Chapter 18
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 18

ဂျင်းမိခြင်း(ပထမပိုင်း)



LJJက နိုင်ငံအတွင်းရှိ ထိပ်တန်းအဆင့်ထုတ်လုပ်ရေးလုပ်ငန်းလည်းဖြစ်သည့်အပြင် ထိပ်တန်းအဆင့် ရုပ်သံလွှင့်ပလက်ဖောင်းလည်း ဖြစ်နေသောကြောင့် သူနှင့်ဆက်စပ်သောဖိုရမ်ကလည်း အလွန်ရေပန်းစားလှသည်။ ပျင်းရိနေသောပရိသတ်များက အစီအစဉ်ကို ကြည့်ရှုကြပြီးနောက် ထိုနေရာကိုသွားကာ တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေတတ်ကြသည်။


LJJ၏လုပ်ငန်းခွဲဖိုရမ်ပေါ်တွင် နာမည်ကြီးနေသည့်ပို့စ်အသစ်ကို ဤသို့ခေါင်းစဉ်တပ်ထားသည်။

"အမျိုးသမီးGenreထဲက တစ်နှစ်တာရဲ့ လွှမ်းမိုးခြယ်လှယ်မှုအကောင်းဆုံးCEOကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ…ဧကရာဇ်မျိုးရိုးရှိသူတွေက တကယ်ကိုထူးခြားလွန်းတယ်"ဟုပင်။


ပို့စ်၏အဓိကအကြောင်းအရာမှာ အမျိုးသားသရုပ်ဆောင်စွေ့ချီချောင်း၏ ပွဲဦးထွက်ရိုက်ကူးမှုဖြစ်သည့် အမျိုးသမီးGenre ရှိုးအသစ်တစ်ခုကို မိတ်ဆက်ပေးထားပြီး ထိုအထဲတွင် ပို့စ်ပိုင်ရှင်၏ စိတ်အားထက်သန်လှသောဖော်ပြချက်များဖြင့် ပြည့်နှက်နေလေသည်။ သူ၏ဧကရာဇ်မျိုးရိုးသွေး နိုးထလာပြီးနောက်တွင် သူက ၂၁ရာစုရှိ တရုတ်ရှေးဟောင်းတက္ကသိုလ်ဝင်းထဲသို့ ဆင်းသက်သွားပြီး သူ၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခဲ့သည်။


ပို့စ်ဖန်တီးသူကိုယ်တိုင် တည်းဖြတ်ထားသည့် ဗီဒီယိုလေးတစ်ခုကိုလည်း ပူးတွဲတင်ပြထားသေးသည်။ သူမ ပြောထားသည့်အတိုင်း အဓိကအမျိုးသားဇာတ်ဆောင်သက အရှေ့တိုင်းအသွင်အပြင်စစ်စစ် ပိုင်ဆိုင်ထားပြီး တရုတ်မှင်ရောင်နှင့်တူသော မျက်ခုံးနှင့်မျက်လုံးလည်းရှိကာ သူ့ပုံစံမှာ သားသားနားနားရှိလှပေသည်။


ဇာတ်လိုက်မင်းသားက ထိုင်ခုံပေါ်ပြန်လှဲချလိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားရှိနေရာကိုနှိပ်နယ်ရင်း ထူထဲနက်မှောင်လှသော မျက်တောင်များကလည်း ငိုက်စိုက်ကျလျက်ရှိကာ စကားတစ်ခွန်းဆိုလာ၏။

"ဒီလိုလူကိုငြင်းလိုက်ဖို့က တကယ်ကိုခက်တယ်..."


စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ဤအခန်းအပြီးတွင်စာတန်းထိုးပြလာခဲ့သည်။ 

"သူက အကောင်းဆုံးနဲ့ အထိန်းအကွပ်အမဲ့ဆုံးချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသသွားခဲ့တယ်..."ဟုပင်။


ထို့နောက် အခြားသတင်းအတိုအထွာအနည်းငယ်လည်း ပါလာသေးသည်။


အမျိုးသားဇာတ်ဆောင်မင်းသားက ကြောင်တစ်ကောင်ကို လက်တစ်ဖက်နှင့် ပွေ့ကိုင်လျက် နမ်းရှုံ့လိုက်သည်။ နီဖျော့ဖျော့နှုတ်ခမ်းများက အမွေးပွကြောင်လေး၏မျက်နှာကို ညင်သာစွာထိတွေ့လိုက်ပုံမှာ အလွန်တရာ လူကြီးလူကောင်းဆန်လှသည်။


အမျိုးသားဇာတ်ဆောင်မင်းသားက ကျောင်းဝင်း၏တောင်ကုန်းပေါ်တွင် မတ်တတ်ရပ်နေပြီး လေပြေလေညင်းတိုက်ခတ်လာချိန်တွင် သစ်ပင်ကိုလက်ဖြင့်ထိလိုက်လေရာ သူ၏စိတ်နေစိတ်ထားကလည်း ညင်သာပျော့ပျောင်းသွားလေသည်။


အမျိုးသားဇာတ်ဆောင်မင်းသားက အေးစက်သောအမူအရာဖြင့်ပြော၏။

"ဦးလေး ကျွန်တော်လုပ်ချင်တာက..."


ဇာတ်လိုက်မင်းသား : ကျွန်တော် ပိုက်ဆံမလိုပါဘူး…


ထိုစက္ကန့်ပိုင်းစာဗီဒီယိုလေးများကြောင့် အထူးတလည်စိတ်ဝင်စားသွားကြသော အမျိုးသမီးနှင့်အမျိုးသားကြည့်ရှုသူ အရေအတွက်မည်မျှ ထောင်ချောက်ထဲကျသွားသည်ကို တိတိကျကျမသိနိုင်ချေ။ သူတို့မှာ ထိုအစီအစဉ်ကိုလိုက်ရှာရင်း အော်ဟစ်မြည်တမ်းနေကြလေသည်။

( မကြည့်ရသေးတဲ့လူတွေကို ကြည့်ပြိီးသားလူတွေက romance ဇာတ်လမ်းလို့ အထင်လွဲအောင် editအတိုအထွာတွေလုပ်ပြီး ဂျင်းထည့်နေတာပါ😆 )


ဧကရာဇ်အနွယ်ဝင်တစ်ယောက်က အခြားသူများနှင့် လုံးဝမတူပေ။ သူ၏တည်ရှိမှုက အလွန်အားကောင်းလှပြီး သူ့စကားပြောပုံက အလွန်ဆွဲဆောင်အားကောင်းလှ၏။


သို့သော်လည်း အစီအစဉ်ကိုကြည့်ရှုပြီး ပြန်ရောက်လာကြသောအခါ သူတို့အားလုံးမှာ ဆွံ့အသွားကြရလေသည်။


"ငါ့လည်ချောင်းထဲမှာ သွေးတွေပြည့်နေပေမဲ့ ထွေးထုတ်လိုက်ရမလား မထုတ်ရဘူးလားဆိုတာတောင်မသိတော့ဘူး.."


"ဇာတ်ဆောင်မင်းသား တွေ့ဆုံခဲ့ရတဲ့အချစ်စစ်ကို ငါမြင်ပြီးပြီ… အဲ့ဒါက တကယ်ကို... တကယ်ကိုပဲ ချစ်ခြင်းမေတ္တာကို အိတ်သွန်ဖာမှောက်ထုတ်ပြနေတာပါ..."


"ငါလူး... မင်းသားက သူ့ဦးလေးကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ပဲ နေချင်တော့တယ်လို့ ပြောခဲ့သလားလို့…ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့လည်း စွေ့ချီချောင်းပြောတာက မှားတော့မမှားဘူး..."


"သတင်းအတိုအထွာအားလုံးက အမှန်ပဲ… ပို့စ်ပိုင်ရှင်ကို ယုံလိုက်ပါ ဒါက တစ်နှစ်တာရဲ့ အကောင်းဆုံးရှိုးပဲ..."


"အမျိုးသမီးGenreထဲက အစီအစဉ်တွေထဲမှာ စွေ့ချီချောင်းက ပရိသတ်တွေကို ရိုက်စားအလုပ်ဆုံးသရုပ်ဆောင်ပဲလို့ ကြေညာပါရစေ..."


"ပို့စ်ပိုင်ရှင်ရေ မင်း...ငါ...ဇာတ်လိုက်မင်းသား .. ထားလိုက်ပါတော့..."


"ငါ *&%#¥# ဂျင်းမိသွားပြီ..."


"ထားလိုက်ပါတော့ ထားလိုက်ပါတော့… လူသတ်တာက ဥပဒေနဲ့မညီဘူး..."


"ဟီးဟီး… ငါ့လက်ချောင်းတွေကိုလှုပ်ပြီး ဒီဟာကို အဖေဘက်ကအဒေါ်ခုနစ်ယောက်၊ အမေဘက်ကအဒေါ်ရှစ်ယောက်နဲ့ ဝမ်းကွဲသုံးယောက်ကို မျှဝေဖို့ ဆုံးဖြတ်လိုက်တယ်..."


LJJ ရုံးချုပ်တွင်မူ လင်းလင်းက စွေ့ချီချောင်း၏အစီအစဉ်ကို ကြည့်ရှုသူတိုးလာသည်ကိုမြင်ပြီး အလွန်ကျေနပ်နေလေသည်။ အပတ်တိုင်း အစီအစဉ်ထုတ်လွှင့်လိုက်သည်နှင့် ကြည့်ရှုသူအရေအတွက်က တိုးလာခဲ့သည်။ ပါဝင်ကြည့်ရှုလာကြသောလူအုပ်ကြီးမှာ ခြွင်းချက်မရှိများပြားလှသည်။ သူတို့က ဝေဖန်သုံးသပ်ရေးတွင် ပါဝင်ဆင်နွှဲရင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ အစီအစဉ်က ယခုအခါ အထွတ်အထိပ်သို့ရောက်ရှိသွားသဖြင့် ကြည့်ရှုသူအသစ်လည်း အမြောက်အများတိုးပွားလာသည်။


ထိုကိစ္စ၏နောက်ကွယ်မှ အကြောင်းအရင်းကို ခြေရာခံလိုက်သည့်အခါ ဖိုရမ်ပေါ်ရှိ သက်ဆိုင်ရာအချက်အလက်များထဲတွင် ထိုပို့စ်တစ်ခုတင်လိုက်ပြီးနောက်မှသာ ပြန်လည်ကြည့်ရှုမှုပမာဏ လျင်မြန်စွာတိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။


လင်းလင်းက ထိုပို့စ်ကိုတွေ့လိုက်ရပြီးနောက် အကြံဥာဏ်တချို့ရလိုက်သည်။ ထိုအကြံက အစောပိုင်းတွင် ပရိသတ်ရှာဖွေရန်အတွက် သူတို့အသုံးပြုခဲ့သည့်နည်းဗျူဟာနှင့် ဆင်တူသော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့ များများစားစားလည်း မလုပ်ရဲပေ။


ယခုပို့စ်ကို စာဖတ်သူအများအပြား ဝင်ကြည့်ကြသဖြင့် လင်းလင်းလည်း အကြံတစ်ခု ရုတ်ခြည်းပေါ်လာပြီး သူမ၏ဝန်ထမ်းများကို အစီအစဉ်၏ အပိုင်းများထဲမှ Gifနှင့်ဗီဒီယိုများကို ဖြတ်တောက်ပြီးဖြန့်ဝေခိုင်းလိုက်သည်။ 


ပို့စ်များတွင် စွေ့ချီချောင်း အောက်ဘက်ကိုငေးကြည့်နေသည့် ဗီဒီယိုကလစ်များပါ၀င်ပြီး သူ၏မျက်ဝန်းထဲတွင် ရည်မှန်းချက်ကြီးမားသောအရိပ်အယောင်များ ပြည့်နှက်နေသည်။(အမှန်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများက အောက်တွင်ရှိနေသောကြောင့်ပင်)။ 


စွေ့ချီချောင်း၏အနီးကပ်ဓာတ်ပုံများတွင် သူက ခန္ဓာကိုယ်ကိုကိုင်းညွတ်လျက် စိုက်ကြည့်နေသည်(သူသည် ဟင်းရွက်များကို စိုက်ကြည့်နေခြင်းသာဖြစ်၏)။


CUကျောင်းသားများ ပြောထားသည့်ကားများကိုပါ ထည့်သွင်းထားသေးသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ… စွေ့ချီချောင်းက တားလို့မရတော့ဘူး..."


လင်းလင်းက သူ့အထက်အရာရှိများကို တန်ပြန်တိုက်စစ်ဆင်ရန် ဤအခွင့်အရေးကို အသုံးချခဲ့သည်။ ဧကရာဇ်၏မျိုးရိုးအမွေဆက်ခံသူက လယ်ယာစိုက်ပျိုးလိုစိတ်များသာ နိုးကြားလာခဲ့သော်လည်း ဘုရင်သုံးပါးနှင့် ဧကရာဇ်ငါးပါးတို့၏သွေးသားကိုပါ နိုးထလာစေခဲ့ကြောင်း သက်သေပြရန်အတွက်ဖြစ်၏။ ထို့ကြောင့် သူ့ရှိုးက ကွန်ယက်ပေါ်တွင် အကြီးအကျယ်ပေါက်သွားအောင်လုပ်နိုင်နေဆဲပင်။


မှတ်ဉာဏ်တုလေယာဉ်၊ CUတွင်...


စွေ့ချီချောင်းက ယခုအခါ သူ့အစီအစဉ်ကို ကြည့်ရှုသူပိုများလာကြောင်း မသိပေ။ ဤကိစ္စကို သူသတိထားမိလျှင်ပင် ဂရုစိုက်မည်မဟုတ်ချေ။ သူက အဆောက်အအုံတစ်ခုလုံးတွင် စောင့်ကြည့်ကင်မရာအချို့ကို တပ်ဆင်ရန် စေခိုင်းလိုက်သည်။


ကျောင်း၏စောင့်ကြည့်ရေးလုပ်ငန်းစဉ်က တောင်ကုန်းအနောက်ဘက်ခြမ်းတစ်ခုလုံးအထိ မရောက်သည့်အပြင် အခြားကန်တင်းများတွင်လည်း တပ်ဆင်ရန် အဆင်မပြေသောကြောင့် ထိုနေရာတွင် စွေ့ချီချောင်းကိုယ်တိုင် တပ်ဆင်ရန်အတွက် တစ်setစာဝယ်ယူခဲ့လိုက်သည်။


အဓိကအကြောင်းအရင်းမှာ CUကန်တင်း၏ဂုဏ်သတင်းက အကြီးအကျယ်ပျံ့နှံ့သွားပြီးနောက်တွင် CUတက္ကသိုလ်သို့ ပြင်ပလူများမဝင်ရောက်နိုင်အောင် ပြည့်ပြည့်ဝဝမတားဆီးနိုင်ချေ။ လူအနည်းငယ်ခန့်က အစားအသောက်မှာယူရန် ဤနေရာကို လာနေကြဆဲဖြစ်၏။


ကန်တင်းရှိလူများက စွေ့ချီချောင်းကို အကြံပေးလေသည်။

"ခွေးအကောင်ရေနည်းနည်းလောက် ဘာလို့မမွေးတာလဲ… သူဌေးစွေ့ ခင်ဗျားကြောင်တွေကိုတောင် ကောင်းကောင်းလေ့ကျင့်ပေးနိုင်သေးတာကို ခွေးတွေကိုလည်း လေ့ကျင့်ပေးဖို့ တအားမခက်လောက်ပါဘူး..."


ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ရှောင်ပိုင်မှာ နားရွက်လေးထောင်လာလေသည်။


စွေ့ချီချောင်းက သူ့နားရွက်လေးလှုပ်သွားသည်ကို မှန်ထဲကတစ်ဆင့် မြင်လိုက်သည့်အတွက် ငြင်းချက်ထုတ်လိုက်၏။

"အခုနေ ခွေးဝယ်လိုက်ရင် လေ့ကျင့်ပေးဖို့ သုံးလလောက်ကြာလိမ့်မယ်..."


ခွေးဝယ်လိုက်လျှင်လည်း လူအချင်းချင်းဆက်သွယ်ပြောဆိုရန်နှင့် မတော်တဆမှုများကို ကာကွယ်ပေးရန် တစ်စုံတစ်ယောက်က ထိုနေရာတွင် ရှိနေရဦးမည်ဖြစ်၏။


"ဒါ အမှန်ပဲ… အသီးအရွက်တွေက အကုန်ရိတ်သိမ်းပြီးနေပြီ..."

တခြားလူတစ်ယောက်က ဝင်ပြောသည်။


"ဟားဟား... ရှောင်ပိုင်လည်း သုံးလလောက် လေ့ကျင့်ထားတာပဲမဟုတ်လား… အခုဆိုရင် သူ တော်တော်လေး စကားနားထောင်တတ်နေပြီ ထင်တယ်နော်..."


"ဟုတ်တယ်… ရှောင်ပိုင်က ဉာဏ်ကောင်းတယ်..." 


ရှောင်ပိုင်၏နားရွက်များ တဖြည်းဖြည်းပြန်ပြေလျော့သွားသည်ကို စွေ့ချီချောင်း မြင်လိုက်ရသည်။ သူက ဘာကိုမှသတိမထားမိသည့်အလား ပျင်းတိပျင်းတွဲ ပြန်ဖြစ်သွားချေသည်။


စွေ့ချီချောင်းက သူတပ်ဆင်ထားသည့် စောင့်ကြည့်ရေးစနစ်ကို တစ်ချက်ငေးကြည့်လိုက်ပြီး ကြောင်လေးကိုပွေ့ချီလျက် ဥက္ကဋ္ဌရုံးခန်းသို့သွားလေသည်။


"ချီချောင်း မင်းလာပြီပဲ..." 

ဥက္ကဋ္ဌစွေ့က သူ့ကိုမြင်သောအခါ လက်ပ်တော့ကို ပိတ်လိုက်သည်။

"နွေရာသီအားလပ်ရက်က နောက်လဆိုရင်ပဲရောက်လာတော့မယ်… မင်း ကန်တင်းမှာ တအားအလုပ်ရှုပ်မနေဘူးဆိုရင် အိမ်ပြန်ပြီးအလည်အပတ်သွားသင့်တယ်..."


"ကျွန်တော်နားလည်ပါပြီ..."


စွေ့ချီချောင်းက ထိုင်ခုံတွင်ဝင်ထိုင်ပြီး စကားစလိုက်သည်။ 

"ဦးလေးနဲ့ ဆွေးနွေးစရာတွေရှိသေးတယ်… သိပ်မကြာခင်မှာ နွေရာသီအားလပ်ရက် ရောက်တော့မယ်လေ… ကျောင်းသားအများစုလည်း ကျောင်းကထွက်သွားတော့မှာဆိုတော့ ကျောင်းဝင်းထဲမှာ ဆောက်လုပ်ရေးလုပ်ဖို့အတော်ပဲ..."


"ဘယ်လိုဆောက်လုပ်ရေးမျိုးလဲ..."

ဥက္ကဋ္ဌစွေ့က သူ့ကိုကြည့်ပြီး ပြန်ပြောလိုက်ရသည်။

"ချီချောင်း အခုဆိုရင် စိုက်ပျိုးဖို့လည်း တခြားနေရာမရှိတော့ဘူး… စိမ်းစိုရေးအတွက်စိုက်ထားတဲ့ အပင်တွေအကုန်လုံးကိုလည်း ဖယ်ထုတ်လို့မရဘူးလေ… ငါတို့ကျောင်းကို သူများတွေက CUစိုက်ပျိုးရေးတက္ကသိုလ်လို့တောင် ခေါ်နေကြပြီ… ကျောင်းဝင်းထဲမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေရှိနေတာက သိပ်ကြည့်ကောင်းလှတာမဟုတ်ဘူး..."


စွေ့ချီချောင်းကလည်း ခွန်းတုံ့ပြန်၏။

 "စိမ်းလန်းစိုပြည်ရေးအတွက်သုံးထားတဲ့ သစ်ပင်တွေက အရမ်းဖြုန်းတီးလွန်းတယ်လို့ မထင်ဘူးလား... "


ဥက္ကဋ္ဌစွေ့ : "......"


စွေ့ချီချောင်းက ပြောပြန်၏။

"သူတို့ကို သီးပင်စားပင်တွေနဲ့ အစားထိုးလိုက်ရင် ပိုတောင်လက်တွေ့ဆန်သွားမှာပါ… ပျိုးပင်စရိတ်နဲ့ အလုပ်သမားစရိတ်ကို ကျွန်တော်ပေးမှာပါ..."


ဥက္ကဋ္ဌစွေ့က ခေါင်းတခါခါလုပ်နေချေသည်။

"ဟူး ရပါတယ်လေ… မင်းက ငါ့တူလေးဖြစ်နေတာကိုး… မင်း တခြားဘယ်နေရာတွေကို ပစ်မှတ်ထားလို့ရနိုင်သေးလဲတော့ ငါမသိဘူး..."


"ရတာပေါ့… တက္ကသိုလ်မြို့တော်မှာရှိတဲ့ တခြားကျောင်းတွေက တော်တော်လေးဗလာကျင်းနေသလိုပဲ..." 


စွေ့ချီချောင်းက မြေဧကရှစ်ရာနှင့်ပတ်သက်ပြီး ယခုထိစိတ်ထိခိုက်နေသေးသောကြောင့် ထိုအရာကို မည်သို့အစားထိုးရမည်ကို တွေးနေခဲ့ခြင်းပင်။


ဥက္ကဋ္ဌစွေ့ : ".....


သူ့တူလေးရောက်လာတိုင်း နယ်မြေအချို့သိမ်းပိုက်ခံနေရသလို ခံစားနေရပြီး တစ်ဖက်လူက ချောင်ကြိုချောင်ကြားနေရာများကိုပင် အလွတ်မပေးပေ။ ယခုအခါ CUနှင့်ပင် မကျေနပ်တော့ဘဲ သူ့နယ်မြေကို ချဲ့ထွင်ချင်နေပေသည်။


ထိုအချိန်တွင် စွေ့ချီချောင်း၏နားထဲတွင် သတိပေးသံတစ်ခုထွက်ပေါ်လာပြီး သူက စည်းကမ်းဖောက်ဖျက်လုနီးနီးဖြစ်နေကြောင်း ညွှန်ပြနေလေသည်။


သူ သေချာစဉ်းစားကြည့်လိုက်သည်။ ဤသည်မှာ မှတ်ဉာဏ်တုလေယာဉ်၏ ကန့်သတ်ချက်ဖြစ်နိုင်လေသည်။ သူ့နယ်မြေကို ချဲ့ထွင်၍မရချေ။ အခြားကန်တင်းများကို ကန်ထရိုက်ဆွဲ၍မရသလို အခြားကျောင်းပေါင်းများစွာရှိမြေကွက်များကိုလည်း မဝယ်ယူရချေ။ သို့ဖြစ်လေရာ သူ စာချုပ်ထဲမှဟာကွက်ကိုရှာရလိမ့်မည်။ ထို့နောက်တွင်မူ အခြေအနေများက "တရားဝင်တိုက်ပွဲတစ်ခု" အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ကန်တင်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှုသည်လည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းလာပေလိမ့်မည်။


ကျောင်းဝင်းထဲရှိနယ်မြေက ကြီးကြီးမားမားမရှိချေ။ သူ့နယ်မြေကို အကန့်အသတ်မရှိချဲ့ထွင်လိုက်ပါက ထိုအရာကို ကျောင်းဝင်းGenreအဖြစ် သတ်မှတ်နိုင်တော့မည်မဟုတ်ချေ။ သူက အင်ပါယာနန်းတော်အထိ နယ်ချဲ့ရန်ကြိုးစားနေသော နယ်စားမင်းတစ်ယောက်နှင့်ပင် တူသွားလိမ့်မည်။


စွေ့ချီချောင်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။


"အဲ့ဒီကျောင်းတွေက ငါ့သြဇာမသက်ရောက်ဘူးလေ.."

ကျောင်းအုပ်ကြီးစွေ့က နဖူးပေါ်လက်တင်ပြီး ပြောလိုက်၏။


"ချီချောင်း... မင်းတကယ်ဆန္ဒရှိရင် အပြင်ကမြေကွက်တွေကို ဘာလို့စာချုပ်မချုပ်တာလဲ… မင်း ဘာလို့ ကျောင်းဝင်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ထားရတာလဲ..."


တက္ကသိုလ်မြို့တော်မှာရှိတဲ့ ကျောင်းသားတွေအားလုံးကို ကျောင်းဝင်းထဲမှာ ချိန်းတွေ့စရာနေရာမရှိအောင် လုပ်ချင်နေတာလား..


စွေ့ချီချောင်းကလည်း ကြောင်လေးကိုပွတ်သပ်ပေးနေရင်း သဘာဝကျကျဆက်ပြော၏။ 

"ဒါဆိုလည်း ထားလိုက်ပါတော့… ကျောင်းဝင်းရဲ့တိုးချဲ့ဧရိယာအသစ်ကို ဘယ်တော့ဆောက်မှာလဲ..."


ဥက္ကဋ္ဌစွေ့က ကျောင်းဝင်းအတွင်း ဧရိယာအသစ်ဆောက်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သူသိထားသည်။


ဥက္ကဋ္ဌစွေ့က သူ့တူလေး၏ စိတ်ပျက်အားလျော့နေသောအသွင်အပြင်ကိုကြည့်ပြီး စိတ်ဆင်းရဲသွားရသည်။


"စိတ်ချထားလို့ရပါတယ်ကွာ… စိုက်ပျိုးလို့ရတဲ့နေရာတွေကို နောက်မှ ငါအကြောင်းကြားပေးမယ်.."


စွေ့ချီချောင်းက မဆိုင်းမတွပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး..."



🌱🌱🌱