အပိုင်း ၁၈၃
Viewers 16k

Chapter 183

စကားပြောရအောင်


ပြန်ပေးဆွဲရန်ကြိုးပမ်းမှုများ အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက်တွင်လည်း လျန်ယုက လက်မလျှော့ပဲ ပို၍ ပြင်းပြင်းထန်ထန် လုပ်လာသည်။ ယောင်စစ်၏ အိပ်ခန်းထဲဝင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားတော့သည်။  တစ်ခါတစ်ရံ ထမင်းစားခန်းနှင့် သန့်စင်ခန်းထဲအထိပင် ... 


ယောင်စစ် အမြဲတမ်း သတိထားနေရသည်။ ထိုသို့အဆက်မပြတ် နောက်ကလိုက်နေသောကြောင့် မူရွှမ်နှင့်ယောင်စစ်တို့ စိတ်ဓာတ်များထုံထိုင်းလာသကဲ့သို့ပင် ခံစားရသည်။ ထိုသို့ အခံစားရဆုံးက လင်းလုံဖြစ်သည်။ သူက လျန်ယုလုပ်သမျှ ကိစ္စတိုင်းကို ဘာမှဝင်မပြောသည့်အပြင် ထောက်ခံပေးနေသည်။ မူရွှမ်၏ ရိုက်နှက်မှုကို အကြိမ်တိုင်းခံနေရသော်လည်း ညည်းညူမှု မရှိပေ။


လူများက အခြားလူဆီမှ အဖောက်ပြန်ခံရသည်ကိုသာ ကြားဖူးပြီး ကိုယ်တိုင်က ဖောက်ပြန်ရန် လိုက်လံဆောင်ရွက်ပေးနေသည်ကို ယောင်စစ် မကြားဖူးပေ။ 


သူ ရူးနေတာလား ...


သို့သော် လင်းလုံတွင် တရားနည်းလမ်းကျသည့် တုံ့ပြန်မှုရှိသည်။ 

" တကယ်လို့ မင်းအချိန်အကြာကြီး ရှာဖွေခဲ့ရတဲ့ တစ်ယောက်ယောက်ကိုရှာတွေ့ရင် သူတို့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်နိုင်မှာလား ...ငါကတော့ သူမကို တတ်နိုင်သမျှနည်းလမ်းတွေနဲ့ အလိုလိုက်မှာပဲ ..."


သူပြောသည်မှာ ကျိုးကြောင်းဆီလျော်သဖြင့် ယောင်စစ် ဘာမှပြန်မပြောနိုင်ပေ။ သူမနှင့် မူရွှမ်တို့၏ အပြန်အလှန် တုံ့ပြန်မှုများကို တွေးမိလာသည်။ လင်းလုံက သူ၏စာချုပ်ချုပ်ဆိုသူကို အလိုလိုက်သကဲ့သို့ မူရွှမ်က အလွန်အကြူးမလုပ်သော်လည်း သူမ၏တောင်းဆိုချက်များက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေလျှင်ပင် သူ မငြင်းပယ်ခဲ့ပေ။


လင်းလုံ၏ ပြဿနာကို အမြစ်မှစ၍ ရှင်းလင်းရမည်သာ ဖြစ်သည်။


" အချစ်ဆုံးလေး ဒီနေ့ရော ငါ့ကိုလက်ထပ်ဖို့ အတွေးရှိလား ..."

လျန်ယုက အာကာသဝင်ပေါက်မှ မထွက်ခွာမီ ပြုံး၍ မေးလိုက်သည်။ 

" မရှိဘူး ..."


" ရပါတယ် နောက်တစ်ခေါက်မှ ထပ်မေးမယ် ... ငါတို့ ၅မိနစ်လောက် ချိန်းတွေ့ရအောင်လေ ... ဒါဆိုရင် စိတ်ပြောင်းသွားမလား မပြောတတ်ဖူး ..."


" ကောင်းပြီလေ ..." 


" လင်းလုံ ခဏလောက်တော့ ရဦးမှာပါ ... ငါး ...ဘာ ... ဘာကြီး ..."

လျန်ယု မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်မှုများဖြင့် ပြည့်နေသည်။ 


" စစ်စစ် တကယ် သဘောတူလိုက်တာလား ..."


" ငါ့မှာ ပြောစရာရှိတယ် ... အချိန်ရတယ်ဆိုရင် ဧည့်ခန်းထဲမှာစောင့်နေပါလား ... ခဏနေရင် လာခဲ့မယ် ..."


" နင့်အတွက်ဆို ငါ့မှာ အမြဲတမ်း အချိန်ရှိတယ် ..."

သူမက ရွှင်မြူးစွာ ပြောလိုက်သည်။


" စစ်စစ် ငါ့ကို ဘာမဆို ပြောလို့ရတယ်နော် ... နင်ပြောတာမှန်သမျှ ငါ နားထောင်ပေးမယ် ..."


" ဒါ ..." 

ယောင်စစ် သူမနဖူးမှ အကြောများ ထောင်လာသည်ဟုပင် ခံစားရပြီး ပေါက်ကွဲမတတ် ဖြစ်လာသည်။ 


" သန့်စင်ခန်းလေးတော့ အေးအေးဆေးဆေး သုံးခွင့်ပေးပါလား ..." 


(╯‵□′)╯︵┻━┻


ငါ သန့်စင်ခန်းထဲ ဝင်နေတာ မမြင်ဘူးလား ...


သူမ ဘာလို့ ပုံမှန်မဝင်လာနိုင် ရတာလဲ ... ပြတင်းပေါက်က ကျော်ဝင်တယ် နံရံကိုဖြတ်တယ် မြေအောက်ကနေတွားသွားပြီး ဝင်လာတယ် ... မိန်းကလေးတွေက အဲ့လိုဝင်မလာသင့်ဘူး ... ဒါက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုပဲ ...


သူမသာ မိန်းမ မဟုတ်ခဲ့ဘူးဆိုရင် အသေရိုက်ပစ်ပြီ ...


" ဒါပေမဲ့ ..."

လျန်ယုက သန့်စင်ခန်းတံခါးကို အကြိမ်ပေါင်းများစွာကြည့်ပြီး တွန့်ဆုတ်နေသည်။


" မြန်မြန် ထွက်သွားပေးပါ ... မပူပါနဲ့ မူရွှမ့်ကို ပြောပြီးပြီ ... သူ မြန်မြန် ပြန်လာဦးမှာ မဟုတ်ဘူး ..."

နင် ငါ့ကို အတင်း ဆွဲမခေါ်သွားရင်ပေါ့လေ ...


" ကောင်းပြီလေ စောင့်နေမယ် ..."

ဘုရင်မက တံခါးဖွင့်ပြီး ထွက်သွားသည်။ တံခါးပြန်ပိတ်ခါနီးတွင် ယောင်စစ်ကို ပြီတီတီဖြင့် ကြည့်သွားသေးသည်။


“…” 


ယောင်စစ် ဝမ်းချုပ်တော့မည်ဟုပင် ခံစားနေရသည်။ 


သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စကို ခက်ခက်ခဲခဲ ဖြေရှင်းပြီးနောက် အပြင်ထွက်လာသည့်အခါ ဆိုဖာပေါ်တွင် ကောင်းကောင်းမွန်မွန်ထိုင်နေသော တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမရှေ့မှ ကွန်ပျူတာ ဖန်သားပြင်ကို အနီးကပ် ကြည့်လိုက်သည့်အခါ ယောင်စစ် လက်ထပ်မှတ်ပုံတင်ခြင်းနှင့် နောက်ထပ် ဖန်သားပြင်တစ်ခုပေါ်တွင် ပျားရည်ဆမ်းခရီးထွက်ရန် အကောင်းဆုံးနေရာဆယ်ခု အာဗီမျိုးနွယ်များအတွက် ကလေးမွေးစားနည်းလမ်းညွှန်နှင့် အခြားသတင်းများကို တွေ့လိုက်ရသည်။


ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။

ဒီလောက် အဝေးကြီးတွေ တွေးထားလို့ ဘုရင်မကို ချီးကျူးရမယ်ထင်တယ် ...


-_-|||


" စစ်စစ် ..."

သူမ ပေါ်လာသည့်အခါ လျန်ယု၏ မျက်လုံးထဲတွင် အရောင်တောက်နေသည်။


" မြန်မြန်လာပြီး ရွေးပေးပါဦး ... ဒီမှာရွေးချယ်စရာ လမ်းညွှန်တွေ များလွန်းလို့ ငါဘာရွေးရမှန်း မသိတော့ဘူး ... ငါတို့အခုတည်းက စမယ်ဆိုရင် စိတ်ချမ်းသာစရာ အနာဂတ်တစ်ခုကို ရနိုင်မယ်ထင်တယ် ..."


‌သူမက ယောင်စစ်လက်ကိုဆွဲပြီး ရှေ့တိုးလာသည်။ ယောင်စစ် ကြီးမားသည့်ဝိတ်တစ်ခုနှင့် တည်ရှိမနေသည့် သူမရင်ဘတ်ကို အဖိခံလိုက်ရသည်။


သူမစိတ်ထဲ စိတ်ခံစားချက်ပေါင်းစုံ မြင့်တက်လာသည်။


သေစမ်း ... ငါက ပစ္စည်းမဲ့လူတန်းစားမို့လို့ လျန်ယုက နောက်နေတာများလား ...


" လျန်ယု ..." 

သူမ လျန်ယုကို တစ်ဖက်သို့ တွန်းလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုပြီး သူမ၏ အလေးနက်ဆုံး အမူအရာသို့ ပြောင်းလဲလိုက်သည်။


" ငါတို့ စကားပြောဖို့လိုတယ် .."


" အင်းအင်း ငါနားထောင်နေတယ် ..."


" နင်တကယ်ကြိုက်တဲ့သူက ငါဆိုတာ သေချာရဲ့လား ..."


" ဒါပေါ့..."

သူမ တစ်စက္ကန့်ပင် တွေးမနေပဲ ခေါင်းငြိမ့်ပြလိုက်သည်။


" ငါ့ရဲ့ ဘာကိုကြိုက်တာလဲ ..."


" ဘာလို့ အကြောင်းပြချက် လိုနေရတာလဲ ... ငါနင့်ကို ဒီအတိုင်းပဲ ကြိုက်တာလေ ...အချစ်မှာ အကြောင်းပြချက် မရှိဘူး ..."


" အချစ်မှာ အကြောင်းပြချက် မလိုဘူးလို့ ဘယ်သူပြောလဲ ..."

ယောင်စစ် ခွန်းတုံ့ပြန်ပြီးနောက် နောက်ထပ်ပြောမည့် စကားလုံးများကို ဂရုတစိုက် ရွေးချယ်နေသည်။


" ငါ မူရွမ်ကိုကြိုက်တာ သူက သန်မာပြီး ခံ့ညားလို့လေ ... အရေးကြီးဆုံးကတော့ သူငါ့ကို စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပေးတာပဲ ... သူငါ့ကို အလိုလိုက်တယ် ... ကာကွယ်ပေးတယ် ...  ပြီးတော့ ဒီထူးဆန်းတဲ့ ကမ္ဘာကြီးမှာ လုံခြုံစိတ်ချရတဲ့ တစ်စုံတစ်ခုကိုပေးခဲ့တယ် ..."


" ငါက ငယ်ငယ်တည်းက မိဘမဲ့ဆိုတော့ မိသားစုအကြောင်း နားမလည်ခဲ့ဘူး ... ဒါပေမဲ့ အခုတော့ ငါ့အိမ်က မူရွမ်ရှိတဲ့ နေရာတိုင်းပဲ ... ငါနောက်ဆုံးတော့ ပြန်သွားလို့ရတဲ့ နေရာတစ်ခုရှိခဲ့ပြီ ... အဲ့ဒါ သူငါ့ကိုပေးခဲ့တဲ့ တစ်စုံတစ်ခုပဲ ... ပြီးတော့ အဲ့ဒါကြောင့်လည်း ငါသူ့ကိုချစ်တာ ... သူ့ရဲ့ရင်ထဲမှာလည်း ငါပဲ ရှိတာ ဒီတော့ ငါ့ရင်ထဲမှာလည်း သူတစ်ယောက်ပဲ ရှိစေချင်တယ် နားလည်ရဲ့လား ..."


" ဒါ ဒါပေမဲ့ ငါလည်းနင့်ကို ကြိုက်တယ်လေ ..."

လျန်ယု အလျင်အမြန် ရှင်းပြလိုက်သည်။


" ငါ နင့်ရဲ့ဘေးမှာနေချင်တယ် ... နင်နဲ့ရှိနေရင် ပျော်တယ်လို့ ခံစားရပြီး နင့်အနားကထွက်သွားရင် ဝမ်းနည်းတယ် ... ဒါက တစ်စုံတစ်ယောက်ကို ချစ်တာမဟုတ်ရင် ဘာလဲ ..."


" လျန်ယု ငါအရင်ကလည်း ရှင်းပြဖူးပါတယ် ... ငါ့ရဲ့စွမ်းရည်က နင်ငါ့ကို ကြိုက်နေရတဲ့ နောက်ကွယ်က အကြောင်းအရင်းပဲ ... တောင်းပန်ပါတယ် ငါ့မှာ ဒီစွမ်းရည်ကို တန်ပြန်ဖို့ ဖြေရှင်းချက် မရှိဘူး ... နင့်ရဲ့ခံစားချက်တွေက စွမ်းရည်ရဲ့ တွန်းအားပေးမှုကြောင့် ဖြစ်လာတာပဲ ... နင်တကယ် ငါနဲ့ရှိနေရတာ သဘောကျရဲ့လား ... လွန်ခဲ့တဲ့လတွေက ငါတို့ မကြာခဏတွေ့ခဲ့ကြတာပဲ ... ဒါပေမဲ့ နင် ငါ့အကြောင်းတွေ သိလို့လား ... ရိုးရှင်းတဲ့ မေးခွန်းတစ်ခုပဲ မေးရရင် ငါ ဘယ်အစားအစာကြိုက်တယ်ဆို‌တာရော သိရဲ့လား ..."


" ငါ ... ငါ ..."

သူမ စကားလုံးများ ထွက်မလာတော့ပေ။ 


" ကြည့်လေ နင် ငါ့ကိုသိဖို့ မကြိုးစားခဲ့ဘူး ..."


" မဟုတ်ဖူး ငါတို့ တစ်ခါမှ တူတူမစားဖူးတော့ ဒီမေးခွန်းကို ထည့်တွက်လို့ မရဘူး ..."

လျန်ယု ခွန်းတုံ့ပြန်လိုက်သည်။


" ငါ့ကို အခုပြောပြလေ ... ငါမှတ်ထားပါ့မယ် ... ငါတို့ လက်ထပ်ပြီးရင်လည်း နင့်အကြောင်းတွေ သေချာပေါက် ပိုသိလာမှာပဲ ..." 


" ငါက စပ်တဲ့အစားအစာတွေ ကြိုက်တယ်ဆိုတာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တစ်ခုလုံးသိတယ် ..."

ယောင်စစ် သက်ပြင်းချလိုက်သည်။


" လျန်ယု နင်ငါ့ကို  အပြင်က သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုတွေလောက်တောင် နားမလည်ဘူး ... တကယ်က နင်ထင်ထားသလိုမျိုး  ငါကနင့်အတွက်ပဲ မဟုတ်ဘူးလေ ..."


" အဲ့လိုမဟုတ်ဖူး ..."

သူမ ခေါင်းခါလိုက်သည်။ 


" နင့်ရဲ့စွမ်းရည်ကို ထားလိုက်ပါ ... စစ်စစ် နင်က လူကောင်းတစ်ယောက်လေ ... ကောင်းကင်ဘုံဂြိုဟ်ပေါ်မှာလည်း ငါ့ကို ကူညီခဲ့တယ် ... ငါ နင့်ကို မချစ်မိပဲ နေပါ့မလား ..."


" လင်းလုံလည်း အရင်က နင့်ကို ကူညီဖူးတယ် ..."

ယောင်စစ် ပြောပြလိုက်သည်။


" ပြီးတော့ တစ်ကြိမ်တည်းလည်း မဟုတ်ဖူး ... သူက နင့်ကို ခုချိန်ထိလည်း ကူညီပေးနေတုန်းပဲ ... အဲ့ဒါဆို နင်သူ့ကို ကြိုက်လား ..."


" ဒါ ... သူဆန္ဒရှိလို့ လုပ်ပေးတာလေ ...ငါသူ့ကို တွန်းအားမပေးပါဘူး ..."


" နင် လင်းလုံကို မကြိုက်တာ တကယ်သေချာလား ..."


" ဒါပေါ့ အဲ့လို ဗလတောင့်တောင့်ယောက်ျားကြီးကို  ဘယ်သူ က်ြိုက်မှာလဲ ..."


“…” 


အရင်တုန်းက ငါယောက်ျား ဖြစ်သွားတော့ နင်ပဲ ပျော်နေတာလေ ....


" သူက မုန်းစရာကောင်းတယ် ... ငါ့နောက်ပဲ တကောက်ကောက်လိုက်နေတာ ... ပြီးတော့ ငါ့နားမှာ နေ့တိုင်း နေပြီး အရူးကြီးလို တခစ်ခစ်ရယ်နေတယ် ... မူရွှမ့်ကို အာရုံလွှဲခိုင်းတိုင်း ဒဏ်ရာတွေနဲ့ ပြန်လာတယ် ... အသုံးမဝင်တဲ့လူ ..."


သူမ ပြောနေလျက် ဒေါသထွက်ပြီး လင်းလုံကို ဆူပူနေသည်။

" ပြီးတော့ သူက အသန့်ကြိုက်တဲ့လူလေ ...အဝတ်ကို တစ်နေ့ အခေါက်ပေါင်းမရေနိုင်အောင်လဲတယ် ... ဖုန်နည်းနည်းတွေ့ရင်တောင် ငါ့တစ်အိမ်လုံးကို ထပ်ခါထပ်ခါ သန့်ရှင်းရေးလုပ်တယ် ... အရမ်း စိတ်တိုစရာကောင်းတယ်  ... လူကြီးတစ်ယောက်ဖြစ်နေတာတောင် တိရစ္ဆာန်ငယ်လေးတွေကိုချစ်ပြီး ငါ့ကိုလည်းလက်ဆောင်ပေးတယ် ... " 


" ဟမ့် စိတ်ကြီးဝင်နေတဲ့လူ ... အဲ့ဒါတွေကို ဘယ်သူက ဂရုစိုက်မှာလဲ ... ငါက အာဗီဘုရင်မလေ ... အဲ့လိုလှည့်ကွက်လေးတွေနဲ့ ငါ့ကို လာလှည့်စားလို့ ရမလား ... သူ့ကို တော်ဝင်အာဗီဂြိုလ်ကနေ ပိတ်ပင်လိုက်တော့ အနားမှာ ဂြိုလ်တစ်လုံးထပ်ဖန်တီးလိုက်ပြီး ငါနဲ့ အိမ်နီးချင်းဖြစ်လာတယ်လေ ... ဒါပေမဲ့ ဘယ်သူက သူနဲ့ အိမ်နီးချင်း ဖြစ်ချင်လို့လဲ ... စစ်စစ် နင်မသိ ..."


လျန်ယုက မမျှော်လင့်ပဲ စကားအမျှင်မပြတ် ပြောတတ်သူ ဖြစ်နေခဲ့သည်။ သူမ နာရီဝက်ခန့် မရပ်မနား ပြောနေခဲ့သည်။ ယောင်စစ်၏ အပြုံးကို သတိထားမိသောအခါမှ ရပ်ပြီး မိန်းမောသွားသည်။ လင်းလုံ၏ သဘောထားကြီးမှုကို သူ နားမလည်ပေးနိုင်ခဲ့ပေ။


" တွေ့လား ... နင် လင်းလုံအကြောင်းတွေကို သိတာပဲ ..."


ပြီးတော့ စိတ်ထဲမှာ ဘယ်လိုမှမနေဘူးလို့ ပြောနေသေးတယ် ...