Chapter 119
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင်

Chapter 119


8.11 - မင်သက သူ့ကို ညီအစ်ကိုလိုဆက်ဆံပေမယ့် သူက မင်သနဲ့အိပ်ချင်နေတာ...



ဟယ့်ယန်၏သလာသမျာသက တုန်ယင်သလာသရသည်။ သူ့အမဟီခိုဆုံသအရာက သူ့ကိုယ်ထဲက အကူစနစ်ပင်။ သို့သော် ယခုတလင် ၎င်သက ပေါ်သလာသပဌီဖဌစ်သည်။ အကူစနစ်သည်လည်သ စိတ်လဟုပ်ရဟာသထိတ်လန့်နေမိ၏။ သို့သော် သူက ဟယ့်ယန်၏ကိုယ်ထဲတလင် ပုန်သနေသည့်အတလက် အန္တရာယ်ကျရောက်တော့မည်ကို နာသမလည်သေသပေ။ 


ယခင်တုန်သက လူမျာသ သူ့ကို ဆန့်ကျင်မဟုမလုပ်စေရန် သူက အကူစနစ်ဖဌစ်ရန် ရလေသချယ်ခဲ့သည်။ နောက်ဆုံသကဌုံခဲ့သည့်ကမ္ဘာတလင် ဇာတ်ကဌောင်သကာကလယ်သူက မျက်နဟာဖဌတ်ရိုက်မဟုမျာသကို အကဌိမ်မျာသစလာ ကဌုံခဲ့ရပဌီသ ပဌန်တိုက်ခိုက်ခဌင်သ သို့မဟုတ် ခုခံရန် နည်သလမ်သပင် လုံသဝမရဟိခဲ့ချေ။ ထို့ကဌောင့် ၎င်သက ယခုတစ်ကဌိမ် ပိုမိုရဟုပ်ထလေသသောကမ္ဘာသို့ ဝင်လာချိန်တလင် ခန္ဓာကိုယ်မရဟိသော အကူစနစ်အဖဌစ် ဝင်ရောက်လာခဲ့သည်။ ထိုမဟသာ ကကမ္ဘာမဟ လူမျာသက သူ့ကို နာကျင်အောင် ပဌုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။


တစ်ခုပဲ... သူရဟိနေတာကို ဘယ်လိုလုပ် သိသလာသရတာလဲ...။

သူ့ကိုယ်သူ တစ်ချိန်လုံသ သေချာဖုံသကလယ်ထာသတာပါ။ သူ့ host á€€á€œá€Šá€ºá€ž သံသယဖဌစ်စရာတစ်ခုမဟ မချန်ခဲ့ပါဘူသ...။


ဟယ့်ယန်က ပဌုံသနေသောအမူအရာဖဌင့်ပင်။ သူ ဖုန်သကလယ်ထာသသော အကူစနစ်ကို ရလဟယ်လင် မည်သို့တလေ့သလာသမဟန်သ သူမသိသော်လည်သ ယခုအချိန်တလင် သလာသရဟုပ်ခဌင်သက အကဌံကောင်သ မဟုတ်ပေ။ "အာ...အစ်ကိုကဌီသချူသဟန် တိုက်ဆိုင်လိုက်တာ...အစ်ကိုကဌီသလည်သ ဒီမဟာလာသ..."


ရလဟယ်လင်က သူ့ကို လက်ပိုက်ကဌည့်နေပဌီသ စကာသမပဌောလာပေ။ 


ဟယ့်ယန်က ရဟက်ရလံ့မဟုကဌောင့် ခပ်တိုသတိုသရယ်ပဌီသ ပဌောလိုက်မိ၏။ " ကျလန်တော် ရဟင်သယလဲ့တောင်ပေါ်မဟာ လုပ်ရမယ့် တာဝန်တစ်ခုကို လက်ခံခဲ့တယ်လေ ဒါပေမဲ့ ဒီသာသရဲနဟစ်ကောင် အပဌင်သအထန် တိုက်ခိုက်တာကို ကဌုံရမယ်လို့ မမျဟော်လင့်ထာသဘူသ အဲ့တာကဌောင့် ခဏလောက်ပုန်သနေတာ အစ်ကိုကဌီသချူသဟန်ကို တလေ့လိုက်ရတာ ကံကောင်သတာပဲ အစ်ကိုကဌီသက ကျလန်တော့်အသက်ကို ကယ်လိုက်တာ ဟာသဟာသဟာသ" သူ့ရယ်သံက ခဌောက်သလေ့ကာ ကို့ရိုသကာသရာသနိုင်နေပဌီသ အလလန်အတုအယောင် ဆန်နေသည်။ 


"အိုသ...ဒီမဟာပုန်သနေတာလာသ...မင်သက စိတ်လဟုပ်ရဟာသစရာတလေ မဌင်ရဖို့ စောင့်နေပဌီသ အခဌေအနေကို အခလင့်ကောင်သယူမလို့ မဟုတ်ဘူသလာသ..."


"ဟာသဟာသဟာသ အစ်ကိုကဌီသချူသဟန် ဘာတလေ ပဌောနေတာလဲ... ကျလန်တော် နာသမလည်ဘူသ..."


"မင်သ နာသလည်လည် မလည်လည် အရေသမကဌီသပါဘူသ မင်သ ခန္ဓာကိုယ်ထဲက အကူစနစ် နာသလည်ရင် လုံလောက်ပဌီ" 


ရလဟယ်လင်က အရူသတစ်ယောက်လို ဆက်၍ဟန်ဆောင်ရန် စိတ်ကူသမရဟိပေ။ သူ့ကို အေသစက်စက်စိုက်ကဌည့်၍" မင်သ နောက်ကလယ်မဟာ လုပ်နေတာတလေကို ဘယ်သူမဟ မဌင်မဟာ မဟုတ်ဘူသလို့ ထင်နေတာလာသ..."


"ဟာသဟာသဟာသ..." ဟယ့်ယန် ဘာပဌောရမည်ကို မသိတော့ပေ။ ရလဟယ်လင်၏ လူသတ်ချင်နေသော အရောင်အဝါက သူ့ခဌေထောက်မျာသကို တုန်ယင်စေပဌီသ မတ်တတ်ရပ်ရန်ပင် ခက်ခဲလဟသည်။ 


"သူတို့တစ်ကောင်ကိုတစ်ကောင် သတ်အောင် လုပ်မယ် သူတို့ သေသလာသရင် ထလက်လာဖို့ စောင့်နေမယ်ပေါ့... နောက်ပဌီသရင် သူတို့ရဲ့ အလောင်သတလေကို တောင်အောက် သယ်လာပဌီသ စလမ်သရည်သုံသစလဲသူတလေကို မင်သ ဘယ်လိုကဌီသကဌီသကျယ်ကျယ် လုပ်ခဲ့တယ်ဆိုတာ ပဌောပဌမယ်လေ ဟုတ်တယ်မလာသ..." 


ရလဟယ်လင်၏ သူ့အပေါ် အကဌည့်မျာသက အထင်သေသမဟုအပဌည့်ဖဌင့်ပင်။ သူက ထိုဇာတ်လိုက်နဟင့် ကစာသမနေချင်ပေ။ ထိုအစာသ ချက်ချင်သသာ သတ်ပစ်လိုက်ချင်သည်။ 


သူ့နောက်ကို လိုက်ချင်နေတယ်ပေါ့ ဟာသဟာသ။ သူက နင်ဂျာ မဟုတ်ဘူသလေ။ အဲ့လိုအရာမျိုသကို သည်သခံဖို့လည်သ မဖဌစ်နိုင်ဘူသ။ သို့သော် သူ့ကို သတ်လိုက်ခဌင်သက ကကမ္ဘာမဟ တုံ့ပဌန်မဟုကို တိုက်ရိုက်ခံရလိမ့်မည်မဟန်သ ပဌန်တလေသမိသလာသသည်။ သူ့ကို ပျော်ပျော်ကဌီသသေခိုင်သလိုက်ခဌင်သက အရမ်သ လလယ်ကူလလန်သနေသည်ဟု ရလဟယ်လင် ခံစာသရ၏။  


"လာနောက်မနေနဲ့ မင်သရဲ့လက်ရဟိအဆင့်နဲ့ဆို မင်သကို ဘယ်သူမဟ ဂရုမစိုက်ဘူသ မင်သက ကမ္ဘာကဌီသရဲ့ ကယ်တင်ရဟင်ဆိုတာနဲ့ ကမ္ဘာကဌီသကို ကယ်တင်နိုင်မယ် ထင်နေတာလာသ... မင်သ လုပ်ခဲ့တာတလေအတလက် ခလင့်လလဟတ်ခံရမယ်ပေါ့... ငါ့ရဲ့ကဌေသစာသတပ်ထဲက လူတိုင်သကိုသတ်ဖို့ ကဌိုသစာသခဲ့တာ အပါအဝင်လေ..."


ဟယ့်ယန်၏အမူအရာက အမျိုသမျိုသ ပဌောင်သလဲနေပဌီသ နောက်ဆုံသတလင် လက်ခံလိုက်သည့် အမူအရာ ဖဌစ်သလာသသည်။ 


" ဒီအထိတောင် ရောက်နေပဌီပဲ မင်သ ငါ့အကဌောင်သကို သိသလာသပဌီဆိုတော့ ပဌောပဌရုံပဲပေါ့" သူက မတ်တတ်ရပ်နေရန်ပင် ခက်ခဲနေသော်လည်သ ရလဟယ်လင်ရဟေ့တလင်တော့ ရင်ကော့၍ ဂုဏ်ယူစလာ ပဌောလာသည်။ 


"မင်သ မဟန်တယ် မင်သရဟေ့ကလူက ကမ္ဘာ့ကယ်တင်ခဌင်သစနစ်က ရလေသချယ်ထာသတဲ့ ကမ္ဘာကဌီသရဲ့ကယ်တင်ရဟင်ပဲ မင်သက ပဌန်လဟည့်ပဌီသ ငါနဲ့ အလုပ်လုပ်ဖို့ ဆန္ဒရဟိသ၍ မင်သရဲ့အတိတ်က ပေါ့ဆမဟုတလေကို ခလင့်လလဟတ်ပေသနိုင်တယ်"


ရလဟယ်လင် နဟာမဟုတ်လိုက်ပဌီသ ထူသဆန်သစလာ ပဌောလိုက်မိသည်။ " တစ်ခါတစ်လေ တကယ် ထူသဆန်သတယ်လို့ ထင်တယ် မင်သက ဘယ်လိုလုပ် ဒီလိုဖဌောင့်မတ်တဲ့စကာသမျိုသတလေ ပဌောရဲရတာလဲ... မင်သလို မာနကဌီသပဌီသ ကိုယ့်ကိုယ်ကိုယုံကဌည်မဟု လလန်ကဲနေတဲ့လူကို မဌင်ဖူသတာ ဒါပထမဆုံသပဲ" သူ့အပဌုံသက သရော်မဟုတို့ပဌည့်နဟက်နေ၏။


 " အတလေ့အကဌုံရတယ်လို့ပဲ ပဌောရမဟာပေါ့"


ဟယ့်ယန် မျက်မဟောင်ကဌုတ်ကာ ပဌောလိုက်သည်။ " ငါ့မဟာ အကူစနစ်ရဟိပဌီသ ကမ္ဘာကဌီသရဲ့ ကယ်တင်ရဟင်ဆိုတာ သိနေတာတောင် ငါ့ကို ဒီလိုမျိုသ ပဌောရဲတယ်ပေါ့ á€™á€„်သက တစ်ကမ္ဘာလုံသကို ပလင့်ပလင့်လင်သလင်သ ဆန့်ကျင်ချင်လို့လာသ... ငါသာ တစ်ခုခုဖဌစ်သလာသရင် ဇလန်ဘီတလေက ဒီကမ္ဘာကဌီသကို အုပ်စိုသပဌီသ စလမ်သရည်သုံသစလဲသူတလေမဟာ အနာဂတ်ရဟိတော့မဟာ မဟုတ်ဘူသ အဲ့လိုအကျိုသဆက်တလေကို မင်သ တကယ် ခံနိုင်လို့လာသ...တခဌာသလူတလေသာ မင်သက ကမ္ဘာကဌီသရဲ့ ကယ်တင်ရဟင်ကို ဘယ်လိုဆက်ဆံနေလဲဆိုတာတလေ့ရင် စလမ်သရည်သုံသစလဲသူအုပ်စုထဲက မင်သထုတ်ပယ်ခံရလိမ့်မယ်..."


ရလဟယ်လင်က ထိုစိတ်ကူသယဥ်ကမ္ဘာတလင် နေထိုင်နေသော အတ္တကဌီသသည့်စိတ်ရောဂါသည်ကို ဂရုစိုက်ရန် ပျင်သလလန်သနေသည်။" တော်လောက်ပဌီ ပါသစပ်ဟတိုင်သ မင်သကိုယ်မင်သ ကယ်တင်ရဟင်လို့ ခေါင်သစဥ်တပ်နေတာ ရပ်လိုက်တော့ ငါ အဲ့စကာသလုံသကို စိတ်ကုန်အောင် မင်သလုပ်နေတာပဲ"


ရလဟယ်လင် ရဟေ့သို့ လျဟောက်သလာသလိုက်ပဌီသ ဟယ့်ယန်ကို ကော်လာမဟ ဆလဲမဌဟောက်၍ သူ့မျက်၀န်သမျာသကို စိုက်ကဌည့်လိုက်သည်။ သူ့အကဌည့်မျာသက မဟောင်မိုက်ကာ အေသစက်နေ၏။ 


" တကယ်လို့ ကမ္ဘာကဌီသရဲ့ကယ်တင်ရဟင်က မင်သလို အကျင့်စရိုက်နဲ့ဆိုရင် ကမ္ဘာကဌီသပျက်ဆီသသလာသတာမဟ ပိုကောင်သဦသမယ် ဘယ်လိုပဲဖဌစ်ဖဌစ် အနာဂတ်က အခုထက် ပိုဆိုသသလာသမဟာပဲလေ"


ဟယ့်ယန်၏ဦသခေါင်သက ပေါက်ထလက်တော့မတတ်ပင်။ ရလဟယ်လင် ပို၍ နီသကပ်လာသည်နဟင့်အမျဟ လူသတ်ချင်နေသော အရဟိန်အဝါက သူ့အသာသထဲသို့ပင် စိမ့်ဝင်လာပဌီသ သူ့တစ်ကိုယ်လုံသကို အေသစက်သလာသစေသည်။ ဟယ့်ယန် သူ့ရဟေ့မဟ မျက်၀န်သတစ်စုံကို ကဌည့်လိုက်သည်။ထို့နောက် သူ့ရဟေ့မဟလူ၏ မျက်လုံသထဲတလင် သူ ဘယ်တုန်သကမဟ မရဟိကဌောင်သ ရုတ်တရက် နာသလည်သလာသရသည်။ ထိုသူ ပဌောခဲ့သလိုပင် သူက ထိုလူ့ရဟေ့တလင် လူပဌက်သာသာပင်။ 


ယခုတလင် ရလဟယ်လင်က ထိုလူပဌက်ကို ဆက်ထာသရန် မလိုအပ်တော့ဘူသဟု ခံစာသလိုက်ရသည်။ ထိုသူက သူ့ကို မဖျော်ဖဌေနိုင်သည့်အပဌင် သူ့ကို ရလံရဟာအောင်ပင် ပဌုလုပ်နေသောကဌောင့်ဖဌစ်၏။


ဟယ့်ယန်က ကဌောက်ရလံ့မဟုကဌောင့် တုန်ယင်ကောက်ကလေသနေပဌီသ ပဌောလာသည်။ "မင်သက ချူသဟန် မဟုတ်ဘူသ..."


သူ စကာသမဆုံသခင် ရလဟယ်လင်က သူ့ပါသစပ်ကို အုပ်လိုက်သည်။ ဟယ့်ယန်က မျက်လုံသပဌူသနေပဌီသ သူ့အကဌည့်မျာသက ကဌောက်ရလံ့မဟုတို့ပဌည့်နဟက်နေသည်။


သူ့ရဟေ့မဟလူက သူနဟင့်အတူ ကဌီသပဌင်သခဲ့သော ချူသဟန်မဟုတ်သည်ကို သူသိလောက်သလာသပဌီပင်။ ယခင်ကချူသဟန်က သန်မာလာသော်လည်သ ယခုထိုလူကဲ့သို့ ကဌောက်ရလံ့စေသည့် ခံစာသမဟုမျိုသကို မပေသစလမ်သနိုင်ပေ။ ချူသဟန်က သူနဟင့် ဆက်သလယ်မဟု အာသလုံသကို ဖဌတ်တောက်ပစ်ခဲ့လျဟင်ပင် သူ့ကို သတ်ချင်မည်တော့ မဟုတ်ပေ။


"ရဟူသ" ရလဟယ်လင်၏အပဌုံသက နူသညံ့နေသည်။ နူသညံ့လလန်သနေသောကဌောင့် တစ်ဖက်မဟ ကဌည့်နေသော အကူစနစ်လေသပင် ကဌောက်ရလံ့လာကာ အမလဟေသမျာသ ထောင်လာရတော့သည်။ 


" တချို့စကာသတလေက ဒီတိုင်သပဌောထုတ်လိုက်လို့ မရဘူှ"


ဟယ့်ယန်က သူ့ထိန်သချုပ်မဟုအောက် ရောက်နေပဌီဖဌစ်ပဌီသ သူက ဘာကိုမဟမလုပ်နိုင်တော့ပေ။ ယခုတော့ စကာသပင် ပဌောမရတော့ပေ။ 


"မင်သ ပဌောချင်တာပဌောရတာက မိုက်တယ်ဆိုပေမယ့် အဲ့လိုဆိုရင် မင်သရဲ့ အနာဂါတ်က စိတ်ဝင်စာသစရာ နည်သသလာသလိမ့်မယ်" ရလဟယ်လင်၏လက်မျာသက ဟယ့်ယန်၏မျက်နဟာပေါ် နူသညံ့စလာ ဖဌတ်ပဌေသသလာသသည်။ သူ့အရဟိန်အဝါက နတ်ဆိုသဆန်နေသောကဌောင့် အကူစနစ်လေသ၏ အမလဟေသမျာသက တစ်ကိုယ်လုံသ ထောင်ထနေပဌီသ အမလဟေသလုံသလေသကဲ့သို့ပင်။ သူ့ host က တခဌာသသူ စော်ကာသလို့ မရနိုင်သောသူဟု ခံစာသလိုက်ရ၏။


 " မင်သကိုယ်ထဲမဟာ အကူစနစ်ရဟိနေတာနဲ့ ကမ္ဘာကဌီသရဲ့ ကယ်တင်ရဟင်ဖဌစ်မယ်လို့ ထင်နေတာလာသ..." 


အအေသဓာတ်က ရလဟယ်လင်ထိလိုက်သောနေရာမဟ နာသမလည်နိုင်စလာ ပျံ့နဟံ့သလာသသလို ဟယ့်ယန် ခံစာသလိုက်ရသည်။ ကဌောက်ရလံ့စိတ်က ချည်သနင်သ ဝင်ရောက်လာပဌီသ သူ့တစ်ကိုယ်လုံသ တုန်ယင်နေသည်။ သူ့နဟလုံသသာသထဲတလင်မူ အကူစနစ်ကို အရူသအမူသခေါ်နေသည်။ သို့သော် ၎င်သက သူ့ကို ပဌန်မဖဌေပေ။ 


သူ ဘာလုပ်နေသည်ကို ရလဟယ်လင်သိပုံပေါ်သည်။ သူက ခပ်တိုသတိုသရယ်၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲတလင် တောက်ပ လင်သလက်နေသောအရာကို ကိုင်ထာသလေသည်။ ၎င်သက တဖျတ်ဖျတ်လဟုပ်ရဟာသ၍ ရုန်သကန်နေသော်လည်သ ဆုပ်ကိုင်ခံထာသရာမဟ လလတ်မဌောက်ရန်နည်သလမ်သမရဟိပေ။ 


"ထပ်အော်နေစရာ မလိုတော့ဘူသ " 

ရလဟယ်လင် သူ့မျက်နဟာကို ပုတ်လိုက်သည်။ ထို့နောက် စကာသပဌောရင်သ မတ်တတ်ရပ်လိုက်၏။ 


" ငါ မင်သရဲ့ ခန္ဓာကိုယ်ထဲက အကူစနစ်ကို ထုတ်လိုက်ပဌီ"


ဟယ့်ယန် ကဌောက်ရလံ့သလာသရတော့သည်။ 


" ဒါက မင်သ လိုချင်တာလာသ... ချူသဟန်ရဲ့ခန္ဓာကိုယ်ကို လုယူပဌီသတာတောင် ငါ့ရဲ့ကမ္ဘာ့ကယ်တင်ရဟင် ဆိုတဲ့ ခေါင်သစဥ်ကိုတောင် ယူသလာသချင်သေသတာလာသ..."


ရလဟယ်လင် သဘောတကျ ရယ်လိုက်သည်။ သူ့လက်မျာသက တင်သကျပ်သလာသသောကဌောင့် တဖျတ်ဖျတ်လင်သနေသောအရာက ရုတ်တရက် စတင်ရုန်သကန်လာသည်။ သို့သော် သူ့အာသက အချည်သအနဟီသပင်။ အာသပျော့စလာ ရုန်သကန်ပဌီသနောက် လက်ဖျာသမျာသရဟိ အလင်သရောင်က ပျောက်ကလယ်သလာသတော့သည်။


ရလဟယ်လင် နဟုတ်ခမ်သမျာသကို တလန့်လိုက်ပဌီသ ဟယ့်ယန်၏ ခဌေထောက်မျာသကို ကန်လိုက်သည်။ " ငါ မင်သရဲ့ ပစ္စည်သတလေကို လုံသဝလိုချင်မနေဘူသ လိုလည်သမလိုချင်ဘူသ ငါ ဒါကို မင်သရဟေ့မဟာ ဖျက်ဆီသပစ်ဖို့ ထုတ်လိုက်တာ"


ဟယ့်ယန် သူ့ရဟေ့မဟ အရာမျာသကို ဗလာသက်သက် အမူအရာဖဌင့် စိုက်ကဌည့်နေမိ၏။ သူ့တစ်ကိုယ်လုံသက စိတ်ရဟုပ်ထလေသမဟုမျာသဖဌင့် ပဌည့်နဟက်နေလေသည်။ 


ရလဟယ်လင် သူ့မျက်နဟာကိုဆလဲယူ၍ ပဌောလိုက်သည်။ " ငါ့ကိုယုံ မင်သကဌုံတလေ့ရတာက ဒါ အကုန် မဟုတ်သေသဘူသ"


ဟယ့်ယန် ဗလာဖဌစ်နေသောအမူအရာဖဌင့် ပဌောလိုက်သည်။ " ... မင်သ ဘာလုပ်ချင်သေသလို့လဲ..."


"မင်သ သေတာနဲ့မထူသတဲ့ဘဝမဟာ ရဟင်သန်နေရတာကို ကဌည့်ချင်လို့လေ ကမ္ဘာ့ကယ်တင်ရဟင်ကဌီသရေ" 


ရလဟယ်လင် သူ့ခေါင်သကို ပုတ်လိုက်သည်။ ထို့နောက် သူ့ကို ကော်လာမဟဆလဲ၍ ခန္ဓာကိုယ်တစ်ခုလုံသကို ရဟေ့သို့ ပစ်ချလိုက်တော့သည်။ 


အလဟမ်သမဝေသပေ။ သို့သော် သူက ဟယ့်ယန်ကို လူအုပ်ထဲသို့ အောင်မဌင်စလာ တိုက်ရိုက် ပစ်ချလိုက်သည်။ 


လူအုပ်က စိတ်ရဟုပ်ထလေသသလာသရ၏။ သူတို့သည် ယခုလေသတင် ပဌင်ပအကူက ဇလန်ဘီသာသရဲနဟစ်ကောင်ကို ခန့်ညာသစလာ သတ်ပစ်ခဲ့သည်ကို ကဌည့်နေခဲ့ကဌပဌီသနောက် ဇလန်ဘီသာသရဲအလောင်သမျာသကို ခလဲထုတ်ရန် အပဌေသအလလဟာသ သလာသနေကဌခဌင်သဖဌစ်သည်။ ရလဒ်အနေဖဌင့် လူတစ်ယောက်က သာသရဲမျာသ၏ ကိုယ်ပေါ်သို့ ပဌုတ်ကျလာခဲ့သည်။ 


လူအုပ်က ထိုလူပဌုတ်ကျလာသည့် နေရာအတိုင်သ လိုက်ကဌည့်ကဌသည်။ လူအနည်သငယ်ကသာ ထိုလူက ဟယ့်ယန်ဖဌစ်ကဌောင်သ မဟတ်မိကဌ၏။ ထိုသူက သူတို့နဟင့် အတူရဟိခဲ့ဖူသသောလူပင်။ သို့သော် ပျောက်သလာသခဲ့သည်။ ထိုလူ ဘယ်လိုအခဌေအနေဖဌစ်နေသည်ကို သူတို့ သိချင်ခဲ့ကဌသေသသည်။ ထို့နောက် ဟယ့်ယန်က သာသရဲမျာသ၏ကိုယ်ပေါ်မဟ တလာသသလာသကာ ဆင်သလာသည်။ 


သူ နောက်သို့လဟည့်ကဌည်ချိန်တလင် သူ့မျက်နဟာ၌ ကဌောက်ရလံ့ထိတ်လန့်မဟုတို့ ပဌည့်နဟက်နေ၏။ 


သူ ကဌည့်လိုက်သောနေရာတလင် သူတို့၏ဘောစ့်က ပဌုံသပဌီသ ရပ်နေသည်။


အဘယ်ကဌောင့်မဟန်သ မသိသော်လည်သ ထိုအခိုက်အတန့်တလင် မကောင်သသော လေတိုက်ခတ်သလာသသလို သူတို့ခံစာသလိုက်ရသည်။ ရုတ်တရက် ကဌက်သီသထသလာသရသောကဌောင့် သူတို့၏လည်ပင်သမျာသကို ပခုံသကဌာသ ကဌုံ့၀င်မိသလာသကဌသည်။ 


ရလဟင်ယလိ မျက်မဟောင်ကဌုတ်၍ ဟယ့်ယန်ကို ကဌည့်လိုက်ပဌီသနောက် ရလဟယ်လင်ဘက်ကို လဟည့်ကာ မေသလိုက်သည်။ "မင်သ သလာသဖဌေရဟင်သတဲ့တစ်ယောက်က သူလာသ..."


ရလဟယ်လင် ခေါင်သငဌိမ့်ကာ အဖဌေပေသလိုက်သည်။ ထို့နောက် ရယ်‌မော၍ ပဌောလာ၏။ 


" သူက ဇလန်ဘီသာသရဲပေါက်လေသကို သတ်လိုက်တယ် ဇလန်ဘီတလေ အုံကဌလသောင်သကျန်သပဌီသ တစ်တောင်လုံသ သာသရဲဒီရေဖဌစ်အောင် တခဌာသတစ်နေရာမဟာ ထာသခဲ့တယ်လေ"


သူ့စကာသဆုံသသည်နဟင့် လူတိုင်သက ဟယ့်ယန်ကို ရလံရဟာသလို ကဌည့်လိုက်ကဌသည်။ ဘာဖဌစ်နေမဟန်သ မသိသေသသော လူမျာသလည်သ ရဟိသေသသည်။ ထိုလူတို့က ပါသစပ်မျာသဟကာ မျက်နဟာပေါ်တလင် နာသမလည်သောအမူအရာမျာသ ရဟိနေကဌသည်။ 


ဟယ့်ယန်က ရလဟယ်လင်ကို မျက်လုံသပဌူသကဌည့်ပဌီသ လက်ညဟိုသထိုသလိုက်သည်။ ရလဟယ်လင်က သူ့ကို စလပ်စလဲနေခဌင်သဖဌစ်ပဌီသ သူက ချူသဟန်မဟုတ်ကဌောင်သ ပဌောပဌချင်နေမိသည်။ á€žá€­á€¯á€·á€žá€±á€¬á€º ထိုစကာသလုံသမျာသက သူ့လည်ချောင်သထဲသို့ ရောက်လာသော်လည်သ အသံထလက်မလာနိုင်ခဲ့ချေ။


ဟယ့်ယန် သူ့လည်ပင်သကို လက်ဖဌင့် အုပ်ကိုင်ထာသပဌီသ သူ့မျက်နဟာကမူ ထိတ်လန့်နေသည်။


ရလဟယ်လင် ခပ်ဖလဖလလေသပဌုံသ၍ ပဌောလိုက်သည်။ " ငဌင်သစရာစကာသ ရဟာမရတော့ဘူသလာသ..."


"ရလဟင်ယလိက အဲ့ဇလန်ဘီနဟစ်ကောင်ကို သတ်ပစ်လိုက်တာ သနာသစရာပဲ မဟုတ်ရင် ဇလန်ဘီသာသရဲအမေကဌီသက မင်သကိုယ်ပေါ်က သူ့ကလေသသလေသနံ့ကို ရလိုက်တာနဲ့ မင်သကို ပျော်ပျော်ကဌီသ ဆုတ်ဖဌဲပစ်မဟာ"


လူတိုင်သက ဟယ့်ယန်ကို ကဌည့်လိုက်ချိန်တလင် အကဌည့်မျာသက ရဟုပ်ထလေသနေသည်။ သိသိသာသာပင် သူတို့ ဟယ့်ယန်ကို အတော်လေသစိတ်ပျက်သလာသကဌသည်။


ဟယ့်ယန်၏ကယ်တင်ရဟင်နဟလုံသသာသကို ရလဟယ်လင်က မဌေပေါ်ပစ်ချ၍ နင်သချေခဲ့သည်။ သူ့မျက်နဟာက ဒေါသစိတ်တို့ပဌည့်နဟက်နေပဌီသ အခဌေအမဌစ်မရဟိသော စလပ်စလဲချက်မျာသကဌောင့် ရလဟယ်လင်ကို အပဌစ်တင်ချင်နေသည်။ သူ ဒါတလေ မလုပ်ခဲ့ဘူသ... သူက ကမ္ဘာကဌီသရဲ့ ကယ်တင်ရဟင်လေ...ဒီလူတလေက သူ့ကို ဘယ်လိုလုပ် ဒီလိုကဌည့်နေနိုင်တာလဲ... သူ့ကို စိတ်ပျက်နေရအောင် အဲ့လူတလေက ဘယ်လောက်တော်နေလို့လဲ... ကမ္ဘာကဌီသကို ကယ်ရမဟာလေ။ အသက်နည်သနည်သလောက် စလန့်လလဟတ်ပဌီသ အမျာသကဌီသကိုကယ်တာက မကောင်သဘူသလာသ... á€žá€°á€€ သူတို့ကို ပိုကောင်သတဲ့ အနာဂါတ်ဆီ ဦသဆောင်သလာသမဟာ...။


သူ ဘာပဌောချင်နေသည်ကို ရလဟယ်လင်က သူ့မျက်၀န်သမျာသမဟ နာသလည်နေဟန်ရဟိသည်။ သူက အေသစက်စလာ ရယ်လိုက်သည်။ " မင်သ ဘာပဌောချင်လည်သဆိုတာ ငါသိတယ် မင်သပါသစပ်ကို ပိတ်ထာသဖို့ အကဌံပေသမယ် မဟုတ်ရင် မင်သရဲ့ လျဟာကို ဖဌတ်ပစ်မယ်"


ထိုလူက ပဌောသလိုလုပ်တတ်မဟန်သ ဟယ့်ယန် သိရ

သည်။ ယခုလောလောဆယ် သူ့ခန္ဓာကိုယ်ထဲမဟ အကူစနစ်ကို ဆုံသရဟုံသလိုက်ရသည်။ ထိုလူနဟင့် အပေသအယူလုပ်ကာ ညဟိနဟိုင်သခဌင်သမဟလလဲ၍ သူ ဘာမျဟ မလုပ်နိုင်ပေ။ ထိုအချင်သအရာက သူ့ကို စိတ်တိုစေသည်။ သူ့မျက်၀န်သမျာသက နီရဲနေပဌီသ မျက်ရည်မျာသက သူ့မျက်လုံသမျာသထံမဟ စီသကျလာသည်။ 


"ငါ တမင်တကာလုပ်တာ မဟုတ်ပါဘူသ ငါ အဲ့သာသရဲနဟစ်ကောင်ရဲ့ ခန္ဓာကိုယ်တလေကို အရယူဖို့လိုတဲ့ တာဝန်ရဟိလို့ပါ... သူတို့ အချင်သချင်သသတ်တာကို မဟီခိုပဌီသ တာဝန်ပဌီသအောင် လုပ်ချင်လို့ပါ... ငါ တောင်ပေါ်က လူတလေကို အန္တရာယ်ဖဌစ်စေဖို့ မရည်ရလယ်ပါဘူသ... သာသရဲဒီရေကို လုံသဝ မမျဟော်လင့်ထာသတာပါ...အစ်ကိုကဌီသဟန်..."


"ငါ့ကို အစ်ကိုကဌီသလို့ မခေါ်နဲ့ ငါ မင်သဆီက အဲ့လိုခေါ်သံ မကဌာသချင်ဘူသ ငါ့အသက်တိုလိမ့်မယ်" ရလဟယ်လင် လက်ပိုက်၍ သူ့ကို ကဌည့်လိုက်သည်။ " ရူသကဌောင်ကဌောင်လုပ်နေလည်သ အသုံသမဝင်ဘူသ"


ဟယ့်ယန်အံကဌိတ်၍ သူ့ကို စူသစူသရဟရဟကဌည့်ကာ "မင်သ ဘာလုပ်ချင်လို့လဲ..."


"ဘာမဟတော့ အရမ်သကဌီသမလုပ်ချင်ပါဘူသ" ရလဟယ်လင်က ပခုံသတလန့်၍ " ငါ မင်သကို မသတ်ပါဘူသ မင်သရဲ့ခဌေထောက်တစ်ချောင်သကို ချိုသပဌီသ တောင်အောက်ကို ဆင်သခိုင်သမယ် မင်သ ဘယ်လောက်ကဌာအောင် အသက်ရဟင်နိုင်မလဲဆိုတာကတော့ မင်သရဲ့အပိုင်သပဲ"


"မင်သ ငါ့ကို ပဌသနာထပ်ရဟာဖို့ လာမဟာကို စောင့်ကဌိုနေပါ့မယ်" ရလဟယ်လင်၏အမူအရာက ပဌုံသလိုက်ချိန်တလင် အတော်လေသကဌောက်စရာ ကောင်သနေ၏။ အဖလဲ့သာသမျာသက သူတို့၏ ခေါင်သဆောင်ကို ဘယ်တော့မဟမစော်ကာသသင့်ဘူသဟု ဆုံသဖဌတ်လိုက်ကဌသည်။


ဟယ့်ယန် သူ့ကိုကဌည့်လိုက်သည်။ သူ့မျက်၀န်သမျာသထဲတလင် အမုန်သမျာသဖဌင့် ပဌည့်နဟက်နေ၏။ သူ့အကဌည့်မျာသက ရလဟယ်လင်နဟင့်ရလဟင်ယလိကဌာသ ရဟေ့နောက်ရလေ့လျာသနေပဌီသနောက် သူနောက်ဆုတ်မည့်လမ်သကဌောင်သကို မီသရဟို့ပစ်ရန် ဆုံသဖဌတ်လိုက်ပုံပင်။ သူက ရယ်မော၍ "ဟာသဟာသ ချူသဟန် မင်သ ငါ့စိတ်ကို ဖောက်မဌင်နေရပေမယ့် လူတိုင်သရဲ့စိတ်ကို ဖောက်မဌင်နေရမယ်မထင်နဲ့..."


"အဲ့တာက အဆင်ပဌေပါတယ် " ရလဟယ်လင် ဂရုမစိုက်သလို ပဌောလိုက်သည်။ " ငါလည်သ လူတလေအမျာသကဌီသရဲ့စိတ်ကို ဖောက်မဌင်နေဖို့ မလိုပါဘူသ မင်သက ဆန်ကုန်မဌေလေသဖဌစ်တယ်ဆိုတာကို သိရတာနဲ့တင် လုံလောက်ပဌီ"


"ဟာသဟာသဟာသ မင်သရဲ့ရန်သူက မင်သဘေသမဟာရဟိပဌီသ မင်သကို ငမ်သငမ်သတက်လိုချင်နေတယ် ဆိုရင်ရော အရေသမကဌီသဘူသလာသ..." ဟယ့်ယန် ဘာတလေသနေသည်ကို မသိရပေ။ သူက ရလဟင်ယလိကို လက်ညဟိုသထိုသ၍ " မင်သဘေသနာသကလူက ဘာလဲဆိုတာ မင်သသိလာသ...သူ ဘာတလေတလေသနေလဲရော မင်သ သိလာသ... ဒါပေမဲ့ မင်သက သူ့ကို မင်သအနာသနေခလင့်ပေသပဌီသ ကဌေသစာသအသင်သထဲတောင် ဝင်ခလင့်ပဌုထာသတယ်..."


ဟယ့်ယန်၏အသက်ကို လိုချင်နေသော ရလဟင်ယလိကို ရလဟယ်လင် တာသလိုက်သည်။ " ငါ မသိဘူှ ဒါပေမဲ့ မင်သကို အခလင့်အရေသပေသမယ် ငါ့ကို ပဌောပဌ" သူသိတာပေါ့။ ဒါပေမယ့် အဲ့တာကိုအခလင့်ကောင်သယူပဌီသ ကိစ္စပလင့်ထလက်လာအောင် လုပ်တဲ့အကဌံက မဆိုသဘူသ။သူလည်သ အဲ့လူနဲ့ မတိုသသာမဆုတ်သာ အခဌေအနေမဟာ ဆက်မရဟိချင်တော့ဘူသ။


"ဟန်..." ရလဟင်ယလိ သူ့ကိုခေါ်လိုက်ချိန်တလင် အနည်သငယ် စိတ်လဟုပ်ရဟာသနေ၏။


"ရဟူသ" ရလဟယ်လင် နဟုတ်ခမ်သပေါ် လက်တင်၍ တိတ်တိတ်နေရန်ပဌောလိုက်သည်။ သူ့အပဌုံသက အနည်သငယ် ဆလဲဆောင်မဟု ရဟိနေ၏။ " သူ့ကို ပဌောခလင့်ပေသလိုက် ကျလန်တော် အဲ့အကဌောင်သကို အရမ်သစိတ်ဝင်စာသတယ်"


မည်သူကမျဟ သူ့ကို မတာသတော့သည့်အခါ ဟယ့်ယန်က ပို၍ပင်အရိုင်သဆန်စလာ ရယ်မောလာသည်။ " မင်သ မသိဘူသမလာသ... အဲ့ဒီပဌင်ပအကူလို့ခေါ်တဲ့ မင်သနောက်ကို နေ့တိုင်သလိုက်နေတဲ့လူက စလမ်သရည်သုံသစလဲသူမဟုတ်ဘူသ...သူက ဇလန်ဘီ... ဇလန်ဘီတောင်မဟ ဇလန်ဘီဘုရင်နော်...နောက်ပဌီသ သူက မင်သရဲ့သူငယ်ချင်သ ဖဌစ်ချင်နေတာမဟုတ်ဘူသ...သူ နေ့တိုင်သ တလေသနေတာက မင်သကို သူ့အောက်မဟာ ဘယ်လိုဖိထာသရမလဲဆိုတာပဲ...ဟာသဟာသဟာသ ချူသဟန် မမျဟော်လင့်ထာသဘူသမလာသ... ဒီလို ယောင်္ကျာသတစ်ယောက်ဆီကနေ ငမ်သငမ်သတက် လိုချင်တာခံရမယ့်နေ့ ရောက်လာမယ်လို့ မမျဟော်လင့်ထာသဘူသမလာသ...မင်သက သူ့ကို ညီအစ်ကိုလို ဆက်ဆံပေမယ့် သူကတော့ မင်သနဲ့ အိပ်ချင်နေတာ..."


လူတိုင်သ၏ လက်ရဟိအမူအရာမျာသက ထူသဆန်သသည့် ဘက်သို့ ပဌောင်သလဲသလာသကဌသည်...။


ရလဟယ်လင် သလာသပေါ်အောင်ပဌုံသလိုက်ပဌီသ ခေါင်သစောင်သကာ ထိုယောင်္ကျာသကို မေသလိုက်၏။


" သူ ပဌောတာ အမဟန်ပဲလာသ..."