Chapter.83
ထိုစဉ် ခြေသံများ နီးကပ်လာကာ လှေကားထစ်တွင် ရပ်တန့်သွားသည်။
တုကျိုး လှည့်ကြည့်လိုက်ရာ ငြိမ်သက်စွာ ရပ်နေသည့် ရုံရှားကို တွေ့ရသည်။ သူ့မျက်နှာထက်မှာ ရွံရှာစက်ဆုပ် မုန်းတီးဟန်များ ရှိမနေပေ။သူ့မျက်လုံးများက ရှုပ်ထွေးလွန်းပြီး ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ငယ်ငယ်လေးကတည်းက တုကျိုးသည် မြို့စားမင်းနှင့် အတူရှိနေခဲ့စဉ်တစ်လျှောက်လုံး မြို့စားမင်း၏ မျက်နှာတွင် ဤကဲ့သို့ ထူးဆန်းသည့်အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
ပန်းဟွာသည် ရုံရှား ရောက်ရှိလာသည်ကို သတိမထားမိဟန်တူသည်။ သို့မဟုတ် ဘယ်သူ့ကိုမှ ဂရုမပြုခြင်းဖြစ်နိုင်သည်။သူမ ငိုယိုနေသော လုပ်ကြံသူကို ကြည့်လိုက်ပြီး အေးစက်စက် အသံဖြင့်
"နင့်ကို ဆက်သွယ်ခဲ့တဲ့ သူမှာ ဘယ်လို ကြံအင်လက္ခဏာတွေ ရှိလဲ"
လုပ်ကြံသူက ခေါင်းယမ်းသည်။
"အဲ့ဒီလူရဲ့ ရုပ်ရည်က သာမာန်ပါပဲ၊ သူ့အဝတ်အစားတွေကလည်း ရိုးရိုးပါပဲ၊ တကယ်မပြောနိုင်ဘူး"
"မပြောနိုင်ဘူးလား"
ပန်းဟွာသည် အစောင့်၏ဓားကို ဆွဲထုတ်ကာ လုပ်ကြံသူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ညွှန်ပြလိုက်သည်။
"နင် မပြောနိုင်ရင် နင့်ကို ရာဇဝတ်ကောင်အဖြစ် ဧကရာဇ်ဂူဗိမာန်ဘက်ကို လွှတ်လိုက်မယ်"
ရာဇဝတ်ကျွန်များ၏ မျက်နှာပေါ်တွင် စာလုံးများ အရေးခံရုံသာမက သုတ်သင်ခံရခြင်းကိုလည်း ခံရမည်ဖြစ်သည်။လုပ်ကြံသူသည် ကြောက်လန့်တကြားဖြစ်သွားပြီး အသနားခံလိုက်သည်။ ထိုစဉ် ဓားဖျားက သူ့ဘောင်းဘီရှည်အနားစကို ဖြတ်လိုက်သဖြင့် သူ စူးကနဲအော်ဟစ်မိလေ၏။
"နင် လူတွေကိုသတ်ဖို့ကြိုးစားတုန်းက အရမ်းသတ္တိရှိခဲ့တာလေ၊ အခုမှ နင် ဘာလို့ကြောက်နေတာလဲ"
ပန်းဟွာက ရယ်မောလိုက်ပြီး ဓားကို ရှေ့သို့တိုးလာစေကာ
"နင်က သူများကို သတ်ရမှာတော့ မကြောက်ဘဲ ကိုယ့်အသားနာမှာကိုတော့ သိပ်ကြောက်နေတာ်ပေါ့"
တုကျိုးသည် ပန်းဟွာ ရှေ့မှာ ဒူးထောက်လုမတတ်ပင်။သူမလို မိန်းကလေးငယ်ငယ်လေးက ယောက်ျား တစ်ယောက်ကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ဓားကိုင်ခြိမ်းခြောက်နေသည်။သူ့စိတ်ထဲမှာ ယောက်ျားတစ်ယောက်အနေနှင့် ရှက်ရွံ့မိ၏။သူ ဘေးဘီကိုဝေ့ကြည့်မိစဉ် မြို့စားမင်းရုံ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ကျွင်းကျူး စိတ်ဆိုးနေပြီ…”
ပန်းဟွာသည် မြို့စားမင်းကတော် ရာထူးအတွက် အသင့်တော်ဆုံး မိန်းကလေးဟု မထင်ထားသော်လည်း မိသားစုကို ကာကွယ်ရန်အတွက် အရာအားလုံးကို စတေးလိုသူဖြစ်နေတာကြောင့် တုကျိုး အံ့သြမှင်တက်မိသေးသည်။ ယောက်ျားများသည် ထိုကဲ့သို့ ရက်စက်ပြီးတရားမျှတသော မိန်းမမျိုးကို မချစ်ကြိုက်ဝံ့ကြသော်လည်း နှလုံးသားထဲမှာတော့ လေးစားသမှု ရှိကြသည်။ ဤသည်က ယောက်ျား၊မိန်းမဟူ၍ လိင်အမျိုးအစားနှင့်မသက်ဆိုင်ပေ။လူသားချင်း ထားအပ်သော လေးစားသမှုပင်ဖြစ်ပေ၏။
ရုံရှား သူ့ကိုမဖြေဘဲ ပန်းဟွာ နံဘေးသို့ လျှောက်သွားကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"ဟွာဟွာ၊ စိတ်မပူနဲ့၊ ကိုယ်ပဲ လုပ်ပါရစေ"
ပန်းဟွာက သူ့ကိုကြည့်ရင်း "ရှင်က ဘာလို့ဒီကိုရောက်နေတာလဲ"
“အစိုးရရုံးက လူတွေက ဒီအဆောက်အအုံအောက်ထပ်က ဈေးဆိုင်ရှင်နဲ့ စားပွဲထိုးတွေကို တွေ့တယ်လေ၊ အခု သူတို့တွေကို ဆေးကုသရေးဌာနကို ပို့လိုက်ပြီ”
ရုံရှားက ပန်းဟွာ၏ လက်ထဲမှ ဓားကို ယူလိုက်ပြီး ဘေးနားရှိ အစောင့်ကို ပေးလိုက်သည်။
"ငါ့အတွက် ဘောပင်နဲ့ စာရွက်ကို ပြင်ထား"
ပန်းမိသားစု၏ သက်တော်စောင့်ကလည်း ပန်းဟွာကို တစ်ချက်ကြည့်ကာ အောက်ထပ်သို့ အမြန်ဆင်းသွားလိုက်သည်။ မကြာမီ စာရွက်နှင့်ဘောပင်ကိုင်၍ ပြန်တက်လာ၏။
ရုံရှားက စာရွက်ကို စားပွဲပေါ် ဖြန့်ခင်းပြီး ပန်းဟွာဘက် လှည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီလိုလူကြောင့် မင်းမှာ ဘာမှမစွန်းထင်းစေချင်ဘူး"
ပန်းဟွာ နှုတ်ခမ်းကို ဖွဖွကိုက်ထားကာ ဘာမှ မပြောမိပေ။
"မင်းကို လိုက်ရှာတဲ့လူက အရပ်က ဘယ်လောက်ရှည်လဲ"
"ဘယ်လို ဆံထုံးမျိုးထုံးထားသလဲ"
"ဘာအဝတ်ဝတ်ထားလဲ ဘာအရောင်လဲ၊ တခြားပစ္စည်းတွေ ဝတ်ထားသေးလား"
ရုံရှား မေးခွန်းတစ်ခုပြီးတစ်ခုမေးပြီး စာရွက်ပေါ်မှာ ဆက်ရေးပြီး ပုံဆွဲသည်။ ပန်းဟွာ သူ့ဘေးမှာထိုင်နေရင်း မကြာခင် ရှေ့က စာရွက်ပေါ်မှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်ပုံ ပေါ်လာသည်ကို တွေ့လိုက်ရ၏။
"ဒီလူပဲလား"
ရုံရှား ဘောပင်ကိုချလိုက်ပြီး မှင်ခြောက်သွားအောင်စောင့်၍ စာရွက်ကို လုပ်ကြံသူဆီ ပေးလိုက်သည်။
လုပ်ကြံသူ မျက်လုံးပင်ပြူးသွားရလေ၏။ဘာလို့ ဒီလောက်တောင် တူရတာလဲ...
လုပ်ကြံသူ၏အမူအရာကိုကြည့်ရင်း ရုံရှား အဖြေရခဲ့သည်။ထို့နောက် သူက စာရွက်ကို ပန်းဟွာထံ ပေးလိုက်သည်။
"မင်း ဒီလူကို သိသလား"
ပန်းဟွာက ခေါင်းခါရင်း "ကျွန်မ သူ့ကို မသိဘူး"
"သူ့ကို မသိရင်လည်း အရေးမကြီးပါဘူး၊ တရားရုံးချုပ်က လူတွေဆီ ဒီစာရွက်ကို ပေးလိုက်ပြီး သူတို့ရဲ့ အနုပညာရှင်တွေကို ထပ်ပြီးဖြည့်ဆွဲခိုင်းလိုက်မယ်၊ဒါဆို သူ့ကို ဖမ်းမမိဖို့ စိတ်ပူစရာ မလိုတော့ဘူး"
ထို့နောက် သူက ပန်းဟွာ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"စိတ်မပူနဲ့၊ကိုယ်တို့ အတူတူ အဖြေရှာမယ်"
ပန်းဟွာ ခေါင်းမော့ပြီး ရုံရှားကို ကြည့်လိုက်သည်။ခဏအကြာတွင် သူမ နှုတ်ခမ်းထောင့်စွန်းကို ကိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
သူမပုံစံက သကြားလုံးများ အကုန်လုယူခံထားရသည့် ကလေးတစ်ယောက်လိုပင်။အားကိုးရာမဲ့သလို ခံစားခဲ့ရနေခိုက် တစ်စုံတစ်ယောက်က လာပြီး သူမ လက်ကို ကိုင်ထား၍ "မကြောက်နဲ့၊ငါ့မှာ သကြားလုံးတွေ အများကြီးရှိတယ်၊ မင်း စားချင်သလောက်စားနော်"ဟူ၍ ကရုဏာသက်ဟန်ဖြင့် ပြောလိုက်သလိုပင်။
ပန်းဟွာလည်း ထိုအတိုင်းပင်၊ ရုံရှားလက်ကို အားကိုးတကြီးပြန်ဆုပ်ကိုင်လိုက်၏။ထို့နောက် အနည်းငယ် ငြိမ်သက်သွားသည့် အခန်းကို ဝေ့ကြည့်လိုက်ပြီး အစောင့်ကို
"ဆိုင်ပိုင်ရှင် ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးကို တွက်ကြည့်လိုက်၊ပြီးရင် အဲ့ဒါတွေကို နှစ်ဆလျော်ပေးလိုက်ပါ"
"ဟုတ်ကဲ့"
တုကျိုး သူ့ခြေရင်းမှာ လဲလျောင်းနေသည့် လုပ်ကြံသူကို ကြည့်လိုက်သည်။ လုပ်ကြံသူကတော့ သေသလား၊ရှင်သလား မသိရသေး။
"ကျွင်းကျူး၊မြို့စားမင်း အင်ပါယာတရားရုံးက အရာရှိလျှိုပန်းရှန်က တွေ့ချင်ပါတယ်တဲ့"
ပန်းဟွာက မတားမြစ်လာတာကြောင့် ရုံရှား ခေါင်းညိတ်လိုက်သည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
ရွှမ်း..
ပန်းဟွာသည် ဓားရှည်မှ ဓားကို ဆွဲထုတ်ပြီး အသနားခံတနေသေးသော လုပ်ကြံသူကို ခုတ်ထစ်လိုက်သည်။
"အိုး!"
လုပ်ကြံသူ သူ့ခြေထောက်ကို ပိုက်ထားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။ ခဏကြာသော် ကြမ်းပြင်မှာ အနီရောင်သွေးများ စွန်းထင်းနေတော့သည်။ပန်းဟွာက သူ၏ ပေါင်ကြွက်သားမျှင် တစ်ခုကို ဓားဖြင့်ဖြတ်လိုက်ခြင်းပင်ဖြစ်ပေ၏။
တုကျိုး၏ မျက်လုံးများ တောက်ပလာသည်။ ပန်းဟွာကျွင်းကျူးသည် ယခင်က ဓားပညာကို လေ့ကျင့်ခဲ့ပုံရသည်။
ပန်းဟွာက ဓားကို အစောင့်အား ပေးလိုက်ရင်း
"ပြီးရင် ပျက်ဆီးသွားတဲ့ ကြမ်းပြင်အတွက်လည်း ပိုက်ဆံပိုပေးဖို့ မမေ့နဲ့...ငါတို့ ပန်းမိသားစုက အပြစ်မဲ့သူတွေကို ဘယ်တော့မှ မဆုံးရှုံးစေရဘူး၊ ဒါပေမယ့် ငါတို့အပေါ် ရန်ငြိုးထားသူတွေကိုလည်း ခွင့်မလွှတ်ဘူး"
"သခင်"
အရာရှိသည် လှေကားထောင့်မှာ လဲလျောင်းနေသူကို တွေ့လိုက်လျှင် သူ့ဓားကိုဆွဲထုတ်ကာ လျှိုပန်းရှန်အား ပြောလိုက်၏။
"ကျေးဇူးပြုပြီး သတိထားပါ"
"ရပါတယ်၊ ဒီလူ သတိလစ်နေတယ်၊ လူတစ်ယောက်လွှတ်ပြီး သူ့ကို ခေါ်ထုတ်ခိုင်းပါ..."
လျှိုပန်းရှန်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လူကို ကြည့်ကာ အပေါ်ထပ်သို့ တည့်တည့်တက်သွားသည်။ မကြာမီ တစ်စုံတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရသည့်အတွက် ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ခေတ္တရပ်လိုက်သည်။
သူ့နောက်လိုက်လာသော အရာရှိက လျှိုပန်းရှန်ကို သဘောကျသည်။ တရားရုံးချုပ် ဒုဝန်ကြီးသည် မျှော်လင့်ထားသည့်အတိုင်း သနားစရာကောင်းသော ရာဇ၀တ်ကောင်များ၏ အော်သံမျိုးစုံကို နားကြားဝနေသူ ဖြစ်နိုင်သည်။ဤအသံဗလံများကိုပင် မကြောက်နေပေ။
သူတို့ အပေါ်ထပ်ကို တက်သွားသည့်အခါ ကြမ်းပြင်ပေါ်တွင် လဲနေသော လူကိုတွေ့ရပြီး ရှုပ်ပွနေသော အခန်းကိုလည်း မြင်လိုက်ရ၏။
ဒါတွေအားလုံးက ကောကုန်းကျင့်ထင်အိမ်တော်ရဲ့ အစောင့်တွေကြောင့် ဖြစ်ခဲ့တာလား။
"ဒီအရာရှိက ပန်းဟွာကျွင်းကျူးနဲ့ မြို့စားမင်းရုံကို နှုတ်ဆက်ပါတယ်"
လျှိုပန်းရှန်သည် ပန်းဟွာနှင့် ရုံရှား ရှေ့ကို လျှောက်သွားပြီး အလေးပြုလိုက်၏။
ပန်းဟွာ လျှိုပန်းရှန်၏ ခြေထောက်ကို ငုံ့ကြည့်မိသည်။သူ့ခြေထောက်က သွေးအိုင်ကို နင်းထားသော်လည်း ခြေကိုပြန်မဆုတ်သွားပေ။သူ့မျက်နှာမှာလည်း တခြားမလိုလားအပ်သော အမူအရာမျိုး မတွေ့ရချေ။
"သခင်လျှိုကလည်း သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး"
ပန်းမိသားစု၏ကိုယ်ရံတော်က လျှိုပန်းရှန်အား အဖြစ်အပျက်ကို ပြောပြသည်။
“ဒီလူသတ်သမားတွေက…”
နောက်ဆုံးတွင် လျှိုပန်းရှန်၏ မျက်နှာပေါ်တွင် အမူအရာတစ်ခုပေါ်လာသော်လည်း လုံးဝ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
"ကျွန်မ သူတို့ကို ရိုက်လိုက်တာ၊ဒီလူသတ်သမားတွေက ပြင်းပြင်းထန်ထန် ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်၊ ဒီတော့ ကျွန်မလည်း ရွေးစရာမရှိဘူး"
လျှိုပန်းရှန်သည် ရုံရှားကို မျက်လုံးထောင့်မှစွေ၍ ကြည့်လိုက်သည်။ ရုံရှားသည် ပန်းဟွာ အနားတွင် ငြိမ်သက်စွာထိုင်နေသည်ကို မြင်လိုက်ရသဖြင့် ဦးညွှတ်ကာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ကျွင်းကျူး၊ ကျွန်တော်တို့ကို ရာဇ၀တ်သားတွေကို ဖမ်းဖို့ ကူညီပေးခဲ့တဲ့အတွက်ပါ၊ မဟုတ်ရင် ဒီကိစ္စက စုံစမ်းရခက်လိမ့်မယ်"
"တခြားသူဆိုရင် ကျွန်မလည်း စကားပြောရခက်မိမှာ၊ ဒါပေမယ့် သခင်လျှိုဖြစ်နေတော့ ကျွန်မ ဒဲ့ပဲပြောပါမယ်"
ပန်းဟွာသည် ပုံတူပန်းချီကို လျှိုပန်းရှန်အား ပေးအပ်ခဲ့သည်။
"ဒီလူကို အမြန်ဆုံးဖမ်းဖို့ တရားရုံးချုပ်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
လျှိုပန်းရှန်သည် သူ့လက်ထဲမှ အသက်ဝင်နေသည့် ပုံတူကို ကြည့်ပြီး ရုံရှားကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ရုံရှား မော့ကြည့်လိုက်သည်။ သူ၏ မက်မွန်ပွင့်မျက်လုံးများက ပကတိ အေးစက်နေလျက်။
"သခင်လျှို တခြားမေးစရာတွေ ရှိသလား၊ ဒီလူရဲ့ လေယူလေသိမ်းကလည်း မြို့တော်က ဖြစ်မယ်၊သူ့ကို သေချာပေါက် မိပါလိမ့်မယ်၊ အခု အရေးကြီးဆုံးက ဒီလူကို ဖမ်းဖို့ပဲ၊ ဘယ်လိုထင်ပါသလဲ"
လျှိုပန်းရှန်သည် ရုံရှားကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် သေသေချာချာ စုံစမ်းခိုင်းလိုက်ပါ့မယ်"
ဤကိစ္စမျိုးကို သာမာန်အရာရှိများသာ ကိုင်တွယ်သင့်သည်။သို့သော်၊ ကျင့်ထင်ကောကုန်းသည် ထူးခြားသူဖြစ်၏။ သူသည် ဧကရာဇ်၏ ဆွေမျိုးလည်းဖြစ်သည်။ ပုံမှန်အားဖြင့်တော့ ဤအမှုကို တရားရုံးချုပ်ကို လွှဲပေးမှာ ဖြစ်၏။
သူ လက်ဟန်ခြေဟန်ဖြင့် သူ့နောက်က အစောင့်များအား လူသတ်သမားတို့ကို ဆွဲထုတ်စေသည်။ အဆက်မပြတ် ငိုကြွေးနေသော လုပ်ကြံသူ၏ပါးစပ်ကိုပိတ်ဖို့ အဝတ်တစ်စနှင့် ဆို့ထားလိုက်ကြသည်။
လုပ်ကြံသူများ ထွက်လာသည်ကို အပြင်မှကြည့်ရှုသူများ မြင်လိုက်ရသောအခါတွင် အသီးသီး အခြေအနေမဟန်မှန်း တွေ့လိုက်ရ၏။ ထို့နောက် သူတို့စိတ်ထဲတွင် စစ်သည်များနှင့် လူဆိုးများ တိုက်ပွဲဝင်နေသည်ကို ပုံဖော်ကြည့်ကြသည်။ပြီးလျှင် အချင်းချင်း အမြင်ချင်း ဖလှယ်ကြ၏။
နောက်ဆုံးတွင် ရုံရှားနှင့် ပန်းဟွာ ထွက်လာသည်ကို တွေ့လိုက်သောအခါ အားလုံး အံ့ဩသွားကြသည်။သူတို့နှစ်ယောက်လုံး အတော်လေး ရုပ်ရည်ရူပကာ ကောင်းကြသည်။ သူတို့နှစ်ယောက်အတူရပ်လိုက်သည့်အခါ တခြားလူများအားလုံးက အရုပ်ဆိုးသည့် ဖရဲသီးကွဲများ၊ စွံပလွံသီးလို ရှုံ့တွတွ မျက်နှာများဖြစ်နေကြတော့သည်။
သူတို့နှစ်ယောက် စေ့စပ်ထားကြောင်းကြားပြီးသားဖြစ်၍ အားလုံး သက်ပြင်းချမိကြသည်။သူတို့လို လိုက်ဖက်ညီသည့် စုံတွဲသာ မပေါင်းနိုင်လျှင် ကောင်းကင်ဘုံတွင် မျက်လုံးကန်းနေခြင်းသာဖြစ်လိမ့်မည်။
ပန်းဟွာ ဆင်းလာသောအခါတွင်၊ ပန်းဟမ်သည် အဖေဖြစ်သူနှင့်အတူ ရှိနေသည်ကို မြင်လိုက်ရသည်။ သတင်းကြားပြီး အမြန်ရောက်လာခြင်းဖြစ်ရမည်။
ပန်းဟမ်က သူမကိုမြင်သော်
"အစ်မ အဆင်ပြေရဲ့လား"
ပန်းဟွာ မျက်နှာက ညှိုးငယ်လျက်ရှိသည်။
"ငါ့မှာ ဘာမှမဖြစ်ဘူး၊ နင်နဲ့ အဖေ အိမ်ကို အရင်ပြန်သွားပါ၊ငါလုပ်စရာတွေရှိသေးတယ်၊အိမ်မှာ လုံခြုံရေးတွေ တိုးထား၊ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မစစ်ဆေးပြီးခင် နင်နဲ့အဖေ အပြင်မထွက်သင့်ဘူး"
"ကျွန်တော်…"
"နင့်မှာ တခြားရွေးချယ်စရာ မရှိဘူး၊ ငါ နင့်ခြေထောက်တွေကို ချိုးပြီး အိပ်ယာထဲ လှဲခိုင်းရမလား၊ ဒါမဟုတ် အိမ်မှာပဲ အေးအေးဆေးဆေးနေမလား"
ခြိမ်းခြောက်နေသော အစ်မဖြစ်သူကြောင့် ပန်းဟမ် အမေဖြစ်သူနှင့်တစ်ထေရာတည်းတူလာသော ပန်းဟွာကို ငေးကြည့်နေမိတော့သည်။သူ ပြောချင်မိသော်လည်း စကားတစ်ခွန်းမှပင် မဟဝံ့ပေ။
"ဒါဆို အစ်မ အခုဘယ်သွားမလို့လဲ"
ပန်းဟမ်သည် ပန်းဟွာက အရာရှိရုံ သို့မဟုတ် တရားရုံးချုပ်သို့ သွားပြီးပြဿနာဖြစ်မည်ကို စိုးရိမ်နေသည်။
"ငါတို့ မတရာခံရတာကို ဧကရာဇ်ကိုပြောပြဖို့ နန်းတော်ကို သွားကြမယ်၊အခုဆိုကြည့်လေ အဖေ ကြောက်လန့်ပြီး နေမကောင်းတောင်ဖြစ်နေရတာ"
ပန်းဟမ်သည် ကြောက်ရွံ့သည့် အရိပ်အယောင်မပြဘဲ သူ့အဖေကို ကြည့်လိုက်သည်။
“အစ်မ စိတ်မပူနဲ့၊ အခု အဖေ့ကို ကျွန်တော် လိုက်ပို့ပေးလိုက်မယ်”
ပန်းဟမ်နှင့်ပန်းဟွိုက်တို့ ထွက်သွားပြီးနောက် ပန်းဟွာ မြင်းပေါ်တက်လိုက်သည်။သူမ လှည့်ထွက်ခါနီးတွင် ရုံရှားက နေရာတွင် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
"ဒီရက်ပိုင်း ရှင်လည်း သတိထားသင့်တယ်၊ဒီလူတွေက ကျွန်မ အဖေ ဒါမှမဟုတ် ပန်းမိသားစုတစ်ခုလုံးကို ပစ်မှတ်ထားနေတာလား မသိဘူး၊ ရှင်က ကျွန်မ စေ့စပ်ထားတာ ဆိုတော့ ရှင်လည်း တစ်ခုခုဖြစ်မှာစိုးတယ်"
ရုံရှားသည် သူမ၏မြင်းရှေ့ကို လျှောက်သွားသည်။
"ကိုယ်က မကြောက်ပါဘူး၊ မင်းသာ နန်းတော်မှာ သတိထားပါ"
ပန်းဟွာ ခေါင်းညိတ်လိုက်ပြီး မြင်းကို ပုတ်လိုက်ပြီး စီးသွားလေတော့၏။
ရုံရှား ထွက်သွားသည့် ပန်းဟွာ၏ကျောပြင်ကို ကြည့်လိုက်သည်။ သူကတော့ နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး ဘာမှ မပြောပေ။
"မြို့စားမင်း..."
"တရားရုံးချုပ်ကို သွားမယ်၊ ဒီကိစ္စကို ဖြေရှင်းရမယ်"
တရားရုံးချုပ်သည် နေ့တိုင်း အလုပ်များနေခဲ့သော်လည်း ယနေ့က ပို၍အလုပ်များနေသည်။ စုံစမ်းရေးမှူးများသည် ပန်းမိသားစုက အခြားမိသားစုများနှင့် ရန်ငြိုးထားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးသောအခါတွင် ပန်းမိသားစုကို ရန်ငြိုးထားသော မိသားစုများစွာရှိကြောင်း တွေ့ရှိခဲ့သည်။ အဆင့်အတန်းမြင့်သော ဒုတိယမင်းသားမှစ၍ လမ်းပေါ်တွင် လျှောက်သွားနေသော လူဆိုးလူမိုက်များအထိပင်။
ပန်းမိသားစုသည် တခြားလူများကို ရန်စလေ့ရှိသူများပင်။ ပန်းမိသားစုတွင် တည်ငြိမ်သော နောက်ခံကောင်းပြီး နှစ်ပေါင်းများစွာ ရာထူးမကျသွားသည်မှာ ကံကောင်းခြင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။
"သခင်လျှို မြို့စားမင်းရုံက တွေ့ချင်ပါတယ်တဲ့"
"သူ့ကို မြန်မြန်ခေါ်လိုက်ပါ"
လျှိုပန်းရှန်သည် ရုံရှား လည်ပတ်ရသည့် အကြောင်းရင်းကို ခန့်မှန်းကြည့်မိသည်။ပြီးလျှင် ပန်းချီကားကို ဆက်မကူးတော့ဘဲ သူ့လက်ထဲမှ စုတ်တံကို ချလိုက်၏။
ခဏအကြာတွင် ရုံရှားသည် အေးစက်သောအမူအရာဖြင့် သူ့အခန်းထဲဝင်လာသည်။
xxxxxx