Chapter 16
Viewers 3k

 đŸŒąArc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 16

ရှောင်ပိုင် ဘဲကျောင်းနေရခြင်း



နှမ်းထောင်းနှင့်ဆန်လုံးက ဆောင်းပါးကို သေချာဂရုတစိုက်ရေးသားခဲ့ကြသည်။ စာမူအကြမ်းကို ပြန်လည်စစ်ဆေးပြီးနောက်တွင် "ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"က သူတို့၏ရီဗျူးကို ထုတ်လွှင့်လိုက်လေရာ ကြည့်ရှုနှုန်း တစ်သိန်းကျော်သွားလေသည်။


ဆိုးဝါးလှသော ဟင်းလျာအရသာကြောင့် Trending Listပေါ်ကို ရောက်လာဖူးသော ကမ်းရိုးတန်းမြို့လေးရှိ ကန်တင်းတစ်ခုက ယခုတွင်မူ အရသာထူးကဲလှသောဟင်းလျာများကို ဖန်တီးနိုင်နေလေပြီ။ ထို့ပြင် အယ်ဒီတာများ၏စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သော အသီးအရွက်ဟင်းလျာများက နှစ်ယွမ်မျှသာ ကျသင့်လေသည်။


ပါဝင်သောအကြောင်းအရာကို သေချာရွေးချယ်ထားပြီး စာရေးသူနှစ်ယောက်ကလည်း သူတို့၏ခံစားချက်အစစ်အမှန်ကိုအခြေခံ၍ ဟင်းလျာများ မည်မျှအံ့သြဖွယ်ကောင်းကြောင်း ချီးကျူးခဲ့သည့်အပြင် နန်ဟိုင်မြို့ထဲရှိရသာရုံတောအုပ်ဆိုင်လေးပင်လျှင် ပထမကန်တင်းနှင့်ယှဉ်လိုက်ပါက ဂုဏ်သတင်းမှေးမှိန်သွားရကြောင်းကိုပါ ဖော်ပြထားသည်။ ထိုအဆိုပြုချက်ကြောင့် လူအများ၏အာရုံကို ဆွဲဆောင်လိုက်နိုင်ခြင်းပင်။


ရသာရုံတောအုပ်လေးသည်လည်း အခြေအနေမဟန်လှပေ။ မူလအစကမူ မြို့ခံများသာ ထိုအကြောင်းကိုသိထားကြခြင်းဖြစ်သည်။ သိထားသူအများစုမှာလည်း ကျောင်းသားများသာဖြစ်၏။ ယခုမူ ရသာမြိန်ဟင်းလျာဒဏ္ဌာရီအစီအစဉ်က ထိုကန်တင်းကို ရုပ်သံပလက်ဖောင်းကြီးပေါ်ကို တွန်းတင်ပေးလိုက်ချေပြီ။ 


သူတို့က ဓာတ်ပုံနှင့် ဗီဒီယိုအတိုလေးများကိုပင် ရိုက်ယူထားပြီး GIFအဖြစ်ပြောင်းကာ ဆောင်းပါးထဲမှာပင် ထည့်ထားလိုက်သေးသည်။


ဟင်းလျာများ၏အသွင်အပြင်ကတင် လူအများကိုဆွဲဆောင်ရန် လုံလောက်နေပြီဖြစ်၏။ ပထမကန်တင်းက သာမန်ကန်တင်းတစ်ခုမဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်။ သာမန်ကန်တင်းများက တည်ခင်းသော အစားအသောက်များက ငန်သည့်အခါ ငန်လွန်းပြီး ပေါ့သည့်အခါ ပေါ့လေသည်။ သို့သော်ငြား ပထမကန်တင်းမှဟင်းလျာများ၏ အရောင်အဆင်းကိုကြည့်ရုံဖြင့် လူတိုင်းမှာ ဖတ်နေရင်း သွားရည်တများများကျနေလိမ့်မည်သာ။ 


ကန်တင်းတစ်ခွင်ရှိ ဟင်းရွက်စိုက်ခင်းများကို ရိုက်ပြထားသည့်နေရာလည်းပါသည်။ ထိုအထဲတွင် ပထမကန်တင်းရှိဝန်ထမ်းများ ကိရိယာတန်ဆာပလာအစုံအလင်ဖြင့် ရေလောင်းပေါင်းသင်လုပ်နေသည့်မြင်ကွင်းများလည်းပါပြီး ထိုပုံများမှာ ဆောင်းပါးထဲမှာရေးထားသောအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေပြနေသောအရာများပင်။ ပထမကန်တင်းတွင် ကိုယ်တိုင်စိုက်ပျိုးထားသောအသီးအရွက်များက အမှန်စင်စစ်ထူးကဲကောင်းမွန်လှသည်။


ဆောင်းပါးအဆုံးတွင် အယ်ဒီတာနှစ်ယောက်က နောင်တတကြီးဖြင့် ထပ်မံဖြည့်စွက်ထားသေးသည်။


[ဒါကတော့ ရသာမြိန်ဟင်းလျာဒဏ္ဌာရီက အစားအသောက်ရီဗျူးပေးခဲ့တဲ့ ပထမကန်တင်းပါ… ကျွန်တော်တို့မှာ စာဖတ်သူတွေကိုကံစမ်းမဲဖောက်ပေးဖို့ နမူနာဟင်းတွေလည်း မရခဲ့သလို အဲ့ဒီကအစားအသောက်တွေကို သွားမြည်းစမ်းခိုင်းဖို့ တိုက်တွန်းနိုင်စွမ်းလည်း မရှိပါဘူး… ဘာလို့လဲဆိုရင် သူတို့က အများသုံးကန်တင်းမဟုတ်လို့ပါ… သူတို့က CUရဲ့အစားအသောက်ဝယ်ယူခွင့်ကတ်ကိုပဲလက်ခံတာမို့ CUက ဆရာတွေနဲ့ကျောင်းသားတွေပဲ ဒီအစားအသောက်ကောင်းတွေကို မြည်းစမ်းခွင့်ရတယ်လို့ပဲဆိုရမှာပေါ့… ပြီးတော့ ကိုယ်တိုင်စိုက်ထားတဲ့ပါဝင်ပစ္စည်းတွေကလည်း အကန့်အသတ်ရှိတော့ သီးသန့်ရောင်းထုတ်လို့မရနိုင်တဲ့အတွက် ကန်တင်းက CUကျောင်းသားတွေကိုပဲ ဦးစားပေးထားပါတယ်…


ဒါကတော့ ဝမ်းနည်းစွာနဲ့ပဲကြေညာပေးရမဲ့အချက်လေးပါပဲ… ကျွန်တော်တို့တွေအနေနဲ့ ဒီဟင်းလျာကောင်းလေးတွေကို မင်းတို့အတွက် စကားလုံးနဲ့ပဲမျှဝေပေးနိုင်ပါတယ်…]


ဤအဖြစ်ကြောင့် စာဖတ်သူများမှာ ရသာမြိန်ဟင်းလျာဒဏ္ဌာရီဘက်က အိမ်လုပ်ဟင်းလျာများအကြောင်း ထုတ်လွှင့်ခဲ့သည့်အချိန်ကထက်ပို၍ ဆွံ့အသွားရသည်။ သူတို့ ထိုနေရာကိုသွားပြီး အရသာမမြည်းစမ်းနိုင်ရုံသာမက ကံစမ်းမဲလည်းမရှိချေ။


သို့သော် ထိုအရာများကပင် ဆောင်းပါးထဲပါသောအရာများကို ပို၍စစ်မှန်သွားစေခဲ့သည်။ အကြောင်းမှာ ထိုကန်တင်းက အများသုံးကန်တင်းမဟုတ်သလို သူဌေးဖြစ်သူကလည်း ကြော်ငြာနိုင်ရန်အရေးကို ဂရုမစိုက်သောကြောင့်ပင်။ တစ်ခါတစ်ရံတွင် တစ်မူထူးခြားခြင်းမှာ တမင်တကာကြောငြာပြနေခြင်းထက် ပို၍ပင်မျက်စိပသာဒဖြစ်လှသည်။


ရသာမြိန်ဟင်းလျာဒဏ္ဌာရီ၏ဂုဏ်သတင်းက အလွန်ကောင်းမွန်ပေသည်။ ပထမကန်တင်းက သူတို့ထံမှ အကြီးအကျယ်ချီးကျုးခံထားရသည့်အတွက် အခြားအစားအသောက်ကြိုက်သူများကလည်း CUကလူတစ်ယောက်ယောက်ကိုများ သူတို့သိကျွမ်းဖူးသလားဆိုသည်ကို အပြေးအလွှားစဉ်းစားခန်းဖွင့်လေတော့သည်။


CUကျောင်းသားများက ထိုသတင်းကိုကြားသွားပြီးနောက် သူတို့၏မှတ်ချက်များကို တစ်ခုပြီးတစ်ခုအကြောင်းပြန်လေတော့သည်။


"ငါတို့ကန်တင်းရဲ့ဆုံးဖြတ်ချက်ကို ငါ လုံးဝထောက်ခံတယ်… သူတို့က အစားအသောက်ကိုဆွဲဆောင်မှုရှိရှိပြင်ဆင်ထားတာမဟုတ်ပေမဲ့ ဟင်းအရသာကတော့ ထိပ်တန်းဟိုတယ်ကြီးတွေက စားစရာတွေထက် မနိမ့်ဘူး… ရေဟင်းနုနယ်ဆိုရင် ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ… အရင်အပတ်တုန်းကတောင် ငါ့မိဘတွေကို ခေါ်သွားသေးတယ်…အစကတော့ ငါ့မိဘတွေက ကန်တင်းအသစ်ပြောင်းသွားတာကိုမသိလိုက်တော့ ငါ့ကိုမေးသေးတယ် 'အမေနဲ့အဖေက မင်းအပေါ် မကောင်းတာတစ်ခုခုများ လုပ်မိထားလို့လား'တဲ့… ငါ့မှာ ရယ်သေတော့မလို့…နောက်မှသူတို့ပြောတာက တကယ်အရသာရှိလိုက်တာဆိုပဲ..."


"အယ်ဒီတာတို့ရေ... အကြောင်းစုံ ဘာလို့ထည့်မရေးရတာလဲ။ ပထမကန်တင်းက အဲဒီအသီးအရွက်တွေစိုက်ဖို့ဆိုပြီး အတွဲတွေချိန်းတွေ့တဲ့ အမတနယ်မြေလေးကိုတောင် ဖျက်ဆီးပစ်လိုက်တာနော် [အပြုံးအီမိုဂျီ]..."


"ငါက CUက စတုတ္ထနှစ်ကျောင်းသားပါ…ကန်တင်းကအစားအသောက်တွေကို နှစ်နှစ်လောက်ပိုစားရဖို့အတွက် ဘွဲ့လွန်စာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီ.."


"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးနေပြီနော်…ကျောင်းသားလေးတွေကို အရသာရှိတဲ့အစားအသောက်တွေ စားရအောင် CUကိုလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်..."


"ဒါကိုဖတ်ပြီး ငါဗိုက်ဆာသွားတယ်… ညလယ်စာစားဖို့ ပထမကန်တင်းကိုသွားတော့မယ်..."


"သွားပြီ…နောင်များကျရင် တခြားကျောင်းကလူတွေ ငါတို့ကျောင်းကိုလာပြီး အစားအသောက်ဝယ်ယူခွင့်ကတ်တွေ လိုက်ငှားကြတော့မယ်လို့ မြင်ယောင်နေတယ်နော်… အဲ့လိုဆိုရင် ကန်တင်းမှာ ထမင်းတစ်နပ်စားရဖို့အရေး ခက်ခဲကုန်တော့မှာပဲ… အိမ်နီးချင်းကျောင်းကလူတွေ ငါတို့ငရုတ်ဆီကို လာလုလုသွားကြတာကို စိတ်ကုန်နေပြီ..."


"အသိစိတ်ရှိတဲ့CUကျောင်းသားမှန်ရင် အပြင်လူကို ကျောင်းထဲခေါ်လာမှာမဟုတ်ဘူး… ပြီးတော့ တစ်ချီတည်းနဲ့ ငရုတ်ဆီနှစ်ခါလောက် ယူမှာလည်းမဟုတ်ဘူး.."


CUကျောင်းသားများ၏မှတ်ချက်များက "ရသာမြိန်ဟင်းလျာဒဏ္ဌာရီ"၏ရီဗျူးကြောင့် တောက်လောင်သွားသောမီးစကို လောင်စာဖြည့်ပေးလိုက်သလိုပင်။ ထို့ကြောင့် မှော်ဆန်လှသောထိုကန်တင်းကို လူအများက အာရုံစိုက်လာကြပေသည်။


"@ပထမကန်တင်းကို ငါ တကယ်ပဲသဘောကျတယ်…တခြားကျောင်းက ကန်တင်းတွေနဲ့ ငါ့ကျောင်းကကန်တင်းကို ယှဉ်ကြည့်စမ်းပါဦး..."


"CUရဲ့အိမ်နီးချင်းကျောင်းက လူတစ်ယောက်အနေနဲ့ á€žá€°á€Œá€ąá€¸á€…ွ္အကို ငါတို့ကျောင်းကန်တင်းကိုလည်း ကန်ထရိုက်ဆွဲပေးဖို့ တောင်းဆိုချင်ပါတယ်..."


"နောက်လထဲ ငါ နန်ဟိုင်မြို့ကိုသွားရမှာ… ဒါပေမဲ့ CUကျောင်းက ဘယ်သူ့ကိုမှ ငါမသိဘူး… CUကန်တင်းထဲကို ငါဘယ်လိုဝင်ရမလဲ..."


"အဲ့ဒီက အစားအသောက်တွေက ရသာရုံတောအုပ်လေးထက်ပိုကောင်းတာ တကယ်ပဲလား..."


"သူဌေးက သဘောကောင်းချက်… CUကျောင်းကအစားအသောက်အဆင့်အတန်းနဲ့ဆိုရင် အဲ့ဒီဟင်းတွေကို အဆင့်မြင့်စားသောက်ဆိုင်ကြီးတွေကိုတောင် တင်ပို့လို့ရနေပြီ… အဲ့ဒါတောင်မှ တစ်ပန်းကန်လုံးစာကို သုံးယွမ်ပဲကျတယ်တဲ့ အားကျချက်..."


"ငါ လန့်နေပြီနော်… အရသာကိုမြည်းနိုင်ရုံနဲ့တင် ကံကောင်းလှပြီလို့ ဘာလို့ပြောနေကြတာလဲဟ..."


CUကန်တင်းအကြောင်းက ဒေသခံများအကြား ရေပန်းအစားဆုံးအကြောင်းအရာ ဖြစ်လာသည်ဟုပင် ဆိုနိုင်လေသည်။ အထူးသဖြင့် ကန်တင်း၏ရဲရဲတောက်ခွန်အားကြောင့် ဝမ်းနည်းပက်လက်ဖြစ်နေသူများ အကြားပင်။ 


၎င်းက လက်ရှိတွင် ရေပန်းစားနေသော်လည်း ကန်တင်းသည် စားသောက်ဆိုင်များကဲ့သို့ မဟုတ်ချေ။ ထိုနေရာတွင် စားသောက်လိုပါက CUမှ တစ်စုံတစ်ယောက်ကို သိထားမှဖြစ်ပေလိမ့်မည်။


အချိန်တိုအတွင်းမျှသာ ရှိသေးသောကြောင့် CU၏ဂုဏ်သတင်း မည်မျှကျယ်ပြန့်လာဦးမည်ကို မသိနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ နန်ဟိုင်မြို့ရှိနယ်ခံတချို့ကမူ CUကိုသွားရန် လူစုနေကြလေသည်။


နယ်ခံများကမူ CUကျောင်းရှိလူများနှင့် သိကျွမ်းကြသည်။ မည်သည့်မိသားစုမှ ကလေးများ ထိုကျောင်းတွင်ရှိနေသည်ကို စုံစမ်းမေးမြန်းပြီးလျှင် ရသာရုံတောအုပ်ဆိုင်လေးပင် အရှုံးပေးလိုက်ရသည့်ကန်တင်းကို သွားနိုင်ပြီဖြစ်၏။


လူအများစုကမူ ပထမကန်တင်း၏ဂုဏ်သတင်းကြီးမားမှုက တရားမျှတကြောင်း ယုံကြည်ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုကန်တင်းက သူတို့မြို့ထဲမှာရှိနေခြင်းဖြစ်သည့်အတွက် တစ်ကြိမ်ခန့် သွားစားကြည့်ရန်လည်း ပြဿနာမရှိချေ။


အဆုံးတွင်မူ အပြင်လူများ စားသောက်ပစ်လိုက်သည့်အတွက် ကျောင်းသားများအတွက် ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာပြီး တိုင်ကြားချက်အများအပြားလည်း ရောက်ရှိလာ၏။ ဥက္ကဋ္ဌစွေ့၏အကြံပြုလွှာပုံးလေးမှာ ပေါက်ကွဲထွက်သွားလေတော့သည်။ ယခင်ကဆိုလျှင် ကျောင်းသားများက ကန်တင်းနှင့်ပတ်သက်ပြီး စားသောက်ရန်သင့်လျော်သည့်အစားအသောက်များကိုသာ ဖန်တီးပေးပါဟူသော အကြံပြုချက်များကဲ့သို့ သူတို့၏အမြင်များကိုသာ ဖော်ပြခဲ့ဖူးခြင်းဖြစ်၏။


ကျောင်းထဲရှိလူများမှာ ဒေါသထွက်နေကြချေသည်။ နောက်ဆုံးရလဒ်မှာမူ CUက ကန်တင်းကတ်များကို ငှါးရမ်းခြင်းအား တားမြစ်လိုက်ပေသည်။ အကြောင်းမှာ လူအများအပြားက CUကိုလာပြီး စားသောက်ချင်နေကြ၍ပင်။


ထိုစည်းကမ်းချက် ကျင့်သုံးလိုက်ပြီးနောက်တွင် ကိစ္စများက ပိုမိုကောင်းမွန်လာလေသည်။ 


ထိုအဖြစ်မှာ သူတို့အိမ်မှ ရင်သွေးငယ်လေးကို အများသူငှာရှေ့ထုတ်ကြွားလိုသော်ငြား ငမ်းငမ်းတက်လိုချင်တပ်မက်ကုန်မည်လည်း စိုးရိမ်နေရသလိုခံစားရသည်ဟု ကျောင်းသားများက ဆိုလေ၏။


ကိုယ်တိုင်စိုက်ပျိုးထားသော အသီးအရွက်များကြောင့် အနာဂတ်တွင် CUတက္ကသိုလ် ပိုမိုကျော်ကြားလာသည်နှင့် ကန်တင်းကတ်ငှားရမ်းခြင်းကိုတားမြစ်သည့်စည်းကမ်းသည်လည်း အပြင်လူများ ကျောင်းထဲကိုဝင်ရောက်လာမည့်အဖြစ်ကို တားဆီးနိုင်တော့မည်မဟုတ်ချေ။


ကျောင်းသားများအကြားမှာပင် အပိုဝင်ငွေရရန်အတွက် အစားအသောက်ပါဆယ်ဝယ်ယူပေးခြင်းကိုလည်း တားမြစ်ထားသည်။ သို့ဖြစ်ရာ လူတစ်ယောက်ပါဆယ်ဝယ်ယူနိုင်သည့်ပမာဏကိုလည်း သတ်မှတ်ထားသည့်စည်းကမ်းချက်မျိုး ထုတ်ပြန်ခဲ့ရသည်။ တရုတ်တစ်နိုင်ငံလုံးရှိ ကျောင်းများထဲတွင် ထိုကဲ့သို့သောစည်းကမ်းချက်မျိုး ထုတ်ပြန်ထားသည်မှာ သူတို့ကျောင်းတစ်ကျောင်းသာရှိ၏။


ထိုစည်းကမ်းကိုဖောက်ဖျက်သူများကို စည်းကမ်းထိန်းသိမ်းရေးဌာနက ခေါ်ယူပြီး အကြိမ်ပေါင်းများစွာအပြစ်ပေးလေသည်။ ထိုပြဿနာကိုဖြေရှင်းရန်အတွက် စည်းကမ်းထိန်းသိမ်းရေးက ပိုမိုအာရုံစိုက်လာလေသည်။ ထိုသို့ဆိုလျှင်ပင် ပြဿနာကိုဟန့်တားရန်မှာ မလွယ်ကူလှချေ။ အကြောင်းမှာကား ပထမကန်တင်က "ကန်တင်းက အများပြည်သူအတွက် ဖွင့်ထားတဲ့ကန်တင်းမဟုတ်ပါ"ဟူသော သူတို့၏စည်းမျဉ်းကို အမြဲလိုက်နာနေကြ၍ပင်။ ကန်တင်းက ကျောင်းသားများနှင့်ဆရာများအတွက်သာ ဖွင့်ထားခြင်းဖြစ်၏။ 


သို့သော်ငြား ထိုကိစ္စများက နောင်မှဖြစ်လာမည့်အရာများပင်။ ထို့ကြောင့် ယခုချိန်၌ အကျယ်ချဲ့နေစရာမလိုသေးပေ။


လက်ရှိတွင် စွေ့ချီချောင်းက ပထမကန်တင်း၏တောဝမ်းဘဲများကို စောင့်ရှောက်နေရလေသည်။ သူတို့ အမွေးအတောင်များ စပေါက်လာပြီဖြစ်သည့်အတွက် ရေထဲကိုဆင်း၍ရနေပြီဖြစ်သည်။


စွေ့ချီချောင်းက ယခုကဲ့သို့အချိန်ရောက်လာရန် အချိန်ကြာမြင့်စွာစောင့်နေခဲ့ခြင်းပင်။ သူ ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။ ယခု ရှောင်ပိုင့်အတွက် လုပ်စရာတစ်ခုပေါ်လာပြီဖြစ်၏။


စွေ့ချီချောင်းက ဘဲများကိုအုပ်စုလိုက် ရေကန်ထဲကိုကျောင်းသည့်နည်းလမ်းကို ရှောင်ပိုင့်အား သင်ပြပေးခဲ့သည်။ ဘဲကျောင်းချိန်ကို ခုနစ်နာရီနှင့် ရှစ်နာရီအကြားကို အထူးတလည် ရွေးချယ်ပေးထားသည်။ ဤအချိန်က တစ်နေ့တာ၏ ပထမဆုံးအတန်းချိန်များ စတင်တော့မည့်အချိန်ဖြစ်ရာ လူအများအပြားလည်း ဟိုမှသည်သွားလာနေကြလေသည်။


စွေ့ချီချောင်းက လတ်တလော၌ CUတွင် နာမည်ကြီးတစ်ယောက်ဖြစ်နေချေသည်။ လူနည်းစုသာလျှင် သူ့မျက်နှာကိုသတိမထားမိဘဲ နေကြလိမ့်မည်။


သို့သော် ယနေ့တွင်မူ စွေ့ချီချောင်း၏ရုပ်ရည်နှင့် ယှဉ်လိုက်ပါက ပိုမိုရိုက်ချက်ပြင်းသည့်အချက်မှာ သူ ဘဲကျောင်းနေသောအကြောင်းပင်။ အနီးပတ်ဝန်းကျင်ရှိကျောင်းသားများက သူတို့အချင်းချင်းတီးတိုးပြောဆိုနေကြလေ၏။


"သူဌေးစွေ့ မွေးထားတဲ့ဘဲတွေက.."


"သူတို့က တအားငယ်သေးတယ်… သူတို့အရွယ်ရောက်လာဖို့ ဘယ်လောက်ကြာမှာလဲ… ငါ ဘဲသားဟင်းစားချင်နေပြီ..."


"သူတို့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါဗိုက်ဆာလာပြီ… တော်တော်ကိုဆာတာ..."


ရှောင်ပိုင် : "..."


စွေ့ချီချောင်းက ဘဲများကို ရေကန်ဆီကို ဦးဆောင်၍ခေါ်လာသည်။ ဘဲပေါက်များကို ကြာပန်းရေကန်ကိုခေါ်သွားရမည့်အစား ရေကန်သို့ခေါ်လာရသည့်အကြောင်းအရင်းမှာ ဘဲပေါက်လေးများ ရေထဲကိုဆင်းရန် အဆင်ပြေလောက်သည်အထ်ိ ရေတိမ်သောကြောင့်ပင်။ သူစိုက်ထားသော ရေဟင်းနုနယ်ပင်များထံသို့ ဘဲပေါက်လေးများရောက်မသွားရန်လည်း အာရုံစိုက်ထားရသည်။ ထိုသို့မဟုတ်ပါက အရွက်များပျက်စီးသွားမည်သာ။


ဤရက်ပိုင်းအတွင်း၌ စွေ့ချီချောင်းက ဘဲပေါက်လေးများကို အစာကျွေးမွေးခြင်းဖြင့် အချိန်ကုန်ခဲ့သည်။ ထိုသို့ကျွေးမွေးခြင်းကြောင့် ဘဲပေါက်လေးများကလည်း သူ့အပေါ် အမြင်ကောင်းများပေါက်ဖွားလာသည်။ သူ ရေပေါ်ကို ဂျုံစေ့အနည်းငယ်ကြဲလိုက်သောအခါ ဘဲပေါက်လေးများက ညင်ညင်သာသာမြည်တမ်းလိုက်ကြပြီး ရေအတိမ်အနက်ကိုစစ်ဆေးပြီး ဂျုံစေ့ကိုကောက်ရန်အတွက် စုဝေးလိုက်ကြသည်။


ရှောင်ပိုင်ကမူ ရေကန်ဘေးတစ်ဖက်တွင် လဲလျောင်းနေပြီး ဘဲများကို စိတ်လက်မကြည်မသာဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူတို့ကို အနာဂတ်တွင် သူတာဝန်ယူရပေတော့မည်။


သူက ဘဲများကို အစာကျွေးပြီး ခဏမျှကစားခိုင်းထားလိုက်သည်။ ဘဲများအနေနှင့် ပထမဆုံးအကြိမ်ရေထဲဆင်းဖူးခြင်းဖြစ်သောကြောင့် စွေ့ချီချောင်းက သူတို့ကို ရေထဲကြာမြင့်စွာမနေခိုင်းခဲ့ပေ။ မကြာမီမှာပင် သူတို့ကို ရေကန်ပေါ်ပြန်တက်ရန် မောင်းလေတော့သည်။ နေမြင့်လာပြီဖြစ်သောကြောင့် ဘဲပေါက်များ၏အမွေးအတောင်များကို အခြောက်ခံရန် အချိန်ကျပြီဖြစ်၏။


အိမ်ပြန်လမ်းတွင် ဖြတ်သွားဖြတ်လာလုပ်နေသည့် ကျောင်းသားများကိုတွေ့ရမည့်အစား အဆောင်ရှေ့ကဖြတ်သွားစဉ် အဆောင်ပိုင်ရှင်အဒေါ်ကြီးက သူ့ကြောင်တစ်ဖြစ်လဲ ရှောင်ပိုင်၏အစ်ကိုကြီးကို ဘေစင်တွင် လက်နှင့်ကိုယ်တိုင်ကိုယ်ကျ ရေချိုးပေးနေသည်ကိုသာ တွေ့လိုက်ရသည်။ 


ရှောင်ပိုင်၏အစ်ကိုသည်လည်း ခန္ဓာကိုယ်ပေါ်တွင် အဖြူနှင့်အမည်းစင်းကြားကွက်လေးများ ရှိသည်။ သို့သော် သူ့နောက်ကျောပေါ်မှာ အနက်ရောင်ပိုများပြီး ဗိုက်နှင့်ခြေလက်များကမူ အဖြူရောင်ဖြစ်သည်။


ထိုကြောင်က Sheriffကြောင်အမျိုးအစားဖြစ်သည်။ ထိုအချိန်တွင် သူက အဒေါ်ကြီး၏လက်ထဲတွင်နေလျက် ရေထဲတွင် ပက်လက်လှန်ပြီး လှဲလျောင်းနေချေသည်။ ထိုကြောင်က လူသားအပေါ် အပြည့်အဝယုံကြည်ထားကြောင်း အတိုင်းသားမြင်နေရသည်။ 


ကြောင်လေး၏ရေချိုးကန်ထဲတွင်လည်း အဝါရောင်ဘဲရုပ်လေး ပေါလောပေါ်နေလေသည်။ ရံဖန်ရံခါဆိုသလို ကြောင်လေးက ထိုအရုပ်နှင့်ကစားနေ၏။ တစ်စုံတစ်ယောက် ရောက်နေသံကိုကြားသောအခါ သူ့ခေါင်းကိုလှည့်လာပြီး သူ့ရေချိုးကန်ထဲ၌ မလှုပ်မယှက်ငြိမ်နေသည့် ဘဲပေါက်နှင့်မတူကွဲပြားသည့် လမ်းလျှောက်နေသောဘဲများကို သိလိုစိတ်ကြီးစွာဖြင့် စိုက်ကြည့်နေလေသည်။


ထိုအချိန်တွင် မိန်းကလေးတစ်စုက သူတို့အဆောင်ထဲမှ ထွက်လာကြပြီး ရေချိုးနေဆဲရှိသေးသော ကြောင်လေး၏မေးစေ့ကို ပျော်ပျော်ပါးပါးတို့ထိနေပေသည်။ ကြောင်လေးကမူ သူ့ခေါင်းလေးကို သက်သောင့်သက်သာကြွလိုက်ပြီး "မြောင်"ဟု အသံပေး၏။


ရှောင်ပိုင်က တစ်ပါးသူ၏ဘဲများနှင့် သူ့ဘဲများကို ယှဉ်ကြည့်လိုက်သည်။


" .... "


ဘဲကျောင်းနည်းသင်ပြီးချိန်တည်းက ရှောင်ပိုင်က ဘဲများကို ရေကန်သို့ ထိန်းကျောင်းပို့ပေးရပြီး သတ်မှတ်ထားသည့်အချိန်တွင် ပြန်ခေါ်လာပေးရသည့်အလုပ်ကို နေ့တိုင်းလုပ်ပေးရန် တာဝန်ရလာလေသည်။ ခွေးထိန်းရသူများနှယ် လမ်းမှာတွေ့သမျှ လမ်းအခွဲများကို ပိတ်ကာထားရပြီး ရေကန်ဆီသို့ရောက်အောင် လမ်းပြပို့ဆောင်ပေးရသည်။


ရက်အနည်းငယ်ကြာပြီးနောက်တွင် ဘဲများက လမ်းမှတ်မိနေပြီဖြစ်၏။ သို့သော် စွေ့ချီချောင်းက သူတို့ကိုစောင့်ရှောက်ပေးရန် လိုအပ်နေဆဲဖြစ်ပြီး အချိန်မီအိမ်ပြန်လာရန်လည်း ထိန်းချုပ်လိုပေသည်။ အကြောင်းမှာ စွေ့ချီချောင်းက ဘဲပေါက်လေးများ အုပ်စုခွဲရန်အချိန်ကို ထိန်းချုပ်ချင်၍ပင်။ အဖြူအမည်းစပ်ကြားကြောင်လေးတစ်ကောင်က ဘဲအုပ်လေးတစ်ခုကို ပုံမှန်ကျောင်းပေးနေသည့်မြင်ကွင်းက CUတွင် အထင်ကရမြင်ကွင်းတစ်ခုဖြစ်လာပြီး ကျောင်းသားများကို ဓာတ်ပုံမရိုက်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေလေသည်။


ရှောင်ပိုင် ကန်တင်းတစ်ဝိုက် လှည့်လည်သွားလာနေသည်ကို မြင်ဖူးထားကြသည့်အတွက် လူတိုင်းက ထိုကြောင်လေးမှာ အလှလေးစွေ့၏ကြောင်ဖြစ်ကြောင်း သိထားကြပြီးဖြစ်သည်။ ဘဲလေးများကမူ ထည့်ပြောစရာပင် မလိုချေ။ ဆရာများနှင့် ကျောင်းသားများသည်လည်း ဘဲများကို မက်မောနေကြသည်မှာ ကြာလှလေပြီ။ 


နေ့စဉ်မြင်နေရသော ထိုမြင်ကွင်းကြောင့် ကောလာဟလအများကြီးက CUထဲတွင် ပျံ့နှံ့သွားလေသည်။


CUကျောင်းသားများ တင်ကြသည့် WeChat Momentများတွင်လည်း ရှောင်ပိုင် ဘဲကျောင်းနေသည့်ဓာတ်ပုံနှင့် ဗီဒီယိုများက ဗားရှင်းရှစ်မျိုးခန့် ပျံ့နှံ့နေပြီဖြစ်၏။ 


အချို့လူများပြောကြသည်မှာ ရှောင်ပိုင်က ကြောင်မတစ်ကောင်ဖြစ်ပြီး သူ့ကလေးများကို ဆုံးရှုံးလိုက်ရသည့်အတွက် ဘဲများကို သူ့ကလေးဟု သဘောထားကာ ကျောင်းပေးနေသည်ဟုပင်။


အခြားသူများကမူ ရှောင်ပိုင်က ဘဲလေးများနှင့် အတူကြီးပြင်းလာသည့်အတွက် သူတို့အပေါ် အထူးတလည်ရင်းနှီးမှုရှိနေသောကြောင့်ဟု ဆိုကြသည်။ သူက သူ့ကိုယ်သူဘဲတစ်ကောင်ဟု ထင်မှတ်မှားနေသောကြောင့် တစ်နေ့လုံး ဘဲများနှင့်ပူးကပ်နေခြင်းဖြစ်ကြောင်း ပြောကြသူများပင် ရှိသည်။ 


ဤကိစ္စ၏အမှန်တရားမှာ ရှောင်ပိုင်က ဘဲပေါက်လေးများ၏အမေကြီးကို စားလိုက်ပြီးနောက် သူက ဘဲပေါက်လေးများ á€•á€‘á€™á€†á€Żá€śá€¸á€™á€źá€„á€şá€œá€­á€Żá€€á€şá€›á€žá€ąá€Ź တိရစ္ဆာန်ဖြစ်နေသောကြောင့် ဘဲပေါက်လေးများက သူ့ကို သူ့အမေဟုအထင်မှားကာ တကောက်ကောက်လိုက်နေခြင်းဖြစ်သည်ဟုလည်း ပြောကြပြန်၏။ 


ရှောင်ပိုင်ကမူ အင်တာနက်မသုံးသည့်အတွက် ထိုကိစ္စများကိုမသိပေ။ ထို့ကြောင့် သူက သူ့ကို ကင်မရာဖြင့် ဓာတ်ပုံရိုက်ချင်ကြသူများကို ခေါင်းမော့ရင်ကော့လျက်သာ ရိုက်ခွင့်ပြုထားပေသည်။



🌱🌱🌱