🧝Chapter 33
တို့ဖူးပူတင်း
မတူညီသော ကိုယ်ပိုင်အရသာများ
ရွာအစည်းအဝေးပြီးနောက် ရက်အနည်းငယ်အကြာတွင် မြို့သို့ ဟင်းသီးဟင်းရွက်များ သွားရောက်ရောင်းချရတော့မည့်နေ့ ဖြစ်လာသည့်အတွက် ထိုခရီးကိုသုံးကာ မြောင်ဟယ် သာ့လန်နှင့်အတူ ပိုင်ဆိုင်မှုများလွှဲပြောင်းရန် မြို့ကိုတက်လာလိုက်သည်။
စီစဉ်ထားသည့်အတိုင်း ဟင်းသီးဟင်းရွက်သေတ္တာများကို ပို့ပေးပြီးနောက် ဒုတိယအဒေါ်ရန်၏ကိုယ်စား လက်ဆောင်များပေးရန် ဆေးခန်းထံသို့ ထွက်လာခဲ့သည်။ သမားတော်ကျီမှာ ခရမ်းချဉ်သီးများကို အလွန်နှစ်ခြိုက်သဘောကျနေလေရာ သူတို့၏လက်ဆောင်ကို မငြင်းပယ်နိုင်ခဲ့ချေ။ အပြန်အလှန်အားဖြင့် ထိုအစား ရန်သာ့လန်၏ဒဏ်ရာကို စစ်ဆေးပေးခဲ့သည်။ ဤတစ်ကြိမ်မှာတော့ သူ၏ဒဏ်ရာအခြေအနေမှာ ယခင်ကထက်ပင် ပိုမိုကောင်းမွန်နေလေသည်။ သို့ဖြစ်ရာ ယခုအချိန်တွင် ထင်းခုတ်ခြင်းနှင့် မြေထိုးခြင်းကဲ့သို့ ကြီးလေးသည့်အလုပ်မျိုးကို သာ့လန်လုပ်ကိုင်နိုင်ပြီဖြစ်သည်။ တောင်ပေါ်သို့သွားကာ အမဲလိုက်ရန်အတွက်မူကား သူတို့အနေဖြင့် အချိန်အနည်းငယ်စောင့်ဆိုင်းရပေဦးမည်။
အဆိုပါသတင်းကောင်းကြောင့် မြောင်ဟယ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေမှုများရှိနေပြီး အနည်းငယ်နွေးထွေးနေဟန်ရသည်။ သူတို့၏လွန်ခဲ့သောရက်အနည်းငယ်ခန့်က စောင်များအကြားလူးလိမ့်ခဲ့ခြင်းကို ပြန်တွေးကြည့်ခြင်းအားဖြင့် ရန်သာ့လန် တစ်စုံတစ်ရာမထိခိုက်သွားခဲ့သောကြောင့် မြောင်ဟယ်ဝမ်းသာနေမိသည်။ ဆေးခန်းသို့ သွားရောက်လည်ပတ်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦး အစိုးရရုံးတော်ဆီသို့ ထွက်လာခဲ့လိုက်ကြသည်။
မူလအစတွင် ရုံးတော်မှနတ်ဆိုးအချို့အား ကိုင်တွယ်ရန်ခက်ခဲမည်စိုးသောကြောင့် မြောင်ဟယ် ဆင့်အနည်းငယ်ပါသော ချည်ထိုးအိတ်လေးကို ပြင်ဆင်လာခဲ့သည်။ သို့သော်လည်း လျန်မိသားစု၏တွေးခေါ်တတ်ပုံမှာ သူတို့ကိုအံ့အားသင့်သွားစေသည်။ စာရွက်စာတမ်းများကို လွှဲပြောင်းပြီးသည်နှင့် တရားရေးရာလူကြီးမင်းမှ သူ၏မုတ်ဆိတ်ရှည်ကြီးကို သပ်ကာပြောလာသည်။
“ ကျွန်ုပ်ကအသင်တို့ကိုစောင့်နေခဲ့တာပါ… မြေရှင်လျန်က သည်အရေးအတွက် ကြိုပြီးအကြောင်းကြားထားခဲ့ပြီးသားလေ…”
ထိုစကားကိုကြားရမှာသာ နားထောင်နေသူများမှာ စိတ်သက်သာရာရသွားကြသည်။ အဆုံး၌ အစိုးရဘက်မှ တရားရေးဆိုင်ရာလူကြီးမင်းများနှင့်သာ ရင်ဆိုင်ရပါက သာမန်ပြည်သူများအနေဖြင့် လုံးလုံးဆိုသလို အနိုင်ရမည်မဟုတ်ချေ။
ထို့အတူ ဤနည်းဖြင့် ကျော်ကြားမှုရယူရန်အတွက် မြောင်ဟယ် မနှစ်သက်သလိုခံစားရသည်။ ၎င်းကိုဖြတ်လမ်းအဖြစ် သုံးနိုင်မည့် ဗဟုသုတအချို့ကို သူသိထားသည့်တိုင် သူ၏လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားချင်သည်ဆိုပါက ထိုကဲ့သို့လုပ်ရပ်မျိုးကို မလုပ်သင့်ပေ။ မဟုတ်ပါက သူယခင်ကြိုးစားထားခဲ့သော အရာအားလုံးမှာ သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။
သူ့ထံတွင် သက်ရှိမြေကြီးရှိနေပြီဖြစ်ရာ ထိုအချက်နှင့်ပင် သူ၏ဘဝမှာ သာမန်လူများထက် လုံးလုံးသာလွန်နေပြီဖြစ်သည်။ ဤအတွက်ကြောင့် မြောင်ဟယ် သည်မျှနှင့်သာ ကျေနပ်သင့်ပေသည်။ ထိုထက်ပိုသည်မှာ သူတို့၏လက်ထဲတွင် မြေယာအချို့ကိုလည်း ပိုင်ဆိုင်ထားရပြီးပြီဖြစ်သည့်အတွက် သူတို့၏ရိုးရှင်းသောဘဝလေးမှာ ပို၍ကောင်းမွန်လာရန်သာ ရှိတော့သည်။
ဤသို့ဖြင့် သူတို့နှစ်ဦးရုံးတော်မှ ထွက်လာပြီးသည်နှင့် မြေသုံးကွက်၏ပိုင်ဆိုင်မှုမှာ ရန်သာ့လန်တစ်ဦးထဲအတွက်သာ အတိအကျဖြစ်သွားလေပြီ။
ထိုမြေသုံးကွက်တွင် နှစ်ကွက်မှာမြို့ပြင်တွင် တည်ရှိနေသည်။ လျန်မိသားစုမှ ပိုင်ဆိုင်မှုကိုလွှဲပြောင်းပေးစဉ်ကတည်းက ထိုမြေကွက်များကိုငှားရမ်းထားသူများအား ပိုင်ရှင်ပြောင်းလဲသွားပြီဖြစ်ကြောင်း အကြောင်းကြားထားခဲ့ပြီးပြီဖြစ်သည်။ ထို့အတွက်ကြောင့် ရန်သာ့လန်အတွက် မလိုလားအပ်သောပြဿနာများ ဖြစ်မလာနိုင်တော့ပါ။ လက်ရှိငှားရမ်းထားသူများမှ ကျသင့်သည့်အခကြေးငွေကို ပေးရုံနှင့်ပင် အဆင်ပြေသွားပြီဖြစ်သည်။
မြောင်ကျားရွာ၏အနောက်တောင်ဘက်ရှိ တောင်နေရာအတွက်မှာမူ ယခင်ကပိုင်ဆိုင်ခဲ့ဖူးသူမရှိသေးသည့်အတွက်ကြောင့် ရန်သာ့လန်အနေဖြင့် ပိုင်ဆိုင်မှုစာချုပ်ကိုယူ၍ ကျေးရွာခေါင်းဆောင်ထံသွားကာ အကြောင်းကြားချက် ထုတ်ပြန်ခိုင်းရပေဦးမည်။ သို့မှသာ နောင်တစ်ချိန် သူတို့ထိုမြေကိုအသုံးပြုမည့်အခါ၌ အသုံးပြုခွင့်ရှိမရှိနှင့် ပိုင်ဆိုင်မှုများအကြောင်း အရှုပ်အထွေးများရှိမလာနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် မရေမရာဖြစ်နေသည့်အရာများအားလုံးကို ရှင်းလင်းပြီးနောက် မြောင်ဟယ် သူ၏စိုးရိမ်ပူပန်မှုများကို မြေပေါ်သို့ လွှတ်ချနိုင်ခဲ့ပြီဖြစ်သည်။ သူမနေနိုင်မထိုင်နိုင်ဖြင့် ဂုဏ်ပြုရန် အစားအသောက်ပွဲကြီးတစ်ခုကိုပင် ထလုပ်ချင်နေမိသည်။
“ ကျေးရွာခေါင်းဆောင်က တို့ဖူးပူတင်းအကြောင်းပြောလာမှတော့ ကျွန်တော်တို့လည်း သာ့ဟယ်စားသောက်ဆိုင်ကိုသွားကြည့်ရမယ်ဆိုရင် ဘယ်လိုလဲ…” မြောင်ဟယ် အတွေးပေါ်လာခဲ့သည်။
သေချာပေါက်ပင် ရန်သာ့လန်မှာ ငြင်းပယ်မည့်သူမဟုတ်ချေ။
သာ့ဟယ်စားသောက်ဆိုင်မှာ မြို့တော်အလယ်ခေါင်ရှိ လူအသွားအလာအများဆုံးသောနေရာတွင် တည်ရှိနေပြီး ချိတ်ဆွဲထားသော အဆင်တန်ဆာများမှာ တစ်ချက်ကြည့်ရုံနှင့်ပင် လူအများ၏မျက်လုံးများကို ဖမ်းစားနိုင်ခဲ့သည်။ သာ့ဟယ်စားသောက်ဆိုင်အနေဖြင့် မင်္ဂလာပွဲအခမ်းအနားကဲ့သို့သော ခမ်းနားထည်ဝါသည့်အငွေ့အသက်များကို နာရီတိုင်းအချိန်တိုင်းလိုလို
ထိန်းသိမ်းထားသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်း၏ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရသော ယန်ရွှေလက်ဖက်ရည်အိမ်မှာမူ ပို၍ကွာဝေးသောအရပ်တွင် တည်ရှိနေသည်။ ဤသည်မှာ ယန်ရွှေလက်ဖက်ရည်အိမ်အနေဖြင့် မြို့လယ်ခေါင်မှနေရာကို မဝယ်ယူနိုင်ခြင်းကြောင့်မဟုတ်ဘဲ သူတို့၏သာယာလှပသော တူးမြောင်းရှုခင်းကို အသားပေးချင်သောကြောင့်ပင်။ ယန်ရွှေလက်ဖက်ရည်အိမ်၏ရှုခင်းမှာ တော်ဝင်ဆန်ပြီး မြင့်မြတ်ကာ ကျက်သရေရှိသောလမ်းကြောင်းကို သီးသန့်ဖော်ဆောင်နေခဲ့သည်။
သူတို့နှစ်ဦး သာ့ဟယ်စားသောက်ဆိုင်အတွင်းသို့ ဝင်သွားသည်နှင့် စီးပွားရေးဆိုင်ရာ ရောင်းဝယ်ဖောက်ကားနေခြင်းများနှင့် စိတ်အားထက်သန်သော စားသုံးသူများ၏ဆွေးနွေးနေကြပုံမြင်ကွင်းများ ထွက်ပေါ်လာသည်။ ဆိုင်ရှင်မှ သူတို့နှစ်ဦးကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လာကာ နေရာလွတ်စီသို့ တရိုတသေနေရာချပေးခဲ့သည်။ ကံကောင်းစွာဖြင့် လက်ရှိအချိန်ကြောင့် ဖြစ်နိုင်ပေမည် အချို့သောထိုင်ခုံများတွင် လူမရှိနေသေးပေ။ မြောင်ဟယ်နှင့်ရန်သာ့လန်တို့ ထိုင်လိုက်ပြီးသည်နှင့် သူတို့နှစ်ဦး တို့ဖူးပူတင်း အချိုနှင့်အငန်တစ်ပွဲစီကို မှာယူလိုက်ကြသည်။
ထိုတို့ဖူးပူတင်းများ၏ ဈေးမှာမသေးလှချေ။ တစ်ပန်းကန်စီကို ရှစ်ဆင့်ခန့်ကျသင့်လေရာ ကြက်တစ်ကောင်ဈေး၏ထက်ဝက်ခန့်ပင် ရှိနေခဲ့သည်။ သကြားနှင့်ဆီမပါသည်ကို မဆိုထားနှင့် စားသောက်ဆိုင်မှာ ပဲပိစပ်တစ်ခုတည်းကိုသာ သုံး၍ဈေးကိုအဆမတန်တင်ထားကာ ဝက်သားတစ်ဖတ်တလေပင် မပါနေခဲ့ပါ။
ဟင်းပွဲများကိုစောင့်ဆိုင်းနေစဉ် မြောင်ဟယ် ဆိုင်အတွင်းဝေ့ဝဲကြည့်လိုက်ပြီး တခဏအတွင်းမှာပင် မျက်တောင်တဖြတ်ဖြတ်ခပ်ကာ ပြောလိုက်မိသည်
“ ကြည့်ရတာ တို့ဖူးပူတင်းတွေက နာမည်ကြီးပုံပဲ…လူတိုင်းနီးပါး သူတို့ရဲ့စားပွဲတွေပေါ်မှာ သည်ဟာကိုပဲ မှာထားကြတယ်…”
ရန်သာ့လန်လည်း စားပွဲများပေါ်သို့ အနီးကပ်ကြည့်ကာ ပြောလိုက်သည် “ ကိုယ်လည်း သည်ဟာကလွဲရင် တခြားမမြင်မိဘူး…”
မြောင်ဟယ် အကောင်းဘက်မီ လှည့်တွေးကာပြောလိုက်သည် “ နေ့လယ်ခင်းထမင်းစားချိန်လွန်သွားတာကြောင့်လည်း ဖြစ်နိုင်မှာပါလေ…”
ခဏအကြာတွင် မှာယူထားသောတို့ဖူးပူတင်းမှာ ရောက်ရှိလာပြီဖြစ်သည်။
တို့ဖူးပူတင်းအချိုအား ဂျင်းဘိလပ်ရည်နှင့်အတူ အချိုအရသာထည့်သွင်းထားခြင်းဖြစ်ကာ တို့ဖူးပူတင်းအငန်မှာမူ ပဲငံပြာရည်နှင့် နှမ်းဆီတို့ကိုဆမ်းကာ အပေါ်မှကြက်သွန်မိတ်အနည်းငယ်ဖြူးပေးထားခြင်းဖြစ်သည်။
မြောင်ဟယ်မှာ အချိုကြိုက်သူတစ်ဦးဖြစ်သည့်အတွက် သိသိသာသာပင် တို့ဖူးပူတင်းအချိုကို ဦးဆုံးမြည်းစမ်းကြည့်လိုက်မိသည်။ ပါးစပ်ထဲတွင်ရလိုက်သည့် နူးညံ့ပျော့ပြောင်းသော ဝါဂွမ်းကဲ့သို့ အထိအတွေ့မှာ ကောင်းမွန်နေသောငြား ပဲပိစပ်၏အရသာမှာမူ အနည်းငယ်မှေးမှိန်နေခဲ့သည်။ ပဲ၏အရသာပါဝင်နေသည့်တိုင် ဆမ်းထားသည့်အရည်ကို အလွန်ကြဲတောက်နေအောင် ကျိုထားခဲ့သည့်အတွက် သူမျှော်မှန်းထားသည်နှင့် ကွာဟနေသည်။ ထို့နောက် မြောင်ဟယ် ရန်သာ့လန်၏ပန်းကန်ထဲမှ ဇွန်းအပြည့်ခပ်ကာ တစ်ဇွန်းယူမြည်းလိုက်မိသည်။ အငန်အရသာဟင်းပွဲမှာမူ အတော်လေးကို သာမန်ဆန်နေခဲ့သည်။ ထို့အတူ ထည့်သွင်းထားသည့် ပါဝင်ပစ္စည်းများမှာ တို့ဖူးပူတင်းကိုယ်တိုင်ထက် မျက်စိပဿာဒဖြစ်စေသည့်ပုံပင်။ မြောင်ဟယ်၏ရှူထောင့်မှနေ၍ ချီးကျူးနိုင်သည့်တစ်ခုတည်းသောအရာမှာ ဤအစားအသောက်၏ဆန်းသစ်နေမှုသာ ဖြစ်လေသည်။
မြောင်ဟယ် စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းကိုကိုက်ကာ ရန်သာ့လန်အနီးသို့မှီ၍ ခပ်တိုးတိုးပြောလိုက်မိသည် “ ကျွန်တော် သည်ဟာကိုပိုပြီးအရသာရှိအောင် လုပ်တတ်တယ်…နောက်ကျ အခွင့်အရေးရှိရင် ကျွန်တော်ခင်ဗျားအတွက် လုပ်ပေးဦးမယ်…” သူ၏ယခင်ဘဝတွင် မြောင်ဟယ် တို့ဖူး၏အပြင်မှ ဖျော့ဝော့ာတော့အရောင်ကို မနှစ်သက်သောကြောင့် ပဲကိုသူကိုယ်တိုင်စိုက်ပျိုးခဲ့ဖူးသည်။ ဆားရည်စိမ်ရမည့်ကိစ္စတွင် ခရိုင်မြို့၏ဆိပ်ကမ်းမှာ အနီးဆုံးပင်လယ်နှင့် ချိတ်ဆက်ထားပြီးပြီဖြစ်သောကြောင့် မြောင်ဟယ်အနေဖြင့် ၎င်းမှလိုအပ်သောပစ္စည်းများကို ရယူနိုင်သည်။
“ အင်း ကိုယ်စောင့်နေမယ်…” ရန်သာ့လန် ငန်ပျပျတို့ဖူးပူတင်းကို ပါးစပ်အပြည့်စာ တစ်ဇွန်းခပ်ကာ မြောင်ဟယ်ထံ ခွံ့ပေးလိုက်သည်။
ခဏအကြာတွင် အနီးအနားရှိ တောင်ပံအခန်းမှ အသံများမှာ ပို၍ကျယ်လောင်လာသောကြောင့် မျက်လုံးကိုမှေးကာ နားထောင်လိုက်မိသည်။
မြောင်ဟယ်ထိုင်နေသည့် ဈေးအပေါဆုံးဧည့်ခန်းမှာ သူတို့အနားရှိ တောင်ပံအခန်းနှင့် ယှဉ်လိုက်ပါက နှိုင်းယှဉ်နေရန်ပင် မလိုပေ။ စားသောက်ဆိုင်မှာ တောင်ပံအခန်းကို ထပ်ခိုးတစ်ဝက်ကဲ့သို့ ပုံသွင်းထားပြီး ခြေနှစ်လှမ်းခန့် ထပ်တက်လိုက်သည်နှင့် လမ်းမပေါ်သို့မျက်နှာမူထားသည့် တောင်ပံဘက်ခြမ်းသို့ ရောက်သွားပေမည်။ ထိုတောင်ပံအခန်းများအတွက် သတ်မှတ်ထားသော လက်ဖက်ရည်တန်ဖိုးပင်ရှိကာ လူချမ်းသာများအတွက် သီးသန့်ရည်ရွယ်ထားခြင်းဖြစ်သည်။
ဤသို့ ပြင်ဆင်ထားသည့်ပုံစံကြောင့် အရပ်အနည်းငယ်မြင့်သူများနှင့် ပုံမှန်အားဖြင့် စာပေအကြောင်းအရာများကို ကျယ်လောင်စွာရွတ်ဆိုတတ်သူများသည်သာ စကားကျယ်ကျယ်ပြောလာပါက ခန်းမထဲတွင်ရှိနေသောလူများအတွက် ခိုးနားထောင်ရန် လွယ်ကူသွားပေလိမ့်မည်။
“ သည်ဟာကို အရသာရှိမယ်လို့ ငါထင်ထားတာ အခုကျ အကန့်အသတ်ရှိနေတာပဲ…သည်ပျော့စိစိနဲ့ ပုပ်သိုးနေတဲ့အရာက အာဟာရမဖြစ်တဲ့အပြင် ပျင်းဖို့တောင်ကောင်းသေးတယ်…ဘယ်လိုလုပ်ပြီး အရသာရှိနိုင်မလဲဆိုတာ သိချင်မိသား…”
ခါးတွင်ကျောက်စိမ်းတန်ဆာကို ချိတ်ဆွဲထားပြီး စိမ်းပြာရောင်ပိုးထည်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးမှာ တောင်ပံအခန်းထဲမှနေ၍ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့သည်။ ထိုသူတွင် မျက်ခုံးကောင်းကောင်းရှိပြီး အသက် ၁၄ ၁၅ခန့်ရှိပုံရကာ မွေးကင်းစနွားပေါက်လေးမှ ကျားကိုမကြောက်ရွံ့သည့်ဟန်ရှိနေခဲ့သည်။
သူ၏အနောက်မှ လိုက်ပါလာသူများမှာလည်း ကောင်းမွန်သောအဆင့်အတန်းမှ ဆင်းသက်လာဟန် ရှိသော်ငြား ထိုလူငယ်လေးကိုသာ မြောက်ပင့်ပြောဆိုနေကြသည်။ ထိုသူများထဲမှ တစ်ဦးဆိုလျှင် ကပျာကယာပင် ဝင်ပြောလာသည် “ သခင်လေးရှုရဲ့ အသိဉာဏ်ကြီးမားပုံကတော့ တကယ်ကိုရှားပါးတဲ့အရည်အချင်းပါပဲ…ကျွန်တော် သည်အသစ်အဆန်းကို သခင်လေးစီ အကြံမပြုခင် အကြာကြီးစောင့်ဆိုင်းနေခဲ့ရတာ…ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးရှု သည်ကအစားအသောက်ကို ခံတွင်းမတွေ့ရင်တောင် ပြဿနာမဟုတ်ပါဘူး…ကျွန်တော်တို့မြို့မှာ ယန်ရွှေစားသောက်ဆိုင်ရှိသေးတာပဲဟာ… မကြာသေးခင်ကမှ အထူးအဆန်းတစ်ခုပေါ်လာခဲ့တာဆိုတော့ သေချာပေါက် သခင်လေးရှုကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး…”
“ ထင်တာပဲ…” သခင်လေးရှုဟု အမည်ရသည့်လူငယ်လေးမှ မျက်မှောင်ကြုတ်လျက် ပြောလာသည် “ သည်လိုဆိုလည်း မြန်မြန်သွားလေ…”
“ ကောင်းပါပြီ သခင်လေးရှု…”
လူအုပ်ကြီးမှာ ထိုကလေးငယ်၏စကားကို သံယောင်လိုက်နေကြပြီး အချို့ဆိုလျှင် ကျသင့်ငွေကိုပင် အလုအယက်ရှင်းပေးနေကြသည်။ လူအချို့မှာတော့ အနှီကျော်ကြားသည့် သခင်ငယ်လေးအား ခေါ်ဆောင်နိုင်ရန်အတွက် ဖားယားနေကြသည်။ ဤကဲ့သို့ ကြီးမားပြီး အာရုံစိုက်ချင်စဖွယ် လှုပ်ရှားမှုကြီးကြောင့် ဆိုင်တွင်နှစ်ပေါင်းမြောက်များစွာ အလုပ်လုပ်ကိုင်လာသော စားပွဲထိုးသည်ပင် မည်သို့လုပ်ဆောင်ရမှန်းမသိဖြစ်နေရသည်။ လူတိုင်းဝတ်ဆင်ထားသည့် တန်ဖိုးကြီးအဝတ်အထည်များကိုကြည့်ကာ ပြပွဲကိုကိုင်တွယ်နိုင်ရန်အတွက် ဆိုင်ရှင်ကိုသာ အပြေးခေါ်လိုက်မိလေသည်။
“ သည်ကသခင်လေးက ကျွန်တော်တို့ရဲ့နိမ့်ကျတဲ့ဆိုင်လေးနဲ့ပတ်သက်ပြီး အထင်အမြင်လွဲနေတဲ့ပုံပါပဲ… ခွင့်ပြုနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး နည်းနည်းလောက် ရှင်းပြခွင့်ပေးနိုင်မလားဗျ…” နာမည်ကျော်သခင်လေး စားသောက်ဆိုင်ထဲမှ ထွက်မသွားခင်မှာပင် ဆိုင်ပိုင်ရှင်မှ သာယာပျော့ပြောင်းသော မျက်နှာအနေအထားဖြင့် ထိုသူတို့၏အရှေ့သို့ပေါ်လာခဲ့သည်။
သခင်ငယ်လေးရှုမှာမူ ဆက်သာလျှောက်သွားခဲ့သည်
“ မလိုတော့ဘူး…ကျူပ်လည်း သွားတော့မှာပဲဟာ..” ဤနေရာရှိအစားအသောက်မှာ အမှန်တကယ်ပင် မကောင်းမွန်လှသည့်အတွက်ကြောင့် သူအနေဖြင့် အခြားစားသောက်ဆိုင်တစ်ခုထံ အလျင်အမြန်ပြောင်းရွေ့ချင်နေသည်။
သို့သော်လည်း ဆိုင်ပိုင်ရှင်ကျန်းမှ သူ့အားဤအတိုင်းထွက်သွားခွင့် မပေးနိုင်ပေ။ ထိုလူငယ်လေးအား စိုက်ကြည့်နေသည့် မျက်လုံးများအတွက် တရားမျှတမှုရှာဖွေရပေမည်။
အကယ်၍သာ ဤလူအုပ်စု၏အဝတ်အစားများသာ အဆင့်အတန်းမမြင့်ခဲ့ပါက သူအနေဖြင့် သူတို့၏စံနှုန်း၏မကိုက်ညီဘဲ ပြဿနာရှာရန်သာ လာကြသည်ဟု ပြောလိုက်နိုင်သည်။ သို့ပေသိ အနှီလူများမှာမူ ရွှေထည်နှင့်ကျောက်စိမ်းများအား ဝတ်ဆင်ထားကြလေရာ မြင့်မားလှသောအဆင့်အတန်းများကြောင့် သူထိုသို့ဆက်ဆံလိုက်၍ မရပါချေ။
ဤအတွက်ကြောင့် ဆိုင်ရှင်ကျန်းမှ ဆိုင်၏ဂုဏ်သိက္ခာကို ကယ်ဆယ်နိုင်ရန်အလို့ငှာ ခေါင်းငုံ့အရိုအသေပေး၍ လမ်းတွင်တားဆီးလိုက်ရသည်။
“ သည်ကသခင်လေးက မသိသေးလို့ဖြစ်မယ်… ကျွန်တော်တို့ဆိုင်ရဲ့ တို့ဖူးပူတင်းက ရှေးဟောင်းစာပေတွေကနေ ရထားတဲ့နည်းလမ်းပါ…သူ့မှာက ထူးခြားတဲ့အရသာရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ အချိန်အကန့်အသတ်မရှိ ဆန်းကြယ်တာမျိုးပေါ့…သူ့ရဲ့ပိုးသားလိုနူးညံ့တဲ့အထိအတွေ့ကြောင့် မြည်းစမ်းကြည့်ခဲ့အချိန်ကြရင် အာရုံစိုက်ပေးဖို့ လိုအပ်တာပါ…သည့်အတွက်ကြောင့် တို့ဖူးပူတင်းမှာ အသုံးပြုတဲ့ဟင်းခတ်တွေက အခြားအရာတွေနဲ့မတူဘဲ လိုအပ်တာကိုပဲ လျော်ကန်အောင် ထည့်ပေးရတာပေါ့…”
ဆိုင်ပိုင်ရှင်ကျန်းမှ ယုံကြည်ချက်အပြည့်နှင့် ရှင်းပြလာခဲ့သည်။ ထိုစကားများကို ကြားလိုက်ရချိန်၌ သခင်လေးရှုမှာမူ မျက်ခုံးတစ်ချက်ပင့်ကာ တစ်စုံတစ်ယောက်ကိုပင် ဖြတ်တောက်နိုင်သည်အထိ ထက်ရှသောအသံဖြင့် ပြောလိုက်သည် “ သည်လိုသာပြောကြေးဆိုရင် ခင်ဗျားဆိုလိုချင်တာက ကျူပ်က ပစ္စည်းကောင်းတွေကို ပေါ့ပေါ့တန်တန်မြည်းစမ်းခဲ့တယ်ပေါ့…ဘယ်လိုပဲဖြစ်ဖြစ် ကျူပ်ကအရသာမရှိဘူးလို့ပြောရင် အဲ့သည့်ဟာက အရသာမရှိလို့ပဲ…တခြားသူတွေကသာ သည်ဟာကိုအရသာရှိတယ်လို့ ခံယူထားရင် ဆက်စားနိုင်တယ်…ကျုပ်လမ်းကို လာပိတ်ထားရင်တောင်မှ ကျုပ်ရဲ့အထင်အမြင်ကတော့ ပြောင်းသွားမှာမဟုတ်ဘူး…သည်ဆိုင်ရဲ့အစားအသောက်တွေက အရမ်းဆန်းကြယ်နေတယ်လို့ လူတိုင်းကခံယူပေးရမှာပေါ့… မဟုတ်ရင် မထွက်သွားနိုင်မှာမျိုးလား…”
မျက်နှာသာမပေးထားသည့် ဓားကဲ့သို့ထက်ရှနေသော စကားလုံးများဖြင့် တိုက်ရိုက်ပင်ခုတ်ထစ်လိုက်သောကြောင့် ဆိုင်ရှင်ကျန်းမှာ ချွေးများပြန်လာရကာ စိတ်ထဲတွင်သာ ကျိန်ဆဲလိုက်မိသည်
“ မဟုတ်တာ မဟုတ်တာ သေချာပေါက် သည်နိမ့်ကျတဲ့လူက အဲ့သည့်လိုဆိုလိုတာမျိုးမဟုတ်ရပါဘူး…သည်အတိုင်းပဲ သခင်လေးကို ကျွန်တော်တို့ဆိုင်လေးရဲ့ စားပွဲထိုးနဲ့ဝန်ထမ်းတွေအပေါ် နားလည်မှုမလွဲသွားစေချင်ရုံလေးပါ…ပြီးတော့ သည်ကတို့ဖူးပူတင်းကို ရှေးဟောင်းစာပေတွေမှာ မှတ်တမ်းတင်ထားတဲ့အရသာအတိုင်းပဲ လုပ်ထားတာဆိုတော့… သေချာပေါက် ထူးခြားတဲ့အရသာက အခြားဘယ်မှာမှရှာလို့မရ…”
သခင်လေးရှုမှာ မည်သို့မျှသည်းမခံနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်မိသည် “ ရှေးဟောင်းနည်းလမ်းဆိုတိုင်း ကောင်းရမှာလား…သည်လိုဆို ကျုပ်ထပ်မေးပါဦးမယ်… ဒီအရောင်မရှိ အဆင်းမရှိ အရသာလည်းမရှိတဲ့ဟင်းပွဲတစ်ပွဲက ဘယ်လိုလုပ်ပြီးများ ကျော်ကြားနေရတာလဲ…သေချာပေါက် ရှေးခေတ်လူတွေတောင်မှ စားမယ်မထင်ဘူး…ပြောလေ ဘယ်နားကထူးဆန်းနေတာလဲလို့…သည်သခင်လေးက အရသာရှိတယ်လို့ ထင်တဲ့အရာတွေကိုပဲ စားရတာကြိုက်တာ… အရှင်းဆုံးပဲ…”
ဆိုင်ရှင်ကျန်းမှာ ကြောင်အသွားရကာ အဖြေချက်ချင်းမပေးနိုင်လိုက်ပေ “ သည်.. သည်လို မပြော…”
ဆိုင်ရှင်ကျန်းမှာ လက်ထဲရှိတို့ဖူးပန်းကန်ကိုကိုင်လျက် မရေရာသောအမူအယာဖြင့် အတွေးလွန်နေသောကြောင့် စားသောက်ဆိုင်ထဲရှိ ဝယ်သူများ၏ သည်လောက်ပိုက်ဆံအများကြီးကို သုံးပြီးလာခဲ့တာ ရှေးဟောင်းနည်းလမ်းဆိုတဲ့အချက်ကြောင့်လား ဒါမှမဟုတ် တကယ်ပဲအရသာရှိလို့လား ဟူသည့်အတွေးများ တိုးပွားလာခြင်းအကြောင်းကို သတိမပြုနိုင်ခဲ့ပေ။
ထိုအချိန်၌ ဘေးတွင်ရပ်ကြည့်နေသူတစ်ဦးရှိကာ အနှီလူမှာ မြို့ပေါ်တွင်နေထိုင်သော ချမ်းသာကြွယ်ဝသည့်မိသားစုမှ သားတစ်ယောက်ဖြစ်ပုံရပြီး မကြာခဏလာလည်လေ့ရှိသော ခရီးသွားတစ်ဦးလည်း ဖြစ်မည့်ပုံပင်။ ရုန်းရင်းဆန်ခတ်ဖြစ်ကြပုံကို မြင်လိုက်သည်နှင့် ထိုသူမှ မျက်စိတစ်ချက်မှိတ်ပြကာ အခြားသူများအား ယခုပင်ဆိုင်ထဲမှထွက်လာသည့် သခင်လေးကိုဝန်းရံစေလိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ ဆိုင်ရှင်ကျန်းထံ စကားအနည်းငယ်ပြောလိုက်လေသည်။
“ ရှုမိသားစုကသားရဲ့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပုံက တကယ့်ကိုကျိုးကြောင်းဆီလျော်နေတာပဲ… ဆိုင်ရှင်ကျန်းလည်း ထပ်ပြီးကာပြောမနေပါနဲ့တော့…သခင်လေးရှုပြောတဲ့အတိုင်းပဲလေ တချို့လူတွေက အချိုကိုသဘောကျပြီး တချို့ကတော့ အငန်ကိုသဘောကျကြတာပဲဟာ… လူတိုင်းမှာက မတူညီတဲ့အကြိုက်တွေရှိကြတာပဲမဟုတ်လား…ပြဿနာမဟုတ်ပါဘူး…သည်ဟာက ရိုးရှင်းပါတယ်…”
စကားလုံးများမှာ ငြင်သာစွာ ထွက်ပေါ်လာသော်လည်း ၎င်းတို့၏အဓိပ္ပါယ်မှာတော့ မပြောင်းလဲခဲ့ပါ။ ဆိုင်ရှင်ကျန်းအနေဖြင့် ထိုသူ့ထံ အရုပ်ဆိုးစွာသာ ပြုံးပြလိုက်ရလေသည်။