အပိုင်း ၁၀၇ ( The President 7 )
Viewers 10k

ချီရှန်းအုပ်စုက ဘယ်လောက်တောင် ကြီးလိုက်သလဲ?


ချီရှန်းရဲ့ ဒါရိုက်တာ၊ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိနိုင်လဲ?


ဒီလူ၊ သူက တကယ်ပဲ ချီရှန်းရဲ့ ဒါရိုက်တာလား?


“ အတုမလား? ချီရှန်းမှာ အဲ့ဒါရိုက်တာ ရှိတယ်ဆိုရင်တောင် သူက ဒီလောက်ငယ်မနေသင့်ဘူး။ ”


“ ဘယ်လိုလုပ် ချီရှန်းရဲ့ ဒါရိုက်တာက အွန်လိုင်းမှာ ကြယ်ပွင့်နောက်လိုက်နေတာလဲ? ”


“ @ယန်ကောချီ၊ ဒီဒါရိုက်တာက ဘာဖြစ်နေတာလဲ? ”



အင်တာနက်ပေါ်မှ လူများသည် ဆူညံပွက်လောရိုက်နေကြပြီး ခဏကြာသည့်အထိ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့ come out လုပ်ကြသော ကိစ္စကို ဘယ်သူကမှ မပြောခဲ့ကြချေ။


ယန်ကျင်းဇီသည် ဆူညံပူညံ လုပ်နေကြသည့် ထိုလူများကို ဂရုမစိုက်ပေ။ သူက ကျန်းယွင်ရှိူ့ကို ကြည့်သည် : “ ကိုယ် Weibo မှာ ပို့စ်တင်ပြီးပြီ။ မင်းရော ပို့စ်တင်ဦးမလား? ”


“ ကောင်းပြီ။ ” ကျန်းယွင်ရှိူ့သည် သူ့လက်ကိုင်ဖုန်းကို ထုတ်လာသည်။


ယန်ကျင်းဇီသည် ဖုန်းလှမ်းယူ၍ ပြောလိုက်သည် : “ ကိုယ် တင်လို့ရမလား? ” ကျန်းယွင်ရှိူ့၏ Weibo တွင် တိုက်‌ခိုက်နေသူများစွာ ရှိလိမ့်မည်ဖြစ်ပြီး သူသည် ကျန်းယွင်ရှိူ့ကို မတွေ့မြင်စေချင်ချေ။


ကျန်းယွင်ရှိူ့က ချက်ချင်း သဘောတူသည် : “ စကားဝှက်က သုညခြောက်လုံး။ ”


ယန်ကျင်းဇီသည် စကားဝှက်နှိပ်၍ ကျန်းယွင်ရှိူ့၏ ဖုန်းကို ဖွင့်လိုက်ပြီး Weibo ကို နှိပ်လိုက်ကာ မရေမတွက်နိုင်သော ကောမန့်များနှင့် ထပ်ဆင့်ရှဲမှုများကို တွေ့လိုက်ရသည်။ သီးသန့်မက်ဆေ့ မရှိချေ။ ကျန်းယွင်ရှိူ့က သူငယ်ချင်းမဟုတ်သူများ သီးသန့်မက်ဆေ့ မပို့နိုင်ဟု သတ်မှတ်ထားပုံရသည်။ ထို့အပြင် သူက လူများကို follow လုပ်ရသည်အား မနှစ်သက်သဖြင့် အခြားသူများက သူ့ကို သီးသန့်မက်ဆေ့ လုံးဝ မပို့နိုင်ချေ။


ယန်ကျင်းဇီသည် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ကောမန့်များနှင့် ထပ်ဆင့်ရှဲခြင်းများတွင် ထောက်ခံသူများနှင့် အမုန်းစကား ကောမန့်တချို့ ရှိကြောင်း တွေ့လိုက်ရသည်။


သူက ဒါကို ဂရုမစိုက်ဘဲ ကျန်းယွင်ရှိူ့၏ Weibo ကို အသုံးပြု၍ သူ၏ ကိုယ်ပိုင် Weibo ကို ထပ်ဆင့်ရှဲပြီးနောက် “♡” ထပ်ထည့်လိုက်သည်။


သူကိုယ်တိုင် တင်ထားခြင်း ဖြစ်သော်လည်း ဤအသည်းပုံကို သူ ပိုကြည့်လေလေ၊ ပိုလှလာလေလေဟု သူ ခံစားရသည်။


Weibo ပို့်စ်တင်ပြီးနောက် ယန်ကျင်းဇီသည် ဖုန်းကို ပိတ်လိုက်ပြီး ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည် : “ ယွင်ရှိူ့၊ မင်း ကိုယ့်နေရာကို ရွှေ့ချင်လား? ” ဤရပ်ကွက်က ကျန်းယွင်ရှိူ့အတွက် မလုံခြုံဖြစ်လွန်းသည်။


ယခင်က ယန်ကျင်းဇီ ပြောသမျှကို ကျန်းယွင်ရှိူ့သည် အမြဲသဘောတူခဲ့သော်လည်း ဤအချိန်တွင် ဘာမှမပြောဘဲ တုံ့ဆိုင်းနေသည်။


ယန်ကျင်းဇီ : “ ကိုယ့်ဗီလာက ပိုလုံခြုံတယ်။ ကိုယ် စန္ဒရားခန်းကျယ်တစ်ခန်းလည်း ထည့်ထားတယ်။ အဲ့မှာ ပရော်ဖက်ရှင်နယ်အဆင့် စန္ဒရားလည်း ရှိတယ်။ မင်း ဂီတတူရိယာမျိုးစုံလည်း ထားနိုင်တယ်... ဒါပေါ့၊ မင်းရဲ့ စန္ဒရားကို သုံးရတာ ကျင့်သားရနေပြီဆိုရင် ဒီစန္ဒရားကိုလည်း ရွှေ့သွားနိုင်တယ်... ” 


ယန်ကျင်းဇီသည် အဆက်မပြတ် ပြောနေသည်။


ကျန်းယွင်ရှိူ့ : “ ဒါပေမယ့် ငါက နှစ်လို့ဖွယ်မကောင်းဘူး။ ”


“ ဘာ? ” ယန်ကျင်းဇီက မေးသည် : “ ကျန်းယွင်ရှိူ့ရဲ့ ဘယ်ဟာက နှစ်လို့ဖွယ်မကောင်းတာလဲ? ”


“ မင်းမိဘတွေက ငါ့ကို သဘောကျမှာလား? ” ကျန်းယွင်ရှိူ့က မေး၏။


ကျန်းယွင်ရှိူ့ စိတ်ပူနေတာ ဒါကိုး!


ယန်ကျင်းဇီ : “ ကိုယ်က အဲ့မှာ တစ်ယောက်တည်း နေတာ။ ပြီးတော့ မင်းက ကိုယ် သဘောအကျဆုံးလူ... ဆိုတော့ မင်း သွားချင်လား? ”


“ သွားချင်တယ်။ ” ကျန်းယွင်ရှိူ့က ချက်ချင်း ဖြေပြီး ယန်ကျင်းဇီကို ကြည့်သောအခါ သူ့မျက်ဝန်းများက တောက်ပနေသည်။


ယန်ကျင်းဇီသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကျန်းယွင်ရှိူ့၏ ဘယ်ဘက်ပါးကို နမ်းလိုက်သည်။


ကျန်းယွင်ရှိူ့က မပုန်းကွယ်ဘဲ ယန်ကျင်းဇီကို ကြည့်နေဆဲ။


ယန်ကျင်းဇီသည် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်ပြီး မပျော်မရွှင် အမူအရာတချို့ကို ပြသနေသော ကျန်းယွင်ရှိူ့ကို နောက်ဆုံး တွေ့သွားသည်။


ယန်ကျင်းဇီ မရယ်ရဲတော့ဘဲ နည်းနည်းတုန်လှုပ်သွားသည် : “ အဆင်မပြေဘူးလား? ”


ကျန်းယွင်ရှိူ့ : “ ဘာလို့ မင်း တစ်ဖက်တည်းကိုပဲ နမ်းတာလဲ? ” သူသည် အနည်းငယ် စွဲလမ်းတတ်ပြီး ယန်ကျင်းဇီ သူ့ပါးတစ်ဖက်တည်းကိုသာ နမ်းသွားခြင်းက သူ့အား အနည်းငယ် အဆင်မပြေဖြစ်စေသည်။


ယန်ကျင်းဇီသည် နောက်ပါးတစ်ဖက်ကို အမြန်နမ်းလိုက်သည်။ ဒီလိုကောင်းတဲ့ကိစ္စ ရှိသေးတာပဲ!


ယွီယဲ့ : “ ... ” မင်းတို့နှစ်ယောက် ငါ့ကို မေ့သွားပြီလား?


ယန်ကျင်းဇီနှင့် အတူနေထိုင်ရန် ကျန်းယွင်ရှိူ့ သဘောတူပြီးနောက် ယန်ကျင်းဇီသည် အတွင်းရေးမှူးကျိုးကို ချက်ချင်း ဆက်သွယ်ပြီး အတွင်းရေးမှူးကျိုးအား သူတို့အတွက် သက်တောင့်စောင့်အချို့ကို ရှာခိုင်းပြီးမှ ကျန်းယွင်ရှိူ့၏ ပစ္စည်းများကို ကူညီထုပ်ပိုးပေးသည်။


ကျန်းယွင်ရှိူ့၏ ပစ္စည်းများမှာ အလွန်နည်းသည်။


ယန်ကျင်းဇီတွင် ဂီတတူရိယာများ ရှိသဖြင့် ကျန်းယွင်ရှိူ့သည် သူ့ကိုယ်ပိုင် ဂီတတူရိယာများကို ယူရန် မစီစဉ်ထားချေ။ အဆုံးတွင် သူသည် ခရီးဆောင်အိတ်တစ်အိတ်နှင့် အဝတ်အိတ်တစ်ထုပ်သာ ထုပ်ပိုးဖြစ်သည်။ ဤနှစ်ခုကိုသာ သယ်ဆောင်လျှင် သွားနိုင်ပြီဖြစ်သည်။


ဆန့်ကျင်ဘက်အားဖြင့် ယွီယဲ့တွင် ပစ္စည်းမျိုးစုံပါ သေတ္တာကြီးနှစ်လုံးနှင့် အဝတ်အိတ်သုံးအိတ် ရှိသည်။


ဝတ်လာသော အင်္ကျီများကို လဲဝတ်၍ ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ ပစ္စည်းများကို ယူပြီး ရောက်ရှိလာပြီးသော သက်တော်စောင့်များကို ယွီယဲ့၏ ပစ္စည်းများ ဝိုင်းသယ်ပေးခိုင်းလိုက်ပြီးနောက် အပြင်သို့ ထွက်လာသည်။


အပြင်ဘက်တွင် သတင်းထောက်များ ရှိသော်လည်း သက်တော်စောင့်များက သူတို့ကို အလွန်ကာကွယ်ပေးသည်။ သူတို့ ထွက်သွားသောအခါ သက်တော်စောင့်များက သတင်းထောက်များနှင့် “စကားပြော” ရန် ထွက်သွားကြသည်... ဓာတ်ပုံများ ပြန့်မသွားစေရန် ဖြစ်သည်။


ကားပေါ်တက်ပြီးနောက် သူတို့သည် ယန်ကျင်းဇီ နေထိုင်သော ဗီလာသို့ သွားကြသည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် သူ့ကိုယ်သူ အသေလေးစားနေပြီဖြစ်သည် – သူ ခရီးတစ်ခေါက် သွားတာ သူ့ဇနီးကို တကယ် အိမ်ပြန်ခေါ်လာနိုင်တယ်!


“ ယွင်ရှိူ့၊ ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံပါ့မယ်။ ” ယန်ကျင်းဇီက ဆိုသည်။


“ ငါလည်း မင်းကို ကောင်းကောင်းဆက်ဆံမယ်။ ” ကျန်းယွင်ရှိူ့က ပြောသည်။


ယန်ကျင်းဇီ သူ့ကို ထပ်နမ်းချင်လာပြန်သည်...


ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ခင်နေကြပြီး ချိုမြိန်နေကြစဉ် တခြားတစ်ဖက်တွင်တော့ သုံ့ချင်းလင် ဒေါသထွက်နေလေသည်။


သုံ့ချင်းလင်သည် ‌မနေ့ညက ယန်ကျင်းဇီ၏ ဖုန်းခေါ်ဆိုမှုကို ပြန်မဖြေခဲ့သော်လည်း ယန်ကျင်းဇီ၏ မက်ဆေ့ကို မြင်ပြီးနောက် ယန်ကျင်းဇီ သူ့အိမ်တွင် ရှိနေကြောင်း သိလိုက်သည်။


နံနက်စောစောတွင် သူသည် စာချုပ်ရပ်စဲရေးစာဖြင့် ယန်ကျင်းဇီစီသို့ သွားသောအခါ ယန်ကျင်းဇီ၏ သဘောမတူညီမှုအတွက် ပြင်ဆင်ပြီးပြီဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ယန်ကျင်းဇီနှင့် စာချုပ်ရပ်စဲရန်ကိစ္စကို စကားပြောခဲ့ပြီး ယန်ကျင်းဇီက ဒေါသထွက်သွားခဲ့သည်။ သူသည် ယန်ကျင်းဇီကို ရက်အနည်းငယ်ကြာ ပစ်ထားခဲ့လေရာ ယန်ကျင်းဇီ ပို၍ပင် စိတ်ဆိုးနေလောက်ပြီ။


ရယ်ရသည်။ သူသည် သူ၏ ယခင်ဘဝတွင် ယန်ကျင်းဇီကို အမြဲနာခံသော်လည်း ယန်ကျင်းဇီက သူ့ကို အလေးအနက်မထားချေ။ ပြန်လည်မွေးဖွားပြီးနောက် သူသည် ယန်ကျင်းဇီကို ဂရုမစိုက်တော့သော်ငြား ယန်ကျင်းဇီက သူ့ကို ဂရုစိုက်ပြီး သူ စိတ်ကျေနပ်မည့် ကိစ္စအများအပြားကို လုပ်ပေးသည်။


အမှန်ပင်၊ သုံ့ချင်းလင်က ပြန်လည်မွေးဖွားလာသည်။


သူသည် သူ့ယခင်ဘဝတွင် ယန်ကျင်းဇီကို အလွန်ချစ်ခဲ့သောကြောင့် အခြားလူအတွက် အစားထိုး ဖြစ်ပေးရန် မတုံ့ဆိုင်းခဲ့ပေ။ သို့သော် ယန်ကျင်းဇီက သူ့ကို တစ်ခါမှ အလေးအနက် မထားခဲ့။


ထိုအချိန်တွင်မူ သူသည် ယန်ကျင်းဇီကြောင့် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော အချစ်ကို ခံစားခဲ့ရသည်။


သူတို့၏ စာချုပ်သက်တမ်း မကုန်မီ ယန်ကျင်းဇီက တစ်ခါအရက်မူးလာပြီး သူ့ကို ကျန်းယွင်ရှိူ့အဖြစ် မှတ်ယူကာ သူနှင့် တစ်ညတာ အတူနေခဲ့သည်။


သူတို့၏ ဆက်ဆံရေးက ထိုအချိန်မှစ၍ ပြောင်းလဲလာလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း နောက်နေ့နိုးလာပြီးနောက် ယန်ကျင်းဇီက အိပ်ရာပေါ်သို့ တက်လာသူမှာ သူ ဖြစ်သည်ဟု တွေးလျက် ဒေါသတကြီးဖြင့် သူ့ကို ဆက်တိုက် ကြိမ်းမောင်းနေလိမ့်မည်ဟုတော့ မထင်မိခဲ့ချေ။


သူ ယန်ကျင်းဇီကို မငြင်းဆန်မိသည်မှာ မှန်သည်။ ဒါပေမယ့် အဲ့ညက အစပျိုးတာ ယန်ကျင်းဇီမှန်း သေချာတယ်!


ယန်ကျင်းဇီက သူ့ရှင်းပြချက်ကို နားမထောင်သည့်အပြင် သူ့နာကျင်မှုကိုလည်း နားမလည်။ သူ့ကို ဆူပူကြိမ်းမောင်းပြီးနောက် ယန်ကျင်းဇီက လှည့်ထွက်သွားပြီး ဖျားနေသော သူ့ကို ဂရုစိုက်မည့်လူ မရှိဘဲ အိမ်တွင် တစ်ယောက်တည်း ထားခဲ့သည်။


သို့သော် သူက ယန်ကျင်းဇီကို ချစ်နေဆဲဖြစ်သည်။


ထို့နောက်တွင်လည်း ယန်ကျင်းဇီက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံနေဆဲဖြစ်၏။ သူ့ကို သတိရသောအခါ သူ့ထံသို့ လာပြီး အလုပ်များနေချိန်တွင် သူ့ကို လျစ်လျူရှုထားသည်။ တစ်ခါတွင် သူသည် ယန်ကျင်းဇီနှင့် အပြင်အတူထွက်ပြီး ယန်ကျင်းဇီကို အိမ်ပြန်လိုက်ပို့သောအခါ ယန်ကျင်းဇီ၏အိမ်၌ ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများနှင့် ပြည့်နှက်နေသေးကြောင်း တွေ့လိုက်ရသည်။


သူ့နှလုံးသား ကြေကွဲသွားသည်။


သို့သော် သူ ယန်ကျင်းဇီထံမှ ထွက်မသွားနိုင်သေး။


စာချုပ်ကုန်ဆုံးပြီးနောက် သူသည် ယန်ကျင်းဇီနှင့် နောက်ထပ်နှစ်နှစ် ဆက်နေခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် ယန်ကျင်းဇီ၏ သူ့အပေါ် သဘောထားက ပိုမိုကောင်းလာသည်။ ဤအချိန်တွင် ကျန်းယွင်ရှိူ့က သူသည် ယောက်ျားများကို သဘောကျကြောင်းနှင့် အလယ်တန်းကျောင်း အတန်းဖော်တစ်ဦးကို ကြိုက်ခဲ့ကြောင်း ထုတ်ပြောခဲ့သည်။


ကျန်းယွင်ရှိူ့က ယောက်ျားများကို အမှန်တကယ် နှစ်သက်ကြောင်း သိလိုက်ရသဖြင့် ယန်ကျင်းဇီက ရူးသွပ်သွားကာ သူ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘဲ ကျန်းယွင်ရှိူ့နောက်ကို လိုက်သွားသည်။


ကျန်းယွင်ရှိူ့က ဝမ်ရှန်းချောင်ဟု ခေါ်သော အလယ်တန်းကျောင်း အတန်းဖော်ကို ကြိုက်သည်ဟု ပြောသော်လည်း ယန်ကျင်းဇီနှင့် ပတ်သက်နေဆဲဖြစ်သည်။


သူက ယန်ကျင်းဇီကို အကြိမ်ပေါင်းများစွာ သွားရှာသော်လည်း ယန်ကျင်းဇီက သူ့ကို လျစ်လျူရှုပြီး မောင်းထုတ်သည်။ သူသည် ငေးငိုင်တွေဝေကာ ကားမတော်တဆမှု ဖြစ်ခဲ့သည်။


သူသည် ကားမတော်တဆမှုကြောင့် ဆေးရုံတင်လိုက်ရပြီး ယန်ကျင်းဇီက သူ့ကို လာမတွေ့ဘဲ သူ့ကိုယ်သူ ကာကွယ်ရန်သာ ထားခဲ့၏။


သူ ဆေးရုံမှ ဆင်းလာမှသာ ယန်ကျင်းဇီ၏ဘေးမှ အတွင်းရေးမှူးက သူ့ကို လာရှာပြီး ယန်ကျင်းဇီက သူနှင့် ဆက်ဆံရေး ဖြတ်တောက်ခြင်းကြောင်းနှင့် လျော်ကြေးအဖြစ် နိုင်ငံခြားပညာတော်သင် ပို့ပေးမည်‌ဖြစ်ကြောင်း ပြောခဲ့သည်။


သူက မသွားချင်သော်လည်း ယန်ကျင်းဇီက သူ့ကို သွားစေချင်သဖြင့် သူ သွားသည်။


နိုင်ငံခြားသွားမည့် လေယာဉ်ပေါ်သို့ သူ တက်သည်။


ရလဒ်ကမူ လေယာဉ်ပျက်ကျပြီး နိုင်ငံခြားသွားရာလမ်းတွင် သူ သေဆုံးသွားသည်။


သို့သော် သူ သေဆုံးသွားသော်ငြား ပြန်လည်မွေးဖွားခဲ့သည်။


သူသည် အရက်မူးနေသော ယန်ကျင်းဇီနှင့် လိင်မဆက်ဆံရသေးမီ အချိန်တွင် ပြန်လည်မွေးဖွားလာသည်။ ထိုအချိန်တွင် သူတို့၏ စာချုပ်ဆက်ဆံရေး အဆုံးမသတ်မီ အချိန်သုံးလ ကျန်သေးသည်။


သူ့ရဲ့ ဘဝအသစ်မှာ သူ ဘယ်တော့မှ ယန်ကျင်းဇီကို ထပ်မချစ်တော့ဘူး! ပြီးတော့ ကြာပန်းဖြူလေး ကျန်းယွင်ရှိူ့ကိုလည်း သူ ကြည့်ကောင်းစေရမယ်!


သူ၏ ယခင်ဘဝတွင် တစ်စုံတစ်ယောက်သည် အင်တာနက်ပေါ်တွင် ကျန်းယွင်ရှိူ့၏ မဖွယ်မရာဓာတ်ပုံများကို တင်ခဲ့သည်။ အဲ့ကျန်းယွင်ရှိူ့က မြင်ရသလိုမျိုး မဟုတ်ဘူး ဆိုတာ သေချာတယ်!


ဤမဖွယ်မရာဓာတ်ပုံများကြောင့် ယန်ကျင်းဇီ၏ သူ့အပေါ် သဘောထား ပိုကောင်းလာသည်။ သူ့ကို မိတ်ဆက်ပေးသောအခါ ယန်ကျင်းဇီက သူ့ကို “ရည်းစား” ဟုပင် နာမည်တပ်ပေးသည်။


သူသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ဘဝတွင် လအနည်းငယ်ကြာ နေထိုင်ခဲ့သောလည်း ကျန်းယွင်ရှိူ့က များစွာအပြစ်တင်ခံခဲ့ရသည်။ သူ့ကို ဖယ်ရှားရန်အတွက် ကျန်းယွင်ရှိူ့က အင်တာဗျူးတစ်ခုတွင်ပင် သူ တကယ် ကြိုက်သည်မှာ ယောက်ျားများ ဖြစ်ကြောင်းနှင့် ဝမ်ရှန်းချောင်ဟု အမည်ရသော ယောက်ျားကို သဘောကျကြောင်း လိမ်ညာခဲ့သည်။


ယန်ကျင်းဇီက ချက်ချင်းပင် သူ့ကို စွန့်ပစ်လိုက်ပြီး ကျန်းယွင်ရှိူ့ နောက်သို့ လိုက်သွားပြန်သည်။


ဘာလို့ ကျန်းယွင်ရှိူ့လိုလူမျိုးက “နတ်သားလေး” ဒါမှမဟုတ် “မင်းသားလေး” လို့ အခေါ်ခံရတာလဲ? ဘာလို့ သူ့ကို လူတွေအများကြီးက သဘောကျကြတာလဲ?


သူ့တွင် ကျန်းယွင်ရှိူ့၏ မိသားစုနောက်ခံသာ ရှိလျှင် သူ၏ အောင်မြင်မှုများသည် ကျန်းယွင်ရှိူ့ထက် ပိုမိုဆိုးရွားလိမ့်မည် မဟုတ်ချေ။


သုံ့ချင်းလင်သည် ပြန်လည်မွေးဖွားလာကြောင်း သိရှိပြီးနောက် ကျန်းယွင်ရှိူ့၏ မျက်နှာအစစ်ကို ဖော်ထုတ်ရန် စီစဉ်ထားသည်။


ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို အလွန်စိုးရိမ်ပြီး ကျန်းယွင်ရှိူ့နှင့် ပတ်သက်သော ကိစ္စအနည်းငယ်ကို သိထား၏။ သူသည်လည်း ကျန်းယွင်ရှိူ့၏ ဖုန်းနံပါတ်ကို မှတ်မိသေးသည်။


သူ့ယခင်ဘဝ၏ တစ်ရက်တွင် ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ က ရဲတိုင်ခံရပြီး ရဲက နာမည်ကြီးများစွာကို ဖမ်းဆီးသွားသဖြင့် နာမည်ကြီးများစွာ ပျက်စီးသွားကြောင်း သူ မှတ်မိသည်... သူသည် ကျန်းယွင်ရှိူ့ထံသို့ ဝမ်ရှန်းချောင်က ထိုနေရာတွင် ရှိနေကြောင်း မက်ဆေ့ပို့ပြီး ကျန်းယွင်ရှိူ့ကို ထိုနေရာသို့ သွားစေသည်။


သူ့ယခင်ဘဝတွင် ကျန်းယွင်ရှိူ့က ဤလူကို ရှာဖွေနေကြောင်း ပြောခဲ့သည်... ဤလူက ဘယ်သူဖြစ်မှန်း သူ မသိသော်လည်း ယင်းက သူ့ကို ဤနာမည် အသုံးပြုခြင်းမှ မတားဆီးနိုင်ချေ။


တကယ်တော့ ကျန်းယွင်ရှိူ့ သွားလိမ့်မည် ဆိုသည်အား သူ မသေချာပေ။ ဒါပေမယ့် ကျန်းယွင်ရှိူ့က တကယ် သွားတယ်!


ထို့နောက်တွင် သူသည် ကျန်းယွင်ရှိူ့၏ မဖွယ်မရာဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ရှိသူကို ဆက်သွယ်ခဲ့ပြီး အဆိုပါဓာတ်ပုံများကို ဝယ်ယူကာ မီဒီယာသို့ ပေးပို့ခဲ့သည်။


ကျန်းယွင်ရှိူ့က အပြင်ပန်းသွင်ပြင်ကဲ့သို့ မဖြူစင်ကြောင်း လူတိုင်းကို သူ သိစေချင်သည်။


ယန်ကျင်းဇီအတွက်မူ... သူ ဤလူကို မချစ်တော့ပေ။ သူသည် ယန်ကျင်းဇီနှင့် စာချုပ်ကို ရပ်စဲချင်ပြီး သူ့ဘဝသစ်ကို ဖြတ်သန်းချင်သည်။


သို့သော်လည်း ယန်ကျင်းဇီ၏ သူ့အပေါ် သဘောထားဟာ ရုတ်တရက် ပြောင်းလဲသွားသည်... ရယ်စရာကောင်းလိုက်တာ! ယန်ကျင်းဇီကို သူ မချစ်တော့တဲ့ နောက်မှာတော့ ယန်ကျင်းဇီက သူ့ကို တကယ်ကြီး စချစ်ခဲ့တယ်!


သူသည် ယန်ကျင်းဇီနှင့် အလွန်ရင်းနှီးပြီး ယန်ကျင်းဇီ သူ့ကို ကြည့်သောအခါ မျက်ဝန်းများတွင် အချစ်များနှင့် ပြည့်နှက်နေကာ သူ ဘယ်တော့မှ အထင်မှားမည်မဟုတ်။


ယန်ကျင်းဇီက သူ့ကိုယ်သူ နားမလည်သေးရုံသာ ဖြစ်သည်။


သို့သော် သူသည် ယန်ကျင်းဇီနှင့် အတူရှိတော့မည် မဟုတ်ဘဲ သူ့တွင် ကောင်းပေါ်ဟောင် ရှိနေပြီဖြစ်သည်။


သုံ့ချင်းလင်သည် အလွန်ပျော်ရွှင်နေပြီး ယန်ကျင်းဇီက သေချာပေါက် ပြဿနာရှာကာ စာချုပ်ရပ်စဲရန် ငြင်းလိမ့်မည်ဟု ခံစားမိသည်။ သို့သော်...


ဒီမနက်မှာ မထင်မှတ်ဘဲ ယန်ကျင်းဇီက စာချုပ်ဖျက်သိမ်းလိုက်တယ်!


သုံ့ချင်းလင်တွင် လက်သီးဖြင့်ထိုးသော်ငြား ဝါဂွမ်းကိုသာ ထိမိသည့် ခံစားချက် ရှိနေသည်။


သို့သော် အဆုံးအထိ ယန်ကျင်းဇီက သူ့ကို သည်းမခံနိုင်သေး။


ယန်ကျင်းဇီက သူ လက်ရှိနေနေသော အိမ်ကို ပေးခဲ့သည်။ သူသည် နောက်ဆုံးဘဝတွင် နှစ်ပေါင်းများစွာ နေလာရာ အိမ်ကို တွယ်တာမိပြီး ဝယ်ယူချင်ခဲ့သည်။ ရလဒ်ကမူ ယန်ကျင်းဇီက ယွမ်ဆယ်သန်းထက်ကျော်သည့် မြင့်မားသော တန်ဖိုးကို တမင်သက်သက် ခေါ်ဆိုခဲ့၏... ယန်ကျင်းဇီက ဒီအိမ်ကို သုံးပြီး သူ့ကို နေဖို့ ဖိအားပေးချင်တာလား?


သူ သူ့အိမ်အတွက် ဘယ်တော့မှ အလျှော့မပေးဘူး!


သုံ့ချင်းလင်သည် ယန်ကျင်းဇီနှင့် ဆက်သွယ်လေ့ရှိသော ဖုန်းကို ပိတ်ပြီး အိမ်မှ ထွက်ခွာကာ ကောင်းပေါ်ဟောင်ကို ရှာရန် ထွက်လာသည်။ ဤအချိန်တွင် အင်တာနက်ပေါ်မှ သတင်းများကို အာရုံစူးစိုက်ရန်လည်း မမေ့လျော့ချေ။


ကျန်းယွင်ရှိူ့၏ မဖွယ်မရာဓာတ်ပုံများ စွမ်းအားမှာ ထွက်ပေါ်လာပြီး အင်တာနက်ပေါ်ရှိ နေရာတိုင်းမှ လူများက ကျန်းယွင်ရှိူ့ကို ဆဲဆိုကြိမ်းမောင်းနေကြသည်။


ကျန်းယွင်ရှိူ့... သူက တကယ်တော့ GAY ပါ ဆိုပြီး ထပ်ဖြေရှင်းလောက်ဦးမယ်မလား?


သို့သော် ယန်ကျင်းဇီကဲ့သို့ လူမျိုးမှလွဲ၍ ကျန်းယွင်ရှိူ့ ပြောသော ပေါက်ကရများကို တခြားဘယ်သူကမှ ယုံလိမ့်မည်မဟုတ် – ဆယ်နှစ်ကျော်လောက် အလယ်တန်းကျောင်း အတန်းဖော်ကို စွဲလမ်းနေတယ် ဆိုတာ ဘယ်လိုပေါက်ကရမျိုးလဲ?


အခြားသူများက ကျန်းယွင်ရှိူ့ကို ယုံကြည်သည် ဆိုလျှင်ပင် ကိစ္စမရှိချေ။ သူ့မှာ ကျန်းယွင်ရှိူ့ကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ရှိသေးတယ်!


သုံ့ချင်းလင်သည် ကျန်းယွင်ရှိူ့၏ ကောင်းမွန်သော ရှိုးကို ကြည့်ရှုရန် စောင့်နေပြီဖြစ်သည်။


ရလဒ်ကမူ... ကျန်းယွင်ရှိူ့နဲ့ ယန်ကျင်းဇီ အွန်လိုင်းပေါ်မှာ come out လုပ်တာကို ‌သူ တကယ်ကြီး တွေ့လိုက်ရတယ်!


ဘာတွေဖြစ်နေတာလဲ?


သုံ့ချင်းလင်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့နှင့် ယွီယဲ့ကို သူ့ဗီလာသို့ ခေါ်ဆောင်သွားခဲ့ပြီးဖြစ်သည်။


သူတို့သုံးယောက် ဗီလာထဲသို့ ဝင်လိုက်သည်နှင့် ဗီလာ၏ နံရံများတွင် ချိတ်ဆွဲထားသော ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများကို တွေ့လိုက်ရသည်။


ယွီယဲ့ : “ ... ” ဒါက နည်းနည်း ရှက်စရာမကောင်းဘူးလား?