Chapter 81(Arc 2 End)
Viewers 3k

🌱Arc 2 -END[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

Ch 81

ဒီသောက်ကျိုးနည်းကမ္ဘာက ဘာတွေမှားနေတာလဲဟ (၂)



လီလီက ကြက်သွန်ဖြူအချို့ကိုတူး၍ မီးဖိုချောင်သို့ပြန်သွားလိုက်သည်။ ယနေ့တွင် သူမနယ်စားအတွက် ကြက်သွန်ဖြူမှိုကြော်ချက်ပေးရန် စိတ်ကူးထားသည်။


သူမ ကြက်သွန်ဖြူကို တောက်တောက်စင်းလျက် သံလွင်ဆီနှင့် ဦးစွာဆီသတ်မည်ဖြစ်ကာ မွှေးလာသည်နှင့် မှိုများကိုထည့်၍ ဆားအနည်းငယ်ဖြူးလျက် ရွှေညိုရောင်သန်းလာသည်အထိ ကြော်မည်ဖြစ်သည်။ ထို့နောက် ၄င်းမှိုကြော်မွှေးမွှေးလေးအား ထမင်းဖြူပန်းကန်ထဲတွင် အပေါ်မှပုံလိုက်မည်ဖြစ်သည်။ 


ရေမွန်မှာ ကုန်ဖလှယ်ရန်အတွက် အပြင်ဘက်သို့ မကြာခဏထွက်လေ့ရှိကာ နယ်စားအထူးနှစ်သက်သော ဆန်များကိုလည်း အမြဲမပါမဖြစ် ပြန်သယ်လာတတ်သည်။


အဆိုပါ ကြက်သွန်ဖြူမှိုကြော်နှင့် ထမင်းပန်းကန်ကို သယ်လျက် လိီလီမှာ နယ်စားအခန်းဆီသို့ တိုက်ရိုက်ပို့လိုက်သည်။ ယခုရက်ပိုင်းတွင် နယ်စားမှာ အခြားသူများနှင့်အတူမစားဘဲ သူ၏ကိုယ်ပိုင်အခန်းထဲတွင် တိတ်တဆိတ်စားပြီး တစ်ခုခုကိုရေးနေတတ်သည်။


လိီလီ အခန်းပြင်တွင်ရပ်နေစဥ် အတွင်းမှ နယ်စားက လန့်စ်အားပြောနေသံကို ကြားလိုက်ရသည်။

"ဘုရားကျောင်းကို သတိထား…"


သူမအနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ ဘုရားကျောင်းမှာ နယ်စား၏ အကြီးမားဆုံးနောက်ခံပင်ဖြစ်သည်။


သို့သော် လိိီလီက များများစားစား တွေးမနေခဲ့ချေ။ သူ မက တံခါးခေါက်လျက် အခန်းတွင်းသို့ ၀င်လာပြီး နယ်စား၏စားပွဲပေါ်မှ စာရွက်များကို ကူရှင်းပေးလိုက်သည်။


လီလီက စာမဖတ်နိုင်သော်လည်း ၄င်းတို့မှာ လယ်ပစ္စည်းပုံများနှင့် အပင်ပုံများဖြစ်ကြောင်းကို မြင်နိုင်လေသည်။ ဤသည်မှာ နယ်စားရေးထားသော စိုက်ပျိုးရေးလက်စွဲစာအုပ် ဖြစ်ပေလိမ့်မည်။


နယ်စားမှ အသေအချာကိုပင် ဆက်၍ဆိုလာခဲ့သည်။

"ပြီးတော့ ဒီဟာတွေက ငါရေးထားတဲ့ လယ်စိုက်ပျိုးနည်း အသိပညာတွေပဲ… နော်သန်ဘာလန်က အနာဂတ်မှာ ဒီဟာကို အသုံးပြုနိုင်လိမ့်မယ်… တချို့အပင်တွေကိုတော့ ဂရုစိုက်ပြီးရှာရမှာပေါ့… ပြီးရင်ဒီကိုယူလာပြီး စိုက်လို့ရတယ်…"


လန့်စ်၏ မျက်လုံးများမှာမူ နီရဲနေခဲ့သည်။

"ဦးရီးတော် ဘာလို့ ဒါတွေကို ပြောနေရတာလဲ… ခရီးဝေးကြီး ထွက်သွားတော့မလို့လား…"


လီလီသည်လည်း ၄င်းကိုကြားလျှင် အံ့အားသင့်သွားမိသည်။ 


"အရှင် ခရီးထွက်တော့မလို့လား… ရှောင်ပိုင်ကို ဘယ်လိုလုပ်မှာလဲ..."


သူမ၏အတွေးထဲ ဦးဆုံး၀င်လာသည်က ထိုပြဿနာပင်။ အကယ်၍ နယ်စားသာ အဝေးသို့ထွက်သွားခဲ့လျှင် ကျေနပ်အောင် လုပ်ပေးရန် ခက်ခဲသော ထိုကြောင်အား သူမအစာကျွေးရတော့ပေမည်။


ရှောင်ပိုင်မှာ ၄င်းကိုကြားလျှင် နံရံကပ်စင်လေးပေါ်မှ နယ်စား၏ပေါင်ပေါ်သို့ ခုန်ဆင်းလာပြီး မြောင်ဟု နှစ်ကြိမ်ခန့် အော်မြည်လိုက်သည်။


စွေ့ချီချောင်းက ရှောင်ပိုင်ကို ပွတ်သပ်လိုက်သည်။

"ရှောင်ပိုင်က ငါနဲ့အတူလိုက်လာလိမ့်မယ်… လန့်စ် ငါတခြားနယ်မြေတစ်ခုကို ခရီးထွက်ဖို့ စီစဥ်ထားတယ်… ဘယ်လောက်ကြာမှ ပြန်လာဖြစ်မလဲမသိသလို အဲဒီမှာပဲ အခြေကျပြီး သေသွားတာလည်းဖြစ်နိုင်တယ်… ငါ့ဆုံးဖြတ်ချက်အတွက် အကုန်လုံးကိုလည်း ကြိုပြင်ဆင်ပြီးပြီ… ငါ့မှာက ဇနီးနဲ့ သားသမီးလည်းမရှိတော့ မင်းကငါ့နေရာကို ဆက်ခံလိမ့်မယ်…"


တိုက်ရိုက်ထုတ်လွှင့်မှု အချိန်က ကုန်လွန်ခါနီးသဖြင့် စွေ့ချီချောင်းက နှုတ်ဆက်ရန်ပြင်ဆင်လိုက်သည်။ သူ ထွက်သွားပြီးနောက် နော်သန်ဘာလန်ကို မည်သို့စီစဥ်ပေးခဲ့ရမည်ကို အတန်ကြာစဥ်းစားခဲ့ရသည်။ နော်သန်ဘာလန်မှာ ယခုအလွန်အဆင်ပြေနေပါသော်လည်း အကယ်၍ လောဘကြီးသော ခေါင်းဆောင်တစ်ဦးတက်လာခဲ့ပါက ယခင်အတိုင်း ထူးမခြားနားအခြေအနေသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်။


သူ လန့်စ်ကိုစတွေ့စဥ်ကတည်းက သတိထားကြည့်မိခဲ့သည်။ ဤကလေးမှာ ကြင်နာတတ်ကာ သူနှင့်သွေးရင်းဆွေမျိုးတော်စပ်သည်ဖြစ်၍ အလားအလာကောင်းများရှိသည်ပင်။ ထို့ကြောင့်ပင် သူက လန့်စ်အား အချိန်ယူ၍သင်ပြပေးခဲ့ခြင်း ဖြစ်သည်။ ဤကလေးမှာ ငယ်သေးသော်လည်း သူ၏လက်ထဲတွင် နော်သန်ဘာလန်အား ကောင်းစွာစောင့်ရှောက်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။


ထိုသတင်းမှာ လီလီနှင့် လန့်စ်တို့အတွက် အလွန်အမင်း လက်ခံရခက်ခဲလွန်းခဲ့သည်။


လိီလီက ငိုကြွေးလျက်ပြောလာသည်။

"အရှင်က ဘာလို့ တခြားနယ်မြေကို သွားမှာလည်း…

ရေကြောင်းခရီးကလည်း အန္တရာယ်များလွန်းတယ်… ကျွန်မတို့ရော ဘာလုပ်ရမှာလဲ… အရှင်ပြောတော့ ကျွန်မကို အိမ်ထောင်ဖက်ကောင်းကောင်း ရှာပေးမယ်ဆို…"


လန့်စ်သည်လည်း ထိတ်လန့်သွားသည်သာ။ သူ နော်သန်ဘာလန်ကို ရောက်သည်မှစ၍ ဦးလေးဖြစ်သူမှာ သူ့အပေါ် နွေးထွေးလှကာ အသိပညာ အတတ်ပညာအမျိုးမျိုးကို သင်ကြားပေးခဲ့သည်။ သူ့အနေနှင့် ဦးလေးမှာ ဤကဲ့သို့ စိတ်ကူးမျိုး ယခင်ကတည်းက ရှိနေခဲ့သည်ဟုပင် ခံစားရလေသည်။


"ဦးလေးက အရှေ့တိုင်းကို ပြန်သွားမလို့လား…"

သူတွေးမိသည်မှာ ဦးလေးဖြစ်သူက အရှေ့တိုင်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ဖူးခဲ့၍ ခဏပြန်သွားချင်သည်မှာ ပုံမှန်ပင်။ အချိန်တစ်ခုရောက်လျှင် ပြန်ကောင်းပြန်လာလိမ့်မည်ဟု ရင်ထဲမှ တိတ်တဆိတ်မျှော်လင့်နေမိသည်။


"မှန်သလိုလိုတော့ ရှိပါတယ်…"


စွေ့ချီချောင်းမှာ ကလေးများ၏ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။

"ကောင်းပြီ မငိုကြနဲ့တော့… တွေ့ကြုံ ဆုံ ခွဲ ဆိုတာရှိတာပဲ… လီလီ့မင်္ဂလာပွဲပြီးတာနဲ့ ငါလည်းသွားတော့မယ်…"


ဒုတိယအကြိမ် နှုတ်ဆက်ပြီးသည့်တိုင် စွေ့ချီချောင်းမှာ ထွက်ခွာရန်ခက်ခဲနေဆဲပင်။ ဤဒေတာကုဒ်များမှာ အလွန်စစ်မှန်သလို ခံစားရသဖြင့် သူ့အနေနှင့် ဤပုံရိပ်ယောင်ကမ္ဘာတွင်သာ နေထိုင်ပြီး အနာဂတ်အတွက် အရာအားလုံးကို စီစဥ်ပေးချင်မိသည်။


"တွေ့ကြုံ ဆုံ ခွဲ ဆိုမှာတော့ ကျွန်တော်တို့ အနာဂါတ်မှာလည်း ပြန်တွေ့နိုင်သေးတယ်လို့ ဆိုလိုတာမလား…"

လန့်စ်မှာ သူ၏မျက်ရည်တို့ကို ပွတ်သုတ်ရင်း မေးလာခဲ့သည်။


"မပြောတတ်ဘူးပေါ့…"

စွေ့ချီချောင်း ၀မ်းနည်းစွာ ဆိုလိုက်သည်။ အကယ်၍ တစ်နေ့တွင် သူအမှန်တကယ်ပြန်လာနိုင်ပြီး သူ၏လူများ သူအစာကျွေးခဲ့သော ၀က်များနှင့်ပြန်တွေ့သည်လည်း ဖြစ်နိုင်လေသည်။


ရှစ်နှစ်မြောက် နွေဦးရာသီ၊ လိီလီ၏ မင်္ဂလာပွဲအပြီးတွင် စွေ့ချီချောင်းမှာ လယ်ယာစိုက်ပျိုးခြင်းနှင့်ပတ်သတ်သည့် နောက်ဆုံးသော အသိပညာတချို့ကို မျှဝေပြီးနောက် နော်သန်ဘာလန်မှ ထွက်ခွာသွားလေတော့သည်။


သူ၏ နောက်ဆုံးသောမြင်ကွင်းမှာ လယ်အစွန်များတွင် ရပ်လျက်နေကြသော သူများ၏ မျက်၀န်းများထဲမှ ၀မ်းနည်းရိပ်စွန်းသောအကြည့်များပင်။ 


ထိုလူအုပ်များထဲမှ ခပ်၀၀ကလေးများကို မြင်လျှင် 

စွေ့ချီချောင်း ကျေနပ်စွာပြုံးလိုက်မိသည်။


......


"မစ္စတာစွေ့ မစ္စတာစွေ့…"


လင်းလင်း၏ အသံအား နားထဲတွင်ကြားလိုက်ရကာ သူ့အား လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ဆွဲခေါ်လာခဲ့သည်။ စွေ့ချီချောင်းမှာ လောလောလတ်လတ် ကြုံတွေ့ခဲ့ရသော ခွဲခွာခြင်း၏ ၀မ်းနည်းမှု ခံစားချက်များထံမှ တစ်မဟုတ်ချင်းနိုးထလာခဲ့သည်။ သူ၏နှုတ်ခမ်းအား မဖွင့်နိုင်မီမှာပင် လင်းလင်းမှ သူ့အား ရေနွေးပူပူတစ်ခွက် ကမ်းပေးလာသည်ကို တွေ့လိုက်ရလေသည်။


"ကျေးဇူးပါပဲ…" 


စွေ့ချီချောင်း တစ်လုတ်ခန့် မော့သောက်လိုက်သည်။

ဤတစ်ကြိမ်တွင် စွေ့ချီချောင်းမှာ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ၈နှစ်ခန့်နီးပါး နေထိုင်ခဲ့ပြီး လက်တွေ့ကမ္ဘာတွင် ၃လနီးပါး ကုန်လွန်သွားခဲ့လေသည်။


သူ၏ခန္ဓာကိုယ်အား စက်ပစ္စည်းများဖြင့် ထိန်းသိမ်းထားပေးသည့်တိုင် သူ့အနေနှင့် တောင့်တင်းမှုကိုခံစားနေရဆဲပင်။ သူက ထရပ်လျက် ခြေလက်များကို အနည်းငယ် ကျွေးချည်ဆန့်ချည်ပြုလုပ်လိုက်သည်။


လင်းလင်းမှာ သူ့အား ဂုဏ်ပြုလာခဲ့သည်။


"ဒီအမျိုးသားကြိုက် ဇာတ်လမ်းအမျိုးအစားမှာလည်း မစ္စတာစွေ့ရဲ့ လုပ်ဆောင်မှုက အံ့မခန်းပါပဲ… မှတ်ချက်ကောင်းကောင်းတွေ အများကြီးရထားပါတယ်… ကျွန်မတို့ရဲ့ ဖိုရမ်မှာဆိုရင် ဒီထုတ်လွှင့်မှုအကြောင်း ဆွေးနွေးမှုတွေအများကြီးရှိပြီးတော့ လက်ဆောင်တွေလည်း အများကြီး လက်ခံထားရပါတယ်…"


ထိုလက်ဆောင်များကို လင်းလင်း၏ ရုံးခန်းထဲတွင် ထားထားရခြင်းဖြစ်သည်။ စွေ့ချီချောင်းမှာ LJJ၏အဆောင်အပြည့် အပင်များစိုက်ပျိုးထားသဖြင့် ထားစရာနေရာ မရှိ၍ဖြစ်သည်။


အကြည့်တစ်ချက်ဖြင့်ပင် စွေ့ချီချောင်း၏ လက်ဆောင်များမှာ ထူးဆန်းလှကြောင်းသိနိုင်လေသည်။

ထူးထူးဆန်းဆန်းပုံဖော်ထားသော ချောကလက်ကို ဘူးပေါ်တွင် ရွှေကာရက်ဟု ရေးထားပြီး ဖဲကြိုးတွင်အပေါက်များဖောက်ထားသေးသည်။ ဤခေတ်တွင်မည်သူမျှ ဖဲကြိုးတွင်အပေါက်မဖောက်ချေ။ ၄င်းမှာ အထူးပြင်ဆင်ထားခြင်းဖြစ်ကာ အနီရောင်ပိတ်စဖြင့် 'နှလုံးမည်း လယ်သမားနတ်ဘုရား လူသားတို့ရဲ့ကယ်တင်ရှင်' ဟူ၍လည်းရေးထားသေးသည်။


စွေ့ချီချောင်းသည်လည်း ၄င်းကိုထူးဆန်းသည်ဟုထင်မိသည်။ သူ၏ ကြည့်ရှုသူများမှာ မည်သည်တို့ကို စဥ်းစားနေမှန်းမသိသော်လည်း ထုတ်လွှင့်မှုအတွင်း သူ မသိလိုက်သော memeများလည်းဖြစ်ကောင်း ဖြစ်နိုင်လေသည်။


"ပန်းခြင်းတွေတောင် ပို့ပေးကြသေးတယ်… အများစုကတော့ညှိုးသွားပြီဆိုပေမယ့် ဓါတ်ပုံတွေတော့ရိုက်ထားလိုက်ပါတယ်…"


စွေ့ချီချောင်းလည်း ပန်းခြင်း၏အပေါ်တွင် ခံစားချက်အမျိုးမျိုးဖြင့်ရေးထားသော စာများကို တွေ့လိုက်ရသည်။ အချို့က သူ့ကို ချီးကျူးထားပြီး အချို့ကလည်း မာန်မဲထားကြသည်။


"မျိုးမစစ်လေး စွေ့ချီချောင်း… မင်းမှာ အဖြစ်မရှိမှတော့ တစ်ဘ၀လုံး လယ်ပဲ စိုက်နေလိုက်တော့…"


သေချာပေါက်ပင် အနုတ်သဘောဆောင်သော စာများကအင်မတန်နည်းလေသည်။ အများစုမှာ အနည်းငယ်နွေးထွေးကာ ထူးလည်းထူးဆန်းလေသည်။ 


ဥပမာ -  " ဘဲတွေကိုသာချိန်လိုက်တော့ ဘော့စ်စွေ့"

အစရှိသဖြင့်ပင်။


"ဒါတွေ... ဟား ဟား တချို့ပရိတ်သတ်တွေက တကယ် တက်ကြွလွန်းတာပဲ…" 


လင်းလင်းက ရယ်လိုက်သည်။ 

"တစ်ယောက်ယောက်ကို ဒါတွေ ရှင်းခိုင်းလိုက်ပါ့မယ်…"


"ရပါတယ်…"

စွေ့ချီချောင်းကတော့ သူ၏ကြည့်ရှုသူများ၏ အတွေးကို ဂရုမစိုက်ချေ။ နောက်ဆုံးအကြိမ် ပုံရိပ်ယောင် နယ်မြေမှထွက်လာစဥ်က ကောမန့်များကိုပင် မဖတ်ခဲ့ချေ။


သို့သော် ယခုရောက်နေသော ပန်းခြင်းများ လက်ဆောင်များကိုကြည့်ရပုံထောက်လျှင် လင်းလင်းပြောသလို သူက အမှန်တကယ် နာမည်ကြီးနေပုံရသည်။


"မစ္စတာစွေ့… ဒီလိုတော့ရှိတယ် ရှင်က ပရိုဂရမ်နှစ်ခုကို ရိုက်ခဲ့ဖူးပြီးတော့ နှစ်ခုလုံးရဲ့ ရလဒ်ကလည်း ထိပ်တန်းပါပဲ… ဒါပေမယ့် ပုရိတ်သတ်တွေနဲ့တော့ ထိတွေ့မှု နည်းနေတယ်… တကယ်လို့ ရှင်များ တိုက်ရိုက်ထုတ်လွှင့်ပြီး ပရ်ိသတ်တွေနဲ့တွေ့ဆုံပွဲလေး လုပ်ချင်မလားလို့လေ…"

လင်းလင်းက ပြုံးလျက်ဆိုလိုက်သည်။


"အဲဒါက ကျွန်တော်တို့စာချုပ်ထဲမှာ မပါသလိုပဲ…"

စွေ့ချီချောင်းက အသာဆိုလိုက်သည်။


"ဟုတ်ပါတယ် မပါပါဘူး… ဒါက ကျွန်မတို့ဘက်က သီးသန့်တောင်းဆိုမှုလေးပါ…"


လင်းလင်းက အလျင်အမြန်ဆိုလာသည်။

"ဒါပေမယ့် ကျွန်မတကယ်စိတ်ရင်းနဲ့ ပြောတာပါ ရှင်သဘောတူမယ်လို့ မျှော်လင့်မိပါတယ်… ဒီပွဲအတွက် စပွန်ဆာတွေတောင်ရှိဦးမှာ တကယ်လို့ ရှင်ကသာတက်ပေးမယ်ဆို ..."


စွေ့ချီချောင်း၏ အမူအရာ အေးစက်လာသည်ကိုမြင်လျှင် သူမပြောနေသည့် စကားလုံးများမှာ တဖြည်းဖြည်းထစ်ငေါ့သွားမိသည်။


အမှန်တွင် သူမအနေနှင့် ရလဒ်ကို ကြိုသိပြီးဖြစ်သော်လည်း သူမ၏ကုမ္ပဏီက စွေ့ချီချောင်းနှင့်ဆွေးနွေးကြည့်စေလိုခဲ့သည်။

"ကောင်းပြီလေ ရှင့်ကိုကြည့်ရတာ သဘောတူမယ်မထင်ပါဘူး…"


"စိတ်မကောင်းပါဘူး… ကျွန်တော်လောလောဆယ် အေးဆေး အနားယူချင်နေလို့ပါ… တစ်ဆက်တည်းပြောပါရစေ ကျွန်တော့်အခန်းထဲက ရေစနစ်ကိုပြင်ရဦးမယ်…"


သူ မသွားမီက အခန်းထဲမှ အပင်များအတွက် အလိုအလျောက်ရေလောင်းစနစ်နှင့် အလင်းရောင်ပေးသည့် စနစ်ကိုတပ်ဆင်ပေးခဲ့သည်။ သို့သော် ထိုစနစ်မှာ မချောမွေ့လှဘဲ ပြန်ပြင်ထားခဲ့ရသည်။ သူ့အနေနှင့် အပင်များ၏ ကြီးထွားမှုကိုကြည့်ကာ လိုအပ်သည့်ပမာဏနှင့် ဒေတာများကိုပြန်လည် ချိန်ညှိရဦးမည်ဖြစ်သည်။


လင်းလင်းက နှမြောတသဖြင့် ဆိုလိုက်သည်။

"ကောင်းပါပြီ၊ ရှင်ကောင်းကောင်း အနားယူပြီးမှပဲ ကျွန်မတို့တွေ ပရိုဂရမ်အသစ်အတွက် ပြောကြတာပေါ့…"


"ကျေးဇူးပါပဲ…"

စွေ့ချီချောင်းက လင်းလင်းအား နှုတ်ဆက်ပြီးနောက် အခန်းသို့ပြန်ကာ သူ၏အပင်များကို ရေလောင်းလိုက်သည်။ အလိုအလျောက်စနစ်ထက်စာလျှင် အပင်များကို သူကိုယ်တိုင် ထိတွေ့ဂရုစိုက်ပေးရခြင်းကို ပိုနှစ်သက်လေသည်။


စွေ့ချီချောင်းက အိပ်ယာပေါ်တွင်  ဟိုလိမ့်သည်လိမ့်ဖြင့် အတွေးများနေခဲ့သည်။ ထို့နောက် သူက အိပ်ရမည့်အစား ပြန်ထလျက် အွန်လိုင်းပေါ်တွင် တိရိစ္ဆာန်မွေးမြူရေးနှင့် ပတ်သတ်၍ ရှာကြည့်လိုက်မိလေသည်။


.....


တစ် နေ့တာအနားယူပြီးနောက် စွေ့ချီချောင်းမှာ လင်းလင်း၏ရုံးခန်းကို ပြန်လည်ရောက်ရှိလာခဲ့သည်။


လင်းလင်း၏လက်ထဲတွင် အချက်အလက်တချို့ကို ကိုင်ထားပြီး သူမ၏အမူအယာကထူးဆန်းနေခဲ့သည်။


"မစ္စတာစွေ့ ဒီတစ်ခါရှင်သွားရမယ့် ပုံရိပ်ယောင်နယ်မြေကို ကုမ္ပဏီအတွင်းပိုင်းကပဲ ရွေးထားပေးတယ်… ကျွန်မပြောချင်တာက ကုမ္ပဏီက ၀န်ထမ်းတွေအကုန်လုံးပါတယ်ပေါ့… ပြီးတော့ ကျွန်မတို့ တကယ်အလေးအနက်ထားပြီးတော့ ရွေးချယ်ထားတာပါ…"


"တကယ်လား… မဲပေးတဲ့စနစ်နဲ့ဆိုရင် ဘာလို့တိုက်ရိုက် မချပြလိုက်တာလဲ…"

စွေ့ချီချောင်းကပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။


"ဟင်း...ဒါက… "

လင်းလင်းက အနေခက်စွာဆိုလိုက်သည်။

"ရှင်ကတော့ ရှင့်ရဲ့ပရိတ်သတ်တွေ ဘယ်လောက်ထူးဆန်းလဲ သိမှာမဟုတ်ဘူး… သူတို့တွေက ရှင့်ကို ဘယ်လိုထူးထူးဆန်းဆန်း ပုံရိပ်ယောင်နယ်မြေတွေဆီ ပို့လိုက်နိုင်သလဲ တွေးကြည့်လိုတောင်မရဲဘူး…"


"ထူးထူးဆန်းဆန်း ဟုတ်လား…"

စွေ့ချီချောင်းမှာ ကောမန့်များကို မဖတ်ဖူးသဖြင့် သူ၏ပရိတ်သတ် ၈၀ရာခိုင်နှုန်းခန့်မှာ ရူးသွပ်နေကြကြောင်း မသိချေ။


"ဒီတော့ ခင််များက ကျွန်တော့်အတွက် တွေးပြီးစီစဥ်ပေးတယ်ပဲပြောရမှာပေါ့… နောက်ထပ်နယ်မြေရဲ့ နောက်ခံကဘယ်လိုမျိုးလဲ…"


"၂၃ရာစုပေါ့ လူသားတွေက သိပ္ပံခေတ်ဦးကို ၀င်ရောက်လာစအချိန်…"


လင်းလင်းမှစွေ့ချီချောင်းအား ထိုခေတ်၏ နောက်ခံနှင့် နည်းပညာအဆင့်အတန်းများကို ရှင်းပြလိုက်သည်။ စွေ့ချီချောင်းမှာ အဘယ်ကြောင့်မှန်း မသိသော်လည်း သူမ၏အမူအရာမှာ ထူးဆန်းနေသည်ဟု ထင်မိလေသည်။


"ဒါနဲ့ ရှောင်ပိုင်ရဲ့ bugကိုစစ်ကြည့်ပြီးပြီလား…" 

စွေ့ချီချောင်းက မေးလိုက်သည်။


"ဟင့်အင်း ဒါပေမယ့် ဒီတစ်ကြိမ်လည်း ရှင့်အနေနဲ့သူ့ကို နယ်မြေထဲခေါ်သွားတာ ကောင်းလိမ့်မယ်… ကျွန်မတို့ဒီနည်းနဲ့ပဲ အဖြေရှာရမှာဆိုတော့…"


လင်းလင်းမှာ သူတို့ကုမ္ပဏီ၏ ဆာဗာမှာ ကြောင်နေပြီဟုထင်မိသည်။ သူမမှာ အဘယ်ကြောင့် bugတစ်ခုကိုပင် မစစ်ဆေးနိုင်ရသည်ကို မသိတော့ချေ။


စွေ့ချီချောင်း ခေါင်းသာညိတ်လိုက်သည်။ ထို့နောက် အလယ်ခေတ်တွင် ရှောင်ပိုင်မှာ မည်သို့ဆက်ဆံခံခဲ့ရသည်ကို တွေးမိသော်အခါ ထပ်ပြောလိုက်သည်။

"အဲဒီနယ်မြေက ကြောင်တွေကိုမုန်းတဲ့ ကမ္ဘာမျိုးမဟုတ်ရင် ရပါပြီ… ဒါနဲ့ ကျွန်တော်က ဒီပရိုဂရမ်မှာ အထူးနောက်ခံမျိုးရှိဦးမှာလား,"


ဥပမာအားဖြင့် ပထမ နယ်မြေမှာ တက္ကသိုလ်၀န်းအတွင်းဖြစ်၍ သူကိုယ်တိုင်လည်း ၄င်းအတွင်း ပိတ်မိနေခဲ့သည်။ ထို့နောက် ဒုတိယနယ်မြေတွင်လည်း နယ်စားတစ်ဦးဖြစ်လာကာ နယ်မြေကို ဦးစီးအုပ်ချုပ်ရပြန်သည်။


"ဒါက..." 

လင်းလင်းက တံတွေးအသာမြိုချလိုက်မိသည်။


"ပြောရမယ်ဆို ဒီပုံရိပ်ယောင်နယ်မြေအတွက် ပရိုဂရမ်က ကျွန်မတို့ကုမ္ပဏီကပဲ ဆွဲထားတာလေ… ပြီးတော့ သူ့ရဲ့theme က ကြယ်တာရာခေတ် ABOကမ္ဘာပါ ..."


ရှောင်ပိုင်၏အကြောင်းကို ဆွေးနွေးခဲ့ခြင်းကြောင့် စွေ့ချီချောင်း၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသော အပြုံးဖျော့ဖျော့လေးမှာ မပျောက်ကွယ်သွားသေးဘဲ သံသယနှင့်ရှုပ်ထွေးမှု တစ်စွန်းတစ်စကပါ ပေါင်းထည့်ခံလိုက်ရသည်။


"အဲဒါက ဘာများလဲ..."



 đŸŒąArc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

ပြီးသွားပါပြီရှင် 🌾🌾🌾



စွေ့စွေ့က အပင်စိုက်တာကလွဲ ဘာကိုမှ စိတ်မဝင်စားဘူးထင်တယ် ABO Worldကိုတောင် ဘာမှန်းမသိဘူး🤣