Chapter 32
Viewers 6k

🧝Chapter 32

ရွာအစည်းအဝေး



သူတို့နှစ်ဦးရောက်သွားချိန်တွင် ခန်းမတွင်း၌ လူပြည့်လုနီးပါး ရှိနေပြီဖြစ်သည်။ ဘိုးဘေးခန်းမအရှေ့ နေရာလွတ်တွင် ထိုင်ခုံများကိုတန်းစီချကာ နေရာယူထားပြီး မြောင်ဟယ် ရောက်ရောက်ခြင်းမှာပင် လူအချို့ကိုမှတ်မိသွားခဲ့သည်။ ရွာလူကြီးထိုင်ခုံနေရာတွင် ထိုင်နေသော ကျေးရွာခေါင်းဆောင်မှတစ်ပါး ရွာအတွင်းရှိ လေးစားခံအကြီးအကဲအချို့မှာ သူ၏ဘေးတွင် ထိုင်နေကြသည်။ ထိုအကြီးအကဲများမှာ မြောင်ကျားရွာတိုးတက်ရေးအတွက် အဓိက‌စွမ်းဆောင်ပေးခဲ့သော မိသားစုကြီးများ၏ အကြီးအကဲများဖြစ်ကြပြီး ထိုအတွက်ကြောင့်ပင် မြောင်ကျားရွာလူကြီးမှ အရေးတကြီးထုတ်ပြန်ရန် ရှိသောအခါတွင် သူ့သဘောချည်းသက်သက်မဟုတ်ကြောင်း သက်သေပြရန် နောက်ခံအဖြစ် ၎င်းတို့ကိုအသုံးပြုခြင်းဖြစ်သည်။ 


သေချာပေါက်ပင် မြောင်ကျွယ်သည်လည်း အကြီးအကဲများကြားတွင် ရှိနေခဲ့သည်။ သူ၏မောက်မာသောစိတ်ထားနှင့် ဆန့်ကျင်လှစွာပင် နက်ပြာရောင်စာသင်သားဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျေးရွာလူကြီး၏ဘေးတွင် ထိုင်နေကာ ရွာလူကြီးမှ သူ၏အနားသို့ကပ်၍ တီးတိုးပြောလာချိန်များတွင် ထိုသူ၏မျက်နှာမှာ နွေးထွေးနေပုံရသည်။


မြောင်ဟယ် စူးစမ်းကြည့်လိုက်ပြီးနောက် အနောက်သို့ခြေတစ်လှမ်းအမြန်ဆုတ်လိုက်မိသည်။


ရန်သာ့လန်မှာမူ သူ၏အနားသို့တိုးကပ်လာပြီး သူတို့နှစ်ဦး၏ခေါင်းများ စင်တီမီတာအချို့သာ ကွာတော့သည့်အချိန်၌ မေးလာသည် “ ဘာဖြစ်လို့လဲ…” ထို့နောက် ရန်သာ့လန် ဆက်လက်၍ မြောင်ဟယ်၏လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။


သို့သော်လည်း မြောင်ဟယ်ထံမှ ခေါင်းယမ်းလာသော တုန့်ပြန်မှုကိုသာ ရရှိလိုက်သည်။ မြောင်ဟယ်မှာမူ ယခင်တစ်ကြိမ် လမ်းပေါ်တွင်မြောင်ယွမ်နှင့်အတူပါလာ‌ခဲ့သောကောမှာ မြောင်ကျွယ်၏အနောက်တွင် ရှိနေသည်ကို သတိပြုမိသွားသည်။


ဒုတိယအဒေါ်ရန်သည်လည်း သူတို့အနားသို့တိုးကပ်ကာ ပြောလာခဲ့သည် “ အာ မင်းတို့နှစ်ယောက်လည်း ရောက်နေကြပြီပဲ… ဟုတ်သားပဲ ဟယ်ကော အရင်တစ်ခေါက် မင်းပေးတဲ့အထည်စတွေကနေ ဘယ်လိုအင်္ကျီမျိုးချုပ်ချင်လဲဆိုတာ အဒေါ်မေးဖို့မေ့နေတာရယ်…”


“ သည်အတိုင်း ဝတ်နေကြပုံစံတွေပဲလုပ်လိုက်ပါ အဒေါ်… ဪ ကျွန်တော့်အတွက်အပြင် သာ့လန်အတွက်ပါ အစုံလိုက်ထည့်ချုပ်ပေးပါနော် ..” မည်သို့ပင်ဖြစ်နေပါစေ ရှေးခေတ်ဝတ်စုံများမှာ မြောင်ဟယ်အတွက် အတူတူသာဖြစ်နေခဲ့သည်။


ဒုတိယအဒေါ်ရန်မှ လက်ကိုယမ်းကာ ပြောလာသည် 


“ ဘယ်လိုပဲဖြစ်ဖြစ် အထည်စက အဆင့်မြင့်အသားပဲလေဟယ်… ထသွားထလာဝတ်စုံပဲချုပ်ရရင် နှမြောစရာကြီးဖြစ်သွားမှာပေါ့…သည်အဒေါ်ကို ဘာလို့များ ချန်ယိမချုပ်ခိုင်းရမှာလဲ…မင်းလည်း တစ်နှစ်ပတ်လည်လုံးမှာ ပိုပြီးသပ်သပ်ရပ်ရပ်ဝတ်စားသင့်တာပဲဟာ…”


ချန်ယိမှာ မည်သို့သောအရာဖြစ်ကြောင်း မြောင်ဟယ်မမှတ်မိနိုင်ခင်မှာပင် ရန်သာ့လန်မှ သဘောတူသောအသံတစ်ချက်ပြုခဲ့ပြီးပြီဖြစ်သည်။


ဒုတိယအဒေါ်ရန်မှ သဘောတူညီစွာဖြင့် ခေါင်းညိတ်ကာ ခေါင်းစဉ်ကိုပြောင်းလဲလိုက်သည် “ အိုးး ဟုတ်သား မင်းရဲ့ဒုတိယအစ်ကိုလည်း ကျောမှီကုလားထိုင်တွေကို ဒုတိယတစ်သုတ်အဖြစ် အမှာစာလက်ခံထားရတယ်တဲ့… သည်တစ်ခါလည်း သမားတော်ကျီစီက မှာထားတာပဲ…မင်းမြို့တက်မယ်ဆိုရင် သည်အဒေါ်ဆီဝင်ခဲ့ဦးနော်… သမားတော်ကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ထည့်ပေးလိုက်ချင်လို့…’’


ရန်သာ့လန် ပြန်မဖြေခင်မှာပင် မြောင်ဟယ် ကပျာကယာဖြတ်ပြောလိုက်သည် “ ဒုတိယအဒေါ် သည့်အတွက် ငွေကုန်ခံဖို့မလိုပါဘူး…သမားတော်ကျီက ကျွန်တော်တို့ခြံက ခရမ်းချဉ်သီးတွေ စားရတာကိုသဘောကျတယ်လေ… သိပ်မကြာခင်မှာလည်း သူ့ဆီကျွန်တော်တို့ပို့ပေးရဦးမှာပဲဟာ သည်အတိုင်းကျေးဇူးတင်စကားပြောလိုက်ရုံနဲ့တင် ရနေပါပြီ… ပြီးတော့လည်း အဒေါ်က ကျွန်တော်နဲ့သာ့လန်အတွက် အင်္ကျီ‌ချုပ်ပေးဖို့ ပြောထားတာပဲဟာ… သည်ဟာနဲ့တင် ပင်ပန်းနေရပါပြီ…”


“ အာ ဘယ်လိုလုပ်ပြီး သည်လောက်ကလေးနဲ့ လုံလောက်မှာလဲ… ခရမ်းချဉ်သီးတွေကိုပဲ လက်ဆောင်အဖြစ်ပေးဖို့ကြ အရမ်းတွန့်တိုနေသလိုဖြစ်မနေဘူးလား…အဒေါ် အသားနဲ့ဥတွေပါ ထပ်ပေါင်းထည့်လိုက်မယ်လေ… သေချာပေါက်ဆေးခန်းမှာစားလို့ရတာပေါ့..” ဒုတိယအဒေါ်ရန်မှ လက်ကိုယမ်းကာ တိုက်တွန်းလာသည်။


မြောင်ဟယ် တစ်ကြိမ်ထပ်မံ၍ နားချရန်ပြင်လိုက်သော်လည်း ရွာလူကြီးမှ အချိန်ကိုက်ပင် ထရပ်ကာပြောလာသည်။


“ ရွာသူရွာသားအပေါင်းတို့ ကျွန်ုပ် ရွာလူကြီးတစ်ယောက်‌အနေနဲ့ သင်တို့ရဲ့မအားလပ်တဲ့အချိန်ကြားကနေ လာခဲ့ပေးကြလို့ တကယ်ပဲကျေးဇူးတင်မိပါတယ်…သည်ကနေ့ ဖိတ်ကြားလိုက်ရတဲ့ အကြောင်းကတော့ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးလိုက်ဖို့မဟုတ်ဘဲနဲ့ သတင်းကောင်းတစ်ခုကို လူတိုင်းနဲ့ဝေမျှပေးချင်လို့ပါဗျာ…”


သတင်းကောင်းဟူသောစကားလုံးကို ကြားလိုက်ရချိန်၌ ရွာသူရွာသားများ၏ ခံစားချက်များမှာ ရှုပ်ထွေးသွားရသည်။


“ သတင်းကောင်းလား… သည်လိုဆိုလည်း အခွန်အခတွေကို လျော့ပေါ့ပေးနိုင်မလားဟင်…အရင်တစ်ခေါက် ဆောင်းရာသီတုန်းက ယွမ်ကျားရွာက နှင်းမုန်တိုင်းဒဏ်ကိုခံထားရတယ်မလား… ကျွန်မတို့စီမှာလည်း သည်လိုလုပ်သင့်တာပေါ့…”


“ အဒေါ်ယွင် ယွမ်ကျားရွာဆိုတာ အဝေးကြီးမှာရှ်ိတာလေ… မင်းကအရမ်းတွေးတတ်တာပဲ…မင်းပြောသလိုသာဆိုရင်တော့ အခုဆိုရင် လူကြီးမင်းတွေကလည်း ပြောင်းသွားပြီလေကွယ်… နောင်လာမဲ့ အခွန်ကောက်အရာရှိတွေက ပြဿနာမရှာကြဖို့ပဲ မျှော်လင့်မိပါတယ်…”


“ သည်လိုဆိုရင် ဘယ်လိုလုပ်ပြီး သတင်းကောင်းဖြစ်မှာလဲရှင့်… တစ်ယောက်ကိုရှင်းပြီးတာနဲ့ ပိုများတဲ့ပြဿနာကောင်တွေက တက်လာဦးမှာပဲဟာ…ကောင်းကင်ဘုံက သည်လူတွေကို မျက်နှာသာပေးသင့်နေပါပြီရှင်…”


ရွာလူကြီးမှ တိတ်ဆိတ်သွားစေရန်အတွက် စက္ကန့်နှင့်အမျှ ဆူညံပွက်လောရိုက်လာသော လူအုပ်ကြီးထံ ကပျာကယာလက်ယမ်းကာ ပြောလိုက်ရသည် “ ရွာသား‌အပေါင်းတို့ မလောကြပါနဲ့ဦး…ငြိမ်ငြိမ်ထိုင်ပြီး ကျုပ်ပြောတာကိုသာ အာရုံစိုက်ပေးကြပါ…”


ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများ ငြိမ်သက်သွားချိန်၌ ရွာလူကြီးမှ‌ဆက်ပြောလာသည် “ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ကောင်းတဲ့အရာဆိုတာက ဆရာမြောင်ရဲ့မိသားစုကနေ စတာပါ…ရွာထဲကလူတိုင်းကြားသိကြတဲ့အတိုင်းပဲ မြောင်ယွမ်က အလွန့်ကိုပါရမီထူးတဲ့ကလေးတစ်ယောက်ဖြစ်တယ်လေ…လွန်ခဲ့တဲ့နှစ်တုန်းက အရည်အချင်းစစ်စာမေးပွဲအောင်ပြီးတာနဲ့ မြောင်ရွှေမြို့ကဆရာစီမှ လမ်းညွှန်မှုတောင်းခံဖို့အတွက် ချက်ချင်းထွက်သွားခဲ့တာ… သည်ကလေးက အမြဲတမ်းအားအရမ်းစိုက်ပြီး စာအုပ်နဲ့မျက်နှာကပ်နေခဲ့တော့ သူ့အားထုတ်မှုတွေက အချည်းနှီးဖြစ်မသွားခဲ့ဘဲ ရှေးဟောင်းစာအုပ်တွေထဲ‌ကနေ အဖိုးမဖြတ်နိုင်တဲ့ တို့ဖူးပူတင်းလုပ်နည်းကို ရှာတွေ့ခဲ့တယ်လေ…’’


မြောင်ဟယ် မနေနိုင်ဘဲ ‌ထိတ်လန့်သွားရသည်။


သာ့ဟယ်စားသောက်ဆိုင်ရဲ့ တို့ဖူးပူတင်းက မြောင်ယွမ်ရဲ့မိသားစုကနေ ထွက်လာခဲ့သည်လော…


သို့သော်လည်း တို့ဖူးပူတင်းမှာ အမှန်တကယ်သာ ရှေးစာပေများထဲတွင် တည်ရှ်ိခဲ့သည်ဆိုပါက အဘယ့်ကြောင့်စာလုံးမှာ ဆင်တူနေရသည်နည်း…


“ မြို့ကိုသွားဖူးခဲ့ကြသူတိုင်း သည်တို့ဖူးပူတင်းက သာ့ဟယ်စားသောက်ဆိုင်ရဲ့ သင်္ကေတဖြစ်ပြီး အတော်လေးဈေးမြင့်တယ်ဆိုတာ သိကြတယ်ဟုတ်.. သည်လိုမှော်ဆန်တဲ့ဟင်းပွဲကို ပဲပိစပ်အစိမ်းကနေ လုပ်ရတာဖြစ်ပြီးတော့ ထုတ်လုပ်ဖို့အတွက်လည်း နေ့တိုင်းအမြောက်အများလိုအပ်တယ်လေ…သည့်အတွက်ကြောင့်ပဲ ဆရာယွမ်က ‌ရွာအပေါ်ဘယ်လိုကူညီနိုင်မလဲဆိုတာကို စေတနာကောင်းကောင်းနဲ့ တွေးပေးထားခဲ့တာ…အရင်ကတည်းကတင် တို့ဖူးပန်းတွေချည်း အထူးထုတ်လုပ်ဖို့အတွက် အလုပ်ရုံအဖြစ်သုံးဖို့ ခြံဝန်းတစ်ခုကိုတောင် တွေ့ထားပြီးသွားပြီ…ထပ်ပေါင်းရမယ်ဆိုရင် တို့ဖူးပန်းလုပ်ဖို့အတွက် လူခေါ်မဲ့အပြင်ကို မင်းတို့တွေစီကလည်း ပဲပိစပ်တွေကို ဝယ်ယူဦးမှာ… သေချာပေါက် ယွင်မြို့ကပေးတဲ့ဈေးထက်ကို မြင့်ဦးမှာပေါ့…”


စကားဆုံးသည်နှင့် စိတ်လှုပ်ရှားမှုများစွာ ထွက်ပေါ်လာသည်။ ရွာသားများမှာ လက်များကိုအသီးသီးထောင်ကာ မေးလာခဲ့ကြသည်။


“ အလုပ်ခေါ်မှာလား… သည်လိုဆိုရင်တော့ တကယ့်ကိုသတင်းကောင်းပဲ…လုပ်အား‌ခပေးဖို့ကကော ဘယ်လိုလုပ်ပေးမှာတဲ့လဲ… ဘယ်လောက်ကောရမှာလဲ…လူတွေဘယ်လောက်များများကို ငှားရမ်းဖို့ကော ကြံရွယ်ထားတာလဲ…”


“ မင်းတို့တကယ်ကြီးပဲပိစပ်တွေဝယ်မှာလားဟင်… ငါ့အိမ်မှာ အိတ်တချို့ရှိနေသေးတာ… နေပါဦး ခဏနေကြရင် သွားရွေ့ထားလိုက်ဦးမယ်…တစ်ကတ်တီကိုကော ဘယ်လောက်ဈေးပေးမှာတဲ့လဲ…”


“ ငါသိချင်တာ‌ကတော့ အငှားအလုပ်သမားတွေကို ထမင်းကျွေးမှာလားဆိုတာပဲ…ဘယ်နှစ်နပ်လောက် ကျွေးမှာလဲဟင်… မနက်စာကော ပါမှာလား…ငါတို့မိသားစုကနွားကိုကော ခေါ်လာလို့ရလား…”


သေချာပေါက်ပင် နှစ်လိုပုံမရသောအသံများလည်း ရောနှောနေခဲ့သည်။


“ အခုတလောလေးကမှ ဆရာ‌မြောင်တို့မိသားစုစီမှာ ကိစ္စကြီးရှိနေတယ်လို့ ငါတွေးနေတာ…ကြည့်ရတာတခြားတစ်ခုဖြစ်နေတာပဲ… အိုက်ယား သူတို့ကလူတွေကိုအမှောင်ချထားတဲ့နေရာမျိုးကြ ‌အရမ်းတော်တာပဲနော် ကျွတ်ကျွတ်…”


“ အလုပ်ရုံကဘယ်နားမှာလဲဆိုတာ ငါသိတယ်…အရင်အချိန်တွေတုန်းက လျှို့လျှို့ဝှက်ဝှက်နဲ့လူတချို့ ဝင်လိုက်ထွက်လိုက်လုပ်ခဲ့‌ဖူးသေးတာ… မေးကြည့်တော့လည်း မဖြေကြဘူးလေ…တံခါးကိုပိတ်ပြီး သည်လောက်ငွေတွေရှာနေမယ်လို့ ဘယ်သူသိနိုင်မှာလဲနော်…”


“ ဟုတ်လောက်မယ်… မြောင်လျန်ကိုပဲကြည့်လေ သူ့အဝတ်အစားတွေက အကောင်းစားတွေကြီးပဲ…ကြည့်ရတာ သူအစောပိုင်းထဲက အလုပ်ရသွားတာပဲနေမှာ…”


“ ဟေး ငါတို့စီက ပဲပိစပ်တွေကိုဝယ်ချင်တာလား… နားထောင်ရတာတော့မဆိုးပေမယ့် သိပ်တော့မဟုတ်ဘူးနော်… မင်းတို့က ကိုယ့်ဘာသာပဲ ငွေသိမ်းချင်နေတာ မဟုတ်ဘူးလား…”


ရွာလူကြီးမှာမူ ထိုစကားများကို မကြားလိုက်သကဲ့သို့ သဘောထားလိုက်ပြီး မြောင်ကျွယ်ထံလှည့်ကာ တလေးတစားပြောလိုက်သည် “ ဆရာမြောင် သည်တစ်ခေါက်အရေးမှာ အသင်တို့ကအဓိကလူတွေဆိုတော့ ရွာသားတွေအတွက် စကားအနည်းငယ်လောက်ပြောပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ…”


မြောင်ကျွယ် သိက္ခာအပြည့်နှင့် ခေါင်းညိတ်ပြလိုက်ပြီး လက်နှစ်ဖက်ကိုနောက်သို့ပစ်ကာ အရှေ့ကိုတက်သွားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရွာထဲတွင် စာတတ်သောလူတန်းစားမှာ အဆင့်တစ်ခုရှိနေပြီးသားပင်ဖြစ်သည်။


မြောင်ကျွယ် လူအုပ်ကြီးအနားသို့‌ ရောက်သွားသည်နှင့် ဆူညံသံများမှာ တိတ်ဆိတ်သွားခဲ့သည်။


“ ကျုပ် မြောင်ကျွယ်က ကောင်းချီး‌ကိုကော အခက်အခဲတွေကိုပါ ရွာသားတွေနဲ့အတူ ထပ်တူထပ်မျှခံယူသွားမှာပါ… ပြီးတော့ မြောင်ကျားရွာသားတစ်ယောက်အနေနဲ့ ကျုပ်ရဲ့ကံကောင်းခြင်းတွေကိုလည်း အတူမျှဝေပေးချင်ပါတယ်…တချို့သောလူ‌တွေကတော့ ကျုပ်တို့မြောင်မိသားစုက ပြုလုပ်နည်းကိုလက်ဝါးကြီးအုပ်ထားပြီး လူတွေကိုကျုပ်တို့အတွက် အလုပ်လုပ်ပေးစေချင်နေတာလို့ ပြောကြမှာပဲ…ဒါပေမယ့် ပြုလုပ်နည်းကိုလက်ဆင့်ကမ်းပေးလိုက်တာနဲ့ တခြားရွာတွေကလည်း

ပဲပိစပ်လိုက်စိုက်ပြီးတော့ တို့ဖူးလိုက်လုပ်ကြမယ်ဆိုတာကော စဉ်းစားဖူးကြရဲ့လား… သည်လိုသာဆိုရင် ကျုပ်တို့မြောင်ကျားရွာအတွက် ဘာအကျိုးအမြတ်များ ရလာနိုင်မှာမလို့လဲ…”


ပြောပြီးသည်နှင့် မြောင်ကျွယ် တမင်တကာပင် ခဏရပ်တန့်လိုက်ပြီး တင်းမာနေသောမျက်နှာဖြင့် လူအုပ်ကြီးထံ ဝေ့ဝဲကြည့်လိုက်သည်။


မြောင်ကျွယ်၏မျက်လုံးများမှာ ထိုင်နေကြသူများထံမှ ကျော်လွန်သွားပြီးနောက်တွင် မူလဆူညံနေသော သဘောမတူသံများမှာ လုံးလုံးပင်ပျောက်ကွယ်သွားခဲ့သည်။


မြောင်ကျွယ် ဆက်ပြောလိုက်သည် “ သည်လိုအကြောင်းအရင်းကြောင့်ပဲ ကျုပ်မြောင်ကျွယ်က သည်ပြုလုပ်နည်းကို ကာကွယ်သွားဖို့ တာဝန်ယူပြီးတော့ မြောင်ကျားရွာအခြေခိုင်စေဖို့အတွက် လုပ်ဆောင်သွားမှာပါ…သည်ဟာက ရွာသားတွေအားလုံးရဲ့ ကူညီပံ့ပိုးမှုနဲ့ နားလည်ပေးမှုကိုလည်း လိုအပ်ပါသေးတယ်…ပြီးတော့ လူတိုင်းလည်း ကျုပ်လိုပဲ ရွာအကျိုးစီးပွားအတွက် သယ်ပိုးဆောင်ရွက်သွားကြမယ်လို့ မျှော်လင့်မိပါတယ်ဗျာ…”


ရွာသားအချို့မှာ တက်ကြွလာကြပြီး ခဏအကြာတွင် လက်ခုပ်ထတီးလာကြသည် “ ပြောတာကောင်းတယ်ဟေ့… ‌ဆရာမြောင်ပြောတာ အမှန်ပဲ…စာအုပ်ဖတ်တဲ့သူတွေက ငါတို့လိုလယ်သမားတွေနဲ့တူမှာမလို့လား… သည်ဟာကအဓိကအကြောင်းအရင်းပဲ…”


“ ငါတို့ရွာကို ကြီးပွားအောင်လုပ်ကြစို့…သူပြောသွားတာတွေက တကယ့်ကိုကိစ္စကောင်းပဲ… နောက်ကြရင် ငါလည်းပြောင်းကိုလျော့စိုက်ပြီး ပဲပိစပ်တွေကိုပဲအဓိကပြောင်းစိုက်တော့မယ်…သေချာပေါက်ကို အထောက်အပံ့ပေးရမှာပေါ့ဟ…”


သူ၏အောက်မှ သက်ဝင်လှုပ်ရှားနေသောပုံရိပ်ကြောင့် မြောင်ကျွယ် တိတ်ဆိတ်စွာပြုံးကာ သူ၏နောက်ကျောမှာ ပို၍ပင်ဖြောင့်တန်းလာသည် “ ရွာသားတွေအားလုံးရဲ့ ပံ့ပိုးကူညီမှုနဲ့ဆိုရင် ကျုပ်တို့မြောင်ကျားရွာက အနာဂတ်မှာ သည့်ထက်ပိုပြီးကြီးပွားတိုးတက်လာမယ်လို့ ကျုပ်ယုံကြည်ပါတယ်…”


တက်တက်ကြွကြွအားပေးမှုများနှင့် လက်ခုပ်သံလှိုင်းကြီးမှာ တစ်ကြိမ်ထပ်မံဖြစ်ပေါ်လာသည်။


ရွာသားများထံမှ နွေးထွေးသောကြိုဆိုမှုများကြောင့် ရွာလူကြီးသည်လည်း ကျေနပ်သွားပြီး ပြုံးလျက်ပြောလာသည် “ သည်နေ့ကြည့်ရသလောက်ဆိုရင် ရွာအပြင်ဘက်မှာ ပဲပိစပ်စိုက်နိုင်မယ့် မြေအရိုင်းတွေကျန်လောက်ဦးမယ်ထင်တယ်…အစေ့တွေကိုစိုက်ထားနိုင်သရွေ့ သည်တစ်နှစ်ထဲတင်မကဘဲ မြောင်ရှောင်ရှန်းရဲ့အလုပ်ရုံက နှစ်တိုင်းရိတ်သိမ်းလို့ရလာတော့မှာပဲ…သည်ဟာက ရေရှည်အကျိုးအမြတ်ရမဲ့ကိစ္စဆိုတော့ သည်ကိစ္စကိုမှ သတင်းကောင်းလို့မခေါ်ရင် ဘယ်ဟာကိုသွားခေါ်ရတော့မှာလဲဗျာ…”


ခဏအကြာတွင် အောက်မှအားပေးသံများနှင့် ဆွေးနွေးသံများမှာ ထပ်မံထွက်ပေါ်လာပြန်သည်။


လူထု၏စိတ်အားထက်သန်မှုများကို ဦးဆောင်နိုင်ခဲ့သောအစည်းအဝေးမှာ အဆုံးတွင် မည်သည့်နေရာတွင်လုပ်ဆောင်ကြမည့်အကြောင်းကို မြောင်ကျွယ်၏အနီးတွင်ဝန်းရံကာ အသေးစိတ်မေးမြန်းကြရင်းဖြင့် အဆုံးသတ်သွားခဲ့သည်။


ဘေးမှနေ‌၍ ပြဇာတ်ကဲ့သို့တစ်ချိန်လုံးနားထောင်နေခဲ့သော မြောင်ဟယ်မှာမူ သူ့ကဲ့သို့ အနာဂတ်မှာလာရောက်သူများ ရှိနေနိုင်မည်လားဟု တွေးတောနေမိသည်။


တို့ဖူးပူတင်းကိစ္စနှင့် အခြားကျေးရွာတိုးတက်စေရန် လုပ်ဆောင်ရမည့်အရာများမှာ သူရင်းနှီးပြီးသားပင်ဖြစ်သည်။


အကယ်၍သာ မြောင်ဟယ် အနာဂတ်တွင် ထိုသူများနှင့် ဆုံတွေ့ရပါက သူတို့ကိုအသိအမှတ်ပြုရမည်လား မပြုရမည်လား…


မြောင်ဟယ် အချိန်အတော်ကြာအထိ စကားမပြောလာခြင်းကြောင့် ရန်သာ့လန် သူ၏လက်ကိုကိုင်ကာ မေးလာခဲ့ပြီး ထိုသူ၏မျက်လုံးထဲတွင် နက်ရှိုင်းသောပူပန်မှုများ တည်ရှိနေခဲ့သည်။


သေချာပေါက်ပင် မြောင်ဟယ် အဖြေမပေးနိုင်သောကြောင့် ခေါင်းကိုသာယမ်းပြလိုက်ရသည်။


သူတို့၏ဘေးတွင်ရပ်နေသော ဒုတိယအဒေါ်ရန်မှာမူ အောက်ဘက်သို့ငုံ့ကြည့်လိုက်ချိန်တွင် မြောင်ဟယ်၏လက်ကောက်ဝတ်ရှိ မှဲ့လေးမှာပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသည်။


အိုက်ယားး သည်တစ်ယောက်ရဲ့မျက်လုံးတွေက သူ့အသေးလေးစီမှာ အမြဲကပ်နေတယ်ဆိုတာ အံ့ဩစရာမရှိတော့ဘူးပဲ…


ဒုတိယအဒေါ်ရန်၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ဝင်းပသွားရသည်။


ဟယ်ကောမှသူမထံ အင်္ကျီချုပ်ရန် အကူအညီတောင်းထားသည်ဖြစ်ရာ အဒေါ်ရန်အနေဖြင့် အထူးတလည်ပုံစံဆွဲ၍ ကြိုးစားလုပ်ဆောင်ရတော့မည်ပင်။