ယန်ကျင်းဇီသည် နံရံများတွင် ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားခြင်း ဟူသော သူ၏ ရူးနှမ်းနှမ်း အပြုအမူကို မရှက်ရွံ့သည့်အပြင် ဂုဏ်ယူသည်။ သူက ပြုံးပြီး ကျန်းယွင်ရှိူ့ကို ကြည့်သည် : “ ဒါက ကိုယ့်ရဲ့ မင်းပုံတွေ စုစည်းမှုလေ။ ဓာတ်ပုံတွေအကုန်လုံး အရမ်းကောင်းတယ်မလား? ”
ကျန်းယွင်ရှိူ့သည် မျက်စိအပြူးသားနှင့် ဓာတ်ပုံများကို ကြည့်နေမိသည်။ ဤဓာတ်ပုံများသည် အချိန်ကာလ အများအပြားကို လွှမ်းခြုံထားပြီး မည်သည့်အချိန်၌ ရိုက်ကူးခံရသည်ကို သူကိုယ်တိုင်တောင် မသိသော ဓာတ်ပုံတချို့ပင် ရှိသည်။
“ ဒီဓာတ်ပုံတွေထဲက လူတွေက ကမ္ဘာပေါ်မှာ ကြည့်အကောင်းဆုံးလူလို့ ကိုယ် ထင်တယ်။ ” ယန်ကျင်းဇီက ပြုံးလျက် ကျန်းယွင်ရှိူ့ကို ကြည့်သည်။
ယွီယဲ့ : “ ... ” ကျန်းယွင်ရှိူ့က အရမ်းချောတာကို သူ လက်ခံပါတယ်။ ဒါပေမယ့် အဲ့လိုပြောတာက အရမ်းချဲ့ကားလွန်းမနေဘူးလား?
သို့သော် ကျန်းယွင်ရှိူ့ကမူ ရှက်သွေးဖြာသွား၏ : “ မင်းလည်း ကြည့်ကောင်းပါတယ်။ ”
“ ဒါဆို ကိုယ်တို့က လိုက်ဖက်ညီကြတာပေါ့။ ” ယန်ကျင်းဇီက ဆိုသည်။
ကျန်းယွင်ရှိူ့ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ယွီယဲ့ : “ ... ” ဒီလူနှစ်ယောက်က တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲ။
ယန်ကျင်းဇီက ပျော်ရွှင်စွာဖြင့် ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများကို နံရံများတွင် ချိတ်ဆွဲထားသည်။ ကျန်းယွင်ရှိူ့ကတော့ မြင်မြင်ချင်းတောင် ရှက်မသွားဘူး!
“ အခု ဒီဗီလာကို သန့်ရှင်းရေး ကောင်းကောင်းမလုပ်ရသေးဘူး... အရင်တစ်ချက်ကြည့်ပြီးမှ သေသေချာချာ သန့်ရှင်းဖို့ ကိုယ် လူခေါ်လိုက်မယ်လေ? ” ယန်ကျင်းဇီ အကြံပြုလိုက်သည်။
ကျန်းယွင်ရှိူ့က သူ့ဘာသာသူ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ ဤနေရာက အလွန်ကျယ်ဝန်းပြီး ကျန်းယွင်ရှိူ့ကို ပင်ပန်းစေနိုင်သည်။ ယန်ကျင်းဇီသည် သန့်ရှင်းရေးလုပ်မည့်လူကို ရှာရန် ဆုံးဖြတ်ထားသည်။
ကျန်းယွင်ရှိူ့က ပြောသည် : “ တကယ်တော့ ငါ့ရဲ့ သန့်ရှင်းမှု အစွဲက အရမ်းမပြင်းထန်ပါဘူး။ အရေးမကြီးဘူး။ ” ထို့နောက် သူသည် အနည်းငယ် စိတ်ပျက်သွားသည် – အမှန်တော့ သူ၏ သန့်ရှင်းသပ်ရပ်မှု အလေ့အထက အတော့်ကို ပြင်းထန်သည်...
“ အဲ့ဒါက မင်းကို အမြဲတမ်း သက်တောင့်သက်သာ ဖြစ်စေတယ်လေ။ ” ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို ပြုံးပြသည်။
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ အပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရကြောင်း ခံစားမိလိုက်ရသည်။
သူသည် ယန်ကျင်းဇီ၏နောက်မှလိုက်၍ ဤသုံးထပ်ဗီလာကို စတင်လည်ပတ်သည်။
ဤဗီလာတည်ရှိရာနေရာမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဗီလာများကို ဆောက်လုပ်ခွင့် မပြုထားသောကြောင့် ဤဗီလာသည် နှစ်အနည်းငယ်ကြာနေပြီဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်က ပြန်လည်မွမ်းမံထားသဖြင့် ၎င်းကို အထူးသစ်လွင်စေနေသည်။
ထို့အပြင် ဤဗီလာ၏ ပိုင်ရှင်သည် ရိုင်းစိုင်းသော လူတစ်ယောက် ဖြစ်ရာ ဤဗီလာကို ထူးခြားစေသည်။
“ မြေညီထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ ဧည့်သည်ခန်းနှစ်ခန်း ရှိတယ်... ယွီယဲ့၊ နောက်ကျရင် မင်း နေဖို့ တစ်ခန်းရွေးလို့ရတယ်။ ” ယန်ကျင်းဇီသည် ယွီယဲ့ကို ကြည့်လိုက်သည်။
“ မစ္စတာယန်၊ ကျေးဇူးပါ! ” ယွီယဲ့က ပျော်ရွှင်စွာ ပြောသည်။
အောက်ထပ်ရှိအခန်းများသည် အပေါ်ထပ်ရှိအခန်းများလောက် သေချာပေါက် မကောင်းသော်လည်း ယွီယဲ့ လုံးဝ ကြေးမများချေ - အောက်ထပ်ရှိအခန်းနှစ်ခန်းစလုံးတွင် ရေချိုးခန်းများ ပါရှိသည်။ နှစ်ခန်းစလုံးက သူတို့နေခဲ့တဲ့ အရင်အိမ်ရဲ့ ဧည့်ခန်းထက်တောင် ကျယ်သေးတယ်!
ထို့အပြင် သူသည် လူဆင်းရဲတစ်ဦး ဖြစ်ပြီး ကျန်းယွင်ရှိူ့၏ လက်တိုလက်တောင်း အလုပ်များကိုသာ လုပ်နိုင်သည်။ သူသည် ဤဗီလာတွင် နေရသည်ကိုပင် စိတ်ကျေနပ်မိသည်။
သူ့အဖေ အကြွေးမတင်ခင်အချိန်ကပင် သူသည် ဤကဲ့သို့သော အိမ်မျိုးတွင် မနေနိုင်ခဲ့ချေ။
ပထမထပ် ပြီးလျှင် ဒုတိယထပ်။
ဤအထပ်တွင်... ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများစွာ ရှိနေဆဲဖြစ်သည်။
“ ဒုတိယထပ်အလယ်က ဧည့်ခန်း။ အဲ့မှာ gym ရှိတယ်။ မြောက်ဘက်မှာ ဧည့်သည်ခန်းတစ်ခန်း ရှိတယ်။ စာကြည့်ခန်းနဲ့ တောင်ဘက်ကို မျက်နှာမူတဲ့ အိပ်ခန်းနှစ်ခန်း ရှိတယ်... ယွင်ရှိူ့၊ အိပ်ခန်းတစ်ခန်းကို မင်းအတွက် ပြင်ထားတယ်။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် အိပ်ခန်း၏တံခါးကို ဖွင့်လိုက်သည်။
အိမ်ကို မာစတာအိပ်ခန်းကျယ်နှစ်ခန်းဖြင့် ဒီဇိုင်းထုတ်ထားသည်။ ဒုတိယထပ်တွင် အိပ်ခန်းနှစ်ခန်း ရှိပြီး ပထမတစ်ခန်းမှာ အမျိုးသား မာစတာအိပ်ခန်း ဖြစ်ပြီး နောက်တစ်ခန်းမှာ အမျိုးသမီး မာစတာအိပ်ခန်း ဖြစ်သည်။ အိပ်ခန်းနှစ်ခန်း၏ အဝတ်အစားလဲခန်းကို ဆက်ထားလေသည်။
သေချာတာပေါ့၊ ဤသည်က ယန်ကျင်းဇီ လုံးဝ ထုတ်မပြောသော တစ်စုံတစ်ရာ ဖြစ်သည်။
သူက ပြုံးရွှင်စွာဖြင့် ကျန်းယွင်ရှိူ့ကို ခေါ်၍ ကျန်းယွင်ရှိူ့၏ အိပ်ခန်းစီသို့ သွားကြည့်သည်။
ဤအိပ်ခန်းထဲသို့ ပထမဆုံး ဝင်လိုက်လျှင် ဧည့်ခန်းငယ်လေး သို့မဟုတ် စကားစမြည် ပြောဆိုနိုင်သော စာကြည့်ခန်းကို ပထမဆုံး မြင်တွေ့ရမည်။ ဆက်သွားမှသာ အိပ်ခန်းကို တွေ့မြင်နိုင်ပြီး ၎င်းကို အခန်းသုံးခန်း : ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်အစားလဲခန်းတို့နှင့် ချိတ်ဆက်ထားသည်။ ဤနေရာရှိ ပရိဘောဂတိုင်းဟာ အလွန်လက်ရာမြောက်ပြီး တန်ဖိုးအလွန်ကြီးသော ဇိမ်ခံပစ္စည်းများ ဖြစ်သည် ဆိုသည်မှာလည်း သံသယဖြစ်ဖွယ်မရှိ။
သေချာသည်မှာ အစစ်အမှန် ချမ်းသာကြွယ်ဝသူအတွက် ၎င်းမှာ ဇိမ်ခံပစ္စည်း မဟုတ်ဘဲ နေ့စဉ်သုံးပစ္စည်း ဖြစ်သည်။
ယွီယဲ့ အံ့အားသင့်သွားသည် : “ ဒီအိပ်ခန်းတစ်ခန်းရဲ့ အကျယ်အဝန်းက ယွင်ရှိူ့ရဲ့ တစ်အိမ်လုံးစာလောက် ရှိတယ်မလား? ”
တကယ် ရှိတယ်! ယန်ကျင်းဇီသည် ယွီယဲ့ကို ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။ ကျန်းယွင်ရှိူ့ သဘောကျလိမ့်မည်ဟု သူ မျှော်လင့်သည်။
သို့သော်လည်း ကျန်းယွင်ရှိူ့က မအံ့သြဘဲ သူ့ကိုသာ ကြည့်နေသည် : “ စန္ဒရားခန်းက ဘယ်မှာလဲ? ”
“ စန္ဒရားခန်းက တတိယထပ်မှာ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။ အမှန်တော့ သူသည် ကျန်းယွင်ရှိူ့ကို အစကတည်းက စန္ဒရားခန်းကို ကြည့်ရှုရန် ခေါ်သွားသင့်ခဲ့သည်။
ဗီလာ၏ တတိယထပ်တစ်ထပ်လုံးကို ကျန်းယွင်ရှိူ့အတွက် ဒီဇိုင်းဆွဲထားသည်။
ကြီးမားကျယ်ဝန်းသော စန္ဒရားခန်း၏ အလယ်တွင် ဒေါ်လာတစ်သန်းတန်သော ပရော်ဖက်ရှင်နယ်အဆင့် စန္ဒရားတစ်လုံးကို နေရာချထားသည်။ အမျိုးမျိုးသော ဂီတတူရိယာများကို ခင်းကျင်းပြသထားသော ဂီတတူရိယာအထူးခန်းတစ်ခန်း ရှိပြီး ပန်းများ ပြည့်နှက်နေသည့် လှပသော အပြင်ကြည့်စင်လည်း ရှိကာ ထိုနေရာတွင် ထိုင်၍ တယောတီးရခြင်းမှာ လုံးဝဥဿုံ စိတ်ကျေနပ်စရာကောင်းလှပေမည်။
ဤနေရာက တကယ့်ကို လှပသည်။ သို့သော် ကံမကောင်းစွာဖြင့် မူလဇာတ်ကြောင်းထဲတွင် သုံ့ချင်းလင် မနှစ်မြို့သဖြင့် ဤနေရာရှိ အရာရာတိုင်းကို မူလပိုင်ရှင်က ရိုက်ခွဲဖျက်ဆီးခဲ့သည်။
ယနေ့မတိုင်ခင်အထိ မူလပိုင်ရှင်က ကျန်းယွင်ရှိူ့ကို သူ မည်မျှသဘောကျကြောင်း ပြသခဲ့ပြီး နောက်တစ်နေ့တွင်တော့ မူလပိုင်ရှင်က ကျန်းယွင်ရှိူ့ကို သူ မည်မျှမုန်းတီးကြောင်း ပြသသည်။
သူ၏ ချစ်မြတ်နိုးမှုက အတုအယောင် ဖြစ်သကဲ့သို့။
မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို အလွန်စိတ်ပူပန်ပြီး တိတ်တဆိတ် ဓာတ်ပုံရိုက်ရန်ပင် လူလွှတ်ထားသည်။ ကျန်းယွင်ရှိူ့က အိမ်တွင်းပုန်းတစ်ဦး ဖြစ်ပြီး အပြင်ထွက်ရခြင်းအား မကြိုက်ကြောင်း သူ မသိသည်မှာ မဖြစ်နိုင်ချေ။
ဘယ်လိုလုပ် ကျန်းယွင်ရှိူ့လိုလူက လူတွေအများကြီးနဲ့ ပွေရှုပ်နိုင်မှာလဲ?
မူလပိုင်ရှင်က သုံ့ချင်းလင်ကို သဘောကျနေပြီဖြစ်၍ ကျန်းယွင်ရှိူ့ကို စွန့်ပစ်လိုက်သည်။
ဟင့်အင်း၊ သူက စွန့်ပစ်ရုံတင် မဟုတ်။
ကျန်းယွင်ရှိူ့ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့သေးသည်။
အစမှအဆုံးအထိ ကျန်းယွင်ရှိူ့တွင် အပြစ်ပြောစရာ မရှိချေ။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ကျန်းယွင်ရှိူ့၏ ပုဂ္ဂိုလ်ရေးဘဝက ပရမ်းပတာ ဖြစ်နေလျှင်ပင် မူလပိုင်ရှင်တွင် ကျန်းယွင်ရှိူ့ကို ထိခိုက်စရာ အကြောင်းပြချက် မရှိ။
သို့သော် မူလပိုင်ရှင်သည် သူက ကျန်းယွင်ရှိူ့အတွက် အများအပြား လုပ်ပေးခဲ့သဖြင့် ကျန်းယွင်ရှိူ့က သူ့ကို အကြွေးတင်နေသည်ဟု ထင်လေသည်။
ထို့ကြောင့် ကျန်းယွင်ရှိူ့၏ ပရမ်းပတာ ပုဂ္ဂိုလ်ရေးဘဝ၊ ကျန်းယွင်ရှိူ့၏ ခိုးကူးခြင်းနှင့် တခြားကိစ္စများတွင် သက်သေမရှိသည်မှာ သိသာထင်ရှားပါလျက်ဖြင့် သူက ပြဿနာထပ်ထည့်ပေးခဲ့သည်။ တဖြည်းဖြည်း ငြိမ်သက်သွားရမည့် ကိစ္စများမှာ ပိုပိုပြီး ကြီးထွားလာသည်။
တစ်စုံတစ်ဦးက ကျန်းယွင်ရှိူ့ကို ကူညီပေးခဲ့သော်ငြား သူက ထိုလူများကို ဟန့်တားပြီး သူတို့ကို အရေးယူခဲ့သည်။
နောက်ပိုင်းတွင် ကျန်းယွင်ရှိူ့ နိုင်ငံခြားသို့ ထွက်ချင်သောအခါ သူကလည်း နိုင်ငံခြားသို့ လိုက်ပြီး ကျန်းယွင်ရှိူ့ကို ဆက်လက်ဒုက္ခပေးရန် စီစဉ်နေခဲ့သည် — သူ သုံ့ချင်းလင်ကို မရနိုင်တာက ကျန်းယွင်ရှိူ့ကြောင့်လို့ ထင်နေတာ!
ပြီးနောက် လေယာဉ်ပျက်ကျသည့်ထဲ သူတို့ အတူပါသွားသည်။
မူလပိုင်ရှင်က တွေးပင်မတွေး။ သူက ကျန်းယွင်ရှိူ့အတွက် ကိစ္စအများအပြားကို လုပ်ပေးခဲ့သည်ဟု ယုံကြည်သည်။ သို့သော် ကျန်းယွင်ရှိူ့ကို ပရိသတ်တစ်ယောက်အဖြစ် ပံ့ပိုးပေးခဲ့သည်မှအပ သူက ကျန်းယွင်ရှိူ့ မတီးခတ်ဖူးသော စန္ဒရားခန်းတစ်ခန်းကိုသာ ပြင်ဆင်ထားခဲ့သည်။ ဆိုမှတော့ ကျန်းယွင်ရှိူ့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမလဲ?
ဘယ်လိုလုပ် ဒါကို သူ့ရဲ့ ကျန်းယွင်ရှိူ့အတွက် စူးစိုက်နှစ်မြှုပ်ထားမှုလို့ သတ်မှတ်နိုင်မလဲ?
ကောင်းမွန်သည်မှာ ယခုတွင် ဤအရာများကို ကျန်းယွင်ရှိူ့ ပိုင်ဆိုင်နေဆဲဖြစ်ပြီး အနာဂတ်တွင်လည်း ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို ပိုမိုကောင်းမွန်သည်များကို ပေးနေလိမ့်မည်ဖြစ်သည်။
တတိယထပ်က ပြည့်စုံလွန်းသည်။ ဤနေရာမျိုးကို ဂီတသမားတိုင်း လိုချင်လောက်ပေသည်။
ကျန်းယွင်ရှိူ့၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
သူက စန္ဒရားကို လှည့်ပတ်ကြည့်ပြီး ပြောသည် : “ ငါ လက်သွားဆေးဦးမယ်! ”
လက်ဆေးပြီးနောက် သူသည် စန္ဒရားရှေ့တွင် ဝင်ထိုင်လိုက်ပြီး သူ့လက်များက စန္ဒရားပေါ်တွင် စတင်ကခုန်လေသည်။
သူ အဆုံးသတ်လိုက်သောအခါ ယန်ကျင်းဇီက ချက်ချင်း လက်ခုပ်တီးသည် : “ အရမ်းကောင်းတယ်! ”
ကျန်းယွင်ရှိူ့က ပြုံးပြီး ယန်ကျင်းဇီကို ကြည့်သည် : “ ဒီစန္ဒရားက အရမ်းကောင်းတယ်။ ဒါပေမယ့် အသံညှိက မကောင်းဘူး။ ”
ယန်ကျင်းဇီသည် ကိုးရိုးကားရားဖြင့် နှာခေါင်းထိလိုက်သည်။ သူ ဂီတကို နားမလည်ဘူး။ ဘယ်လိုလုပ် သူက အသံညှိတာကို နားလည်နိုင်ပါ့မလဲ?
ယန်ကျင်းဇီ နားမလည်သော်လည်း ကျန်းယွင်ရှိူ့က နားလည်သည်။ သူက မျက်လုံးမှိတ်ပြီး စတင်၍ နုတ်သင်္ကေတတိုင်း၏ အသံကို နားထောင်လျက် စန္ဒရားကို အသံညှိသည်။
ယန်ကျင်းဇီက သူ့ကို မနှောင့်ယှက်ဘဲ သူ့ဘေးတွင် ငြိမ်ငြိမ်လေး နားထောင်နေသည်။
ယွီယဲ့ တိတ်တဆိတ် ထွက်ပြီး သူ့အခန်းကို သန့်ရှင်းရေး သွားလုပ်သည်။
သူသည် ယခုအချိန်တွင် ယန်ကျင်းဇီကို လုံးဝ ယုံကြည်သွားပြီဖြစ်သည်။
ညမိုးချုပ်သည့်အထိ ကျန်းယွင်ရှိူ့သည် ထိုစန္ဒရားစီမှ မခွာချေ။ သူက သူ့သန့်ရှင်းမှုကိုပင် မေ့နေသည်။
သူကတော့ ဤအတိုင်းသာ။ ဂီတတွင် သူ နစ်မြှုပ်နေသမျှ ကိစ္စအတော်များများကို မေ့လျော့သွားလိမ့်မည်။
သို့ရာတွင် ယန်ကျင်းဇီက မနေနိုင်တော့ “ ယွင်ရှိူ့၊ ညစာစားချိန် ရောက်ပြီ။ ”
ကျန်းယွင်ရှိူ့သည် ရုတ်တရက် အသိဝင်လာပြီး ခေါင်းမော့၍ ယန်ကျင်းဇီကို ကြည့်လာသည်။ ခဏအကြာမှ သူက တုံ့ပြန်လာ၏ : “ အာ... ငါ ဗိုက်ဆာတယ်။ ”
“ ဒါဆို အခုချက်ချင်း သွားစားကြမယ်။ ” ယန်ကျင်းဇီက ပြောသည်။
“ ခဏလေး၊ ငါ ရေအရင်ချိုးချင်တယ်။ ” ကျန်းယွင်ရှိူ့ ရုတ်ချည်းထလာသည်။
ကျန်းယွင်ရှိူ့သည် ရေချိုးရန် ထွက်သွားပြီး ယန်ကျင်းဇီသည်လည်း ယနေ့ တတိယအကြိမ်မြောက်အဖြစ် ရေချိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဗီလာကို သန့်ရှင်းရေးလုပ်မည့် အထူးသန့်ရှင်းရေးကုမ္ပဏီလည်း ရောက်ရှိနေပြီဖြစ်သည်။
ထိုသူတို့သည် အထူးတစ်ခါသုံး ပလတ်စတစ်အဝတ်အစားများနှင့် ပိုးသတ်ပြီးသား မျက်နှာဖုံးများ၊ လက်အိတ်များကို ဝတ်ဆင်လျက် တစ်အိမ်လုံးကို အသေအချာ ဆေးကြောပြီး ပိုးသတ်နေကြသည်။ လူများ အများအပြား ရှိနေသည်ဆိုလျှင်တောင်မှ သူတို့သည် ခဏတဖြုတ်လောက်နှင့် အဆုံးသတ်နိုင်မည်မဟုတ်ချေ။
ယန်ကျင်းဇီ၏ ဗီလာတွင် လူတိုင်း အလုပ်များနေပြီး အရာအားလုံး အဆင်ပြေနေသော်လည်း အွန်လိုင်းပေါ်မှ လူများကတော့ သိပ်အဆင်မပြေကြ။
ယန်ကျင်းဇီသည် Weibo ပို့စ်တင်ပြီးနောက် ၎င်းက သူ့စိတ်အခြေအနေကို သက်ရောက်စေသည်ဟု ခံစားရသောကြောင့် သူက အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ရှုခြင်းအား ရပ်တန့်လိုက်သည်။ သူ၏ Weibo ပို့စ်တင်ချိန် နှစ်နာရီကြာပြီးနောက် သူ၏ Weibo အထောက်အထားမှာ နောက်ဆုံး အတည်ပြုပြီးသွားပြီဖြစ်ကြောင်း သူ မသိလိုက်ပေ။
သူ့လက်အောက်တွင် ကုမ္ပဏီတစ်ခု ရှိပြီး ချီရှန်း၏ ရှယ်ယာများလည်း ရှိသည်။ ထို့ကြောင့် သူ၏ Weibo အထောက်အထားမှာ... မြင့်မားထင်ပေါ်သော အနေအထား ဖြစ်လာသည်။
ထို့အပြင် လူတချို့က သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို စုံစမ်းကြပြီး သူက ချီရှန်းဥက္ကဌ ယန်ကောချီ၏ သား ဖြစ်သည်ဟု ဆိုကြသည်။
ယန်ကောချီသည် အလွန်သိုသိပ်စွာ နေထိုင်တတ်သော်ငြား အင်တာဗျူးများတွင်လည်း ပါဝင်ဖူးသည်။ ထိုအချိန်တွင် မေးသူက ယန်ကောချီ၏ သားသမီးများအကြောင်း တစ်ခါမေးဖူးလေသည်။
ထိုအချိန်တွင် ယန်ကောချီက သူ့တွင် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိကြောင်း ပြောခဲ့သည်။ သူ၏ စကားများအရ သူသည် ကလေးနှစ်ယောက်ကို အထူးအာရုံစိုက်ထားပြီး ကလေးနှစ်ယောက်ကို သူ မထိန်းချုပ်နိုင်သဖြင့် ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာ နေထိုင်ရန်သာ ကလေးနှစ်ယောက်ကို တောင်းဆိုနိုင်ကြောင်းလည်း ထည့်ပြောဖူးသည်။
ထိုအင်တာဗျူးကြောင့် ယန်ကောချီကို “အဖေ” ဟု ခေါ်သူများ နောက်ထပ်ပိုမိုများပြားလာခြင်း ဖြစ်ပြီး ယခုမူ...
“ ဒီယန်ကျင်းဇီက ယန်ကောချီရဲ့ သားလား? ”
“ F*ck! အရမ်းမိုက်တယ်! ”
“ @ယန်ကောချီ၊ မင်းရဲ့သား come out လုပ်တာ သိပြီးပြီလား? ”
“ ယန်ကောချီက သူ့သားကို အလိုလိုက်တယ်လို့ ပြောကြတာ မှန်တဲ့ပုံပဲ... ”
“ လူတွေက come out ပေါ်တင်လုပ်ရဲတယ်! ”
…
ယန်ကျင်းဇီ၏ နာမည်အထောက်အထားကိစ္စမှာ ပြီးဆုံးလုနီးပါးဖြစ်ပြီး ဤအချိန်တွင် ကျန်းယွင်ရှိူ့၏ ကိစ္စများ ဦးတည်ချက်လည်း ပြောင်းလဲသွားသည်။
“ ကျန်းယွင်ရှိူ့မှာ ကောင်လေး ရှိတယ်။ ဘယ်လိုလုပ် သူက အမျိုးသမီးအိုကြီးနဲ့ နေနိုင်မှာလဲ? ”
“ ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံက ကိစ္စတွေ... အဲ့တုန်းက ကျန်းယွင်ရှိူ့က ကောင်းကောင်းမွန်မွန် ဝတ်စားထားတယ်။ အထင်မှားမိမှန်း သေချာတယ်။ ”
“ သူ မသိဘူးလို့ ရဲတွေကလည်း ပြောတယ်။ အဲ့ညက သူ လွတ်လာတာပဲမလား? ”
“ ကျန်းယွင်ရှိူ့က တကယ်ပဲ အတော်လေး အထက်တန်းဆန်တယ်။ သူများတွေကို အထူးတလည် မျက်နှာသာ မပေးတတ်ဘူး။ တချို့က သူ့ကို လှုပ်ရှားမှုတွေမှာ ပါဖို့ ဖိတ်ကြပေမယ့် သူက သွားလေ့မရှိဘူး... သူ့ကိုယ်သူ ပိုက်ဆံအတွက်နဲ့ မရောင်းနိုင်ဘူး ဆိုတာ ငါ ပြောတယ်။ ”
…
သေချာတာပေါ့၊ ကျန်းယွင်ရှိူ့တွင် ပြဿနာရှိသည်ဟု အခိုင်အမာ ပြောသူများလည်း ရှိနေသည် : “ ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ ကိစ္စ၊ ကျန်းယွင်ရှိူ့ကို ကူညီပြီး ကိစ္စအဆင်ပြေအောင် ယန်ကျင်းဇီက လုပ်ပေးတာလည်း ဖြစ်နိုင်တာပဲ။ ”
“ ကျန်းယွင်ရှိူ့က ယောက်ျားရော မိန်းမရော စားတာလား? ”
“ ကျန်းယွင်ရှိူ့ရဲ့ အရည်အချင်းက မနည်းဘူးပဲဟ... ”
…...
သို့သော် ထိုသို့ပြောသူများမှာ လျင်မြန်စွာပင် ပြန်အပြောခံကြရသည် : “ တကယ်ပဲ ကျန်းယွင်ရှိူ့ကသာ ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံမှာ တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ယန်ကျင်းဇီက သူ့ကို ကူပြီး ဖုံးကွယ်ပေးပါ့မလား? ဦးထုပ်စိမ်း ဆောင်းရတာ ကြိုက်တဲ့လူ ရှိလို့လား? ”
“ မင်းသာ ယန်ကျင်းဇီဆိုရင် ယောက်ျားရော မိန်းမရော စားတဲ့လူကို မင်း ကြိုက်မှာလား? ”
“ ယန်ကျင်းဇီက 'တရားရုံးမှာ တွေ့ရအောင်' လို့ နှစ်ခါပြောပြီးပြီ... ဒီကိစ္စမှာ ငါ ကျန်းယွင်ရှိူ့ဘက်က ရပ်တည်မယ်။ ”
…
ထိုမျှတင်မက တစ်ခါတည်းနှင့် CP ပရိသတ် အတော်များများ ပေါ်လာကြသည် : “ Ahhhhhhh! ဒီလူနှစ်ယောက်စလုံး အရမ်းကောင်းတယ်! ”
“ ယွင်ရှိူ့နဲ့ ထိုက်တန်မယ့်လူကို ငါ လိုက်ရှာနေခဲ့တာ။ အခုတော့ ငါ လူရှာတွေ့ပြီ! ”
“ နှစ်ယောက်စလုံး အရမ်းချောတယ်! ”
“ ကျန်းယွင်ရှိူ့ : ကျင်းဇီ၊ တစ်ယောက်ယောက်က ငါ့ကို အနိုင်ကျင့်နေတယ်! ယန်ကျင်းဇီ : ငါ သူတို့အကုန်လုံးကို တရားစွဲပစ်မယ်! ”
…
ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့ ညစာစားနေချိန်တွင် အွန်လိုင်းပေါ်မှ လူအများစုသည် မဖွယ်မရာ ဓာတ်ပုံများထဲမှ လူသည် ကျန်းယွင်ရှိူ့ မဟုတ်ဟု ယုံကြည်နေကြပြီဖြစ်သည်။
ဤအချိန်တွင် လူတိုင်းသည် ကျန်းယွင်ရှိူ့၏ အတိတ်မှ ကိုယ်ရေးအကျဉ်းများကို တူးဖော်ခဲ့ကြသည်။
ကျန်းယွင်ရှိူ့၏ ကိုယ်ရေးအကျဉ်းသည် တကယ့်ကို လှပသည်။ သူ၏ ဆရာဟောင်းများ အားလုံးသည် ကမ္ဘာကျော် စန္ဒရားတီးပညာရှင်များ ဖြစ်ကြပြီး သူမှလွဲ၍ တရုတ်ပြည်မှ တခြားသူများ မရရှိနိုင်သော ဆုတချို့ကိုလည်း သူက ဆွတ်ခူးနိုင်ခဲ့သည်။
နိုင်ငံတကာ ဆုများစွာကို ရရှိထားသည့် ကျန်းယွင်ရှိူ့ကဲ့သို့ တစ်စုံတစ်ယောက်အတွက် ငွေရှာရခြင်းမှာ လွယ်ကူလွန်းပြီး ခန္ဓာကိုယ်ရောင်းစရာ မလိုအပ်ကြောင်းလည်း ပြောကြလေသည်။
သူ့အဖေက ကျန်းချီရှန် မဟုတ်လျှင်တောင်မှ သူက ကမ္ဘာကျော် စန္ဒရားတီးပညာရှင် ဖြစ်နေပြီဖြစ်ရာ ယန်ကျင်းဇီနှင့် ထိုက်တန်သည်။
သူက အမျိုးသားတစ်ဦး ဖြစ်နေခြင်းကသာ တစ်ခုတည်းသော ပြဿနာ ဖြစ်လောက်သည်။
ယန်ကျင်းဇီက ဤကိစ္စများကို မသိပေ။
ကျန်းယွင်ရှိူ့က အပြင်စာများကို မှာမစားချင်ဘဲ တခြားသူများ ချက်ပြုတ်ထားသည်ကိုလည်း မစားချင်သောကြောင့် ရေကောင်းကောင်းချိုးပြီးနောက် ယန်ကျင်းဇီသည် သူနှင့်အတူ ဟင်းချက်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့စားသောက်ပြီးသောအခါ ညကိုးနာရီထိုးနေပြီဖြစ်သည်။ နောက်ဆုံးတွင်တော့ သန့်ရှင်းရေးသမားများသည်လည်း ဗီလာတစ်ခုလုံးကို ရှင်းလင်းပြီးပြီဖြစ်၏။
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို အခန်းအထိ လိုက်ပို့ပေးပြီး သူ့အိမ်မှ ယူလာသော အိပ်ရာခင်းကို လဲလှယ်ကာ သူ့ကို ကောင်းမွန်စွာ အိပ်စက်စေသည်။
“ ငါ ကောင်းကောင်းအိပ်မှာပါ။ ” ကျန်းယွင်ရှိူ့သည် နှစ်မီတာကျော်ကျယ်သော ခုတင်အလယ်တွင် လှဲလျောင်းလျက် ယန်ကျင်းဇီကို လေးနက်စွာ ပြောလေသည်။
ဆောင်ထုတ်ပြတင်းပေါ်တွင် ယခင်က သူ အသုံးပြုခဲ့သော အိပ်ရာခင်းမှာ မကြီးဘဲ စောင်ထည်များကလည်း ဤခုတင်ထက် ပိုသေးနေပြီး ပြန့်ကြဲနေခြင်း လုံးဝမရှိလေရာ ထူးထူးခြားခြား ရယ်စရာကောင်းနေစေသည်။
ယန်ကျင်းဇီသည် ရှေ့သို့တိုး၍ သူ၏ ဘယ်ဘက်ပါးကို နမ်းလိုက်သည် : “ ကောင်းသောညပါ။ ”
နမ်းပြီးနောက် ယန်ကျင်းဇီက ကျန်းယွင်ရှိူ့၏ ညာဘက်ပါးကို ထပ်နမ်းလိုက်ကာ ခပ်တိုးတိုး ရယ်၏ : “ ဒါက အချိုးကျအောင် လုပ်နေတာပဲ။ ”
ကျန်းယွင်ရှိူ့က အလျင်အမြန်ပင် သူ့ကိုယ်သူ စောင်နှင့်ဖွက်၍ ခြုံလိုက်သည် : “ ငါ အိပ်တော့မယ်။ ”
ယန်ကျင်းဇီ ထပ်ပြုံးမိသွားသည် : “ ကောင်းသောညပါ။ ”
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ အခန်းထဲမှ ထွက်လာပြီးနောက် ကျန်းယွင်ရှိူ့၏ ကိစ္စများကို ဆက်လက်ဖြေရှင်းသည်။
တစ်စုံတစ်ဦးက သူ့ကို သင့်တော်သော ရှေ့နေနှင့် မိတ်ဆက်ပေးပြီး နောက်တစ်ဦးက ဤကဲ့သို့သော ကိစ္စမျိုးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အသင်းတစ်သင်းနှင့် မိတ်ဆက်ပေးထားသည်။
သေချာတာပေါ့၊ မူလပိုင်ရှင်၏ သူငယ်ချင်းများကလည်း မက်ဆေ့များစွာကို ပို့ပြီး သူက လူသိရှင်ကြား ထုတ်ပြောလိုက်ရအောင် ရူးနေပြီလားဟု မေးနေကြသည်။
၎င်းတို့အကြားတွင် လောင်ချိုက်ကလည်း မက်ဆေ့ပို့ပြီးနောက် ဖုန်းခေါ်ထားသည်။ ယန်ကျင်းဇီက ဖုန်းခေါ်ဆိုမှုအားလုံးကို ပိတ်ထားသော်ငြား မက်ဆေ့များကို တွေ့လိုက်ရသည်။
“ ယန်ကျင်းဇီ! အဲ့ကျန်းယွင်ရှိူ့က ဒီလိုဖြစ်နေပြီ။ ဘာလို့ မင်းက စွဲလမ်းနေသေးတာလဲ? ”
“ ဘာကြောင့် သုံ့ချင်းလင်က ကျန်းယွင်ရှိူ့အောက် နိမ့်ကျရမှာလဲ? ”
“ မင်းကို ကျန်းယွင်ရှိူ့က ပီယဆေး ကျွေးထားတာလား? ”
“ အသိဝင်တော့! ကျန်းယွင်ရှိူ့က ဒီအချိန်မှာ မင်းနဲ့အတူရှိဖို့ ကတိပေးထားတယ်။ သူက မင်းကို အသုံးချနေတာ! ”
…
ယန်ကျင်းဇီသည် မက်ဆေ့များကို ဖတ်ပြီးနောက် ထိုလူကို တန်းဘလော့လိုက်သော်လည်း ပြန်စဉ်းစားပြီးသောအခါ ထိုလူကို ဘလော့ပြန်ဖြည်လိုက်သည်။
သို့သော် ယခုလက်ရှိတွင် သူ့၌ ဤလူကို အာရုံစိုက်ရန် အချိန်မရှိ...
ယန်ကျင်းဇီသည် ကိစ္စအမျိုးမျိုးကို ဆက်လက်ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ယခုအချိန်တွင် သူ့ဖုန်းမှာ အသံထပ်မြည်လာသည်။
ဖုန်းခေါ်သူမှာ မူလပိုင်ရှင်၏ ဖခင် ယန်ကောချီ ဖြစ်၏။
ယန်ကျင်းဇီ ဖုန်းကိုင်လိုက်သည်နှင့် သူ့နားနားတွင် ယန်ကောချီ၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည် : “ မင်းနဲ့ အဲ့ကျန်းယွင်ရှိူ့က ဘာတွေလဲ? ”
“ ဟိုးအရင်ကတည်းက သိထားခဲ့တာမလား? ကျွန်တော် သူ့ကို ကြိုက်လာတာ နှစ်အများကြီးကြာနေပြီ။ အခုနောက်ဆုံးမှ ဖြစ်လာတာ! ”
“ မင်း အတည်လုပ်နေတာလား? ” ယန်ကောချီက မေးသည်။
“ ဒါပေါ့၊ အတည်ပဲ။ ” ယန်ကျင်းဇီက ပြောသည်။ “ အဲ့တုန်းက ကျွန်တော် အရိုက်ခံရတဲ့အချိန်တွေမှာ ကျောင်းဆေးခန်းပို့ပေးခဲ့တာ ကျန်းယွင်ရှိူ့လေ။ ”
စကားတစ်ခွန်းမှ မပြောတော့ဘဲ ယန်ကောချီက ဖုန်းတန်းချသွားသည်။
ယန်ကျင်းဇီ လူသိရှင်ကြား ထုတ်ပြောရဲသည်မှာ အကြောင်းအရင်းတစ်ချက်ကြောင့် ဖြစ်သည်။
အစပိုင်းတွင် ယန်ကောချီ ဖောက်ပြန်နေသည်ကို လူမိပြီးနောက် မူလပိုင်ရှင်၏ ကျောင်းတွင် အနိုင်ကျင့်ခံရမှုလည်း ထွက်ပေါ်လာခဲ့သည်။
ယန်ကောချီအကြောင်း ဆိုကြပါစို့။ သူက တကယ့်အစစ်အမှန် ဆန်ကုန်မြေလေး ဖြစ်သည်။ သို့သော် သူက သူ့သားကို အလွန်ဂရုစိုက်သဖြင့် ထိုအချိန်တွင် အလွန်အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ ထိုကိစ္စပြီးနောက် သူ့တွင် မူလပိုင်ရှင်အတွက် ‘သူ လိုချင်တာမှန်သမျှ ပေးလိုက်’ ဟူသော သဘောထား ရှိလာသည်။ မူလပိုင်ရှင်၏ရှေ့တွင် သူက အလိုအလျောက် သတ္တိနည်းသွားလေ့ရှိသည်။
မိမိတို့၏ ပေါ့ဆမှုကြောင့် သားသမီးများ အနိုင်ကျင့်ခံရကြောင်း မိဘများ သိရှိလာသောအခါတွင် သားသမီးများ၏ရှေ့တွင် ရှက်ရွံ့မှုကို အမြဲခံစားနေရလိမ့်မည်ဖြစ်သည်။
မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင်သည် သုံ့ချင်းလင်အတွက် သူ့ကုမ္ပဏီကို ဆုံးရှုံးခဲ့သည်။ ယန်ကောချီသည် ဒေါသထွက်သော်လည်း မူလပိုင်ရှင်ကို ဘာမှမလုပ်ခဲ့။ ယခု သူက လူသိရှင်ကြား ထုတ်ပြောရုံလောက်နှင့် ယန်ကောချီက ဘာမှလုပ်လောက်မည်မဟုတ်။
ထို့အပြင် ဟိုးယခင်ကတည်းက ယန်ကောချီသည် ကျန်းယွင်ရှိူ့ကို သိထားပြီးဖြစ်သည်။
မူလပိုင်ရှင်က သူ၏ လရောင်ဖြူလေးအကြောင်း နှစ်ပေါင်းများစွာကြာအောင် စဉ်းစားနေခဲ့ပြီး မိသားစုဝင်အားလုံးက သိရှိထားသည်။ သူ၏ အစားထိုး ရှာဖွေမှု ကိစ္စကိုပင် မိသားစုက သိထားလေသည်...
စကားမစပ်၊ အစားထိုးကိစ္စ၊ သူ အချိန်ရှာ၍ ကျန်းယွင်ရှိူ့ကို ဖွင့်ဟဝန်ခံထားသင့်သည်...
ယန်ကျင်းဇီသည် ထိုသို့တွေးပြီး အိပ်ခန်းမှ လသာဆောင်ကို သွားကာ ဘေးတံခါးကို လှမ်းကြည့်လိုက်သည်။
ဘေးတံခါးက မှောင်နေသော်လည်း အပေါ်ထပ်မှ မီးက... ဘာလို့ မီးလင်းနေတာလဲ?
ယန်ကျင်းဇီသည် အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွားပြီး အထူးအသံလုံအခန်းမှ ထွက်ပေါ်လာသော စန္ဒရားသံအချို့ကို ကြားလိုက်ရသည်။
အိပ်ရာဝင်သင့်တာ အတော်လေးကြာနေပြီဖြစ်တဲ့ ကောင်လေးတစ်ယောက်က စန္ဒရားတီးဖို့ ရောက်နေတာလား?
ယန်ကျင်းဇီသည် စန္ဒရားခန်းတံခါးကို ဖွင့်ပြီး ဝင်သွားလိုက်သည်။
ကျန်းယွင်ရှိူ့သည် စန္ဒရားသံကို ချိန်ညှိပြီးလောက်ပြီးဖြစ်သည်။ သူက သိသိသာသာပင် ပျော်ရွှင်စွာ တီးခတ်နေပြီး ယန်ကျင်းဇီကို လုံးဝ သတိမထားမိချေ။
ဆက်တိုက်တီးခတ်နေစဉ် သူက ရုတ်တရက် ရပ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုံ့သွားသည် : “ ဒီနေရာက သိပ်မချောဘူး... ”
“ ယွင်ရှိူ့၊ မင်း အိပ်ပျော်နေရမှာ မဟုတ်ဘူးလား? ဘာလို့ မင်း ဒီအပေါ်ကို ထပ်ပြေးလာပြန်တာလဲ? ” ယန်ကျင်းဇီက မေးသည်။
ကျန်းယွင်ရှိူ့ လန့်သွားပြီး ရှေ
ာ့ခ်ရသွားသကဲ့သို့ သူ့ထိုင်ခုံပေါ်မှ ထခုန်လိုက်ကာ စန္ဒရားအပေါ်သို့ သူ့လက်များ ကျရောက်သွား၍ ကောင်းမွန်သော သံစဉ်တစ်သံ ထွက်ပေါ်လာသည်။
စန္ဒရားတီးနေသည်ကို လူမိသွားသောအခါ ကျန်းယွင်ရှိူ့ အနည်းငယ် ရှက်ရွံ့သွားသော်လည်း ချက်ချင်းဆိုသလိုပင် သူက ပြန်လည်ဖြောင့်မတ်သွားသည် : “ ငါ မင်းအတွက် သီချင်းတစ်ပုဒ် ရေးပေးချင်လို့! ”