Chapter 190
အသွင်ပြောင်းခံရခြင်း၏ နောက်ကွယ်မှအကြောင်းပြချက်
ကမ္ဘာကြီးဖျက်ဆီးမခံရခင်ကလား...
"ရှင်ပြောချင်တာက...."
ယောင်စစ် ပင့်သက်ရှိုက်မိကာ သူ၏ဖက်တွယ်မှုထဲမှ ရုန်းထွက်ကာ သူ့ကိုမေးလိုက်သည်။
"ရှင် ကျွန်မကို ဘယ်လိုအသွင်ပြောင်းလိုက်လဲ မှတ်မိပြီလား...."
"အင်း...."
မူရွှမ် က သူမကို ပြန်ဆွဲဖက်လိုက်ပြီး သူ၏ပုံမှန် သုံမှုန်နေသော မျက်နှာအမူအယာမှ တောက်ပစွာပြုံးလိုက်သည်။ သူခေါင်းငြိမ့်ပြလိုက်ကာ သူမ၏ဆံပင်များကို ဆွဲဖွလိုက်သည်။
"ကိုယ်မှတ်မိသွားပြီ..."
"ဒါဆို အတိအကျဘယ်သူလဲ...."
သူမ အမြဲတမ်းသိချင်နေခဲ့သောအရာကို မေးလိုက်သည်။
"ယောင်ယောင်..."
သူ၏ အမူအယာက အနည်းငယ် မဲမှောင်သွားသည်။
"မင်း သွေးစုပ်ဖုတ်ကောင်မဖြစ်ခင်က မင်းက AB RH negative သွေးပိုင်ရှင်မလား..."
"ဟုတ်တယ်... ဒဏ္ဍာရီလာ ပန်ဒါသွေးလေ..."
သူမ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မရဲ့ ရှားပါးတဲ့သွေးအမျိုးအစားကြောင့် အမြဲတမ်း သတိထားပြီးနေနေရတာ... တစ်ခုခုဖြစ်လို့ သွေးအလှူရှင်ရှာမရမှာ စိုးလို့ ကိုယ့်လုံခြုံရေးကိုယ် အမြဲဂရုစိုက်ရတယ်... "
"အင်း..."
သူ၏ အကြည့်များက ပိုမိုတောက်ပလာပြီး သူ့တစ်ကိုယ်လုံး ပျော်ရွှင်မှုရောင်ဝါတို့ ထွန်းလင်းနေသည်။
"ကိုယ်ရောပဲ.."
"ရှင်ရောလား..... ရှင်ပြောချင်တာက...."
ယောင်စစ် အော်ဟစ်မိသွားသည်။
"ရှင်ပြောချင်တာ ကျွန်မတို့မှာ တူညီတဲ့သွေးအမျိုးအစားရှိတယ်လို့လား...."
"အဲ့လိုပြောလို့ရပါတယ်..."
"ဒါပေမဲ့ အဲ့တာက အသွင်ပြောင်းတာနဲ့ ဘာဆိုင်လို့လဲ... ကျွန်မကဖြင့် ရှင့်ကိုတစ်ခါမှ မမြင်ဖူးဘူးလေ... ပြီးတော့ ရှင့်ဆီက အကိုက်မခံရဖူးဘူးဆိုတာလည်း သေချာတယ်..."
"ယောင်ယောင်... သေသေချာချာစဉ်းစားကြည့်ပါဦး...."
"ကျွန်မတကယ် မသိတော့ဘူး... အရင်ကလည်း ခဏခဏတွေးခဲ့ဖူးတာပဲလေ ဒါပေမဲ့ သိကိုမသိတာ.. ဒါနဲ့ ရှင် ဘာလို့ ကျွန်မကို ယောင်ယောင်လို့ ခေါ်နေရတာလဲ... ရှင်အဲ့လို မခေါ်ခင်တုန်းက ကျွန်မကို အဲ့လိုခေါ်ဖူးတဲ့ တစ်ယောက်သောသူက..."
သူမ ပြောနေရင်းရပ်တန့်သွားသည်။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်ဟန် ပြူးကျယ်လာပြီး သူ့ကို အပေါ်အောက် စုန်ဆန်ကြည့်လိုက်သည်။
"ရှင်... ရှင်က... ဆေးရုံမှာတုန်းက မုန်းစရာကောင်းတဲ့လူပဲ..."
သူ့အပြုံး တောင့်ခဲသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ဖက်ခ်
ကမ္ဘာပေါ်မှာ သူမ အမုန်းဆုံးလူဆိုတာက သူမအထက်တန်းတုန်းက ဆေးရုံသွားလည်စဉ် သူမ၏ပထမဆုံးအနမ်းကို ခိုးယူခဲ့သူဖြစ်သည်။
သူမ၏ သွေးအမျိုးအစားက ရှားပါးလွန်း၍ မတော်တဆတစ်ခုခုဖြစ်လျှင် ဆက်သွယ်နိုင်ရန် ဆေးရုံတွင် ကိုယ်ရေးအချက်အလက်များ ပေးကြရသည်။ သူမ အထက်တန်းတတိယနှစ်တွင် အတော်လေးနေမကောင်းဖြစ်နေသည့် လူနာအတွက် သွေးလှူပေးရန်အတွက် ဆေးရုံမှ ဖုန်းခေါ်ဆိုမှုကို ပထမဆုံး လက်ခံခဲ့ရသည်။ နည်းနည်းလေးပင် တုံ့ဆိုင်းမနေတော့ဘဲ သူမ စိုးရိမ်တကြီးဆေးရုံသို့ ပြေးသွားခဲ့သည်။
အရိုးပေါ်အရေတင်သာရှိသော ကောင်လေးတစ်ယောက်က ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ဆေးပိုက်ပေါင်းများစွာက သူ့ကိုချိတ်တွယ်ထားကာ သူ့ကို မမြင်ရလုနီးပါးဖြစ်နေစေခဲ့သည်။ ဆရာဝန်၏ပြောပြချက်အရ သူ့ကို ကြင်နာတတ်သောလူတစ်ယောက်က ဆေးရုံကိုပို့ပေးခဲ့ခြင်းဖြစ်ပြီး သူ၏နောက်ဆုံးအသက်ကို ရှူထုတ်မိခါနီးဖြစ်နေသည်။ သူ့မိသားစုကို လုံးဝဆက်သွယ်၍မရသောကြောင့် မိဘမဲ့တစ်ယောက် ဖြစ်ဟန်တူလေသည်။
ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ဖြစ်၍ သူ၏ဒုက္ခကို သူမနားလည်ပေသည်။ စကားတစ်ခွန်းမှမပြောတော့ဘဲ သူမအင်္ကျီလက်ကိုခေါက်တင်၍ သူတို့ကို လိုချင်သလောက်ယူဟုပြော၍ သူမ၏သွေးများကို ရဲဝံ့စွာပေးခဲ့သည်။
ထို့ကြောင့် သူမ ထိုဆေးရုံတွင် တစ်ရက်မျှနေခဲ့ရသည်။ ကောင်လေးက နေ့လည်စာစားချိန်လောက်တွင် ပြန်နိုးလာပြီး သူ၏အဖျားကြောင့် စကားမပြောနိုင်လုနီးနီးဖြစ်ကာ 'ယောင်ယောင်'ဟူသော စကားကိုသာ ပြောနိုင်ခဲ့သည်။ ထို့အပြင် သူ၏မျက်လုံးများက အလွန်အမင်းတောက်ပနေကာ သူမကို စိုက်ကြည့်နေခဲ့သည်။
ယောင်စစ်က သူ၏အပြုအမူများမှ ထိုကောင်လေးက ပတ်ဝန်းကျင်အသစ်နှင့် အသားမကျဖြစ်နေကြောင်း သိခဲ့သည်။ သူ့ကို စိတ်ချလက်ချဖြစ်စေရန်နှင့် အလျှင်အမြန်ပျောက်ကင်းစေရန် သူမ၏ စာသင်ချိန်များကိုလစ်၍ ကောင်လေးကိုအဖော်ပြု၍ စကားပြောပေးခဲ့သည်။ မူလက အရာရာတိုင်းအဆင်ပြေနေပြီး သူက သူမပြောသမျှကို အသေအချာနားထောင်သော်လည်း သူမကျောင်းပြန်သွားရန် ပြင်လိုက်ချိန်တွင် သူ၏နောက်ဆုံး ထွက်သက်ကို ရှူထုတ်ခါရနီးဖြစ်သော သူက ရုတ်တရက် သူမကို ဆောင့်ဆွဲလိုက်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းကို ကိုက်ချလိုက်သည်။
သူမသာ ဆန္ဒရှိမည်ဆိုလျှင် ထိုသည်ကို အနမ်းတစ်ခုဟု သတ်မှတ်နိုင်မည်ဖြစ်သော်လည်း သူမတို့နှစ်ယောက်လုံး၏ ပါးစပ်ထဲတွင်သွေးများ ယိုစိမ့်နေကာ သံချေးအရသာကိုပင် ရနေခဲ့သည်။ ထိုအချိန်က ယောင်စစ်က မည်သူ့သွေးဖြစ်ကြောင်း မခွဲခြားနိုင်ခဲ့ပေ။ သို့သော် သူမ၏နှုတ်ခမ်းက ဆိုးဆိုးဝါးဝါးနာကျင်နေသဖြင့် အော်သာဆဲချင်နေခဲ့သည်။ သူ သူမကို နာကျင်အောင်လုပ်ခဲ့သည်ကို မြင်သွားသောအခါ ဆရာဝန်က သူမကို ဆေးရုံတွင်ဆက်နေရန် ခွင့်မပြုတော့ပေ။
ထိုနေ့မှစ၍ သူမကို သွေးလှူရန် ဆေးရုံက ဖုန်းမဆက်တော့ပေ။
ယင်းအစား သူမ၏နှုတ်ခမ်းကို နှစ်ပတ်မျှယောင်ကိုင်းနေစေသည့် ဒဏ်ရာကြီးနှင့် ကျန်ခဲ့သည်။ ထိုဖြစ်ခဲ့သော တိုက်ဆိုင်မှုများစွာက သူမကဲ့သို့ အချစ်နှင့်ပတ်သတ်၍ အထိမခံဖြစ်နေသော ဆယ်ကျော်သက်လေးကို ပထမဆုံးအနမ်းလေးကို ဆုံးရှုံးသွားစေခဲ့သည်။ ထို့ကြောင့် ထိုကောင်လေးက သူမဘဝတွင် အမဲစက်တစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။
"ကိုယ်တောင်းပန်ပါတယ်..."
မူရွှမ် သူမ၏ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်လိုက်သည်။
"အဲ့တုန်းက မင်းကိုယ့်ကို မုန်းနေခဲ့မှန်း မသိခဲ့ဘူး..."
"ရှင်ကျွန်မကို အဲ့လိုမျိုးကိုက်ခဲ့ပြီးတာကို မမုန်းမှပဲ ပိုထူးဆန်းလိမ့်မယ်..."
ထို့အပြင် ထိုအချိန်တုန်းက သူ၏ ပုံစံက ယခုလက်ရှိနှင့် လားလားမှ မတူပေ။ သူသာ ယခုလက်ရှိပုံစံနှင့် ရှိနေပါက ထိုကဲ့သို့တုံ့ပြန်ခဲ့မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကြည့်ကောင်းသောရုပ်ရည်ကသာ အရာရာတိုင်းဖြစ်လေသည်။
╮(╯▽╰)╭
"အဲ့တာ မမှန်ဘူး..."
သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"အဲ့ကောင်လေး သေသွားတယ်ဆိုပြီး သတင်းကြားလိုက်ရသေးတာကို..."
ဆေးရုံက သူ၏မိသားစုကို လုံးဝဆက်သွယ်၍ မရခဲ့၍ မီဒီယာတွင်သာ သတင်းလွှင့်ခဲ့လိုက်သည်။ သူဆုံးပါးသွားပြီ ထိုသတင်းကို ထုတ်လွှင့်သည်ဖြစ်သည်။ ထိုမှသာ သူမဘဝ၏အမဲစက်ကြီးကို တဖြေးဖြေးချင်း မေ့သွားခဲ့ခြင်းဖြစ်သည်။
"အဲ့တုန်းက ကိုယ်က အပြည့်အဝမနိုးထသေးဘူး..."
မူရွှမ် ရှင်းပြလိုက်သည်။
"ကိုယ်က ဆောင်းခိုနေရင်း အတင်းအကြပ်အနှိုးခံခဲ့ရတာ... ဒါပေမဲ့ ကိုယ်မင်းနဲ့တွေ့ဖို့ ဖြစ်လာခဲ့တယ်လေ..."
သူ သူမ၏ခါးလေးကို တင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်သည်။
"အဲ့တုန်းက ကိုယ့်ရဲ့မျက်လုံးတွေက မင်းအပေါ်မှာပဲ စွဲကပ်နေခဲ့တာ... အဲ့ဒီ့အချိန်မှာပဲ မင်းက ကိုယ်နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့တဲ့ လူတစ်ယောက်ဆိုတာ သေချာသွားခဲ့တယ်...."
"ကိုယ်က အရမ်းကို အားနည်းနေပြီး ဘယ်အချိန်မဆို ပြန်အိပ်ပျော်သွားနိုင်တာမလို့ အရမ်းကို စိုးရိမ်သွားမိခဲ့တယ်... မင်း ထွက်သွားတော့မယ်လည်း ဆိုရော ကိုယ်နောက်တစ်ကြိမ်နိုးလာတဲ့အချိန်မှဆို မင်းကို မတွေ့နိုင်တော့ဘူးလို့ ခံစားမိခဲ့တယ်..."
ဒီတော့.. ရှင်က ကျွန်မကို အသွင်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့လေ... ဒါက နည်းနည်းတော့ ကတိုက်ကရိုက်ဖြစ်မနေဘူးလား...
"အဲ့နောက်မှာ ကိုယ်ပြန်ပြီး ဆောင်းခို(အိပ်ပျော်)သွားခဲ့တော့တယ်..."
ထို့နောက် ဆေးရုံက သူသေဆုံးသွားပြီဟု အတည်ပြုပေးခဲ့လိုက်သည်။
"ကိုယ် လုံးဝနိုးလာတဲ့အချိန်မှာတော့ ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ကိုတောင် ရောက်နေခဲ့ပြီလေ... ဒါပေမဲ့ အဲ့တုန်းက ကိုယ်က ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့သွားခဲ့ပြီ..."
၎င်းက သူ အရင်က သူမ၏တည်ရှိနေမှုကို မသိရသည့်အကြောင်းကို ရှင်းပြသွားခဲ့သည်။
"ယောင်ယောင်..."
သူ့ခေါင်းကို နှိမ့်လိုက်ပြီး သူမ၏နှဖူးလေးနှင့် သူ့နှဖူး ထိကာ သူမမျက်လုံးထဲကို တည့်တည်ကြည့်လိုက်သည်။ ထို့နောက် သူမ တစ်ခါမှမကြုံဖူးခဲ့သော လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"အဲ့ဒီ့အချိန်တုန်းက မင်းကို ထိခိုက်မိစေခဲ့တာကို စိတ်မကောင်းဖြစ်မိတယ် ဆိုပေမဲ့ မင်းကို အသွင်ပြောင်းပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ ကိုယ့်ဘဝမှာလုပ်ခဲ့တာ အကောင်းဆုံးသော ဆုံးဖြတ်ချက်တစ်ခုပဲ..."
ယောင်စစ်၏ နှလုံးသားလေး တုန်ယင်သွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို သူမလုံးဝဒေါသမထွက်တော့ပေ။ ၎င်းအစား သူမတို့က လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သိကျွမ်းခဲ့သည်ဟူသော အရာက သူမ၏နှလုံးသားအောက်ခြေမှနေ၍ နွေးထွေးသွားစေသည်။
သူမ တခစ်ခစ်ရယ်လိုက်မိပြီး သူ၏ရင်ခွင်ထဲမှနေ၍ ပြန်လည်ဖက်တွယ်လိုက်သည်။
"ကျွန်မအတွက်လည်း ဂုဏ်ယူစရာဖြစ်ရပ်လေးပါပဲရှင်..."
သူသာ သူမကို အသွင်မပြောင်းပေးခဲ့လျှင် သူမက ယနေ့အထိ သို့မဟုတ် သူနိုးလာသည်အထိပင် အသက်ရှင်နေမည် မဟုတ်တော့ပေ။ ၎င်းက ပစ္စည်းကောင်းကိုရရန် တစ်ခုခုစွန့်လွှတ်ရမည် ဟူသော စကားနှင့်တူနေသည်။ သူမတို့ ယနေ့လို နေ့ရက်ကောင်းလေးတွေပိုင်ဆိုင်ရန်အတွက် အရင်နှစ်ပေါင်းများစွာက နှစ်ယောက်စလုံး စင်ကယ်ဘဝနှင့် အရိုးထုတ်ခဲ့ရသည်။
"ဟုတ်သား... ဒီတော့ ရှင်က လင်းလုံတို့ စကြဝဠာက သွေးမျိုးသန့်တစ်ယောက်လို့ ပြောလို့ရလား...."
သူတို့မျိုးနွယ်က ဆောင်းခိုမအိပ်စက်မီ မှတ်ဉာဏ်များကို စည်းခတ်တတ်ကြပြီး ဘဝအသစ်စတင်ရန် လုပ်တတ်ကြသည်ဟု ပြောခဲ့သည်။
ဒါကြောင့်ပဲ မူရွှမ် ပြန်နိုးလာတော့ ဘာမှမမှတ်မိတော့တာများလား... ဒါကြောင့်ပဲ သူမလို သွေးစုပ်ဖုတ်ကောင်အတုတစ်ယောက်က နှစ်အကြာကြီး ဆောင်းခိုနိုင်ခဲ့တာများလား...
"ကိုယ်လည်း မသိဘူး..."
မူရွှမ်က သူမ ထင်ထားသည့်အတိုင်း ခေါင်းခါပြမည့်အစား မျက်မှောင်ကြုတ်၍ နက်နက်နဲနဲစဉ်းစားနေသည်။
"ကိုယ့်မှတ်ဉာဏ်တွေက ရှုပ်ထွေးနေတာ..."
သူက ကမ္ဘာကြီး စတင်ဖြစ်တည်မလာခင်ကတည်းက တည်ရှိနေခဲ့သော လူဖြစ်ကြောင်း သိသော်လည်း ထိုမှတ်ဉာဏ်များက အဖြူအမဲဖြစ်နေပြီး သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေသည်။ အရာအားလုံးက အစစ်အမှန်နှင့်တူမနေပဲ သူ ယောင်စစ်နှင့် စတွေ့ချိန်မှ သူ့မှတ်ဉာဏ်များက အရောင်စုံလာခဲ့သည်ဖြစ်သည်။
"မှတ်ဉာဏ်တွေက မပြည့်စုံတော့ ကိုယ်ကအခြားစကြဝဠာကလူလားဆိုတာတော့ မဆုံးဖြတ်နိုင်သေးပေမဲ့... ကမ္ဘာဂြိုလ်သား မဟုတ်ဘူးဆိုတာတော့ ပြောနိုင်တယ်... ပြီးတော့ မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူပဲ..."
လုံလောက်ပြီ... ဒါက ငါလိုချင်သလောက်ပဲ...
ယောင်စစ်က သူမခေါင်းကို အမြဲဖွလေ့ရှိသော ယောက်ျား၏ ရင်းနှီးကျွမ်းဝင်နေသော ရင်ခွင်ကျယ်ကျယ်ထဲတွင် သူမကိုယ်သူမ နှစ်မြုပ်လိုက်သည်။ သူ ဘယ်ကလာသလဲသူမ ဂရုမစိုက်ပေ။ သူက သူမအပိုင်ဖြစ်သည် ဆိုတာနှင့် လုံလောက်နေပြီဖြစ်သည်။
"ယောင်ယောင်...."
မူရွှမ်၏ နက်ရှိုင်းလှသော အသံတွင် အနည်းငယ်တုန်ယင်နေပြီး ခဏမျှအံ့အားသင့်သွားပုံပေါ်သည်။ သူ သူမကို တင်းတင်းဖက်လိုက်ပြီး သူမ၏နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။ အနမ်းက တဖြေးဖြေးနက်ရှိုင်းလာပြီး သူ၏လက်များက သူမ၏ခန္ဓာကိုယ်ကို ထိတွေ့နေသည်။
ယောင်စစ် သူမကိုယ်သူမ နူးညံ့မှုများထဲ ပျော်ဝင်သွားသည်ဟု ခံစားနေရသည်။ သူမ၏ စိတ်က ဗလာဖြစ်နေပြီး သူ၏အသက်ရှူသံပြင်းပြင်းကိုသာ ခံစားမိနေသည်။
"ကိုယ်ဖြစ်ခွင့်ရှိမလား..."
"ရှင်ဖြစ်ပေးနိုင်မလား..."
သူမ၏ စိတ် ဗလာဖြစ်သွားကာ သူမ၏ ပြန်ဖြေမှုက သူ့အလိုလို ထွက်လာခြင်းသာဖြစ်သည်။ ခဏအကြာတွင် ကမ္ဘာကြီးတစ်ပတ်လည်သွားသလို ခံစားလိုက်ရပြီး သူမတို့၏ ပုံစံကပြောင်းသွားကာ မူရွှမ်၏ တောင့်တင်းဖြောင့်မတ် ခန္ဓာကိုယ်က သူမကို ဖိထားလျက်ရှိသည်။
ယခင်က သူနမ်းလေ့ရှိသော ခပ်ဖွဖွအနမ်းများနှင့်မတူညီစွာ သူမကို မွတ်သိပ်စွာနမ်းလိုက်ပြီး သူ၏လုပ်ဆောင်ချက်များက ကြမ်းတမ်းလှသည်။ လေးလံလှသော အသက်ရှူသံများက သူ၏ မဝံ့မရဲဖြစ်မှုကို ဖော်ပြနေပြီး သူ့ကို ရေဆာလာစေသည်။
ဒုန်း.... တံခါးပွင့်လာသည်။
"ချစ်လှစွာသောဖေဖေ... မင်းသားလေးနိုးလာပါပြီ..."
"..." မူရွှမ်
"..." ယောင်စစ်
"..." လီကျန်း
မိနစ်ဝက်မျှအကြာတွင်
"ကျွန်တော်ဘာမှ မမြင်လိုက်ဘူးနော်... ဆက်လုပ်ကြပါ ဆက်လုပ်ကြပါ..."
ထို့နောက် ဘာမှဆက်မပြောတော့ဘဲ တံခါးကို ပြန်ပိတ်၍ တာတိုအပြေးသမားတစ်ယောက်လို ပြေးလေတော့သည်။
“…”
ဆွေမျိုးတော်စပ်မှုတွေအကုန်လုံးကို ဖြတ်တောက်ပစ်ဖို့ အရမ်းနောက်ကျသွားပြီလားဟင်...