ယန်ကျင်းဇီသည် အမှန်ပင် ကျန်းယွင်ရှိူ့ကို အားပေးရန် ပို့စ်တင်ခဲ့သည်။
သူသည် ကျန်းယွင်ရှိူ့၏ Weibo ပေါ်မှ ရှင်းလင်းချက်ကို ထပ်ဆင့်ရှဲ၍ ရေးလိုက်သည် : “ ဒါက ယွင်ရှိူ့ လုံးဝ မဟုတ်ဘူး။ ကောလာဟလတွေ ဖြန့်တဲ့သူတွေ၊ မင်းတို့ကို တရားရုံးမှာ တွေ့မယ်! ”
ရလဒ်ကမူ သူ ပို့စ်ရေးတင်ပြီးသည်နှင့်တပြိုင်နက် ယွီယဲ့ မြင်သွားသည်။
“ မင်းက ကျင်းခုံယွီယန်လား? ” ယွီယဲ့သည် ယန်ကျင်းဇီကို တအံ့တဩ ကြည့်သည်။
“ ဟုတ်တယ်။ ” ယန်ကျင်းဇီက ဆိုသည်။
မူလပိုင်ရှင်က အစားထိုး သုံ့ချင်းလင်ကို မချစ်ခင်တွင် သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်တို့၏ ပိုင်ရှင်မှာ လရောင်ဖြူလေး ကျန်းယွင်ရှိူ့ ဖြစ်သည်။ အမှန်ပင်၊ သုံ့ချင်းလင်ကို ကြိုက်ပြီးနောက် သူ့စိတ်နှလုံး၏ ပိုင်ရှင်မှာ ပြောင်းလဲသွားသည်။
အတိုချုပ်ပြောရလျှင် ယနေ့မတိုင်မီအထိ ကျန်းယွင်ရှိူ့သည် မူလပိုင်ရှင်၏ နှလုံးသားထဲတွင် နံပါတ် (၁) အမြဲဖြစ်ခဲ့သည်။ အထူးသဖြင့် သူသည် ကျန်းယွင်ရှိူ့အတွက် ငွေသုံးရန် ဆန္ဒရှိလေသည်။ ဤပရိသတ်အကောင့်မှာ ကျန်းယွင်ရှိူ့ကို ငွေပေးသောကြောင့်သာ သဘာဝကျစွာပင် ထင်ရှားပေါ်လွင်လာသည်။
ဥပမာ၊ ကျန်းယွင်ရှိူ့၏ တစ်ကိုယ်တော် သီချင်းခွေ “Lights” သည် လွန်ခဲ့သော လဝက်ကမှ ထွက်ရှိထားသည်။ မူလပိုင်ရှင်သည် တစ်ကြိမ်တည်းဖြင့် အချပ်နှစ်ထောင်ကို ဝယ်ယူခဲ့ပြီး သူ၏ ကိုယ်ပိုင်စုဆောင်းမှုအတွက် အချပ်တစ်ထောင်နှင့် နောက်အချပ်တစ်ထောင်ကို ကံစမ်းမဲအတွက် အသုံးပြုခဲ့ပေသည်။
ယခင် ကျန်းယွင်ရှိူ့၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင်လည်း သူသည် လက်မှတ်များကို အမြန်ဝယ်၍ လူအများထံသို့ ပေးဝေခဲ့သေးသည်။
“ အံ့ဩစရာကြီး၊ မင်းက ကျင်းခုံယွီယန်ပဲ... ” ယွီယဲ့ တီးတိုးရေရွတ်လိုက်ပြီး နောက်တစ်ခဏအတွင်း သူ့တွင် ယန်ကျင်းဇီအတွက် ကောင်းမွန်သော ခံစားချက်များ တဟုန်ထိုး မြင့်တက်သွားသည်။
ကျန်းယွင်ရှိူ့ တရုတ်နိုင်ငံသို့ ပြန်ရောက်ခါစတွင် သူသည် လူသိနည်းပြီး ပရိသတ်အနည်းငယ်သာ ရှိသည်။ သို့သော် ထိုအချိန်တွင် ဤကျင်းခုံယွီယန်သည် ကျန်းယွင်ရှိူ့ကို စတင်အားပေးနေပြီဖြစ်သည်။ ယခုအချိန်အထိ သူသည် ကျန်းယွင်ရှိူ့ကို ငါးနှစ်တာ အားပေးခဲ့သည်။ နေ့တိုင်း အားပေးတာ ငါးနှစ်လုံးလုံး!
သူသည် ဤပရိသတ်ကို အလွန်ကျေးဇူးတင်မိပြီး အကြိမ်ပေါင်းစွာ ဤလူကို ဆက်သွယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အကြိမ်တိုင်းတွင် ဤလူက အလွန်အေးစက်ကာ သူ့ကို သိပ်ပြီး မတုံ့ပြန်ရုံသာမက တခြားလူများနှင့်လည်း မဆက်ဆံတတ်ချေ...
ကျင်းခုံယွီယန်၏ လိင်အမျိုးအစားသည် “အမျိုးသား” ဖြစ်သော်လည်း အဆုံးတွင်တော့ ကျန်းယွင်ရှိူ့သည် ယောက်ျားလေး ဖြစ်သည်။ ကျန်းယွင်ရှိူ့ကို ကြိုက်နှစ်သက်သော ပရိသတ်အများစုမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။ ကျင်းခုံယွီယန်သည် တေးဂီတကို နားမလည်ဘဲ သူက တေးဂီတကို နားမလည်သောကြောင့်ပင် ဟာသများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် လူတိုင်းသည် ဤသည်က ကျန်းယွင်ရှိူ့၏ ချောမောသော မျက်နှာကြောင့် ကြိုက်နှစ်သက်သွားသော အထက်တန်းလွှာ-အေးစက်သော လှပချမ်းသာသည့် မိန်းမပျိုလေးဟုသာ ထင်ကြသည်။
အဖြေကတော့... ဒါက ယန်ကျင်းဇီတဲ့လား?
ယွီယဲ့သည် ဤလူနှစ်ဦးကို အနည်းငယ် သနားမိသွားသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ကြမှန်း သိသာသော်လည်း နှစ်ပေါင်းများစွာတိုင်အောင် အတူမရှိနိုင်ခဲ့ကြပေ။ “ တကယ်တော့ ယွင်ရှိူ့က မင်းကို လိုက်မရှာခင် မင်းပုံတွေကို Weibo မှာ တင်ချင်ခဲ့တယ်။ ငါ့အပြစ်ပါ။ ငါ သူ့ကို ပို့စ်မတင်ခိုင်းခဲ့ဘူး... ” ထိုအချိန်တွင် သူသည် ဝမ်ရှန်းချောင်က မည်သူမှန်း မသိချေ။ သူ့အတွေးမှာ အကယ်၍ ကျန်းယွင်ရှိူ့က အင်တာနက်ပေါ်တွင် ကြီးကြီးကျယ်ကျယ် လူရှာလျှင် ဝမ်ရှန်းချောင်နှင့် ပတ်သက်သော အရာအားလုံးကို တူးဆွရန် သတင်းမီဒီယာ အများအပြား ထွက်ပေါ်လာကြလိမ့်မည် ဟူ၍ ဖြစ်သည်။ ပရိသတ်များသည်လည်း ဓာတ်ပုံထဲမှ ဝတုတ်မည်းလေးနှင့် ပတ်သက်၍ အလွန်စိုးရိမ်ကြလိမ့်မည်ဖြစ်ပြီး ကောမန့်များ ရေးကြမည်မှာ သေချာသည်။ ဝေဖန်ချက်များက ဝမ်ရှန်းချောင်၏ သာမန်ဘဝကို နှောင့်ယှက်လိမ့်မည်။ ထို့ကြောင့် ကျန်းယွင်ရှိူ့ကို ထိုသို့ပြုလုပ်ရန် ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။
သူသာ ဝမ်ရှန်းချောင်က အမှန်တကယ် ယန်ကျင်းဇီ ဖြစ်ကြောင်း သိခဲ့လျှင် တားခဲ့မည်မဟုတ်ချေ။
ယန်ကျင်းဇီသည် ယွီယဲ့၏ အတွေးများကို နားလည်နိုင်သည်။
ထို့အပြင် မူလပိုင်ရှင်က တကယ့်ကို အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်သည်။ သူသာ ကျန်းယွင်ရှိူ့ကို စောစောသွားတွေ့ပြီး ကျန်းယွင်ရှိူ့က သူ့ကို အလွန်ဂရုစိုက်ကြောင်း သိသွားလျှင် သုံ့ချင်းလင်ကို ကြိုက်လောက်တော့မည်မဟုတ်။
“ အဆင်ပြေတယ်။ အခု ကောင်းတာပဲမလား? ” ယန်ကျင်းဇီ ပြုံးလိုက်သည်။
ယနေ့မှစ၍ သူက ယန်ကျင်းဇီ ဖြစ်သည်။ ကျန်းယွင်ရှိူ့က သူ့အပိုင်!
“ ဟုတ်တယ်။ ” ယွီယဲ့က ဖြေပြီး ယန်ကျင်းဇီကို မေးသည် : “ ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ? ”
ယန်ကျင်းဇီသည် ကောမန့်များကို ဖတ်နေသည်။
သူ၏ Weibo တွင် ပို့စ်တင်ပြီးနောက် ကောမန့်များစွာ ရှိလာသည်။
“ ကျဲကျဲ အရမ်းကြမ်းတယ်! ”
“ ငါလည်း ဓာတ်ပုံက အတုလို့ ထင်တယ်။ ဓာတ်ပုံက အရမ်းဝါးနေတယ်! ”
“ ယွင်ရှိူ့ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး! ”
…
အမှန်ပင်၊ အမည်းရောင်ပေါင်ဒါမှုန့်များ*... ရေတပ်လည်း ဖြစ်နိုင်သည်။ သူတို့က ပိုများသည်။
( * အမည်းရောင်ပေါင်ဒါမှုန့်များ - Anti-fans )
“ တစ်ယောက်က ဓာတ်ပုံစစ်ပြီးပြီ။ ဓာတ်ပုံက P မဟုတ်ဘူး။ ”
“ အရင်က ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ က ဗီဒီယိုအစစ်တွေလည်း ရှိသေးတယ်! ”
“ ဖန်တွေက အညစ်ကို ရေဆေးချင်နေကြတုန်းပဲ! ”
“ ကျင်းခုံယွီယန်၊ မင်းက အရမ်းကြမ်းတမ်းတယ်။ မင်း ကျန်းယွင်ရှိူ့နဲ့ အိပ်ပြီးပြီလား? ”
“ ဒီကျင်းခုံယွီယန်က ဓာတ်ပုံထဲက အမျိုးသမီး ဖြစ်နိုင်တယ်။ ”
…
ယန်ကျင်းဇီ စိတ်တိုနေသည် : “ ငါ ရှေ့နေရှာခိုင်းလိုက်မယ်။ ”
“ ရှေ့နေရှာရင် အလုပ်ဖြစ်လား? ” ယွီယဲ့က မေးသည်။ သူသည် ရှေ့နေတစ်ဦးကို မေးဖူးသော်လည်း ရှေ့နေက ကိစ္စများစွာကို ပြောခဲ့သည်။ ရှေ့နေ၏ အပြောကို နားထောင်ရသောအခါ အနုပညာကိုသာ လေ့လာဖူးသော ယွီယဲ့ မူးဝေလာသော်ငြား အဖြေမရှာနိုင်သေးပေ။
“ အလုပ်ဖြစ်တယ်။ ” ယန်ကျင်းဇီ ဆက်ပြောသည် : “ အလုပ်မဖြစ်ဘူးလို့ မင်း ထင်တာက မင်း ပိုက်ဆံပေးတာ မလောက်လို့ပဲ။ ”
လူအများကြီးကို တရားစွဲရန် ယွီယဲ့က ပိုက်ဆံမရှာနိုင်သောကြောင့် ယွီယဲ့ ရှေ့နေရှာခြင်းမှာ အသုံးမဝင်ချေ။ သို့သော် ယန်ကျင်းဇီတွင်မူ ပိုက်ဆံရှိ၏။
ထိုသို့ပြောပြီးနောက် ယန်ကျင်းဇီသည် ချက်ချင်း ဖုန်းထုတ်ပြီး သူ့ကုမ္ပဏီ၏ ရှေ့နေများ၊ သူ့အဖေ၏ ကုမ္ပဏီရှေ့နေများနှင့် သူ့အဖေနှင့် ပူးပေါင်းထားသော ရှေ့နေကုမ္ပဏီများကို ဖုန်းခေါ်၍ စတင်ဆက်သွယ်သည်။
ဤရှေ့နေများသည် ဤအလုပ်မျိုးကို မလုပ်သော်လည်း တခြားရှေ့နေများကို သိပြီး သူ့ကို မိတ်ဆက်ပေးနိုင်သည်။
ထို့အပြင် သူ့ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့သည်လည်း ကျန်းယွင်ရှိူ့၏ နာမည်ရှင်းလင်းရေးတွင် ကူညီပေးနိုင်၏။
ယန်ကျင်းဇီ၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး ချက်ချင်းဆိုသလို ဖြေရှင်းနည်းများစွာကို ရရှိလာသောကြောင့် ယွီယဲ့ အံ့အားသင့်သွားရသည်။
“ နောက်ပိုင်းမှာ ငါ ယွင်ရှိူ့အတွက် အထူးအေးဂျင့်တစ်ယောက် ရှာပေးရမယ်။ သူ့ရဲ့ အလုပ်လမ်းကြောင်းကိုလည်း သေချာစီစဉ်ရမယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ သူ မှတ်မိသည်။ နောက်နှစ်နှစ်အတွင်း သုံ့ချင်းလင်က ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး အေးဂျင့်တစ်ဦး ရှာ၍ အနုပညာလောကထဲသို့ ဝင်သွားကာ ကျန်းယွင်ရှိူ့၏ နေရာကို တက်လှမ်းလျက် ထိပ်ဆုံးဖြစ်လာသည်။ သူက ကျန်းယွင်ရှိူ့ထက် နာမည်ပိုကြီးလာသည်မှာ အချိန်သိပ်မကြာလိုက်ချေ...
ကျန်းယွင်ရှိူ့၏ အရည်အချင်းက သုံ့ချင်းလင်ထက် အများကြီး သာလွန်သည်။ သူက ပိုပြီးအများကြီး မြင့်မြင့်ဝေဝေး ရောက်နိုင်တာ သေချာတော့ နှောင့်နှေးလို့မဖြစ်ဘူး!
“ ခဏလေး ” ယွီယဲ့က ရုတ်တရက် ပြောလာသည် : “ မင်း ဒီကိစ္စကို ယွင်ရှိူ့ကို အရင်မေးရမယ်။ ”
“ မှန်တယ်... ” ယန်ကျင်းဇီသည် ဧည့်ခန်းစီသို့၊ မဟုတ်သေး၊ စန္ဒရားခန်းစီသို့ လှမ်းကြည့်လိုက်သည်။
စန္ဒရားသံမှာ လွင့်ပျံနေဆဲဖြစ်ပြီး အွန်လိုင်းကောမန့်များကို တွေ့မြင်ရခြင်းမှ ဖြစ်ပေါ်လာသော ယန်ကျင်းဇီ၏ ဒေါသများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မတ်တပ်ထရပ်လိုက်ပြီး ယန်ကျင်းဇီသည် ဝယ်လာသော နို့လက်ဖက်ရည်ပစ္စည်းများကို ထုတ်ယူကာ မီးဖိုချောင်ထဲသို့ သွားလိုက်သည်။
“ မင်း ဘာလုပ်နေတာလဲ? ” ယွီယဲ့က မေးသည်။
“ နို့လက်ဖက်ရည် ဖျော်မယ်။ ” ယန်ကျင်းဇီက ဖြေသည်။
“ ယွင်ရှိူ့က ပုံမှန်ဆို သူ ချက်တာပဲ စားတာ။ ” ယွီယဲ့က ကြင်နာစွာ သတိပေးသည်။
“ ဘာမှမဖြစ်ဘူး။ သူ မသောက်ရင် ငါ သောက်လိုက်မယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ သူသည် လက်ဖက်ရည်ကို ဦးစွာကျိုပြီး လက်ဖက်ရွက်များကို အရည်စစ်ထုတ်ပြီးမှ နို့မှုန့်နှင့် သကြားတို့ကို လက်ဖက်ရည်ထဲသို့ ထည့်သည်။
ဒါက သေချာပေါက် “နို့လက်ဖက်ရည်” အစစ်အမှန် ဖြစ်သည်။ ယန်ကျင်းဇီသည် မြည်းစမ်းကြည့်ပြီးနောက် အရသာ အဆင်ပြေသည်ဟု တွေးလိုက်သည်။ သူသည် ပါဝင်ပစ္စည်းများ၏ ပမာဏကို ပြောင်းလဲပြီး ခွက်အသစ်တစ်ခွက် ပြုလုပ်ကာ ယွီယဲ့ကို မေးလိုက်၏ : “ ငါ စန္ဒရားခန်းထဲ သွားလို့ရလား? ”
“ ရတယ်။ ဒါပေမယ့် ယွင်ရှိူ့က မင်းကို ဂရုမစိုက်လောက်ဘူး။ ” ယွီယဲ့က ပြောသည်။
“ အဆင်ပြေတယ်။ ” ထို့နောက် နို့လက်ဖက်ရည်ခွက်ကို ကိုင်လျက်ဖြင့် ယန်ကျင်းဇီသည် စန္ဒရားခန်းထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်သည်။
ဧည့်ခန်းနှင့် လသာဆောင်ကို ဖွင့်ပြီး ကျယ်ဝန်းသော စန္ဒရားခန်းအဖြစ် ပြောင်းလဲထားသည်။ အခန်းအလယ်ရှိ စန္ဒရားသည် ဤအိမ်ထဲတွင် တန်ဖိုးအကြီးဆုံးအရာ ဖြစ်နိုင်သည်။
သို့သော် ဤသည်က ကောင်းမွန်သော စန္ဒရား မဟုတ်ဘဲ မူလပိုင်ရှင် သုံ့ချင်းလင်အတွက် ဝယ်ပေးသော စန္ဒရားလောက်ပင် မကောင်းမွန်ချေ။
ကျန်းယွင်ရှိူ့သည် နေရာအသီးသီးမှ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသည်။ လှုပ်ရှားမှုများတွင် ပါဝင်သည့်အခါ သူသည် အမျိုးမျိုးသော ဈေးကြီးသည့် စန္ဒရားများကို အသုံးပြုခဲ့သော်လည်း သူ့အိမ်ရှိ ပုံမှန်သုံးနေကျ စန္ဒရားမှာ သာမန်သာ ဖြစ်သည်။
သို့သော် ကျန်းယွင်ရှိူ့သည် စန္ဒရားရှေ့တွင် ထိုင်နေသဖြင့် ဤစန္ဒရားသည် ချက်ချင်းပင် ကွဲပြားသွားသည်။
နေ့ခင်းဘက်ရောက်နေပြီဖြစ်၍ အပြင်မှ နေရောင်ခြည်သည် ကျရောက်ကာ ကျန်းယွင်ရှိူ့ပေါ်သို့ ဖြာကျသဖြင့် ကျန်းယွင်ရှိူ့ကို နတ်သားတစ်ပါးကဲ့သို့ ဖြစ်စေနေသည်။
ယန်ကျင်းဇီ ငေးမောသွားသည်။
ဤအခိုက်တွင် သူတို့၏ ဝိညာဉ်များက ချိတ်ဆက်ထားသကဲ့သို့ ကျန်းယွင်ရှိူ့က ရုတ်တရက် ခေါင်းမော့ပြီး ယန်ကျင်းဇီကို ကြည့်လာသည်။
သူတို့၏ အကြည့်များက တစ်ဖက်လူအပေါ်တွင်သာ ရှိနေကြသည်။ ကျန်းယွင်ရှိူ့၏ လက်များသည် စန္ဒရားပေါ်တွင် ပိုမိုလျင်မြန်စွာ ရွေ့လျားသွားသည်။ လှပသေသပ်သော တေးသံသာက သူ့လက်ချောင်းထိပ်များမှ ဆက်တိုက်ထွက်ပေါ်လာပြီး ယန်ကျင်းဇီ၏ စိတ်နှလုံးကို အဆက်မပြတ် ထိမှန်နေသည်။
ဤအချိန်တွင် ကျန်းယွင်ရှိူ့က ပြုံးလိုက်သည်။
ယန်ကျင်းဇီသည် သူ့ဝိညာဉ်က လွင့်မျောလျက် ကောင်းကင်ဘုံသို့ သွားချင်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းယွင်ရှိူ့က သူ့ကို ပြန်ဆွဲခေါ်ခဲ့သည်။
ကျန်းယွင်ရှိူ့က ရပ်လိုက်ပြီး ပြုံးကာ ယန်ကျင်းဇီကို ကြည့်သည် : “ ငါ တီးတာ ကောင်းရဲ့လား? ”
“ နားထောင်လို့ ကောင်းတယ်! ” ယန်ကျင်းဇီ မတွ့န်ဆုတ်ပေ : “ ကိုယ် ကြားဖူးသမျှထဲ အကောင်းဆုံး စန္ဒရားသံပဲ! ”
ကျန်းယွင်ရှိူ့က ဆက်ပြောသည် : “ အခုကစပြီး ငါ မင်းအတွက် နေ့တိုင်း တီးပေးမယ်။ ”
“ ကောင်းပြီ။ ကိုယ် မင်း တီးပြတာ နေ့တိုင်း နားထောင်မယ်။ ” ယန်ကျင်းဇီ အနည်းငယ် ထွေနေသေးသည်။
ကျန်းယွင်ရှိူ့က ထပ်မေးပြန်သည် : “ မင်း ဘာကိုင်ထားတာလဲ? ”
“ ကိုယ် ဖျော်ထားတဲ့ နို့လက်ဖက်ရည်။ မင်း သောက်ချင်လား? ” ယန်ကျင်းဇီက မေးသည်။
“ အင်း။ ” ကျန်းယွင်ရှိူ့က ခေါင်းညိတ်သည်။ “ ငါ နို့လက်ဖက်ရည် ကြိုက်တယ်။ ”
ယန်ကျင်းဇီသည် နို့လက်ဖက်ရည်ကို သယ်လာပြီး ကျန်းယွင်ရှိူ့က ယူကာ ဖြည်းဖြည်းချင်း သောက်လေသည်။
ကျန်းယွင်ရှိူ့ စားသော ပုံစံဟာ လူအများကို ပျော်ရွှင်စေပြီး သူ့အား နမ်းချင်စေလာသည်။ သို့သော် သူတို့က သူ့ကို ရုန့်ရင်းစွာ စော်ကားမိသကဲ့သို့ သူတို့ ခံစားရပေလိမ့်မည်။
“ ယွင်ရှိူ့၊ အနာဂတ်မှာ ဘာလုပ်ချင်လဲ? မင်း အနာဂတ်အတွက် ဘာအစီအစဉ်တွေ ရှိလဲ? ” ယန်ကျင်းဇီက မေးသည်။
“ ငါ ဘာမှမလုပ်ချင်ဘူး။ ” ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို ကြည့်သည် : “ မင်း ပိုက်ဆံမရှိလို့လား? ”
“ ကိုယ့်မှာ ပိုက်ဆံမရှားဘူး။ ပိုက်ဆံတွေ အများကြီး ရှိတယ်။ ” ယန်ကျင်းဇီက ဖြေသည်။
“ ဒါဆို ငါ နောက်ကျရင် ဖျော်ဖြေပွဲတွေ အများကြီး မလုပ်ချင်ဘူး။ ငါ လူတွေအများကြီးနဲ့ မတွေ့ချင်ဘူး။ ” ကျန်းယွင်ရှိူ့က ပြောလာသည်။
ယန်ကျင်းဇီ အံ့အားသင့်သွားရသည်။
ဤအချိန်တွင် ယွီယဲ့က တံခါးဝတွင် ကိုယ်တစ်ဝက် မှီလျက် ပြောလာသည် : “ ယွင်ရှိူ့က လူတွေနဲ့ ဆက်သွယ်ရတာ မကြိုက်ဘူး။ အရင်က သူက ပိုက်ဆံအများကြီး ရှာပြီး မင်းကို ရှာချင်ခဲ့တော့ အလုပ်တွေအများကြီးကို တွန့်တွန့်ဆုတ်ဆုတ်နဲ့ လက်ခံခဲ့တယ်။ မဟုတ်ရင် သေချာပေါက် သူက အပြင်မထွက်ပဲနေပြီး လူတွေနဲ့လည်း ဆက်သွယ်မှာ မဟုတ်ဘူး။ ”
ယန်ကျင်းဇီသည် တစ်စုံတစ်ယောက်က သူ့နှလုံးကို ကိုက်ဝါးသကဲ့သို့ ခံစားလိုက်ရပြီး အတော်လေး နာကျင်သွားရသည်။
သို့သော် ကျန်းယွင်ရှိူ့က ပုံမှန်အတိုင်း ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်။ ငါ သူတို့နဲ့ မဆက်သွယ်ချင်ဘူး။ ”
တကယ်တော့ ကျန်းယွင်ရှိူ့၏ ဂုဏ်သတင်းနှင့်ဆိုလျှင် ငွေရှာခြင်းမှာ အလွန်လွယ်ကူသည်။ သူ့တွင် တစ်ခါမှ ပိုက်ဆံအများအပြား မရှိခဲ့ခြင်းမှာ အဓိကအားဖြင့် သူက အပြင်ထွက်ရန် ငြင်းဆိုသောကြောင့် ဖြစ်သည်။ အလုပ်လုပ်ရန် အပြင်ထွက်သည့် အချိန်တိုင်း သူသည် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများစွာကို လုပ်ဆောင်သွားရသည်။
ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး သူ့ရင်ထဲမှ လှည့်ပတ်နေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ “ ယွင်ရှိူ့၊ အခုကစပြီး မင်း လုပ်ချင်တာ လုပ်လို့ရပြီ။ ”
“ တကယ်လား? ” ကျန်းယွင်ရှိူ့ အနည်းငယ် အံ့သြသွားသည်။
“ တကယ်။ ” ယန်ကျင်းဇီ ကျန်းယွင်ရှိူ့၏လက်ကို ကိုင်လိုက်သည်။ သူသည် ကျန်းယွင်ရှိူ့ကို ဖွက်ထားချင်လာသည်။ လူမတွေ့နိုင်လျှင် အကောင်းဆုံးပင်။
ဒီလူက သူ့အပိုင် ဖြစ်လာခြင်းမှာ ကံကောင်းလှ၏။
ဤသို့တွေးရင်း ယန်ကျင်းဇီသည် ခေါင်းငုံ့ကာ ကျန်းယွင်ရှိူ့၏လက်ကို နမ်းလိုက်ပြီး ရုတ်တရက် မေးလိုက်သည် : “ ယွင်ရှိူ့၊ မင်း ကိုယ့်ကောင်လေး ဖြစ်ပေးနိုင်မလား? ”
ကျန်းယွင်ရှိူ့ : “ ငါတို့ ခုနက အချင်းချင်း ဖွင့်ပြောပြီး မင်းက ငါ့ကို နမ်းတောင် နမ်းပြီးပြီ။ မင်းက ငါ့ကောင်လေး ဖြစ်သွားပြီ မဟုတ်ဘူးလား? ”
“ မှန်တယ်။ ကိုယ်က မင်းကောင်လေးပါ။ ” ယန်ကျင်းဇီ ရယ်လိုက်သည် : “ အခု အင်တာနက်ပေါ်မှ ကိစ္စအရှုပ်တွေကို တစ်ခုချင်းစီ အလွယ်လေး ဖြေရှင်းလို့ရပြီ... ”
“ ဘယ်လိုလဲ? ” ကျန်းယွင်ရှိူ့က မေးသည်။
“ ကိုယ်တို့ရဲ့ဆက်ဆံရေးကို တရားဝင်ဖွင့်ချမယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ မူလဇာတ်ကြောင်းတွင် မဖွယ်မရာဓာတ်ပုံများ နောက်ထပ်များစွာ ထွက်ပေါ်လာကြောင်း သူ မှတ်မိသည်။
ကျန်းယွင်ရှိူ့က ဓာတ်ပုံထဲရှိ အပေါ်မှ လူသည် သူ ဖြစ်ကြောင်းကို ငြင်းဆိုခဲ့သော်လည်း သက်သေတော့ မပြနိုင်ချေ။
ဓာတ်ပုံထဲမှ လူသည် ကျန်းယွင်ရှိူ့နှင့် ဆင်တူလွန်းပြီး သုံ့ချင်းလင်ထက်ပင် ပိုတူသေးသည်။ ထို့အပြင် ဓာတ်ပုံကို ရည်ရွယ်ချက်ရှိရှိ ဝေဝါးထားသောကြောင့် ထိုသူက ကျန်းယွင်ရှိူ့ဟု လူအများအား ထင်မြင်စေသည်။
သို့သော် ဤမဖွယ်မရာဓာတ်ပုံများ အားလုံးသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်။
မူလက ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ အနာဂတ်အတွက် စိုးရိမ်နေခဲ့သည်။ သူသည် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို ဖော်ထုတ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူသည် အခြားသူများကို တရားစွဲဆို၍ တိုက်ခိုက်ရန် ရှေ့နေရှာခြင်းနှင့် ဓာတ်ပုံပါလူကို ရှာဖွေရန် ကြိုးစား၍ နည်းလမ်းရှာခြင်းတို့ကိုသာ စီစဉ်ထားသည်။ ယခုမူ...
ဤကား အလွယ်ကူဆုံး ဖြေရှင်းချက် ဖြစ်ပြီး ကျန်းယွင်ရှိူ့က သူ့အပိုင်ဖြစ်ကြောင်း လူများကို သိစေချင်သည်။
ယန်ကျင်းဇီက စကားပြောပြီးသည်နှင့် ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။ ကျန်းယွင်ရှိူ့က တုံ့ဆိုင်းမနေပေ : “ အိုကေ။ ”
ယန်ကျင်းဇီ ရုတ်တရက် ရယ်မောလိုက်သည်။
ယွီယဲ့ : “ ... ” တိုးတက်မှုဖြစ်စဉ်က အရမ်းမြန်လွန်းတယ်လို့ သူလည်း ပြောချင်တယ်။ သူတို့က ပြန်တွေ့တွေ့ချင်း ရည်းစားတွေ ဖြစ်သွားတယ်။ သူတို့က လူသိရှင်ကြား ကြေညာဖို့တောင် စီစဉ်ထားကြတယ်လား?
ယွီယဲ့က အသံတိုးတိုးဖြင့် မေးသည် : “ မင်းတို့ ပြန်စဉ်းစားကြည့်ချင်ကြလား? ”
ယန်ကျင်းဇီ : “ ဒါက အလုံခြုံဆုံးနည်းလမ်းပဲ။ ”
ကျန်းယွင်ရှိူ့ : “ စဉ်းစားစရာ မလိုဘူး။ ”
သူတို့နှစ်ဦးသည် အတူတူ စကားပြောပြီးကြကာ အချင်းချင်း ပြုံးပြကြလေသည်။
ယွီယဲ့ : “ ... ” ကျန်းယွင်ရှိူ့က ပုံမှန်အသိနဲ့ ကိစ္စတွေကို မလုပ်တတ်ဘူး။ အဲ့ဒါက ပုံမှန်ပဲ... ဒီယန်ကျင်းဇီက သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ? သူ့အဖေ သူ့ကို သတ်မှာ သူ မကြောက်ဘူးလား?
ယန်ကျင်းဇီက တကယ်ကို မကြောက်ပေ။
သူသည် ဖုန်းဖွင့်လိုက်သောအခါ ယခုလေးတင် သူ တင်ထားသော ကျန်းယွင်ရှိူ့ကို ထောက်ခံသည့် Weibo ပို့စ်တွင် နောက်ထပ်ကောမန့်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ တချို့က အနည်းငယ် အမြင်မတော်လှ။
“ ကျင်းခုံယွီယန်က ကျန်းယွင်ရှိူ့ကို ငွေတွေ အများကြီး ပေးနိုင်တယ်။ ကျန်းယွင်ရှိူ့နဲ့ အိပ်နေတာ ဖြစ်မယ်။ ”
“ ငွေအများကြီး သုံးနိုင်တဲ့လူက မိန်းကလေး မဖြစ်နိုင်ဘူး။ ဒီလူက အသက်ကြီးကြီး မိန်းမတစ်ယောက် ဖြစ်ရမယ်။ ”
“ ကျန်းယွင်ရှိူ့က အသက်ကြီးကြီး မိန်းမကြီးတွေအတွက် အတော်လေး နှစ်လိုဖွယ်ဖြစ်တာပဲ။ ”
…
ယန်ကျင်းဇီ ဒေါသထွက်လွန်းသဖြင့် ဖုန်းကို ရိုက်ခွဲမိမတတ်ပင်။
သူသည် ကျန်းယွင်ရှိူ့၏ဘေးတွင် ထိုင်ပြီး ကျန်းယွင်ရှိူ့၏ ပခုံးများကို သိုင်းဖက်ကာ ကျန်းယွင်ရှိူ့နှင့် သူ့မျက်နှာကို နီးကပ်လျက် selfie ရိုက်လိုက်သည်။ ထို့နောက် မဆိုင်းမတွ အင်တာနက်ပေါ်တွင် တင်လိုက်၏ : “ ငါက မိန်းမ မဟုတ်ဘူး။ ကျန်းယွင်ရှိူ့က ငါ့ကောင်လေး။ ကျန်းယွင်ရှိူ့ကို အသရေဖျက်တဲ့ လူတွေ၊ ငါ မင်းတို့ကို တရားရုံးမှာ တွေ့မယ်။ ”
ထိုသို့တင်ပြီးနောက် ယန်ကျင်းဇီသည် ချက်ချင်းပင် လူတစ်ယောက်ကို ဖုန်းခေါ်၍ သူ့အတွက် Weibo အတည်ပြုချက် အထောက်အထား ရရှိရန် စေခိုင်းလိုက်သည်။
သူသည် သူ၏ Weibo နာမည်ကိုပင် ပြောင်းလဲပြီး ဩဇာအရှိဆုံး ဖြစ်သည့် – “ချီရှန်းအုပ်စု ဒါရိုက်တာ ယန်ကျင်းဇီ” အဖြစ် ပြောင်းလဲလိုက်၏။
ချီရှန်းအုပ်စုသည် သူ့အဖေ၏ အုပ်စုကုမ္ပဏီ ဖြစ်ပြီး သူ့တွင် ဤချီရှန်းအုပ်စု၏ ရှယ်ယာများ ရှိသည်။
Weibo အတည်ပြုချက် အထောက်အထားက သိပ်မမြန်ချေ။ ယန်ကျင်းဇီ၏ Weibo နှင့် နာမည်ပြောင်းခြင်းတို့ကိုသာ လူတိုင်းက ပထမဆုံး မြင်တွေ့ရသည်။
ယန်ကျင်းဇီ တင်ထားသော ဓာတ်ပုံထဲမှ လူနှစ်ဦးသည် တူညီသော အိပ်ရာဝင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး စန္ဒရားရှေ့တွင် ထိုင်နေသည်။ ဓာတ်ပုံရိုက်ဟန်က သိပ်မကောင်းသော်လည်း နှစ်ယောက်စလုံးက အလွန်ချောသည်။
ဒီ“ကျင်းခုံယွီယန်”က တကယ်ကြီး ယောက်ျားလား?
ကျန်းယွင်ရှိူ့က ယောက်ျားတွေကို တကယ် ကြိုက်တာလား?
လူတိုင်း အံ့အားသင့်သွားကြပြီးနောက် ယန်ကျင်းဇီ၏ Weibo နာမည်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
ချီရှန်းအုပ်စုရဲ့ ဒါရိုက်တာ? ဟာသပဲ!
“ မင်း ချီရှန်းအုပ်စုကို ရောက်ဖူးလား? မင်း သတ္တိကောင်းလွန်းနေတာ မဟုတ်လား? ”
“ မင်း အဲ့လိုမကြွားသင့်ဘူး။ မင်းက အရမ်း အသက်ငယ်သေးတာကို ချီရှန်းအုပ်စုရဲ့ ဒါရိုက်တာတဲ့လား? ”
“ @ယန်ကောချီ၊ လူတစ်ယောက်က ချီရှန်
းအုပ်စုရဲ့ ဒါရိုက်တာလို့ ပြောနေတယ်။ ဘာလို့ မင်း လာမကြည့်တာလဲ? ”
…
လူတိုင်း စိတ်လှုပ်ရှားနေကြစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် ဝင်ရေးလာသည်။ “ ငါ စစ်ပြီးသွားပြီ။ ချီရှန်းအုပ်စုမှာ ယန်ကျင်းဇီလို့ ခေါ်တဲ့ ရှယ်ယာရှင်တစ်ယောက် တကယ် ရှိတယ်။ ”
လူများ : “ ??? ”