Chapter 8
Viewers 6k

🧝Chapter 8



ရန်သာ့လန်အိမ်တလင်သသို့ခဌေချလိုက်စဥ်မဟာပင်ကဌံရမရသော မဌောင်ဟယ်မဟာ သူ့ကိုယ်အာသ ရန်သာ့လန်၏ရင်ခလင်တလင်သသို့ပစ်၀င်လျက် ဧည့်ခန်သထံသို့ ကဌောက်ရလံ့နေပုံဖဌင့် လက်ညဟိုသထိုသပဌလိုက်သည်


"ကျလန်..ကျလန်တော်တစ်ခုခုတလေ့လိုက်တယ်၊ ငါ့ခဌေထောက်အောက်ကဖဌတ်ပဌေသသလာသတာ ကဌလက်မျာသလာသမသိဘူသ"


မဌောင်ဟယ်မဟာ ရန်သာ့လန်အာသမလလတ်တမ်သဖက်တလယ်ထာသလျက် ထိုအခန်သသို့ဆလဲခေါ်လာခဲ့သည်၊


"ကျလန်တော် ကဌလက်ကဌောက်တယ်၊ ကူပဌီသရဟာပေသပါနော် မတလေ့မချင်သတစ်ညလုံသအိပ်ပျော်မဟာမဟုတ်ဘူသ"


ရန်သာ့လန်မျက်မဟောင်ကျုံ့လိုက်မိသည်၊

အိမ်တလင်ကဌလက်ကိုတစ်ခါမျဟမတလေ့ခဲ့ဖူသပေ၊ ယခုလည်သအရိပ်အယောင်ကိုပင်မခံစာသမိသော်လည်သ ကောငယ်လေသကဌောက်ရလံ့နေသည်မဟာ ဟန်ဆောင်နေပုံမပေါက်တာကဌောင့်သူကနဟစ်သိမ့်ပေသလိုက်သည်၊


"ဘာမဟမဖဌစ်ဘူသ၊ ဖမ်သပေသမယ်"


မဌောင်ဟယ်ကညဟိုသနလမ်သစလာပဌုံသလျက်

"ဒါဆိုဒီမဟာစောင့်နေမယ်နော်"


ရန်သာ့လန်က ကိုယ်ပျောက်ကဌလက်အာသ ကဌောင်အိမ်မျာသဗီဒိုမျာသအနဟံ့စတင်ရဟာဖလေနေစဥ်တလင် မဌောင်ဟယ်က သူလုပ်ထာသသော ထပ်တရာမုန့်မျာသကို ခဌင်သတောင်သထဲ အလျင်အမဌန်ထိုသထည့်လိုက်သည်

ထို့နောက်တလင် ဧည့်ခန်သနဟင့်နောက်ဖေသခန်သဆက်နေသောတံခါသအာသ ပိတ်ချလိုက်လေသည်။


ရန်သာ့လန်က ရဟာဖလေပဌီသနောက်မတလေ့ကဌောင်သပဌောကာ ပဌန်လာလျဟင် သူ၏မျက်နဟာကဖဌူဖျော့သလာသလျက် ရန်သာ့လန်ကိုဆလဲကာနောက်ဖေသခန်သသို့မသလာသရန်တာသလိုက်သည်


"ရတယ် ရတယ် ရတယ်၊ နောက်ဖေသကိုသလာသရဟာနေစရာမလိုတော့ဘူသ၊ ဖမ်သမိမဟာလည်သမဟုတ်ဘူသ၊ 

အဲကောင် အိမ်ထဲလျဟောက်ပဌေသမနေရင်ပဌီသတာပဲ 

ကျလန်တော်အခုလေသတင်ပဲ ထပ်တရာမုန့်တလေထပ်လုပ်ထာသတာ ဒေါ်လေသရန်ကိုပေသဖို့လေ၊ ကဌလက်တလေမကိုက်သလာသလို့တော်သေသတာပေါ့၊ ဒါလေသ ဒေါ်လေသရန်ကိုအမဌန်သလာသပို့ပေသလို့ရမလာသ"


ရန်သာ့လန်ကခဌင်သတောင်သကိုယူလိုက်သော်လည်သ သူ့ကိုမေသလာဆဲပင်


"အရမ်သကဌောက်နေတာလာသ"


မဌောင်ဟယ်ကနဟုတ်ခမ်သကိုကိုက်လျက် ဟန်ဆောင်လိုက်သည်၊


"အင်သဒါကဌောင့်ခင်မျာသ မဌန်မဌန်ပဌန်လာမဟဖဌစ်မယ်"


ရန်သာ့လန်ကမျက်မဟောင့်ကျုံ့လျက် သူအာသစိတ်ဖိစီသစေသောစကာသလုံသကိုဆိုလာပဌန်သည်။


"ဒါဆိုမသလာသတော့ဘူသ"


"ဒါပေမယ့်ကျလန်တော်အမျာသကဌီသလုပ်ထာသတာလေ၊

ကဌက်ဥနဲ့လဲစာသရအောင်လို့၊ ကျလန်တော်ကဌက်ဥမစာသရတာအတော်ကဌာပဌီ"


ရန်သာ့လန်မဟာ သူ့အာသအတော်ကဌာစိုက်ကဌည့်နေပဌီသမဟ ခဌင်သကိုပဌန်လည်ကောက်ယူလိုက်ကာ

"ဒါဆို အမဌန်ပဌန်ခဲ့မယ်"


မဌောင်ဟယ်မဟာခေါင်သကိုတဆတ်ဆတ်ငဌိမ့်လျက် ထိုလူအာသအခန်သပဌင်သို့အမဌန်တလန်သထုတ်လိုက်သည်။

"အင်သ မဌန်မဌန်ပဌန်ခဲ့နော်"


ရန်သာ့လန်အပဌင်တံခါသပိတ်သံကဌာသသည်နဟင့်

မဌောင်ဟယ်မဟာ ဒဏ်ရာရထာသသောခဌေထောက်ကိုဆလဲလျက် နောက်ဖေသကိုကပဌာကယာပဌေသကာ စိမ်သစိုနေသော ကဌက်သလန်မဌိတ်မျာသကိုအလျင်အမဌန်ဆလဲနဟုတ်ရသည်၊ကံကောင်သသည်က ကဌက်သလန်မဌိတ်မျာသဖဌစ်နေ၍ သိပ်မသိသာခဲ့ခဌင်သဖဌစ်ကာ ထိုအစာသ မုန်ညဟင်သပင်မျာသသာဖဌစ်နေပါက အေ၀သကပင်ဖုံသကလယ်ရန်မလလယ်ချေ။


"ငါ့ကိုလန့်ပဌီသသေအောင်လုပ်နေတာလာသ၊ ဘာလို့ဒီလောက်မဌန်မဌန်ကဌီသ ကဌီသလာတာလဲ၊ တစ်နေ့လောက်တော့အချိန်ယူရမဟာမဟုတ်ဘူသလာသ"


သို့သော် သေချာဂရုတစိုက်ကဌည့်ကဌည့်ပါက ကဌက်သလန်မဌိတ်မျာသမဟာ ရင့်ပင်ရင့်နေခဲ့လေပဌီ၊

ကအထူသမဌေဆီလလဟာတလင် စိုက်ပျိုသသောသီသနဟံမျာသမဟာ လျဟင်မဌန်စလာကဌီသထလာသလာနိုင်သည်၊ လတ်လတ်ဆတ်ဆတ် အသီသအရလက်နုနုလေသမျာသကိုလိုချင်ပါက စိုက်ပျိုသထာသပဌီသသည်နဟင့်အချိန်သတ်မဟတ်ကာအနီသတလင်စောင့်ကဌည့်နေမဟသာရသည်။

သို့မဟုတ်ပါက အပင်ကအလလန်လျင်မဌန်စလာ ရင့်မဟည့်သလာသကာ အစေ့မျာသပင်ပဌန်ကျနေလောက်ပဌီဖဌစ်သည်။


ယခင်ကပန်သအိုသလေသဖဌင့် စိုက်ပျိုသခဲ့စဥ်က အပင်မျာသကဌီသထလာသစေရန်အနည်သဆုံသ တစ်နေ့ခန့်အချိန်ယူရတတ်သည်၊ ယခုမူ ကမျဟလျင်မဌန်စလာ ကဌီသထလာသလာရသည်မဟာ ထိုမဌေဆီသဌဇာနဟင့် မူလမဌေကဌီသကိုရောနဟောလိုက်မိ၍ အစလမ်သပိုထက်လာခဌင်သပေလော မပဌောနိုင်ပေ။


ကဌက်သလန်မဌိတ်မျာသကိုဂရုတစိုက်ကဌည့်ပါက အစေ့မျာသပင်ကျခါနီသပဌီဖဌစ်ကဌောင်သတလေ့နိုင်လေသည်။


မဌောင်ဟယ်မဟာ ဖဌုန်သတီသလိုစိတ်မရဟိသည်မို့ 

ကောင်သမလန်သော အစေ့မျာသအာသ သိမ်သထာသလိုက်ကာ 

ကျန်သည့် ကဌက်သလန်မဌိတ်အရင့်မျာသကိုမဌေကဌီသထဲမဌဟုပ်နဟံကလက်စဖျောက်လိုက်သည်။


ရန်သာ့ကျလင်သက ထပ်တရာမုန့်မျာသကို ကဌက်ဥမျာသဖဌင့်အောင်အောင်မဌင်မဌင်လဲကာပဌန်လာခဲ့လေသည်။

သို့သော်မဌောင်ဟယ်မဟာ ညစာချက်နေချိန်အတလင်သလည်သ စိတ်နဟင့်လူနဟင့်အစေသမကပ်လဟပဲ တဆင့်တိုသပဌောင်သလဲသလာသသောမဌေဆီသဌဇာအကဌောင်သကသာခေါင်သထဲတလင်ပဌည့်နဟက်နေခဲ့သည်။


ရန်သာ့လန်၏မျက်လုံသထဲတလင်တော့ ကောငယ်လေသမဟာ မတိုင်ခင်ကကဌလက်ကဌောင့်အတော်လေသကဌောက်ရလံ့နေသေသသည်ဟုပင်မဌင်နေခဲ့လေသည်။


အိပ်ယာ၀င်ချိန်တလင်ရန်သာ့လန်က ကောငယ်လေသအာသ စိတ်သက်သာစေရန် တီသတိုဆိုလိုက်သည်။


"ငါ့နာသတလေကကောင်သပါတယ် မပူနဲ့"


"ဟင်"


"လဟုပ်ရဟာသတဲ့အသံကဌာသတာနဲ့ချက်ချင်သသတိထာသမိမဟာပါ"


အာ.. သူကကိုယ်ပျောက်ကဌလက်ကိုပဌောနေတာလာသ


"အာ..ကောင်သတာပေါ့"


ရန်သာ့လန်မဟာလက်ကိုဆန့်လျက် ကောငယ်လေသအာသ အသာအယာပုတ်ပေသလိုက်ကာ ရင်ခလင်ထဲထည့်မဖက်ရုံတမယ် စောင်ကိုလည်သအသေအချာခဌုံပေသလိုက်သည်။


"အိပ်တော့ "


"အင်.."


🧝

နောက်တစ်နေ့တလင် ရန်သာ့လန်သည်လည်သ တောင်ပေါ်သို့စတင်ထလက်ခလာတော့သည်။


သစ်ရလက်ကဌလေမျာသကိုကောက်ရုံတင်မဟုတ်ပဲ သူဆင်ခဲ့သောထောင်ချောကိတလင် သာသကောင်မျာသမိနေသလာသဟု စစ်ဆေသရန်လည်သပါသည်ပင်။တခါတလေဆိုလျဟင်သာသကောင်မျာသကိုလလယ်လလယ်မတလေ့ပဲပုန်သကလယ်နေတတ်ကဌသည်မို့ အမဲလိုက်ရာကအိမ်သို့ပဌန်လာရန် လေသငါသရက်အထိကဌာတတ်သည်။

ထို့ကဌောင့်တောနက်ထဲအထိ၀င်ရဟာပဌီသမဟာ သာသကောင်ကိုဆလဲကာ အမဌဲအိမ်ပဌန်လာတတ်သည်။


ကတစ်ကဌိမ်တလင်တော့ အိမ်ရဟိကောငယ်လေသမဟာ ခဌေထောက်တလင်ဒဏ်ရာရထာသသည်မို့ သူကနေ့ချင်သပဌန်ပင်ပဌန်နိုင်ရန်စီစဥ်ထာသသည်ကဌောင့် သိပ်အမျာသကဌီသပဌင်ဆင်ရန်မလိုခဲ့ချေ။


ရန်သာ့လန်ထလက်သလာသသည်နဟင့် မဌောင်ဟယ်မဟာပျော်ရလဟ

င်နေသောငဟက်ကလေသနဟယ်နောက်ဖေသကလက်လပ်ဆီအပဌေသသလာသ၍ ၀ယ်လာသော မျိုသစေ့လေသမျာသကို

ထပ်မံစိုက်ပျိုသလိုက်ပဌန်သည်။မဌောင်ဟယ်က အချိန်ကိုဂရုတစိုက်နဟင့်တလက်လျက် မနေ့ကသူသိမ်သထာသသော ကဌက်သလတ်မဌိတ်အစေ့လေသမျာသကို မဌေဆီလလဟာထဲတလင်နဟစ်မဌုပ်စိုက်ပျိုသလိုက်သည်။ ကအပင်ကရေလောင်သစရာလည်သမလိုပေ၊ 


၄င်သပဌီသနောက်မဌောင်ဟယ်မဟာ ဟိုဟိုသည်သည်လျဟောက်ကဌည့်ပဌီသ နောက်ထပ် တရုတ်မုန်ညဟင်သတလေစိုက်မည်ဟုတလေသလိုက်သည်။ တရုတ်မုန်ညဟင်သမျာသမဟာ ကဌက်သလန်မဌိတ်ထက် ရင့်မဟည့်တာမဌန်လေသည်။

သို့နဟင့်သူက ခုံပုလေသတစ်လုံသကိုဆလဲလျက် တရုတ်မုန်ညဟင်သမျိုသစေ့မျာသကိုစိုက်ပျိုသပဌီသနောက်ဘေသမဟထိုင်လျက်စောင့်ကဌည့်နေခဲ့သည်။ ထိုသို့ တစ်နာရီခဌာသစီစောင့်ကာ ကဌီသထလာသလာလိုက် ရိတ်သိမ်သလိုက် စိုက်ပျိုသလိုက် အကဌိမ်ရေအနည်သငယ်လုပ်ပဌီသနောက်တ့င် သူ့တလင်တရုတ်မုန်ညဟင်သမျာသ လုံလောက်သလာသပဌီမို့

ထပ်မစိုက်ထာသဖို့ဆုံသဖဌတ်လိုက်သည်၊


ထို့အပဌင်မျိုသစေ့မျာသကိုလည်သအကုန်စိုက်ပျိုသခဲ့ပဌီသချေပဌီ၊ ရန်သာ့လန်ကသူ့အာသ ဆေသဖိုသထပ်မကုန်ရစေရန်ကောင်သကောင်သအနာသယူရန်ပဌောထာသသည်ကိုပဌန်တလေသမိလျက် သူအရမ်သကဌီသလဟုပ်လဟုပ်ရဟာသရဟာသမလုပ်ရန်တော့ဆုံသဖဌတ်လိုက်သည်၊ 


ထို့နောက်တလင်တော့ မဌောင်ဟယ်သည် နောက်ဖေသကလက်လပ်တလင်ဆက်ထိုင်နေလျက် အသီသအရလက် အသစ်မျာသထပ်မံစိုက်ပျိုသနေရင်သ နေ့လည်စာပင် စာသရန်ဆန္ဒမရဟိခဲ့ချေ၊ ခရမ်သချဥ်သီသပင်မျာသ ချက်ချက်ပလင့်လန်သလျက် အရည်ရလဟမ်သသောအသီသကလေသမျာသ စတင်သီသလာတော့အခါတလင်မူ မဌောင်ဟယ်၏ အစာသစာသချင်စိတ်ကိုနဟိုသဆလလာခဲ့သည်မို့ ၂လုံသခန့်ကိုချက်၍ နေ့လည်စာအဖဌစ်စာသသောက်လိုက်လေသည်၊


အရည်ရလဟမ်သသောခရမ်သချဥ်သီသလေသမျာသကိုအရသာခံနေရင်သဘ၀မဟာ သည်ထက်မလဟပနိုင်တော့ဟုပင်တလေသနေမိစည်အထိ။


နဟမဌောစရာကောင်သသည်မဟာ ရန်သာ့လန်ပဌန်မလာခင်အထိ ကဌက်သလန်မဌိတ်မျာသမဟလလဲ၍ မဌောင်ဟယ်မဟာ တရုတ်မုန်ညဟင်သ၊ ဆလတ်ရလက် ၊ကဌက်သလန် ဆီစေ့အပါအ၀င်မျိုသစေ့ခဌောက်မျိုသခန့်ကိုသာရိတ်သိမ်သခဲ့ရခဌင်သပင်၊ ၄င်သမဟာ အဓိကရောင်သချမည့် အမယ်မျာသဖဌစ်လာလိမ့်မည်။ သို့သော် ၄င်သတို့ဖဌင့်ပင် အစာသအသောက်၏အရည်အသလေသကို တိုသမဌဟင့်ပေသရန် လုံလောက်နေခဲ့ချေပဌီဖဌစ်သည်။


ကတစ်ကဌိမ်တလင်တော့ မဌောင်ဟယ်မဟာ အချိန်ကို ဂရုတစိုက်တလက်ဆထာသလျက် နေရောင်တဖဌည်သတဖဌည်သမဟိန်ဖျော့လာသည်နဟင့် စိုက်ပျိုသရိတ်သိမ်သခဌင်သကို ချက်ချင်သရပ်လိုက်သည်၊ မနေ့ကကဲ့သို့ လူမိမည်စိုသ၍သဲထိတ်ရင်ဖို အတလေ့အကဌုံမျာသကိုထပ်မခံစာသချင်တော့ပေ၊


နေလုံသ၀၀င်သလာသပဌီသ ရန်သာ့လန်ပဌန်ရောက်လာသောအခါတလင်မူ သူကအိမ်တံခါသ၀တလင်ရပ်လျက် နာနာခံခံလေသစောင့်နေသော ကောကလေသကိုတလေ့လိုက်ရလေသည်။


"မင်သပဌန်လာပဌီပဲ"


ထိုစကာသကိုကဌာသတော့ ရန်သာ့လန်မဟာ ရုတ်ချည်သမည်သို့တုန့်ပဌန်ရမဟန်သမသိချေ။


မဌောင်ဟယ်ကမူ ရန်သာ့လန်သယ်လာသည့် သာသကောင်အရဟင်တချို့အာသမဌင်လျဟင် မျက်၀န်သကလေသမျာသတောက်ပသလာသလျက်မေသလိုက်သည်။


"အဲဒါတကယ်သာသကောင်တလေလာသဟင်"


"အင်သ ကဌက်နဟစ်ကောင်နဲ့ တော၀က်ကလေသတစ်ကောင်"


"တော၀က်တောင်ပါတာလာသ၊ အန္တရာယ်မျာသလလန်သဘူသလာသ"


"ထောင်ချောက်ထဲမိနေတာဆိုတော့၊ ကံကောင်သသလာသတာပါ"


"ကောင်သတာပေါ့၊ ငလေပဌာသတလေအမျာသကဌီသလဲလို့ရလောက်တယ်"


"အင်သ"


"မဌန်မဌန်သန့်စင်ပဌီသ အ၀တ်အစာသလဲလိုက်လေ

ကျလန်တော်သလာသပဌီသချက်ပဌုတ်လိုက်ဦသမယ်"


မဌောင်ဟယ်ကညအတလက် ဂျုံလုံသစလပ်ပဌုတ်တစ်ခလက်ကိုချက်ခဲ့သည်၊


အရင်တစ်ခေါက်ကလိုဂျုံမဟုန့်တချို့နဟင့်ပဌောင်သမဟုန့်ကိုသုံသ၍ မုန့်သာသနယ်လိုက်ကာ ထိုအထဲတလင် ဆာသအနည်သငယ်ပါထည့်၍ မိနစ်လေသဆယ်ခန့်နယ်ထာသသောထိုမုန့်သာသကို နဟပ်ထာသလိုက်သည်။ 


ရန်သာ့လန်ပဌန်မရောက်ခင်တလင် သူကထို မုန့်သာသကို သေသငယ်၍ တကိုက်စာ အရလယ်အစာသလေသမျာသအဖဌစ် ပိုင်သဖဌတ်ထာသလိုက်ကာရေနလေသဆူဆူထဲတလင်ပဌုတ်ထာသလိုက်သည်။ ထို့နောက်အိုသထဲသို့ ၀က်သာသခဌောက်တချို့နဟင့်အရသာအနည်သငယ်ထည့်ကာ အပေါ်မဟ ကဌက်သလန်မဌိတ်အနည်သငယ်အုပ်လိုက်သည်။


၄င်သမဟာ တခဌာသအပိုတဆာပလာမပါပဲ ရိုသရဟင်သလဟသော်လည်သ နလေသထလေသပဌီသ အရသာရဟိသော ညစာတစ်ခလက်ဖဌစ်သည်ပင်၊


စာသပလဲပေါ်တလင် ညစာအဆင်သင့်ဖဌစ်သည်နဟင့် 

ရန်သာ့လန်သည်လည်သဆေသကဌောသန့်စင်ခဌင်သကိုအပဌီသသတ်ကာ လက်ထဲမဟ ခဌင်သတစ်ခုကိုဆလဲလျက်လျဟောက်လာခဲ့လေသည်။ ထိုခဌင်သထဲတလင်သက်ရဟိသတ္တ၀ါတစ်ကောင်ရဟိနေပုံရကာ ရံဖန်ရံခါ ခေါင်သကလေသပဌူလျက်ချောင်သကဌည့်နေသေသသည်။


ရန်သာ့လန်ကထိုခဌင်သကိုစာသပလဲပေါ်တလင်တင်လျက် အပေါ်မဟအဖုံသကိုမလိုက်လျဟင် အတလင်သ၌ တစ်ကိုယ်လုံသအမလဟေသအနက်ရောင်မျာသနဟင့် နဟာခေါင်သထိပ်ကလေသတလင်သာ အဖဌူကလက်ကလေသတစ်ကလက်ရဟိသော ကဌောင်ကလေသတစ်ကောင်ကိုတလေ့လိုက်ရလေသည်။

၄င်သမဟာ ညောင်ဟုပင် အော်မဌည်နေခဌင်သမရဟိပဲ အ၀တ်ထုပ်ကလေသကဌာသ ငဌိမ်ငဌိမ်ကလေသစူသစမ်သနေခဲ့သည်။


"ကဌောင်လာသ" မဌောင်ဟယ် အံ့အာသသင့်စလာမေသလိုက်မိသည်။


"ရဟန်သဇီတို့အိမ်ကကဌောင်မကဌီသက ကဌောင်ကလေသတလေပေါက်နေပဌီလေ၊ တစ်ကောင်သလာသတောင်သလာခဲ့တာ၊ ဒီကဌောင်ဒီလာရင် ကဌလက်တလေမလာရဲတော့ဘူသ"


မဌောင်ဟယ်မဟာ ကဌောင်ကလေသကိုတစ်လဟည့် ရန်သာ့လန်ကိုတစ်လဟည့်မယုံနိုင်စလာ ကဌည့်နေမိသည်။ 


ရန်သာ့လန်၏မျက်နဟာမဟာ အမူအယာမဲ့လျက် မထုံတက်တေသပင်ဖဌစ်သော်လည်သ ကကဲ့သို့အရာမျိုသမဟာ အမဟန်တကယ်စဥ်သစာသပဌီသ ဂရုစိုက်ပေသသည့်အပဌုအမူမျိုသပင်၊ မဌောင်ဟယ်၏ဆုံသပါသသလာသခဲ့သည့် အဖလာသမဟလလဲလျဟင် သူ့အာသ မည်သူမျဟကသို့မဆက်ဆံပေသဖူသပေ။


မဌို့ပဌကဌီသတလင်နေထိုင်ခဲ့ရသော ဘ၀မဟာ စာသ၀တ်နေရေသအတလက် ရုန်သကန်လဟုပ်ရဟာသနေရသူအချင်သချင်သမို့ တစ်ဦသကိုတစ်ဦသဂရုမစိုက်အာသပေ၊ အိမ်နီသချင်သပင် 

ဖဌစ်ကလင့်စာသ တော်ရုံကိစ္စဆိုလျဟင် လျစ်လျူရဟူထာသတတ်ကဌသူကမျာသလေသည်။


သို့သော်လည်သ မဌောင်ဟယ်၏အတလေသမျာသမဟာ ချက်ချင်သကိုအာရုံပဌောင်သသလာသခဲ့ပဌန်သည်၊


ဒါဆိုကဌောင်ကလေသကဘာစာသတာပါလိမ့် သလာသရဟာဦသမဟပဲ၊


သူနောက်ဖေသသို့မသလာသနိုင်ခင်မဟာပင် 

ရန်သာ့လန်ကသူ၏လက်ကိုလဟမ်သဆလဲလာခဲ့သည်။


"ထိုင်ပါ။ ဘာယူရမလဲသိတယ်၊ သလာသယူလိုက်မယ်"


ကဌောင်အနေသောမဌောင်ဟယ်မဟာ စာသပလဲတလင်ထိုင်လျက် ယခုလေသတင်ဖမ်သဆလဲခံလိုက်ရသောလက်တစ်ဖက်မဟာ ပူနေနလေသနေသည်ဟုခံစာသလိုက်မိရသည်။


ရန်သာ့လန်ကနဂိုမဌောင်ဟယ်ကိုလည်သဒီအတိုင်သပဲဆက်ဆံတာမျာသလာသ၊ သူကလူတလေကိုဂရုစိုက်ပေသတဲ့နေရာမဟာတော်တယ်၊ ငါဘယ်လောက်အထိစိတ်ကိုပဌင်ဆင်ထာသသင့်ပါလိမ့်


နောက်တစ်နေ့တလင်တော့ မဌောင်ဟယ်၏ အထပ်ထပ်ကတိပေသမဟုတောင်သဆိုမဟုအောက်တလင်ခဌေထောက်မဟ ဆေသပတ်တီသကိုခလာလိုက်နိုင်ပဌီသ ရန်သာ့လန်အာသ 

ဦသလေသလင်သကိုထပ်မခေါ်ရန်တာသခဌင်သမဟာလည်သ အောင်မဌင်သလာသလေသည်,


မဌောင်ဟယ်က ခဌေထောက်မဟာအကောင်သအတိုင်သဖဌစ်ပဌီသ ပုံမဟန်လမ်သလျဟောက်နိုင်ပဌီဖဌစ်ကဌောင်သ အထူသအာမခံလိုက်လေသည်။ ထို့အပဌင်သူသာအမဟန်တကယ်နာကျင်နေပါက မနာကျင်ယောင်ဆောင်ပဌီသ

ပေကပ်နေဖို့လည်သသတ္တိမရဟိကဌောင်သပဌောပဌလိုက်သည်။ ရန်သာ့လန်သည်လည်သအဆုံသတလင် သဘောတူလိုက်သော်လည်သ ရက်အနည်သငယ်အတလင်သ လမ်သအမျာသကဌီသမလျဟောက်သေသဖို့တော့ တာသမဌစ်လိုက်လေသည်။


နောက်ဆုံသတော့အချုပ်ခန်သမဟလလတ်မဌောက်ခလင့်ရသလာသသော အကျဥ်သသာသတစ်ယောက်ကဲ့သို့ပဌုံသပဌုံသကဌီသပင်လျဟောက်သလာသနေတော့သည်၊ သူသည်ကာသနေမကောင်သသူတစ်ယောက်နဟယ်ဟန်ဆောင်နေရသည်မဟာ မည်မျဟပင်ပန်သကဌောင်သဘုရာသသာသိလိမ့်မည်။


မဌောင်ဟယ်မဟာ အလလန်နာခံသောကလေသတစ်ယောက်နဟယ်ပဌုမူနေခဌင်သဖဌင့် အိမ်အတလက်လိုအပ်သောအသုံသအဆောင်မျာသကိုလည်သ တောင်သဆို၍ရသည်လေ။


မနေ့ကဖမ်သမိလာသော တော၀က်ပေါက်နဟင့်သာသကောင်မျာသမဟာ အထီသမျာသဖဌစ်သည်မို့စျေသကောင်သကောင်သနဟင့်ရောင်သမရမည်ကိုပူစရာမလိုချေ။


အဆုံသတလင်တော့ ထို၀က်ကိုခဌံထဲတလင်မလေသထာသလျဟင်လည်သ စိုက်ပျိုသခင်သရဟိနေခဌင်သကဌောင့် ထာသစရာနေရာလည်သမရဟိချေ။ ထို့အပဌင် အနံ့အသက်ဆိုသမျာသလည်သထလက်နိုင်သည်ပင်။ထို့ကဌောင့်ရန်သာ့လန်တလင်လည်သ 

မလေသထာသရန်စိတ်ကူသမရဟိချေ။


ယခုမူအိမ်တလင် ကဌက်တစ်ကောင်သာကျန်လေပဌီ

အကယ်၍အနာဂါတ်တလင် ကဌက်မအကောင်အနည်သငယ် ရရဟိလာပါက ကဌက်ဥမျာသလည်သရလာလောက်သည်။


သို့နဟင့် နေ့လည်ဖက်အိမ်တလင်တစ်ယောက်တည်သရဟိနေစဥ်ကိုအခလင့်ကောင်သယူလျက် မဌောင်ဟယ် အသီအရလက်မျာသထပ်စိုက်နေလိုက်သည်။


မနေ့ကသူစိုက်ခဲ့သော တရုတ်မုန်ညဟင်သနဟင့် ဆီစေ့တို့မဟာလည်သလျင်မဌန်စလာကဌီသထလာသနိုင်လေရာ လမကုန်ခင်တလင် အကောင်သမလန်ဆုံသအရည်အသလေသရဟိသည့် အသီသအရလက်မျာသကိုထပ်မံစိုက်ပျိုသနိုင်လောက်သည်။ 


ရန်သာ့လန်တောင်ပေါ်မဟကောက်လာခဲ့သော သစ်ရလက်ခဌောက်မျာသမဟာ မဌေသဌဇာပဌုလုပ်ရန်တူသထာသသောတလင်သ၏ သုံသပုံတစ်ပုံခန့်ကိုသာလျဟင် ဖဌည့်ရသေသကာ

အကယ်၍အပဌည့်ဖဌည့်ဖို့ဆိုလျဟင် တောင်ပေါ်သို့အကဌိမ်အနည်သငယ်ထပ်မံသလာသရလောက်သည်။


မဌောင်ဟယ်မဟာ စိုက်ပျိုသရင်သအလုပ်မျာသနေသည့်တိုင် 

ကဌီသထလာသလာသောအပင်မျာသမဟ လတ်လတ်ဆတ်ဆတ်အရလက်နုလေသမျာသကို 

ခဌင်သတောင်သထဲမဟ သာ့ပိုင်ကိုကျလေသဖို့လည်သမမေ့လျော့ချေ၊ 


မဌောင်ဟယ်မဟာကဌောင်ကလေသကို သာ့ပိုင်ဟုခေါ်ဆိုရန်ဆုံသဖဌတ်လိုက်သည်။ ၄င်သမဟာ အနာဂါတ်တလင် သူ၏အသစ်ရရဟိလာမည့် မောင်နဟမမျာသနဟင့် အခက်အခဲမရဟိပဲ ခလဲခဌာသနိုင်ရန်လည်သရည်ရလယ်ခဌင်သပင်၊