြည့်လိုက်သည်။
သူ ကြည့်လိုက်သောအခါ အနည်းဆုံး ၁.၈၅ မီတာခန့် အရပ်မြင့်သော ချောမောသည့် လူငယ်လေးတစ်ဦးက သတင်းထောက်များကို အေးစက်သော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းယွင်ရှိူ့ ဤအိမ်ကို ဝယ်ယူစဉ်က အိမ်တွင်းအလှဆင်ရန် ပိုက်ဆံမရှိခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် အလှပြင်ဆင်မှုအတွက် လိုအပ်ချက် နည်းပါးသည်။ ရေနှင့် လျှပ်စစ်မီးများ ရှိလျှင် လုံလောက်ပြီး ကြွေဖြူရောင်ပြားများသာ ခင်းကျင်းထားသည်... အတိုချုပ်ပြောရလျှင် သူတို့တွင် လုံးဝ ပိုက်ဆံမရှိသောကြောင့် နဂိုမူလတံခါးကို အစားမထိုးခဲ့ကြချေ။
ဤတံခါးသည် ရုပ်ဆိုးရုံသာမက အသံလည်း သိပ်မလုံပေ။ တံခါးနားတွင် ရှိနေသရွေ့ အပြင်မှ အသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
ထို့နောက် ယွီယဲ့သည် ထိုလူငယ်က သတင်းထောက်များကို အော်ဟစ်၍ အဝေးသို့ မောင်းထုတ်လိုက်သည်ကို ကြားလိုက်ရသည်။
သတင်းထောက်များသည် အမှန်တကယ်ပင် မထွက်သွားချင်သော်ငြား ထိုလူက ရက်စက်သည့် ပုံပေါ်သည်။ သူက သူ့အင်္ကျီလက်များကို ခေါက်တင်ပြီး လူရိုက်ချင်နေသည်... နောက်ဆုံးတွင်တော့ သတင်းထောက်များ ထွက်သွားကြသည်။
သေချာတာပေါ့၊ သတင်းထောက်များ ထွက်ခွာသွားကြခြင်းမှာ ထိုလူက လူရိုက်ချင်နေသောကြောင့် မဟုတ်ဘဲ ထိုလူ၏ လက်ကောက်ဝတ်ပေါ်မှ နာရီကို မှတ်မိသွားကြသောကြောင့်သာ ဖြစ်လိမ့်မည် ဟူ၍ ယွီယဲ့ ခံစားရသည်။
အဲ့နာရီကို မီလီယံသန်းအနည်းငယ် မသုံးဘဲ မဝယ်နိုင်ဘူး!
နောက်ပြီး ဤလူက ကြမ်းတမ်းလျှင်တောင်မှ ရိုးရှင်းပုံမပေါ်ချေ။ အတိုချုပ်ပြောရလျှင် သတင်းထောက်များ ဆန့်ကျင့်စော်ကားနိုင်မည့် တစ်စုံတစ်ယောက် မဟုတ်... ထို့ကြောင့် သဘာဝကျစွာပင် သတင်းထောက်များ ထွက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းယွင်ရှိူ့က အပြင်မထွက်ချေ။ သူတို့က တံခါးနားတွင် ထိုင်စောင့်နေလျှင်ပင် သူတို့ ဘာသတင်းကိုမှ ရရှိနိုင်လိမ့်မည်မဟုတ်။
သတင်းထောက်များ မောင်းထုတ်ခံလိုက်ရပြီ။ သို့သော် ယွီယဲ့ စိတ်မသက်သာနိုင်သေးဘဲ တံခါးအပြင်ဘက်သို့ လှမ်းကြည့်နေသည် – သူ ဒီလူကို မသိဘူး။ ဒီလူက ဘာကြောင့် လာတာလဲ?
စူးစမ်းသိချင်နေစဉ် ယွီယဲ့သည် ယခုလေးတင် ကြမ်းတမ်းရက်စက်နေဆဲ ဖြစ်သော ဤလူက ရုတ်တရက် သူ့အမူအရာကို ဖြေလျှော့လိုက်ကြောင်း တွေ့လိုက်ရသည်။ ထိုသူသည် သူ့မျက်နှာကို ပွတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ကာ သူ့အဝတ်အစားများကို ပြင်လိုက်သည်..
အထက်တန်းလွှာ အမျိုးသားတစ်ဦးအဖြစ် ချက်ချင်းပြောင်းသွားသော ထိုလူငယ်က စတင်၍ တံခါးခေါက်လာသည်။ “ ကျန်းယွင်ရှိူ့ အိမ်မှာ ရှိသလား? ”
ယွီယဲ့ မတုံ့ပြန်ရဲဘဲ သူ့ဘေးမှ ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။
အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ လှုပ်ရှားမှုက ကျန်းယွင်ရှိူ့ကို တံခါးနားရောက်အောင် တကယ်ဆွဲဆောင်နိုင်ခဲ့သော်လည်း ယွီယဲ့က အပြင်ဘက်သို့ ကြည့်နေပြီဖြစ်သဖြင့် ဘာမှမလုပ်ဘဲ ဘေးတွင် ရပ်နေခဲ့သည်။
ယွီယဲ့ အသံနှိမ့်ပြီး မေးလိုက်သည် : “ ယွင်ရှိူ့၊ ငါ အဲ့လူကို မသိဘူး... ငါ ဘာလုပ်ရမလဲ? ”
ကျန်းယွင်ရှိူ့လည်း မသိသဖြင့် ခေါင်းသာ ခါယမ်း၏။
ဤအခိုက်အတန့်တွင် အပြင်ဘက်မှ လူက ထပ်ပြောပြန်သည် : “ ကျန်းယွင်ရှိူ့! အိမ်မှာ ရှိလား၊ ကျန်းယွင်ရှိူ့? ငါက မင်းရဲ့ အလယ်တန်းကျောင်းက အတန်းဖော် ဝမ်ရှန်းချောင်ပါ။ ”
ယွီယဲ့ ဤနာမည်ကို ကြားသောအခါ အံ့ဩသွားသည်။ သူ ဤဝမ်ရှန်းချောင်ကို သိသည်။ အဲ့ဒါ ကျန်းယွင်ရှိူ့ အချိန်အကြာကြီး လိုက်ရှာနေခဲ့တဲ့ ပထမဆုံးအချစ် မဟုတ်လား?
ကံမကောင်းစွာနဲ့ပဲ သူ့ကို မရှာနိုင်ခဲ့ဘူး!
ဒါပေမယ့် သူ့ရှေ့က ဒီလူက ရွံစရာကောင်းလိုက်တာ၊ ဝမ်ရှန်းချောင်အဖြစ် ဟန်ဆောင်ပြီးတော့တောင် တံခါးဖွင့်ဖို့ သူ့ကို လှည့်စားချင်နေတယ်!
သူသည် ကျန်းယွင်ရှိူ့တွင် ရှိသော ဝမ်ရှန်းချောင်၏ ဓာတ်ပုံကို မြင်ဖူးသည်။ အဲ့ဝမ်ရှန်းချောင်က ခပ်ဝဝ အသားမည်းမည်းလူမှန်း သေချာတယ်!
ယခင်က တစ်စုံတစ်ယောက်သည် ဝမ်ရှန်းချောင်၏ သတင်းကို အသုံးပြု၍ ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ သို့ သွားရောက်ရန် ကျန်းယွင်ရှိူ့ကို လှည့်စားခဲ့သည်။ ယခုအခါ နောက်တစ်ယောက်က ဝမ်ရှန်းချောင်၏ နာမည်ဖြင့် သူ တံခါးဖွင့်လာအောင် လှည့်စားရန် ကြိုးစားနေသည်။
ယွီယဲ့ ခဏဒေါသထွက်သွားသော်ငြား ကျန်းယွင်ရှိူ့က တံခါးစီသို့ ရုတ်တရက် ရောက်လာပြီး တံခါးကို တန်းဖွင့်လိုက်သည်။
“ ယွင်ရှိူ့၊ သူက ဝမ်ရှန်းချောင် မဟုတ်ဘူး... ” ယွီယဲ့ တားချင်သော်လည်း ဤအခိုက်အတန့်တွင် ကျန်းယွင်ရှိူ့၏ ခွန်အားက အလွန်ထူးထူးခြားခြား သန်မာနေပြီး တဒင်္ဂအတွင်း တံခါးဖွင့်လိုက်၏။
တံခါးပွင့်ပွင့်ချင်း သူတို့သည် တံခါးဝတွင် ရပ်နေသည့် ပလတ်စတစ်အိတ် တစ်အိတ်ကို ကိုင်ဆောင်ထားသော အရပ်ရှည်ရှည် အမျိုးသားကို တွေ့လိုက်ရသည်။
ကျိုးဝမ်ရှိူ့ ဝမ်းနည်းရပြန်ပြီဟု ယွီယဲ့ အသေအချာ ခံစားမိလိုက်သည်။
ကျန်းယွင်ရှိူ့သည် အများအားဖြင့် ဘာကိုမှ သိပ်ဂရုမစိုက်တတ်သော်လည်း သူ၏ ပထမဆုံးအချစ်ကိုတော့ အမြဲစွဲလမ်းနေခဲ့သည်။ တစ်ခါတစ်ရံ သူ့တွင် စာရပြီး လူကို မရှာနိုင်လျှင် သူက ရက်အနည်းငယ်ခန့် ဝမ်းနည်းနေလိမ့်မည်ဖြစ်ပြီး သူ၏ ပထမဆုံးအချစ် ကောင်းကောင်းမနေရမည်ကို စိတ်ပူနေလိမ့်မည်ဖြစ်သည်။
ယွီယဲ့သည် ကျန်းယွင်ရှိူ့ကို မည်သို့နှစ်သိမ့်ရမည်နည်းဟု စပြီး တွေးနေပြီဖြစ်၏။ ထို့နောက် ကျန်းယွင်ရှိူ့က ရုတ်တရက် ထရယ်သည်ကို တွေ့လိုက်ရသည်။ ပြုံးရယ်လျက်ဖြင့် ကျန်းယွင်ရှိူ့က ဆို့နင်နေသည် : “ မင်း... ဘာလို့ မင်း အခုမှ ငါ့ကို လာတွေ့ရတာလဲ? ”
ကျန်းယွင်ရှိူ့ ငိုနေတာလား?
ယွီယဲ့ အံ့ဩသွားရပြီ!
ကျန်းယွင်ရှိူ့က ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ သူ့ကိုယ်သူ စန္ဒရားခန်းထဲမှာ ပိတ်ထားပြီး နာရီပေါင်းများစွာ စန္ဒရားတီးနေတတ်တယ်။ ဘယ်တုန်းက သူ ငိုခဲ့လို့လဲ?
ယခုမူ ကျန်းယွင်ရှိူ့က ငိုသံဖြင့် စကားပြောနေသည်။
“ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်... ” ယန်ကျင်းဇီ ဆက်တိုက်တောင်းပန်နေစဉ် သူ့မျက်ဝန်းများ အနည်းငယ် နာကျင်လာသည်။
သူသည် ကျန်းယွင်ရှိူ့၏ အိမ်တံခါးဝသို့ ရောက်သောအခါ တံခါးရှေ့တွင် သတင်းထောက်များ ထိုင်စောင့်နေသည်ကို တွေ့လိုက်ရပြီး မသက်မသာဖြစ်ခြင်းကို စူးစူးရှရှ ခံစားလိုက်ရသည်။
ဒီပါပါရာဇီတွေက တကယ့်ကို နေရာအနှံ့ ပျံ့နှံ့နေတယ်။ ကျန်းယွင်ရှိူ့ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေဖို့ ဖိအားပေးခံရတာ မဆန်းတော့ဘူး...
သူသည် ပါပါရာဇီကို မောင်းထုတ်လိုက်ပြီးမှ စတင်တံခါးခေါက်လိုက်သော်လည်း ဘယ်သူကမှ မတုံ့ပြန်သဖြင့် မူလပိုင်ရှင်၏ မူရင်းနာမည်ကို ထုတ်ပြောလိုက်သည်။
ဟုတ်တယ်၊ မူလပိုင်ရှင်ရဲ့ မူလနာမည်က ဝမ်ရှန်းချောင်။
မူလပိုင်ရှင်၏ ကျောက်မီးသွေးသူဌေး အဘိုးဖြစ်သူသည် ဝမ်မျိုးနွယ် ဖြစ်သည်။ မူလပိုင်ရှင် မွေးသောအခါ သူက နိုင်ငံခြားမှ ရောက်လာသော “Superman” ဟု ခေါ်သည့် ရုပ်ရှင်ကားကို ကြည့်ထားခါစဖြစ်ပြီး သူ့မြေးကို ဤနာမည် ပေးခဲ့သည်။
ဤလူအိုကြီးက ဤနာမည်ဟာ အတော်ကောင်းသည်ဟု ထင်သော်ငြား တကယ်တော့... မူလပိုင်ရှင်သည် သူ့နာမည်ပြောင်းပြီးနောက် သူ့မူလနာမည်ကို ဘယ်သူ့ကိုမှ မပြောပြတော့ချေ။
အရမ်းရိုင်းလွန်းတယ်...
ယန်ကျင်းဇီသည် နာမည်ကို ပြောပြီး စမ်းကြည့်ချင်ခဲ့သည်။ နာမည်ပြောပြီးပြီးချင်း တံခါးပွင့်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိ။
နောက်တော့ သူ သူ့မင်းသားလေးကို တွေ့လိုက်ရသည်။
ကျန်းယွင်ရှိူ့က သူ့ကို မြင်သောအခါ ချက်ချင်း ပြုံးရွှင်သွားသည်။ သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ချေ။
ဤအပြုံးသည် ယန်ကျင်းဇီထံသို့ တည့်တည့်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ဖြတ်၍ သူ့နှလုံးသားထဲသို့ ရောက်လာသောကြောင့် သူသည်လည်း ရယ်မောချင်စိတ်ကို မထိန်းသိမ်းနိုင်တော့ပေ။ သို့သော် မကြာမီ ကျန်းယွင်ရှိူ့၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ရှိလာပြီး အဘယ့်ကြောင့် သူက အခုမှ ရောက်လာရကြောင်း သူ့ကို မေးမြန်းလေသည်။
ယန်ကျင်းဇီ၏ သူ့ရင်ဘတ်ထဲမှ နှလုံးသားသည် တင်းကြပ်သွားပြီး ဆုတ်ဖြဲခံလိုက်ရသည်။
နောက်ပိုင်းတွင် ကျန်းယွင်ရှိူ့က သူ့ကိုယ်သူ သတ်သေချင်ခဲ့သည်။ ဘယ်လိုလုပ် သူ သတင်းထောက်တွေကို အပြစ်တင်နိုင်မှာလဲ? မူလပိုင်ရှင်ကိုသာ အပြစ်တင်ရမည်။
“ တောင်းပန်ပါတယ်။ ယွင်ရှိူ့။ တောင်းပန်ပါတယ်... ” သူ့ကိုယ်သူ ထပ်ရိုက်ချင်လာသော ယန်ကျင်းဇီက ဆိုသည်။
“ ငါ မင်းကို လိုက်ရှာနေတာ။ ” ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကိုသာ တောက်လျှောက်ကြည့်နေသည်။
ကျန်းယွင်ရှိူ့၏ အကြည့်များသည် ရှင်းလင်းပြတ်သားနေပြီး ထိုအကြည့်များ၏အောက်တွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေ၏။
သူ့မင်းသားလေး၊ သူ့နတ်သားလေးက သူ့ကို ချစ်နေသေးပေမယ့် သူ့ကြောင့် ကြေကွဲနေရတယ်... ယန်ကျင်းဇီ မူလပိုင်ရှင်ကို မုန်းတယ်!
ဤအခိုက်အတန့်တွင် ယွီယဲ့ ဆွံ့အနေသည်။
ကျန်းယွင်ရှိူ့က ကလေးလေးလို ပြုမူနေတာလား? ကျန်းယွင်ရှိူ့က တကယ်ကြီး ကလေးလေးလို ပြုမူနေတာလား?!
ဒါက နေ အနောက်အရပ်ကနေ ထွက်လာတဲ့ ကိစ္စမျိုးပဲ!
သို့သော် ထိတ်လန့်နေသော်လည်း ယွီယဲ့သည် သတိမလွတ်သွားပေ : “ မင်းတို့နှစ်ယောက်၊ တံခါးဝမှာ မနေနဲ့။ ဝင်လာခဲ့! ” သတင်းထောက်တွေ ပြန်လာရင် ဘယ်လိုလုပ်မလဲ?
ကျန်းယွင်ရှိူ့က ယောက်ျားတွေကို ကြိုက်တယ်။ ဒါကလည်း သတင်းကောင်း ဟုတ်မနေဘူး!
ကျန်းယွင်ရှိူ့သည် အံ့အားသင့်နေခဲ့သဖြင့် ယခုမှသာ တံခါးဖွင့်လိုက်သော်လည်း ယန်ကျင်းဇီကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
ယန်ကျင်းဇီသည် အိမ်ထဲသို့ အမြန်ဝင်ကာ တံခါးပိတ်ပြီးနောက် ကျန်းယွင်ရှိူ့၏ ဤပုံစံကို တွေ့လိုက်ရသည်။ သူ့နှလုံးသားမှာ ပို၍ပင် မသက်မသာဖြစ်သွားလေသည် : “ ယွင်ရှိူ့၊ ငါ တောင်းပန်ပါတယ်။ ငါ မင်းစီ လာသင့်တာ ကြာပြီ... ငါ တောင်းပန်ပါတယ်။ ”
ကျန်းယွင်ရှိူ့သည် လက်တစ်ချောင်းကို ဆန့်ထုတ်ပြီး ယန်ကျင်းဇီ၏ မျက်နှာကို ထိလိုက်သည်။
လက်ချောင်းများသည် သွယ်လျပြီး ရှည်လျားကာ နူးညံ့ဖြူဖွေးခြင်း မရှိသော်လည်း အလွန်သန်မာပုံရပြီး အမျိုးသားတစ်ဦး ပိုင်ဆိုင်သော၊ စန္ဒရားတီးပညာရှင်တစ်ဦး ပိုင်ဆိုင်သော လက်တစ်စုံနှင့် တူပေသည်။
တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ဤလက်၏ ကြည့်ကောင်းပုံကို တွေးမိသည်။ သူသည် ခေါင်းကိုပင် လှည့်ကာ ကျန်းယွင်ရှိူ့၏ လက်ချောင်းထိပ်များကို တိတိကျကျ နမ်းလိုက်သည်။
ကျန်းယွင်ရှိူ့က ချက်ချင်း လက်ပြန်ရုတ်သွားသည်။
ယွီယဲ့ : “ ... ” တိုးတက်တာ အရမ်းမြန်လွန်းနေတယ် မဟုတ်ဘူးလား?
သူ မှတ်မိတဲ့အတိုင်းဆို ဒီနှစ်ယောက် မတွေ့တာ ဆယ်နှစ်ကျော်ပြီ မဟုတ်လား? ဘယ်လိုလုပ်ပြီး သူတို့က တွေ့တွေ့ချင်း / ကောင်းကင်မိုးကြိုးက မြေကြီးကို မီးကျွမ်းစေတယ် / ဆိုတာမျိုးနဲ့ တူနေရတာလဲ?!
ကျန်းယွင်ရှိူ့က လူတစ်ယောက်ကို သူ့လက်ချောင်းနဲ့ တိုက်ရိုက်ထိကိုင်တယ်။ ဒီလူကျတော့လည်း ကျန်းယွင်ရှိူ့ရဲ့ လက်ချောင်းကို တကယ်နမ်းလိုက်တယ်!
ယွီယဲ့ လုံးဝ အံ့ဩနေစဉ် ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့ နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြဆဲဖြစ်ပြီး သူ့ကို လုံးဝ လျစ်လျူရှုထားကြသည်။
“ မင်း မင်းရဲ့ကုတ်အင်္ကျီကို ချွတ်လို့ရလား? ” ကျန်းယွင်ရှိူ့ ရုတ်တရက် မေးလိုက်သည်။
ယန်ကျင်းဇီ အပြင်ထွက်သောအခါ သူ၏ အကောင်းဆုံးဝတ်စုံကို အထူးဝတ်ဆင်လာသည်။ သူ့ကိုယ်ပေါ်မှ ဝတ်စုံသည် သူ၏ ဈေးအကြီးဆုံးဝတ်စုံ ဖြစ်သည်။
ယခုမူ သူသည် စကားတစ်ခွန်းပင် မပြောဘဲ ဤဝတ်စုံကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ တန်းပစ်ချလိုက်သည်။
ထို့နောက် ကျန်းယွင်ရှိူ့သည် ရှေ့သို့ တိုးလာပြီး ရုတ်တရက် သူ့ကို ပွေ့ဖက်လိုက်၏။
ယွီယဲ့ : “ ... ” ဒီတိုးတက်မှုက တကယ့်ကို မြန်လွန်းတယ်!
ယန်ကျင်းဇီသည် အဖက်ခံလိုက်ရပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ကျန်းယွင်ရှိူ့က သူ့အား ဝတ်စုံချွတ်ခိုင်းသည်ကို သူ အကြောင်းအရင်း ခန့်မှန်းနိုင်သည်။ ကျန်းယွင်ရှိူ့၏ အသန့်ကြိုက်မှုအရ သူ့ဝတ်စုံဟာ ညစ်ပစ်နေသည်ဟု ခံစားရသောကြောင့်ပင် ဖြစ်ရမည်။
သို့သော် သူ့ဝတ်စုံကို ချွတ်ပြီးနောက် ကျန်းယွင်ရှိူ့က သူ့ကို တကယ် ပွေ့ဖက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျန်းယွင်ရှိူ့က သူ့ကို ဖက်ထားတယ်!
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ပြန်လည်ပွေ့ဖက်ချင်သော်လည်း ကျန်းယွင်ရှိူ့က နောက်ဆုတ်သွားပြီဖြစ်သည်။
ကျန်းယွင်ရှိူ့၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ရှိနေသေးပြီး အလင်းရောင်အောက်တွင် တောက်ပနေသည်။ သူသည် ထိုတောက်ပသော မျက်ဝန်းများဖြင့် ယန်ကျင်းဇီကို ကြည့်သည် : “ ဟုတ်သားပဲ... အဲ့တုန်းက မင်း ဘာလို့ ရုတ်တရက် ထွက်သွားတာလဲ? ဒီနှစ်တွေမှာ မင်း ကောင်းကောင်းနေခဲ့ရရဲ့လား? ”
“ ငါ ကျောင်းပြောင်းခဲ့တယ်။ အရမ်းကို ကောင်းကောင်းမွန်မွန်နဲ့ ဒီနှစ်တွေမှာ ငါ ကောင်းကောင်းနေခဲ့ရတယ်။ ငါ တောင်းပန်ပါတယ်။ ငါ မင်းစီကို မလာခဲ့ဘူး... ”
“ မင်း အခု ဒီမှာရှိနေတယ်မလား? ” ကျန်းယွင်ရှိူ့က ပြောသည်။ သူသည် ထပ်ပြုံးလိုက်ပြန်ကာ သူ့မျက်ခုံးများ ကွေးညွတ်သွားသည်။
ထိုအချိန်တွင် ဝမ်ရှန်းချောင်သည် အမြဲအနိုင်ကျင့်ခံရပြီး ရုတ်တရက် တခြားကျောင်းသို့ ပြောင်းသွားသည်... သူသည် ဤလူတွင် ပြဿနာအချို့ ရှိနေမည်ကို စိုးရိမ်နေခဲ့ပြီး ဤလူ တစ်ခုခုဖြစ်သွားသည်ဟုပင် အိပ်မက်မက်ဖူးသည်... ယခုလက်ရှိတွင် ဤလူ အဆင်ပြေနေသည်ကို မြင်တွေ့ရသဖြင့် သူသည် အမှန်တကယ်ပင် အလွန်ပျော်ရွှင်သွားရသည်။
“ ဟုတ်တယ်။ ငါ ဒီမှာ ရှိနေပြီ။ ငါ မင်းရဲ့အနားမှာ အမြဲရှိနေမယ်။ အနာဂတ်မှာ မင်း ငါ့ကို မောင်းထုတ်ရင်တောင် ငါ ထွက်သွားမှာ မဟုတ်ဘူး။ ” ယန်ကျင်းဇီသည် လေးလေးနက်နက် သစ္စာဆိုလိုက်သည်။
သူသည် ဤလူအတွက် ရောက်လာခဲ့ပြီး အမြဲထာဝရ တစ်သက်တာလုံး ဤလူနှင့် အတူနေထိုင်သွားမည်ဖြစ်သည်။
“ ငါ မင်းကို မောင်းမထုတ်ပါဘူး။ ” ကျန်းယွင်ရှိူ့က လေးနက်စွာ ပြောသည်။
နှစ်ယောက်သားက နောက်တစ်ကြိမ် အချင်းချင်း ငေးကြည့်နေကြပြန်သည်။
ယွီယဲ့ : “ ... ” ဒီလူနှစ်ယောက်က မပြီးနိုင်တော့ဘူး!
ပြီးတော့ သူတို့ရဲ့စကားတွေက... တကယ် အန်ချင်စရာကောင်းတယ်!
ယွီယဲ့သည် ကျန်းယွင်ရှိူ့ကို ကောင်းစွာ သိသည်။
ကျန်းယွင်ရှိူ့တွင် လူမှုရေးအတားအဆီး ရှိပြီး ဂီတအပေါ်တွင်သာ သူ့စိတ်ကို နှစ်ထားသောကြောင့် သူသည် အလွန်ရိုးရှင်းပြီး တည့်တိုးစကားပြောတတ်သည်။ ထို့အပြင် သူသည် ဝမ်ရှန်းချောင်ကို သူ့ချစ်သူကဲ့သို့ အမြဲသဘောထားသည်... သူက ဝမ်ရှန်းချောင်နှင့် ဤသို့စကားပြောပြီး ရှေ့တိုးကာ ပွေ့ဖက်ဆဲဖြစ်သည်။ ယင်းကား ထိတ်လန့်ဖွယ်ကောင်းသော်ငြား အတော်လည်း ကျိုးကြောင်းဆီလျော်သည်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီဝမ်ရှန်းချောင်က ကျန်းယွင်ရှိူ့ ဒီစကားတွေကို ပြောတာတောင် အကုန်လုံးကို လက်ခံပြီး ကောင်းကောင်းမွန်မွန် ပြန်ဖြေနေသေးတယ်လား? ကျန်းယွင်ရှိူ့ကို ချစ်ခင်မြတ်နိုးမှုတွေ အများကြီးနဲ့ ကြည့်နေတုန်းပဲလား?
ထိုအချိန်တွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး သူတို့၏ အချစ်များကို ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ကြောင်း ကျန်းယွင်ရှိူ့က ရှင်းရှင်းလင်းလင်း ပြောပြဖူးသည်။ ကျန်းယွင်ရှိူ့သည် တစ်ခါတစ်လေ ဤဝမ်ရှန်းချောင်က အဖြောင့်တစ်ယောက် ဖြစ်နေမည်ကို စိုးရိမ်တတ်ပြီး ဟိုးယခင်ကတည်းက လက်ထပ်သွားမည်ကိုလည်း စိတ်ပူနေတတ်သည်...
ဤလူနှစ်ဦးသည် ယခင်က သာမန်အတန်းဖော်များသာ ဖြစ်သည်။ ယခုမူ ဤဝမ်ရှန်းချောင်၏ ပုံစံမှာ သူနှင့် ကျန်းယွင်ရှိူ့တို့သည် ဘဝတစ်သက်တာစာ ချစ်ခင်ခဲ့ကြသော်လည်း ရက်ရက်စက်စက် အခွဲခံရပြီးမှ နောက်ဆုံးတွင် ပြန်တွေ့နိုင်သကဲ့သို့ ဖြစ်နေသည်။
ပဟေဠိဖြစ်ဖွယ် နောက်ထပ်ကိစ္စတစ်ခု ရှိသေးသည်... ယွီယဲ့သည် သူ၏ ကိုယ်ပိုင် / မီးသီး / ထံမှ အလင်းရောင်ကို စတင်ထုတ်လွှတ်လိုက်သည် : “ အင်း။ ဝမ်ရှန်းချောင်။ ငါ မင်းရဲ့ အရင်တုန်းက ဓာတ်ပုံတွေကို မြင်ဖူးတယ်။ မင်းက ဓာတ်ပုံထဲက တစ်ယောက်နဲ့ မတူဘူး... ”
မတူတာထက်တောင် ပိုသေးတယ်။ သူတို့က လူနှစ်ယောက်မှန်း သိသာတယ်!
“ နောက်ပိုင်း ငါ ဝိတ်ကျသွားပြီး အရပ်ပိုရှည်လာတယ်။ ပြီးတော့ နေရောင်ဒဏ်ကာကွယ်ဖို့ကိုလည်း ဂရုစိုက်ခဲ့တယ်။ ” ယန်ကျင်းဇီ ယွီယဲ့ကို ပြုံးပြလိုက်သည်။
ထိုအချိန်တွင် မူလပိုင်ရှင်သည် တစ်နှစ်တိတိ အိမ်တွင် နေ၍ စာသင်သည်။ သူသည် ရုတ်တရက် အသားပိုဖြူလာပြီး အရပ်ပိုရှည်လာသည့်အပြင် ပိုလည်း ပိန်သွားခဲ့သည်... သူ၏ ပြောင်းလဲမှုသည် လုံးဝ ၁၈၀° ကဲ့သို့ပင် ဖြစ်သည်။
“ မင်း တကယ် အများကြီး ပြောင်းလဲသွားခဲ့တယ်။ ယွင်ရှိူ့ မင်းကို ရှာမတွေ့တာ အံ့ဩစရာမကောင်းတော့ဘူး။ ” ယွီယဲ့က ဆိုသည်။
“ ငါ တောင်းပန်ပါတယ်။ ဒါတွေအကုန်လုံး ငါ့အပြစ်တွေပါ။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။ သူသည် ကျန်းယွင်ရှိူ့၏ လက်ကို ကိုင်ချင်သည်၊ ကျန်းယွင်ရှိူ့ကို ပွေ့ဖက်ထားချင်သည်။ သို့သော် ကျန်းယွင်ရှိူ့အား အဆင်မပြေဖြစ်စေမိမည်ကို စိုးရိမ်သဖြင့် သူသည် မလှုပ်ရှားဝံ့ပေ။
ရလဒ်ကမူ ကျန်းယွင်ရှိူ့က သူ့လက်ကို ကိုင်လာသည် : “ အဆင်ပြေ
ပါတယ်။ ”
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ လက်ကို ချက်ချင်းပင် တယုတယ ပြန်ကိုင်လိုက်သည်။
သူ့လက်ထဲရှိ ဤလက်ကို ဆုပ်ကိုင်ထားစဉ် သူသည် သူ့နှလုံးသားထဲတွင် ပြည့်နှက်နေသော ခံစားချက်ကို ခံစားလိုက်ရပေသည်။