ကျန်းယွင်ရှိူ့ ယခု အဆင်ပြေသည်မှာ ကောင်းမွန်လှသည်။
ယန်ကျင်းဇီသည် စိတ်သက်သာရာရသွားပြီး ကျန်းယွင်ရှိူ့၏ လက်များကို တွန့်ဆုတ်စွာ လွှတ်လိုက်သည် : “ ငါ မျက်နှာသစ်၊ လက်ဆေးပြီး အဝတ်အစား လဲချင်တယ်။ ငါ လဲဝတ်ဖို့ သန့်ရှင်းတဲ့ အိပ်ရာဝင်ဝတ်စုံတွေ ရှိလား? ” ကျန်းယွင်ရှိူ့၏ သန့်ရှင်းသပ်ရပ်မှု အစွဲအလမ်းက အလွန်ပြင်းထန်သည်။ သူသည် သူ့ကိုယ်သူ အနည်းငယ် ဆေးကြောလိုက်လျှင် ပိုကောင်းလိမ့်မည်ဟု ခံစားရသည်။ ထိုအခါ သူသည် ပွေ့ဖက်ခြင်းနှင့် လက်ကိုင်ခြင်းတို့ထက် ပိုမိုပြုမူနိုင်လောက်ပေမည်။
“ ရှိတယ်။ ” ကျန်းယွင်ရှိူ့က ဆိုသည် : “ ငါ မင်းအတွက် သွားယူပေးမယ်။ ”
ယွီယဲ့ : “ ... ” ဒီဝမ်ရှန်းချောင်က ကျန်းယွင်ရှိူ့ကို ကောင်းကောင်းသိတယ်။ အပြင်က ရောက်လာပြီး အဝတ်အစား မလဲတဲ့သူကို ကျန်းယွင်ရှိူ့ တကယ် သည်းမခံနိုင်ဘူး။
ကျန်းယွင်ရှိူ့သည် အဝတ်အစားများ ယူရန် သူ့အခန်းသို့ ပြန်သွားသည်။ ယွီယဲ့သည် ယန်ကျင်းဇီကို ကြည့်လိုက်သည်။
“ ဝမ်ရှန်းချောင်၊ အခုကစပြီး ငါ မင်းကို အစ်ကိုဝမ်လို့ ခေါ်မယ်။ ဆေးကြောဖို့ ငါ မင်းကို ဧည့်ရေချိုးခန်းစီ ခေါ်သွားပေးမယ်။ ခဏ၊ မင်း အရင်ဆုံး အဝတ်တွေ ချွတ်ပြီးမှ ဆေးကြောချင်လား? ဒါမှမဟုတ် မင်း အဝတ်တွေ လျှော်ဖို့ကို စောင့်မလား? မင်းရဲ့ ညစ်ပေနေတဲ့ အဝတ်တွေကို မင်းရဲ့လက်နဲ့ ကိုင်ထားတာကို ယွင်ရှိူ့ မြင်ရင် သူ ထပ်ပြီး အဆင်မပြေဖြစ်နေလိမ့်မယ်။ သူက ပုံမှန်ဆို ဘာမှမပြောဘဲ အကောင်းဆုံး ကြိုးစားပြီး သူ့ဘာသာသူ သည်းခံနေတတ်ပေမယ့် သူ အဆင်မပြေဖြစ်နေတာကို မင်း တွေ့နိုင်နေတာ... ” ယွီယဲ့က ပေါက်ပေါက်ဖောက် စကားပြောနေပြီး သူက ကျန်းယွင်ရှိူ့ကို ကောင်းစွာ သိကြောင်း မြင်နိုင်သည်။
“ ဟုတ်ပြီ။ ” စကားမပြောတော့ဘဲ ယန်ကျင်းဇီသည် သူ့အပြင်ဘောင်းဘီနှင့် ရှပ်အင်္ကျီတို့ကို ချွတ်လိုက်ပြီး အစောက ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သော ဝတ်စုံတို့ကိုပါ အတူခေါက်ပြီး တံခါးနားရှိ ဖိနပ်ဗီရိုထဲသို့ ထည့်လိုက်သည်။
ထို့ကြောင့် သူ့ကိုယ်အပေါ်တွင် အောက်ခံဘောင်းဘီတိုတစ်ထည်သာ ကျန်ရှိတော့ပြီး သူ၏ ကြည့်ကောင်းလှသော ခန္ဓာကိုယ်ကို ပေါ်လွင်စေနေသည်။
ယွီယဲ့သည် ယန်ကျင်းဇီ၏ အသွင်အပြင်ကောင်းကို မနာလိုဖြစ်စွာ ကြည့်မိသည်။
သူ့တွင် ကျန်းယွင်ရှိူ့ လိုက်ရှာနေခဲ့သော ဝမ်ရှန်းချောင်ဟု ခေါ်သည့် ပထမဆုံးအချစ်နှင့်ပတ်သက်၍ ခံစားချက်ကောင်းများ မရှိချေ။
ကျန်းယွင်ရှိူ့၏ ဖော်ပြချက်အရ ဝမ်ရှန်းချောင်သည် အလယ်တန်းကျောင်းတွင် အနိုင်ကျင့်ခံရသော သနားစရာ ဝတုတ်တုတ် အသားမည်းမည်း လူငယ်လေး ဖြစ်သည်။ အဲ့လိုလူမျိုးက ဆယ်နှစ်ကြာပြီးတော့ ဘယ်လိုကြီးပြင်းလာသလဲ ဆိုတာ ဘယ်သူက သိမှာလဲ? သို့သော် ကျန်းယွင်ရှိူ့က အစွဲအလမ်းကြီးသော တစ္ဆေတစ်ကောင်ကဲ့သို့ ထိုလူကို အမြဲမှတ်မိနေလေသည်။
တစ်နေ့နေ့တွင် ရုပ်ဆိုးသော အမျိုးသားတစ်ဦး ထွက်လာပြီး ကျန်းယွင်ရှိူ့ကို ငွေကြေးနှင့် လိင်ကိစ္စအတွက် လှည့်စားလာမည်ကို သူ အထူးကြောက်နေခဲ့ရသည်။
ယခုမူ သူသည် လူကို ကိုယ်တိုင်မြင်ရသောအခါ ဤလူက အတော်လေး ကောင်းမွန်သည်ဟု ခံစားရသည်။ ဤလူက ချောမောပြီး ပိုက်ဆံရှိကာ ကျန်းယွင်ရှိူ့၏ သန့်ရှင်းသပ်ရပ်မှုနှင့် လိုက်လျောညီထွေ ဖြစ်ရန် ဆန္ဒရှိသည်... ကျန်းယွင်ရှိူ့တွင် အမြင်ကောင်း ရှိသည်။
“ အစ်ကိုဝမ်၊ ယွင်ရှိူ့က သူ့အဝတ်အစားတွေ သွားယူနေပေမယ့် သူ လက်ဆေးဖို့တို့ဘာတို့ လိုဦးမယ်ထင်တယ်။ သူ အရမ်းမြန်မြန်ကြီး ထွက်လာမှာ မဟုတ်ဘူး။ မင်း အရင်သွားဆေးကြောသင့်တယ်။ ” ယွီယဲ့သည် ယန်ကျင်းဇီကို ဧည့်ရေချိုးခန်းထံသို့ ခေါ်သွားသည်။
“ ကောင်းတယ်။ ” ယန်ကျင်းဇီ ပြန်ဖြေပြီး ဆက်ပြောသည် : “ ဒါနဲ့ ငါ့ကို အစ်ကိုဝမ်လို့ မခေါ်နဲ့။ ငါ နာမည်ပြောင်းလိုက်ပြီ။ အခု ငါ့နာမည်က ယန်ကျင်းဇီ။ ”
ထိုသို့ပြောပြီးနောက် ယန်ကျင်းဇီသည် ပြန်လှည့်ပြီး သူ့ရှပ်အင်္ကျီ အိတ်ကပ်ထဲမှ လုပ်ငန်းကတ်တစ်ကတ်ကို ယူကာ ယွီယဲ့ကို ပေးလိုက်သည်။
ယွီယဲ့သည် လုပ်ငန်းကတ်ကို ယူလိုက်သောအခါ “ယန်ကျင်းဇီ” ဟူသော စကားလုံးများနှင့် ယန်ကျင်းဇီ၏ ရာထူးကို တွေ့လိုက်ရသည်။
ဖခင်ယန်သည် သူ ဂရုစိုက်ပြီး အနှီးလျှော်ပေးခဲ့သော သားဖြစ်သူ ယန်ကျင်းဇီကို အလွန်စိုးရိမ်သည်။ ယန်ကျင်းဇီ လေ့ကျင့်ရန် သူ ပေးထားသော ကုမ္ပဏီမှာ အလွန်ကောင်းရုံသာမက ရုံးချုပ်၏ ရှယ်ယာများကိုပင် ပေးထားသည်။ ယန်ကျင်းဇီ၏ လုပ်ငန်းကတ်ပေါ်ရှိ ရာထူးတွင် ‘ယန်မိသားစု ရုံးချုပ်၏ ဒါရိုက်တာ’ ရှိနေသည်။
ယွီယဲ့ လုံးဝ အံ့အားသင့်သွားသည် : “ ယန်ကောချီက မင်းနဲ့ ဘာတော်လဲ? ”
“ သူက ငါ့အဖေ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။ မူလပိုင်ရှင်၏ ဖခင်နာမည်မှာ ယန်ကောချီ ဖြစ်၏။
ယွီယဲ့ခမျာ ဒူးပင်ထောက်မိတော့မည်။ ယန်ကောချီက ဘယ်သူလဲ? သူက နိုင်ငံတွင်း ဖခင်တွေထဲက တစ်ယောက်ပဲ!
ကျန်းယွင်ရှိူ့သည် သူ၏ အချစ်ဦးကောင်လေး၊ မဟုတ်သေး၊ သူ၏ လျို့ဝှက်ချစ်သူကောင်လေး ဆိုးဆိုးရွားရွား နေနေရမည်ကို စိုးရိမ်နေခဲ့သည်။ ထိုအကြောင်းကြောင့်သာ သူ့တွင် သန့်ရှင်းသပ်ရပ်မှု အစွဲအလမ်း ရှိနေပါလျက်ဖြင့် သူက အပြင်းအထန် တောင့်ခံပြီး ပိုက်ဆံရှာရန် ဖျော်ဖြေပွဲမျိုးစုံသို့ သွားရောက်ကာ ဝမ်ရှန်းချောင်ကို စောစောရှာဖွေ၍ ဝမ်ရှန်းချောင်ကို ကူညီပေးရန် ပိုက်ဆံစုခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် ဒါက ဘာလဲ?
ဒီဝမ်ရှန်းချောင်၊ သူ့အဖေက ယန်ကောချီလား?!
ယွီယဲ့ ငေးငိုင်နေစဉ် ကျန်းယွင်ရှိူ့၏ မကျေမနပ်ဖြစ်နေသော အသံကို ရုတ်တရက် ကြားလိုက်ရသည် : “ မင်း ဘာလုပ်နေတာလဲ? ”
ယွီယဲ့က သူ ဘာမှမလုပ်ရသေးဟု ပြောချင်နေသော်လည်း ကျန်းယွင်ရှိူ့က ခြေလှမ်းကျဲကျဲ လျှောက်လာပြီး သူ့လက်မောင်းများကို ဆန့်တန်းလျက် ယန်ကျင်းဇီ၏ ရှေ့တွင် ကာဆီးကာ ယွီယဲ့ကို ဒေါသမှုတ်ထုတ်၍ ကြည့်လာသည်။
ယွီယဲ့ ပြဿနာကို သဘောပေါက်လိုက်သည် – ယန်ကျင်းဇီက သူ့အဝတ်တွေကို ချွတ်ထားတော့ အခု သူ့မှာ အောက်ခံဘောင်းဘီတစ်စုံပဲ ဝတ်ထားတယ်!
ယောက်ျားကြီးတစ်ယောက် ဖြစ်သဖြင့် ဘာမှမဖြစ်ဟု သူ ခံစားမိသည်။ သို့သော် ကျန်းယွင်ရှိူ့အတွက်မူ... သူ့နေရာမှာ ဝင်နေကြည့်တော့ အောက်ခံဘောင်းဘီပဲ ဝတ်ထားတဲ့ သူ့မိန်းမကို လူကြည့်ခံရမယ်ဆိုရင် သူလည်း ဒေါသထွက်မိမှာပဲ!
“ မင်း အဓိကရေချိုးခန်းစီ သွားပြီး ဆေးကြောပြီးရင် အဝတ်အစားလဲလိုက်ပါ။ ” ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို ကြည့်လိုက်သည်။ သူသည် အခန်းထဲ ဝင်သွားပြီးနောက် အမှန်တကယ်ပင် လက်သွားဆေးခဲ့သည်။
အများအားဖြင့် သူ့လက်ကို ဖြည်းညှင်းစွာ ဆေးလေ့ရှိသော်ငြား အပြင်ဘက်တွင် စောင့်နေသူ ရှိကြောင်း တွေးမိသဖြင့် လက်ဆေးခြင်းကို အရှိန်မြန်လိုက်သည်... ရလဒ်ကမူ အံ့အားသင့်ဖွယ်ကောင်းစွာပင် သူ အပြင်ရောက်ရောက်ချင်း ယန်ကျင်းဇီက ဘောင်းဘီတိုတစ်စုံကိုသာ ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။
ဒါ၊ ဒါက...
ကျန်းယွင်ရှိူ့သည် ယွီယဲ့ရှေ့တွင် ရပ်နေပြီး မလှုပ်ရှားပေ။
ယန်ကျင်းဇီက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေပြီး မာစတာအိပ်ခန်းစီသို့ ဦးတည်သွားသည်။ ကျန်းယွင်ရှိူ့ကမူ... သူက ယန်ကျင်းဇီ၏နောက်မှ လိုက်သွား၏။
ယွီယဲ့ : “ ... ” ဒီလိုမျိုး သူ့ကို သတိထားစရာ လိုလို့လား? သူက အဖြောင့်ယောက်ျား!
ကျန်းယွင်ရှိူ့၏ အိမ်သည်လည်း အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းနှစ်ခန်း အပြင်အဆင် ဖြစ်သော်လည်း မူလပိုင်ရှင်၏ သုံ့ချင်းလင် နေထိုင်ရန် ပေးထားသော အိမ်ထက် ပိုမိုကျဉ်းမြောင်းသည်။ အိမ်ပိုင်ဆိုင်မှု အထောက်အထားစာတွင် ၈၉ စတုရန်းမီတာဟု ဖော်ပြထားသော်ငြား အိမ်က ၇၀ စတုရန်းမီတာသာ ရှိသည်။
B မြို့ကြီးတွင် မြေနေရာများစွာ ရှိပြီး ပိုက်ဆံချမ်းသာသူများစွာ ရှိသည်။ ဤကဲ့သို့သော အိမ်တစ်လုံးကို ပိုင်ဆိုင်ရသည်မှာ ကောင်းမွန်သော်လည်း ဂီတပညာရှင်တစ်ဦးအတွက်တော့ အနည်းငယ် သေးငယ်ပုံရသည်။
ကျန်းယွင်ရှိူ့သည် ဧည့်ခန်းထဲတွင် စန္ဒရားကို ချထားပြီး ဧည့်ခန်းနှင့် ထမင်းစားခန်းကြားတွင် တံခါးတစ်ချပ် ထည့်လိုက်သဖြင့် ကျယ်ဝန်းသော စန္ဒရားခန်း ဖြစ်လာသည်။
သူ၏ မာစတာအိပ်ခန်းတွင်မူ...
ကျန်းယွင်ရှိူ့၏ မာစတာအိပ်ခန်းသည် မကြီးမားဘဲ အဖြူရောင်နံရံများနှင့် အဖြူရောင်ကြမ်းပြင်များ ရှိသည်။ နံရံတစ်ချပ်ပေါ်တွင် အဖြူရောင် အဝတ်အစားများ တွဲလောင်းချိတ်ဆွဲထားသော အဝတ်ချိတ်တန်းများ ရှိပြီး တခြားနံရံပေါ်တွင် *ဂီတတူရိယာချိတ်တန်းတစ်တန်း ရှိကာ တယောနှင့် ဆက်ဆိုဖုန်း ကဲ့သို့သော တူရိယာများနှင့် ပြည့်နေသည်။
ကျန်းယွင်ရှိူ့သည် စန္ဒရားပညာရှင်ဖြစ်သော်လည်း အခြားတူရိယာများကိုလည်း အသုံးပြုနိုင်သည်။
ဤအခန်းထဲတွင် ခုတင် မရှိကြောင်း ယန်ကျင်းဇီ သတိထားမိသွားသည်။
“ ဒါ မင်းအိပ်ခန်းလား? မင်း ဘယ်မှာ အိပ်လဲ? ” ယန်ကျင်းဇီက မေးသည်။
ကျန်းယွင်ရှိူ့က ပြန်ဖြေသည် : “ ငါ *ဆောင်ထုတ်ပြတင်းမှာ အိပ်တယ်။ ”
ဤမာစတာအိပ်ခန်းသည် အမှန်တကယ်ပင် အတော်သေးငယ်ပြီး ၈၀ စင်မီတာအထိသာ ကျယ်ဝန်းသော ဆောင်ထုတ်ပြတင်းတစ်ခုသာ ရှိသည်။ ကျန်းယွင်ရှိူ့က အဲ့မှာ အိပ်တာလား?
ယန်ကျင်းဇီသည် ဆောင်ထုတ်ပြတင်းပေါ်ရှိ ခေါက်ထားသော စောင်ကို ကြည့်ပြီး စိတ်ဆင်းရဲသွားပြန်သည်။
“ မင်း မြန်မြန်ဆေးတော့။ ” ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို မကြည့်ဘဲ သူ့ရေချိုးခန်းကို လက်ညှိုးထိုးပြသည်။
ယန်ကျင်းဇီ အထဲဝင်သောအခါ ကျန်းယွင်ရှိူ့က အတွင်းမှ ရေချိုးခန်းသုံးပစ္စည်းများကို မိတ်ဆက်ပေးပြီး တံခါးကိုပိတ်ကာ အမြန်ထွက်သွားသည်။
ကျန်းယွင်ရှိူ့ ထွက်သွားစဉ် သူ့အကြည့်များက ရှောင်ဖယ်နေပြီး သူ့မျက်နှာက အနည်းငယ် နီရဲနေကြောင်းမှာ ယန်ကျင်းဇီ သတိထားမိသော ပထမဆုံးကိစ္စ ဖြစ်သည်။
မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လျက် ယန်ကျင်းဇီ မျက်ခုံးပင့်လိုက်သည်။
ကျန်းယွင်ရှိူ့က သူ့ခန္ဓာကိုယ်ကို တကယ် ကြိုက်တာလား?
ကျန်းယွင်ရှိူ့ ပိုမိုသက်တောင့်သက်သာ ရှိစေရန်အတွက် ယန်ကျင်းဇီသည် ရေသက်သက်ထပ်ချိုးပြီး ခေါင်းမှ ခြေဖျားအထိ သူ့ကိုယ်သူ ထပ်မံ၍ ဆေးကြောပွတ်တိုက်လိုက်ပြန်သည်။
ရေချိုးပြီးနောက် သူသည် သူ၏ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပြီး သူ့အတွက် ကျန်းယွင်ရှိူ့ ပြင်ဆင်ပေးထားသော ညဝတ်အင်္ကျီနှင့် အိပ်ရာဝင်ဘောင်းဘီရှည်များကို ဝတ်ဆင်လိုက်သည်။
အိပ်ရာဝင်ဝတ်စုံများသည် ကျန်းယွင်ရှိူ့၏ အဝတ်အစားများ ဖြစ်ကြောင်း သိသာပြီး သူ ဝတ်သောအခါ ၎င်းတို့မှာ အနည်းငယ် ပွ၍ တင်းတင်းကြပ်ကြပ် ရှိမနေချေ။
သူ၏ အိပ်ရာဝင်အင်္ကျီကို ပင့်မ၍ ရှူရှိုက်လိုက်ပြီးနောက် ယန်ကျင်းဇီသည် ပျော်ရွှင်သွားကာ အပြင်ထွက်လာသည်။
ယန်ကျင်းဇီ ရေချိုးနေစဉ် ကျန်းယွင်ရှိူ့သည် ယွီယဲ့နှင့် စကားပြောနေသည်။
“ ကျန်းယွင်ရှိူ့၊ ဝမ်ရှန်းချောင်က တကယ်တော့ ဝမ်ကောချီရဲ့ သား ယန်ကျင်းဇီ ဆိုတာ မင်း သိလား? ” ယွီယဲ့ မေးလိုက်သည်။
ကျန်းယွင်ရှိူ့က မတုံ့ပြန်ဘဲ သူ့လက်တစ်ဖက်၏ လက်ချောင်းများက စားပွဲကို ခပ်ဖွဖွ တီးခေါက်နေသည်။ ယွီယဲ့ တစ်ချက်ကြည့်လိုက်ပြီး ကျန်းယွင်ရှိူ့က ပေါ့ပေါ့ပါးပါး စည်းချက်ကို တီးခေါက်နေကြောင်း သိလိုက်သည်။
ဤအပတ်တွင် ကျန်းယွင်ရှိူ့က အနည်းငယ် စိုးရိမ်ပူပန်နေပြီး သူ တီးခတ်ခဲ့သော သီချင်းများတွင် ဒေါသများ ပြည့်နေသော်လည်း ယခုမူ ၎င်းက ရုတ်တရက် ပြောင်းလဲသွားပြီဖြစ်သည်။
“ ယွင်ရှိူ့၊ ငါ ပြောတာ ကြားလား? ” ယွီယဲ့ ထပ်မေးလိုက်သည်။
ကျန်းယွင်ရှိူ့က ပြုံးသည် : “ ငါ ကြားတယ်... ငါ အရင်က မသိခဲ့ဘူး။ ဒါပေမယ့် ငါ အခု သိသွားပြီ။ ”
“ သိပြီးတာတောင် ဘာလို့ မင်း အရမ်းတည်ငြိမ်နေသေးတာလဲ? ” ယွီယဲ့ မေးလိုက်သည်။
ကျန်းယွင်ရှိူ့က သူ့ကို ဝေခွဲမရဖြစ်စွာ ကြည့်လာသည်။
ယွီယဲ့ အနည်းငယ် ထိတ်ပျာသွားပြီး ရုတ်တရက် တခြားတစ်ခုခုကို တွေးမိလိုက်သည် : “ နေဦး၊ ယန်ကောချီက ဘယ်သူမှန်း မင်း သိလား? ”
“ ဝမ်ရှန်းချောင်ရဲ့ အဖေ။ ” ကျန်းယွင်ရှိူ့က ပြန်ဖြေလေသည်။
ယွီယဲ့ : “ ........ ”
ယွီယဲ့ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည် : “ ယန်ကောချီက တရုတ်ပြည်ရဲ့ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်! အရမ်းချမ်းသာတဲ့ လူတစ်ယောက်! မိသားစုမှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရှိလိုက်သလဲ... မင်းကို ငါ Baidu မှာ ရှာပြမယ်။ ”
ကျန်းယွင်ရှိူ့သည် ယွီယဲ့က Baidu တွင် ရှာဖွေချင်သည်ဟု ပြောသည်ကို ကြားသောအခါ ဘာမှမပြောတော့ပေ။ သူ၏ လက်ချောင်းများက ထမင်းစားစားပွဲပေါ်တွင် အဆက်မပြတ် ဆက်လက်တီးခေါက်နေပြီး ခဏတီးပြီးနောက် ရပ်တန့်၍ စဉ်းစားကာ ဆက်လက်တီးခေါက်သည်။
ယွီယဲ့သည် Baidu တွင် ရှာဖွေပြီးနောက် ကျန်းယွင်ရှိူ့၏ ပျော်ရွှင်နေသော မျက်နှာကို မြင်လိုက်ရသည်။
“ ကျန်းယွင်ရှိူ့ ” ယွီယဲ့ အော်ပြီး ကျန်းယွင်ရှိူ့၏ အရှေ့တွင် သူ့ဖုန်းကို ပြလိုက်သည် : “ ယန်ကောချီက တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်းသူဌေးဆယ်ဦးထဲက တစ်ယောက်ပဲ။ ထိပ်ဆုံးဆယ်ယောက်! ဝမ်ရှန်းချောင်ရဲ့ မိသားစုက အရမ်းချမ်းသာပြီး လုပ်နိုင်ကိုင်နိုင်တယ်။ သူက မင်းစီကို ဟိုးအရင်ကတည်းက လာနိုင်ခဲ့တာကို ဘာလို့ အခုမှ လာတာလဲ? ပြီးတော့ မင်းရဲ့ အခုတလော ကိစ္စတွေ... ”
ကျန်းယွင်ရှိူ့၏ ထမင်းစားစားပွဲပေါ်ရှိ “ကခုန်နေသော” လက်များမှာ ရုတ်ချည်း ရပ်တန့်သွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးလည်း ပျောက်ကွယ်သွားသည်။ သူသည် စားကွဲပေါ်တွင် သူ့လက်သည်းများဖြင့် စတင်၍ အပြန်ပြန်အလှန်လှန် ကုတ်ခြစ်လာတော့သည်။
ယွီယဲ့သည်လည်း စိတ်မချမ်းသာဖွယ် ကိစ္စကို ပြောမိမှန်း နားလည်သွားသည်။ သို့သော် သူသည် ကျန်းယွင်ရှိူ့ လှည့်စားခံရမည်ကို ကြောက်မိသည် : “ ငါတို့ နောက်ကျရင် မေးခွန်းတွေ မေးရမယ်။ ”
ကျန်းယွင်ရှိူ့ အမှတ်တမဲ့ ခေါင်းညိတ်လိုက်သည်။
ယန်ကျင်းဇီ ထွက်လာသောအခါ သူ့အား ကျန်းယွင်ရှိူ့က ရီဝေသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ ယွင်ရှိူ့၊ ဘာဖြစ်လို့လဲ? ” ယန်ကျင်းဇီ အမြန်မေးလိုက်သည်။ ကျန်းယွင်ရှိူ့ကို ကြည့်ရသည်မှာ အလွန်ဝမ်းနည်းနေပုံပေါ်သည်။
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို ကြည့်ပြီး သူ့လက်ကို စားပွဲပေါ်မှ ချကာ ထိုင်ခုံကို စတင်ခြစ်လိုက်သည် : “ အင်တာနက်ပေါ်က ဓာတ်ပုံတွေ အကုန်လုံး အတုတွေ။ ”
“ အဲ့ဒါတွေအကုန်လုံးက အတုမှန်း သိတယ်။ ငါ့ယွင်ရှိူ့က အဲ့လိုကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်ကို သတိပြုမိကာ မေးလိုက်၏ : “ ငါ မင်းကို ဖက်လို့ရမလား? ”
ကျန်းယွင်ရှိူ့သည် ချက်ချင်းပင် ယန်ကျင်းဇီ၏ ရင်ခွင်ထဲသို့ ခုန်ဆင်းလာသည်။
ယန်ကျင်းဇီသည် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည် : “ တစ်ယောက်ယောက်က မင်းကို တမင်တကာ ချောက်ချမှန်း သိသာပါတယ်။ ငါ မင်းစီကို ဒီကိစ္စအတွက် လာခဲ့တာ။ စိတ်မပူပါနဲ့။ ငါ မင်းကို ကူညီဖြေရှင်းပေးမယ်။ ”
“ အင်း။ ” ကျန်းယွင်ရှိူ့ ခေါင်းညိတ်ပြီး ထပ်မေးပြန်သည် : “ ဘာလို့ မင်း စောစောမလာခဲ့တာလဲ? ”
ယန်ကျင်းဇီ၏ နှလုံးသား တင်းကြပ်သွားသည် : “ တောင်းပန်ပါတယ်။ ငါ အရင်က မလာရဲခဲ့ဘူး။ ငါက မင်းနဲ့ မထိုက်တန်ဘူးလို့ ထင်မိတယ်။ ဒီနေ့ မင်းက ငါ့ကို တွေ့တော့ အရမ်းပျော်တယ်။ ငါလည်း အရမ်းပျော်ပေမယ့် အဆင်မပြေဖြစ်မိတယ်... ငါ မင်းစီ စောစောလာခဲ့သင့်တာ။ ငါ ထင်ခဲ့တာ ငါက မင်းရဲ့ သာမန်အလယ်တန်းကျောင်း အတန်းဖော်ပဲပေါ့။ မင်း ငါ့ကို အမြဲသတိရနေမယ်လို့ ငါ မသိခဲ့ဘူး။ ”
“ မင်းက သာမန်အတန်းဖော် မဟုတ်ဘူး။ ငါ မင်းကို ကြိုက်တယ်။ ” ကျန်းယွင်ရှိူ့က ပြောသည်။ သူသည် ထိုအချိန်တွင် သူ့အချစ်ကို ဖွင့်မပြောမိခဲ့ခြင်းအား အမြဲနောင်တရနေခဲ့ပြီး ဆယ်နှစ်ကျော်ကြာ နောင်တရနေရသည်။
“ ကိုယ် သိပါတယ်။ ခုနက မင်းကို တွေ့တွေ့ချင်း သိလိုက်တယ်။ ကိုယ်လည်း မင်းကို ကြိုက်တယ်။ အရင်က မင်း ကိုယ့်ကို သဘောကျခဲ့မှန်း မသိတော့ ကိုယ် မင်းစီ မလာရဲခဲ့ဘူး။ ကိုယ် တောင်းပန်ပါတယ်။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ လက်ကို ဆုပ်ကိုင်ပြီး သူ့ကို နမ်းလိုက်သည်။
သူ့အတွက် ကျန်းယွင်ရှိူ့ရဲ့ အိမ်ထဲကို ဝင်ဖို့ အရမ်းလွယ်နေလိမ့်မယ်၊ သူ့အချစ်ကို ဝန်ခံဖို့ အရမ်းလွယ်လိမ့်မယ်၊ ကျန်းယွင်ရှိူ့ကို နမ်းဖို့ အရမ်းလွယ်လိမ့်မယ် ဆိုတာ သူ မယုံနိုင်ဘူး!
ယန်ကျင်းဇီသည် အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သည်။
ယွီယဲ့ : “ ... ” သူတော့ မီးလုံးလေး ဖြစ်နေပြန်ပြီ!
သို့သော် ယန်ကျင်းဇီကို ဆန့်ကျင်သော သူ့နှလုံးသားထဲမှ နောက်ဆုံးအစိုင်အခဲဟာ ပျောက်ကွယ်သွားလေပြီ။ ဟုတ်သည်၊ ဤလူနှစ်ဦးသည် သာမန်အတန်းဖော်များသာ ဖြစ်ခဲ့သည်။ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ သူ့ကို ကြိုက်ကြောင်း မသိသဖြင့် လူလာမရှာသည်မှာ ပုံမှန်ဖြစ်သည်။
ယခုကမူ... ကျန်းယွင်ရှိူ့မှာ မတော်တဆကိစ္စ ဖြစ်လာလို့ သူက ရောက်လာတာမလား? သူက ရောက်လာလာချင်း ကျန်းယွင်ရှိူ့နှင့် ပူးကပ်နေသည်။ ဤလူနှစ်ဦးသည် နတ်ဖက်သည့်ဖူးစာ ဖြစ်သည်။
ထပ်ပြောစရာမရှိတော့ဟု ယွီယဲ့ ခံစားလိုက်ရသည်။
မဟုတ်ဘူး၊ သူ့မှာ ပြောစရာ ရှိသေးတယ် : “ အခု ယွင်ရှိူ့က ဒီပြဿနာကို ဘယ်လိုရှင်းမှာလဲ? မင်းမှာ နည်းလမ်းရှိလား? ”
ထိုအခါမှသာ ယန်ကျင်းဇီသည် အဓိကကိစ္စကို စဉ်းစားမိသည်။
“ ယွင်ရှိူ့၊ ယွီယဲ့နဲ့ ကိုယ် ကိစ္စဆွေးနွေးရမယ်။ မင်း နားထောင်ချင်လား၊ စန္ဒရားသွားတီးချင်သလား? ”
ကျန်းယွင်ရှိူ့သည် စန္ဒရားတီးရန် ရွေးချယ်လိုက်သည်။ သူသည် ထမင်းစားခန်းမှ ထွက်ပြီး ဧည့်ခန်းစီသို့ သွားသည်။ ခဏအကြာတွင် ထိုနေရာမှ စူးရှလှပသော စန္ဒရားသံ ထွက်ပေါ်လာသည်။
ယန်ကျင်းဇီ၏ နှုတ်ခမ်းထောင့်များမှာ မနေနိုင်ဘဲ ကွေးတက်သွားသည်။
မူလပိုင်ရှင်သည် ဂီတအကြောင်း နားမလည်ဘဲ သူလည်း နားမလည်ပေ။ သူသည် ဂီတကို နှစ်သက်ပြီး နားထောင်လျှင် သူ့နှလုံးသားထဲမှ ပျားရည်များ စိမ့်ထွက်လာသကဲ့သို့ ခံစားရသည်။
ကံမကောင်းစွာဖြင့် ဂီတက ကောင်းသော်လည်း သူတို့ ပြောရမည့် ကိစ္စများမှာ သိပ်မသာယာချေ။
“ ယွင်ရှိူ့ တစ်ယောက်ယောက်ကို သွားထိမိသေးလား? ” ယန်ကျင်းဇီက မေးပြီး မေးနေစဉ် သူ့ဖုန်းကို ဖွင့်ကာ Weibo ကို နှိပ်လိုက်သည်။
မူလပိုင်ရှင်တွင် နံပါတ်တစ်ခု ရှိပြီး သူ့နာမည်ပြောင်မှာ * “ကျင်းခုံယွီယန်” ဖြစ်သည်။ ၎င်းမှာ ကျန်းယွင်ရှိူ့၏ အမာခံပရိသတ် သို့မဟုတ် အထူးငွေထုတ်နိုင်သော အမျိုးအစား ဖြစ်သည်။
( *ကျင်းခုံယွီယန် - ရွှေနှုတ်တော်နှင့် ကျောက်စိမ်းစကား။ ပြည့်ရှင်မင်း၏ စကားဟူသည် ပြန်ရုပ်သိမ်း၍မရ။ )
ကျန်းယွင်ရှိူ့တွင် သူ့ပရိသတ်များကို စီမံခန့်ခွဲခြင်းအတွက် ကူညီရန် အသင်းတစ်သင်း မရှိချေ။ ပရိသတ်များသည် စနစ်တကျမရှိဘဲ စည်းကမ်းမဲ့သူများ ဖြစ်ကြသည်။ ပရိသတ်များသည် ခဏလာပြီးနောက် ထွက်သွားကြ၏။ ကျန်ရစ်သူများမှာ မများပြားချေ။ ဤပရိသတ်များသည် အခြေခံအားဖြင့် “ကျင်းခုံယွီယန်” ကို အာရုံစိုက်ကြသည်။ ကျင်းခုံယွီယန်က အရမ်းအစွမ်းထက်လွန်းတယ်!
ဥပမာအားဖြင့် ကျန်းယွင်ရှိူ့က ဖျော်ဖြေပွဲ လုပ်ချင်လျှင် သူက Weibo တွင် ပို့စ်တစ်ခုသာ တင်သည်။ ကျင်းခုံယွီယန်က ၎င်းကို ကူညီထပ်ရှဲပေးပြီး ပရိုမိုရှင်းဆင်းရန် ကံစမ်းမဲဖွင့်ပေးကာ ထိပ်ဆုံးရှာဖွေမှုစာရင်းများကို ဝယ်ယူခြင်း ဟူသော လက်ငင်းဝန်ဆောင်မှုကိုလည်း ငှားလိမ့်မည်ဖြစ်သည်။ ကျန်းယွင်ရှိူ့ရဲ့ ပရိသတ်တွေက ဒီလူကို အာရုံမစိုက်ပဲ နေနိုင်ပါ့မလား?
ဤကျင်းခုံယွီယန်က အတွင်းသတင်းများစွာကို သိပုံလည်း ပေါ်သေးသည်။
တစ်ခါတစ်ရံတွင် ကျန်းယွင်ရှိူ့က အချိန်အတော်ကြာအောင် အပြင်ထွက်မလာပေ။ လူတိုင်းက ကျင်းခုံယွီယန်ကို မေးမြန်းပြီး ကျင်းခုံယွီယန်က ကျန်းယွင်ရှိူ့ လက်ရှိ လုပ်ဆောင်နေသည်များကို ပြောပြသည်... အများအားဖြင့် သူ ပြောသည်များမှာ မှန်ကန်သည်။
ယန်ကျင်းဇီသည် ဤအကောင့်ကို ကြည့်နေပြီး လူအများက သူ့ကို သီးသန့်မက်ဆေ့များ ပို့ထားကြောင်း တွေ့လိုက်ရသည်။ အများစုမှာ ကျန်းယွင်ရှိူ့၏ ပရိသတ်များ ဖြစ်ပြီး ထိုဓာတ်ပုံများမှာ စစ်မှန်ခြင်း ရှိ၊မရှိ သူ့ကို မေးမြန်းထားကြသည်။ လူတချို့က သူ့ကို တမင်တကာ ဓာတ်ပုံများ ပို့ပြီး သူ ကြိုက်သော လူမှာ အမှိုက် ဖြစ်သည်ဟု ပြောလေသည်...
ပိုဆိုးသည်မှာ မူလပိုင်ရှင်က ဤရက်ပိုင်းအတွင်း သုံ့ချင်းလင်ကို ပံ့ပိုးနေရသောကြောင့် ကျန်းယွင်ရှိူ့အတွက် စကားမပြောပေးနိုင်ခဲ့ချေ။ ထို့ကြောင့် သူ့ကောမန့်တွင် လူတချို့က အုပ်စုဖွဲ့လာကြသည်။ “ ကျင်းခုံယွီယန်တောင် စကားမပြောနိုင်ဘူး။ ကျန်းယွင်ရှိူ့၊ ငါ ကြောက်တာ သူက လူတိုင်း အသုံးပြုနိုင်တဲ့ အမှိုက်တစ်စ ဖြစ်နေမှာကိုပဲ။ ”
“ လူသိပြီး စိတ်မသိဘူး။ ကျန်းယွင်ရှိူ့က ဒီလိုလူမျိုးလို့ ငါ မထင်ထားဘူး။ ”
“ လေးဆယ့်-တစ်နှစ်နှစ်-အရွယ် မိန်းမကြီးနဲ့လည်း သူ အိပ်နိုင်တယ်။ ကျန်းယွင်ရှိူ့က တကယ်ပဲ... ”
“ ကျန်းယွင်ရှိူ့က ကျန်းချီရှန်ရဲ့ သားလို့ သူ့ဖန်တွေက ကြွားဝါနေကြတာမလား? ကျန်းချီရှန်က ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး၊ အိုကေလား? ငါ သိပြီ။ နာမည်ကြီးချင်လို့ သတင်းဖြန့်တာ ကျန်းယွင်ရှိူ့ပဲကိုး။ ”
“ ကျင်းခုံယွီယန်လည်း ဖန်ဒန်းထဲက ထွက်သွားပြီမလား? ဟားဟား! ”
…
သေချာတာပေါ့၊ anti-fan များ အပြင် ယန်ကျင်းဇီအတွက် စာပို့သော ကျန်းယွင်ရှိူ့၏ အမာခံပရိသတ် အနည်းငယ်လည်း ရှိသည် : “ ကျဲကျဲ၊ အဲ့ပုံတွေက အတုတွေမလား? ”
“ ကျဲကျဲ တစ်ခုခုပြောလေ! ”
“ ကျဲကျဲ၊ ယွင်ရှိူ့ ရှင်းပြပြီးပြီ။ forward လုပ်လိုက်ဦး! ”
“ ပုံတွေထဲက လူက ယွင်ရှိူ့ မဖြစ်နိုင်ဘူး! ”
…
ယန်ကျင်းဇီသည် ရွှင်မြူးလန်းဆန်းသော စန္ဒရားသံကို နားထောင်လျက် ဤစာများကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် ရှုပ်ယှက်ခတ်နေသော ခံစားချက်များဖြင့် ပြည့်နေသည်။
သို့သော် ယွီယဲ့ကတော့ ပြန်လည်ပြောပြနေသည် : “ ယွင်ရှိူ့က လူတွေကို စပြီး မစော်ကားတတ်ပေမယ့် သူ့ကို မကြိုက်တဲ့သူ အများကြီး ရှိတယ်။ ငါ ရှင်းလင်းချက် သတိပေးစာ ပို့ပြီးပြီ။ သူတို့ကို အသရေဖျက်မှုနဲ့ တရားစွဲဖို့ ရှေ့နေတစ်ယောက်ကိုလည်း ငှားထားပေမယ့် အသုံးမဝင်တဲ့ပုံပဲ... ငါ ပရိသတ်နည်းနည်းကိုလည်း ဆက်သွယ်ခဲ့ပေမယ့် တချို့က စာမပြန်ဘူး... ခဏ၊ ကျင်းခုံယွီယန် ပို့စ်တင်ပြီ။ သူ(မ)က ယွင်ရှိူ့ကို အခိုင်အမာ ထောက်ခံတယ်
! ဒီကောင်မလေးက ကောင်းတယ်! ”
ကျင်းခုံယွီယန်ဟာ ကျန်းယွင်ရှိူ့၏ လှပချမ်းသာသော မိန်းကလေး၊ ပြည်တွင်းသူဌေးပရိသတ်တစ်ဦးဟု လူတိုင်းက ထင်မြင်ကြသည်။
ယန်ကျင်းဇီသည် ယွီယဲ့ကို ဆွံ့အစွာ ကြည့်လိုက်သည် : “ မိန်းကလေး မဟုတ်ဘူး။ အဲ့ဒါ ငါလေ။ ”