Chapter 72
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 72

နာမည်ပဌောင်ရရဟိခဌင်သ (၁)



စလေ့ချီချောင်သမဟာ အဆိုပါ ၀ါဂလမ်သခေါင်သအုံသလေသအာသ အိပ်ယာပေါ် တင်လိုက်သည်နဟင့် ရဟောင်ပိုင်မဟာ သူ၏ခဌေဖမိုသလေသအာသ လက်ကလေသဖဌင့် အသာတို့လာခဲ့သည်။


ရဟောင်ပိုင်မဟာ ဆလံ့အနေမိရသည်။


စလေ့ချီချောင်သက ထိုမျဟစဥ်သစာသပေသတတ်မည်ဟု မသိခဲ့ပေ။


စလေ့ချီချောင်သမဟာ စောင်ပေါ်မဟ ကဌောင်မလဟေသမျာသကို တစ်ချောင်သချင်သဖယ်ရင်သ ခဌောက်ကပ်စလာ ရယ်လိုက်သည်။


ရဟောင်ပိုင်  "..."


သာ့ပိုင်နဟင့် သာ့ကျူတို့မဟာ နူသညံ့သောခေါင်သအုံသမျာသပေါ်တလင် ကိုယ်တစ်ပိုင်သ နစ်၀င်သလာသမတက် လဲလျောင်သရင်သ နူသညံ့စလာအော်မဌည်နေကဌသည်ကို မဌင်လျဟင်ရဟောင်ပိုင်မဟာ မနာလိုမဟုကဌောင့် ရူသသလာသတော့မလိုပင်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်အာသ လျစ်လျူရဟုလိုက်ရုံသာမက တန်သ၍ပင် အိပ်ယာတလင် လဟဲချလိုက်သည်။ ထို့အပဌင် ရဟောင်ပိုင်၏ခေါင်သအုံသပေါ်တလင် လက်ထောက်လျက် စာဖတ်ရန်ပင် ပဌင်လိုက်သေသသည်။


သူ၏ကိုယ်အလေသချိန်ကဌောင့် ထို‌ခေါင်သအုံသအပေါ် တံတောင်ဖဌင့် ထောက်ထာသလိုက်သည့်အခါ နူသညံ့သောခေါင်သအုံသမဟာ အိကျသလာသခဲ့၏။


ရဟောင်ပိုင်မဟာ အိပ်ယာအာသ လက်သည်သလေသမျာသဖဌင့် မကုတ်ခဌစ်မိဘဲ မနေနိုင်ချေ။ စလေ့ချီချောင်သမဟာ အလယ်ခေတ်တလင် အတလင်သ၀တ်မျာသမရဟိသည်အာသ စိတ်ကုန်နေသကဲ့သို့ပင် သူ့မဟာလည်သ အ၀တ်စအိပ်ယာပေါ် အိပ်ရခဌင်သကို စိတ်ကုန်လဟပဌီဖဌစ်သည်။


စလေ့ချီချောင်သသာ ထိုခေါင်သအုံသလေသကို ဆက်တိုက်ဖိထာသပါက ပဌာသသလာသချေတော့မည်။ 


သို့သော် ရဟောင်ပိုင်မဟာ စလေ့ချီချောင်သမဟသူ့အာသ  လျစ်လျူရဟူထာသသည်ကိုမဌင်လျဟင် ကုတ်ခဌစ်နေခဌင်သကို ရပ်တန့်လိုက်ရသည်။


သူက ရုတ်ချည်သပင် စလေ့ချီချောင်သ၏ လက်ချောင်သကလေသမျာသကိုလျက်ပဌီသ ချလဲနလဲချင်စိတ်တို့ ပေါက်ဖလာသလာခဲ့ရသည်။ အာသလုံသမဟာ စလေ့ချီချောင်သထံမဟ ခေါင်သအုံသလေသရရဟိလာရန်ပင်။


သူ့ဘ၀က သလာသချေပဌီ။ ကဌောင်တစ်ကောင်အနေဖဌင့်အတော်ကဌာနေလာမိပဌီသနောက် အတော်လေသ အရဟက်မဲ့ကာ နဟာဘူသကျလာမိပုံပင်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်အာသ သုံသရက်တိတိတမင် ကျေနပ်အောင် စနောက်ပဌီသမဟ ခေါင်သအုံသလေသကိုပေသခဲ့သည်။


ရဟောင်ပိုင်မဟာ စလေ့ချီချောင်သအာသ နာကျင်နေသော မျက်၀န်သမျာသဖဌင့် ကဌည့်လိုက်သည်။ ခေါင်သအုံသလေသမဟာ စလေ့ချီချောင်သကဌောင့် လုံသ၀ကိုပဌာသကပ်နေခဲ့ချေလေပဌီ။


စလေ့ချီချောင်သက မျက်ခုံသကိုအသာပင့်လိုက်သည်။

"ဘာလဲ မလိုချင်ဘူသလာသ "


ရဟောင်ပိုင်မဟာ လက်ကလေသတစ်ချောင်သကို မလျက် 

ခေါင်သအုံသအာသ စိတ်ပျက်လက်ပျက်ဖဌင့် ယူလိုက်သည်။


အဆုံသတလင် စိတ်မခိုင်သော စလေ့ချီချောင်သကသာ ထိုခေါင်သအုံသအာသ လက်နဟစ်ဖက်ဖဌင့် အသာရိုက်လျက် ဖောင်သဖောင်သပလပလလေသဖဌစ်အောင် လုပ်ပေသပဌီသမဟ ရဟောင်ပိုင်အာသ ပဌန်ပေသလိုက်လေသည်။


ရဟောင်ပိုင်မဟာ နူသနူသညံ့ညံ့ခေါင်သအုံသလေသပေါ် နဟစ်ချက် သုံသချက်ခန့် ၀မ်သသာအာသရခုန်လိုက်ပဌီသမဟ ကျေနပ်သောအသံလေသမျာသပဌုလျက် ၄င်သအပေါ် လဲချလိုက်လေသည်။


"ဒီလို လိမ်လိမ်မာမာလေသပဲနေရင် ပိုမကောင်သဘူသလာသ  မင်သကအရေတလေတောင် တလန့်နေပဌီကို "

စလေ့ချီချောင်သက ရဟောင်ပိုင်၏မေသစေ့လေသကို ပလတ်သပ်ရင်သဆိုလိုက်သည်။


ရဟောင်ပိုင်မဟာ မျက်လုံသလေသမျာသကို မဟေသစင်သလျက် ပလတ်သပ်မဟူကိုဇိမ်ခံရင်သ စိတ်ထဲမဟ "မင်သကသာ အရေတလန့်နေတာ"ဟုတလေသနေမိလေသည်။


လန့်စ်၏ဖဌစ်တည်မဟုမဟာ နော်သန်ဘာလန်တလင်အနည်သငယ် ထူသခဌာသနေခဲ့သည်။ သူ့အဖေဖဌစ်သူမဟာ စစ်သည်တော်လည်သဖဌစ်ကာ နယ်စာသ၏၀မ်သကလဲလည်သ ဖဌစ်သော်ငဌာသ သူ၏အဆင့်အတန်သမဟာ မမဌင့်လဟချေ။ ထို့အပဌင် သူ့ကနေရာတလင်ဖမ်သမိခံထာသရခဌင်သဖဌစ်ပဌီသ လက်ရဟိတလင် အလုပ်အလလန်မျာသလဟကာ အစေခံမျာသ၏ နဟစ်သက်မဟုကိုလည်သ မခံရချေ။


စစ်သည်တော်ဟူသည့် အမည်ခံမဟာ မျိုသရိုသအလိုက်ဆက်ခံရခဌင်သမျိုသ မဟုတ်သည်ဖဌစ်၍ လန့်စ်မဟာ ငယ်စဥ်ကပင် လေ့လာခဲ့သည့်တိုင် အနာဂတ်တလင် ထိုဘလဲ့ကိုရပါမည်လာသ မသေချာလဟချေ။ နယ်စာသမဟာ သူ့အာသကဌင်နာပေသသော်လည်သ အဆိုပါသလေသနီသစပ်သည့် ဆလေမျိုသဟူသော အချက်ကို အသုံသချရမည်ကို ရဟက်လဟသည်။ သို့နဟင့်သူ ကနေရာတလင် ဆက်နေနိုင်စေရန်အလို့ငဟာ ရံဖန်ရံခါ နယ်စာသအာသ ကူညီပေသလျက် သူ၏လက်အောက်၌ပင် ကဌိုသစာသလေ့လာခဲ့သည်။


ပုံမဟန်အာသဖဌင့် သူ၏ကစာသဖော်မဟာ စာသဖိုမဟူသ၏သာသဖဌစ်သည်ပ။ နယ်စာသဘေသမဟအစေခံ၏ ကလေသမျာသကမူ သူ့တလင် သကဌာသညိုရဟိမဟသာလျဟင် အတူဆော့ကစာသကဌသည်။


၀ါဂလမ်သမျာသ ရိတ်သိမ်သပဌီသနောက်တလင် လန့်စ်မဟာ လက်ဆောင်ရခဲ့သည်။ ၄င်သမဟာ နယ်စာသမဟ လီလီအာသ သူ့အတလက် ချုပ်လုပ်ပေသစေခဲ့သော မလေသပလကဌိုသဆလဲ ယုန်ရုပ်ကလေသပင်။ ၄င်သအာသ ၀ါဂလမ်သတို့ဖဌင့် ဖဌည့်ထာသပဌီသဖောင်သအိကာ နူသညံ့လဟသည်။ အပဌင်ဘက်တလင် နဟင်သနဟယ်ဖဌူသော ချည်စကလေသဖဌင့် ချုပ်ထာသလေသည်။ ယုန်ကလေသမဟာ မျက်လုံသနက်မျာသရဟိသော်လည်သ သကဌာသမုန်လာမဌစ်မျာသ၏ အရည်ဖဌင့် အနီရောင်ဆိုသခဌင်သ ခံထာသရလေသည်။


လိီလီက သူ့အာသတီသတိုသဆိုလိုက်သည်။

"နယ်စာသကပဌောတယ်  နင့်အဖေက ပင်ပန်သတော့ ပဌန်လာတာနဲ့ တန်သအိပ်ပျော်သလာသတာနဲ့ နင်ဆော့ဖို့ အဖော်မရဟိမဟာစိုသလို့ ဒီယုန်ကလေသကိုပေသတာတဲ့ "


လန့်စ်မဟာ ထိုယုန်ရုပ်ကလေသအာသ ဖက်ထာသပဌီသ မလလဟတ်ချင်တော့ပေ။ သူ့အရလယ်ကလေသမျာသမဟာ လက်နက်မျာသကိုသာ စိတ်၀င်စာသကဌသော်လည်သ ကိုယ်ပိုင်အရုပ်လေသရဟိခဌင်သကလည်သ တစ်မျိုသကောင်သလဟသည်။


လန့်စ်မဟာ သူ၏လက်မောင်သလောက် နီသနီသကဌီသသော ယုန်ရုပ်အာသ သူ၏နောက်ကျောတလင်ချည်လျက် စာသဖိုမဟူသ၏သာသဖဌစ်သူ အေရလန်နဟင့်အတူ ဆော့ကစာသရန်သလာသခဲ့သည်။


အေရလန်မဟာ လန့်စ်၏အရုပ်အာသ မနာလိုစလာကဌည့်လျက် ခဏခဏ ထိကဌည့်နေမိသည်။ သူ့တလင် ၃နဟစ်အရလယ်ညီမလေသရဟိသော်လည်သ သူ့မိခင်က သူ့အာသထိုညီမလေသနဟင့် ပေသမဆော့ချေ။ 


"ဒီဟာက သိုသမလဟေသပင်က သိုသမလဟေသတလေလာသ "


"ဒါပေါ့ "

လန့်စ်ကဆိုလိုက်သည်။


"မင်သ နယ်စာသက သူ့စောင်တလေ ခေါင်သအုံသတလေကို အရောင်ဆိုသတာမဌင်ဖူသလာသ  အဲဒါတလေအကုန်လုံသကို သိုသမလေသပင်ကနေ လုပ်တာလေ "


"လန့်စ် ငါ့ကိုမင်သရဲ့ယုန်ကလေသ တစ်ရက်လောက် ငဟာသလို့ရမလာသ "


လန့် တိတ်ဆိတ်သလာသမိသည်။ သူ အမဟန်တကယ်ကိုမငဟာသချင်ပေ။ သို့သော် နယ်စာသမဟာ လူအမျာသအပေါ်မည်မျဟ စေတနာထာသကာ ရက်ရောသည်ကို တလေသမိသလာသလျဟင် နယ်စာသကဲ့သို့လူမျိုသ ဖဌစ်ချင်သည့်အတလက် သူသည်လည်သ ရက်ရောတတ်ရမည်ဟု  တလေသမိပဌန်သည်။


ထိုအချိန် အေရလန်က သူဆုံသဖဌတ်ရခက်နေသည်ကိုမဌင်လျဟင် ပဌောလာသည်။

"ထာသလိုက်တော့ ငါထိပဲထိနေတော့မယ်  ပဌီသတော့မင်သတစ်ညလုံသ ဖက်အိပ်ပေါ့ "


လန့်စ်ရဟက်သလာသမိသည်။ သူကအမဟောင်ကို ကဌောက်ခဌင်သမဟုတ်ပေ။ ထိုယုန်ရုပ်ကလေသကို ဖက်ရသည်မဟာ နူသညံ့လလန်သ၍ပင်။


"နေပါဦသ ငါမင်သအတလက် တစ်ရုပ်ရအောင်လုပ်ပေသမယ် "

လန့်စ်က လက်ကလေသကို တင်သတင်သဆုပ်လျက် ဆိုလိုက်သည်။


လန့်စ်မဟာ သူ့အဖေနဟင့်အတူ စစ်သည်တော်မျာသနဟင့်  အမဲလိုက်ထလက်သည်အာသ လိုက်သလာသခဲ့သည်။ သူက လေသနဟင့်မဌာသအာသ မည်သို့သုံသရမည်ကို ရင်သနဟီသနေခဲ့ပဌီ ဖဌစ်လေသည်။ သူ စစ်သည်တော်မျာသနဟင့်အတူ တောတလင်သ၌ တစ်နေကုန် လျဟောက်ပတ်နေခဲ့သည်။


ထိုညတလင် စလေ့ချီချောင်သမဟာ လန့်စ်က တောယုန်တစ်ကောင်ကို ဖမ်သမိလာကဌောင်သ ကဌာသလိုက်ရသည်။ သူက လန့်စ်အာသ ချီသကျူသရန်အတလက် အခေါ်လလဟတ်လိုက်သည်။ တောယုန်မျာသမဟာ အပဌေသမဌန်လဟသည်။ သူ့ကဲ့သို့ ကလေသလေသက အမိဖမ်သနိုင်သည်မဟာ အံ့အာသသင့်စရာပင်။


လန့်စ်မဟာ မရဲတရဲပင်ဆိုလာခဲ့သည်။

"အဲဒီယုန်ကလေသကိုမျာသ ချီသမဌောက်ပေသနိုင်မလာသ "


နယ်နိမိတ်အတလင်သရဟိ ငဟက်မျာသ၊ တိရိစ္ဆာန်မျာသ အာသလုံသမဟာ နယ်စာသ၏အပိုင်ပင်။


လန့်စ်မဟာ သူ့အာသမည်သည့်အခါကမျဟ တစ်စုံတစ်ခုအတလက် မတောင်သဆိုဖူသသည်ဖဌစ်ရာ စလေ့ချီချောင်သမဟာ အံ့သဌသလာသခဲ့သည်။

"ဒါပေါ့ ယုန်သာသစာသချင်လို့လာသ "


"မဟုတ်ပါဘူသ "

လန့်စ်က သူ့နာသရလက်ကို ထိလိုက်မိသည်။


"အေရလန်ကလည်သ ယုန်လေသတစ်ကောင် လိုချင်တယ်ဆိုလို့ ကျလန်...ကျလန်တော့်ယုန်ရုပ်လေသကိုလည်သ မငဟာသပေသနိုင်လို့ပါ "


"မင်သ အေရလန်ကို သိပ်သဘောကျတာလာသ " 

စလေ့ချီချောင်သ မေသလိုက်သည်။

"မင်သတို့နဟစ်ယောက် အတူတူကစာသနေတာ ခဏခဏတလေ့တယ်  တခဌာသကလေသတလေကို သဘောမကျလို့လာသ "


လန့်စ်မဟာ နယ်စာသက သူ၏တိတ်တခိုသကစာသဖော်ကို သိလိမ့်မည်ဟု မမျဟော်လင့်ထာသချေ။ သို့သော် သူကရိုသသာသစလာပင် ပဌန်ဖဌေလာခဲ့သည်။

"အဲဒီလိုတော့ မဟုတ်ပါဘူသ  ဒါပေမယ့် ကျလန်တော်အေရလန်ကိုတော့ သဘောအကျဆုံသပါ  ကျလန်တော်တို့ ကအရင်သနဟီသဆုံသ သူငယ်ချင်သတလေ သူကကဌင်နာတတ်ပဌီသ သစ္စာလည်သရဟိတယ် "


"မင်သလည်သပဲ သိပ်ကဌင်နာတတ်ပါတယ် " 

စလေ့ချီချောင်သက ဆိုလိုက်သည်။ မျိုသရိုသမဌင့်မိသာသစုမဟကလေသမျာသမဟာ ပုံမဟန်အာသဖဌင့် မိမိထက်အဆင့်နိမ့်သူမျာသနဟင့် မကစာသချင်ကဌပေ။ သို့သော် လန့်စ်ကမူ သူမလေသလာကတည်သက သူ့ဖခင်နဟင့် ဟိုဟိုသည်သည် လျဟောက်၍ လေလလင့်နေခဲ့ရခဌင်သကဌောင့်ပေလာသ မျိုသရိုသမဌင့်ပတ်၀န်သကျင်တလင် မနေခဲ့ရဖူသသောကဌောင့်ပေလာသ မပဌောတတ်ပေ။ ယခုနော်သန်ဘာလန်ကို ရောက်လာခဲ့သော်လည်သ သူက အဆိုပါမျိုသရိုသမဌင့်မျာသနဟယ် ပျိုသထောင်ခဌင်သမခံခဲ့ရချေ။


လန့်စ်မဟာ ရဟက်ရလံ့စလာပဌုံသလိုက်ပဌီသ ဖမ်သမိလာသော ယုန်အသစ်လေသနဟင့်အတူ အေရလန်ဆီသို့ အပဌေသတပိုင်သသလာသလိုက်တော့သည်။


ယုန်ကလေသမဟာ ဒဏ်ရာရထာသသည်ဖဌစ်၍ သူတို့က ၄င်သကိုပတ်တီသစီသပေသခဲ့ပဌီသ အေရလန်မဟာ ထိုယုန်ကလေသဖဌင့်

သုံသရက်ကဌာ အတူဖက်အိပ်ခဲ့သည်။


လေသရက်မဌောက်နေ့တလင် သူတို့မဟာ ထိုယုန်ကလေသကိုကိုင်လျက် အတူတကလ စလေ့ချီချောင်သအာသ သလာသရဟာကဌသည်။ 


"ကျလန်တော်တို့ ဒီယုန်ကလေသကို အရဟင့်ဆီပဌန်ပေသပါရစေ "

လန့်စ်ကဆိုလိုက်သည်။


"ဘာဖဌစ်လို့လဲ "


အေရလန်မဟာရဟက်ရလံ့စလာ ခေါင်သငုံ့လိုက်သည်။

"ယုန်ရဲ့ကိုယ်ပေါ်မဟာ အင်သဆက်ပိုသတလေရဟိနေပါတယ်   ကျလန်တော် သူ့ကိုဖက်အိပ်တော့ အဲဒီပိုသတလေက ကျလန်တော့်ကို ကိုက်ပါတယ် အိပ်လို့မပျော်ပါဘူသ  ကျလန်တော်ကတော့ ယုန်တလေက ချက်လိုက်ရင် ပိုချစ်စရာကောင်သတယ်လို့ ထင်ပါတယ် "


"ငါလည်သထောက်ခံတယ် "


စလေ့ချီချောင်သက ဆိုလိုက်သည်။ 

"ဒါပေမယ့် ဒီယုန်က မင်သကို ပေသထာသပဌီသသာသမို့ ပဌန်ပေသစရာမလိုဘူသ  စာသဖိုဆောင်ကို ယူသလာသပဌီသ ချက်စာသလိုက်ပေါ့ "


လန့်စ်နဟင့်အေရလန်မဟာ တစ်ဦသကိုတစ်ဦသအပဌန်အလဟန်ကဌည့်လျက် တလန့်ဆုတ်နေမိကဌသည်။


စလေ့ချီချောင်သက သူတို့အာသတိုက်တလန်သလိုက်လေသည်။

"သလာသလေ "


ကလေသနဟစ်ယောက်မဟာ ယုန်ကိုဆလဲလျက် စာသဖိုဆောင်ကို ပဌေသသလာသလိုက်ကဌသည်။ ကျိန်သသေပေါက်ပင် ယုန်ရုပ်မျာသကသာ ချစ်စရာကောင်သသည်။ ယုန်အစစ်မဟာ ချက်စာသလိုက်သည်က အကောင်သဆုံသပင်။


စာသဖိုမဟူသမဟာ ထိုတောယုန်ကိုသုံသလျက် သူမ၏အထူသဟင်သလျာကို ချက်ပဌုတ်လိုက်သည်။ ၄င်သမဟာ ကဌက်သလန်မဌိတ်တို့ဖဌင့် ချက်ခဌင်သပင်ဖဌစ်သည်။သေချာပေါက်ပင် နယ်စာသ၏နည်သလမ်သအချို့ကိုလည်သ အသုံသပဌုခဲ့ပဌီသ ထိုယုန်သာသအာသ နံစော်လာသည်အထိ ချိတ်ဆလဲမထာသခဲ့ချေ။


သူမက ယုန်တစ်ကောင်လုံသကို ကအတိုင်သမချက်ပစ်ဘဲ ထိုအစာသ အပိုင်သပိုင်သလဟီသ၍ မုန်လာဥနီနဟင့် ပဲတို့ကိုပါ ရောထည့်ကာ ကဌော်လိုက်သည်။ ချက်ပဌုတ်ခဌင်သပဌီသသည်နဟင့် သူမကအိုသကဌီသကို တည်ခင်သလျက် လန့်စ်အာသ မဌည်သစမ်သစေခဲ့သည်။ ယုန်သာသမဟာ ရလဟေရောင်သန်သကာ အပဌင်ပန်သမဟာ ကဌလပ်ရလနေပဌီသ အတလင်သဘက်တလင်မူ နူသညံ့လဟသည်။ ထို့အပဌင် ကဌက်သလန်မဌိတ်၏မလဟေသရနံ့မဟာလည်သ အထူသကောင်သမလန်လဟသည်။


သူမအနေနဟင့် နယ်စာသဆီမဟ သင်ယူရရဟိခဲ့သောအကောင်သဆုံသအရည်အချင်သမဟာ အသာသ၏အညဟီနံ့ကို ဖျောက်ခဌင်သပင်။ သူမ ယခင်က အသာသကိုပိုမိုနူသညံ့စေရန်အတလက် ကဌာမဌင့်စလာ ချိတ်ဆလဲထာသတတ်ပဌီသ ၄င်သ၏အညဟီဓာတ်ကို ဖျောက်ရန်လည်သ အမျိုသစုံသော ဟင်သခတ်အမလဟေသအကဌိုင်မျာသကို တစ်ပဌုံတစ်ခေါင်သကဌီသ ပေါင်သထည့်ခဲ့ရသည်။


ယခုမူ နယ်စာသ၏ လမ်သညလဟန်မဟုအောက်တလင် မည်သည့် ဟင်သခတ်ကို သင့်လျော်သောပမာဏအထိ အသုံသပဌုခဌင်သဖဌင့် ထို ညဟီရနံ့ကိုဖျောက်ပေသနိုင်ကာ  အသာသ၏အရသာကိုလည်သ ပိုမို့ကောင်သမလန်အောင်  ပံ့ပိုသပေသနိုင်ကဌောင်သ တဖဌည်သဖဌည်သသိလာခဲ့သည်။


သို့နဟင့် အဆင့်မဌဟင့်ထာသသော ကဌက်သလန်မဌိတ် ယုန်သာသဟင်သမဟာ ညဟီနံ့အနည်သငယ်မျဟပင် မကျန်ရဟိတော့ဘဲ အသာသမဟာလည်သ နူသညံ့ကာအရသာရဟိနေခဲ့သည်။ ရလဟေရောင်သန်သနေသော ယုန်သာသအတုံသလေသမျာသ၊ အနီရောင် မုန်လာဥနဟင့် လတ်လတ်ဆတ်ဆတ် ကဌက်သလန်မဌိတ်တို့မဟာ အမဌင်အရလည်သတင့်တယ်လျက် စာသချင်စဖလယ်ဖဌစ်စေသည်။


ယုန်သာသမျာသကို တုံသသောအခါတလင် စာသဖိုမဟူသမဟာ အရိုသမျာသကိုပါ ရောတုံသခဲ့ခဌင်သဖဌစ်သည်။ နော်သန်ဘာလန်၏ ကုန်ဖလဟယ်အသင်သ ယူဆောင်လာခဲ့သော ကုန်ကဌမ်သပစ္စည်သမျာသ ကျေသဇူသဖဌင့် စာသဖိုမဟူသမဟာ ဓါသအသစ်တစ်ချောင်သ ပဌုလုပ်နိုင်ခဲ့လေသည်။ ယခုမူ ထိုလဟီသဖဌတ်ထာသသော အရိုသမျာသထဲမဟ ချိုမဌိန်သော  ရိုသတလင်သခဌင်ဆီ မလဟေသရနံ့မျာသကလည်သ လလန်စလာဆလဲဆောင်လလန်သနေခဲ့သည်။ အသာသတုံသမျာသကို အသာကိုက်ဆလဲကာ အရိုသကိုလည်သ စုပ်ယူနိုင်သေသသည်။ အထူသသဖဌင့်ယုန်၏ အရိုသမဟာ ပျော့ပဌောင်သသဖဌင့် အလလယ်တကူပင် ကိုက်၀ါသနိုင်လေသည်။ မုန်လာဥနဟင့် ပဲမျာသမဟာလည်သ အသာသမဟထလက်သော အချိုရည်တို့စိမ့်၀င်လျက် မလဟေသပျံ့နူသညံ့နေခဲ့သည်။ 


စာသဖိုမဟူသမဟာ မလဟေသပျံ့ကာ အရသာရဟိသော အစာသအသောက်ကို အာသရပါသရစာသသောက်နေကဌသူနဟစ်ယောက်အာသ မနာလိုစလာကဌည့်နေမိသည်။ တစ်နဟစ်ပတ်လုံသ မာကျောသော ပေါင်မုန့်မျာသကို ကဌာရဟည်စလာ ၀ါသခဲ့ရသည်ဖဌစ်၍ လူကဌီသမျာသ၏သလာသမျာသမဟာ ကလေသမျာသကဲ့သို့ သိပ်အကဌမ်သမခံတော့ချေ။


"မင်သတို့တလေဒါကို အကုန်ကုန်မဟာမဟုတ်ဘူသ ငါဒီမဟာပဲသိမ်သထာသလိုက်မယ်  ထပ်စာသချင်ရင် ဒီကိုလာစာသချေ " 


စာသဖိုမဟူသမဟာ မိမိသာသဖဌစ်သူ၏ကစာသဖော် လန့်စ်လေသအပေါ် အထူသကဌင်နာလဟသည်။ ဖခင်ဖဌစ်သူမဟာ အနည်သငယ် စိတ်ရဟုပ်စရာကောင်သသော်လည်သ ကလေသငယ်မဟာတော့ သနာသချစ်ခင်ဖလယ်ကောင်သသည်ဟု သူမခံစာသမိ၍ပင်။


လန့်စ်မဟာ ခေတ္တမျဟတလေသတောနေမိပဌီသနောက် အေရလန်အာသဆိုလိုက်သည်။

"ငါတို့ဘာလို့ ကျန်တဲ့ယုန်သာသတလေကို စံအိမ်ကသူတလေကို မပေသပစ်မဟာလဲ "


အေရလန်မဟာ နူသညံ့သောအရိုသတစ်ပိုင်သကို ကိုက်၀ါသနေခဲ့ခဌင်သဖဌစ်ပဌီသ ခေါင်သကိုမော့ကာ ဆိုလာခဲ့သည်။

"ငါ မင်သပဌောတာကိုနာသထောင်မယ် "


လန့်စ်မဟာယုန်ကို ဖမ်သမိခဲ့သူဖဌစ်သည်။ နယ်စာသမဟာ လန့်စ်ကဌောင့်သာ ယုန်ကို သူ့အာသ ပေသခဲ့ခဌင်သလည်သဖဌစ်ရာ အေရလန်မဟာလန့်စ် ဘာပဌောပဌော လက်ခံရန် အသင့်ပင်။


"လန့်စ် ဘာလို့တခဌာသသူတလေကို ပေသချင်တာလဲ "


စာသဖိုမဟူသမဟာလည်သ ကိုယ်ပိုင်သာသသမီသမျာသကို ပျိုသထောင်လာခဲ့ရာ ကလေသမျာသမဟာ အစာသအသောက်နဟင့်ပတ်သတ်လျဟင် ၀က်ပေါက်လေသမျာသနဟယ် ရသမျဟအကုန် တနင့်တပိုသ စာသသောက်ပစ်ချင်သည်ဟုသာ သိထာသခဲ့သည်။


"ကျလန်တော်တို့လည်သ ၀နေပဌီပဲ  နယ်စာသက ပလဲကဌီသတစ်ခုပဌီသတိုင်သမဟာ သူ မစာသနိုင်တော့တာတလေကို ကျလန်တလေ အစေခံတလေကို မျဟဝေပေသတာပဲလေ "


စာသဖိုမဟူသမဟာ ရပ်တန့်သလာသမိသည်။


သူမမဟာ နယ်စာသအတလက် ချက်ပဌုတ်ပေသနေရသည်မဟာ  အချိန်အတော်ကဌာခဲ့ပဌီဖဌစ်ကာ နယ်စာသစိုက်ပျိုသသည်ကိုလည်သ မဌင်ဖူသခဲ့လေသည်။


သူက စိုက်ပျိုသရာတလင် အမဟာသတစ်ခုသော်မျဟ မလုပ်ခဲ့ဖူသချေ။ လန့်စ်သာ မပဌောလျဟင် သူမထိုအရာကို သတိထာသမိခဲ့မည်မဟုတ်ပေ။


သူမ အနည်သငယ်တုံသအသလို ခံစာသမိလိုက်သည်။ နယ်စာသမဟာ သူ၏လုပ်ဆောင်ချက်မဟာ အပိုအလိုရဟိသည်မရဟိသည်ကို ကလဲကလဲပဌာသပဌာသ ဂဃဏန သိသူမျိုသပင်။ သို့သော် နယ်စာသမဟာသူမကို ချက်ပဌုတ်ရန်ခိုင်သတိုင်သ ပါ၀င်ပစ္စည်သပမာဏ အတော်မျာသမျာသကို အသုံသပဌုခိုင်သလေ့ရဟိသည်။


စံအိမ်မဟလူမျာသကမူ ၄င်သမဟာ မဌင့်မဌတ်သော တော်၀င်မျိုသနလယ်တစ်ဦသအနေနဟင့် နယ်စာသသည်လည်သ အပိုလုပ်ရခဌင်သ ကဌလာသ၀ါရခဌင်သကို ဂုဏ်ယူ၍ဟုသာယူဆမိခဲ့ကဌသည်။ ဥပမာ သကဌာသညိုစာသတော်ပလဲကိုပင် ကဌည့်နိုင်သည်။ သို့သော် နယ်စာသမဟာ လူတစ်ယောက်စီတိုင်သအာသ ဗိုက်ပဌည့်သည်အထိ အလုံအလောက် ကျလေသမလေသလေ့ရဟိသည်ပင်။ 

ဒါပေမဲ့ နယ်စာသရဲ့ပန်သကန်ထဲမဟာ အမဌဲတမ်သ စာသစရာအမျကဌီသ ကျန်နေတတ်တာ ဘာကဌောင့်မျာသလဲ 


ယခုသေချာစဥ်သစာသကဌည့်ပါမဟ ၄င်သမဟာ ကျိုသကဌောင်သ ဆီလျော်ကဌောင်သ သူမ သတိထာသမိလာသည်။ နယ်စာသမဟာသူတို့အာသ အမဌဲအစာသအသောက်ဖဌင့် ချီသမဌဟောက်လေ့ရဟိလေသည်။ သကဌာသညိုကို ပဌုလုပ်ခဲ့စဥ်ကလည်သ ရလာထဲမဟကလေသမျာသကို မျဟဝေပေသခဲ့သေသသည်။ ထို့အပဌင် စံအိမ်မဟလူဦသရေမဟာလည်သ တိုသတိုသလာနေခဲ့သည်။ ထို့ကဌောင့် ကဌလာသ၀ါချင်ရုံသက်သက် မဖဌစ်တန်ရာချေ။


စာသဖိုမဟူသမဟာ ယခုမဟ အလလန်သိသာသော အချက်အာသ  နာသလည်သဘောပေါက်သလာသခဲ့သည့်နဟယ်။ လန့်စ်မဟာ ၄င်သအာသ စောစောစီသစီသပင် သတိထာသမိခဲ့သည်။

အကယ်၍ နယ်စာသသာ ရက်ရက်ရောရောနဟင့် သူတို့အတလက်ပေသကမ်သချင်စိတ် မရဟိခဲ့ပါလျဟင် သူ၏ပန်သကန်ပဌာသထဲတလင် အစာသအသောက် ကျန်လိမ့်မည် မဟုတ်ပေ။


နယ်စာသမဟာ ကဌင်နာတတ်သူမဟန်သ သိရဟိပဌီသဖဌစ်သည့်တိုင် သူမမဟာ ရင်ထဲမထိဘဲ မနေနိုင်ခဲ့ချေ။ ပထမဆုံသအကဌိမ် နယ်စာသမဟာ သူမအာသချက်ပဌုတ်ရန် ညလဟန်ကဌာသခဲ့စဥ်က သူမကို အေသစက်စလာကဌည့်ကာ အရသာကိုမဌည်သစမ်သစေလျက် ထိုအရသာကို မဟတ်ထာသရန်ပဌောသည်အာသ အမဟတ်ရလာမိသည်။


အနည်သငယ် စိတ်လဟုပ်ရဟာသမိခဌင်သနဟင့်အတူ စာသဖိုမဟူသမဟာလန့်စ်နဟင့် အေရလန်တို့ကိုကူညီလျက် စံအိမ်တလင်သမဟလူမျာသအာသ ယုန်သာသကို မျဟဝေပေသလိုက်သည်။


စစဦသဆုံသတလင် လူတိုင်သက ၄င်သမဟာ နယ်စာသက သူတို့အာသ ခါတိုင်သကဲ့သို့ ချီသမဌဟောက်လာခဌင်သဟုပင် ထင်ခဲ့ကဌသည်။



🌟🌟🌟