Chapter 73
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

Ch 73

အမည်ပြောင်ရရှိခြင်း (၂)



ထိုသတင်းကို ကျိန်းသေပေါက် နယ်စားထံမှ ဖုံးကွယ်ထား၍မရချေ။ အစေခံများကမူ ၄င်းမှာ နယ်စား၏ လွှမ်းမိုးမှုကြောင့်သာဖြစ်ကြောင်း  အကူအညီမဲ့သော လေသံဖြင့် ဆိုလာကြသည်။


သို့သော် နယ်စားက ပြောလာသည်။

"ငါကတော့ လန့်စ်နဲ့ တော်တော်ကွာတယ်ထင်တာပဲ… ငါသာဆို ယုန်သားကို ကြက်သွန်မြိတ်နဲ့ မကြော်ဘူး… တရုတ်နံနံနဲ့ကြော်မှာ…"


အစေခံများ "..."


နယ်စားတည်ဆောက်ခိုင်းခဲဲ့သည့် ထူးဆန်းပြီး လေးထောင့်ပုံစံရှိသောအိမ်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ချေပြီ။ အစေခံများက တံတိုင်းမြင့်များကို ထည့်သွင်း တည်ဆောက်ခိုင်းခဲ့သည်ဖြစ်၍ စွေ့ချီချောင်းမှာ အလျော့မပေးစွာ ထိုစံအိမ်အသစ်တွင် ပြတင်းပေါက်ကျယ်ကျယ်များကို ထပ်မံထည့်သွင်းစေခဲ့သည်။ စွေ့ချီချောင်းမှာ သူအနာဂတ်တွင်နေမည့် အိမ်အတွက် မကြာခဏကိုယ်တိုင်သွားရောက် ကြည့်ရှု့ကာ ညွှန်ကြားလေ့ရှိသည်။


သူက အိမ်အတွင်း၌ ကြောင်များ ပြေးခုန်ဆော့ကစားနိုင်စေရန်အတွက် စင်အသေးလေးများကို ထည့်သွင်း ဆောက်လုပ်စေခဲ့သည်။ သူက ၄င်းကို ကြောင်များကိုအပြစ်ပေးရန်ဟုသာ ကျိန်းသေပေါက်ဆိုခဲ့ခြင်းပင်။


စွေ့ချီချောင်းမှာ လူတိုင်းအား ကြောင်၏ဗိုက်ကိုဖွင့်ကာ ချုပ်ပစ်မည်ဟုပင် လိမ်ခဲ့လေသည်။ ထို့နောက်တွင် ဆေးပင်များဖြင့် ပြန်ကုပေးမည်ဟုပင်။ ၄င်းတို့အားလုံးမှာ ရှောင်ပိုင်၏ သရုပ်ဆောင်မှုအပေါ်  မူတည်လေသည်။


အိမ်၏ဘေးပတ်ပတ်လည်နှင့် အမိုးကိုဆောက်လုပ်ထားပြီးဖြစ်ကာ စွေ့ချီချောင်းက အိမ်ထဲတွင်ထိုင်လျက်  အိမ်ကို သေချာကြည့်လိုက်သည်။ အိမ်အတွင်းပိုင်းပစ္စည်းများမှာ ကျောက်တုံးများနှင့် ဆောက်ထားခြင်းဖြစ်ကာ အလွန်မိုက်လေသည်။ ပြတင်းပေါက်များမှာလည်း ကြီးမားကာ လုပ်ဆောင်မှုကလည်း ချောမွေ့လေသည်။ ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် အခန်းမှာ အလင်းရောင်များ၀င်လာပြီး တစ်မဟုတ်ချင်း နွေးထွေးလာလိမ့်မည်။


ထို့အပြင် မြစ်မှတဆင့် ရေအချို့ကိုစီးဆင်းစေလျက် အိမ်အတွင်း၌ ကန်ကလေးတစ်ကန် ပြုလုပ်စေမည်။ ထိုကန်မှရေကို အိမ်အတွင်း အထွေထွေကိစ္စအတွက် အသုံးပြု၍ လွယ်စေလိမ့်မည်။


စွေ့ချီချောင်းမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးထံမှာ မကြာမီမှာပင် ပြန်စာလက်ခံရခဲ့သည်။ ထိုစာထဲ၌ သာသနာပြု အဖွဲ့အစည်းများမှ မကြာခင် ကုန်သွယ်ရေးသတ်မှတ်ချက်ကို ထုတ်ပြန်တော့မည်ဖြစ်ကြောင်း ပါရှိလေသည်။ ထိုနည်းဖြင့် လူအများမှာ သကြားညိုများကို အသုံးပြုလျက် အခြားလိုအပ်ရာတို့နှင့် လဲလှယ်နိုင်မည်ဖြစ်ကာ နော်သန်ဘာလန်မှ သကြားညိုများသည်လည်း လျှို့၀ှက်စွာ အမည်ဖော်စရာမလိုဘဲ ထိုကုန်သွယ်မှုကို ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။


ထို့အပြင် စွေ့ချီချောင်းမှာ ဘုရားကျောင်းအတွက် အကျိုးရလဒ်များစွာကို ဆောင်ကျဥ်းပေးခဲ့သဖြင့် သူ၏ဂုဏ်ပုဒ်မှာ ဘုရားကျောင်းရှိ ရာထူးမြင့်များထံတွင် အတော်လေး ရေပန်းစားနေကြောင်းဆိုခဲ့သည်။ သူ၏အမည်အား အခြား အမည်တူသူတို့ထံမှ ခွဲခြားနိုင်ရန်အတွက် သူတို့က သူ့အား အမည်ပြောင်တစ်ခုပင် ပေးခဲ့သေးသည်။


'ထိပ်တန်းကြောင်ညှဥ်းပန်းသူ ထရီစတန်'


စွေ့ချီချောင်း : "ဟင်…"


စွေ့ချီချောင်းမှာ သူ၏အရင်းနှီးဆုံး လက်ထောက်ဖြစ်သည့် စိုက်ပျိုးရေးတာ၀န်ခံကို မမေးမိဘဲ မနေနိုင်ခဲ့ချေ။


"ငါက ဘယ်လိုလုပ် ကြောင်ညှဥ်းပန်းရေးသမား ဖြစ်သွားရတာလဲ…"


အစပိုင်းတွင် ဘုန်းတော်ကြီးက သူ့အား ဘုရားကျောင်း၏အကျိုးကို များစွာဆောင်ကျဥ်းပေးခဲ့ကြောင်း ဆိုထားသည်ဖြစ်ရာ သူ့အား လယ်သမားနတ်ဘုရား ဟုမခေါ်လျှင်ပင် အင်းဆက်နှိမ်နှင်းသူ သို့မဟုတ် သကြားညိုပဲ့ကိုင်ရှင်ဟု ခေါ်လျှင်လည်း မဆိုးနိုင်ချေ။ ကြောင်ညှဥ်းပန်းရေးသမား ဟူသော အမည်ကား ဆိုးရွားလွန်းသည်။


ထို့အပြင် သူက နော်သန်ဘာလန်အတွင်း၌သာ ကြောင်များကို နှိပ်စက်နေခြင်းဖြစ်ကာ သူ၏နယ်အတွင်းမှလူများသာလျှင် ၄င်းကိုသိသင့်သည်။ အပြင်သို့ မည်သို့ပေါက်ကြားသွားရသည်ကို မသိပေ။ ထိုအကြောင်းကို သူစာထဲတွင် ထည့်ရေးမိသည်ဟုလည်း မခံစားရချေ။


စိုက်ပျိုးရေးတာ၀န်ခံကမူ မှားယွင်းမှုတစ်စုံတစ်ရာကို ရှာမတွေ့ဘဲ ထိုအမည်ပြောင်က မဆိုးလှဟုပင် ထင်နေမိလေသည်။ စစ်မက်များ ထူပြောသောကာလလည်းဖြစ်ကာ လူနေမှုစံနှုန်းလည်း နိမ့်ကျသည်ဖြစ်၍ အခြားနယ်စားများ၊ အရာရှိများ၏ အမည်ပြောင်က ပို၍ပင် ဆိုးသေးသည်။ အချို့ဆိုလျှင် မျက်တစ်လုံးနဂါး၊ ရွှေခေါင်းပြောင်၊ ကျောက်ပေါက်မျက်နှာ ဟူသော အမည်များပင်ရှိသေးသည်။ သူတို့နယ်စား၏အမည်မှာ အနည်းငယ် သူရဲကောင်းဆန်သော အငွေ့အသက်လေးရှိသေးသည်။ ထို့အပြင် မိမိတို့နယ်စားမှာ စစ်မထွက်သလို အမဲလည်းမလိုက်သည်ဖြစ်၍ ကျားသတ်သမား၊ နဂါးသတ်သမားတို့ အမည်များကိုလည်း ပေး၍မရချေ။


"ဒါက ဘုန်းတော်ကြီး၀ီလီယမ်ရဲ့ ကျေးဇူးကြောင့်ပဲနေမှာ… ဘုန်းတော်ကြီး၀ီလီယမ်က သူ့ရဲ့ သာသနာပြုမှုတွေကို ဘုရားကျောင်းကို သတင်းပြန်ပို့တတ်တယ်လေ…သူက အရှင်အမြဲလိုလို ကြောင်တွေကို ၀မ်းသာအားရနှိပ်စက်ပြီး မကောင်းဆိုရွားတွေကို နှိမ်နင်းတဲ့အကြောင်းတွေကိုလည်း ထည့်ရေးလိုက်တာဖြစ်မယ်…"


စွေ့ချီချောင်း "..."


၄င်းမှာကျိန်းသေပေါက် ၀ီလီယမ်သာလျှင် ဖြစ်နိုင်သည်။ သို့သော် မတတ်နိုင်တော့ပေ။ ရေငုံနှုတ်ပိတ်လျက် တိတ်တဆိတ် လက်ခံလိုက်ရုံသာ တတ်နိုင်လေသည်။


သူ့တွင် အမည်ကောင်းများစွာ ကျိန်းသေရနိုင်ပါလျက်နှင့် ကြောင်ညှဥ်းပန်းသူဟူသော ဂုဏ်ပုဒ်သာလျှင် အတပ်ခံလိုက်ရသည်။ ၄င်းမှာ နားထောင်ကြည့်ရုံဖြင့် ဘုရားကျောင်းကို အကျိုးပြုခဲ့သည်ဟု ထင်စရာမရှိချေ။ စွေ့ချီချောင်းမှာ စိတ်ပျက်လက်ပျက်နှင့် အခန်းထဲမှထွက်လာခဲ့ပြီး အလုပ်သမားများကို အားပေးချင်စိတ်လည်း ရှိမနေခဲ့ပေ။


သူထွက်လာသည်နှင့် အနီးအနားမှ လယ်လုပ်သားများကသူ့အား လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၄င်းမှာ ဖြစ်နေကြဖြစ်၍ စိတ်ထဲမထည့်လိုက်ချေ။ 


သို့သော် မနီးမဝေးမှ လယ်သမာတစ်ဦးကမူ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနားသို့တိုးလာခဲ့သည်။

"အရှင်…" 


"ဘာလဲ…"


အဆိုပါ လွတ်လပ်သောလယ်သမားက စွေ့ချီချောင်းမှ သူ့အားချက်ချင်းပြန်ဖြေလာသည်ကို တွေ့လျှင် ၀မ်းသာလွန်း၍ စကားပင်ထစ်ငေါ့နေတော့သည်။


စိုက်ပျိုးရေးတာ၀န်ခံမှာ မျက်လုံးကိုလှိမ့်လိုက်မိသည်။

"မင်းဘာဖြစ်နေချင်နေတာလဲ သေချင်လို့လား…"


လယ်သမားက ဆိုလာသည်။ 

"ကျွန်...ကျွန်တော် ကျွန်တော့်မိသားစုရဲ့ ၀က်က နေမကောင်း..."


စိုက်ပျိုးရေးတာ၀န်ခံမှာ စိတ်မရှည်စွာဖြင့် ငေါက်လိုက်သည်။ 

"၀က်နေမကောင်းရင် ၀က်ထိန်းသမားကိုသွားရှာပေါ့…"


လယ်သမားမှာ မျက်ရည်များကို ညှစ်ထုတ်လျက်ပြောလာသည်။

"ရှာခဲ့ပါတယ်… ဒါပေမယ့် သူလည်း မလုပ်ပေးတတ်ဘူးတဲ့… ဆန်းကြယ်မှု တစ်ခုခုနဲ့ကြုံရင်ကြုံ မကြုံရင် နယ်စားကမှ တစ်ခုခုမလုပ်ပေးဘူးဆိုရင် ၀က်တွေကို ကယ်မရလောက်တော့ဘူးတဲ့…"


စွေ့ချီချောင်း "..."


၀က်ထိန်းသမားမှာ အထင်လွဲနေချေပြီ။

သူက အဘယ်ကြောင့်၀က်များကို ကုသနိုင်ပါမည်နည်း။


လယ်သမားမှာ စိုက်ပျိုးရေးတာ၀န်ခံနှင့် နယ်စား၏မျက်နှာကိုကြည့်လျက် အလျင်အမြန်ဆိုလာသည်။ 

"အရှင် ကျေးဇူးပြုပြီးကူညီပါ… ကျွန်တော့်မှာ ဒီ၀က်ပဲရှိတာ... ကျွန်တော့်တစ်မိသားစုလုံးက ဒီ၀က်အပေါ် မူတည်နေရတာပါ… အရှင်သာ သနားသဖြင့် ကူညီပေးမယ်ဆို ကျွန်တော်တို့မိသားစုက ၀က်ကလေးတစ်ကောင်ကိုပဲယူပြီး ကျန်တဲ့၀က်တွေကို အရှင့်ကိုပေးပါ့မယ်..."


စိုက်ပျိုးရေးတာ၀န်ခံ၏မျက်နှာမှာ အနည်းငယ်ကောင်းမွန်လာသော်လည်း သူက ငေါက်ငမ်းနေဆဲပင်။

"မင်းက အရှင့်ကို ဘာထင်နေတာလဲ… အရှင်က မင်းရဲ့ညစ်ပတ်တဲ့၀က်တွေကို အားအားယားယား လာကြည့်မယ့်လူလား…"


"ဒါပေမယ့် အရှင်ကသာ ကျွန်တော့်၀က်တွေရဲ့နောက်ဆုံးမျှော်လင့်ချက်ပါ…" 


လယ်သမားက ငိုကြွေးလာလေသည်။

"သူ ထတောင်မထနိုင်တော့ဘူး…"


စွေ့ချီချောင်းမှာ ၄င်းကိုကြားလျှင် ခေါင်းပင်ကိုက်လာမိသည်။

"တော်လိုက်တော့ ဘာဖြစ်နေလဲကြည့်ရအောင် ငါ့ကိုခေါ်သွားချေ…"


စိုက်ပျိုးရေးတာ၀န်ခံမှာ သူ့နားကိုပင် သူမယုံနိုင်ချေ။

"အရှင် တကယ်ကြီး ဒီလူရဲ့၀က်ကို ကြည့်ပေးတော့မှာလား… အရည်အချင်းတွေကို ဒီလိုပဲလွယ်လွယ်နဲ့ ပြလိုက်တော့မှာလား… နော်သန်ဘာလန်တစ်ခုလုံး အရှင်က ၀က်တွေကို ကုပေးနိုင်တာသိနေပြီ… နည်းနည်းလေး စဥ်းစားပါဦး…"


စွေ့ချီချောင်းမှာ စိုက်ပျိုးရေးတာ၀န်ခံ၏ အထွန့်တက်မှုတို့ကိုလျစ်လျူရှု့လျက် လယ်သမားအိမ်သို့ တစ်ချက်ကြည့်ရန် သွားခဲ့သည်။ လွတ်လပ်သောလယ်သမားဖြစ်၍ သူတို့အိမ်၏အခြေအနေမှာ လယ်လုပ်သားများထက် ပိုကောင်းကာ သစ်သားဖြင့် ဆောက်လုပ်ထားလေသည်။ ၀က်များအပြင် သိုးနှင့် ကြက်များကိုပင် မွေးမြူထားသေးသည်။


ထိုအိမ်ရှိ တစ်ကောင်တည်းသော ၀က်မှာ မကြာသေးမီကမှ မွေးဖွားထားသော ၀က်မဖြစ်သည်။ ထိုအိုမင်းနေသော ၀က်မမှာ ကျောရိုးတွင် အားမရှိတော့ပဲ ထပင်မထနိုင်တော့ချေ။ လယ်သမားက ထို၀က်ကို ပက်လက်လှန်လျက် ၀က်မ၏နို့အား တစ်ချက်ဖျစ်လိုက်သည်။


"ပြီးတော့ ဒီနေရာက အရမ်းယောင်နေတာ၊ ၀က်ကလေးတွေကို နို့မတိုက်နိုင်တော့ သူတို့တွေ အရမ်းဆာနေကြပြီ…"


စိုက်ပျိုးရေးတာ၀န်ခံမှာ ချက်ချင်းပင်မာန်မဲလာခဲ့သည်။ 

"၀က်ကလေးတွေကဖြင့် သေခါနီးနေပြီ… အဲဒါကိုများ အရှင့်ကို ၀က်ကလေးတွေပေးမယ် ပြောရဲသေးတယ်…"


"..."


လယ်သမားမှာ မျက်နှာပြောင်ပြောင်နှင့်ပင် ဖြေလာခဲ့သည်။

"အရှင်ကတော့ ကုပေးနိုင်မယ်ထင်လို့လေ…"


စွေ့ချီချောင်းမှာ ဆွံ့အသွားရပြန်သည်။ သူက ကျွမ်းကျင်သူမဟုတ်သလို တိရိစ္ဆာန်များကိုလည်း မကုပေးနိုင်ချေ။ ဤတစ်ကြိမ်တွင် သူ လာကြည့်ပေးသော်လည်း အမှန်တကယ် ကုပေးနိုင်သည်ဟု မဆိုလိုချေ။ နောက်ဆုံးအကြိမ်က ကြက်ကန်းဆန်အိုးတိုးသွားခြင်းသာ ဖြစ်သည်။ လယ်သမားမှာ ငိုကြွေးလျက် သူက နောက်ဆုံးမျှော်လင့်ချက်ဟု ဆိုလာသည့်အတွက် သူကတစ်ချက်လာကြည့်ကာ နှစ်သိမ့်ပေးခြင်းပင်။


ရလဒ်အနေဖြင့် စွေ့ချီချောင်းမှာ ၀က်ကိုကြည့်ပြီး ဘာလုပ်ရမည်ဟူသော အကြံပေါ်လာခဲ့သည်။


၀က်မှာ မီးဖွားထားသည်က မကြာသေးသဖြင့် ပင်ပန်းကာ မထနိုင်ခြင်းဖြစ်ပြီး စွေ့ချီချောင်းသိသလောက်ဆိုလျှင် လူသားအမျိုးသမီးများ မီးဖွားပြီးချိန်တွင် ကယ်လ်ဆီယမ်နှင့် ဗီတာမင်စီ ချို့တဲ့ကာ အားနည်းနေတတ်သည်။


နောက်ပြဿနာတစ်ခုမှာ ၀က်၏နို့က ယောင်ယမ်းနေခြင်းပင်။ သူက နာကျင်လွန်းသဖြင့် ၀က်ကလေးများကို နို့တိုက်ရန် ငြင်းဆန်ခဲ့ခြင်းပင်။ စွေ့ချီချောင်းမှာ အိမ်၏ပတ်၀န်းကျင်ကို အကဲခတ်လျက် ရာသီဥတုမှာ အလွန်ပူပြင်းကာ အိမ်၏ပတ်၀န်းကျင်မှာ မကောင်းလှကြောင်း သိလိုက်သည်။


"မင်းသူ့ကို အများကြီးကျွေးတာလား…"

စွေ့ချီချောင်းကမေးလိုက်သည်။


လယ်သမားက ခေါင်းတဆတ်ဆတ်ညိတ်လျက် ပြန်ဖြေသည်။

" ဒီကောင်က ကျွန်တော်တို့အိမ်မှာ အကြီးဆုံး၀က်မလေ…  အရှင့်ရဲ့ကျေးဇူးတွေကြောင့် ကျွန်တော်သူ့ကို နေ့တိုင်း အများကြီးကျွေးနိုင်သွားတယ်…မမျှော်လင့်ထားတာက သူအခုတော့ ဖျားသွားသေးတယ်…"


"အများကြီးကျွေးတိုင်းလည်း မကောင်းဘူး…"


စွေ့ချီချောင်းက ဆိုလိုက်သည်။ များစွာစားခြင်းဖြင့် ၀က်မ၏နို့လမ်းကြောင်းက ပြည့်တင်းကာ ခဲလာလိမ့်မည်။ ထို့အပြင် ရာသီဥတုအခြေအနေနှင့်လည်းရောကာ ယောင်ယမ်းသွားခြင်း ဖြစ်ပေလိမ့်မည်။


ကံကောင်းထောက်မစွာဖြင့် သိပ္ပံအသိပညာ မဖွံ့ဖြိုးသေးသော ဤခေတ်တွင်ပင် စွေ့ချီချောင်းမှာ ၀က်တွင်ဖြစ်ပေါ်နေသော ပြဿနာကို ခွဲခြားမြင်နိုင်ခဲ့သည်။ လယ်သမားနတ်ဘုရားမှာ လူအများကိုကုသနိုင်မည့် အသီးအရွက်ဟူသမျှကို ခွဲခြားနိုင်သည်။ ဤပုံရိပ်ယောင်နယ်မြေတွင်မူ သူက ၀က်များကိုကုသနိုင်ခဲ့သည်။


နောက်ဆုံးအကြိမ်ကကဲ့သို့ပင် သူကစမ်းကြည့်ရန်ကြိုးစားခဲ့သည်။ 


"ငါ မင်းကို အကြံတချို့ပဲပေးနိုင်မယ်… ပြန်ကောင်းလာမကောင်းလာကတော့ ဘုရားသခင်ရဲ့ ကြင်နာမှုအပေါ် မူတည်တယ်…"


လယ်သမားမှာ ၀မ်းသာအားရခေါင်းညိတ်လျက် ပြောသည်။

"ကျေးဇူးကြီးလှပါတယ်အရှင် ကျေးဇူးကြီးလှပါတယ်…"


ကယ်လ်ဆီယမ်နှင့် ဗိီတာမင်ချို့တဲ့မှုအား ဖြေရှင်းရသည်မှာ လွယ်ကူလေသည်။ အစာရောစပ်မှုနှင့် ပါ၀င်သော အာဟာရအချိုးအစားကို တွက်ချက်လိုက်ရုံပင်။ ကယ်လ်ဆီယမ်အတွက်မူ ကြက်ဥခွံများကိုသုံးနိုင်သည်။ ကယ်လ်ဆီယမ်နှင့် ဖော့စဖောရပ်စ်မှာ တွဲဆက်နေကြသည်။ အပင်အချို့၏ ပြာများကိုရောစပ်လျက် ဖော့စဖောရပ်ပါ၀င်မှုကို ညီမျှစေနိုင်လေသည်။ ထို့အပြင်အစိမ်းရောင် အသီးအရွက်များကမူ ဗိီတာမင်ဓာတ် ကြွယ်၀လေသည်။


ယောင်ယမ်းခြင်းကို လျှော့ချရန်အတွက်မူ စွေ့ချီချောင်းက လူတစ်ဦးကို ဥပမာထားလျက် စဥ်းစားကာ ပတ်၀န်းကျင်ကို သန့်ရှင်းစေလျက် အပူဒဏ်ကို တိုးမြှင့်စေသည့်ပစ္စည်းများကို ဖယ်ရှားစေခဲ့သည်။ ထို့အပြင် ၀က်၏နို့လမ်းကြောင်း သွေးလည်ပါတ်မှုကောင်းစေရန် လူသားတို့၏ဖြေရှင်းနည်းအတိုင်းပင် ဒန်ဒီလိုင်းယွန်းပင်နှင့် မက်မွန်သီးအစေ့တို့ကို ရောကြိတ်လျက် ရေနှင့်ဖျောစေသည်။ ထို့နောက် ၄င်းကို ၀က်၏ယောင်ယမ်းနေသော နေရာတ၀ိုက်ကို လိမ်းကြံကာ နှိပ်နယ်ပေးစေခဲ့သည်။


စွေ့ချီချောင်းမှာ သူ၏ညွှန်ကြားမှု မှန်မမှန်အာမမခံနိုင်သော်လည်း တည်ငြိမ်နေဆဲပင်။


"မင်းရဲ့၀က်တွေက အပြင်သိပ်မသွားတတ်ရင်လည်း ၀က်တဲကိုသန့်သန့်ရှင်းရှင်း ထားပေးရမယ်… ညစ်ပတ်နေရင်တော့ မကောင်းတာတွေ စွဲကပ်လာမှာပဲ…"


"အရှင်ပြောတာမှန်လိုက်တာ…" 


လယ်သမားမှာ ယခုမှ ဥာဏ်အလင်းပွင့်သွားသည့်နှယ် ၀က်ကိုနှိပ်နယ်ပေးရင်း ဆိုလာခဲ့သည်။


"ကျွန်တော်၀က်တဲကို မကြာခဏသန့်ရှင်းပေးပါ့မယ်"


.......


LJJ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတွင်...


[ငါအချက်ပေးသံကိုကြားပြီး ပြန်ရောက်လာပါပြီ…ဒီမှာ ကြိုတင်သတိပေးချက်ပါ…]


[ကြိုတင်သတိပေးချက်ပါ ဘော့စ်စွေ့က ပြီးမှမျက်နှာပူရတော့မယ်…]


[ရင်သားနဲ့ဆိုင်တဲ့ အကြောင်းအရာတွေပါလို့ လူအများကြားမှာ ကြည့်နေတယ်ဆိုရင် သတိထားကြပါ…]


[အပိုင်းရဲ့နောက်ဆုံးနားမှာ အမချောကြီးတစ်ယောက် သူမရဲ့ရင်သားတွေကို ပြသတဲ့အပိုင်းပါလာပါလိမ့်မယ်…အားလုံးပဲ screen shotယူဖို့ မမေ့ကြနဲ့နော်…]


[ဟာ…]


[ဘယ်လိုသတိပေးချက်ကြီးလဲ…]


[မင်းအမေပဲကွ…]


[ဒီလူလိမ်တွေရဲ့ စကားကိုယုံခဲဲ့မိတာ အခုတော့ ငါလေးခမျာ ၀က်နို့အတန်းလိုက်တွေကိုကြည့်ပြီး ဆွံ့အနေရပြီ…]


[အစ်မချောကြီးလို့ပြောခဲ့တာ ဘယ်ကောင်လဲကွ ၊ငါမင်းကိုရိုက်မသတ်နိုင်ဘူးဆို ကြိုက်တာပြော…]


[တံတွေးတောင်သီးတယ်... မင်းတို့ဘောစ့်စွေ့က ၀က်နို့ကြီးကြည့်ပြီးလည်း မျက်နှာပူတတ်တာပဲလား… သူကသေချာမကုတတ်လို့ ရှက်နေရုံပါပဲ အိုကေ…]


[ငါဒီအပိုင်းကို ကြိုသိနေပြီးသား… ဘော့စ်စွေ့ကဘယ်လိုတုံ့ပြန်မလဲဆိုတာရယ်… ၀က်မက ဘယ်လိုတုန့်ပြန်မလဲဆိုတာရယ်…]


[၀က်မကြီးကို ထည့်ထည့်မပြောပါနဲ့ ကျေးဇူးပါလို့…]


[ဒီliveလွှင့်တဲ့အခန်းမှာ ပုံမှန်လူတွေရောရှိကြသေးရဲ့လား… ငါကတော့အကုန်လုံးကို reportတင်ပြီဟေ့…]



🌾🌾🌾