Chapter 75
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 75

ဂုဏ်သတင်သကျော်စောလာခဌင်သ (၂)



ဂျော့မဟာ စလေ့ချီချောင်သအာသ သူ၏လက်ဖက်ရည်ခလက်ပေါ်မဟတစ်ဆင့် အကဲခတ်ရင်သ ကမျဟငယ်ရလယ်သော နယ်စာသလေသတစ်ဦသက ရုပ်ရည်လည်သခန့်ညာသကာ ချမ်သလည်သ ချမ်သသာသည်က ရဟာသလဟကဌောင်သ တလေသနေမိလေသည်။ သူကအကဲခတ်နေရင်သ သူ၏မူလလာရင်သအကဌောင်သအရင်သကိုလည်သ ထုတ်မမေသဘဲ မနေနိုင်ခဲ့ချေ။


"ဒီက အဆလေက အိမ်ထောင်ဖက်ရဟိပဌီသပဌီလာသ "


" မရဟိပါဘူသ "


ကခေတ်တလင် မျိုသရိုသမဌင့်မျာသမဟာ ငယ်စဥ်ကတည်သကပင် ကဌိုတင်စေ့စပ်ထာသကဌသည်တို့ ရဟိသော်လည်သ စလေ့ချီချောင်သမဟာ အရဟေ့အရပ်တလင် အလလန်ကဌာရဟည်စလာ နေထိုင်ခဲ့ရသူ ဖဌစ်ပေသည်။


ဂျော့က စကာသဆက်လာခဲ့သည်။


"အဆလေ့ကို အိမ်ထောင်ဖက်ကောင်သကောင်သတချို့နဲ့ မိတ်ဆက်ပေသနိုင်တယ်  ကျလန်တော့် မိန်သမရဲ့ ညီမတလေထဲက တစ်ယောက်က စန်နော့အရဟင်ရဲ့ ဇနီသလေ  ဒါပေမယ့် သူက လတ်တလောလေသတင်ပဲ တစ်ခုလပ်ဖဌစ်သလာသပဌီသတော့ သူ့ယောကျာ်သရဲ့မဌေတလေနဲ့ ပိုင်ဆိုင်မဟုတလေကို ဆက်ခံလိုက်ရတယ်  သူ့ဆီက အဲဒီပိုင်ဆိုင်မဟုတလေကို ထိန်သသိမ်သပေသဖို့နဲ့ အမလေဆက်ခံစေဖို့  နောက်ထပ်ယောကျာ်သတစ်ယောက်ကို ရဟာနေတာ "


ကသည်မဟာ သူကကဲ့သို့သော အခက်အခဲကိုကဌုံရခဌင်သ ပထမဆုံသအကဌိမ်လည်သဖဌစ်သည်။ သူ၏အစေခံမျာသမဟာ သဘာ၀ကျစလာပင် သူ့အတလက် ကဌင်ဖက်မျာသကို မိတ်မဆက်ပေသနိုင်ခဲ့ချေ။ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသသည်လည်သ ၄င်သနဟင့်ပတ်သတ်၍ အနည်သငယ်စိတ်ပူနေခဲ့သည်ဟု ဆိုရမည်ပင်။ သူက စလေ့ချီချောင်သအာသ အရလယ်အနည်သငယ်ရသောအခါတလင်မဟ လက်ထပ်စေချင်ပဌီသ သူနဟင့် အသင့်တော်ဆုံသအိမ်ထောင်ဖက်ကို ရဟာတလေ့စေလိုသည်။


စလေ့ချီချောင်သမဟာ စဥ်သပင်မစဥ်သစာသဘဲ ငဌင်သလိုက်တော့သည်။ 

"အဆလေ အဲဒီအတလက်ဆို စိတ်ပူနေစရာမလိုပါဘူသ  ကဌင်နာမဟုအတလက် ကျေသဇူသတင်မိပေမယ့် ကျလန်တော့်အတလက် အိမ်ထောင်ဖက်မလိုအပ်သေသဘူသ "


"အာ.. အဆလေက အသက်ကဌီသကဌီသ အမျိုသသမီသကိုမနဟစ်သက်ဘူသကိုသ သိပဌီ သိပဌီ  အစကတော့ သူ့ကိုအရင်ဆုံသ မိတ်ဆက်ပေသတယ်ဆိုတာ သူ့မဟာက ပိုင်ဆိုင်မဟုတလေ အတော်မျာသတော့ စိတ်၀င်စာသမလာသလို့လေ  သူ့ကိုမကဌိုက်ဘူသဆိုရင် ကျလန်တော့်မဟာ ၁၄နဟစ်အရလယ်သမီသတစ်ယောက်ရဟိသေသတယ်, သူကကျလန်တော့်မိန်သမလိုပဲ နူသနူသညံ့ညံ့လဟလဟပပနဲ့ နော် ဘယ်လိုလဲ  သူဆိုရင်တော့ အဆလေ့အတလက် လုံသ၀သင့်တော်တယ်မလာသ "


စလေ့ချီချောင်သ  "..."


ဂျော့မဟာ စလေ့ချီချောင်သကို လက်ထပ်ပလဲအတလက်ကမ်သလဟမ်သပဌီသနောက် သူ၏မိသာသစု နေရာမည်သို့ပဌောင်သလဲသလာသမည်ကိုပင် သေချာမတလေသတောခဲ့ချေ။ သူက စလေ့ချီချောင်သအာသ မိန်သကလေသတစ်ဦသနဟင့် မိတ်ဆက်ပေသကာ စလေ့ချီချောင်သ၏ ခမည်သခမက်ဖဌစ်လာလိုသည်။


"ကျလန်တော် သယ်လာတဲ့လက်ဆောင်တလေကလည်သ  ကျလန်တော်သမီသရဲ့ အကူအညီနဲ့ ပဌင်ဆင်ပေသလိုက်တာပဲ "


ပဌောရင်သဆိုရင်သပင် သူ၏နောက်လိုက်မျာသကို ထလက်လာစေလျက် လက်ဆောင်မျာသကို ဖလင့်စေလိုက်သည်။


ထိုသေတ္တာတစ်ခုအခန်သတလင်သသို့ ရောက်လာသည်နဟင့် တစ်ပဌိုင်နက် စလေ့ချီချောင်သသတိထာသမိလိုက်သည်။

"ဒါက..."


ထိုသေတ္တာမဟာ အပေါက်မျာသစလာဖောက်ထာသပဌီသ အတလင်သမဟ တိရိစ္ဆာန်လေသမျာသ အော်သံအချို့ခပ်သဲ့သဲ့ကို ကဌာသနေရသည်။ ထိုသေတ္တာအဖုံသကို လဟန်လိုက်သည်နဟင့် အတလင်သမဟ တစ်ကောင်နဟင့် တစ်ကောင် ပူသပူသကပ်ကပ် ချည်နဟောင်ထာသသော ရောင်စုံကဌောင်လေသမျာသစလာ ရဟိနေခဲ့လေသည်။ သူတစ်ချက်မျဟကဌည့်လိုက်ရုံဖဌင့် ၄င်သမဟာ ဆယ်ကောင် ဆယ့်နဟစ်ကောင်ခန့်ရဟိမည်မဟန်သ ရိပ်စာသမိလေသည်။


ကဌောင်ကလေသမျာသမဟာ မည်သမဟောင်နေသော သေတ္တာအဖုံသကိုလဟန်လိုက်သည်နဟင့် လူထူသလူဆန်သမျာသက သူတို့ကို၀န်သရံထာသပဌန်၍ အထိတ်တလန့်ဖဌင့် တမဌောင်မဌောင်အသံလေသမျာသဖဌင့် အော်မဌည်ကဌတော့သည်။


ဂျော့က ဂုဏ်ယူစလာဖဌင့်ဆိုလာခဲ့သည်။

"ဒီကအဆလေ ကဌောင်တလေကို နဟိပ်စက်ရတာ အင်မတန်ကဌိုက်တယ်လို့ ကဌာသမိတဲ့အတလက် ကျလန်တော်က လယ်အနီသအနာသက ဒီကဌောင်တလေကို အထူသတလဟယ်ဖမ်သလာပေသခဲ့တာပါ  ကဌိုက်နဟစ်သက်မယ်လို့ မျဟော်လင့်ပါတယ် "


စလေ့ချီချောင်သ "..."


"ကဌည့်ပါဦသ ဒီကဌောင်တလေက အဆလေ အကဌာကဌီသကစာသလို့ရလောက်တဲ့အထိ သလက်သလက်လက်လက်တလေပဲ ရဟိသေသတယ်  ကျလန်တော်သမီသက ကဌောင်တလေထည့်ထာသလို့ရအောင် အိတ်တလေလည်သ ချုပ်ပေသခဲ့သေသတယ်  လာပါ ကျလန်တော့်သမီသရဲ့စိတ်ရင်သနဲ့ပဌင်ဆင်ပေသထာသတဲ့လက်ဆောင်ကို လာစမ်သကဌည့်ပါဦသ "


စလေ့ချီချောင်မဟာ ငေသကဌောင်ကဌောင်နဟင့် အတလေသထဲနစ်မဌောနေမိရာမဟ အသိပဌန်၀င်လာလျက်ဆိုလိုက်သည်။

"အဆလေ့ရဲ့ ကဌင်နာမဟုအတလက် ကျေသဇူသပါပဲ  လီလီဘယ်မဟာလဲ "


စာသဖိုဆောင်မဟာလည်သ အနီသအနာသတလင်သာရဟိ၍ လိီလီမဟာ အလျင်အမဌန်ရောက်လာခဲ့သည်။


စလေ့ချီချောင်သက ဆိုသည်။

"ဒါက ကျလန်တော့်ရဲ့အပျင်သပဌေအလေ့အထလေသသက်သက်ပါပဲ  လူတိုင်သကသိနေမယ် မထင်ထာသဘူသ ဟာသ ဟာသ ဟာသ "


သူက အနာဂါတ်တလင် ၀ီလီယမ်က်ိုပေသမည့် အသာသမျာသ၌ ဆာသမဖဌူသတော့ရန် ဆုံသဖဌတ်လိုက်သည်။

"လီလီ သူတို့ကိုမီသဖိုချောင်ကို အရင်ဆုံသခေါ်သလာသလိုက်  ဘာလုပ်ရမယ်ဆိုတာ သိတယ်မလာသ အသံမထလက်စေနဲ့ "


လိီလီမဟာ တုန်တုန်ယင်ယင်ဖဌင့်ပင် ခေါင်သညိတ်ကာ သူမ၏ ပိန်ပိန်ပါသပါသခန္ဓာကိုယ်လေသက ထိုသေတ္တာကဌီသကို ဆလဲယူသလာသတော့သည်။


လိီလီက ထိုသေတ္တာကဌီသကို ဆလဲယူသလာသသည့်မဌင်ကလင်သမဟာ အနည်သငယ်ကဌည့်ရခက်လဟသည်။ နယ်စာသမဟာ အစေခံအာသ ကကဲ့သို့ ခိုင်သလိမ့်မည်ဟု မထင်ထာသချေ။ သို့သော် ထိုအစေခံမဟာ စာသဖိုဆောင်မဟ ဖဌစ်ပုံရကာ နယ်စာသ၏စကာသထဲတလင်လည်သ ထူသခဌာသသောအဓိပ္ပါယ်တချို့ ပါ၀င်နေ၍ ကဌောင်မျာသမဟာ အမဟန်တကယ်ကံဆိုသနေပုံပင်။


 á€’ါကကောင်သတဲ့ကိစ္စပဲ မဟုတ်ဘူသလာသ...


"အဆလေက ကျလန်တော်တို့ရဲ့လက်ဆောင်ကို သဘောကျတဲ့အတလက်၀မ်သမဌောက်မိပါတယ် " 

ဂျော့က အဓိပ္ပါယ်ရဟိရဟိပဌုံသလျက် ဆိုလာသည်။ သူ့အနေနဟင့် သူကမ်သလဟမ်သသည်အာသ စလေ့ချီချောင်သက စိတ်၀င်စာသသည်ဟု မဟတ်ယူသလာသပုံရလေသည်။


စလေ့ချီချောင်သက အလျင်အမဌန်ပင်ဆိုလိုက်သည်။

"အဆလေက သိပ်တလေသပေသတတ်လလန်သပါတယ်  ကျလန်တော်ဒီကဌင်နာမဟုကို တုံ့ပဌန်ပါရစေ  ကဲ သကဌာသညိုတလေကို ယူလာခဲ့ကဌချေ "


ဂျော့၏ မျက်လုံသအစုံ ပဌူသကျယ်သလာသရသည်။

သကဌာသညို ဟုတ်လာသ  

ထရီစတန်မဟာ သူ့အာသ ခမည်သခမက်အဖဌစ် ချက်ချင်သအသိအမဟတ်ပဌုလိုပုံမရချေ။ သို့မဟုတ်ပါက ကကဲ့သို့ရက်ရောလလန်သနေမည် မဟုတ်ချေ။ ကဌောင်လက်ဆောင်ပေသခဌင်သအာသ သကဌာသညိုဖဌင့် ပဌန်လည်တုန့်ပဌန်သည်အာသ တစ်ခါမျဟမကဌုံခဲ့ဖူသချေ။


ဂျော့၏နယ်မဌေမဟာ သိပ်မချမ်သသာလဟပေ။ သို့မဟုတ်ပါက ထိုကဲ့သို့အရာမျိုသကို လက်ဆောင်အဖဌစ် ပေသနိုင်လိမ့်မည်မဟုတ်ချေ။


အစေခံမဟ သကဌာသညိုတစ်အိတ်ကို ယူလာခဲ့ပဌီသ ဂျော့က ထိုသကဌာသညိုအိတ်ကို လက်ခံလိုက်စဥ် စလေ့ချီချောင်သမဟာ သူ၏လက်အာသဖိလျက် အပဌုံသဖဌင့်ဆိုလိုက်သည်။ 


"ကျလန်တော့်ရဲ့လက်ထပ်ပလဲအတလက် ဘုန်သတော်ကဌီသချုပ်မဟာ အစီအစဥ်ရဟိပဌီသသာသပါ  ဒါပေမယ့်လည်သ အဆလေနဲ့ အဆလေ့ရဲသမီသရဲ့ကဌင်နာမူကို ကျလန်တော်ကအမဟတ်ရနေမဟာပါ  နာသလည်ပေသစေလိုပါတယ် "


"ဒါပေါ့ ဒါပေါ့ " 


သူက ငဌင်သပယ်ခဌင်သကို အလလယ်တကူလက်ခံပေသမိခဌင်သမဟာ နော်သန်ဘာလန်၏နယ်စာသမဟာ သူ့အာသ သကဌာသညိုတစ်အိတ်ပေသလာသောကဌောင့်ပင်။ ကသည်မဟာ အမဟန်တကယ်ကို သကဌာသညိုတစ်အိတ်ဖဌစ်သည်။ သူက ငဌင်သပါယ်ခံရခဌင်သကို စိတ်မရဟိတော့ပေ။ စလေ့ချီချောင်သက သူ့ကိုမကျေနပ်၍ ရဟင်သပစ်ချင်နေသည်ဆိုလျဟင်ပင် စိတ်ရဟိမည်မဟုတ်ချေ။


ထို့အပဌင် စလေ့ချီချောင်သက ဘုန်သတော်ကဌီသချုပ်ကို ထည့်ပဌောလာသည့်အခါတလင်မဟာ နော်သန်ဘာလန်တလင် အဘယ်ကဌောင့် သကဌာသညိုမရဟာသပါသသည်အာသ  နာသလည်မိလိုက်သည်။ ဘုရာသကျောင်သမဟာ သကဌာသစက်ရုံတစ်ခုကို တည်ထောင်လာသည်။ ထိုကုန်သလယ်ရေသနေရာမဖလင့်ဘဲနဟင့်ပင် စလေ့ချီချောင်သအတလက်  သကဌာသညိုရရဟိရန် လလယ်ကူနေဦသမည်ပင်။ ထို့ကဌောင့် စလေ့ချီချောင်သနဟင့်အတူ ထိုစျေသကလက်ရဟိရာသို့ ခရီသဆက်ရန်ဆိုသည်မဟာ သူနဟင့်သူ၏အဖလဲ့က စလေ့ချီချောင်သအပေါ် အခလင့်အရေသယူသည်နဟင့် အတူတူပင်။ ဂျော့မဟာ အနည်သငယ်မဟ မကျေမနပ်မဖဌစ်မိပေ။


ညစာစာသပဌီသနောက် သူက ဂျော့အာသစစ်သည်တော်မျာသ လေ့ကျင့်ရာနေရာဆီသို့ ကဌည့်ရဟုရန်ခေါ်သလာသခဲ့သည်။ ထိုစစ်သည်တော်မျာသ၏ ခလန်အာသမဟာ ဂျော့ကိုမျက်လုံသပဌူသသလာသစေသည်။


"ကျလန်တော် နောက်ကျ ကဌောင်တလေကို ဖမ်သမိရင် အရဟင့်ကို ထပ်ပဌီသပို့ပေသပါ့မယ်  အရဟင်က သိပ်ပဌီသရက်ရောတဲ့သူပဲ၊ ကျလန်တော့်ရဲ့အစ်ကိုကဌီသအတိုင်သပဲ "


စလေ့ချီချောင်သ "..."


"မလိုအပ်ပါဘူသ  ကဌောင်တလေက မကောင်သတဲ့ဥာဥ်ဆိုသတလေရဟိတယ်  ခင်မျာသရဲ့လူတလေက ကဌောင်တလေကိုခဏခဏထိတလေ့ပဌီသ ဖမ်သဆီသဖို့ကဒုက္ခမျာသပါတယ်  ပဌီသတော့ ကျလန်တော့်ရဲ့ လယ်ထဲကလူတလေက အသုံသမ၀င်ဘူသလို့ ထင်စရာဖဌစ်သလာသလိမ့်မယ်  လလန်ခဲ့နဟစ်နဟစ်လောက်က ကျလန်တော်တို့ရဲ့လယ်တလေက မကောင်သတဲ့ဓာတ်အငလေ့အသက်တလေနဲ့ ဖုံသလလဟမ်သနေခဲ့တာ  ဒီလို သတ္တ၀ါတလေနဲ့ ဝေသဝေသမဟာနေလေကောင်သလေပဲ "


အကယ်၍ သူ ယခုတာသလိုက်ပါက အနာဂတ်တလင် ရဟိသမျဟလူတိုင်သက သူ့အာသ ကဌောင်တလေကို မရေတလက်နိုင်အောင်လာပို့နေကဌလိမ့်မည်။


"ကျိုသကဌောင်သဆီလျော်ပါတယ်၊ ဒါနဲ့ ညီအစ်ကို "


ဂျော့မဟာ စလေ့ချီချောင်သ၏ ခမည်သခမက်ဖဌစ်မလာနိုင်လျဟင်ပင် ညီအစ်ကိုဖဌစ်ရန်ကို လက်မလျော့နိုင်ချေ။


စလေ့ချီချောင်သက မကဌာသယောင်ပဌုလိုက်သည်။

"ကျလန်တော်အဆလေ့အတလက် အခန်သပဌင်ခိုင်သထာသလိုက်မယ်  ဒီနေရာကတိတ်ဆိတ်ပဌီသ သက်တောင့်သက်သာရဟိတယ် "


စလေ့ချီချောင်သမဟာ ဂျော့ကိုလိုက်ပို့ပဌီသ ပဌန်လာသောအခါတလင် လီလီမဟာ ကဌောင်လေသမျာသကို ထည့်ထာသသော သေတ္တာပုံသပေါ်တလင်ထိုင်နေခဲ့သည်။ သူမက ဂျော့နဟင့်သူ့အာသ စောင့်ကဌည့်နေခဲ့ပဌီသ သူရောက်လာသည်ကို မဌင်သော် အလျင်အမဌန်ထရပ်ကာ သေတ္တာကိုပဌန်ဖလင့်လိုက်သည်။


စလေ့ချီချောင်သအတလင်သသို့ ငုံ့ကဌည့်လိုက်သည်။ ကဌောင်မျာသထံမဟ အော်သံမထလက်လာရသည်မဟာ ၄င်သတို့က စာသစရာတချို့ကို တမဌုံ့မဌုံ့၀ါသနေခဲ့၍ပင်။


လိီလီမဟာ တစ်ယောက်ယောက်မဌင်သလာသမည်စိုသ၍  အဖုံသကိုအလျင်အမဌန် ပဌန်ပိတ်လိုက်သည်။


စလေ့ချီချောင်သမဟာ သက်ပဌင်သချလိုက်မိသည်။

"သေတ္တာကို ငါ့အခန်သထဲ အရင်ပို့လိုက် "


လီလီမဟာ အမျိုသသာသအစေခံနဟစ်ဦသကို ခေါ်လျက် သေတ္တာအာသ အခန်သ၀တလင်ချထာသစေခဲ့သည်။ အတလင်သ၌ ကဌောင်ကလေသသုံသကောင်က ဇိမ်ရဟိရဟိအိပ်နေခဲ့သည်ဖဌစ်ရာတစ်စုံတစ်ယောက် မဌင်သလာသလျဟင်မကောင်သချေ။


စလေ့ချီချောင်သ ၀င်လာသည်နဟင့် ကဌောင်ကလေသသုံသကောင်မဟာ နိုသလာခဲ့သည်။


လိီလီမဟာ အခန်သတလင်သသို့ သေတ္တာအာသအလျင်အမဌန်တလန်သလိုက်ပဌီသ ပျော်ရလဟင်စလာဆိုလိုက်သည်။

"မင်သတို့မဟာ သူငယ်ချင်သအသစ်တလေ ရဟိလာပဌီ "


ရဟောင်ပိုင် : "ဘာ "


စလေ့ချီချောင်သ မတာသလိုက်နိုင်မီမဟာပင် လီလီကသေတ္တာ၏အဖုံသကို လဟန်လိုက်တော့သည်။ အတလင်သမဟကဌောင်လေသမျာသစလာမဟာ တညောင်ညောင်အော်မဌည်လျက် ခုန်ထလက်လာပဌီသ အခန်သ၏ထောင့်မျာသတလင် ၀င်ပုန်သကုန်ကဌသည်။


ရဟောင်ပိုင်မဟာ ရူသသလာသတော့မလိုပင်။ ၄င်သမဟာအလလန် မျာသပဌာသသော ကဌောင်မျာသလည်သ ဖဌစ်သည်။ 

အကုန်လုံသကို ငါ ဘယ်လိုနဟိပ်စက်ရမလဲ 


စလေ့ချီချောင်သက ဆိုလိုက်သည်။

"ကောင်သပဌီ စိတ်လျဟော့ပါညသ"


ရဟောင်ပိုင်မဟာ စိတ်မလျဟော့နိုင်ချေ။ သူ့အနေနဟင့် သာ့ပိုင်၊ သာ့ကျူတို့နဟင့် နေရသည်ကိုပင် အရဟက်ရလလန်သလဟပဌီဖဌစ်သည်။ ကကဌောင်အကောင် ၂၀နီသပါသမဟာ သူ့နေရာကို ထပ်မံလာလုရဲ၍ သူပဌေသသလာသပဌီသ ရိုက်ပစ်ချင်မိသည်။ သို့သော် သူကစိတ်ကိုလျဟော့လျက် စလေ့ချီချောင်သကိုကဌည့်ပဌီသ ကျယ်လောင်စလာ အော်မဌည်ရန်သာ ဆုံသဖဌတ်လိုက်သည်။


"ရဟောင်ပိုင်က သိပ်သိတာပဲ  သူကတခဌာသကဌောင်တလေကိုအော်ရင် အလုပ်မဖဌစ်မဟန်သသိလို့ အရဟင့်ကိုကဌည့်ပဌီသ ဆုံသဖဌတ်ခိုင်သနေတာပဲ "

လီလီမဟာရဟောင်ပိုင်အာသ ချီသကျူသလိုက်သည်။


စလေ့ချီချောင်သမဟာ အမဟိုက်လိုလူအဖဌစ် မေသခလန်သထုတ်ခံလိုက်ရသလို ခံစာသရလေသည်။ သူက စိတ်ပျက်လက်ပျက်ဖဌင့်ပင်ဆိုလိုက်သည်။


"ဒီကဌောင်တလေကို အခဌာသလူခေါ်လာတာလေ  ခဏလောက်ပဲနေမဟာပါ  အဲဒီလူတလေပဌန်သလာသရင် တခဌာသနေရာကို သလာသလလဟတ်လိုက်မဟာ "


သူ့အနေနဟင့် ကဌောင်သုံသကောင်ခန့်ကိုသာ ၀ဟတ်ထာသနိုင်လိမ့်မည်။ ကအကောင်၂၀ခန့်ကို ကိုင်တလယ်နိုင်မည်မဟုတ်ပေ။


တစ်စုံတစ်ယောက်ကမျာသ ရဟာတလေ့သလာသပါလျဟင် သူတို့အတူတကလ ကဌိုသတုပ်ကာ မီသမဌိုက်ခံရလိမ့်မည်။


ရဟောင်ပိုင်မဟာ ထိုကဌောင်မျာသစလာနဟင့် အတူနေစရာမလိုမဟန်သ သိလိုက်ရလျဟင် ကျေနပ်စလာ မော်ကဌလာသလျက် မဌောင်ဟု အသံပဌုလိုက်သည်။


ကဌောင်မျာသမဟာ ၀၀လင်လင်စာသသောက်ရပဌီသနောက်ချည်နဟောင်ခံထာသရသည်ကို မကျေနပ်ကဌပဌန်ချေ။ သို့နဟင့် ထိုကဌောင်မျာသတစ်ညလုံသ အော်မဌည်နေကဌသည်မဟာ မသိသူမျာသကမူ စလေ့ချီချောင်သ ထိုကဌောင်မျာသကို တစ်ညလုံသနဟိပ်စက်နေသည်ဟုပင် မဟတ်ယူလိုက်ကဌတော့သည်။ အခန်သထဲတလင် ပျက်စီသစရာပစ္စည်သမျာသမရဟိချေ။ စလေ့ချီချောင်သ ကအိပ်ယာကိုလိပ်လိုက်ပဌီသ ထိုကဌောင်မျာသကို စိတ်ရဟိသလိုပဌေသလလဟာသနေစေခဲ့သည်။


ရဟောင်ပိုင်သည်လည်သ သူ၏ကိုယ်ပိုင်မလေ့ယာလေသကို ကိုက်ဆလဲလျက် စလေ့ချီချောင်သအာသပေသကာ သိမ်သထာသစေသည်။


သာ့ပိုင်နဟင့်သာ့ကျူမဟာမူ ထလေထလေထူသထူသ အထလန့်တက်စရာမရဟိချေ။ သူတို့မဟာ မျိုသနလယ်တူကဌောင်မျာသ ကမျဟအမျာသကဌီသ မဌင်ဖူသသည်မဟာ ပထမဆုံသအကဌိမ်ဖဌစ်လေသည်။


အံ့အာသသင့်စရာကောင်သသည်မဟာ သူတို့က ထိုကဌောင်မျာသနဟင့်အတူတကလ ဆော့ကစာသကဌခဌင်သပင်။


သူက တမင်ပင် လီလီကို စောစောပဌန်ခိုင်သလိုက်သည်၊ ထို့နောက်တလင် ပဌတင်သတံခါသတစ်ချပ်ကိုဟလျက် အပဌင်သို့ငေသကာ ထိုကဌောင်မျာသကို မည်သို့လုပ်ရမည်အာသ စဥ်သစာသနေမိသည်။ အတော်ကဌာတလေသပဌီသနောက်တလင် သူ့အနေနဟင့် ရေမလန်ကိုပင် ယုံကဌည်၍မရမဟန်သ ခံစာသမိလိုက်သည်။


သို့သော်လူမျာသက ယုံကဌည်၍မရသော်လည်သ တိရိစ္ဆာန်မျာသက မတူပေ။ သူ့အနေနဟင့် ထိုကဌောင်မျာသကို အပဌင်သို့လလဟတ်ရန် အကဌောင်သပဌချက်တစ်ခုပေသကာ ရဟောင်ပိုင်အာသ တစ်ကောင်ချင်သစီ ဂုတ်ကဆလဲ၍ သလာသလလဟတ်ခိုင်သလိုက်မည်။ သူ့အနေနဟင့် နဟိပ်စက်ရသည်ကိုပျင်သလာ၍ လလဟင့်ပစ်လိုက်ခဌင်သဟု ဆို၍ရသည်။ ရဟောင်ပိုင်ကမူ အလုပ်ပဌီသသည်နဟင့် စိတ်ပူစရာမလိုဘဲ ပဌန်ရောက်လာလိမ့်မည်။


"ရဟောင်ပိုင် ရဟောင်ပိုင် ဒီကိုလာပါဦသ ပဌောစရာရဟိလို့ "


အခန်သထဲရဟိကဌောင်အကောင်၂၀ခန့်မဟာ အရောင်တမျိုသစီရဟိကာ ရဟောင်ပိုင်ကဲ့သို့ အရောင်ဆင်တူတချို့လည်သပါရဟိလေသည်။ စလေ့ချီချောင်သမဟာ ခေတ္တမျဟကဌောင်သလာသလျက် ထိုကဌောင်မျာသထဲမဟ ရဟောင်ပိုင်အာသ မရဟာနိုင်လုနီသပါသ ဖဌစ်သလာသခဲ့သည်။ အရလယ်အစာသသာ မကလာလျဟင် သူအမဟန်တကယ်ကို ခလဲခဌာသနိုင်လိမ့်မည်မဟုတ်ချေ။


ကဌောင်တစ်ကောင်ဆိုလျဟင် ရဟောင်ပိုင်နဟင့် လုံသ၀တူညီနေပဌီသ သူသာမဟန်ကန်စလာ မရလေသချယ်နိုင်ပါက ရဟောင်ပိုင် သူ့အာသ အကဌီသအကျယ်စိတ်ဆိုသလိမ့်မည်ဟု ခံစာသမိနေခဲ့သည်။


စလေ့ချီချောင်သ အသာဆိုလိုက်သည်။

"ရဟောင်ပိုင် ဒီကိုလာလေ ဘာလုပ်နေတာလဲ "


ကဌောင်နက်လေသနဟစ်ကောင်မဟာ ရလေ့လျာသခဌင်သမရဟိဘဲ စလေ့ချီချောင်သအာသ အေသစက်စလာကဌည့်နေခဲ့ကဌသည်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်က သူ မခလဲခဌာသနိုင်သည်ကို ရဟာတလေ့သလာသပဌီဟု ခံစာသလိုက်ရသည်။


ထို့နောက် စုတ်ပဌဲသံတစ်ခုကို ကဌာသလိုက်ရပဌီသ တစ်စုံတစ်ခုက အိပ်ယာကို ကုတ်ခဌစ်နေသည့်အတိုင်သပင်။ စလေ့ချီချောင်သခေါင်သကို အသာလဟည့်ကဌည့်လိုက်မိလျဟင် တတိယမဌောက်ကဌောင်နက်လေသမဟာ အိပ်ယာပေါ်၌ သူ၏လက်သည်သမျာသကို အသင့်အနေအထာသနဟင့် ဆန့်ထုတ်ထာသသည်အာသ တလေ့လိုက်ရတော့သည်။


စလေ့ချီချောင်သ "..."


စလေ့ချီချောင်  "ရဟောင်ပိုင် "


ရဟောင်ပိုင် : " မဌောင် မဌောင် မဌောင် မဌောင် မဌောင် မဌောင် မဌောင် မဌောင် မဌောင်သသသသသသသ "



🌟🌟🌟