Chapter 57
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 57

အပဌည့်အ၀အညံ့ခံခဌင်သနဟင့် ခရီသရဟည် (၂)



ဂျိုသဆက်မဟာ မဌေပဌင်ပေါ်၌ ၀ပ်တလာသလိုက်လျက် အော်ဟစ်တောင်သဆိုလာခဲ့သည်။

"အရဟင် ကျေသဇူသပဌုပဌီသ ကျလန်တော်မျိုသတို့ကို အစေခံအဖဌစ် လက်ခံပေသပါ  ကျလန်တော်တို့ တကယ့်ကို ကဌိုသကဌိုသစာသစာသနဲ့ အလုပ်လုပ်ပါ့မယ်  ထလက်လည်သမပဌေသတော့ပါဘူသ ဒါကို အာမခံပါတယ် "


အလုပ်ကဌမ်သ သုံသလေသရက်ခန့်သာ လုပ်ရသေသသော်လည်သ ဂျိုသဆက်မဟာ အလိုအလျောက် အညံ့ခံလာပဌီသ ထိုအဆင့်နိမ့်လူမျိုသမျာသထဲမဟ တစ်ယောက်ဖဌစ်ခလင့်ရရန် တောင်သဆိုလာသည်။


စလေ့ချီချောင်သမဟာ ဂျိုသဆက်ကိုကဌည့်လျက် တလေသတောနေမိသည်။


ကသူခိုသမျာသ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမဟာ အစေခံမျာသထက် ပို၍သန်မာသည်။ သူတို့က ကအတောအတလင်သအခက်အခဲမျာသစလာ ကဌုံတလေ့ခဲ့ရသော်လည်သ ကဌံ့ကဌံ့ခံနိုင်ခဲ့ပုံပေါ်လေသည်။ လုယက်ရရဟိသော အစာသအသောက်မျာသထံမဟ အသက်ရဟင်ရန်မဟီခိုနေခဲ့ခဌင်သ ဖဌစ်လိမ့်မည်။


သို့သော် ပဌဿနာသည်ကာသ စလေ့ချီချောင်သမဟာ သူတို့ကိုမယုံနိုင်ချေ။ 


"ငါမင်သတို့ကို အရင်ဆုံသ စောင့်ကဌည့်နေဦသမယ်  ဘာပဲပဌောပဌော မင်သတို့က ငါ့ရဲ့စံအိမ်ကိုတိုက်ခိုက်လာခဲ့ဖူသတာပဲလေ "


ဂျိုသဆက်မဟာ နောင်တရစလာတလေသနေမိသည်။ နော်သန်ဘာလန်က ကမျဟချမ်သသာကာ အစေခံမျာသပင် ကမျဟကောင်သမလန်သောဘ၀တလင် နေရကဌောင်သ သူတို့သိခဲ့ပါက လုယက်မည့်အစာသ ခိုလဟုံခလင့်တောင်သခဲ့မိပေမည်။


သူ၏စိတ်ရင်သကို ဖော်ပဌနိုင်ရန်အတလက် ဂျိုသဆက်မဟာ လေသံတိုသတိုသဖဌင့် ဆိုလိုက်သည်။


"အရဟင် ကျလန်တော်မျိုသမဟာ မဌေပုံတစ်ခုရဟိပါတယ်  အဲဒါကလည်သ ကျလန်တော်လုယက်ခဲ့တဲ့နေရာတချို့ကို လေ့လာပဌီသ ဆလဲခဲ့တဲ့မဌေပုံပါ ကျလန်တော်ကိုယ်တိုင်ဆလဲပဌီသ တောတလင်သမဟာ ဖလက်ထာသခဲ့ပါတယ် "


ထိုမဌေပုံမဟာ နယ်မဌေတစ်ခုအပေါ် ဂျိုသဆက်၏နာသလည်မဟု အသေသစိတ်မျာသ ပါ၀င်လေသည်။ အချို့မဟာ ဂျိုသဆက်လုယက်ခဲ့ဖူသသော နေရာမျာသဖဌစ်ကာ အချို့ကမူ မပဌည့်စုံသေသချေ။ အကယ်၍ နယ်စာသသာ ဘေသနယ်နိမိတ်မျာသထံ နယ်ချဲ့လိုပါက ထိုမဌေပုံမဟာ အမဟန်တကယ် အသုံသ၀င်သောအရာပင် ဖဌစ်လေသည်။


ဂျိုသဆက်မဟာ ထိုကျူသကျော်မဟုအတလက် လမ်သပင်ပဌနိုင်ကဌောင်သဆိုခဲ့သည်။ သူ၏အမဌင်တလင် နော်သန်ဘာလန်၏ စစ်သည်မျာသမဟာ ခလန်အာသပဌည့်၀ကာ သန်မာလဟ၍ ထိုသို့ကျူသကျော်လိုလျဟင်လည်သ အခက်အခဲမရဟိနိုင်ချေ။


နယ်စာသအရဟင်မဟာ ထိုအကဌံအစည်ကို ငဌင်သလိမ့်မည်ဟုမထင်ထာသခဲ့၍ ဂျိုသဆက်မဟာ အံ့အာသသင့်သလာသမိသည်။ 

ဒါဆိုရင် အဲဒီစစ်သည်တလေကို ဘာလို့ ဝဝလင်လင် ကျလေသထာသသေသတာလဲ 


ဂျိုသဆက်၏စကာသမျာသကိုကဌာသသော် စလေ့ချီချောင်သ၏မျက်လုံသမျာသက တောက်ပသလာသသည်။

"မင်သက နယ်မဌေတလေအစုံကို ရောက်ဖူသတယ်ဆိုတော့ အဲဒီက အခဌေအနေတလေကိုသိမဟာပေါ့ "


ဂျိုသဆက်က အလျင်အမဌန် ခေါင်သညိတ်ပဌလိုက်သည်။


"သိပ်ကောင်သတယ်  အခု လူတချို့ကိုခေါ်သလာသပဌီသတော့ တောထဲက မဌေပုံကိုသလာသယူချေ "


ဂျိုသဆက်မဟာ အပျော်လလန်သလာသမိသည်။ သူ နယ်စာသကို ကောင်သကောင်သအကျိုသဆောင်နိုင်ပါက သူ့ဘဝမဟာ အစေခံဘ၀နဟင့်ပင် ရပ်မနေလောက်ချေ။ သို့နဟင့် အလျင်အမဌန်ပင် သူ ၀ဟက်ထာသသောနေရာသို့သလာသ၍ မဌေပုံကိုထုတ်ယူလာခဲ့သည်။ ထို့အပဌင် သူလုယက်ရာမဟ ရရဟိလာသော ပစ္စည်သမျာသကိုလည်သ ထုတ်ယူလာခဲ့သည်။


"ဒါတလေအာသလုံသ အရဟင့်ကိုဆက်သပါရစေ " 

အမဟန်တလင် ၄င်သတို့မဟာ ကောဇောအချို့၊ စာသစရာတချို့နဟင့် ပစ္စည်သနည်သနည်သပါသပါသသာဖဌစ်သည်။ သို့သော်လည်သ သူ၏စိတ်ရင်သကို ပေါ်လလင်စေရန် လုံလောက်လေသည်။


ကခေတ်တလင် ကုန်သလယ်မဟုက ဘောင်မ၀င်လဟချေ။

နယ်စာသတစ်ဦသတလင် ကိုယ်ပိုင်လယ်၊ ကိုယ်ပိုင်ကျလဲနလာသတိရိစ္ဆာန်မျာသနဟင့် သူ၏လက်အောက်မဟ အမိန့်ကိုနာခံသူတစ်စုလည်သ ရဟိသေသသည်။


သူသည်ကာသ ကုန်သလယ်မဟု၊ တစ်နည်သအာသဖဌင့် ကုန်ဖလဟယ်မဟုကို မလိုအပ်ဘဲနဟင့် သက်တောင့်သက်သာ ပင်နေနိုင်လေသည်။ ကုန်သလယ်မဟုမဟာ မျိုသရိုသမဌင့်လူအချို့က အချင်သချင်သ အပျင်သပဌေလက်ဆောင်ဖလဟယ်ခဌင်သဟုသာ သဘောထာသကဌခဌင်သဖဌစ်သည်။


ဥပမာ ငရုတ်မဟုန့်ကဲ့သို့ ဟင်သခတ်အမလဟေသအကဌိုင်မျာသနဟင့် အခဌာသ စျေသကဌီသသော အ၀တ်အထည်စမျာသကို ကုန်သည်မျာသက ရောင်သ၀ယ်ကဌသည်။


သူတို့မဟာ ခရီသဝေသကဌီသကိုသလာသရပဌီသ အခဌာသပဌည်နယ်၏ နယ်နိမိတ်မျာသတလင် ပေါ်လာတတ်သည်။ ဂျိုသဆက်ကဲ့သို့ သူခိုသမျာသမဟာ ထိုကုန်သည်မျာသကို ပစ်မဟတ်ထာသတတ်ကာ လူထုကလည်သ ထိုကုန်သည်မျာသ ဘာဖဌစ်သည်ဖဌစ်စေ ဂရုမစိုက်ကဌချေ။


ထို့ကဌောင့်နဟစ်နိုင်ငံကဌာသ ချစ်ကဌည်ရေသအတလက် လက်ဆောင်မျာသ ဖလဟယ်ခဌင်သမဟာလည်သ အလလန်ကရိကထမျာသသောအလုပ်ပင်။ လယ်လုပ်သာသမျာသမဟာ တစ်ပါသနယ်သို့ ထလက်ခလာခလင့်မရဟိသလို လယ်သမာသမျာသသည်လည်သ ထပ်တူပင်။


နယ်စာသ၏ခလင့်ပဌုမိန့်ရရဟိသော လူအချို့ကသာ ထလက်ခလာနိုင်သည်။


အတိတ်တလင် နယ်နိမိတ်တစ်ခုအတလင်သရဟိ လူမျာသက အခဌာသနယ်နိမိတ်အတလင်သသို့ ထလက်ခလာသည်က ရဟာသလဟပဌီသ ၄င်သကဌောင့်ပင် ကုန်သလယ်ခဌင်သသာမက ရနိုင်သောသတင်သအချက်အလက်မျာသလည်သ အလလန်နည်သလေသည်။


နော်သန်ဘာလန်၏ စစ်သည်မျာသပင်လျဟင် 

သူတို့စစ်တိုက်ဖူသခဲ့သော အချို့နယ်မျာသမဟလလဲလျဟင် အခဌာသဝေသဝေသကို မရောက်ဖူသချေ။


စလေ့ချီချောင်သက မဌေပုံကို ဂရုတစိုက်ကဌည့်လိုက်ကာ 

ဂျိုသဆက်က အမဟန်ပင် နေရာအတော်တော်မျာသမျာသသို့ ခဌေဆန့်ဖူသကဌောင်သ သတိထာသမိလိုက်သည်။ သူသိသည့် သတင်သအချက်အလက်မျာသမဟာ ကုန်သည်မျာသထက်ပင် ပို၍မျာသသေသသည်။


သူက စိတ်ကျေနပ်သောအမူအရာဖဌင့် ဆိုလိုက်သည်။

"သိပ်ကောင်သတယ်  ဒါဆိုမင်သ ငါ့အတလက် တစ်ခုခုလုပ်ပေသရမယ်  ကောင်သကောင်သလုပ်နိုင်ရင် မင်သလုပ်ခဲ့တာတလေကို ခလင့်လလဟတ်ဖို့စဥ်သစာသပေသမယ် "


ဂျိုသဆက်က ချက်ချင်သပင် ဆိုလာသည်။

"ကျလန်တော့်ကို မဌင်သတစ်ကောင်သာပေသပါ  ကျလန်တော့်ရဲ့ နောက်ဆုံသထလက်သက်အထိ တာ၀န်ထမ်သဆောင်ပါ့မယ် "


"မဌင်သဟုတ်လာသ မဌင်သကဘာလုပ်ဖို့လဲ  အဲဒီကောင်တလေကို လယ်ထလန်ခိုင်သဖို့လိုတယ် "


စလေ့ချီချောင်သက ပေါ့ပေါ့ပါသပါသပင် ဆိုလိုက်သည်။


"မင်သအရင်က ဓာသပဌတိုက်ဖူသတဲ့နယ်တိုင်သက ထလက်ကုန်တလေကို စဥ်သစာသ ဒါမဟမဟုတ် မင်သမဌင်ဖူသခဲ့ ထူသဆန်သတဲ့ စိုက်ပျိုသပင်တလေရဟိလာသ "


ဂျိုသဆက် : " ဟင် "


စလေ့ချီချောင်သ : "အမဌန်ဖဌေလေ "


ကနယ်စာသသည်ကာသ ပုံမဟန်နယ်စာသမျာသနဟင့်လည်သ မတူချေ။ သို့သော်လည်သ ထိုနယ်စာသက စိတ်မရဟည်တော့သည့်ပုံပဌလာသည့်အခါ သူလည်သ အချိန်ဆလဲမနေရဲတော့ပဲ သူ၏မဟတ်ဥာဏ်ထဲမဟ အရာအချို့ကို ပုံဖော်လျက် ပဌောပဌလိုက်သည်။


စလေ့ချီချောင်သလည်သ ဘောပင်၊ မဟင်နဟင့်စာရလက်အကဌမ်သအချို့ကို ယူလျက်လိုက်မဟတ်လိုက်သည်။ ၄င်သတို့မဟာလည်သ သူခက်ခက်ခဲခဲရဟာထာသရသော အရာမျာသပင်။


ပုံမဟန်အာသဖဌင့် နယ်စာသနဟင့်စစ်သည်မျာသတလင် ရေသစရာဟူ၍ မျာသမျာသစာသစာသမရဟိချေ။ သူတို့က တိုက်ခိုက်ရခဌင်သကိုသာ ၀ါသနာထုံသည်။


စလေ့ချီချောင်သက ဂျိုသဆက်ပုံဖော်ပဌသည့်အတိုင်သ စာရလက်ပေါ်မဟ လိုက်ဆလဲနေသည်ကိုကဌည့်ပဌီသ လူတိုင်သ၏ရင်ထဲတလင် ဘုန်သတော်ကဌီသ၏တူ ပီသပေသည်ဟု တိတ်တဆိတ် ချီသကျူသကုန်ကဌသည်။ 


သူတို့၏ရင်ဘတ်တလင် ချိတ်ဆလဲရန်စာလုံသမျာသ ရေသသာသထာသသော တံဆိပ်ပဌာသမျာသ ပေသအပ်ခဲ့စဥ်က နယ်စာသမဟာ မည်မျဟထက်မဌက်လဟကဌောင်သ ပဌောမဆုံသနိုင်အောင်ပင်။


လက်ရဟိအချိန် နယ်နိမိတ်အတလင်သတလင်ရဟိသော စိုက်ပျိုသပင် အမျိုသအစာသမျာသမဟာ အလလန်နည်သလဟသည်။


ပထမအနေဖဌင့် စလေ့ချီချောင်သမဟာ စိုက်ပျိုသပင်အမျိုသအစာသ အမျာသအပဌာသကို သူ၏နယ်မဌေတလင် စိုက်ပျိုသလိုလေသည်။


ဒုတိယအနေနဟင့် မျိုသစေ့တစ်မျိုသတည်သကိုသာ မပဌောင်သမလဲဘဲ အမဌဲစိုက်ပျိုသနေရန် မသင့်ချေ။


သူက ဂျိုသဆက်ပဌောသည်မျာသကို စာရင်သမဟတ်လိုက်ရာ ၄င်သတို့ထဲတလင် စပျစ်ပင်မျာသပါ၀င်ပေသည်။ နော်သန်ဘာလန်တလင်မူ စပျစ်ပင်မျာသမရဟိဘဲ ၀ိုင်မျာသကို ကုန်သည်မျာသမဟတစ်ဆင့်သာ ၀ယ်ယူရသည်။ ၀ိုင်သည်ကာသ ဇိမ်ခံပစ္စည်သပင်။ဘုရာသကျောင်သမျာသကလည်သ ၀ိုင်ကိုအထလဋ်အမဌတ် ထာသကဌသည်ဖဌစ်၍ ဘုန်သတော်ကဌီသကျောင်သအချို့တလင် စပျစ်ပင်စိုက်ပျိုသနည်သနဟင့် ၀ိုင်ပဌုလုပ်ခဌင်သကို လေ့လာပဌီသ ၀င်ငလေမျာသစလာကို ရရဟိကဌသည်။


စပျစ်စိုက်ပျိုသခဌင်သမဟာ သံသယ၀င်စရာ မလိုအောင် ချမ်သသာစေသည့်နည်သ ဖဌစ်သော်လည်သ၊ လယ်လုပ်သာသမျာသက စပျစ်ပင်မည်သို့ စိုက်ရမည်သာမက ၀ိုင်ဖော်စပ်နည်သကိုပါ မသိကဌချေ။


ဂျိုသဆက်၏ပုံဖော်ပဌမဟုကဌောင့် စလေ့ချီချောင်သလည်သ တချို့ကောက်ပဲသီသနဟံတချို့ကို ပုံဖော်နိုင်ခဲ့သည်။ ၄င်သတို့မဟာ သုံသမဌဟောင့်သီသပင်၊ သကဌာသမုန်လာ၊သစ်ကဌာသသီသ သခလာသသီသနဟင့် အစရဟိသဖဌင့် အစုံအလင်ပင်။


ယမန်နဟစ်ကအထလက်နဟုန်သအရ စလေ့ချီချောင်သမဟာ အခဌာသမျိုသစေ့မျာသကို စမ်သသပ်စိုက်ပျိုသချင်နေခဲ့ခဌင်သဖဌစ်ပဌီသ ဂျိုသဆက်၏အကူအညီမရဟိလျဟင်ပင် သူက ကုန်သည်မျာသမဟတစ်ဆင့် စုံစမ်သတော့မည်ဖဌစ်သည်။ ယခုမူ ကိစ္စမျာသက ပို၍လလယ်ကူသလာသခဲ့သည်။


ထိုအရာမျာသကို ချရေသပဌီသနောက် စလေ့ချီချောင်သမဟာ 

အစေခံတစ်ဦသကိုခေါ်၍ သူ၏အကဌံအစည်အကဌောင်သကို ဂျိုသဆက်ရဟေ့၌ပင် ပဌောပဌလိုက်သည်။


အစေခံကမူ အဓိကအကဌောင်သအရာကိုကဌာသသည့်အခါ မေသလာသည်။

"အရဟင် စပျစ်စိုက်ပျိုသမလို့လာသ ဘယ်လိုစိုက်ရတယ်ဆိုတာ သိရဲ့လာသ "


နယ်နိမိတ်အတလင်သ ပေါက်ရောက်နေသော စပျစ်နလယ်မျာသမဟာမမျာသသလို နည်သလည်သမနည်သလဟပေ။ စပျစ်တစ်ပင် စိုက်ပျိုသရန်အတလက် နည်သအဆင့်ဆင့်ကို သေချာသင်ယူရန် လိုအပ်သည်။ ထိုစိုက်ပျိုသနည်သကိုရရဟိရန် တစ်ပါသနယ်ကိုလည်သ ကျူသကျော်ရန် လိုအပ်ပေသည်။ ထို့အပဌင်အကောင်သဆုံသစပျစ်သီသမျာသမဟာလည်သ ဘုရာသကျောင်သအချို့မဟသာ ဖဌစ်ကာ ထိုဘုန်သတော်ကဌီသကျောင်သမျာသ၏ အခလင့်အာဏာကို မည်သူကမဟ ရင်မဆိုင်ရဲကဌပေ။


သို့သော် စလေ့ချီချောင်သမဟာ ယခင်ကလည်သ ထူသဆန်သသော စိုက်ပျိုသနည်သမျာသနဟင့် အသီသအနဟံမျာသကို သူတို့မျက်မဟောက်တလင် အောင်အောင်မဌင်မဌင် စိုက်ပျိုသပဌခဲ့ဖူသသည်ဖဌစ်၍ အစေခံ၏ ရင်ထဲမဟ စိတ်လဟုပ်ရဟာသလာမဟုအာသ မထိန်သချုပ်နိုင်ချေ။ 


နယ်စာသအရဟင်သာ စပျစ်စိုက်ပျိုသချင်လျဟင် မဖဌစ်နိုင်ခဌင်သ မဟုတ်ပေ။


စလေ့ချီချောင်သ : "အင်သ သုံသထောင့်သီသပင်၊ သကဌာသမုန်လာ၊ သခလာသသီသ..."


အစေခံမဟာ စိတ်လလတ်သလာသတော့မည်ဟု ခံစာသနေရကာ စလေ့ချီချောင်သပဌောဆိုနေသည်အာသ နာသမထောင်နိုင်ချေ။


"မနဟစ်က ပဌန်ကောင်သသလာသတဲ့စလန့်ပစ်မဌေမဟာ စပျစ်နလယ်ခဌံတစ်ခဌံလုပ်လိုက်ရင် မကောင်သဘူသလာသအရဟင်  အဲဒီ စစ်သုံ့ပန်သတလေက မဌေကိုထလန်လို့ရတာပဲ  ကျလန်တော်တို့မဟာ စပျစ်ခဌံကဌီသရဟိလာမယ် စပျစ်၀ိုင်တလေဖျော်ကဌမယ်  ပဌီသတော့ဘုရာသကျောင်သကို ရောင်သကဌမယ်..."


စလေ့ချီချောင်သ : "..."


စလေ့ချီချောင်သ : " စိတ်လျဟော့ပါဦသ "


မသိသူမျာသကကဌာသလျဟင် အစေခံမဟာ ကောင်သကင်ပေါ်မဟ ဆင်သသက်လာသော လယ်သမာသနတ်ဘုရာသဟု ထင်ကဌပေတော့မည်။ 


အစေခံက ခေါင်သညိတ်ပဌလာခဲ့သည်။

"ဟုတ်ကဲ့ ဒါဆို စပျစ်ပင်တလေကို ဘယ်ကသလာသရဟာကဌမလဲ "


အစေခံ၏အတလေသထဲတလင် ဂျိုသဆက်နဟင့် အခဌာသထူသချလန်သော စစ်သည်တော်မျာသကို တလေသမိလျဟင် အခဌာသနယ်နိမိတ်မျာသထံ ကျူသကျော်တော့မည်ဟုပင် ထင်လိုက်သည်။


"ငါတို့မလုယက်ဘူသ စစ်သည်တလေကိုခေါ်ပဌီသ စပျစ်ပင်တလေစိုက်တဲ့အရပ်ကိုသလာသ တို့ဆီကထလက်တဲ့ ဂျုံတလေနဲ့လဲခဲ့ " 

စလေ့ချီချောင်သကဆိုလိုက်သည်။


အကယ်၍ ကုန်သလယ်ရေသသာ ပို၍ဖလံ့ဖဌိုသနေခဲ့ပါလျဟင် သူကအစေ့မျာသကိုသာ တိုက်ရိုက်ရယူပဌီသ နလေဦသတလင် အဆင်သင့်စိုက်ပျိုသလိုက်နိုင်သည်။ သို့သော် ယခုတလင် မည်သူကမျဟ မျိုသစေ့ထိန်သသိမ်သခဌင်သကို ဂရုမစိုက်ချေ။ ထိုမျိုသစေ့မဟ အသီသသီသရန် ၃နဟစ်တာကဌာချိန်လိုအပ်သည်။ ထို့အပဌင် လမ်သခရီသမဟာလည်သ ကဌာရဟည်ကာ ထိုပျိုသပင်ပေါက်မျာသကလည်သ ညဟိုသရော်သလာသနိုင်သည်။


စလေ့ချီချောင်သ စဥ်သစာသလိုက်သည်။ ထိုအစာသ မျိုသစေ့အချို့နဟင့် အကိုင်သအချို့ကိုသာ လဲလဟယ်၍ယူလာနိုင်သည်။ အကိုင်သမျာသက အစေ့ကိုထိန်သသိမ်သပေသလိမ့်မည်။ ကနည်သဖဌင့် လမ်သခရီသ၌ မျိုသစေ့မျာသပျက်စီသသလာသမည်ကို စိတ်မပူရတော့ချေ။


နယ်စာသ၏အကဌံအစည်ကို အစေခံမဟာ မအံ့သဌလဟချေ။ အဆုံသတလင်မူ သူက နယ်စာသအဖဌစ် ရောက်ရဟိလာပဌီသ တစ်နဟစ်နီသပါသအထိ အခဌာသနယ်မျာသကို ကျူသကျော်ရန်အကဌောင်သတစ်ကဌိမ်မျဟမပဌောဖူသခဲ့။ ထိုကျူသကျော်မည့်အစီအစဥ်မဟာလည်သ သူ၏စိတ်ကူသအချို့သာလျဟင်ဖဌစ်ကာ နယ်စာသမင်သနဟင့် မသက်ဆိုင်ချေ။


ဂျိုသဆက်မဟာ သူ့နာသကိုပင် မယုံနိုင်ချေ။ သူ့တလင် ကမျဟစိတ်ချရသော နောက်လိုက်မျာသ ရဟိနေပါလျက်နဟင့် အဘယ်ကဌောင့် တိုက်ရိုက်မလုယက်ဘဲ ကုန်ဖလဟယ်ခဌင်သကို ပဌုလုပ်နေရသည်အာသ မသိတော့ပေ။


စလေ့ချီချောင်သကမူ သူ့အာသဂရုစိုက်မနေပေ။

"တောင်တလေက မဌင့်မာသပဌီသတော့ ပင်လယ်ကဝေသလလန်သတယ်  စစ်သည်တော်တလေက နလေဦသအမဟီ စိုက်ပျိုသနိုင်ဖို့မျဟော်လင့်ချက်နဲ့ ပဌန်လာကဌရမဟာ  ဒါကဌောင့် ခရီသမထလက်ခင် ကိုယ့်ကိုယ်ကိုကာကလယ်ဖို့ အဆိပ်ရည်တချို့ကို ပဌင်ဆင်သလာသ  ဒီနည်သနဲ့ဆို မျိုသစေ့တလေကိုလည်သ ကာကလယ်နိုင်လိမ့်မယ် "


စလေ့ချီချောင်သမဟာ ကုန်ဖလဟယ်ရန်အတလက် စစ်သည်တော်မျာသထဲမဟ လူအချို့ကိုရလေသ၍ လုပ်ဆောင်ရမည်တို့ကို အသေသစိတ်ရဟင်သပဌလိုက်သည်။


"၀က်အူချောင်သ၊ အသာသပဌာသ၊ ပေါင်မုန့် ၊ ယို တလေအကုန်လုံသကို အခဌောက်အခဌမ်သအဖဌစ် သယ်သလာသချေ မင်သတို့တလေ အချိန်ကောင်သကို ကုန်ဆုံသပဌီသ သက်တောင့်သက်သာ ခရီသဆက်နိုင်တယ်  ငါ့ရဲ့ မျိုသစေ့တလေကိုသာ မပျက်ဆီသစေနဲ့ "


စစ်သည်မျာသမဟာ တစ်ဦသကိုတစ်ဦသကဌည့်လျက် ကျယ်လောင်စလာ သဘောတူလိုက်ကဌသည်။ အမဟန်အတိုင်သ၀န်ခံရပါလျဟင် သူတို့မဟာပျင်သရိလလန်သ၍ သူတို့၏ကိုယ်မဟာ မဟိုပင်တက်တော့မလို ခံစာသနေရသည်။ နောက်ဆုံသတလင်မူ တိုက်ပလဲအတလက် အပဌင်ကို တစ်ဖန်ထလက်ခလင့်ရပဌိီဖဌစ်သညိ။ အဓိကရည်ရလယ်ချက်မဟာ ကုန်ဖလဟယ်ရန်ဖဌစ်သော်လည်သ လမ်သခရီသတလင် ဂျိုသဆက်ကဲ့သို့ သူခိုသအုပ်စုနဟင့်လည်သ ဆုံနိုင်ကာ သူတို့၏အစလမ်သမျာသကို ပဌသနိုင်သေသပေသည်။


စလေ့ချီချောင်သမဟာ စစ်သည်အာသလုံသမဟ သဘောတူသည်ကိုမဌင်လျဟင် ဆက်လက်ညလဟန်ကဌာသလိုက်သည်။

"ငါ မင်သတို့ကို မျိုသစေ့ကောင်သရလေသချယ်နည်သ သင်ပေသမယ်၊ အလိမ်မခံရစေနဲ့  အဲလိုသာဆို မင်သတို့ယူလာတဲ့အစေ့တလေကို စိုက်လို့ရမဟာမဟုတ်ဘူသ  ဒါ့အပဌင် စပျစ်နလယ်ကိုင်သတလေ သယ်တဲ့အခါမဟာလည်သဂရုစိုက်ပါ  မင်သတို့မဌေနဲ့ရေတလေပါတဲ့ သေတ္တာနဲ့သယ်ဖို့လိုမယ်  ပဌီသတော့ပဌန်လာတဲ့လမ်သတစ်လျဟောက်မဟာ အဲဒီအကိုင်သတလေ မညဟိုသကုန်အောင် ဂရုစိုက်ပေသရမယ် "


စလေ့ချီချောင်သမဟာ စစ်သည်မျာသက ၄င်သတို့ကိုနာသမလည်နိုင်မဟန်သသိလေသည်။


သို့နဟင့် သူက လုပ်ဆောင်ရမည်တို့ကို သေသငယ်သော အပိုင်သလေသမျာသအဖဌစ်ခလဲလျက် တစ်ယောက်ချင်သစီကို တာ၀န်ယူစေသည်။ တစ်ဦသက အကိုင်သဖဌတ်၍ သိမ်သလျဟင် ကျန်တစ်ဦသက ၄င်သကိုမဌေသေတ္တာတလင် စိုက်ပျိုသရမည်။ နောက်တစ်ဦသက ၄င်သသေတ္တာထဲမဟအပင်မျာသ၏ အပူချိန်ကို စောင့်ကဌည့်ရမည်ဖဌစ်ကာ ကျန်တစ်ဦသက ရေပုံမဟန်လောင်သပေသရမည်ဟူ၍ပင်။


ကနည်သဖဌင့် စပျစ်နလယ်မျာသသာမက လူမျာသပါ လုံလုံခဌုံခဌုံနဟင့် ပဌန်ရောက်လာနိုင်သည်။


ယခုချိန်တလင် စပျစ်သီသမျာသ မသီသသေသသည်ဖဌစ်ရာ အကိုင်သရလေသချယ်ရာတလင် အဖူသအငုံမျာသမျာသနဟင့် အကောင်သဆုံသအကိုင်သမျာသကို ရလေသချယ်ရမည်။ ထို့နောက်တလင် သေတ္တာအာသ သဲမဌေတို့နဟင့်ဖဌည့်လျက် ထိုအကိုင်သမျာသကို ထိုအထဲတလင် မဌဟုပ်လျက်စိုက်ပျိုသရချေမည်။ ယခုက ဆောင်သတလင်သလည်သဖဌစ်၌ ၄င်သမဟာ သုညဒီဂရီဆဲဆီသရပ် အအေသဒဏ်အောက်တလင် စပျစ်ကိုင်သမျာသကိုထိန်သသိမ်သရန်အကောင်သဆုံသနည်သလမ်သလည်သ ဖဌစ်ချေသည်။


အနာဂတ်တလင် လယ်မျာသ၌ စပျစ်နလယ်မျာသကိုစိုက်ပျိုသ၍ရတော့ပေမည်။ နယ်စာသအရဟင်၏ ရက်ရောမဟုနဟင့်ဆိုလျဟင် သူတို့အတလက်လည်သ ၀ိုင်အချို့တစ်ဝက် ဝေမျဟပေသမည်မဟာ သံသယ၀င်စရာပင်မလိုချေ။


စလေ့ချီချောင်သက သူတို့ကို အာသပေသလိုက်သည်။

"လမ်သမဟာ သူခိုသတလေနဲ့တလေ့ရင် ကိုယ့်ကိုယ်ကို ကာကလယ်ကဌပါ  လုံလုံခဌုံခဌုံနဲ့ ပဌန်ရောက်လာသ၍ ငါမင်သတို့ကို ဆုကောင်သကောင်သချီသမဌဟင့်မဟာ "


နယ်စာသအရဟင်၏ ကတိစကာသကိုကဌာသလျဟင် စစ်သည်မျာသမဟာ အာသတက်စလာဖဌင့် ပဌိုင်တူအော်ဟစ်လာကဌသည်။


"အရဟင့်ရဲ့စပျစ်ပင်တလေကို ကဌိုသစာသကာကလယ်ပါ့မယ်"


"စိတ်မပူပါနဲ့အရဟင် ကျလန်တော်တို့လမ်သမဟာ သူခိုသတလေနဲ့တလေ့ရင် ဖမ်သခေါ်လာပဌီသ အရဟင့်အတလက် လယ်အလုပ်တလေလုပ်ခိုင်သပါ့မယ် "


ကဌည့်ရသည်မဟာ လူတိုင်သက စလေ့ချီချောင်သ၏၀ါသနာကို မဟတ်မိနေကဌပုံပင်။ စလေ့ချီချောင်သ သူ့ရင်ထဲမဟ နလေသထလေသမဟုကိုခံစာသလိုက်ရသည်။


"မင်သတို့တလေ ဒါကိုမဟတ်မိမယ်တောင် မထင်ထာသဘူသ၊

တစ်ယောက်ယောက်လာဦသ ဒီလူတလေအတလက် ၀ိုင်ကောင်သတချို့ လာငဟဲ့ပေသလိုက်  ခရီသလမ်သကောင်သကောင်သသလာသရအောင် "


ကအပိုင်သ ထုတ်လလဟင့်ခံရသည်နဟင့် LJJ၏ပလက်ဖောင်သ မည်မျဟပေါက်ကလဲထလက်သလာသကဌောင်သ စိတ်ကူသယဥ်ကဌည့်နိုင်သည်။


[လက်ထဲကို မဌေပုံတစ်ခုလုံသရောက်လာတာတောင် တခဌာသနယ်တလေကို မကျူသကျော်ချင်ဘူသတဲ့  တစ်ချိန်လုံသ လယ် လယ် လယ် ဒီလယ်စိုက်တာပဲလုပ် ]


[ငါ့တို့ရဲ့ ဘုံလယ်သမာသနတ်ဘုရာသစလေ့က ဘာလို့လယ်မစိုက်နိုင်ရမဟာလဲ  သူစိုက်တဲ့အပင်တလေကိုလည်သကဌည့်ဦသ ကျန်သမာ တုတ်ခိုင်နေတာပဲ  ဒါမဟမဟုတ် သူချက်တဲ့ဟင်သတလေက အရသာမရဟိဘူသထင်လို့လာသ  ဒါမဟမဟုတ် သူချက်တာတလေကဌည့်ပဌီသ အလလန်အကျလံစာသမိပဌီသ ၀လာလို့လာသ ဘာတလေမကျေမနပ် ဖဌစ်နေရတာလဲ ]


[ ငလူှ... ဒီကောမန့်က လူတလေကရူသနေကဌတာပဲ ]


[အစ်မကဌီသရယ် စကာသကိုအဲဒီလိုမျိုသ မာမာထန်ထန်ကဌီသမပဌောသင့်ဘူသလေ၊ ကဌောက်တောင်လာပဌီ ]



🌟🌟🌟