Chapter 11
Viewers 2k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 11

မင်းတို့ကျောင်းက စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သင့်တာ



အခြားကန်တင်းများတွင် ပန်းအိုးများကိုတန်းစီပြီး ငရုတ်ပင်စိုက်ပျိုးရန်အတွက် မြေယာထွန်ယက်နေကြသောအခါတွင် ကျောင်းသားများက ဖြစ်ပျက်နေသည်များကို ဇဝေဇဝါနားလည်သွားကြသည်။


သေချာပေါက်ပင်။ ထမင်းစားချိန်ကျလာသည့်အခါ ပထမကန်တင်း၏ အဆင့်မြင့်ဟင်းလျာများက အခြားကန်တင်းများ၏မီနူးထဲတွင် ပါလာလေသည်။


CUရှိ ဆရာများနှင့် ကျောင်းသားများက အစာစားရန်အတွက် ကြိုက်နှစ်သက်ရာကန်တင်းတွင် စားနိုင်ပြီဟုသိသွားကြသည့်အခါ အလွန်ပျော်ရွှင်နေကြသည်။ ကျောင်းဝင်းက အလွန်ကြီးမားလှသောကြောင့် အစားအသောက်ဝယ်ယူရေးအဆင်ပြေချောမွေ့ရန်အတွက် ကန်တင်းတစ်ခုချင်းစီကို အကွာအဝေးတစ်ခုစီခြားလျက် နေရာချထားသည်ဖြစ်ရာ တက္ကသိုလ်ရှိလူများက ကြိုက်နှစ်သက်ရာနေရာမှ ဝယ်ယူစားသုံးနိုင်ကြတော့မည်သာ။ ဤမတိုင်မီကမူ လူတချို့က ပထမကန်တင်းဆီကိုသွားရန်အတွက် ကျောင်းဝင်းတစ်ခုလုံးကို ဖြတ်ကျော်ပြီးမှလာရသည့်အတွက် အလွန်စိတ်လက်မသာမယာဖြစ်ခဲ့ကြရသည်။


တက္ကသိုလ်၏ ကျားငါးကောင်အဖွဲ့အစည်းမှ အနားယူသွားသော ပထမကန်တင်း၏စိတ်ကူးကြောင့် သူတို့ ရတက်မအေးဖြစ်ခဲ့ကြရသည်။ ပြောင်းလဲသွားသော ပထမကန်တင်းနှင့်မတူဘဲ ကျန်ရှိသောကန်တင်းလေးဆိုင်မူ CU၏ ဆိုးဝါးလှသောချက်ပြုတ်နည်းများကိုသာ ဆက်လက်ကျင့်သုံးနေခဲ့ရလေသည်။ အခြားကန်တင်းများက ပထမကန်တင်း၏လမ်းစဉ်ကိုလိုက်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲနိုင်မည်လားဆိုသည်ကိုမူ သူတို့မသိနိုင်ချေ။


သေချာပေါက်ပင်။ ပြိုင်ဆိုင်မှုမရှိပါဘဲ အပြုသဘောဆောင်သည့် တိုးတက်ပြောင်းလဲမှုများလည်း ရှိလာနိုင်မည်မဟုတ်ပေ။


စိတ်အားထက်သန်လှသော အရောင်းမြှင့်တင်မှုကြောင့် တက္ကသိုလ်တွင် တစ်ချိန်က အစားအသောက်ဝယ်မစားဟု ငြင်းတတ်ကြသော ဆရာများနှင့်ကျောင်းသားအများအပြားပင်လျှင် ယခုအခါတွင် အစားအသောက်များဝယ်ယူချင်စိတ်ပေါက်လာအောင် ဆွဲဆောင်ခံလိုက်ကြရသည်။ ကန်တင်းငါးခုစလုံး၏ရောင်းအားကလည်း မြင့်တက်လာပေတော့သည်။


နောက်ပိုင်းတွင် ဤတိုးတက်မှုကြီး၏ရင်းမြစ်မှာ ချောမောပြီးကြင်နာတတ်သော ပထမကန်တင်း၏ ပိုင်ရှင်အသစ်ဖြစ်ပြီး သူက ကျောင်းသားများကို ကောင်းမွန်စွာတည်ခင်းကျွေးမွေးနိုင်ရန်အတွက် ကျန်ကန်တင်းဆိုင်များကို ချက်ပြုတ်နည်းများကို မျှဝေပေးရန် လက်ဦးမှုရယူခဲ့သူဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ 


အမှန်တွင် ပထမကန်တင်းက ဟင်းသီးဟင်းရွက်များကို သူတို့ဘာသာသူတို့ စိုက်ပျိုးကြပြီး တက္ကသိုလ်၏ကယ်တင်ရှင် ဖြစ်လာသည့်အတွက် ဟင်းလျာအသစ်များကို ဦးစွာတည်ခင်းကျွေးမွေးသူကလည်း သူတို့သာဖြစ်၏။ အရာအားလုံးက စွေ့ချီချောင်း၏ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် တိုက်တွန်းမှုကြောင့်ဖြစ်ပြီး သူတို့ရရှိလာနိုင်မည့် ဖောက်သည်အရေအတွက်ကို ဂရုမစိုက်ဘဲ လုပ်ခဲ့သည်ဆိုလျှင်ပင် စားသုံးသူအများဆုံးတန်းစီနေသည့် ကန်တင်းကလည်း ပထမကန်တင်းသာဖြစ်သည်။


ဘဝကြီးက ချောမွေ့လွန်းနေသောကြောင့် CUရှိကျောင်းသားများက ရုတ်တရက် အိပ်မက်တစ်ခုနှယ် ခံစားလိုက်ရသည်။


အထူးသဖြင့် ကျောင်းသားသစ်လေးများက အကောင်းဆုံးအချိန်အခါသမယတွင် ကျောင်းကိုရောက်ရှိလာကြခြင်းဖြစ်သည်။ သူတို့က ဆိုးဝါးလှသောဟင်းလျာများကို ကန်တင်းအားလုံးပြုပြင်ပြောင်းလဲရန်အတွက် တွန်းအားပေးမှုမပြုမီအထိ ရက်အနည်းငယ်မျှသာစားခဲ့ရလေသည်။


သူ၏ဂုဏ်သတင်းကောင်းက ကျောင်းသားများအကြားပျံ့နှံ့နေသည်ကို အခွင့်ကောင်းယူ၍ စွေ့ချီချောင်းက ရေကန်ထဲတွင် ရေဟင်းနုနယ်ရွက်ကိုပါ စိုက်ပျိုးလိုကြောင်း ဥက္ကဋ္ဌစွေ့အား တရားဝင်အဆိုပြုခဲ့လေသည်။


ဥက္ကဋ္ဌစွေ့က ထိုတောင်းဆိုမှုကို သိထားပြီးဖြစ်သည့်တိုင် ထိုကိစ္စကို တကယ်တမ်းတင်ပြလာသောအခါတွင်လည်း အံ့အားသင့်နေဆဲဖြစ်၏။ သူ၏ချစ်တူလေးက ရေကန်ကိုအလွတ်မပေးချင်သည်အထိပင် ရူးသွပ်သွားလေပြီ။ ရေကန်က ဤတက္ကသိုလ်ရှိ အလှဆင်ပရောဂျက်၏ တစ်စိတ်တစ်ဒေသဖြစ်သည်ဟု ယူဆနိုင်သည်ဖြစ်ရာ သူ ထိုအကြောင်းကို စွေ့ချီချောင်းအား ပြောပြခဲ့သည်။


စွေ့ချီချောင်းကမူ သူ့အား ညင်ညင်သာသာငြင်းဆိုလာလေသည်။ 

"ရေဟင်းနုနယ်ကို တက္ကသိုလ်စိမ်လန်းစိုပြည်ရေးအတွက်လည်း သုံးလို့ရတယ်လေ… အဲဒါကိုရော အလှဆင်နည်းတစ်မျိုးလို့ ထည့်တွက်လို့မရဘူးလား… အဲဒါထက် ဟင်းနုနယ်ရွက်က ရေကိုသန့်စင်ပေးပြီး ရေညှိတွေမပြန့်ပွားအောင်လည်း တားဆီးပေးနိုင်တယ်..."


ဥက္ကဋ္ဌစွေ့က ထိုအကြောင်းကိုနားထောင်ပြီး အဆင်ပြေလှသောအစီအစဉ်တစ်ခုနှယ် ခံစားလိုက်ရသည်။ 


ဟင့်အင်း မေ့လိုက်ပါတော့… ငါ့တူလေးလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးလိုက်မယ်… စွေ့ချီချောင်းအတွက် CUမှာ ငါ ဒီလောက်တော့ လုပ်ပေးနိုင်ပါတယ်လေ...


စွေ့ချီချောင်းက သူ့ထံမှခွင့်ပြုချက်ရလိုက်သည်နှင့်တစ်ပြိုင်နက် ရေကန်ထဲမှ ရေ၏အရည်အသွေးကို ချက်ချင်းလေ့လာလိုက်သည်။ ကျောင်းကစိုက်ထားသော ဝါးပင်များကိုလည်း ခုတ်လှဲပစ်ပြီး မြေယာစိုက်ပျိုးရေးကို ကိုယ်တိုင်လုပ်ကိုင်လေသည်။ ၎င်းက ရေကန်၏အရွယ်အစားတစ်ခုလုံးကို အံဝင်ခွင်ကျဖြစ်အောင် စီမံထားပြီး ယိုစိမ့်မှုမှကာကွယ်ရန်အတွက်လည်း ပလပ်စတစ်အ၀တ်စကို အောက်တွင်ခံထားလိုက်သည်။


စွေ့ချီချောင်းက မြေမဲ့စိုက်ပျိုးသည့် ရေဟင်းနုနယ်မျိုးစိတ်များထဲမှ အရွက်ကြီးမျိုးစိတ်များဖြစ်သည့် ipomoea aquaticaကို ရွေးချယ်ကာ အာဟာရပျော်ရည်ကို ကိုယ်တိုင်ရောနှောခဲ့သည်။


ရေဟင်းနုနယ်ရွက်က ကြီးထွားမှုလျင်မြန်လှသည်။ ဓာတ်မြေသြဇာကို မှန်ကန်စွာအသုံးပြုပေးပြီး ရာသီဥတုကလည်းပူနွေးနေသရွေ့ ပထမတစ်သုတ်ကို ဆယ်ရက်မှ ရက်နှစ်ဆယ်အတွင်း ရိတ်သိမ်းနိုင်မည်ဖြစ်၏။ ထို့နောက် တစ်လခွဲခန့်နားပြီးနောက်တွင် ဆယ်ရက်တစ်ကြိမ် ရိတ်သိမ်းနိုင်ပြန်သည်။ ဤနည်းဖြင့် တစ်နှစ်ခွဲခန့်ရိတ်သိမ်းနေလျှင်လည်း ပြဿနာမရှိချေ။


ဟင်းသီးဟင်းရွက်များအားလုံးကို စိုက်ပျိုးပြီးနောက်တွင် စွေ့ချီချောင်းက တက္ကသိုလ်ပတ်ဝန်းကျင်ရှိ ရေကန်များအားလုံးကို မြေဆီလွှာဓာတ်ကြွယ်ဝစေခဲ့သည်။ လက်တွေ့တွင် ထိုသို့မလုပ်ဆောင်နိုင်သည့်အတွက် ထိုသို့သောလှုပ်ရှားမှုများကို ပြုလုပ်ရခြင်းမှာ သူ့အတွက် အလွန်ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ချေတော့သည်။


လယ်ယာမြေသယံဇာတရှားပါးလာမှုက လူချမ်းသာများကိုပင် ဟင်းသီးဟင်းရွက် စိတ်ကြိုက်မစိုက်ပျိုးနိုင်သည့်အဆင့်အထိ ရောက်ရှိလာသည်။ စွေ့ချီချောင်း၏ ပြင်းပြသောဆန္ဒကို လက်တွေ့တွင် ချိုးနှိမ်ထားရသော်ငြား ပုံရိပ်ယောင်ကမ္ဘာတွင်မူ စိတ်ကျေနပ်မှုရလေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုက CU၏ ဧရာမပြောင်းလဲမှုများကို ဆွေးနွေးရန်အတွက် ရေပန်းစားသောနေရာတစ်ခုဖြစ်သည်။ ကျောင်းသားအချို့မှာ တစ်ချိန်က ဆိုးဝါးလှသောဟင်းလျာများဟု သမုတ်ခဲ့ကြဖူးသော ကန်တင်းများ၏ ပြုပြင်ပြောင်းလဲမှုများအကြောင်းကိုတင်ဆက်ရန် စီစဉ်လိုက်ကြသည်။


တိုက်ရိုက်ထုတ်လွှင့်နေသော ကျောင်းသားမျာက ယောက်ျားလေးအဆောင်ထဲမှ ထွက်လာပြီး အနီးအနားရှိစားသောက်ဆိုင်ဆီသို့ သွားကြလေသည်။ လမ်းတစ်လျှောက်တွင် ရေကန်ဘေးကဖြတ်သွားရင်း ရေထဲတွင်ပေါလောပေါ်နေသော ဟင်းနုနယ်ရွက်များကို လှမ်းကြည့်လိုက်ကြသည်။ ကင်မရာက တောင်ကုန်းပေါ်ရှိ စိမ်းစိိုစိုဟင်းသီးဟင်းရွက်များကို ရိုက်ယူလိုက်ပြီးနောက် ကန်တင်းအပြင်ဘက်ရှိ နီနီရဲရဲငရုတ်ပင်များဆီကို မြင်ကွင်းပြောင်းသွားပေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြသော ပရိသတ်များက မှတ်ချက်ပေးကြလေသည်။


[မင်းတို့ကျောင်းမှာစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက အများကြီးပဲ… စိုက်ပျိုးရေးတက္ကသိုလ်ကြီးလိုပဲနော်…]


[ဒါက ကျေးလက်ဒေသမဟုတ်ဘဲ တက္ကသိုလ်ဆိုတာသေချာလား…]


[ဒါက နန်ဟိုင်မှာရှိတဲ့တက္ကသိုလ်တစ်ခုလို့ သူတို့ပြောထားတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ဖြစ်နိုင်မလဲ… ဒါက နန်ဟိုင်စိုက်ပျိုးရေးတက္ကသိုလ်များလား…]


[ကျွန်တော် အခုလေးတင်မှဝင်လာတာ နည်းနည်းတော့ အံ့သြသွားတယ်… Liveလွှင့်နေတဲ့လူက စိုက်ပျိုးရေးတက္ကသိုလ်ကိုရောက်သွားတာပဲ…]


[ဝိုး... အဲဒါ စိုက်ပျိုးရေးတက္ကသိုလ်ပဲ… ကျောင်းထဲမှာ ဟင်းသီးဟင်းရွက်ပင်တွေအများကြီးရှိတယ်…]


[စိုက်ပျိုးရေးတက္ကသိုလ်က သူငယ်ချင်းတစ်ယောက် ငါ့မှာရှိတယ်… သူ့ကျောင်းရဲ့စမ်းသပ်စိုက်ခင်းကနေ စိုက်ထားတဲ့ အစေ့အဆန်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားနိုင်တယ်လို့ ငါကြားဖူးတယ်…]


[မဟုတ်သေးဘူးနော်... ဒါပေမဲ့ Liveလွှင့်တဲ့လူက သူ့ကိုယ်သူ CUကလို့ ပြောထားတာမဟုတ်ဘူးလား…]


[မဖြစ်နိုင်တာ… CUမှာ စိုက်ပျိုးရေးမေဂျာမရှိဘူးလေ…]


တိုက်ရိုက်ထုတ်လွှင့်နေသည့် CUကျောင်းသားကပြောလိုက်၏။


"ငါက CUကျောင်းသားပါ …ဟုတ်ပါတယ် ငါတို့ကျောင်းမှာ စိုက်ပျိုးရေးမေဂျာမရှိပါဘူး… ဒါတွေအားလုံးက ငါတို့တက္ကသိုလ်ကန်တင်းက စိုက်ထားတာတွေပါ..."


[ဟေ့ကောင်ရေ ငါယုံတောင်မယုံနိုင်ဘူး… မင်းတို့တက္ကသိုလ်ကန်တင်းက အရမ်းမိုက်တာပဲလား… နေရာတိုင်းမှာ ဟင်းသီးဟင်းရွက်ပင်တွေစိုက်ထားတာပဲ…]


[ငါ ဇဝေဇဝါဖြစ်နေပြီဟ… ဒါက စိုက်ပျိုးရေးတက္ကသိုလ်လို့ ထင်ထားခဲ့တာကို...]


[တကယ့် စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားအစစ်က ဒီမှာပါ… ငါတို့မှာ စမ်းသပ်ရေးကွင်းပြင်တွေရှိတယ်ဆိုတာ မှန်ပါတယ်…ဒါပေမဲ့ အစိမ်းရောင်အပင်တွေအကုန်လုံးကို ငရုတ်ပင်တွေချည်း စိုက်ထားရလောက်အောင်တော့ ငါတို့ မရူးသေးပါဘူး…]


နောက်ပိုင်းတွင် ဤထုတ်လွှင့်မှုမှတ်တမ်းသည် နန်ဟိုင်တက္ကသိုလ်မြို့တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားလေသည်။


ထိုအကြောင်းကို CUကျောင်းသားများမသိသေးမီမှာပင် ပထမကန်တင်း၏ အပင်စိုက်ပျိုးရေးနယ်မြေက ပိုမိုကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး ရေကန်ကိုပင် အလွတ်မပေးခဲ့ချေ။


တက္ကသိုလ်မြို့တော်ရှိ အခြားကျောင်းသားများ အထူးသဖြင့် နန်ဟိုင်စိုက်ပျိုးရေးတက္ကသိုလ်မှကျောင်းသားများက CUကျောင်း၏လမ်းထဲကို မတော်တဆဝင်လာမိကြသောအခါ ကျောင်းကို မမှတ်မိလုနီးနီးဖြစ်သွားကြောင်း ပြောလာကြသည်။ သူတို့မှာ စိုက်ပျိုးရေးတက္ကသိုလ်အစစ်က သူတို့ကျောင်းလား၊ CUလားဆိုသည်ကိုပင် သံသယဝင်နေကြသည်။


ပြည့်စုံသောတက္ကသိုလ်တစ်ခုဖြစ်သည့် CUက စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုကို အမီလိုက်နေပုံရသည်။


စွေ့ချီချောင်းက ရှောင်ပိုင်ကို ဆယ့်ငါးမိနစ်ခန့် လေ့ကျင့်ပေးရန်အတွက် နေ့တိုင်းအိမ်ပြန်လာတတ်သည်။ လက်ရှိတွင် ရှောင်ပိုင်က ထိုင်ခြင်း၊ လှဲလျောင်းခြင်း၊ လူးလှိမ့်ခြင်း၊ မတ်တတ်ရပ်ခြင်း၊ ပစ္စည်းများကို ကိုင်ဆောင်ခြင်း၊ တစ်ပတ်လှည့်ခြင်းနှင့် အခြားကိစ္စအတော်များများကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ပေသည်။ ရှောင်ပိုင့်ကို နာခံတတ်အောင်လေ့ကျင့်ပေးသည့်ကိစ္စက အောင်မြင်သည့်အတွက် ရှောင်ပိုင့်ကို သူ့နောက်လိုက်လာနိုင်ရန် စတင်သင်ကြားပေးခဲ့သည်။


ပထမအဆင့်က အိမ်ထဲမှာပင် လေ့ကျင့်ခြင်းဖြစ်ပြီး အပြင်မထွက်မီ အမိန့်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိအောင် လေ့ကျင့်ရမည်ဖြစ်၏။


စွေ့ချီချောင်း၏ ဆက်တိုက်ကြိုးစားအားထုတ်မှုအပြီး၌ ရှောင်ပိုင်က မီတာတစ်ရာအကွာအဝေးအထိ လမ်းလျှောက်ပြီးနောက် အာရုံပျံ့လွင့်ခြင်းမရှိတော့ချေ။ ယနေ့သင်ခန်းစာအပြီးတွင်မူ စွေ့ချီချောင်းက ရှောင်ပိုင်ကို ကြိုးနှင့်ချည်နှောင်ကာ ထိုအခွင့်အရေးကို ကောင်းစွာအသုံးချသည့်အနေနှင့်သာမက လေ့ကျင့်ခန်းလုပ်သည့်အနေနှင့်ပါ ကျောင်း၏နေရာအနှံ့ရှိ ဟင်းသီးဟင်းရွက်များ၏ကြီးထွားမှုနှုန်းကို စစ်ဆေးရန် ထွက်လာခဲ့လိုက်သည်။


စွေ့ချီချောင်းက ရှောင်ပိုင်ကို တိတ်ဆိတ်သောစင်္ကြံဆီသို့ ခေါ်သွားခဲ့သည်။ သူ့ကြောင်လေးက ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်နေရှာပြီး လှည့်ပတ်ပြေးလွှားနေမည့်အစား ရှေ့ခြေထောက်လေးကို ဆန့်တန်းလျက် စွေ့ချီချောင်းထံမှညွှန်ကြားချက်ကို စောင့်မျှော်နေရှာသည်။


မျက်နှာချင်းဆိုင်ရှိ တိုက်ခန်းတံခါးပွင့်လာပြီး အိမ်နီးချင်းအဒေါ်တစ်ယောက် ထွက်လာသောအခါတွင် စွေ့ချီချောင်းက တိရစ္ဆာန်တစ်ကောင်ပွေ့ထားသည်ကို သူမ တွေ့လိုက်ရသည်။ မူလတွင် သူမက ခွေးဟုထင်လိုက်သော်လည်း အနီးကပ်ကြည့်လိုက်မှသာ ကြောင်တစ်ကောင်ဖြစ်သည်ကို သိလိုက်ရသည်။ စွေ့ချီချောင်းက ကြောင်လေးနှင့်အတူ ဓာတ်လှေကားတံခါးဆီသို့ လျှောက်သွားလိုက်ပြီး ကြိုးကို ဆတ်ခနဲလှုပ်ရှားလိုက်သည့်အချိန်တွင်မူ ကြောင်လေးက ငုတ်တုတ်ထိုင်ချလိုက်လေသည်။


အဒေါ်ကြီးက သူ့ကို ချီးကျူးလေသည်။ 

"ရှောင်စွေ့... မင်းမှာ ကြောင်တစ်ကောင်ရှိမှန်း ငါမသိလိုက်ဘူး… နေ့ခင်းဘက်တောင်မှ မအော်ဘူးနော်…အပြင်ကိုခေါ်လာတော့လည်း သိပ်လိမ္မာတာပဲ..."


လေလွင့်ကြောင်လေးများက သာမန်အိမ်မွေးကြောင်များနှင့် မတူချေ။ သူတို့က သတ္တိပိုရှိသော်လည်း လေလွင့်ကြောင်ဖြစ်စေ၊ အိမ်မွေးကြောင်ဖြစ်စေ အလွန်တရာလိမ္မာပါးနပ်ရန်မှာ ရှားပါးလှသည်။ အဒေါ်ကြီးက ဤမျှထက်မြက်သောကြောင်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။


ကြောင်တစ်ကောင်ကို အမိန့်ပေးစကားများနှင့် ရင်းနှီးအောင်ပြုလုပ်ရန်မှာ ခက်ခဲလှသည်ဟု ဆိုနိုင်သော်လည်း ရှောင်စွေ့၏ကြောင်ကမူ ကွဲပြားပုံရသည်။


"ဟုတ်တယ်၊ သူက တော်တော်စကားနားထောင်တတ်တယ်… အဲဒါကြောင့်လည်း သူ့ကိုလမ်းလျှောက်ထွက်ဖို့ ခေါ်လာတာ..."

စွေ့ချီချောင်း ပြန်ဖြေလိုက်သည်။


ကြောင်ကို လမ်းလျှောက်ထွက်ရန်ခေါ်လာသည်မှာ အနည်းငယ်ထူးဆန်းလှသည်။ အိမ်နီးချင်းအဒေါ်ကြီးက ကြောင်ကို သေသေချာချာကြည့်လိုက်၏။ ကြောင်၏အမွေးက အနည်းငယ်ရှည်လျားပြီး အပြင်ထွက်ကစားရခြင်းကိုနှစ်သက်သည့် နော်ဝေသစ်တောကြောင်၏သွေးပါသည်ဟု သူမ တွေးလိုက်မိသည်။


သူမကိုနှုတ်ဆက်ပြီးနောက်တွင် စွေ့ချီချောင်းက ရှောင်ပိုင်ကို CU သို့ ခေါ်သွားခဲ့သည်။ သူ့တိုက်ခန်းမှ ထိုနေရာကိုလမ်းလျှောက်သွားလျှင် ဆယ်မိနစ်ပင်မကြာချေ။


လမ်းတစ်လျှောက်တွင် ရှောင်ပိုင်လမ်းလျှောက်ထွက်နေသည့်မြင်ကွင်းက လူအများကို နှစ်ခါပြန်ကြည့်မိစေခဲ့သည်။ ခွေးနှင့်အတူလမ်းလျှောက်ထွက်ခြင်းမှာ သာမန်ဆန်သော်လည်း ကြောင်တစ်ကောင်နှင့်အတူလမ်းလျှောက်ခြင်းကမူ သူတို့အနေနှင့် အင်တာနက်ပေါ်မှာသာ မြင်ဖူးထားကြသည်။


ကြောင်လေး မည်မျှနာခံတတ်ကြောင်းကိုလည်း ပြောနေစရာပင်မလိုအပ်ချေ။ ပိုင်ရှင်က လမ်းလျှောက်လျှင် သူလည်း နောက်ကလိုက်ပေလိမ့်မည်။ ပိုင်ရှင်က ရပ်လိုက်လျှင်မူ သူလည်း လိုက်ရပ်လိမ့်မည်။ ကြောင်လေးက သူ့ပိုင်ရှင်ကို မီတာဝက်မျှပင် မချန်ထားခဲ့ချေ။ မြေကြီးပေါ်တွင် ငါးအရိုးများရှိနေလျှင်ပင် ပိုင်ရှင်ကိုသာ အချိန်ပြည့်အာရုံစိုက်နေရှာသည်။ ထိုအတွဲအစပ်က သာမန်ကြောင်တစ်ကောင် သခင်နောက်လိုက်နေပုံနှင့် ကွာခြားလှသည်။ ထိုကြောင်က သခင်အနားတွင်ကပ်တွယ်ကာ ရဲခွေးတစ်ကောင်ကဲ့သို့ ပြုမူနေချေသည်။ သူ့ကြောင်ကို သူမည်သို့လေ့ကျင့်ပေးနေသည်ကို ပတ်ဝန်းကျင်ရှိလူများက အံ့သြနေကြသည်။


စွေ့ချီချောင်းမှာ လူအများက သူတို့ကို စူးစမ်းသလိုကြည့်နေကြသည့်အတွက် သိုးထိန်းကြောင်များသည် ယခုကာလတွင် နောက်ပိုင်းခေတ်လောက် ရေပန်းမစားသေးသောကြောင့်ဟုသာ ရိုးရိုးလေးတွေးလိုက်မိသည်။ စွေ့ချီချောင်းက ထိုသို့အာရုံစိုက်ခံရခြင်းကို အမှုမထားရန်ရွေးချယ်လိုက်သည်။


စွေ့ချီချောင်းက ကြောင်လေးကို သူ့ဝန်ထမ်းများနှင့်တွေ့ပေးရန် ပထမကန်တင်းကို ခေါ်သွားခဲ့သည်။


CUရှိကန်တင်းကို ညဆယ်နာရီအထိဖွင့်ထားပြီး ညစာပါတည်ခင်းရောင်းချသောကြောင့် ယခုအချိန်အထိ လူအများအပြားရှိနေဆဲပင်။ စွေ့ချီချောင်းအား ကြောင်လက်ဆောင်ပေးခဲ့သော တောက်တိုမည်ရအလုပ်သမားက ထိုကြောင်၏အပြုအမူကို မြင်သောအခါ အံ့သြသွားလေသည်။။ မထင်မှတ်ထားဘဲ သူဌေးစွေ့က ကြောင်များကိုလေ့ကျင့်ပေးရာတွင် ပိုတော်နေပေသည်။


"နောက်လကျရင် သူ့ကို ကန်တင်းကိုခေါ်လာတော့မှာ..."

စွေ့ချီချောင်းက ရှောင်ပိုင်၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။


"သူဌေးစွေ့... ဒီကြောင်လေးကို ကြွက်ဖမ်းခိုင်းဖို့ လိုမှာမဟုတ်ဘူး… သူ့ကို အပြင်မှာထားထားပြီး စျေးလာဝယ်တဲ့လူတွေရှေ့မှာ ခြေထောက်လေးယမ်းခိုင်းထားလိုက်ရင်တောင် ရောင်းအားက အရူးအမူးထိုးတက်သွားမှာ..." 

ဝန်ထမ်းတစ်ဦးက အရွှန်းဖောက်လေသည်။


"အဲလိုလုပ်ဖို့ မလိုပါဘူး..." 

စွေ့ချီချောင်းက ထိုအကြံကိုပယ်ချလိုက်သည်။ လမ်းမပေါ်တွင် ထိုသို့လုပ်နေသည့်ကြောင်များ အများအပြားရှိသည်။


"ကောင်းပြီ ကျွန်တော် ရေကန်ထဲကဟင်းနုနယ်ရွက်တွေကြည့်ဖို့ သွားတော့မယ်..."


စွေ့ချီချောင်းက ရှောင်ပိုင်ကို အမိန့်ပေးလိုက်သည်။

"ရှောင်ပိုင် သွားရအောင်..."


ရှောင်ပိုင်က သူ့ကြိုးကို ကောက်ကိုင်လိုက်ပြီး စွေ့ချီချောင်းထံ ပြန်ပေးလာပြီး သူ့ဘေးနားမှာရပ်လျက် စွေ့ချီချောင်း သူ့ကို ကြိုးပြန်ချည်ပေးမည်ကို စောင့်နေလေသည်။


စွေ့ချီချောင်းက ရှောင်ပိုင့်ကိုခေါ်ကာ အဝေးကိုထွက်သွားပြီဖြစ်သောကြောင့် သူ့ဝန်ထမ်းများက ချီတုံချတုံနှင့်ပဟေဠိဆန်သောအကြည့်မျိုးဖြင့် သူ့ကျောပြင်ကိုစိုက်ကြည့်နေကြကြောင်း မသိလိုက်ချေ။ သူတို့က ကြောင်များအကြောင်း များများစားစားမသိသော်လည်း သူဌေးစွေ့၏ကြောင်ကမူ ခွေးတစ်ကောင်နှင့် ပိုတူနေသည်။


စွေ့ချီချောင်းက သူစိုက်ပျိုးထားသည့် ဟင်းနုနယ်ရွက်များကိုစစ်ဆေးရန် ရှောင်ပိုင့်ကိုပါ ခေါ်သွားခဲ့သည်။ အချိန်ကား နောက်ကျနေပြီဖြစ်ပြီး ရှောင်ပိုင်က သူနှင့်အတူ အချိန်အတော်ကြာလမ်းလျှောက်ခဲ့ရရှာသည့်အတွက် ရှောင်ပိုင့်ကို သူကောက်မ'လိုက်သည်။


ဟင်းသီးဟင်းရွက်များကို စစ်ဆေးကြည့်ရှု၍ပြီးသွားသောအခါ စွေ့ချီချောင်းက အိမ်ပြန်သည့်လမ်းတွင် တိရစ္ဆာန်ဆေးရုံရှေ့က ဖြတ်သွားလိုက်သည်။ စွေ့ချီချောင်း ဤလထဲတွင် ရှောင်ပိုင့်ကို သေချာကုသပေးရန် အချိန်တန်ပြီဟု တွေးလိုက်သည်။ သူ အထဲဝင်သွားပြီး ရှောင်ပိုင့်အတွက် ဆေးတောင်းလိုက်သည်။


"ဆေးသောက်ပြီးရင် ကြောင်ကို ရေချိုးပေးလို့မရဘူးနော်… သူ ရေချိုးပြီးပြီလား ကျွန်တော်တို့ကို ရေချိုးပေးစေချင်သလား..."


တိမွေးကုဆရာဝန်က သူတို့ထံတွင်ရရှိနိုင်သည့် ဝန်ဆောင်မှုများကို ကြော်ငြာရန် အချိန်ယူလိုက်သည်။


"ဟုတ်ကဲ့..." 

စွေ့ချီချောင်းလည်း တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ ရှောင်ပိုင့်ကိုရေချိုးပေးခဲ့သည်မှာ တော်တော်ကြာခဲ့လေပြီ။


"ရှောင်ပိုင် ငြိမ်ငြိမ်နေ..." 

စွေ့ချီချောင်က ရှောင်ပိုင့်ကို ရေချိုးစားပွဲပေါ်မှာ ငြိမ်နေရန် အမိန့်ပေးလိုက်သည်။ စွေ့ချီချောင်းက အပြင်ထွက်ပြီး သူတို့ကိုစောင့်နေသည့်အချိန်တွင် ရှောင်ပိုင်က နာနာခံခံဖြင့် မလှုပ်မယှက်ဘဲ ငြိမ်နေရှာသည်။


ဤမြင်ကွင်းကိုမြင်ပြီးနောက် တိမွေးကုဆရာဝန်က သူ့နောက်ကို လိုက်လာပြီး တအံ့တသြပြော၏။ 

"မင်းရဲ့ကြောင်က အရမ်းစကားနားထောင်တယ်နော်… ငြိမ်ငြိမ်နေရမယ်ဆိုတာကို သူ တကယ်နားလည်လား..."


"အမိန့်နာခံတတ်အောင်လေ့ကျင့်ဖို့ အချိန်အကြာကြီးယူခဲ့ရတာ..." 


ဆေးရုံကစောင့်ရှောက်ထားသော အမွေးပွကြောင်ကြီးတစ်ကောင် ဆေးရုံခုတင်ပေါ်တွင် လှဲလျောင်းနေသည်ကို စွေ့ချီချောင်း တွေ့လိုက်ရသည်။ အရွယ်အစားအရ ကြည့်လိုက်လျှင် မက သိုးထိန်းကြောင်နှင့် မျိုးရိုးတူဖြစ်နိုင်ပေသည်။ သူ ထိုကြောင်ကိုတို့ထိကာ ပြောလိုက်သည်။


"လက်ဆွဲနှုတ်ဆက်မယ်..."

ကြောင်ကမတုံ့ပြန်ဘဲ သူ့အမြီးကိုသာ ဘာသိဘာသာဝှေ့ယမ်းနေသည်။


ဆရာဝန်ကလည်း ပြော၏။

"ကျွန်တော် သူ့ကို လက်ဆွဲနှုတ်ဆက်တတ်အောင် သင်ပေးချင်ပေမဲ့ အဲ့လိုလုပ်နိုင်စွမ်းမရှိဘူး ဖြစ်နေတယ်…အစားအသောက်နဲ့မျှားပြီး သူ့ကိုအကြာကြီးလေ့ကျင့်ပေးပေမဲ့ အလုပ်မဖြစ်ပါဘူး… မင်းရဲ့ကြောင်ကတော့ ကြောင်ပေါက်လေး ဖြစ်နေတာတောင်မှ သိပ်တော်တာပဲ… ကြောင်ပေါက်လေးတွေ တော်တော်များများက တွယ်ကပ်တတ်ပေမဲ့ မင်းကြောင်ကတော့ အရမ်းစမတ်ကျတယ်… အသက်ကြီးတဲ့ကြောင်တွေပဲ လူတွေစကားကိုနားလည်တာလို့ ကျွန်တော်ထင်ထားခဲ့တာ..."


စွေ့ချီချောင်းက တစ်ခုခုမူမမှန်သည်ကို ကောင်းကောင်းသတိ

ထားမိလိုက်သဖြင့် မဝံ့မရဲမေးလိုက်သည်။


"ဒါဆို ဆရာ့ရဲ့ကြောင်က သိုးတွေကိုထိန်းနိုင်လား..."


ဆရာဝန် : "ဟင်...ကြောင်က သိုးတွေကို ဘယ်လိုလုပ်ထိန်းနိုင်မှာလဲ..."



🌱🌱🌱