Chapter 191
ရယ်ချင်စရာကောင်းသည့် မင်းသားလေး
လင်းလုံက ထိုမင်းသားက အခြားဘိုးဘေးများကို ဤစကြဝဠာသို့မလာရန် တားဆီးနိုင်မည်ဟု ယုံကြည်ချက်ရှိနေ၍ သူနိုးလာသည်နှင့် ယောင်စစ်က သနားစဖွယ်ဖြစ်နေသော်လည်း ထိုနေရာသို့ ခပ်မြန်မြန်သာသွားလိုက်သည်။ မူရွှမ်ကဲ့သို့သော အသစ်လေးအတွက် သူ၏လက်ဦးမှုယူသည်ကို လီကျန်းဟူသော ကျေးဇူးမသိတတ်သည့်သားက သာသနာလာဖျက်သဖြင့် မျက်နှာကြီးမဲမှောင်နေလျက်ရှိသည်။
သို့သော် သုံးရက်ကြာ အိပ်စက်ခြင်းက သူ့ကို ဉာဏ်အလင်းပွင့်သွားစေသည်ဟု ယူဆ၍ရ၍ အလျှင်လိုစရာမရှိပေ။ ကပ်ဆိုက်သော ကာလပြီးသည်နှင့် အခွင့်အရေးပေါင်း သောင်းခြောက်ထောင် ပေါ်လာလိမ့်မည်ဖြစ်သည်။
အဟမ်း... အဲ့လိုပဲ မျှော်လင့်ရတာပေါ့..
မင်းသားက လုံခြုံရေးအမြင့်ဆုံးနှင့် အစောင့်အများဆုံးဖြစ်သော သွေးစုပ်ဖုတ်ကောင် အကျဉ်းထောင်တွင် အပိတ်ခံထားရသည်။ ထိုထောင်ထဲတွင် အစွမ်းသုံး၍မရအောင်လုပ်ထားသော အရာများရှိပြီး အသန်မာဆုံးဟူသော အစွမ်းများကပင် ထိုနေရာတွင် အသက်မဝင်ပေ။
အရင်ကဖြစ်ခဲ့သည့် တိုက်ပွဲအရ မင်းသားလေး၏ စိတ်စွမ်းအင်က ချိနဲ့သွားခဲ့ပြီး ပြန်လည်ကောင်းမွန်ရက် နှစ်အတော်ကြာဦးမည်ဖြစ်သည်။ သူက စိတ်စွမ်းအင်မသုံးနိုင်၍ သူ၏အစွမ်းကို မနှိုးထနိုင်သလို လွတ်ဖို့က လုံးဝမဖြစ်နိုင်ပေ။
လီကျန်းနှင့် ပိုင်ရိတို့က သူတို့၏ အသက်အရွယ်စမ်းသပ်ချက်ကို ပြီးဆုံးသွားပြီဖြစ်၍ ဤအခန်းကို ဂရုစိုက်ရန် တာဝန်ခွဲဝေယူခဲ့ရသဖြင့် ယောင်စစ်ဆီ ချက်ချင်း သတင်းပို့နိုင်ခြင်းဖြစ်သည်။
သူမ အကျဉ်းခန်းသို့မရောက်သေးမီ မင်းသား၏ အထင်အမြင်သေးနေသော အသံကို ကြားနေရပြီဖြစ်သည်။
" ဟမ့်... မင်းတို့လို နိမ့်ကျတဲ့ မျိုးနွယ်လေးတွေကများ ငါ့ကို ညှိနှိုင်းဖို့ ပြောရဲတယ်လား... နည်းလမ်းလုံးဝမရှိဘူးကွ... ရှိရင်လည်း ငါကမပြောပြဘူး... ငါတို့တွေ ဒီစကြဝဠာကို ပိုင်ဆိုင်ဖို့ အချိန်ခဏပဲလိုလိမ့်မယ်..."
သူ၏ အသံက မောက်မာလှသည်။ ယောင်စစ်၏ အမူအယာမဲမှောင်သွားကာ မူရွှမ်နှင့် အကြည့်ချင်းဖလှယ်၍ တံခါးဖွင့်လိုက်သည်။
အခန်းကို ဖောက်ထွင်းမြင်ရသော အကာအကွယ်အလွှာနှင့် နှစ်ခြမ်းပိုင်းထားသည်။ မင်းသားက အထဲတွင် အပိတ်ခံထားရပြီး လီကျန်းနှင့် ပိုင်ရိတို့က နံရံနားတွင် စောင့်နေကြသည်။ လင်းလုံက သူတို့ဘက်ရှိ အခန်းထောင့်တွင် ထိုင်နေသည်။
သူတို့ဝင်လာသည်နှင့် အကျဉ်းခန်းထဲရှိ လူနှင့် မျက်လုံးချင်းဆုံသွားသည်။ သူ ယောင်စစ်ကို တွေ့လိုက်သည်နှင့် ချက်ချင်းလက်ငင်း ရပ်သွားပြီး မိုးကြိုးပစ်ချလိုက်သလို သူ၏ခြေထောက်များတုန်ရီလာသည်။ သူ့မျက်နှာရှိ မထီမဲ့မြင်ပုံစံက ဖြူဖျော့သွားကာ သတိတို့စွဲကပ်သွားသည်။
"မင်း... မင်းပဲ... မင်းဘာလုပ်ဖို့ ကြံနေပြန်လဲ..."
ယောင်စစ် အမှားများလုပ်မိလေသလား... သူ့ပုံကြည့်ရတာ သူမကို ကြောက်နေသလိုပဲရော...
သူကြုံတွေ့ခဲ့ရသည့် ဒုက္ခများကို ပြန်တွေးကြည့်ပြီးသောအခါမှ..... အင်း.. သူကြောက်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်လေ....
"အဖေရောက်လာပြီလား...."
လီကျန်း သူမကို အံ့ဩတကြီးကြည့်လိုက်သည်။
"မြန်လှချေလား.."
သူ မူရွှမ်ကို အဓိပ္ပါယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သွားစမ်း.."
သူမ သူ့ကို ကန်ထုတ်လိုက်သည်။
"ငါတို့ ချက်ချင်းပြေးလာခဲ့တာ..."
နင်ဘာလို့ ဆက်ပြောနေရဲသေးတာလဲ... ကျေးဇူးမသိတတ်တဲ့သားရဲ့...
သူမ သူ့ကို လျစ်လျူရှုလိုက်ကာ မင်းသားရှေ့တွင်ထိုင်နေသော လင်းလုံကို ကြည့်လိုက်သည်။
"အာ့ကုံ... ဘယ်လိုနေလဲ..."
လင်းလုံ ခေါင်းခါလိုက်သည်။ မင်းသားက လုံးဝ ပူးပေါင်းဆောင်ရွက်ပေးခြင်းမရှိပေ။
"လက်လျှော့လိုက်တော့..."
မင်းသားက လှောင်ပြုံးပြုံးလိုက်သည်။
"ငါတို့မှာ ဒီစကြဝဠာကို လက်လွှတ်ဖို့အစီအစဉ်မရှိဘူး... ဒီတော့ ဆွေးနွေးနေလို့လဲ ဘာအဓိပ္ပါယ်မှကို မရှိတာ... ငါဒုက္ခရောက်နေပြီဆိုတာ သိတာနဲ့ သူတို့ ဆင်းလာလိမ့်မယ်..."
သူ ယောင်စစ်ကို ခါးသီးနေသော ခံစားချက်နှင့်အတူ ရန်စနေသော ပုံဖြင့် ကြည့်လိုက်သည်။
"မင်းရဲ့ စိတ်ခွန်အားက သန်မာတယ်ဆိုလည်း ဘာဖြစ်လဲ... မင်းငါ့ကို တားနိုင်တယ်ဆိုရင်တောင် ငါ့လိုလူပေါင်း သန်းချီကို တားနိုင်မှာလား..."
“…”
သူပြောတာမှန်ပေသည်။ ၎င်းက သူမစိုးရိမ်နေသော အရာဖြစ်သည်။ သူတို့၏ မျိုးနွယ်စုတစ်ခုလုံး အမှန်တကယ် ပြောင်းရွှေ့လာပါက သူမ၏ကမ္ဘာက ကပ်ဆိုးစိုက်သွားမည်ဖြစ်သည်။
"ငါခန့်မှန်းတာသာမှန်မယ်ဆိုရင် ဒီစကြဝဠာထဲမှာ မင်းတို့နဲ့ယှဉ်နိုင်တဲ့ စိတ်ခွန်အားပိုင်ဆိုင်တဲ့ မျိုးနွယ်တွေ အများကြီးမရှိဘူးမဟုတ်လား...."
မင်းသားက ပိုမိုကြမ်းတမ်းလာပြီး အခန်းထဲရှိလူများကို သေလူများလိုကြည့်လိုက်သည်။
"မင်းတို့ ပေါ်တယ်ကို ဖျက်ဆီးလိုက်ပြီဆိုရင်တောင် အဲ့ဒီ့ဂြိုလ်ကနေ နောက်ထပ် ပေါ်တယ်ဆယ်ခုလောက် ဖန်တီးလို့ရသေးတယ်... ဘယ်သူမှ ငါတို့ကို တားနိုင်မှာမပါဘူး..."
"ဂြိုလ်..."
ယောင်စစ် သူ၏ စကားကျွံမှုမှ တစ်စုံတစ်ခုကို သိသွား၍ သူမ၏နှလုံးသားလေး တသိမ့်သိမ့်တုန်ယင်သွားသည်။
"ပေါ်တယ်က အပြာရောင်ဂြိုလ်ပေါ်မှာပဲ ဖွင့်ရမှာမဟုတ်လား..."
မင်းသား တောင့်ခဲသွားကာ ကြောင်စီစီဖြစ်သွားသည်။
၎င်းက သူမ၏ခန့်မှန်းချက်မှန်ကြောင်း ပြနေပြီး လင်းလုံတစ်ယောက် သူ၏စကြဝဠာကိုပြန်ရန် ကမ္ဘာဂြိုလ်ကို ပြန်ဖန်တီးပြီး ပေါ်တယ်နှင့် ချိဆ်ဆက်ရန် ပြုလုပ်ခဲ့သည်ဟု ပြောခဲ့ဖူးသည်ကို သတိရသွားသည်။
"အပြာရောင်ဂြိုလ်က အဓိကပဲ..."
သူမ မူရွှမ်ကို ပြောလိုက်သည်။
"ကျွန်မတို့ ပြန်တည်ဆောက်ထားတဲ့ အပြာရောင်ဂြိုလ်ကို ဖျက်ဆီးပစ်ရမယ်..."
လင်းလုံ၏ မျက်နှာဝင်းပသွားကာ သူတို့နှင့်အတူ ထွက်သွားရန် လုပ်လိုက်သည်။
"နေစမ်းပါဦး... မင်းတို့တွေ ဖျက်ဆီးလိုက်ပြီဆိုရင်တောင် ဘယ်လောက်ကြာကြာခံမှာမလို့လဲ... "
မင်းသားက လှောင်ပြောင်သရော်လိုက်သည်။ ခုဏက ဗျာများနေသော ပုံစံမှ တည်ငြိမ်သွားကာ ယခုတွင် ဝံ့ကြွားကာ မောက်မာလှသော ပုံဖြစ်နေလေပြီ။
"မင်းတို့ အခုအကြိမ်မှာတားနိုင်တယ်ဆိုရင်တောင် ငါတို့ကို ထာဝရတားနိုင်မှာတဲ့လား..."
သူလင်းလုံကိုကြည့်လိုက်သည်။
"ပုံမှန် သွေးမျိုးသန့်တစ်ကောင်ကတောင် ဂြိုလ်ကိုပြန်ဆောက်နိုင်တယ်ဆိုမှတော့ အခြားလူတွေက မလုပ်နိုင်ဘူးထင်လို့လား... ဟမ့် ငါတို့မှာ အဲ့လိုလုပ်နိုင်တဲ့လူတွေ အလျှံပယ်ရှိတယ်...."
“…”
"မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေက ငါ့မျိုးနွယ်စုကို ပိုပြီးဒေါသထွက်သွားစေမှာပဲ..."
သူ၏ အဝတ်အစားများကို ပြန်ပြင်လိုက်ပြီး သူတို့ကို ဟာသကြီးလို ကြည့်လိုက်သည်။
"သူတို့ရောက်လာတာနဲ့ သူတို့လုပ်ချင်တာကိုပဲ လုပ်ခိုင်းရတော့မှာပဲ..."
သူ လူအုပ်ကိုကြည့်လိုက်ပြီး လီကျန်းနှင့် ပိုင်ရိကို စိုက်ကြည့်လိုက်သည်။
"ငါတို့က မင်းတို့လို ဘဝင်မြင့်နေတဲ့ မျိုးမစစ်လေးတွေအကုန်လုံးကို သတ်ပစ်မှာ..."
ငလူး... သူကဘာလို့ ဒီလောက် သောက်မြင်ကပ်စရာကောင်းနေရတာလဲ....
ကံဆိုးစွာဖြင့် သူပြောသည်က အမှန်တရားများသာဖြစ်သည်။
"မင်း...."
သူ ယောင်စစ်ကို သတ်ဖြတ်ချင်စိတ်ပြည့်နေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
"ငါမင်းကို အရင်တစ်ခေါက်က ကိစ္စအပေါ် သေချာပေါက် ပြန်ပေးဆပ်ခိုင်းမှာ... မင်းဘာသာမင်း ဆက်ခံသူဖြစ်ဖြစ် ဘာဖြစ်ဖြစ် မျိုးနွယ်စုကို သစ္စာဖောက်ရင် ဘယ်သူမှ မလွတ်ဘူး..."
လူတိုင်း၏ မဲမှောင်နေသော မျက်မှာကို သတိမပြုမိဟန်ဖြင့် အောင်မြင်မှုက သူ့လက်ထဲတွင်ရှိနေဟန် ဆက်ပြောလေသည်။ သူ၏အကြည့်များက အေးစက်နေလျက်ရှိသည်။
"အဲ့ဒီ့အချိန်ကြရင်... မင်းချစ်တဲ့လူတွေ သေတာကို မင်းကိုယ်တိုင်ကြုံရစေရမယ်..."
ယီးပဲ...
ယောင်စစ် အတော်လေး ပေါက်ကွဲသွားသည်။
ငါ့ကို မတားကြနဲ့တော့... ငါဒီ သောက်ကောင်ကို သတ်တော့မယ်...
သူမ လက်သီးတင်းတင်း ဆုပ်လိုက်သည်။ သို့သော် သူမရှေ့သို့တိုးတော့မည့် အချိန်တွင် အခြားတစ်ယောက်က သူမရှေ့ရောက်သွားသည်။
"ပါးစပ်ပိတ်စမ်း..."
လီကျန်းက ထိပ်ဆုံးက ပြေးသွားသူဖြစ်သည်။ သူလက်သီးမြှောက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် မျက်နှာတည့်တည့် ထိုးချလိုက်သည်။
"ယီးပဲ... သောက်ကောင်စုတ် လေးစားမှုပြစမ်းပါ... မင်းလို အဆင့်နိမ့်တဲ့ ထောင်သားက ငါတို့ရဲ့ မင်းသမီးကို လှောင်ပြောင်ရဲတယ်လား... မင်း သွေးစုပ်ဖုတ်ကောင်တွေဆီက ခွင့်ပြုချက်မရသေးဘူးကွ..."
သူက လုံးဝမညှာပဲ မင်းသားကို ပျံထွက်သွားပြီး နံရံကိုဒုန်းကနဲမြည်အောင်ဝင်တိုက်သွားစေသည်အထိ ထိုးလိုက်သည်။
"လီကျန်း...."
ယောင်စစ်၏ နှလုံးသားလေး ဆောင့်ခုန်သွားသည်။
ဖက်ခ်... နင်သေလမ်းရှာနေတာလားဟ... အရင်ကလိုပဲ ကျေးဇူးမသိတတ်တဲ့သားပုံစံပဲ နေစမ်းပါဟ... ငါတို့တွေ ဘိုးဘေးတွေရဲ့ မင်းသားနဲ့ ဆုံနေရတာနော်... သူက အခုလောလောဆယ် အစွမ်းမသုံးနိုင်ဘူးဆိုပေမဲ့.... သူ့လက်ဖျားမှာ လှည့်ကွက်လေးတွေ ရှိနေဦးမှာပဲလေ....
သို့သော် လီကျန်းက မကြောက်မရွံ့ရှေ့သို့ဆက်တိုးပြီး သူ့ကော်လာကိုဆွဲကာ ထပ်ထိုးရန်လုပ်လိုက်သည်။
"အဘိုး... ငါမင်းကို လူကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးမယ်..."
"မင်း...."
မင်းသားက လီကျန်း၏လက်သီးကျမလာခင် သူ့လက်ကို လေထဲတွင် ရပ်တန့်လိုက်သည်။
"မင်း... မင်းက..."
ဖက်ခ်
ယောင်စစ် ထိတ်လန့်သွားကာ သူ့ကိုသွားကယ်ရန် ပြင်လိုက်ချိန်တွင် မင်းသား၏ အသံကိုကြားလိုက်ရသည်။
"မင်းက လီကျန်းလား.. အသက်ဘယ်လောက်ရှိပြီလဲ... လက်ထပ်ပြီးပြီလား... မင်းမှာ ကောင်မလေးရှိလား... ငါက ယွီကျဲပါ... မင်းမှာ ကောင်လေးထားဖို့ အစီအစဉ်ရှိလား...."
"..." လီကျန်း
"..." ယောင်စစ်
"..." မူရွှမ်
"..." လင်းလုံ
"..." ပိုင်ရိ
ဒါကြီးက ဟာသကြီးလေ...
(⊙_⊙)