Chapter 23
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 23

နာမည်ကြီးလာခြင်း (အပိုင်းတစ်)



လသာဆောင်ကိုပြသထားသည့် သူ့အကြောင်းပြန်စာ၏ရေပန်းစားမှုကြောင့် 'လယ်သမားငယ်များအတွက်အမေးအဖြေ"ပေါ်ရှိ အသုံးပြုသူအများအပြားမှာ စွေ့ချီချောင်းကိုသတိပြုမိလာကြပြီး မျိုးစေ့များအခမဲ့ပေးမည်ဟူသော သူ့ပို့စ်အောက်တွင် နောက်ထပ်အကြောင်းပြန်စာများစွာ ပေါ်လာခဲ့သည်။ အချို့က ဘာမေးခွန်းမှမေးမနေတော့ဘဲ မျိုးစေ့အချို့ကို ချက်ချင်းတောင်းထားကြပြီး သူတို့၏ ဆက်သွယ်ရန်အချက်အလက်များကိုလည်း ချန်ထားခဲ့သည်။ အချို့ကမူ စွေ့ချီချောင်းကို ငရုတ်မျိုးစေ့များအကြောင်းအသေးစိတ်ကို ဦးစွာမေးမြန်းကြသည်။


ထို့ကြောင့် စွေ့ချီချောင်းလည်း သူတင်ထားသောပို့စ်က လူသိများလာသည်ကိုတွေ့လိုက်ရသည်။ သူက ထိုလူတစ်စုကို အစားအသောက်အစီအစဉ်ထုတ်လုပ်သူများကဲ့သို့ အေးစက်စွာ မဆက်ဆံပေ။ ထိုအစား ထိုငရုတ်မျိုးများက နန်ဟိုင်စီရင်စုတွင်စိုက်ပျိုးထားသော ငရုတ်တစ်မျိုးဖြစ်ကြောင်း အသေးစိတ်ပြန်ကြားခဲ့ပြီး လက်ရှိတွင် စမ်းသပ်မှုရလဒ်များအရ စျေးကွက်ထဲရှိ ငရုတ်မျိုးတစ်မျိုးနှင့်နှိုင်းယှဉ်ပါက အထွက်နှုန်းမှာ သိသိသာသာမြင့်မားနေကြောင်း၊ အပင်သေဆုံးနိုင်ခြေလည်းနည်းပါးသွားကြောင်း စသည်ဖြင့် အသေးစိတ် ပြန်လည်ဖြေကြားပေးလိုက်သည်။


သူက ပုဂ္ဂလိကစိုက်ပျိုးသူတစ်ယောက် ဖြစ်ကြောင်းနှင့် ဒေသတွင်းစမ်းသပ်မှုအတွက် အင်တာနက်အသုံးပြုသူများ၏အကူအညီကို လိုအပ်နေကြောင်း ရှင်းပြလိုက်သည်။


ယေဘုယျအားဖြင့် ထိုကိစ္စအတွက် စိုက်ပျိုးရေးသိပ္ပံအထူးပြုတက္ကသိုလ်များ၊ သုတေသနဌာနများ၊ စိုက်ပျိုးရေးတက္ကသိုလ်များနှင့် အပင်မျိုးကွဲအသစ်များကို ပျိုးထောင်စိုက်ပျိုးသည့်ပညာရှင်များကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်အတွင်းရှိ အဖွဲ့အစည်းများစွာရှိသည်။ သို့သော် ခြွင်းချက်ကလည်း အမြဲရှိတတ်သည်။ သာမန်လူများမှာလည်း သူတို့၏ကိုယ်ပိုင်စိုက်ပျိုးရေးနည်းနာများ ရှိကြပြီး အချို့ဆိုလျှင် စိတ်ကျေနပ်ဖွယ်ရာကောင်းသောရလဒ်များကိုပင် ရရှိနိုင်ကြသည်။


စွေ့ချီချောင်းက လသာဆောင်သီးနှံများမှတစ်ဆင့် သူ၏စိုက်ပျိုးရေးစွမ်းရည်ကို ထုတ်ပြခဲ့သည့်အပြင် အမေးအဖြေဖိုရမ်များတွင်လည်း သူပေးလိုက်သောအဖြေများ၏ မြန်ဆန်မှုနှင့်တိကျမှုကို ဦးစွာထုတ်ဖော်ပြသခဲ့သည်။ သူ့နောက်တွင်ပြုံတိုးနေသောလူအုပ်စုကြီးရှိမရှိကို ပဓာနမထားလျှင်ပင် ပုံမှန်ငရုတ်ကောင်းမျိုးများထက် အထွက်နှုန်းပိုမြင့်သည်ဟုပြောထားတည်းက ထိုမျိုးစိတ်ကို ကိုယ်တိုင်စမ်းသပ်စိုက်ပျိုးချင်သူများ မပြတ်လပ်သည်မှာ သဘာဝပင်။


ယခုအခါတွင် စွေ့ချီချောင်းမှာ အမည်မဲ့အင်တာနက်သုံးစွဲသူတစ်ဦးမဟုတ်တော့ဘဲ 'လယ်သမားငယ်များအတွက် အမေးအဖြေ'တွင် ရေပန်းစားနေသော အသုံးပြုသူအသစ်ဖြစ်လာလေသည်။


လူအမြောက်အများက သူ့မျိုးစေ့များအကြောင်း စုံစမ်းမေးမြန်းလိုစိတ်ရှိရုံသာမက 'လယ်သမားငယ်များအတွက် အမေးအဖြေ'တွင် သူပေးခဲ့သောအဖြေများကို ခပ်ပေါ့ပေါ့သဘောမထားတော့ပေ။ ထိုအစား ယခုအချိန်တွင် သူတို့က ထိုအဖြေများကို လေးနက်သောအမြင်ဖြင့် ရှုမြင်ကြလေသည်။ ကြီးမြတ်လှသော ဤနတ်ဘုရားက သူ့ကိုယ်ရေးအကျဉ်းတွင် အရည်အချင်းပြည့်မီကြောင်းသက်သေ သို့မဟုတ် အသိအမှတ်ပြုလက်မှတ်များ မရှိသော်လည်း ယခင်က သူဖြေထားခဲ့သော အဖြေများ၏ တိကျမှုနှုန်းမှာ သူ့ခွန်အားကို သက်သေပြနိုင်ခဲ့လေသည်။


စွေ့ချီချောင်းလည်း သူ့မျိုးစေ့များကို စိုက်ပျိုးရန်ကြိုးစားလိုသည့် သုံးစွဲသူများ၏ ပြန်ကြားချက်များကိုဖတ်ပြီး ထိုသူတို့၏တည်နေရာကိုမူတည်၍ တချို့လူများကိုရွေးချယ်ကာ နောက်ပိုင်းကိစ္စများ ဆက်လက်ဆောင်ရွက်ရန်အတွက် ဆက်သွယ်ခဲ့သည်။


'လယ်သမားငယ်များအတွက် အမေးအဖြေ'ပေါ်ရှိ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်သူတစ်ဦးက သူ့မျိုးစေ့များကို စမ်းသပ်စိုက်ပျိုးရန် တောင်းဆိုလာခဲ့သည်။ သူက ငရုတ်ပင်ကို သီးသန့်စိုက်ပျိုးထားခြင်းရှိမရှိ အတည်ပြုရန်အတွက် စွေ့ချီချောင်းထံသို့ စာတိုတစ်စောင်ပေးပို့ခဲ့သည်။ 'သူ့အလုပ်က ဘာအလုပ်လဲ'ဆိုသည့်မေးခွန်းနှင့် 'လက်ရှိ ဘာအလုပ်လုပ်ကိုင်နေသလဲ'ဆိုသည်ကိုလည်း မေးမြန်းခဲ့သည်။


စွေ့ချီချောင်းက ပြန်ဖြေသည်။

"ကျွန်တော်က နန်ဟိုင်စီရင်စုထဲကCUမှာပါ…'


တစ်ဖက်လူထံမှ အကြောင်းပြန်စာမရမီ အချိန်အနည်းငယ်မျှကြာသွားလေသည်။ သူ CUကိုသွားရှာကြည့်နေသည်မှာ သိသာလှသည်။ သို့သော် ကိစ္စများ ပြီးစီးသွားသည့် နောက်တွင်မူ ပို၍စိတ်ရှုပ်ထွေးသွားရသည်။ 


"ငါ CUကိုရှာကြည့်လိုက်တော့ တက္ကသိုလ်နာမည်အပြည့်အစုံက CXတက္ကသိုလ်လို့ တချို့ကပြောနေကြတယ်… တချို့ကျတော့လည်း CXစိုက်ပျိုးရေးတက္ကသိုလ်လို့ပြောနေကြပြန်ရော… မင်းကျောင်းက ဘယ်ကျောင်းလဲ… နန်ဟိုင်စိုက်ပျိုးရေးတက္ကသိုလ်နဲ့ ဘယ်လိုပတ်သက်တာလဲ မင်းက အဲဒီကျောင်းမှာဆရာလား…"


CXစိုက်ပျိုးရေးတက္ကသိုလ်ဟူသော ဖော်ပြချက်မှာ စွေ့ချီချောင်းကို အံ့အားသင့်စေခဲ့သည်။ 


"ခင်ဗျားမှားနေပြီ CUက CU နန်ဟိုင်စိုက်ပျိုးရေးတက္ကသိုလ်က နန်ဟိုင်စိုက်ပျိုးရေးတက္ကသိုလ် သပ်သပ်စီပဲ… CXစိုက်ပျိုးရေးတက္ကသိုလ်ဆိုတာမျိုးမရှိဘူး …နောက်ပြီးတော့ ကျွန်တော်ကလည်း ဆရာမဟုတ်ပါဘူး…ကျွန်တော်က ဟိုဟိုဒီဒီမှာ ကောက်ပဲသီးနှံတွေစိုက်ရုံပါပဲ…"


တစ်ဖက်လူမှာ စွေ့ချီချောင်းက တမင်တကာမလိမ့်တပတ်လုပ်နေသည်ဟု ထင်နေလေသည်။ CUနှင့် CXစိုက်ပျိုးရေးတက္ကသိုလ်ကြားတွင် ချိတ်ဆက်မှုတစ်ခုရှိနေသည်မှာ ရှင်းနေသည်။ 

ပြီးတော့ ကျောင်းထဲမှာ ကောက်ပဲသီးနှံစိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ…


ကျွမ်းကျင်သူများက အင်တာနက်ပေါ်တွင် ခေတ်စားနေသည့်အရာများကို အာရုံစိုက်လေ့မရှိချေ။ ဤအကောင့်၏နောက်ကွယ်တွင် တက္ကသိုလ်မှ ပညာတော်သင်လူငယ်တစ်ဦး ရှိနေနိုင်ကြောင်း သူခန့်မှန်းထားသည်။ ယနေ့ခေတ်လူငယ်များမှာ လျှို့ဝှက်ဆန်းကြယ်ရသည်ကို ကြိုက်နှစ်သက်ကြပြီး ထိုလသာဆောင်၏ ခေတ်မီတပ်ဆင်မှုကို သုံးသပ်ကြည့်မည်ဆိုပါက ထိုလူက လူငယ်တစ်ယောက်ဖြစ်ပေလိမ့်သည်။


ခေတ်မီအလှတရားနှင့်ပတ်သက်၍ စွေ့ချီချောင်း၏လသာဆောင်ကို ရိုက်ယူထားသော လျှပ်တပြက်ဓာတ်ပုံများက နတ်ဘုရားအဆင့် စံနမူနာယူထိုက်သောလသာဆောင်တစ်ခုအဖြစ် အခြားလူမှုကွန်ရက်စာမျက်နှာများသို့ ပျံ့နှံ့သွားခဲ့လေသည်။


[ဒါက တရုတ်လူမျိုးတွေရဲ့ အရည်အချင်းပဲ… ဥယျာဉ်စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်မှုရမှတ်ကို တိုးပေးလိုက်ပြီဟေ့… အမှန်အတိုင်းပြောရရင် ငါ့အိမ်က ဖန်လုံအိမ်ကတောင် ဒီလသာဆောင်လောက် မလှဘူး…]


[အဲဒီလူရဲ့နာမည်ကို သတိထားမိကြလား…ဟားဟား လယ်သမားနတ်ဘုရားမျိုးဆက်တဲ့]


[LMAO... ဒီဟာသကြီးကိုယုံရမဲ့အစား ငါသေပဲသေလိုက်တော့မယ်…]


[ဒါ ဘယ်ရပ်ကွက်ကလဲဆိုတာ သိတဲ့လူရှိကြလား… ငါ အဲ့ဒီမှာ အသီးအရွက်တွေ သွားခိုးမလို့…]


[ငါ့ယောက္ခမလည်း သူ့လသာဆောင်က အသီးအရွက်တွေကို နေ့တိုင်းပြုစုစောင့်ရှောက်တာပါပဲ… ဒါပေမဲ့ ငါတို့ရဲ့လသာဆောင်နဲ့ တခြားသူရဲ့လသာဆောင်ကို ယှဉ်ကြည့်လိုက်တော့ အဆင့်ချင်းကမတူတော့ပြန်ဘူး…]


[ငါမြင်နေရတာ အမှန်ရောဟုတ်ရဲ့လား… အဲဒါ ရွှေဖရုံသီးအစစ်တွေလား တကယ်ကြီးလား…]


[ဒါက တရုတ်ရိုးရာအတိုင်းအလှဆင်ထားတဲ့ လသာဆောင်တစ်ခုပါ… ဒီပုံထဲက အသီးအရွက်တချို့ဆိုရင် အရင်က ငါ တစ်ခါမှမမြင်ဖူးဘူး… ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး… ငါ့လသာဆောင်ကိုလည်း ဒီလိုအလှဆင်ချင်လာတယ်…]


[အားလုံးပဲ...စိတ်တော့မရှိပါနဲ့ လစ်လိုက်တော့…ဒီလိုအရာကိုလုပ်နိုင်ဖို့က ကျွမ်းကျင်မှုလည်းလိုသေးတယ်လေ…]


"..."


အမှန်တွင် 'လယ်သမားငယ်များအတွက်အမေးအဖြေ'က သာမန်ကျော်ကြားမှုမျှသာရှိသော စိုက်ပျိုးရေးဝဘ်ဆိုက်တစ်ခုမျှသာဖြစ်၏။ သို့သော် ဝဘ်ဆိုက်ပေါ်သို့တင်လိုက်သော ထိုလသာဆောင်ဓာတ်ပုံကြောင့် အသစ်အသစ်သောအသုံးပြုသူများက ဝဘ်ဆိုက်တွင် အကောင့်လာဖွင့်ကြလေတော့သည်။


ထိုအသုံးပြုသူအသစ်များက ဝဘ်ဆိုက်တွင်အောင်မြင်စွာမှတ်ပုံတင်ပြီးသည်နှင့်တစ်ပြိုင်နက် စွေ့ချီချောင်း၏usernameကို မန်းရှင်းခေါ်ပြီး မေးခွန်းများမေးလာကြသည်။


[ကြီးမြတ်တဲ့နတ်ဘုရားရေ... ဒါက ငါတို့မိသားစုရဲ့လသာဆောင်က ခရမ်းသီးပါ… ခင်ဗျားရဲ့ခရမ်းသီးတွေလိုကြီးလာအောင် ဘယ်လိုလုပ်ရမလဲ…]


[လယ်သမားနတ်ဘုရားရဲ့မျိုးဆက်ရေ... ကျွန်တော်တို့ရဲ့စာသင်ခန်းပြတင်းပေါက်မှာ စိုက်ထားတဲ့အာလူးတွေကို ကယ်လို့ရနိုင်သေးလားဟင်…]


[ခင်ဗျားရဲ့လသာဆောင်လိုမျိုး လှလှပပလေးဖြစ်အောင် ဘယ်လိုအစီအစဉ်ချရမလဲဆိုတာ ကျွန်တော့်ကိုကူညီပေးနိုင်မလား…]


'လယ်သမားငယ်များအတွက် အမေးအဖြေ'တွင် မေးခွန်းမျိုးစုံပေါ်ပေါက်လာသည်။ ပုံမှန်မဟုတ်သော သုံးစွဲနှုန်းမြင့်မားမှုမှာ ဝဘ်ဆိုက်စီမံခန့်ခွဲသူများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။


ဤလူနည်းစုအသုံးပြုသူအသစ်များက ထိုပုံကြောင့် ဆွဲဆောင်ခံခဲ့ရသူများဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် သူတို့လသာဆောင်တွင် ဟင်းသီးဟင်းရွက်များစိုက်ပျိုးချင်စိတ်ပေါက်လာအောင် ဆွဲဆောင်ခံခဲ့ရ၍ အက်ပ်ထဲကိုရောက်လာကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့က စွေ့ချီချောင်းအား ချီးမွမ်းထောပနာပြုကြသည့်အပြင် ဝဘ်ဆိုဒ်၏အခြားအပိုင်းကဏ္ဍများကိုလည်း သွားရောက်ကာ မေးခွန်းများကိုမေးမြန်းခဲ့ကြသည်။


သူတို့၏ပြောဆိုဆက်ဆံပုံမှာ အသုံးပြုသူအဟောင်းများနှင့် အလွန်ကွဲပြားလှသော်လည်း လူတိုင်းက အမှန်တကယ်ပင် ဟန်ချက်ညီညီ ပြောဆိုဆက်ဆံနေကြသည်။ ဖန်လုံအိမ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထားသည့်အသုံးပြုသူဟောင်းများနှင့်ပညာရှင်များအပြင် လသာဆောင်တွင် အပင်စိုက်ပျိုးထားသည့် အပျော်တမ်းဝါသနာရှင်အချို့ကလည်း သူတို့၏မေးခွန်းများကို ပြန်ဖြေပေးကြသည်။ အရာအားလုံး အဆင်ပြေလေသည်။


ဤသည်မှာ ဝဘ်ဆိုက်အတွက် မကောင်းသည့်ကိစ္စတစ်ရပ်မဟုတ်ချေ။ စွေ့ချီချောင်းက လိုအပ်သောအရည်အချင်းများ သို့မဟုတ် လက်မှတ်များမရှိသဖြင့် ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုမခံရသော်လည်း သူ၏အထူးပံ့ပိုးမှုများကြောင့် ဝဘ်ဆိုက်ဘက်က စွေ့ချီချောင်း၏User Interfaceကို အဆင့်မြှင့်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။


အဓိကအကြောင်းရင်းမှာ သာမန်အသုံးပြုသူများအနေဖြင့် ကျွမ်းကျင်သူများနှင့် User Interfaceချင်း မတူကြသောကြောင့်ဖြစ်သည်။ သာမန်အသုံးပြုသူများအတွက်မူ ယခင်မေးခွန်းအဟောင်များကို ပြန်လည်ကြည့်ရှုရန်အဆင်မပြေဖြစ်နိုင်ပြီး သူငယ်ချင်းအရေအတွက်ကလည်း အကန့်အသတ်ရှိသည်။ သူတို့ဘက်က ထိုအရာကို အကောင်းဆုံးဖြစ်အောင်ကူညီပေးပြီးနောက် စွေ့ချီချောင်းက ပိုမိုကောင်းမွန်သောအတွေ့အကြုံကို အမှန်တကယ်ခံစားလိုက်ရသည့်အတွက် ကျေးဇူးတင်ရှိကြောင်းကို တည်ငြိမ်စွာပြောကြားခဲ့လေသည်။


ထို့အပြင် စွေ့ချီချောင်းမှာ သူ့အားလပ်ချိန်များတွင် လသာဆောင်စိုက်ပျိုးခြင်းဆိုင်ရာ မေးခွန်းအသစ်အားလုံးကို ဖြေကြားပေးခဲ့သည်။ သူ့ဆီကိုလာတောင်းဆိုသူများကို ပြဖို့အတွက် သူ့လသာဆောင်၏ပထမဆုံးဓာတ်ပုံကိုပင် စိတ်ရှည်လက်ရှည်ရှာဖွေပေးခဲ့သည်။


စွေ့ချီချောင်းအတွက်မူ á€¤á€Ąá€€á€şá€•á€şá€€ သူ၏စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို မှတ်တမ်းတင်ထားနိုင်သည့် ဂျာနယ်တစ်ခုဖြစ်လာခဲ့သည်။ ကျောင်းထဲရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။


အင်တာနက်အသုံးပြုသူအများစုက သူ၏ဖန်တီးတည်ဆောက်ပုံ၊ စိုက်ပျိုးပုံနှင့်ကောက်ပဲသီးနှံပျိုးထောင်ပုံများကိုကြည့်ပြီး သူတို့ကိုယ်တိုင်လည်း ထိုကဲ့သို့လိုက်လုပ်ချင်စိတ်ပေါက်လာသည်။


အစပိုင်းတွင် ဗလာကျင်းနေသော သူ့လသာဆောင်တွင် ပန်းအိုးတုတစ်လုံးကိုသာ မြင်နိုင်လေသည်။ ထို့နောက် ပန်းအတုများကို ငရုတ်ပင်နှင့်အစားထိုးပြီး စင်ပေါ်ကိုတင်လိုက်သည်။ ထို့နောက် အပင်များ အညှောင့်ပေါက်ရန်၊ ကြီးထွားရန်နှင့် ပွင့်ဖူးနိုင်စေရန်အလို့ငှာ ပန်းအိုးများနှင့် ဒေါင်လိုက်စင်များ ပိုမိုများပြားလာလေသည်။


ပုံဆယ်ပုံကျော်တွင် လသာဆောင်က မြေကမ္ဘာကို တုန်လှုပ်သွားစေနိုင်သော အပြောင်းအလဲများဖြစ်ပေါ်လာသည်။ လသာဆောင်မှာ ယခုအခါတွင် ကွင်းလုံးပြည့်အပင်များနှင့်ပြည့်နှက်နေပြီး စိမ်းလန်းစိုပြေနေချေသည်။ စိမ်းလန်းစိုပြည်သော အစိမ်းရောင်များထဲတွင် အနီရောင်၊ အဖြူ၊ အဝါ၊ ခရမ်းရောင်နှင့် အခြားအရောင်များလည်း ပွင့်လန်းနေသေးသည်။


ပုံများထဲတွင် ဝှက်ထားသောအီစတာဥများလည်း ရှိနေသေးသည်။


[ဒါက လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ရွှေဖရုံသီးပဲ… ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ခရမ်းသီးနဲ့ ငါညစာချက်ဖို့ အိမ်မှာသုံးနေတဲ့ အရွက်စိမ်းတွေလည်း ရှိတယ်ဟ…]


ပါးပါးလှီးဖြတ်ထားသောအသား၊ ငရုတ်သိီးအနည်းငယ်၊ ခရမ်းသီး...

ခရမ်းသီးက အလွန်ဖွံ့ထွားနေပြီး ဆီထဲထည့်ကြော်လိုက်ပြီးနောက် ၎င်း၏နူးအိမှုနှင့် အရသာကိုခန့်မှန်းကြည့်နိုင်လေသည်။ ဘေးတွင်မူ အအီပြေစေရန်အတွက် လတ်လတ်ဆတ်ဆတ် အရွက်ကြော်ပန်းကန်တစ်ချပ်လည်း ရှိသည်။


ကျန်အသားများနှင့် ရွှေဖရုံသီးအချို့ကိုလည်း ကြောင်စာပြုလုပ်ရန် အသုံးပြုခဲ့သည်။ ပုံထဲတွင် စွေ့ချီချောင်းမပါသော်လည်း ရှောင်ပိုင်ကမူ ကြောင်စာစားနေသည့်ပုံကို ရိုက်ယူခံလိုက်ရသည်။


ဤပို့စ်ကို သူ၏စိုက်ပျိုးရေးလုပ်ငန်းစဉ်များနှင့်အတူ ပေးပို့ထားခြင်းဖြစ်သောကြောင့် လူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။


သူ၏စိုက်ပျိုးရေးလုပ်ငန်းစဉ်ကို ပြသထားသည့် ဤဓာတ်ပုံများက လယ်သမားတစ်ဦးအဖြစ် အမှန်တကယ်ကျင်လည်နေသော သူ၏လက်တွေ့ဘဝအတွေ့အကြုံကို ထင်ဟပ်နေစေသည်။ ဤသည်မှာ နောက်ဘက်ရှိဟင်းသီးဟင်းရွက်များကိုခူးပြီး ဟင်းလျာအဖြစ်မွှေကြော်ကာ ထိုပုံံစံအတိုင်းသံသရာလည်နေသည့်သက်သေပင်။ 


[ဖြေဆိုသူဆီမှာ အသီးအရွက်တွေအများကြီးရှိရုံတင်မကဘဲ ကြောင်တစ်ကောင်လည်းရှိနေတယ်ဟ…]


[ငါ့မိသားစုမှာလည်း လသာဆောင်ရှိတယ်… အခု ကြောင်တစ်ကောင်နဲ့ မျိုးစေ့တချို့ပဲလိုတော့တယ်…]


[ငါ့ရဲ့မျိုးရိုးဗီဇထဲကတရုတ်စွမ်းရည် နိုးကြားလာတော့မယ်လို့ ထင်တယ်… ကောင်းပြီ ပန်းအိုးသွားဝယ်လိုက်တော့မယ်…]


ထို့အပြင် အချို့သောလူများက စွေ့ချီချောင်းအား သူ၏စိုက်ပျိုးရေးလုပ်ငန်းစဉ်ကို မှတ်တမ်းတင်ရန်အတွက် Weiboတွင်အကောင့်ဖွင့်ရန် တောင်းဆိုခဲ့သည်။ သို့သော် စွေ့ချီချောင်းက ငြင်းဆိုလိုက်သည်။ 'လယ်သမားငယ်များအတွက် အမေးအဖြေ'တွင် မေးခွန်းများကို ဖြေနေရရုံဖြင့်လုံလောက်ပြီဟု သူထင်သည်။ သူ၏အားလပ်ချိန်များတွင် မေးခွန်းအချို့ကိုဖြေဆိုပေးနိုင်ပြီး မျိုးစေ့အချို့ကိုလည်း ပေးနိုင်သည်။


နွေရာသီအားလပ်ရက်စတင်ကတည်းက ဥက္ကဋ္ဌစွေ့မှာ စွေ့ချီချောင်းကို သူ့မိဘများနှင့်တွေ့ဆုံရန်အတွက် အိမ်ပြန်ရန် တိုက်တွန်းခဲ့သည်။

"အားလပ်ရက်တောင် ရောက်နေပြီ… အိမ်မပြန်ဘူးလား…"


ဥက္ကဋ္ဌစွေ့၏စကားအဆုံးတွင် စွေ့ချီချောင်း၏အမူအရာမှာ လွမ်းတသသဖြစ်သွားရှာသည်။ သူ ဘာမှမတုံ့ပြန်လာပေ။


ဥက္ကဋ္ဌစွေ့လည်း သက်ပြင်းတစ်ချက်ချရင်း သူ့ရောဂါပြန်ထလာနိုင်သည်ဟု ခံစားလိုက်ရသည်။ သူ့မိဘများက သူ့ကို အလွန်ဖိအားပေးခဲ့ခြင်း ဖြစ်နိုင်လေသည်။ တစ်ဖက်လူက ဘာမှမတုံ့ပြန်လာသည့်အတွက် သူလည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

 "အင်း... မင်းလုပ်တာကောင်းတယ်… ငါတို့ သိပ်မကြာခင်မှာဖွင့်ပွဲလုပ်တော့မှာဆိုတော့ ကျောင်းသားနဲ့ကျောင်းသားမိဘတွေက အလည်ရောက်တုန်းရောက်ခိုက် ပထမကန်တင်းမှာ စားသောက်လို့ရလားလို့ ဖုန်းဆက်မေးကြတယ်…"


နောင်တွင် CU၌ ပညာသင်ကြားလိုသော ကျောင်းသားများနှင့် သူတို့၏မိဘများက ဖွင့်ပွဲကာလအတွင်း လာရောက်ကြမည်ဖြစ်ပြီး ဤလှုပ်ရှားမှုအတွင်းတွင် နွေရာသီစခန်းသွင်းလှုပ်ရှားမှုအချို့ကိုလည်း ကျင်းပသွားမည်ဖြစ်၏။ အားလပ်ရက်တစ်လျှောက်လုံး သူတို့အား CUမှ ကြိုဆိုဧည့်ခံရမည်ဖြစ်၏။ အထူးသဖြင့် နွေရာသီအားလပ်ရက်မှာ ကျောင်းတက်သူနည်းပါးသည့်အတွက် ဤဖွင့်ပွဲအတွက် ယခုလိုအချိန်သက်သက် ဖယ်ထားပေးခြင်းပင်။


ယခုနှစ်တွင် လူအတော်များများကလည်း ဤနေရာကိုလာလည်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ဥက္ကဋ္ဌစွေ့ အနည်းငယ် သံသယဖြစ်မိသည်။ စာရင်းသွင်းသူလူဦးရေ တိုးလာနေသည်ကို ဂရုမထားလျှင်ပင် ထိုလူများက ဤနေရာကို ထမင်းတစ်နပ်စားရရန်သက်သက် ရောက်လာခြင်းလေလားဟုပင်။ သူ့တူလေးကိုယ်တိုင်ကလည်း ကန်တင်းကို အများပြည်သူအတွက်ဖွင့်ပေးရန် အမြဲငြင်းဆန်ခဲ့သည်ဖြစ်ရာ ဤဖွင့်ပွဲက ထိုသူတို့အတွက် ကန်တင်းတွင် လာရောက်စားသောက်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်နိုင်ပေသည်။


စွေ့ချီချောင်းက သူ့အမူအရာကို ထိန်းချုပ်လိုက်သည်။ 

"ဧည့်သည်တွေအားလုံးအတွက် အစားအသောက်ပြင်ဆင်ပေးရတာ ပြဿနာတော့မရှိပါဘူး… ဒါပေမဲ့ ဦးလေး ကျွန်တော့်ကို ကြိုပြီးအကြောင်းကြားထားဖို့တော့လိုတယ်…မဟုတ်ရင် ဝန်ထမ်းတွေကို ချက်ပြုတ်ခိုင်းရမယ့် အစားအသောက်ပမာဏကိုခန့်မှန်းဖို့ ကျွန်တော့်အတွက် လွယ်မှာမဟုတ်ဘူး…"


ဥက္ကဋ္ဌစွေ့ အနည်းငယ်စိတ်လှုပ်ရှားသွားရလေသည်။ ထိုအကြောင်းကိုပြောရလျှင် CUတက္ကသိုလ်က ကန်တင်းကြောင့် မကြာသေးမီကမှ လူကြိုက်များရေပန်းစားလာခဲ့သည်။ ယခုခေတ်တွင် သူ အပြင်ထွက်ပြီး အခြားလူများ၊ အထူးသဖြင့် အင်တာနက်သုံးရခြင်းကိုနှစ်သက်သော မျိုးဆက်သစ်လူငယ်များနှင့် တွေ့သည့်အခါတိုင်း သူတို့က CUအကြောင်းကို ဆွေးနွေးနေကြပေသည်။ CUမှာ နိုင်ငံ့အချက်အချာတက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် "CUကန်တင်းကြောင့် CU၏တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခြင်း"ဟူသည့် memeအကြောင်း ဆွေးနွေးနေကြလိမ့်မည်ဖြစ်၏။


သူ့တူလေးက ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပေသည်။ ဥက္ကဋ္ဌစွေ့မှာ သူ့တူလေးအတွက် ဂုဏ်မယူဘဲမနေနိုင်ချေ။ နောက်ဆုံးတွင် သူက ကန်တင်းတစ်ခုဖွင့်လှစ်လိုက်ခြင်းဖြင့် ဝင်ခွင့်ရုံး၏ပန်းတိုင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။


ရက်အနည်းငယ်ကြာပြီးနောက် ဖွင့်ပွဲအခမ်းအနားစတင်ရန်အချိန်ကျလာသည်။ ကျောင်းသားများနှင့်မိဘများမှာ CUထဲသို့ ဝင်ချည်ထွက်ချည်လုပ်နေကြသည်။


ဥက္ကဋ္ဌစွေ့ထင်သည်မှာ မှန်ပေသည်။ ယခုနှစ်အတွက် ကျောင်းကိုလာရောက်လည်ပတ်ရန် စာရင်းသွင်းထားသူအများစုက ယခုနှစ်အတွင်းခေတ်စားနေသည့် ပထမကန်တင်းဆီသို့ ရောက်လာကြခြင်းဖြစ်၏။ ပထမကန်တင်းက အစားအသောက်ရှိုးများမှာပင် မပါဝင်ချင်ခဲ့သည့် ကန်တင်းတစ်ခုဖြစ်လေရာ ယခုကဲ့သ်ို့ အခွင့်အရေးကောင်းကို သူတို့သေချာပေါက်ဆုပ်ကိုင်ထားရပေမည်။


ဤကဲ့သို့ အကြံအစည်ရှိထားကြသူများမှာ သူတို့လာရောက်လည်ပတ်ရသည့် နောက်ကွယ်ကအကြောင်းအရင်းကို သိသွားပါက မာနကြီးလှသော ပထမကန်တင်းက ကန့်သတ်ချက်များ ချမှတ်လာမည်ကို ကြောက်ရွံ့နေကြသည်။ ဥပမာအားဖြင့် ဧည့်သည်များ ကန်တင်းတွင်မစားရဟု ဆိုလာပေလိမ့်မည်။ ထို့ကြောင့် သူတို့၏အစီအစဉ်ကို အခြားသူများအား မပြောပြခဲ့ခြင်းပင်။ မဟုတ်လျှင် လူပိုများလာလိမ့်မည်။


အဓိကအားဖြင့် ထမင်းစားရုံသက်သက်လာကြသူများနှင့် နှိုင်းယှဉ်ပါက ကျောင်းကို အမှန်တကယ်လာရောက်လေ့လာကြသော ကျောင်းသားများနှင့် မိဘများ၏ရည်ရွယ်ချက်ကမူ ရိုးရှင်းလှသည်။ သို့သော် သူတို့၏ရည်ရွယ်ချက်က ရိုးရှင်းသည်ဆိုသည့်တိုင် ကျောင်းဝင်းအတွင်းရှိ ထူးခြားလှသောရှုခင်းများကြောင့် ဆွဲဆောင်ခံလိုက်ရဆဲပင်။


ကျောင်းသားများမှာ ဤကျောင်းက အလွန်စိတ်ဝင်စားစရာကောင်းသည့်ကျောင်းဖြစ်ကြောင်း သိလိုက်ရ၏။ ဤကျောင်း၏ ချိန်းတွေ့ရာနယ်မြေလေးကိုပင် အသီးအနှံစိုက်ပျိုးရန်အသုံးပြုခဲ့ပေသည်။ ထင်ထားသည့်အတိုင်းပင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို နေရာတိုင်းတွင်မြင်တွေ့နိုင်သည်။ ရေကန်ထဲမှာပင် ဘဲလေးများ ဆော့ကစားနေသည်ကိုမြင်နေရသည်။


ထိုအချိန်တွင် မိဘများ၏ချီးကျူးမှုကလည်း ပိုမိုမြင့်မားလာခဲ့သည်။ 


"ငါ့သားက ဂေါ်ဖီထုပ်ကိုတောင် မမှတ်မိဘူး… ဒါ သိပ်ကောင်းတာပဲ သူ ကျောင်းကိုလာလည်တဲ့အခါ ဟင်းသီးဟင်းရွက်တွေကို မှတ်မိအောင်သင်နိုင်တယ်… ငါ့အမြင်အရတော့ CUက တကယ်ကောင်းတယ်… သီအိုရီကို လက်တွေ့ကွင်းဆင်းလေ့လာလို့ရတယ်… ငါ့ကလေးက CUကိုဝင်နိုင်ဖို့ á€žá€ąá€á€ťá€Źá€•á€ąá€Ťá€€á€şá€€á€źá€­á€Żá€¸á€…ဏးသင်အတယ်‌"


"မဟုတ်ဘူး အဲဒါက ကွင်းဆင်းလေ့လာဖို့မဟုတ်ဘူး… ဒီကောက်ပဲသီးနှံတွေက ကျောင်းသားတွေအတွက်မဟုတ်ဘူး…" 

ကျောင်းသားအချို့က ပြောပြသည်။


"ဒါဆို ငါတို့တွေ ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ လေ့လာရေးအခွင့်အလမ်းတစ်ခုအနေနဲ့ ဒီမြေကွက်တွေကိုဖွင့်ထားပေးဖို့ အကြံပြုသင့်တယ်…"


"..."


တချို့မိဘများက ကိုယ့်အသီးအနှံများကို ကိုယ်တိုင်စိုက်ပျိုးကြသလို ဗဟုသုတကြွယ်ဝသူများလည်း ရှိကြသည်။ 


"ဒီအသီးအရွက်က တကယ်ကိုဖွံ့ထွားနေတာပဲ… ဒီအသီး တွဲလောင်းကျနေတာကို ကြည့်လိုက်ပါဦး… တော်တော်မှည့်နေပြီ ဒီကတရုတ်ဂေါ်ဖီထုပ်က အရမ်းအရည်ရွှမ်းတာပဲ…"


သူတို့အတွက်မူ CUကျောင်းဝင်းကို လှည့်ပတ်ကြည့်ရုံမျှဖြင့် မလုံလောက်ပေ။ WeChat Momentတွင် ပို့စ်တင်ရန်အတွက် အုပ်စုလိုက်ဓာတ်ပုံရိုက်ရန်လည်း လိုအပ်လေသည်။ 


[ငါ ဒီနေ့ ဟင်းသီးဟင်းရွက်တွေကို စိမ်းလန်းစိုပြည်ရေးအဖြစ်သုံးတဲ့ နာမည်ကြီးCUတက္ကသိုလ်ကိုသွားခဲ့တယ်… သူတို့က တီထွင်နိုင်စွမ်းသိပ်မြင့်တာပဲ…]



🌱🌱🌱