အပိုင်း ၁၈၀
Viewers 16k

Chapter 180

ရှေးဟောင်းခွေးတစ်ကောင်က တစ်ကိုယ်တည်းဘဝကို စွန့်ခွာခြင်း 


ပြန်လည်တည်ဆောက်ထားသော အပြာရောင်ဂြိုလ်ကို ပိုက်စိပ်တိုက်ရှာဖွေကာ အကြိမ်ပေါင်းများစွာ စကင်န်ဖတ်သော်လည်း လျန်ယုနှင့် လင်းလုံ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ လေထုအလယ်တွင်  အထင်းသားပေါ်လွင်နေခဲ့သည့် ကောင်းကင်သစ်ပင်ပန်းပွင့်မှလွဲ၍ အခြားခြေရာလက်ရာတစ်ခုမျှ မကျန်ခဲ့ပေ။


ကွက်လပ်များ ပိုများလာသည်နှင့်အမျှ အခြေအနေတစ်ခုလုံးသည် မူလမျှော်မှန်းထားသလောက် မရိုးရှင်းသလိုပင် ထူးဆန်းလာသည်။


ကောင်းကင်သစ်ပင်ပန်းပွင့်ကို သတိခြေရာခံနိုင်မည်ကို ခန့်မှန့်မိ၍ လျန်ယုက ၎င်းကိုချန်ထားခဲ့သည်ကို နားလည်နိုင်သည်။  အလင်းဆေလ်ဗာနီ ဘုရင်၏ တည်ရှိမှုဖြင့်ဆိုလျှင်  ကောင်းကင်သစ်ပင်ပန်းပွင့်၏ လုံခြုံမှုကို အာမ မခံနိုင်သည်ကိုလည်း သူမ သိသည်။


သို့သော် လင်းလုံက သူမ၏ စိတ်ဆန္ဒကို အဘယ့်ကြောင့် လက်ခံပေးသည်ကို ယောင်စစ် နားမလည်ပေ။ သူ၏ ခေါင်းမာတတ်သော အကျင့်စရိုက်အရဆိုလျှင် သူ့ထံမှ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန်က ကောင်းကင်သို့ တက်သွားသည်ထက်ပင် ခက်ခဲလှသည်။ 


ယောင်စစ်က စာချုပ်ချုပ်ဆိုထားသူ ဖြစ်သော်လည်း သူက သူမကို တမင်တကာ နှောင့်ယှက်ပြီး ရက်စက်ကြမ်းကြုတ်သော ပါးစပ်နှင့် အဆုံးမဲ့ ဒေါသကို ခံနိုင်ရည်ရှိအောင် တွန်းအားပေးခဲ့သည်။ သို့သော် လျန်ယုက သူစိမ်းတစ်ယောက်ဖြစ်ပြီး သူ မထီမဲ့မြင်ပြုကာ ယုတ်ညံ့သည်ဟု မှတ်ယူထားသော မျိုးနွယ်ဝင်တစ်ဦးဖြစ်သည်။


ကြယ်စုNရှိ ထိုခဏတာတွေ့ဆုံမှုတွင် လင်းလုံက  သူ၏ ပေါက်ကွဲလွယ်သည့် စရိုက်ကို ထုတ်ဖော်မပြသဘဲ သူ့ကိုပြန်ပေးဆွဲသူ လျန်ယုနှင့် ပူးပေါင်းဆောင်ရွက်နေပုံရသည်။


ယခင်က ယောင်စစ်သူ့ကို စွမ်းရည်ဂြိုလ်သို့ မတော်တဆ ဆွဲခေါ်မိစဉ်က သူ၏ဂြိုလ်ကို ပြုပြင်ရန် ကြိုးစားနေသည့်အတွက် ခရီးစဉ်တစ်လျှောက်လုံး တဗျစ်တောက်တောက် ပြောခဲ့သည်။ 


ဒါဆိုရင် ဒီတစ်ခေါက် လျန်ယုရဲ့ စကြဝဠာတစ်ခုလုံးမှာ တူတူပုန်းဂိမ်း ကစားနေတာကို သူဘာလို့ ပူးပေါင်းနေရတာလဲ ... အဲ့ဒါအပြင် အပြာရောင်ဂြိုလ်ရဲ့ အပြင်ဘက်မှာတောင် ကောင်းကင်သစ်ပင်ပန်းပွင့်ကို ထားခွင့်ပြုလိုက်သေးတယ် ... တစ်ခုခုတော့ လွဲနေပြီ ...


သူတကယ်ပျင်းနေတာလား ဒါမှမဟုတ် လျန်ယုက သူ့ကို စကားပြောကောင်း‌တာနဲ့ ဆွဲဆောင်နိုင်ပြီး ဒီလို ရှေးဟောင်းခွေးတစ်ကောင်ရဲ့နှလုံးသားကို နာခံမှုဖြစ်အောင် လှုံ့ဆော်ခဲ့တာမျာစလား ...


ဂြိုလ်တွေကို ဖန်တီးပြီး စကြဝဠာသားရဲတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးတဲ့ လူက ဘယ်အချိန်က ဒီလောက်လွယ်သွားတာလဲ ... သူ့ရဲ့ မျိုးနွယ်စုကလွဲလို့ တခြားမျိုးနွယ်စုကို မထီမဲ့မြင်ပြုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ် မဟုတ်ဖူးလား ...


ရဲတင်းသည့် ယူဆချက်တစ်ခု ‌စိတ်ထဲရောက်လာပြီး ယောင်စစ်၏ မျက်လုံးများ ပြူးကျယ်သွားသည်း


" မူရွှမ် ... လျန်ယုက လင်းလုံရဲ့ စာချုပ်ချုပ်ဆိုသူ လို့ထင်လား ..."


မူရွှမ်‌ ကြောင်အပြီး မျက်မှောင်ကြုတ်သွားသည်။ သူသည်လည်း ထိုသို့ တွေးမိပုံပင်။

" အဲ့လို ဖြစ်နိုင်တယ် ..."


သွေးစုပ်ဖုတ်ကောင်များက စာချုပ်ချုပ်ဆိုသူများ၏ စိတ်ဆန္ဒကို မလိုက်နာရန် မဖြစ်နိုင်ဟု လင်းလုံပြောဖူးသည်ကို သတိရသွားသည်။ သူ၏ အလျှော့ပေးမှုအတွက် ကျိုးကြောင်းဆီလျော်သည့် ဖြေရှင်းမှုမှာ သူ၏ တစ်ကိုယ်တည်းဘဝကို နှုတ်ဆက်လိုက်ရခြင်းပင်။ 


(⊙_⊙)


" မဟုတ်သေးဘူးထင်တယ် ..."

ယောင်စစ် အတွေးတစ်ခု ပေါ်လာသည်။


" ဒါ လင်းလုံနဲ့ လျန်ယုတို့ ပထမဆုံးတွေ့တာ မဟုတ်ဖူး ...ကောင်းကင်ဘုံ ဂြိုလ်မှာလည်း တစ်ခါတွေ့ဖူးကြသေးတယ် ..."

ထို့အပြင် သူတို့နှစ်ယောက်ကြားတွင်လည်း ကောင်းကင်သစ်ပင်ပန်းပွင့်ကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့သေးသည်။ 


တကယ်လို့ သူမက သူ့ရဲ့ စာချုပ်ချုပ်ဆိုသူဆိုရင် အရင်က ဘာလို့ မမှတ်မိခဲ့တာပါလိမ့် ...


အကယ်၍ စာချုပ်ချုပ်ဆိုသူကို ရှာဖွေရန် ဤကဲ့သို့ လွယ်ကူပါက သူသည်လည်း အချိန်ကာလ ကြာမြင့်စွာ တစ်ယောက်တည်း နေခဲ့ရမည် မဟုတ်ပေ။ 


" စစ်စစ်‌ ..."

မူရွှမ် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။


" သွေးမျိုးသန့်တွေက သူတို့ရဲ့ စာချုပ်ချုပ်ဆိုသူကို ဘယ်လိုအတည်ပြုတယ်ဆိုတာကို လင်းလုံပြောပြဖူးလား ..."


" မပြောပြဖူးဘူး ..."

ယောင်စစ် ခေါင်းခါလိုက်သည်။ 


" ဒီမှင်ရည်က သွေးဆက်နွယ်မှုကို ကိုယ်စားပြုပြီး မျိုးသန့်တွေက သွေးဆက်နွယ်မှုကို စာချုပ်ချုပ်ဆိုသူနဲ့ပဲ လုပ်ရမယ်လို့ပဲ သူပြောထားတာတာ ... ဟုတ်သားပဲ ကျွန်မ ရှင့်ကိုပြောဖို့ မေ့နေတာ သွေးဆက်နွယ်မှုဆိုတာဘာလဲ ...ဘာလို့ ရှင် ကျွန်မကို ရုတ်တရက် ပေးခဲ့တာလဲ ..."


သူ အသူရာချောက်နက်သို့ မထွက်သွားမီက သူမကို ကိုက်ခဲ့သည်ကိုသာ အမှတ်ရလိုက်သည်။ သူမ ထိုအချိန်က အတွေ့အကြုံမရှိသဖြင့် ရှက်သွားခဲ့သော်လည်း ပို၍တွေးလေလေ သူ တမင်ရည်ရွယ်၍ လုပ်ခဲ့ကြောင်း သိနိုင်သည်။ ထိုအချိန်က သွေးဆက်နွယ်မှုကို ချန်ထားခဲ့သည်ဖြစ်နိုင်သည်။


" ဒါ ... ကိုယ်လည်း မသေချာဘူး ..."

အံ့အားသင့်စွာဖြင့် မူရွှမ်၏ မျက်လုံးများမှာ ဗလာကျင်းနေသည်။ သူမ နဖူးမှအမှတ်ကို အသာအယာ စမ်းကြည့်လိုက်သည်။ 


" အဲ့ဒီအချိန်က ကိုယ်တစ်ခုခု လုပ်သင့်တယ်လို့ပဲ ခံစားလိုက်ရတာ ..."


“…”


မူရွှမ်က သူ၏မှတ်ဉာဏ်များကို ချိပ်ပိတ်၍ ဘဝအသစ်တွင်နေခဲ့သော သန့်စင်သည့်သွေးမျိုးဆက်ဟု လင်းလုံပြောခဲ့သည်က  ဖြစ်နိုင်သည်။ မည်သည့်အရာကိုမျှ မမှတ်မိသော်လည်း သူ၏ပင်ကိုဗီဇအရ စာချုပ်ချုပ်ဆိုသူ အ‌ပေါ်တွင် သွေးဆက်နွယ်မှုကို ချိပ်ပိတ်ခဲ့သည်။ 


" အဆင်ပြေပါတယ် ..."

ယောင်စစ် အသေးစိတ်ကိုသိရန် မတွေးတော့ပေ။ 


" လျန်လုက လင်းလုံရဲ့ စာချုပ်ချုပ်ဆိုသူ ဖြစ်မဖြစ်ဆိုတာထက် ခုချိန် အရေးအကြီးဆုံးကိစ္စက သူတို့ တည်နေရာကို ရှာဖို့ပဲ ... သူတို့ကိုတွေ့ရင် ဒီကိစ္စက ရှင်းသွားလိမ့်မယ် ... ပြီးတော့ ကျွန်မ ဒီလိုကြီးကြာကြာနေဖို့ စိတ်ကူးမရှိဘူး ..."


" အင်း ..."

မူရွှမ် ယောင်စစ်၏ ခေါင်းကို အသာအယာပုတ်လိုက်သည်။ 


"  မဟာမိတ်အဖွဲ့ထဲက ဆိပ်ခံတံတားတွေအားလုံးကို သူတို့ဝင်လာတဲ့အခါ အချက်ပေးသံပေးဖို့ ကိုယ် အနီရောင်ဂြိုလ်ကို  ညွှန်ကြားခဲ့တယ်... စစ်စစ် တကယ်လို့ အဲ့ဒီ အာဗီဘုရင်မက အထူးတလည်နေရာတစ်ခုခု ဒါမှမဟုတ် မင်းကို ခေါ်သွားချင်တဲ့ တစ်နေရာရာကို ပြောပြခဲ့တာမျိုး ရှိလား ..."


" သူမ မပြောဖူးဘူး ..."

ယောင်စစ် ခေါင်းခါလိုက်သည် ။ 


" ကျွန်မတို့ သုံးခါပဲ တွေ့ဖူးလိုက်တာလေ ဘယ်လိုလုပ် စကားတွေ အများကြီး ပြောဖြစ်မှာလဲ ... ပြီးတော့ ကျွန်မတို့တွေ့တိုင်း သူမက ပြန်ပေးဆွဲဖို့ ဒါမှမဟုတ် လက်ထပ်ခွင့်တောင်းဖို့ပဲ ကြံနေတာ ကျွန်မ ဘယ်လိုလုပ်သိမှာလဲ ..."


ယောင်စစ် ပြောနေရင်း ရပ်လိုက်သည်။ ဖြစ်နိုင်ချေတစ်ခုက သူမ ခေါင်းထဲ ရောက်လာသည်။ ခေါင်းလှည့်ပြီး တစ်စုံတစ်ယောက်နှင့် ကောင်းကင်သစ်ပင်၏ ပန်းပွင့်ကြီးကို ကြည့်လိုက်သည်။ 


" အလင်းဆေလ်ဗာနီဘုရင် ..."


" အယ် အမ် ..."

အလင်းဆေလ်ဗာနီဘုရင်မှာ တုန်ယင်လွန်းသည့်အတွက် နှလုံးသားက လက်ထဲ ပြုတ်ကျမတတ်ဖြစ်နေသည်။ သူ၏ မျက်နှာတွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။


" ဟီးဟီးဟီး ဘာများ လုပ်ပေးရမလဲ ..."

 

" လျန်ယုက ဘုရင်ကြီးရဲ့ တူမ‌ဆိုတော့ အာဗီတွေအကြောင်း အများကြီးသိတယ်မလား ..."


" အာ ဟုတ် ... သိပါတယ် ..."

သူ မသိဘူးလို့ ပြောလို့လည်း မရ‌ဘူးလေ ... ဒါပေမဲ့ သူတို့နဲ့တော့ အဆက်အသွယ် ပြတ်နေတာကြာပြီ ...


" အာဗီမျိုးနွယ်တွေက ဘယ်နေရာမှာ လက်ထပ်မှတ်ပုံတင်ကြလဲ ..."


" ဘာကြီး ..."


အလင်းဆေလ်ဗာနီဘုရင် ထိတ်လန့်သွားသော်လည်း ရိုရိုသေသေဖြင့် ဖြေလိုက်သည်။

" အာဗီတွေရဲ့ လက်ထပ်မှုတွေအတွက် တော်ဝင်အာဗီဂြိုလ်ပေါ်က သင်္ဘောသဖန်းပင်ဆီကို မဖြစ်မနေ သွားရပါတယ် ..."


သူ၏ စကားမဆုံးမီမှာပင် မူရွှမ်၏ မျက်မှာက မည်းမှောင်သွားသည်။ တော်ဝင်အာဗီဂြိုလ်ဆီသို့ ဝင်ပေါက်ဖွင့်လိုက်သည်။ 

" သွားကြမယ် ..."


 ယောင်စစ်ကို ခေါ်ပြီး ဝင်သွားသည်။


ယောင်စစ်က လျန်ယုနှင့် အလွန် မရင်းနှီးသော်လည်း သူတို့၏ ခဏတာ တွေ့ဆုံမှု သုံးကြိမ်လုံးတွင် ထိုမိန်းကလေးက " လက်ထပ်မှတ်ပုံတင်ရအောင် " ဟူသည့် အကြောင်းအရာကိုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ 


ထို့ကြောင့် လျန်ယုအသွားချင်ဆုံးနေရာမှာ လက်ထပ်မှတ်ပုံတင်သည့်နေရာ ဖြစ်နိုင်သည်။


သူတို့ အဲ့ဒီကိုရောက်သွားတာ အချိန်အတော်ကြာပြီဆိုရင် ...


ယောင်စစ် အတွေးများကို ဘေးဖယ်ထားကာ မူရွှမ်ဖွင့်ပေးထားသည့် အနက်ရောင် ဝင်ပေါက်ထဲ ဦးတည်သွားသည်။ အပြာရောင်ဂြိုလ်မှ ထိုနေရာဆီသို့ နေရာကူးပြောင်းလိုက်ကြသည်။


ပထမဆုံး အကြည့်တစ်ချက်နှင့်ပင် ဧရာမသစ်ပင်ကြီးကို သူမမျက်လုံးထဲ မြင်လိုက်သည်။ ၎င်းကအလင်းဆေလ်ဗာနီသစ်ပင်၏ မူလပုံစံလောက် မကြီးမားသော်လည်း တိမ်များပေါ်ရောက်နိုင်သည်အထိ မြင့်မားသည်။ အကိုင်းအခက်များ ပေါများပြီး အရွက်များ ဝေဆာသော်လည်း အရောင်ကင်းပြီး အနည်းငယ် အလင်းဖောက်နိုင်သည်။ တောက်ပသော နေရောင်အောက်တွင် သစ်ရွက်များက နေရောင်ခြည်ကို ရောင်ပြန်ဟပ်ကာ မိုးသောက်ပန်းနှင့် ဆင်တူသော အရောင်အဆင်းကွက်များ ဖြစ်ပေါ်လာကာ အိပ်မက်ကဲ့သို့သော လေထုကို ဖန်တီးပေးနေသည်။

 

ထိုသစ်ပင်၏အောက်တွင် ပုံရိပ်နှစ်ခု ရှိနေသည်။ ဘယ်ဘက်မှလူက လျန်ယုဖြစ်ပြီး ညာဘက်မှာလူမှာ အလွန်အမင်းရင်းနှီးနေသော မျက်နှာဖြစ်သည်။ ၎င်းမျက်နှာကို ယောင်စစ် အနှစ်သုံးဆယ်ကျော် မြင်တွေ့ခဲ့ရသည်။


သူတို့ရောက်သည့်အခါ ကတိကဝတ်များ ဖတ်နေကြသည်။ 


" မိန်းကလေးယောင်စစ် မိန်းမလေးလျန်ယုကို ဇနီးမယားအဖြစ် လက်ခံနိုင်မလား  ယနေ့ကစပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ... ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ... ကျန်းမာသည်ဖြစ်စေ ဖျားနာသည်ဖြစ်စေ ထာဝရချစ်ခင်သွားဖို့ ကတိကဝတ်ပြုနိုင်လား ..."


" ကျွန်မ ..."


ယောင်စစ် ရင်တုန်သွားသည်။ လင်းလုံ မဖြေမီမှာပင် သူမ အော်လိုက်သည်။


" ကတိပြုတယ်ဆိုတာ ဘာသောက်စကားပြောတာလဲ ..."