Chapter 10
Viewers 2k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 10

အပေးအယူလေးတစ်ခု



စွေ့ချီချောင်း၏အားထုတ်မှုကြောင့် ပထမကန်တင်းတွင် ငရုတ်ဆီကိုခဏဖယ်ထားလျှင်ပင် စုစုပေါင်း ဟင်းလျာခုနစ်မျိုးအထိ ရှိလာပြီဖြစ်၏။ အာလူးနှပ်နှင့် ကြက်ဥမွှေကြော်အပြင် သူတို့ထံ၌ ငရုတ်သီးကြက်ကြော်၊ အမဲရင်ပုံသားမုန်လာဥချက်၊ ငါးအရသာ ဝက်သားနုတ်နုတ်စဉ်းဟင်း၊ ဆလတ်ရွက်မွှေကြော်၊ ရေညှိနှင့်ဝက်နံရိုးစွပ်ပြုတ်ရှိနေချေပြီ။


သူတို့၏လက်ရှိမီနူးတွင် ရွေးချယ်စရာအများအပြားမရှိသော်လည်း ၎င်းက ကျောင်းသားအများစု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။


စွေ့ချီချောင်းက CUကျောင်းသားများ၏ အကြံပြုချက်အတိုင်း မုန့်လုပ်နည်းများကိုလည်း လေ့လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေနှင့် ပထမကန်တင်း၏နံနက်စာမီနူးကိုလည်း မွမ်းမံပြင်ဆင်ရသေး၏။


ပထမကန်တင်း၏ မနက်စာမီနူးအကြောင်းကိုပြောရလျှင် သူတို့တည်ခင်းသော မနက်စာဟင်းပွဲများက နာမည်ဆိုးနှင့်ကျော်ကြားလေသည်။ သူတို့၏မွှေကြော်ဟင်းလျာများမှာ ၎င်းတို့ချည်းသက်သက်ပင် ဆိုးဝါးလှပြီဖြစ်၏။ သို့သော် စားဖိုမှူးများက ထိုဟင်းလျာများကို သူတို့၏မုန့်ပေါင်းဖိုထဲကိုထည့်ပြီး ဘန်းမုန့်ပြုလုပ်ကာ ဖက်ထုပ်ထဲကို အဆာသွတ်လိုက်သည့်အခါတွင်မူ ကံကောင်းသူများက ငရုတ်သီးစိမ်းရောထားသည့်အသားကြော်နှင့် ကြက်သွန်မြိတ်အမဲသားဟင်းကို အစာသွတ်ထားသည့်တစ်ခုကို ရနိုင်မည်ဖြစ်၏။ ကံဆိုးသူများအနေဖြင့် စတော်ဘယ်ရီသီးကြော်နှင့် အသားအဆာသွတ်ကို ရလိမ့်မည်သာ။ 


ကျောင်းသားတွေက စားရောစားချင်ကြမှာတဲ့လား...


စွေ့ချီချောင်းက သူ့ဗဟုသုတများကိုအသုံးချ၍ ဟင်းချက်နည်းနှစ်မျိုးကို ဖန်တီးပေးခဲ့သည်။ တစ်မျိုးမှာ အဆီနည်းအမဲသားပါသော ဆန်ခေါက်ဆွဲဖြစ်ပြီး ကျန်တစ်မျိုးမှာ ဝက်ပေါင်ခြောက် ကြက်ဥခေါက်ကြော်ကိတ် ဖြစ်သည်။


အဆီနည်းသောအသားနှင့် ဆန်ခေါက်ဆွဲလုပ်ရခြင်းမှာ ခက်ခက်ခဲခဲမဟုတ်လှချေ။ ငရုတ်သီးစိမ်းကိုခပ်ပါးပါးလှီး၍ အသားစဉ်းကောနှင့် ကြက်သွန်မြိတ်ကို ဆန်ခေါက်ဆွဲ၏အရန်ဟင်းလျာအဖြစ် အသုံးပြုရန်အတွက် အနံ့မွှေးလာသည်အထိ ရောမွှေရသည်။ ဆန်ခေါက်ဆွဲပွဲအမြောက်အမြားစာတန်သော အရန်ဟင်းလျာများကို အိုးတစ်လုံးတည်းတွင် တစ်ချိန်တည်းချက်ပြုတ်နိုင်သည်။ ခေါက်ဆွဲဟင်းချိုအတွက်မူ ရေကိုအပူပေးပြီးနောက် အိမ်လုပ်ငရုတ်ဆီ၊ နှမ်းဆီ၊ ပဲငံပြာရည်နှင့် အခြားဟင်းခတ်အနှစ်အနည်းငယ်ကို ထည့်ပေးရသည်။


ဆန်ခေါက်ဆွဲပြုလုပ်ရန်အတွက်မူ ဆူပွက်နေသောရေထဲကို ထည့်ပြုတ်ပြီးနောက် ရေစစ်ထုတ်ကာ ထိုခေါက်ဆွဲသားများကို ဇလုံတစ်ခုထဲသို့ထည့်ရသည်။ စွေ့ချီချောင်းက ဆန်ခေါက်ဆွဲကို မမာလွန်းမပျော့လွန်းအနေအထားလေး ရနိုင်စေရန်အတွက် ရေနွေးထဲကို ခပ်ကြာကြာမဖြောထားသည့်အနေအထားကို ပိုသဘောကျသည်။ သို့သော် ကျောင်းသားအချို့အနေနှင့် ဆန်ခေါက်ဆွဲပျော့ကို ပို၍ကြိုက်နှစ်သက်ပါက စားဖိုမှူးဘက်ကလည်း ခေါက်ဆွဲကို ခပ်ကြာကြာပြုတ်နိုင်စေရန်အတွက် ချက်ပြုတ်သည့်အချိန်စံနှုန်းနှစ်ခုကို ဖော်ပြခဲ့သည်။


သူတို့အနေနှင့် ဆန်ခေါက်ဆွဲကို အမျိုးမျိုးလုပ်စားနိုင်လေသည်။ ခေါက်ဆွဲနှင့်တွဲစားရသည့် ဟင်းလျာများကိုလည်း နေ့တိုင်းအပြောင်းအလဲလုပ်နိုင်သည်။ ဥပမာအားဖြင့် ငရုတ်သီးစိမ်းနှင့် အဆီနည်းသောအသားဟင်းလျာအစား ရေညှိနှင့် ဝက်နံရိုးဟင်းလျာကို အစားထိုးအသုံးပြုနိုင်သည်။ ထိုဟင်းလျာကို အဓိကဟင်းလျာ၏ တွဲဖက်အဖြစ်လည်းစားသုံးနိုင်ပြီး ငရုတ်သီးစိမ်းနှင့် အဆီနည်းသောအသားထက် ပို၍အရသာပေါ့သွားမည်ဖြစ်၏။ ဟင်းချိုထဲတွင်လည်း ငရုတ်သိီးထည့်စရာ မလိုတော့ချေ။


တစ်ချိန်တည်းတွင် ဝက်ပေါင်ခြောက်ကြက်ဥခေါက်ကြော်ပြုလုပ်သည့်အခါ ဆီအပူချိန်နှင့် ကြာချိန်ကိုလည်း ထိန်းချုပ်ရမည်။ မုန့်သားနှစ်ဖက်စလုံးက သင့်တင်သောအဝါရောင်ရှိနေသင့်ပြီး ကြက်သွန်နီက မွှေးကြိုင်ရမည်ဆိုသော်ငြား တူးမသွားရန် သတိထားရမည်ဖြစ်၏။ ဝက်ပေါင်ခြောက်များကိုလည်း ကောင်းစွာကြော်ထားသင့်ပြီး ဝက်ပေါင်ခြောက်၏အရသာနှင့် အငန်ဓာတ်ကို အပြည့်အဝခံစားနိုင်ရန်အတွက် အနည်းငယ်ကြွပ်ကြွပ်ရွရွရှိရမည်။


ထို့အပြင် ကြက်ဥကိုမွှေကြော်သောအခါ ငရုတ်ကောင်းဖြူက ငရုတ်ကောင်းအမည်းထက် အရသာပိုနူးညံ့သောကြောင့်ငရုတ်ကောင်းဖြူအနည်းငယ်သာ ထည့်သင့်သည်။ ပေါင်းထည့်သည့်ပမာဏကလည်း အရသာကောင်းမွန်စေရန်အတွက် လုံလောက်ရုံမျှသာ ထည့်သင့်သည်။ ဟင်းအရသာကို ပိုမိုလွန်ကဲသွားစေပြီး အရသာခြားနားမှုကို ဖြစ်စေတတ်သည့်အတွက် ပမာဏများစွာ မထည့်သင့်ပေ။ ရံဖန်ရံခါတွင် စားဖိုမှူးများက ဟင်းလျာတွင်ပါရှိသော အထူးသီးသန့်ရနံ့ကို သိရှိနိုင်ရန်အတွက် တစ်လုတ်စာအပြည့် စားကြည့်သင့်ပေသည်။


ဤရောင်းကုန်မှာ ကြက်သွန်မြိတ်နှင့်အလှဆင်ထားသော ရွှေရောင်ကြက်ဥကြော်နှင့် မီးကင်ထားသည့် ဝက်ပေါင်ခြောက်အတုံးများ၏ ပန်းရောင်သမ်းနေသောအသားပိုင်းနှင့်အတူ နူးညံ့လှသောအသားလွှာများကို တစ်ပုံတည်းတွင်ပေါင်းထားသည်။ မြင်လိုက်ရရုံဖြင့် အငမ်းမရကိုက်စားပစ်ချင်လာအောင် ဆွဲဆောင်နေပေသည်။


စွေ့ချီချောင်းက သူရရှိထားသော တုံ့ပြန်ချက်များထဲမှ "စတုတ္ထကန်တင်း၏ ဆန်ခေါက်ဆွဲထဲတွင် ပန်းကန်ဆေးအဝတ်ဖတ်အစကြီးပါလာသည်"ဟူသောအချက်ကို သင်ခန်းစာယူလိုက်သည်။ ထိုကဲ့သို့သောအဖြစ်မျိုး ပထမကန်တင်းတွင်လည်း ကြုံခဲ့ဖူးလားဆိုသည်ကို စွေ့ချီချောင်းမသိချေ။ သို့သော် တိုင်ကြားချက်များအရဆိုလျှင် ကျောင်းသားများဖြစ်ပျက်ခဲ့ဖူးသောကိစ္စတိုင်းက စိတ်ကျေနပ်ဖွယ်ရာမရှိပေ။


သို့သော် ယခုမူ အခြေအနေများက မတူတော့ချေ။ ကျောင်းသားအများစုက ဆန်ခေါက်ဆွဲကို နွေးထွေးစွာကြိုဆိုလက်ခံကြသည်။ သူတို့အကြိုက်ဆုံး အခြေအနေဖြစ်သည့် မနက်ခင်းအတန်းချိန်များမရှိသည့်ရက်မျိုးဆိုလျှင် သူတို့က နေ့လယ်စာအတွက် ဆန်ခေါက်ဆွဲစားရန် ပထမကန်တင်းကို အပြေးရောက်လာကြလိမ့်မည်ဖြစ်၏။ သူတို့က တစ်ပန်းကန်ပြီးတစ်ပန်းကန် ထပ်မှာတတ်ကြသည်။ သို့ဖြစ်ရာ ကန်တင်းက နံနက်ခင်းပိုင်းဆိုလျှင် စားသောက်ဆူညံနေကြသည့်အသံများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အစပ်ဒဏ်ကို မခံစားနိုင်သူများဆိုလျှင် တစ်ချိန်လုံး နှာတရှုံ့ရှုံ့လုပ်တတ်ကြသေးသည်။


ဆန်ခေါက်ဆွဲနှင့်အတူ တည်ခင်းသည့် အရံဟင်းလျာကိုပင် ပလုတ်ပလောင်းစားသောက်ကြပေလိမ့်မည်။ ခေါက်ဆွဲသားကလည်း နူးညံ့ပြီးအရသာရှိလှသည်။ ထို့နောက် အစားအသောက်စားပြီးသည်နှင့် စွပ်ပြုတ်ပန်းကန်ကိုချလိုက်ကြသည်။ အပူဓာတ်က သူတို့၏ခံတွင်းထဲမှတစ်ဆင့် အစာအိမ်ထဲအထိ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို ပူနွေးလာစေသည်။ သူတို့၏ရင်ခုန်သံများသည်ပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။


CUကျောင်းသားအများစုက ဆန်ခေါက်ဆွဲကို ပိုကြိုက်နှစ်သက်ပုံရ၏။ အချို့သောကျောင်းသားများဆိုလျှင် အတန်းတက်ရန် ဆယ်မိနစ်သာလိုတော့သည့်အချိန်မျိုးမှာပင် ဝက်ပေါင်ခြောက်ကြက်ဥခေါက်ကြော်ကိတ်ကို ပါဆယ်ထုပ်သွားရန်အတွက် အလျင်စလိုမှာယူကြသေးသည်။ ယောက်ျားသားများက နှစ်ပွဲစားမှ ဗိုက်ပြည့်တတ်ကြသော်ငြား မိန်းကလေးများအတွက်မူ တစ်ပွဲမျှဖြင့် လုံလောက်လေသည်။ ပူပူနွေးနွေးစားသောက်ပါက ပို၍ပင်အရသာရှိသေးသည်။ အစားအသောက်နားကို မကပ်ရသေးမိီမှာပင် ဝက်ပေါင်ခြောက်နှင့် ကြက်ဥရနံ့လေးက သင်းနေသည်သာ။ 


၎င်းက ရိုးရှင်းလှသောအစားအသောက်တစ်မျိုးပင် ဖြစ်သော်လည်း ယခုကဲ့သို့အဆင့်အထိရောက်အောင် ချက်ပြုတ်ရန် ခက်ခဲလှသည်။ တခြားကန်တင်းရှိ မနက်စာဆိုင်တန်းလေးများနှင့် ကျောင်းပတ်ပတ်လည်ဆိုင်များမှာပင် ထိုကဲ့သို့အရသာရှိလှသော ဝက်ပေါင်ခြောက်ကြက်ဥခေါက်ကြော်ကိတ်မျိုး မရှိချေ။


လှီးထစ်ထားသော ဝက်ပေါင်ခြောက်တုံးများအပြင် ၎င်းတို့ပေါ်ကိုဆမ်းသော သင့်တင့်သည့်ဆီပမာဏက ဝက်ပေါင်ခြောက်ကြက်ဥခေါက်ကြော်ကို ချွဲကျိကျိမဖြစ်စေချေ။ ကိုက်လိုက်သည့်အခါ ခံတွင်းထဲတွင် နူးညံ့သောခံစားမှုတစ်ခုသာ ရှိသည်။ ကြက်ဥ၊ ကြက်သွန်မြိတ်၊ လှီးထစ်ထားသောဝက်ပေါင်ခြောက်တို့၏ ပေါင်းစပ်ထားသောအရသာက ခပ်ကျဲကျဲနှင့် ဆိမ့်သက်သက်နိုင်လေသည်။ တစ်လုတ်နှစ်လုတ်မျှကိုက်လိုက်ရုံဖြင့် ထိုကိတ်ကို အပြတ်ရှင်းပစ်နိုင်သည်။ ထို့နောက်တွင်မူ မိနစ်ဝက်ခန့်ကြာသည်အထိ လျှာပေါ်၌ အရသာစွဲထင်ကျန်နေခဲ့သည်။


ကန်တင်းကို နောက်ကျမှရောက်လာသူများအတွက် သနားစရာကောင်းလှသည့်အချက်မှာ အေးသွားသည့်ကိတ်အရသာက ပူနေစဉ်က အရသာနှင့် မတူညီခြင်းပင်။ လူအတော်များများက ဆန်ခေါက်ဆွဲကို ဦးစားပေးစားသုံးကြသည်မှာလည်း ဤအချက်ကြောင့်ဖြစ်နိုင်သည်။ မနက်ခင်းပိုင်းတွင် ပူပူနွေးနွေးအစားအသောက်တစ်ခုခုစားရုံဖြင့် တစ်နေကုန်စာကျက်ရန် ခွန်အားများရရှိနိုင်မည်သာ။


ဤသည်မှာ စွေ့ချီချောင်းက ကျောင်းသားများ၏ စိတ်လက်မသာမယာဖြစ်ရသည့် အခြေအနေကို သတိပြုမိသောကြောင့်သာဖြစ်၏။ ထိုစဉ်က ဟင်းချက်ခြင်းမှာ ကိုယ်ပိုင်ဝါသနာတစ်ခုမျှသာဖြစ်သည်။ မီးဖိုချောင်သုံးစက်ပစ္စည်းအမျိုးမျိုးတို့က ဟင်းလျာချက်ပြုတ်ရေးတွင်လိုအပ်သော လူသားများ၏လုပ်အားကို လျော့ကျစေခဲ့သည်။။


ပထမကန်တင်းက အလွန်လျင်မြန်လှသောအရှိန်ဖြင့် လူအများ၏ နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျောင်းဖွင့်ရက်သက်တမ်းသုံးလမပြည့်မီမှာပင် ကျားငါးကောင်၏ နံပါတ်တစ်နေရာမှတစ်ဆင့် ကျော်ကြားသောစားသောက်ဆိုင်များပင် ဦးညွှတ်ရသည့် လူကြိုက်အများဆုံးကန်တင်းအဖြစ်သို့ အဆင့်တက်သွားခဲ့သည်။ ပထမကန်တင်းက ပြုပြင်ပြောင်းလဲနေဆဲအဆင့်မှာသာ ရှိသေးသော်လည်း သူတို့၏ပြောင်းလဲမှုများက ကြီးမားသောအကျိုးသက်ရောက်မှုကိုဖန်တီးထားပြီးဖြစ်၏။


တိုက်ရိုက်နှိုင်းယှဥ်ခြင်းမျိုးမရှိပါက ထိခိုက်မှုတစ်စုံတစ်ရာလည်း ရှိလာမည်မဟုတ်ပေ။ ကျောင်းသားအများစုက အခြားကန်တင်းလေးဆိုင်သို့သွားခြင်းထက် ပထမကန်တင်းတွင် တန်းစီရခြင်းကိုသာ ပိုနှစ်သက်ကြသည်။ အထူးသဖြင့် စတုတ္ထကန်တင်းကို ပို၍ပင်မသွားချင်ကြချေ။ ဤကန်တင်းလေးဆိုင်ကို ရွေးစရာမရှိသည့်အဆုံးမှသာ သွားကြမည်ဟုပင် ထာဝရကြေညာချက်ထုတ်လိုက်ပေသည်။


ပထမဆုံးကန်တင်းတွင် နေ့တိုင်း ဝယ်ယူသူများဖြင့် ပြည့်ကျပ်နေသည်။ အဆုံးတွင်မူ ကန်တင်း၏စွမ်းဆောင်ရည်သည်လည်း အကန့်အသတ်ရှိသည်သာ။ ဝန်ထမ်းသစ်ခေါ်ယူမှုကလည်း နှစ်ကြိမ်တိတိပြုလုပ်ခဲ့ရသည်။ ဟင်းလျာအသစ်များ တည်ခင်းမည်ဟု သတင်းကြားသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ထိုဟင်းလျာများမရောင်းချမီ အပြေးအလွှားရောက်လာတတ်ကြသည်။


မကြာသေးမီက CUအတွင်းရှိ လူမှုကွန်ယက်Circleတစ်ခုမှ မကြာမီအချိန်အတွင်းကမှ ရေပန်းစားလာသည့် "ပထမကန်တင်းရှေ့က အစားအသောက်တန်းစီနေတဲ့လူတန်းကြီး"ဟူသော ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။ 


ဘဏ္ဌာရေးဌာနက လကုန်ပိုင်းတွင် သူတို့၏အကောင့်များကို ငွေစာရင်းရှင်းတမ်းထုတ်သောအခါတွင် ပထမကန်တင်း၏ ဝင်ငွေလည်ပတ်မှုက အခြားကန်တင်းလေးခုထက် များစွာမြင့်မားနေပြီး စတုတ္ထမြောက်ကန်တင်းဆိုလျှင် ပုံမှန်ထက်ပိုပြီး ဆိုးရွားနေချေသည်။ နေ့စဥ်ရောင်းအားကို သရုပ်ဖော်ထားသည့်ဇယားကို သတိထားကြည့်မည်ဆိုပါက စတုတ္ထကန်တင်း၏ဇယားက ဆက်တိုက်ကျဆင်းနေသောလမ်းကြောင်းကိုသာ ပြသနေကြောင်း တွေ့ရပေလိမ့်မည်။


သို့ဖြစ်ရာ စွေ့ချီချောင်းက ဥက္ကဋ္ဌစွေ့ကဲ့သို့သော ကျောထောက်နောက်ခံမျိုး ရှိနေသည့်အတွက်ဟုဆိုကာ အခြားစားသောက်ဆိုင်များက သူတို့မကျေနပ်ချက်များကို စတင်ထုတ်ဖော်လာကြသည်။


ယခင်ကမူ လူတိုင်းက အရသာဆိုးလှသည့်ဟင်းလျာများကို ညီတူမျှတူစားသုံးခဲ့ကြရသည်။ သို့သော် ယခုအချိန်၌ သူတို့ထဲမှတစ်ယောက်က တိုးတက်လာပေသည်။ သူတို့ မည်သို့မှမရှက်ဘဲမနေနိုင်ချေ။ ဤအလားအလာကိုအခြေခံ၍ အခြားကန်တင်းလေးခုသည်လည်း ပထမကန်တင်း၏ နောက်တစ်ကြိမ်လေလံဆွဲပွဲတွင် စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားကြမည်သာ။


ဥက္ကဋ္ဌစွေ့ဘက်တွင်လည်း ဆွယ်တရားဟောသူများ အများအပြားရှိနေပြီး သူ၏တူဖြစ်သူက မည်သည့်အချိန်မှ များ ပျော်ပါး၍ဝမည်လဲ ဟူသည့်မေးခွန်းမျိုးကို တိတ်တဆိတ်တစ်မျိုး၊ ပွင့်ပွင့်လင်းလင်းတစ်မျိုး မေးမြန်းကြသည်။


ဥက္ကဋ္ဌစွေ့၏တူဖြစ်သူက ဤကိစ္စကို အပျော်သက်သက်လုပ်နေခြင်းဖြစ်ပြီး အခြားစားသောက်ဆိုင်များက ငွေရှာရုံသက်သက်မျှဖြစ်ကြောင်း သူတို့အားလုံးသိထားကြပြီးဖြစ်၏။


တစ်ဖက်တွင်မူ ဥက္ကဋ္ဌစွေ့က စွေ့ချီချောင်းကို အပြင်ပန်းအရထောက်ခံနေသော်လည်း အတွင်းစိတ်ကမူ အနည်းငယ်ညည်းတွားနေသည်။ လပေါင်းအတော်ကြာခဲ့ပြီဖြစ်သော်လည်း သူ၏တူဖြစ်သူမှာ အနားယူချိန်လုံလုံလောက်လောက်မရှိရှာပေ။ သို့သော် ဥက္ကဋ္ဌစွေ့က သူ့ကို တစ်ခုခုလုပ်ရန်လည်း မတိုက်တွန်းခဲ့ပေ။ သူ့တူက စိတ်ဓာတ်ကျနေခြင်းဖြစ်ပြီး ကြောင်တစ်ကောင်မွေးထားသည်ဟုပင် သူကြားထားသည်။ သူ့တူ မည်မျှပင်ဖိအားဒဏ်ခံနေရသည်ဖြစ်စေ သူ့တူလေးကို စိတ်မချမ်းမသာဖြစ်အောင် သူ မလုပ်ရက်ပေ။


သို့သော် ဆန့်ကျင်ဘက်တွင်မူ အခြားကန်တင်းလေးဆိုင်က ထူးထူးခြားခြားပြုမူနေကြောင်း ဝန်ထမ်းများထံမှ စွေ့ချီချောင်းကိုယ်တိုင်ကြားထားသည်။ ထို့ကြောင့် သူ့ဘက်က လက်ဦးမှုရယူ၍ အခြားကန်တင်းပိုင်ရှင်လေးယောက်ကို သွားရောက်ရှာဖွေပြီး ဆွေးနွေးခဲ့သည်။


သူတို့ငါးယောက် အတူတကွမတ်တတ်ရပ်နေချိန်၌ မြင်ကွင်းတစ်ခုလုံးက လက်တွေ့မဆန်သလို ခံစားရသည်။ ကျန်လေးယောက်က စွေ့ချီချောင်း၏ဦးလေးအရွယ်နီးပါး ရှိသည်ဖြစ်ရာ အသက်အရွယ်အားဖြင့် အလွန်ကွာခြားလှသည်။ သို့သော် စွေ့ချီချောင်း၏သရုပ်မှန်ကို သိထားကြသောကြောင့် သူ့ရှေ့တွင် အထက်စီးလေသံဖြင့် မပြောဝံ့ကြပေ။


"ပထမကန်တင်းမှာ လာအပန်းဖြေပြီး ပျော်ပျော်ပါးပါးနေကြဖို့ ကျွန်တော့်ဘက်ကကမ်းလှမ်းတာကို အားလုံးသိထားကြမယ်ထင်ပါတယ်…ဒါကြောင့် အားလုံးပျော်နေကြတာကိုပဲ မြင်ရဖို့မျှော်လင့်ပါတယ်..."


စွေ့ချီချောင်းက စာရွက်တစ်ထပ်ကြီးကို ထုတ်လိုက်ပြီးပြောသည်။ 

"ကျွန်တော့်မှာ ချက်ရလွယ်တဲ့ ဟင်းချက်နည်းတွေ အများကြီးရှိတယ်… သေချာပြင်ဆင်ထားတာကြောင့် ဒါတွေကိုချက်ဖို့ အချိန်အများကြီးမပေးရပါဘူး… ပါဝင်ပစ္စည်းတွေက လတ်ဆတ်ပြီး စံချိန်မီအရည်အသွေးရှိနေသရွေ့ ကျောင်းသားတွေက ကျေကျေနပ်နပ်ကြီးဝယ်စားကြမှာပဲ… ပထမကန်တင်းက ဖောက်သည်တွေအကုန်လုသွားမှာကိုရော ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေစားမိမှာကိုလည်း စိတ်ပူစရာမလိုပါဘူး… တခြားအပြောင်းအလဲတွေလုပ်ဖို့ စိတ်ဝင်စားရင်လည်း နောက်ထပ် ကျွန်တော့်ရဲ့ချက်ပြုတ်နည်းတွေကို ပေးနိုင်ပါတယ်… ပထမကန်တင်းအတွက်လည်း ကြော်ငြာဖို့က ပြဿနာမဟုတ်ပါဘူး… တခြားကန်တင်းတွေအတွက်လည်း ဖောက်သည်တွေကို ကျွန်တော်က ဦးဆောင်ပြီးရှာပေးနိုင်ပါတယ်..."


ထိုကန်တင်းပိုင်ရှင်များ ခဏတာအံ့အားသင့်သွားကြပြီးနောက် ပြုံးပန်းဝေသွားကြလေသည်။ စွေ့ချီချောင်း၏အချိတ်အဆက်များဖြင့်ပင်လျှင် ဖောက်သည်များကို အခြားစားသောက်ဆိုင်ဆီကိုသွားရန်အတွက် အတင်းအကြပ်ဖိအားပေးရန် မဖြစ်နိုင်ပေ။ သို့သော် သူအဆိုပြုထားသည့်နည်းလမ်းက အလွန်ကောင်းမွန်ပြီး လူတိုင်းအတွက် ထောက်ထားစာနာထားလေသည်။ 

သူတို့အနေနဲ့ ဘာကိစ္စကြောင့် လက်မခံဘဲနေရမှာလဲ…


အဆုံးတွင်မူ ကျောင်းတော်ကြီးက အလွန်ကြီးမားလှသည်သာ။ ကျောင်းဝင်းအတွင်း အခြေအနေတစ်ရပ်ရပ်နှင့်ပတ်သက်သော သတင်းတစ်ခု ပျံ့နှံ့သွားသည်နှင့် မကြာမီမှာပင် လူတိုင်းက ထိုအကြောင်းကို လာရောက်စုံစမ်းကြမည်ဖြစ်၏။ ပထမကန်တင်းရှိ စားဖိုမှူး၏ချက်ပြုတ်နည်းများကလည်း မကောင်းလှပေ။ ဟင်းချက်နည်းထဲရှိ အသေးစိတ်ညွှန်ကြားချက်ကြောင့်သာမဟုတ်ပါက ယခုကဲ့သို့ အရသာရှိသည့်အစားအစာများကို သူလုပ်နိုင်မည်မဟုတ်ချေ။


ကန်တင်းတွင် တည်ခင်းသောဟင်းပွဲများအတွက် အချိန်နှင့်ဟင်းခတ်အမွှေးအကြိုင်များက အလွန်အရေးကြီးလှသည်။ ပါဝင်ပစ္စည်းများကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ရန်မှာ အတွေ့အကြုံလိုအပ်လေသည်။ သာမန်စားဖိုမှူးများ ပြုလုပ်ဖန်တီးသော ဟင်းလျာများက စွေ့ချီချောင်း၏ထိန်းချုပ်မှုအောက်တွင် ပြုလုပ်ထားသည့် ပြီးပြည့်စုံလတ်ဆတ်လှသော ဟင်းလျာများနှင့် မတူဘဲ အဆီများလှလေသည်။ ပြောစရာပင်မလိုသည့် အချက်မှာ ကန်တင်းရှိဟင်းလျာများကို ဒယ်အိုးခပ်ကြီးကြီးများနှင့် ချက်ပြုတ်လေ့ရှိခြင်းပင်။


ကန်တင်းရှိဟင်းလျာများကို ပမာဏများစွာဖြင့် ချက်ပြုတ်ထားပြီးပါဝင်ပစ္စည်းလည်း အမြောက်အများပါရှိသောကြောင့် အရည်အသွေးကို ထိန်းသိမ်းရန်အတွက် အားလုံးနှံ့သွားအောင် အညီအမျှမွှေကြော်ရန် လိုအပ်ပေသည်။


ဤနေရာတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ခွန်အားရှိသူများသာခန့်ထားသောကြောင့် လူအမြောက်အများက ဟင်းလျာများကို ခပ်မြန်မြန်မွှေနိုင်ကြသည်။ သို့သော် လူတိုင်းတွင်က အချိန်ကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။


ဥပမာအနေနှင့်ဆိုရလျှင် အကျက်လွန်ထားပြီးသော ဟင်းသီးဟင်းရွက်အိုးကြီးတစ်လုံးပင်ဖြစ်၏။ ဆိုလိုသည်မှာ အသီးအရွက်များကို ကွန်တိန်နာထဲသို့ထည့်လိုက်သည့်အခါ ကျန်ရှိသောအပူသည် ဟင်းသီးဟင်းရွက်များကို ဆက်လက်ပူလာစေပြီး အသီးအရွက်များကို ပိုကျက်သွားစေသည်။


အသီးအရွက်များကို အစပိုင်းမှာချက်ပြုတ်ပြီး အချိန်အတော်ကြာသည်အထိပစ်ထားသဖြင့် အကျက်လွန်သွားလျှင်မူ အရသာက အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားလာမည်သာ။ အစိမ်းဓာတ်လွန်ကဲသောအစားအစာများကို ကြော်ချက်ပါလျှင်လည်း အနံ့အရသာဆိုးသောအသားညှပ်ပေါင်မုန့်နှယ် ဖြစ်သွားမည်ပင်။


ပါဝင်ပစ္စည်းများမှတစ်ဆင့် အကောင်းဆုံးအရသာကို တတ်နိုင်သလောက်ထုတ်ယူကြရမည်လား။ ထိုသို့ဆိုလျှင် အလွန်ခက်လိမ့်မည်သာ။


သို့သော် ကျောင်းသားများက ပထမကန်တင်းရှိအစားအသောက်များက အလွန်ဆီများလွန်းသည် သို့မဟုတ် ပေါ့လွန်းသည်ဟု မပြောကြချေ။ တချို့ကမူ ဝန်ထမ်းများကို ပထမကန်တင်း၏ဟင်းလျာများကို မြည်းစမ်းခိုင်းကြသည်။ ပါဆယ်ထုပ်သွားရန်အတွက် မွှေကြော်ဟင်းလျာများကို ပမာဏအနည်းငယ်မျှသာ မှာယူခြင်းက ပြဿနာမရှိပေ။


စားဖိုမှူးများက ထိုဟင်းလျာများကို ပြီးပြည့်စုံအောင်ချက်ပြုတ်ရန်အတွက် အတွေ့အကြုံလုံလုံလောက်လောက်မရှိသော်လည်း သူတို့ ကောင်းမွန်သောစံနှုန်းတစ်ခုသို့ ရောက်ရှိခဲ့သည်မှာတော့ သေချာသည်။ စွေ့ချီချောင်း၏အဆင့်က ကျောင်းတွင်းစားသောက်ဆိုင်များအကြား အဘယ်ကြောင့်များ နိမ့်နေသေးရလဲ ဟူသည့်အချက်ကိုပင် သူတို့အံ့အားသင့်နေကြသည်။ သူက ဟင်းချက်ရာတွင် အဆင့်အတန်းမြင့်လှသောအရည်အချင်းမျိုးကို ထိန်းထားနိုင်သည့်အတွက် စားသောက်ဆိုင်ဆိုင်ခွဲတစ်ခု ဖွင့်လိုက်မည်ဆိုပါက အမြတ်အစွန်းများစွာ တိုးပွားလာမည်ဖြစ်၏။ ရသာရုံတောအုပ်ဆိုင်လေးသည်ပင် သူတို့နှင့်ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။


"ဒါပေါ့… ကျွန်တော့်မှာ အပေးအယူသေးသေးလေးတစ်ခုလည်းရှိတယ်..."

စွေ့ချီချောင်းက လူတိုင်းကို အကြည့်ဝေ့လိုက်၏။


သူ့မှာ တကယ်ကြီးအပေးအယူရှိနေတာပဲ… ဒီဟင်းချက်နည်းတွေအတွက် ပိုက်ဆံပေးရမှာတော့ မဟုတ်ဘူးမလား...


အရာအားလုံးက စျေးနှုန်းအပေါ်တွင်သာ မူတည်သည်။ စျေးမကြီးလျှင် လက်ခံနိုင်ဖွယ်ရှိသည်သာ။ သူဌေးလေးယောက်က စွေ့ချီချောင်းကို ကြည့်လိုက်၏။

"ကျေးဇူးပြုပြီး ပြောပါ..."


"ခင်ဗျားတို့ရဲ့ကန်တင်းမှာရှိတဲ့ အိုးစိုက်အပင်တွေနဲ့ မြက်ခင်းတွေကိုငရုတ်ပင်နဲ့ အစားထိုးပြီးစိုက်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်… ပြီးတော့ စိုက်ပျိုးတဲ့လုပ်ထုံးလုပ်နည်းတွေအကုန်လုံးကိုလည်း ကျွန်တော့်အကြံဉာဏ်အတိုင်း အတိအကျလိုက်နာရပါမယ်..."


သူဌေးများ : "..."


ဤအခြေအနေကို လုံးဝမထင်မှတ်ထားသည်ဖြစ်ရာ လူတိုင်းမှာ အသက်ရှူမှားသွားကြလေသည်။ တောင်ကုန်းအနောက်ဘက်တွင် စွေ့ချီချောင်း အပင်စိုက်ပျိုးရန် စီစဉ်နေသည်ကို သူတို့သိထားပြီးသားပင်။ သို့သော် စွေ့ချီချောင်းတစ်ယောက် စိုက်ပျိုးရေးကို ဤမျှမြတ်နိုးကြောင်းကို သူတို့မသိကြချေ။


ထိုဟင်းချက်နည်းများပေးရသည့် အဖိုးအခအနေနှင့် သူတို့၏ကိုယ်ပိုင်မြေကွက်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးရပေမည်။

ကိုယ်ပိုင်အသီးအနှံတွေစိုက်ဖို့ ဘယ်လောက်တောင်စိတ်အားထက်သန်နေလိုက်သလဲ...


သို့သော် ကိုယ်တိုင်ကိုယ်ကျဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သူတို့၏ပိုင်နက်တွင် စိုက်ပျိုးထားသောငရုတ်ပင်များ၏အရည်အသွေးမှာ အလွန်ကောင်းမွန်ကြောင်းတွေ့မြင်နိုင်သည်။ သူတို့၏ငရုတ်ဆီက သာမန်ငရုတ်ဆီထက် အရည်အသွေးပိုမြင့်မားပြီး CUတစ်ခွင်တွင်ပင် နာမည်ကြီးလာခဲ့သည်။ အနောက်ဘက်တောင်ကုန်း၌ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက ဈေးထဲရှိဟင်းသီးဟင်းရွက်များထက်ပင် ပိုကောင်းနိုင်သည်ဟု ကောက်ချက်ချရန်အတွက် ကျိုးကြောင်းဆီလျော်လှသည်။


မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော အကျိုးအမြတ်ဆန်သည့် အခြေအနေတစ်ခုအတွက် တမင်တကာစဉ်းစားချင့်ချိန်နေရန် မလိုအပ်ချေ။ ထို့ကြောင့် လူတိုင်းက တစ်ခဏတွင်းချင်း သဘောတူလိုက်ကြသည်။ သူတို့၏စိတ်ထဲတွင်မူ ဤကိစ္စအပေါ်ထားသော လေးနက်သည့်သူ့သဘောထားကို သုံးသပ်ကြည့်ပြီး သူ ဤနေရာကို အပျော်ရှာရုံသက်သက်လာခြင်းမဟုတ်ဟု တွေးမိကြသည်။ 


သူတို့က စွေ့ချီချောင်းနှင့် တစ်ဦးချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ သူတို့အားလုံးက အချင်းချင်းပူးပေါင်းဆောင်ရွက်နေကြသူများ ဖြစ်သွားကြသည့်အတွက် ပို၍ပင် ရက်ရက်ရောရောချီးကျူးဂုဏ်ပြုကြလေတော့သည်။


"ရှောင်စွေ့က တော်တော်ရက်ရောတာပဲ… သဘောထားလည်း ကြီးပြီး ပွင့်လင်းတယ်..."


"မှန်တယ် မှန်တယ်… မင်း CUကိုစရောက်တာပဲ ဘယ်လောက်ကြာသေးလို့တုန်း… ပထမကန်တင်းရဲ့ရောင်းအားကတော့ တက်လို့ကိုမဆုံးတော့ဘူး..."


"အမှန်အတိုင်းပြောရမယ်ဆိုရင် ပထမကန်တင်းရဲ့ဟင်းပွဲတချို့နဲ့ ငရုတ်ဆီကို ငါစားဖူးတယ်… သူတို့ကိုယ်တိုင်စိုက်ထားတယ်ဆိုမှတော့ အံ့သြစရာမရှိတော့ပါဘူးလေ… အရသာက အရမ်းကောင်းပြီး တစ်မူထူးတယ်လို့တောင် ပြောလို့ရတယ်..."


"ငရုတ်သီးရဲ့အရည်အသွေးကလည်း အရမ်းကောင်းတယ်…မစ္စတာစွေ့က ပညာရှင်တစ်ယောက်ပဲ… နိုင်ငံခြားမှာ ကျောင်းတက်တုန်းက လေ့လာခဲ့တာလား..."


စွေ့ချီချောင်းက သူ့အတွက်ထောက်ပံ့ပေးထားသည့် နောက်ခံအချက်အလက်များကို မှတ်ဉာဏ်ပြန်ဖော်လိုက်ရသည်။


"ကျွန်တော်က အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ဘွဲ့ရခဲ့တာလေ… ပြီးသွားတော့ ဘွဲ့လွန်အတွက် ဘဏ္ဌာရေးလိုင်းဘက်ကိုပြောင်းခဲ့တာ..."


စွေ့ချီချောင်းက ဘဏ္ဌာရေးပိုင်းလေ့လာသူတစ်ယောက်အနေနှင့် ငရုတ်သီးစိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်နေပြီး ငရုတ်ကောင်းများကိုလည်း ချောချောမွေ့မွေ့စိုက်ပျိုးနိုင်ခြင်းကို သဘာဝကျသောကိစ္စတစ်ခုနှယ် ပေါ့ပေါ့လေးပြောလိုက်လေသည်။ သူလေ့လာခဲ့သည့်ဘာသာရပ်နှင့်ပတ်သက်သောအလုပ်ကို အဘယ့်ကြောင့်မရှာရသနည်းဆိုသည့်အကြောင်းကို အရှိကိုအရှိအတိုင်း ထုတ်ပြောနေပေသည်။ 


သူဌေးများကမူ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကြသည်။ထို့နောက် ခပ်တောင့်တောင့်အပြုံးမျိုးပြုံးလျက် ပြောလာလေသည်။

"အဟားဟား... မင်း အခု ကိုယ့်ဘာသာကိုယ်ကောင်းကောင်းလုပ်ကိုင်နိုင်တာ မဆန်းပါဘူး..."


၎င်းတို့မှာ ဆက်စပ်နိုင်လောက်သည်။ 

နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအကြောင်းလေ့လာတာကဟင်းသီးဟင်းရွက်တွေ စိုက်ဖို့အတွက် အထောက်အကူဖြစ်နိုင်လောက်တယ်မလား...



🌱🌱🌱