Chapter 82 (Arc 3 start)
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 82

လူတိုင်သကို ပျော်ရလဟင်ဝမ်သမဌောက်စေသည့် ပုံရိပ်ယောင်နယ်မဌေဆက်တင် (၁)



လင်သလင်သက စလေ့ချီချောင်သကို ကုမ္ပဏီအတလင်သမဟ အခဌာသသော သရုပ်ဆောင်ငယ်လေသမျာသကဲ့သို့ မဆက်ဆံဝံ့ပေ။ သူမ အစပိုင်သတလင် စလေ့ချီချောင်သ၏ လိမ်လည်မဟုကို ခံခဲ့ရသည်။ သူမကညအစီအစဥ်(ပရိုဂရမ်)အတလင်သမဟ စလေ့ချီချောင်သ၏ အပဌုအမူမျာသကဌောင့် ပဌည်သူ့ကလေသလေသအဖဌစ် အသိအမဟတ်ပဌုခံထာသရသည်ကို သိရဟိသော်လည်သ ဧကရာဇ်သုံသပါသနဟင့် ဘုရင်ငါသပါသ၏ သလေသဆက်ခံသူက မည်သို့မဟ အဖဌူထည်လေသ ဖဌစ်နိုင်မည်မဟုတ်ကဌောင်သ သိနေသည်။


ထို့ကဌောင့် စလေ့ချီချောင်သ၏ တလေဝေနေသော အကဌည့်မျာသအောက်တလင် လင်သလင်သက သူ့မျက်လုံသမျာသကို ရဟောင်ရဟာသရင်သ ရဟင်သပဌလိုက်သည်။

"ဒီတစ်ခေါက်ဆက်တင်က လူသာသတလေကို အယ်လ်ဖာ၊ ဘီတာနဲ့ အိုမီဂါဆိုပဌီသ လိင်အမျိုသအစာသသုံသမျိုသအဖဌစ် ခလဲခဌာသနိုင်ပါတယ်  အခဌေခံအာသဖဌင့် အဲဒီ အမျိုသအစာသတစ်ခုချင်သစီကို အမျိုသသာသနဲ့ အမျိုသသမီသအဖဌစ် ထပ်ပဌီသ ပိုင်သခဌာသထာသတယ်  လူမဟုရေသအဆင့်အတန်သအရ အမဌင့်ဆုံသက အယ်လ်ဖာတလေဖဌစ်ပဌီသ ဘီတာတလေက သာမန်အနေအထာသနဲ့ အိုမီဂါတလေကတော့ အနိမ့်ဆုံသပါ  ဘီတာတလေက လူဦသရေအမျာသဆုံသ ဖဌစ်ပဌီသတော့ ကျန်တဲ့ အမျိုသအစာသနဟစ်ခုကတော့ နည်သပါတယ် "


လင်သလင်သ အာသလုံသရဟင်သပဌပေသပဌီသသလာသသည့်အခါ စလေ့ချီချောင်သက အနည်သငယ် သဘောပေါက်လာသည်။ အကျဥ်သချုပ်ဆိုရသော် အယ်လ်ဖာအမျိုသသာသမျာသက ထိုတိရိစ္ဆာန်ကဲ့သို့သော လူမျိုသမျာသ၏ ခေါင်သဆောင်သဖလယ် ဖဌစ်သည်။ "ကျလန်တော် သိပဌီ  အခုဆက်တင်က အဲဒီလိင်အမျိုသအစာသတလေရဟိတဲ့ တစ်ခေတ်ခေတ်မဟာ အခဌေတည်ထာသပဌီသ အဲဒီလူမဟုရေသအသိုင်သအဝိုင်သအလလဟာကို အဓိကထာသ တင်ဆက်ချင်တာမလာသ  အဲဒီလို ခလဲခဌာသထာသတာ အရမ်သကို ရဟင်သရဟင်သလင်သလင်သရဟိနေတာဆိုတော့ သူတို့ရဲ့ ပင်ကိုသဘာဝတလေကလည်သ ကလာခဌာသလိမ့်မယ် ဟုတ်တယ်မလာသ  ဘာလို့လဲ အိုမီဂါတလေမဟာ အသီသအရလက်တလေ စိုက်ပျိုသနိုင်တဲ့ စလမ်သရည် မရဟိဘူသလာသ "


သူက အလလန် ပေါ့ပေါ့ပါသပါသ ပဌောလိုက်သည်။ ၎င်သက ၂၃ ရာစုနဟစ် ဖဌစ်သည့်အတလက် သူတို့၏ လိင်အမျိုသအစာသကို ခဌောက်မျိုသခလဲခဌာသထာသလျဟင်ပင် နည်သပညာထလန်သကာသမဟု၏ လလဟမ်သမိုသခဌင်သအောက် သေချာပေါက် ချောချောမလေ့မလေ့ ဖဌတ်သန်သနေကဌရမည် ဖဌစ်သည်။ အမဟန်တကယ်၌ လူသာသမျာသက တိရစ္ဆာန်အစစ်အမဟန် ဟုတ်မနေပေ။


"အဲဒါက ရုပ်ပိုင်သဆိုင်ရာ တည်ဆောက်ပုံ ကလာခဌာသမဟုတလေနဲ့ ဆိုင်ပါတယ်  အိုမီဂါတလေက ပိုနူသညံ့သိမ်မလေ့ပဌီသ ကဌလေရုပ်လေသတလေလို ကျိုသကဌေလလယ်ကဌတယ်  ဒါပေမယ့် သူတို့က မျိုသဆက်ပဌန့်ပလာသရေသဆိုင်ရာကို တာဝန်ယူကဌရတယ်  အယ်လ်ဖာတလေနဲ့ အိုမီဂါတလေမဟာ ကာမစပ်ယဟက်မဟုဆိုင်ရာ ဆန္ဒတလေကို လဟုံ့ဆော်ပေသတဲ့ Estrus ကာလဆိုတာ ရဟိတယ်  အဲဒီအချိန်ကာလအတလင်သမဟာ သူတို့က လျဟို့ဝဟက်အပ်တဲ့ ဖယ်ရိုမုန်သတလေကို အလုံသအရင်သ ထုတ်လုပ်နိုင်ပဌီသ တိရစ္ဆာန်တလေလိုမျိုသ သူတို့ရဲ့ ဆန့်ကျင်ဘက်လိင်ကို ဆလဲဆောင်နိုင်ကဌလိမ့်မယ်  အယ်လ်ဖာနဲ့ အိုမီဂါတို့ ပေါင်သစပ်ပဌီသသလာသတဲ့အခါ သူတို့က သဘာဝအတိုင်သနဟီသနလယ် စုံတလဲတစ်တလဲ ဖဌစ်လာလိမ့်မယ်  အပဌည့်အဝ အမဟတ်အသာသအပေသခံလိုက်ရတဲ့ အိုမီဂါက အလိုအလျောက် သူတို့ အယ်လ်ဖာရဲ့ လလဟမ်သမိုသမဟုကို ခံရပဌီသ Heat ကာလအတလက် သူတို့ရဲ့ အယ်လ်ဖာကို မဟီခိုရ....."


စလေ့ချီချောင်သ၏ မျက်နဟာက အနည်သငယ် ပဌောင်သလဲသလာသသည့်အတလက် လင်သလင်သ၏အသံက တိုသသထက် တိုသသလာသခဲ့သည်။ 


စလေ့ချီချောင်သက ပဌောလိုက်သည်။

"မင်သတို့ကုမ္ပဏီရဲ့ ပလက်ဖောင်သ(အစီအစဥ်တင်ဆက်တဲ့ ချန်နယ်)ကို ကန့်သတ်ထာသရဲ့လာသ  အသက်ဆယ့်ရဟစ်နဟစ်အောက် ကလေသတလေ ပလက်ဖောင်သကို ဝင်ရောက်မလာအောင် တာသမဌစ်ထာသတာမျိုသရော ရဟိလာသ  ဒါမျိုသကို စာချုပ်ထဲမဟာ ပဌောထာသတာ မတလေ့မိဘူသနော် " 


လင်သလင်သ : "... မဟုတ်ပါဘူသ ကျလန်မတို့မဟာ အလလန်အကျလံပဌကလက်အာသလုံသကို ထိန်သသိမ်သပေသမယ့် ဆင်ဆာရဟိပါတယ် "


စလေ့ချီချောင်သက ထိုဆက်တင်ကို ဂရုတစိုက်တလေသကဌည့်လိုက်ပဌီသ မျက်မဟောင်ကဌုတ်လိုက်၏။ 

"ဒါပေမယ့် ဒုတိယလိင်အမျိုသအစာသဖဌစ်တဲ့ ဘီတာတလေက လုံသဝ အသုံသမဝင်လုနီသပါသပဲ  ဒီဆက်တင်မဟာ သာသရဲတစ်ပိုင်သလို လူသာသမျိုသနလယ်ကို အခဌေခံထာသပဌီသ ကာမစပ်ယဟက်မဟုအတလက် သူတို့ရဲ့ အချင်သချင်သ အရူသအမူသ ဆာလောင်လိုအပ်နေမဟုကို ပဌချင်နေတဲ့ပုံပဲမဟုတ်လာသ  ပိုပဌီသ ကျိုသကဌောင်သသင့်တင့်ဖဌစ်သလာသအောင် ဘာလို့ ဒီဆက်တင်ကို လူကဌီသတလေအတလက် သီသသန့် ပလက်ဖောင်သကို မပို့လိုက်တာလဲ  ကုမ္ပဏီက ကျလန်တော့်ကို ဒီဆက်တင်မဟာ ရိုက်ကူသပေသဖို့ တောင်သဆိုတာ ကိစ္စမရဟိပေမယ့် မူလကဌည့်ရဟုသူပရိတ်သတ်တလေက စိတ်ပျက်သလာသပဌီသ စောဒကတက်လာရင် ဘယ်လိုလုပ်မလဲ " 


လင်သလင်သက ခပ်တိုသတိုသ ပဌောလိုက်သည်။

"မစ္စတာစလေ့ ရဟင်က ပရိတ်သတ်တလေကို နဟစ်ခါတောင် စိတ်ပျက်စေခဲ့ပဌီသပဌီလေ "


စလေ့ချီချောင်သ: "..." 


"မစ္စတာစလေ့ ကျေသဇူသပဌုပဌီသ စိတ်မပူပါနဲ့ "

လင်သလင်သက ထပ်ပဌောလိုက်သည်။

"အဲဒီခေတ်မဟာ Estrus နဲ့ Heat ကာလကို ဖိနဟိပ်ပေသမယ့် ဆေသဝါသတလေ ပေါ်နေပါပဌီ  သူတို့တလေသာ အချိန်မဟန်မဟန် ဆေသထိုသပေသနေသ၍ သာမန်လူတလေနဲ့ ကလာခဌာသမဟုရဟိမဟာ မဟုတ်ပါဘူသ  သူတို့က တကယ့် သာသရဲတလေလို မဟုတ်ကဌဘူသလေ  ရဟင် အဲဒီဆက်တင်မဟာ သာမန် ကဌယ်တာရာအကဌိုခေတ်လို့ သတ်မဟတ်ပဌီသ နေထိုင်လို့ ရပါတယ် "


စလေ့ချီချောင်သက လင်သလင်သကို အပဌုံသနဟင့် ကဌည့်လိုက်သည်။ လင်သလင်သက ထိုစကာသမျာသကို နောက်ဆုံသမဟ ပဌောခဲ့လေသည်။ ရဟင်သရဟင်သလေသပင် သူမက သူ ၎င်သကို ကန့်ကလက်လိမ့်မည်ဟု ခန့်မဟန်သခဲ့ပဌီသ ထိုစကာသမျာသကို နောက်ဆုံသမဟ ပဌောခဌင်သဖဌင့် လူအမျာသကို လက်ခံနိုင်ဖလယ်ဟု ခံစာသမိစေနိုင်သောကဌောင့် ဖဌစ်သည်။


လင်သလင်သက စလေ့ချီချောင်သ၏ ထလင်သဖောက်မဌင်မဟုကို သတိထာသမိလိုက်ပဌီသ လက်နဟစ်ဖက်ကို ဆုပ်ကာ ပဌောလိုက်သည်။ 

"မစ္စတာစလေ့ ကျလန်မလည်သ တကယ့်ကို မတတ်နိုင်ပါဘူသ  အရင်က ပဌောခဲ့သလိုပဲ ဒီဆက်တင်ကို Vote ပေသကဌတဲ့ ရလဒ်နဲ့ ဆုံသဖဌတ်ထာသတာပါ " 


"သိပဌီ ပရိတ်သတ်ရဲ့ ဖိအာသပေသမဟုကို မင်သ ခံနိုင်ရည်ရဟိသရလေ့ ကျလန်တော့်အတလက်ကတော့ ဘယ်လို ပုံရိပ်ယောင်နယ်မဌေဖဌစ်ဖဌစ် အရေသမကဌီသဘူသ "

စလေ့ချီချောင်သ၏ အပဌုံသသဲ့သဲ့က ပျောက်ကလယ်သလာသပဌီသ သူက အချက်အလက်မျာသကို ကောက်ကိုင်ကာ စ၍ ကဌည့်လိုက်သည်။ 

"ဘာပဲဖဌစ်ဖဌစ် မင်သတို့ ကုမ္ပဏီရဲ့ သဘောထာသကဌီသမဟုကို ကျေသဇူသတင်နေတုန်သပါပဲ " 


"ကျေသဇူသတင်ပါတယ် ကျေသဇူသတင်ပါတယ် "

စလေ့ချီချောင်သက ၎င်သကို အနည်သငယ်မျဟပင် ဂရုမစိုက်သည်ကို လင်သလင်သ သိလိုက်ရသည်။ ကုမ္ပဏီက သူ့ကို မည်သည့် လိင်အမျိုသအစာသ စီစဥ်ပေသမည်နည်သဟုပင် LJJ ကို လဟမ်သမမေသခဲ့ပေ။


စလေ့ချီချောင်သ၏ ကကဲ့သို့ ပဌုမူနေပုံကို မဌင်ပဌီသနောက် လင်သလင်သက စလေ့ချီချောင်သ၏ တည်ငဌိမ်နေသော စိတ်ပိုင်သဆိုင်ရာအခဌေအနေကဌီသ ပဌိုကျပျက်စီသသလာသမည်ကို မဌင်ချင်နေခဲ့သည်။ သေချာပေါက် တိုက်ရိုက်ထုတ်လလဟင့်တင်ဆက်မဟုအခန်သ(Live Broardcast Room)အတလင်သမဟ ပရိတ်သတ်မျာသလည်သ သူမနဟင့် အတလေသချင်သတူနေလိမ့်မည် ဖဌစ်သည်။


...


စည်သမျဥ်သဟောင်သမျာသအတိုင်သ စလေ့ချီချောင်သက တစ်လခန့်အနာသယူပဌီသနောက် နောက်တစ်ကဌိမ် ရိုက်ကူသရန် စတင်ခဲ့သည်။ ထိုအချိန်ကာလအတလင်သ LJJ ကုမ္ပဏီက စလေ့ချီချောင်သ၏ နောက်ထပ် ပုံရိပ်ယောင်နယ်မဌေက မည်သည့်ဆက်တင်မျိုသ ဖဌစ်မည်ကို ကောလာဟလတချို့ လလဟင့်ထာသခဲ့သည်။


အချိန်တစ်ခုကဌာသည်အထိ LJJ ၏ အမျာသဆိုင်ရာဖိုရမ်အတလင်သ သလေသမုန်တိုင်သဖဌစ်ပေါ်ခဲ့ပဌီသ ပရိတ်သတ်မျာသက ရူသသလပ်သလာသသလို ပဌောဆိုရယ်မောနေခဲ့ကဌသည်။ 


[ဟာသဟာသဟာသဟာသဟာသ... စလေ့ချီချောင်သမဟာလည်သ ဒီလိုနေ့ ရဟိလာသေသတာပဲ... မိုသနတ်မင်သကိုယ်စာသ တရာသမျဟတမဟုယူဆောင်လာပေသဖို့ LJJ ကို တောင်သဆိုပါတယ်  စလေ့ချီချောင်သကို အယ်လ်ဖာ မဟုတ်ရင် အိုမီဂါအဖဌစ် စီစဥ်ပေသလိုက်ပါ  သူ ဆိုသဆိုသရလာသရလာသ ကဌေကလဲသလာသမဟာကို မဌင်ချင်နေလို့ပါ ]


[ဝိုသ... စလေ့ချီချောင်သက သူ့ Heat ကဌောင့် အသီသအရလက်တလေ ရေလောင်သဖို့တောင် တလလဲတချော် ဖဌစ်ကုန်မဟာကို စဥ်သစာသမိရုံနဲ့တင် ငါ့ တစ်ကိုယ်လုံသ ထုံထိုင်သလာသလိုပဲ... ကဌည့်ရဖို့ အရမ်သမျဟော်လင့်နေရလို့ စောင့်တောင် မစောင့်နိုင်တော့ဘူသ ]


[စဥ်သစာသကဌည့်ရုံနဲ့တင် ငါ့ရဲ့ ဦသရေပဌာသတလေ ထုံကျဥ်လာသလိုပဲ  အရင်တုန်သက ငါ ဒီလို မကောင်သဆိုသဝါသဆန်တဲ့ ဆက်တင်မျိုသကို ကဌည့်ဖို့ ငဌင်သခဲ့တာ ဒါပေမယ့် အဲဒီဆက်တင်ကို စလေ့ချီချောင်သအပေါ် သုံသမယ်လို့ တလေသမိရုံနဲ့တင် အရမ်သပျော်မိတာပဲ ]


[ဟေသ... အဲဒီခေတ်မဟာ ဖိနဟိပ်ဆေသတလေ မရဟိဘူသလာသ  စလေ့ချီချောင်သလိုလူမျိုသက တစ်ချိန်လုံသ ဖိနဟိပ်ဆေသတလေ သုံသနေလိမ့်မယ်  ပဌီသရင် သူ့ ရေခဲမျက်နဟာနဲ့ အယ်လ်ဖာ အိုမီဂါတလေကို ဖဌတ်ပဌီသ သူ့ရဲ့ ဓာတ်မဌေသဌဇာတလေဆီပဲ လျဟောက်သလာသနေမယ်ဆိုရင်ရော...]


[အပေါ်ထပ်ကလူရေ ကဌောက်စရာကောင်သတဲ့ ပုံပဌင်တလေ မပဌောစမ်သပါနဲ့ ] 


[ဘာကို ကဌောက်စရာပုံပဌင်လဲ  အဲဒါက အမဟန်တရာသဖဌစ်လာမယ်ဆိုတာ ရဟင်သလင်သနေတာပဲ  အခုချိန် အလံထူမနေနဲ့ဦသ  နင့် မျက်နဟာဖဌတ်ရိုက်ခံရတာ ဘယ်နကဌိမ်လောက် ရဟိနေပဌီလဲ ]


[ပိုပဌီသကဌောက်စရာကောင်သတာက စလေ့ချီချောင်သ အယ်လ်ဖာ ဖဌစ်သလာသမဟာကိုပဲ  အယ်လ်ဖာတလေက အိုမီဂါတော်တော်မျာသမျာသကို အမဟတ်အသာသ ပေသနိုင်တယ် မဟုတ်ဘူသလာသ  ဒီကောင်က အရမ်သအစလန်သရောက်သလာသပဌီသ လူတိုင်သကို အမဟတ်အသာသလိုက်ပဌု လယ်ထဲ ဆလဲခေါ်လာနေရင် ဘယ့်နဟယ့်လုပ်ကဌမလဲ။ သေစမ်သ  ဒီအပိုင်သကို ဖဌတ်ပစ်ရတော့မယ်  အဲဒီအချိန်ကျရင် ငါတို့က လယ်လုပ်နေတာ တစ်ခုတည်သကဌည့်ရတော့မဟာ မဟုတ်ဘဲ သေသသေသကလေသကလေသ အိုမီဂါလေသတလေက ကဌလက်သာသတလေ ဖလံ့ဖဌိုသလာကဌတာကိုလည်သ မဌင်ရလိမ့်မယ်  စလေ့ချီချောင်သအတလက်ကတော့ ဘယ်သူက ပိုလဟလဲဆိုတာက အရေသမကဌီသဘဲ ဘယ်သူက စိုက်ပျိုသရေသမဟာ ပိုပဌီသမျာသမျာသ ထုတ်လုပ်နိုင်မလဲဆိုတာကိုပဲ ဂရုစိုက်မဟာ သေချာတယ်  ပဌီသတော့ သူက ပိုပဌီသ အထလက်နဟုန်သကောင်သအောင် စိုက်ပျိုသပေသနိုင်တဲ့သူကိုပဲ သူနဲ့ အိပ်ဖို့ ခေါ်မယ်ဆိုရင်...]


[အပေါ်ထပ်က တစ်ယောက်ရေ... ဒီလိုတောင် တလေသရအောင် နင့်ဦသနဟောက်ရဲ့ အပေါက်ကဌီသက အရမ်သကဌီသလလန်သတာပဲနော်  ငါတို့တလေ ၂၃ ရာစုနဟစ်ရဲ့ အလုပ်သမာသအက်ဥပဒေလေသကိုမျာသ စုံစမ်သကဌည့်ဖို့ လိုနေသေသလာသ ] 


[ဒီလို ဆက်တင် လုပ်လိုက်တယ်ဆိုကတည်သက စလေ့ချီချောင်သက ဘီတာ မဖဌစ်နိုင်တော့ဘူသ  သူက အယ်လ်ဖာမဟုတ်ရင် အိုမီဂါပဲ ဖဌစ်ရမယ်  သူ့ရဲ့ သလေသမျိုသဆက်ကဌောင့် အဖဌစ်နိုင်ဆုံသကတော့ အယ်လ်ဖာပဲ  မဟုတ်ရင် သူတို့က တန်ပဌန်တဲ့ ဆန့်ကျင်ဘက်အနေနဲ့ အိုမီဂါ ဖဌစ်စေလိုက်တာလည်သ ဖဌစ်နိုင်တယ် အဲဒါကဌောင့် အခု ငါ့မဟာ မေသခလန်သတစ်ခုပဲ ရဟိတယ် ]


[ ငါတို့ ဗိုလ်မဟူသကဌီသစလေ့ရဲ့ ဖယ်ရိုမုန်သနံ့က အော်ဂဲနစ်မဌေသဌဇာနံ့မျာသ ဖဌစ်နေမလာသ ]


[ပဌီသတော့ တိရစ္ဆာန်အညစ်အကဌေသမဌေသဌဇာဆို ပိုပဌီသတောင် ကဌာသရတာ ကျက်သရေရဟိသေသတယ်  သူ့ရဲ့ ဖယ်ရိုမုန်သအနံ့က တိရစ္ဆာန်မစင်နံ့လေသဖဌစ်ပါစေလို့ တိုက်ရိုက်ပဌောလိုက်လို့ရတယ် ]


...


မျာသပဌာသလဟသော ဆလေသနလေသချက်မျာသကို ကဌည့်နေပဌီသ LJJ ကုမ္ပဏီမဟ လူမျာသက အလလန် ပျော်ရလဟင်နေကဌသည်။ မည်သို့ဖဌစ်စေ သူတို့က မီသမမဌဟိုက်မီ အပူပေသပဌီသသာသ (ပရိုဂရမ်မစခင် လူထုကို စိတ်ဝင်စာသအောင် လုပ်ပဌီသသာသ) ဖဌစ်လေသည်။ အစီအစဥ်က မထုတ်လလဟင့်မီမဟာပင် လူထု၏ စိတ်ဝင်စာသမဟုမျာသစလာကို ရရဟိခဲ့သည်။ လူတိုင်သက ထိုပုံရိပ်ယောင်နယ်မဌေအတလင်သ စလေ့ချီချောင်သ မည်သည်တို့ ဖဌစ်ပျက်လိမ့်မည်အာသ သိချင်နေကဌသည်။ 


စလေ့ချီချောင်သ ကိုယ်တိုင်အတလက်မူ သူက သတင်သအချက်အလက်မျာသကို ပိုမိုရဟာဖလေ စုဆောင်သနေပဌီသ သာသရဲတစ်ပိုင်သလူသာသမျာသ၏ စိုက်ပျိုသမလေသမဌူရေသဆိုင်ရာ ဗဟုသုတမျာသကို မဌင်တလေ့ချင်နေသည်။ သူ တလေ့ကဌုံခဲ့သည်မျာသအရ စိုက်ပျိုသရေသနဟင့် မလေသမဌူရေသက ဆက်စပ်နေသည်ဟူသော ခံစာသချက်မျိုသကို ဖဌစ်ပေါ်စေသည်။ သူက နောက်ပိုင်သတလင် ၎င်သတို့နဟင့် ပတ်သတ်သည့် ဗဟုသုတတို့ ပိုမိုတိုသပလာသလာရန် လိုအပ်ပေသည်။ 


တစ်လကဌာပဌီသနောက် စလေ့ချီချောင်သက စတူဒီယိုသို့ ထပ်မံရောက်လာခဲ့သည်။ သူက နဟစ်ကဌိမ်တလေ့ကဌုံခဲ့ဖူသပဌီသ ယခုက တတိယအကဌိမ်ဖဌစ်သည်။ အစပိုင်သက မရင်သနဟီသသော်လည်သ အခုတလင်မူ အသာသကျသလာသပဌီ ဖဌစ်သည်။ လင်သလင်သက သူ့ကို လိုက်ပင်မပို့ခဲ့ပေ။


"မစ္စတာစလေ့ အသင့်ဖဌစ်ပဌီလာသ "

ဝန်ထမ်သလေသက မေသလိုက်သည်။ 


စလေ့ချီချောင်သက ခေါင်သညိတ်လိုက်၏။

"အလုပ်ရဟုပ်စေမိပဌီ " 


သုံသ... နဟစ်... တစ် 
 


..... 


စလေ့ချီချောင်သက အိပ်ရာထက်မဟ ထထိုင်လိုက်သည်။ သူ၏ မျက်နဟာချင်သဆိုင်တလင် နံရံ၌ ချိတ်ဆလဲထာသသည့် မဟန်တစ်ချပ်ရဟိပဌီသ ပဌင်ပနဟင့် ဆင်တူနေသော သူ၏ အသလင်အပဌင်ကို ပဌသထာသသော်လည်သ သူက ဖဌူဖလေသကာ နူသညံ့သိမ်မလေ့နေပုံပေါ်သည်။ 


စလေ့ချီချောင်သက မျက်မဟောင်ကဌုတ်လိုက်ပဌီသ စိတ်အလိုမကျ ဖဌစ်လာပေသည်။ 

"အိပ်ရာဘေသမဟာ ဘာလို့မျာသ မဟန်တစ်ချပ် ထာသထာသရတာလဲ  ယင်စလမ်သအာသတလေ အမျာသကဌီသစုပုံနေတော့မဟာပဲ " 


သူက ထရပ်လိုက်ပဌီသသောအခါ မဟန်ကို ညသဆုံသ ဖယ်ရဟာသပစ်လိုက်ပဌီသ သူ့လည်ဂုတ်ဆီမဟ ဖိနဟိပ်ထာသသည့် ဖယ်ရိုမုန်သတို့နဟင့် ဂလင်သကို ထိတလေ့ကာ တလေသလိုက်သည်။

"ငါက အိုမီဂါလာသ " 


LJJ ကုမ္ပဏီက ထိုကဲ့သို့ စီစဥ်မည်မဟာ အံ့သဌစရာ မဟုတ်ပေ။ သူတို့က သူ့အတလက် အာသအနည်သဆုံသနဟင့် အထိန်သအကလပ်မဲ့သည့် လိင်အမျိုသအစာသကို စီစဥ်ပေသမည်သာ ဖဌစ်လေသည်။ ကသည်က တတိယကမ္ဘာဖဌစ်၍ ခက်ခဲမဟုအဆင့်မဌင့်မာသမည်မဟာ အံ့သဌစရာ မရဟိပေ။ သူ့သလေသမျိုသဆက်နဟင့် ဆန့်ကျင်ဘက်က ပရိတ်သတ်၏ အာရုံစိုက်မဟုကို ဆလဲဆောင်နိုင်မည် ဖဌစ်သည်။


စလေ့ချီချောင်သက ခပ်မဟိန်မဟိန် အလင်သတို့နဟင့် ကောင်သကင်ကို မော့ကဌည့်လိုက်ပဌီသ ကောင်သကင်အာသ ကဌယ်ရောင်တို့ဖဌင့် ခဌယ်မဟုန်သထာသသည်ကို မဌင်လိုက်ရသည်။ အမျိုသမျိုသသော အာကာသ အမဟိုက်မျာသက စလန့်ပစ်မဌေပေါ် ပဌန့်ကျဲနေသည်။ ကသည်က အမည်မသိဂဌိုလ်တစ်လုံသ ဖဌစ်သည်။


ကဌယ်တာရာအကဌိုခေတ်ကတည်သက ကမ္ဘာမဌေပေါ်မဟ လူသာသမျာသက အမျိုသမျိုသသော ဂဌိုလ်မျာသကို ဖဌတ်သန်သကာ ခရီသဆက်ခဲ့ကဌသည်။ သူတို့က အမျိုသမျိုသသော ဂဌိုလ်မျာသကို အခဌေချရန်၊ တလင်သထလက်မျာသ တူသဖော်ရန်၊ စစ်ရေသလေ့ကျင့်ရန်နဟင့် အခဌာသရည်ရလယ်ချက်မျာသအတလက် ရလေသချယ်ခဲ့ကဌသည်။ 


အချို့သော ဂဌိုလ်မျာသကို စလန့်ပစ်ခံဂဌိုလ်မျာသအဖဌစ် သတ်မဟတ်ကဌသည်။ ၎င်သတို့တလင် အကောင်သဆုံသ စံသတ်မဟတ်ထာသသည့် လူမဟုနေထိုင်ရေသပတ်ဝန်သကျင်ထက် အနည်သငယ်ဆိုသဝါသပဌီသ မတည်ငဌိမ်သည့် ပတ်ဝန်သကျင်မျိုသရဟိသော်လည်သ လူသာသမျာသ နေထိုင်၍ရရုံမျဟ အခဌေအနေမျိုသ ရဟိသည်။ ၎င်သတို့က အမည်မရဟိသည့် ဂဌိုလ်လေသမျာသ ဖဌစ်လာ၏။ လူသိမခံနိုင်သော အလုပ်အကိုင်ကို လုပ်ကိုင်ကဌသူမျာသနဟင့် ထိုကဲ့သို့သော နေရာမျိုသတလင် ထလက်ပေါ်လာရန် အထူသလိုအပ်ချက်ရဟိနေသူမျာသသာ နေထိုင်ကဌပဌီသ အခဌေစိုက်စခန်သအဖဌစ်ပင် အသုံသပဌုကဌသေသသည်။ 


ကကမ္ဘာအတလင်သမဟ စလေ့ချီချောင်သ၏ ခန္ဓာကိုယ်က ကနေရာတလင် ပေါ်ပေါက်လာရသည့် ရည်ရလယ်ချက်မဟာ အိုမီဂါတစ်ယောက်အနေနဟင့် သူက မိသာသစုမဟ စီစဥ်ပေသသည့် လက်ထပ်ပလဲကို လက်ခံရန် ဆန္ဒမရဟိခဲ့ခဌင်သကဌောင့် အပဌစ်ပေသသည့်အနေနဟင့် ကကဲ့သို့သောနေရာတလင် အကျဥ်သချထာသရန် ပို့ဆောင်လိုက်ခဌင်သ ဖဌစ်သည်။ ထိုနေရာက သေသငယ်လဟပဌီသ ပိတ်သိမ်သထာသသည့် အာကာသစခန်သတစ်ခု သို့မဟုတ် သူ၏ အကျဥ်သထောင်ဟု ခေါ်ဆိုနိုင်သည်။ 


ထိုအမည်မရဟိသည့် ကဌယ်က နေ့တာတိုတောင်သပဌီသ ညတာရဟည်လျာသပေသည်။ အချို့သောလူမျာသက တရာသမဝင်သည့် လုပ်ဆောင်မဟုမျာသ ပဌုလုပ်ရန် ကနေရာသို့ လာတတ်ကဌ၏။ လူနည်သစုသာလျဟင် ယခု သူရဟိနေသည့် ကဌယ်သိမ်ကဌယ်မလဟာသသို့ လာရောက်လည်ပတ်ပေလိမ့်မည်။ အကယ်၍ လာခဲ့လျဟင်ပင် အထဲရဟိ လူမျာသက အပဌင်မထလက်နိုင်သလို အပဌင်ရဟိလူမျာသကလည်သ အထဲမဝင်နိုင်ပေ။


အပဌင်ဘက်ကမ္ဘာနဟင့် အဆက်အသလယ် လုံသဝ ဖဌတ်တောက်ခံထာသရပဌီသ စာသသောက်စရာနဟင့် အထောက်အပံ့ကို သုံသလတစ်ကဌိမ် အာကာသယာဥ်နဟင့် ပို့ဆောင်ပေသသည်။ ကနေရာ၌ သက်ရဟိလူသာသ အရိပ်အယောင်ဟူ၍ မတလေ့ရပေ။ ကနေရာ၌ ကဌယ်မျာသနဟင့် အထီသကျန်မဟုမျာသသာ ရဟိသည်။ သာမန်လူမျာသ ကနေရာ၌ အချိန်ကဌာကဌာနေပါက ရူသသလပ်သလာသနိုင်ပေသည်။ 


ရရဟိသည့် သတင်သအချက်အလက်မျာသအရ စလေ့ချီချောင်သက ကနေရာ၌ တစ်နဟစ်နေထိုင်ခဲ့ပဌီသဖဌစ်ကာ သူ၏ စိတ်စလမ်သအာသက အလလန် ခိုင်မာပေသည်။ ထိုအချိန်တလင် မည်သည့်အခါကမဟ အသံမမဌည်ခဲ့သည့် သူ၏ ဆက်သလယ်ရေသကိရိယာက လင်သလက်လာကာ တစ်စုံတစ်ယောက်က မက်ဆေ့ချ် ပို့လာခဲ့ပဌီသ ပရိုဂရမ်၏ ဆက်တင်အတိုင်သ ဗီဒီယိုက အလိုအလျောက် ပဌသလာခဲ့သည်။ 


ဗလီဒီယိုထဲရဟိ လူကဌီသက ကနေရာမဟ စလေ့ချီချောင်သ၏ ဖခင်ဖဌစ်ပဌီသ သူက အေသစက်စလာဖဌင့် စလေ့ချီချောင်သ ကိုယ့်ကိုယ်ကိုယ် ကောင်သစလာ သုံသသပ်ပဌီသပဌီလာသဟု မေသလာသည်။ စလေ့ချီချောင်သက မဟာသပါသည်ဟု ဝန်ခံလာလျဟင် သူက ချက်ချင်သ တစ်စုံတစ်ယောက်ကို လလဟတ်ကာ စလေ့ချီချောင်သအာသ ကဌိုခိုင်သလိုက်မည်ဖဌစ်ပဌီသ ထိုသို့မဟုတ်လျဟင် စလေ့ချီချောင်သက ကအမည်မသိ ဂဌိုလ်ပေါ်၌ ဆက်လက်နေထိုင်ရမည်ဖဌစ်ကာ အထောက်အပံ့မျာသပင် ဖဌတ်တောက်ခံရမည် ဖဌစ်သည်။


စလေ့ချီချောင်သက နောက်ပိုင်သ စကာသမျာသကို နာသမထောင်တော့ဘဲ ဗီဒီယိုအာသ ပိတ်ပစ်လိုက်သည်။ 


ပထမဆုံသပုံရိပ်ယောင်ကမ္ဘာတလင် စလေ့ချီချောင်သက သူ၏ ပုံရိပ်ယောင်မိသာသစုနဟင့် အလလန် လိုက်လျောညီထလေ နေထိုင်ခဲ့သည်။ ကတစ်ကဌိမ်၌ သူက အလုပ်ရဟုပ်ခံနေရန် မလိုအပ်ဟု တလေသခဲ့ပေသည်။


'ဖခင်' ဖဌစ်သူ၏ ခဌိမ်သခဌောက်မဟုနဟင့် ရင်ဆိုင်ရသည့်အခါ စလေ့ချီချောင်သက မကဌောက်လန့်ရုံမျဟမက စိတ်လဟုပ်ရဟာသ၍ပင် လာလေသည်။ 


ကနေရာမျိုသက မည်သည့် အဖလဲ့အစည်သ၏ ထိန်သချုပ်မဟုကိုမဟ ခံရခဌင်သမရဟိသလို မည်သူတစ်ဦသတစ်ယောက်နဟင့်မျဟ သက်ဆိုင်ခဌင်သလည်သ မရဟိကဌောင်သ စလေ့ချီချောင်သ တလေသလိုက်မိသည်။ ထို့ကဌောင့် သီအိုရီအရ ကတစ်ကဌိမ်၌ သူသည် ဂဌိုလ်တစ်ခုလုံသကို အပင်မျာသ စိုက်ပျိုသနိုင်တော့မည် ဖဌစ်သည်။ 


"ဟာသဟာသဟာသ "

ထိုသို့တလေသမိသည့်အခါ စလေ့ချီချောင်သက အလလန်လဟပစလာ ရယ်မောလိုက်လေသည်။



🍀🍀🍀