Chapter.84
"သခင်လျှို"
"မြို့စားမင်းရုံ ကျေးဇူးပြုပြီး ထိုင်ပါ"
လျှိုပန်းရှန်က သူ့လက်အောက်ငယ်သားတစ်ဦးကို လက်ဖက်ရည် ငှဲ့ခိုင်းပြီး
"မြို့စားမင်းရုံ ဘာလို့ ဒီကိုရောက်နေတာလဲဆိုတာ သိနိုင်မလား"
"ဟုတ်ပါတယ်၊ ကျင့်ထင် ကောကုန်း လုပ်ကြံခံရမှုအကြောင်းပါ၊အခု ဘာကိုတွေ့ထားပါပြီလဲ"
"ပန်းအိုးရဲ့ ဇာစ်မြစ်ကို ကျွန်တော်တို့ ရှာဖွေပြီးပါပြီ၊ လုပ်ကြံသတ်ဖြတ်သူတွေဟာ ပူးပေါင်းဆောင်ရွက်ထားတာပါ၊အခု ကျန်တဲ့ ပြဿနာကတော့ နောက်ကွယ်က လုပ်ကြံသူကို ဘယ်လိုဖမ်းရမလဲ ဆိုတာပါပဲ"
လျှိုပန်းရှန် ဤအမှုမှ ရရှိလာသောကို ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။မကြာမီ သူ့လက်အောက်ငယ်သားက လက်ဖက်ရည်လာချပြီးသည်နှင့်...
"မင်းတို့ ထွက်သွားလို့ရပြီ၊ ငါ မြို့စားမင်းရုံနဲ့ စကားပြောလိုက်ဦးမယ်"
ကောကုန်းကျင့်ထင်သည် မြို့စားမင်းရုံ၏ ယောက္ခမ၏ အနာဂတ်ဖြစ်သည်ကို လူတိုင်းသိသည်။ မြို့စားမင်းရုံသည် ပန်းဟွာကျွင်းကျူး အတွက် ခံစားချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယခုအချိန်မှာ မြို့စားမင်းရုံ ကိုယ်တိုင် လာရောက်ခြင်းကြာင့် ပေါ့ပေါ့တန်တန် သဘောထား၍မရတော့။
အားလုံးထွက်သွားပြီးနောက် လျှိုပန်းရှန်က
"လူသတ်သမားက လေးယောက်ရှိတယ်၊ အဲဒီထဲက တစ်ယောက်က မေ့မြောနေပြီး ကျန်တဲ့သုံးယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရနေတယ်၊ပန်းဟွာကျွင်းကျူးက ကိုယ်ခံပညာမှာ သိပ်ထူးချွန်တာပါပဲ"
ရုံရှား လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းစွတ်ရုံသာ သောက်လိုက်သည်။
"ဟုတ်တယ် ကျွန်တော် သူမကို စိတ်ပူစရာ မလိုဘူးပေါ့"
လျှိုပန်းရှန် ဘာမှ ထပ်မပြောတော့။
"မြို့စားမင်းရုံ၊ စိတ်မပူပါနဲ့၊ ကျွန်တော်အမှုကို အမြန်ဆုံး စုံစမ်းပါ့မယ်"
"မြို့စားမင်းရုံ"
ထိုစဉ် တရားရုံး၏ ဝန်ကြီးချုပ် ဝင်လာပြီး ရုံရှားကို အလေးပြုသည်။ ရုံရှား မတ်တပ်ထရပ်ပြီး သူ့ကို ပြန်ဦးညွတ်သော်လည်း တရားရေးဝန်ကြီးချုပ်က ဘေးသို့ ကမန်းကတန်း ရွှေ့လိုက်ပြီး
"မြို့စားမင်းရုံ၊ ကျွန်တော်တို့ ဒီကိစ္စကို သေသေချာချာ စုံစမ်းလိုက်ပါမယ်၊ မြို့စားမင်း လူကိုယ်တိုင် လာစရာမလိုပါဘူး"
"ကျွန်တော် ဒီနေ့ လာတာကို စိတ်အနှောင့်အယှက်မဖြစ်ဘူးမလား"
"ဟားဟား....." တရားရေးဝန်ကြီးချုပ်က သဘောကျစွာ ရယ်မောပြီး "မြို့စားမင်းရုံ လာတာကို ကျွန်တော်က အမြဲ ကြိုဆိုပါတယ်"
တရားရေးဝန်ကြီးချုပ်သည် အခြားသူများ မသိသောအရာများကို သူသိသည်။ ဥပမာအားဖြင့်၊ ဧကရာဇ်၏ပတ်ဝန်းကျင်တွင် သူလျှိုများရှိသည်။ သို့သော်လည်း သူလျှိုများ၏ ခေါင်းဆောင်က ဘယ်သူလဲ ဆိုသည်ကို သိဖို့က အဓိကပင်။ သူသည် ယခင်က ရုံရှားကို သံသယရှိခဲ့သော်လည်း၊သူ့လိုလူမျိုးက သူလျှိုမဖြစ်နိုင်ဟု ယူဆသောကြောင့် သံသယဖြစ်ရုံသာရှိခဲ့သည်။သို့သော် ဤအရာက ရုံရှားကို လေးစားသည့်ခံစားချက်အပေါ် မသက်ရောက်ခဲ့ပေ။
ရုံရှားက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"တရားရေးဝန်ကြီးချုပ်ကိုယ်တိုင် ကိုင်တွယ်မယ်ဆိုတော့ ကျွန်တော် စိတ်သက်သာမိပါတယ်၊ ကျွန်တော့်ရဲ့ ဇနီးလောင်း စိတ်ဆိုးသွားတာကို လက်မခံနိုင်ဘူး၊ ဒါကြောင့် ဒီကို လာတာပါ၊အားလုံး စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်"
တရားရေးဝန်ကြီးချုပ်သည် သူ့စိတ်ထဲတွင် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။မြို့စားမင်းရုံက သူတို့ကို ဖိအားပေးနေမှန်း သူ သိနေ၏။
"ကောကုန်း ကျင့်ထင်ကရော ဘယ်လိုနေပါသလဲ....."
"သူကတော့ ထိတ်လန့်ပြီး အနားယူဖို့ သူ့အိမ်ကို ပြန်သွားခဲ့ပါတယ်၊ပန်းဟွာကျွင်းကျူးကတော့..."
ရုံရှား သူ့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ထို့နောက် လက်ဖက်ရည်ခွက်အစွန်းကို အဖုံးဖြင့် ညင်သာစွာ ခြစ်လိုက်သည်။ အေးအေးဆေးဆေးလုပ်နေတာကြောင့် တရားရေးဝန်ကြီးချုပ်ခမျာ စိတ်ထဲ ကမောက်ကမ ဖြစ်နေသည်။ ရုံရှား ပြောသောစကားက စိတ်သက်သာရာရစေဖို့သာ သူမျှော်လင့်နိုင်ခဲ့သည်။
"ကျွင်းကျူးက မိန်းကလေးဖြစ်နေတော့ သူ့အဖေ ဒုက္ခရောက်နေတာကို မြင်တော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်၊အခု ဧကရာဇ်ကို တွေ့ဖို့ နန်းတော်ကို သွားနေပြီ၊ဧကရာဇ်က ပန်းမိသားစုကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သိတယ်မလား၊ဒါကြောင့် ဒီကိစ္စကို နှောင့်နှေးလို့ မရဘူး၊ နှောင့်နှေးနေလေလေ၊ ဧကရာဇ် ဒေါသထွက်လာလိမ့်မယ်"
"မြို့စားမင်းရုံ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီအမှုကို အတိအကျ စုံစမ်းပါမယ်"
တရားရေးဝန်ကြီးချုပ်လည်း ပို၍ပင် စိုးရိမ်သွားသည်။ပန်းမိသားစုသည် ဧကရာဇ်ထံမှ မျက်နှာသာရအေင် ဘယ်လိုလုပ်ထားမှန်းမသိ။ တော်ဝင်မင်းသမီး၏ ဝမ်းနည်းပူဆွေးသည့်ကာလအတွင်း၌ပင် ဧကရာဇ်သည် သူတို့အား ရက်အနည်းငယ်ခြားတိုင်း လက်ဆောင်များ ချီးမြှင့်ပေးသည်။ တော်ဝင်မင်းသမီးက ဧကရာဇ်ကို ကယ်တင်တဲ့ ကျေးဇူးရှိခဲ့ရင်တောင် ဧကရာဇ်က သူတို့ကို အရမ်း မျက်နှာသာမပေးသင့်ဘူး မဟုတ်လား။
"သခင်လျှို အလုပ်များနေတယ်မလား၊ကျွန်တော် မနှောင့်ယှက်တော့ပါဘူး၊ သွားပါတော့မယ်"
"ဂရုစိုက်ပါ မြို့စားမင်းရုံ"
ရုံရှား ထွက်သွားပြီးနောက်၊ တရားရေးဝန်ကြီးချုပ်က လျှိုပန်းရှန် ရှေ့မှာ မျက်မှောင်ကြုတ်ပြီး
"ဒီကိစ္စက အစလည်းမရှိ၊ အဆုံးလည်းမရှိဘူး၊ ငါတို့ ဘယ်လို စုံစမ်းစစ်ဆေးရမှာလဲ"
"ဝန်ကြီးချုပ် ဒီလူသတ်သမားက ကျွန်တော်တို့ကို နောက်ကွယ်က ကြိုးကိုင်သူရဲ့ ရုပ်ကို ပြောပြခဲ့ပါတယ်၊ဒါက စိတ်ကူးနဲ့ဆွဲထားတာပါ"
လျှိုပန်းရှန်သည် ပုံတူပန်းချီကို တရားရေးဝန်ကြီးချုပ်အား ပေးအပ်လိုက်သည်။လျှိုပန်းရှန်က ၎င်းကိုယူ၍ ကြည့်ရှုပြီးနောက်
"အံ့သြစရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ပဲ၊ပန်းရှန် မင်းရဲ့ ပန်းချီစွမ်းရည်က တစ်ခါပြန်တိုးတက်လာပြီ"
"ဝန်ကြီးချုပ် ဒီပန်းချီကားကို ကျွန်တော် ဖန်တီးထားတာ မဟုတ်ပါဘူး၊ဒါက မြို့စားမင်းရုံရဲ့ လက်ရာပါ"
တရားရေးဝန်ကြီးချုပ်က ပန်းချီကားကို အံ့အားသင့်စွာ ကြည့်ရင်း
"ဘာ၊မြို့စားမင်းရုံက ပုံတူတွေ မဆွဲဘူးဟုတ်လား"
လျှိုပန်းရှန်သည် ပန်းဟွာကျွင်းကျူးကို ဖျတ်ကနဲတွေးကာ ပြုံးရင်း ခေါင်းခါလိုက်၏။
"ဒီပန်းချီကား ကျွန်တော်တို့မှာ ရှိတော့ ကျွန်တော်တို့ အလုပ်လုပ်ရတာ ပိုလွယ်တယ်"
တရားရေးဝန်ကြီးချုပ်က ပန်းချီကားကို စားပွဲပေါ် သေချာတင်လိုက်သည်။ ဤသည်မှာ မြို့စားမင်းရုံ ဆွဲသည့် ပထမဆုံးလူပုံတူပန်းချီ ဖြစ်သည်။သူလည်း အမြတ်တနိုး သိမ်းပင်သိမ်းထားချင်မိသည်။
ကံမကောင်းစွာပင် ပန်းချီကားထဲက လူက သာမန်လူကြမ်းတစ်ယောက်ပင်။သို့မဟုတ် တခြားသူသာဆိုပါက သူ အိမ်မှာ ချိတ်ထားမိနိုင်၏။
မဟာရွှေလမင်း နန်းတော်တွင် သီချင်းရေးဆရာတစ်ဦးသည် ဧကရာဇ်ယွင်ချင် အတွက် သီချင်းဆိုနေသည်။သူ့သီချင်းကို ဧကရာဇ် စိတ်ဝင်စားသည်ကို မြင်လျှင် တေးရေးဆရာ ဝမ်းသာသွား၏။
"ဧကရာဇ် ပန်းဟွာကျွင်းကျူးက တွေ့ခွင့်တောင်းနေပါတယ်"
သီချင်းရေးဆရာ၏ သီချင်းကို နားထောင်နေသည့် ဧကရာဇ်က မတ်တတ်ထထိုင်ပြီး ကိုကြည့်လိုက်ကာ
"မင်း ဘယ်သူ့အကြောင်းပြောနေတာလဲ"
"အရှင်မင်းကြီး၊ပန်းဟွာကျွင်းကျူးပါ"
"သြော်၊ ဒီကောင်မလေးက ငါနဲ့ မတွေ့တာတောင်ကြာပြီပဲ"
ဧကရာဇ်ယွင်ချင်က သူ့မေးစေ့ကို ပွတ်ရင်း သဘောကျစွာ ပြုံးပြပြီး ဝမ်ကုန်းကုန်းကို ပြောသည်။
"အဘိုးကြီး မင်း ဘာလို့ သူမကို မခေါ်သေးတာလဲ"
"ဟုတ်ကဲ့"
ဝမ်ကုန်းကုန်း နာခံစွာ နောက်ဆုတ်သွားခဲ့သည်။ သို့သော် ပန်းဟွာကျွင်းကျူး၏ မျက်ရည်စများ ရွှဲနေသော မျက်နှာကို တွေ့လိုက်သောအခါ၊ဧကရာဇ် နောက်တစ်ကြိမ် ခေါင်းကိုက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။
တကယ်လည်း ဟုတ်နေသည်။ဧကရာဇ်ယွင်ချင်က ပန်းဟွာသည် နီရဲနေသော မျက်လုံးအစုံ၊ ရှုံ့တွတွန့်ကြေနေသည့် အဝတ်အစားများနှင့် လမ်းလျှောက်လာသည်ကိုမြင်လျှင် သူမ အနိုင်ကျင့်ခံခဲ့ရဟည်ဟု ထင်လိုက်မိသည်။
"ဟွာဟွာ၊ မင်း ဘာဖြစ်သွားတာလဲ"
"အရှင်မင်းကြီး"
ပန်းဟွာ သည် ဧကရာဇ် ယွင်ချင်ရှေ့ကို လျှောက်လာပြီး နှုတ်ခမ်းကိုသွားဖြင့် အသာဖွကိုက်ထားလေသည်။ နောက်ဆုံးတွင် အားကိုးစရာ ရှာတွေ့ခဲ့သော ကလေးတစ်ယောက်ကဲ့သို့ပင် သူမ မျက်ရည်များဝဲလာသည်။
သူမသည် ဧကရာဇ်ယွင်ချင်၏ ကိုယ်လုပ်တော်မဟုတ်သောကြောင့် မခို့တရို့ဟန်၊တရိုတသေဟန်ဖြင့် ငိုနေရန် မလိုအပ်ပေ။ ဤအချိန်မှာ သူမ ခံစားချက်ကအတိုင်း ငိုကြွေးနေပေတော့၏။
"ဘာဖြင့်လို့လဲ"
ဧကရာဇ်ယွင်ချင်သည် ဤမထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် အံသြသွားသည်။ သီချင်းရေးဆရာကို ဂရုမစိုက်ဘဲ ပန်းဟွာ အမြန်ထထိုင်ရန် အမျိုးသမီးအမှုထမ်းတစ်ဦးကို အကူအညီတောင်းလိုက်သည်။ယခုဆို နန်းတော်တစ်ခုလုံးသည် အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေသော ဘုရင့်တူမတော်လေးအား ချော့ရင်း အလုပ်များနေသည်။
"သမီးလေး၊ မငိုနဲ့၊ ပြောစမ်းပါ ဦးရီးတော်ကို ပြောဖို့ မတွန့်ဆုတ်နဲ့၊ ဦးရီးတော်က မင်း ခံစားနေရတဲ့ ဒေါသကို ဖြေဖျောက်ပေးမယ်"
သူ၏ ကိုယ်လုပ်တော်သာ ယခုလို ငိုကြွေးနေလျှင် ဂရုမစိုက်ဘဲ အဝေးကိုပင် ထွက်သွားမိပေမည်။သို့သော် သူမက သူချစ်ခင်ရသော ဆွေမျိုးဖြစ်နေ၍ သဘောထားက ကွဲပြားသွားရသည်။သူ့အချစ်ဆုံး တူမတော်လေးအား စိတ်ဆိုးစေသူက ဘယ်လောက်တောင် မျက်စိကန်းနေရမှန်း သူ နားမလည်နိုင်တော့ချေ။ သူ့အနေနှင့် သူ မျက်နှာသာပေးသော ဆွေမျိုးတော်အား စော်ကားခြင်းသည် သူ့ကိုလာစော်ကားခြင်းပင်။
"အရှင်မင်းကြီး"
ပန်းဟွာ အဆက်မပြတ် ငိုရှိုက်လျက်ရှိသည်။ မျက်လုံးနှင့် နှာခေါင်းတို့ကလည်း နီရဲနေသည်။ဧကရာဇ်သည် သူမကိုကြည့်ရင်း သူ ငယ်စဉ်က မွေးမြူခဲ့သော ယုန်ဖြူလေးတစ်ကောင်ကို ရုတ်တရက် တွေးလိုက်မိသည်။
တွေးစမ်း...အဲဒီယုန် ဘာဖြစ်သွားတာလဲ။
သူ၏ဖခမည်းတော် မျက်နှာသာပေးသော ဒုတိယညီဖြစ်သူက ၎င်းယုန်ဖြူကို လုယူသွားခြင်းဖြစ်သည်။ နှစ်ရက်မပြည့်မီတွင် ၎င်း၏ ဒုတိယညီဖြစ်သူ ယုန်ကို သတ်ပစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယုန်အရေခွံကိုစုတ်ပြီး သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားသည်။အချိန်က အတော်ကြာနေ၍ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်သော်လည်း အနိုင်ကျင့်ခံခဲ့ရသည့် ခံစားချက်ကို ယခုထိ မှတ်မိနေသေးသည်။
"ကောင်းပြီ၊အကုန်ပြောပြပါဦး"
ဧကရာဇ်သည် ပန်းဟွာထံ ပျားရည်လက်ဖက်ရည်တစ်ခွက် ယူဆောင်လာခဲ့သည်။
"ကဲ လက်ဖက်ရည်လေးအရင်သောက်လိုက်ပါကွယ်"
ပန်းဟွာက ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး တစ်ချက်ရှိုက်ပြန်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ဧကရာဇ်ယွင်ချင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ နောက်ဆုံးတော့ ယခုမှပင် သူမ အငိုရပ်သွားတော့သည်။
"အရှင်မင်းကြီး၊ တစ်ယောက်ယောက်က ကျွန်မတို့ကို သတ်ချင်နေပါတယ်၊ ကျွန်မတို့မိသားစု မသေချင်သေးပါဘူး"
ပန်းဟွာသည် ဧကရာဇ်ကို မျက်လုံးပြူး၍ စိုက်ကြည့်နေသည်။
"မင်းကို ဘယ်သူက သတ်ချင်တာလဲ"
ဧကရာဇ် ယွင်ချင် အံ့သြသွားရ၏။ပန်းမိသားစုက သူနဲ့သိပ်ရင်းနှီးလို့ တစ်ယောက်ယောက်က မကျေမနပ်ဖြစ်တာလား....အဲဒါက ရယ်စရာကောင်းတယ်...ဧကရာဇ်ဆိုတဲ့ သူ့အတွက် သူကြိုက်တဲ့သူကို မျက်နှာသာပေးခွင့်ရှိတယ်လေ၊ဒါကို ဘယ်လိုလူက မကျေနပ်တာလဲ!
ပန်းဟွာ အဖြစ်အပျက်ကုန်စင်ကို ပြောပြသည်။ သို့သော်လည်း သူမ အလွန်ဝမ်းနည်းပြီး ကြောက်ရွံ့နေသောကြောင့် လွဲချော်မှုအချို့ ပြောမိသွား၏။
"ကျွန်မ နားမလည်နိုင်ဘူး၊ တစ်စုံတစ်ယောက်က ကျွန်မတို့ကို ဘာလို့ သတ်ချင်နေတာပါလဲ"
ပြောနေရင်း သူမ မျက်နှာကတစ်ခုခုကို တွေးနေသလိုမျိုး လေးနက်ကာ မျက်မှောင်ကြုတ်နေပေသည်။
ဧကရာဇ်ယွင်ချင်သည် သူမ၏ အတွေးများကို ဖုံးကွယ်၍မရဖြစ်နေကြောင်း သိလိုက်ပေသည်။
"မင်းပြောစရာရှိရင်ပြောပါ"
"ကျွန်မတို့မိသားစုက တစ်ယောက်ယောက်ကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့လို့များ သူက ကျွန်မတို့မိသားစုကို လက်စားချေချင်တာလား၊ကျွန်မတို့မိသားစုက မကြာသေးခင်ကမှ အဖွားအတွက် ဝမ်းနည်းပူဆွေးနေဆဲကာလမှာဘဲ ရှိသေးတာပါ၊ကျွန်မတို့ ဘယ်သူ့ကိုမှ မကောင်းတာမလုပ်ခဲ့ပါဘူး"
ဧကရာဇ် ထိုစကားကိုကြားသောအခါ သူ ပို၍ လေးလေးနက်နက်တွေးတောနေမိ၏။ဤလူများသည် ပန်းမိသားစုကို မကျေနပ်ကြချေ။ထို့ကြောင့် သူ့ကိုလည်း မကျေနပ်မှာ သေချာသည်။ ယခင်လုပ်ကြံသတ်ဖြတ်မှုတွင် သူ့အရီးတော် အသက်ဆုံးရှုံးခဲ့ရသည်။မင်းသားဟွေ့ စံအိမ်၏ လက်အောက်ငယ်သားဟောင်းများကသာ လက်စားချေလိုလျှင် ပန်းမိသားစုကို ထုံးစံအတိုင်း ပစ်မှတ်ထားကြနိုင်သည်။အကြောင်းမှာ သူ့အရီးတော်၏ မျိုးဆက်မှာ ပန်းမိသားစု ရှိနေတာကြောင့်ပင်။
ဧကရာဇ်ဖြစ်ရသည့် သူအဖို့၊ အကြီးမားဆုံးအတားအဆီးမှာ အခြားသူများထံမှ ထီးနန်းကိုထိန်းသိမ်းကာကွယ်နေရခြင်းပင်။သူသည် စိတ်ရင်း စေတနာရှိပြီး ချစ်ရသူများအား တန်ဖိုးထားသူဖြစ်သည်။သူ့ဘဝတစ်လျှောက်လုံး ကောင်းသော အမှတ်ရစရာတို့ အများကြီးရှိခဲ့သည်။ထို့အတူ သူမုန်းတီးသောသူများနှင့် ပတ်သက်သော မကောင်းသည့်အရာများစွာလည်း ရှိခဲ့လေသည်။
တကယ်လို့များ သူသာ မင်းသားဟွေ့ရဲ့ လက်အောက်ငယ်သားဟောင်းတွေကို သေသေချာချာမသုတ်သင်နိုင်ခဲ့ရင် သူ့အတွက် အန္တရာယ်ရှိနေဆဲပင် မဟုတ်ပါလား။
"ဟွာဟွာ၊ အခုချက်ချင်း တရားရုံးချုပ်ကို အမိန့်ချလိုက်ပြီး ဒီအမှုကို စုံစမ်းခိုင်းမယ်၊ မင်းတို့ကို ဘာဒုက္ခဆက်မပေးဘူးဆိုတာ သေချာတယ်"
"ကျေးဇူးပါ အရှင်မင်းကြီး"
ပန်းဟွာ စိတ်သက်သာရာရသွားပြီး ယခုမှပင် အသိပြန်ဝင်လာ၍ မျက်နှာကို လက်နှစ်ဘက်နှင့်အုပ်လိုက်၏။
“အရှင်မင်းကြီး၊ စောစောက ကျွန်မ ငိုတော့ ပုံဆိုးပန်းဆိုး ဖြစ်သွားတာကို မေ့ထားပေးပါ”
ဧကရာဇ် ယွင်ချင် ကျယ်လောင်စွာ ရယ်မောမိလေသည်။
"မဟုတ်တာ၊ငယ်ငယ်တုန်းက မင်းက ငါ့အပေါ်ထိုင်ရင် သေးတောင်ပေါက်ချခဲ့သေးတာ၊ ရှက်ဖို့ အရမ်းနောက်ကျသွားပြီ"
"အရှင်မင်းကြီးကလည်း ကျွန်မက မိန်းကလေးပါ၊ကျေးဇူးပြုပြီး သူများတွေရှေ့မှာ မျက်နှာကောင်းအောင် ပြောပါဦး"
"ကောင်းပြီ၊ ရပါတယ်၊ဒါဆိုလည်း မပြောတော့ပါဘူး၊ သွားရအောင်၊မင်းနဲ့လိုက်ပြီး အရီးတော်ကို တွေ့လိုက်ဦးမယ်၊ ဒီနေ့ တို့တူဝရီးနှစ်ယောက် ထမင်းလေးဘာလေး လက်ဆုံစားတာပေါ့"
ဧကရီသည် သူ့ချွေးမနှစ်ယောက်နှင့် စကားပြောနေခိုက် ဧကရာဇ်နှင့် ပန်းဟွာကျွင်းကျူးတို့ လာမည်ဟု မိန်းမစိုးက လာပြောသောအခါ၊ နန်းတော် အစေခံအား အမိန့်ပေးလိုက်သည်။
"ဒီအဆာပြေမုန့်တွေ ပြန်ယူသွား၊ပန်းဟွာကျွင်းကျူး ကြိုက်တဲ့ မုန့်တွေနဲ့လဲလိုက်ပါ"
နန်းတော်အစေခံသည် မုန့်တင်မကဘဲ၊ လက်ဖက်ရည်ကိုတောင် ပြောင်းလိုက်သဖြင့် ရှဲ့ဝမ်ယွီ အံ့သြသွားမိသည်။ ပန်းဟွာကို ဧကရီက အလွန်တန်ဖိုးထားလှပေ၏။ထို့ကြောင့် ယခင်က ပန်းဟွာသည် မောက်မာပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ခြင်းဖြစ်မည်။
အိမ်ရှေ့စံမင်းသမီးက ခေါင်းညိတ်ပြီး ရှဲ့ဝမ်ယွီကိုကြည့်လိုက်သည်။ ထို့နောက် လက်ကိုင်ပုဝါဖြင့် ပါးစပ်ထောင့်ကို သုတ်ကာ ဘာမှထပ်မပြောတော့ပေ။ သူမ၏ညီမ ရှစ်ဖေးရှန့်နှင့် ဒုတိယမတ်လေးတို့သည် မရေရာသောဆက်ဆံရေးရှိနေသည်ဟု ကောလဟလများထွက်ပေါ်နေချိန်မှစ၍ သူမနှင့် ရှဲ့ဝမ်ယွီတို့ကလည်း အပေါ်ယံသူငယ်ချင်းမျှသာဖြစ်သည်။ စကားအပိုလည်း မပြောကြချေ။
တကယ်တမ်းတွင် အိမ်ရှေ့စံမင်းသမီးသည် အရှက်အကြောက်ကြီးပြီး အလွန်အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။ သူမ၏ ညီမဖြစ်သူက မတ်ဖြစ်သူနှင့် မရှင်းမလင်းဆက်ဆံရေးမျိုး ရှိနေ၍ သူမလည်း အတော်အရှက်ရမိသည်။အနီးတွင်ရှိသော နန်းတော်အစေခံများက သူမ ရှေ့တွင် ဘာမှမပြောဝံ့သော်လည်း၊ သူမစိတ်ထဲကတော့ မနှစ်မြို့ချေ။
ခဏအကြာတွင် ဧကရာဇ်နှင့် ပန်းဟွာတို့ ရောက်ရှိလာပြီး ပန်းဟွာ၏ မျက်နှာက နီရဲနေကာ မိတ်ကပ်လည်းမခြယ်ထားဘဲ အဝတ်အစားများပါ၊ ရှုံ့တွကာ ဖရိုဖရဲနေသည်ကို မြင်လိုက်ရသည်။သူမ မျက်ခုံးပင့်မိသည်။
ပန်းဟွာ ဘာလုပ်နေတာလဲ။ဧကရာဇ်နဲ့ ဧကရီကိုတွေ့ဖို့ နန်းတော်ထဲဝင်လာပြီး စည်းမျဥ်းတွေကိုတောင် မလိုက်နာဘူးလား....
ရှဲ့ဝမ်ယွီသည် အလိုက်တသိဖြင့် မတ်တတ်ထပြီး ဧကရာဇ်ထံ ဦးညွှတ်လိုက်သည်။ ဧကရာဇ်နောက်ကွယ်က ပန်းဟွာကို သူမ မတွေ့လိုက်သလိုမျိုး နှုတ်ဆတ်စကားလည်း မဆိုသေးပေ။
ဧကရီက ပန်းဟွာကိုမြင်သည်နှင့်
"အာယိုး....ဘာဖြစ်နေတာလဲ၊ ဟွာဟွာ အဝတ်အစားတွေကို မြန်မြန်သွားလဲစမ်းပါ၊ သမီးရဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အဝတ်အစားတွေ ဒီမှာရှိတယ်"
"ကျေးဇူးတင်ပါတယ် ဧကရီ"
ပန်းဟွာက ဧကရီကို ပြုံးပြပြီး နန်းတော်ကျွန်နောက်သို့ လိုက်သွားခဲ့သည်။
ဧကရီသည် ဧကရာဇ်အား ကြည့်ကာ
“အရှင်မင်းကြီး၊ ဘာဖြစ်တာပါလဲ”
ဧကရာဇ်ယွင်ချင်၏ မျက်နှာက မည်းမှောင်သွားရ၏။
"လူသတ်သမားက ကောကုန်းကျင့်ထင်ကို လုပ်ကြံဖို့ ကြိုးစားတယ်"
ဘာ...
အခန်းတွင်းရှိ တော်ဝင်ချွေးမများနှင့် ဧကရီတို့သုံးဦးစလုံး၏ မျက်နှာများထက်မှာ တုန်လှုပ်ခြောက်ခြားဖွယ် အရိပ်အယောင်များ ထင်ဟပ်နေကြသည်။
ပန်းဟွိုက် သေသွားပြီလား...
xxxxxx