Chapter.85
ဧကရာဇ်ယွင်ချင်၏ မျက်နှာထက်ဝယ် ဒေါသရိပ်ယောင်များဖြင့် ပြည့်နှက်နေသေးသည်။
"ဝမ်းကွဲညီတော် ရှောင်နိုင်ခဲ့တာကံကောင်းတာပဲ၊လူဆိုးတွေက ရက်စက်လွန်းတယ်"
အိမ်ရှေ့စံမင်းသမီး စိတ်ပျက်သွားရသလား၊ သို့မဟုတ် တခြားအရာတစ်ခုခုကြောင့်လားမသိ။ သူမ ခေါင်းကို လှည့်ပြီး ရှဲ့ဝမ်ယွီကို ကြည့်လိုက်သည်။ရှဲ့ဝမ်ယွီသည် အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေပြီး သူမ မျက်နှာမှာ ဘာခံစားချက်မှမရှိ။ ဧကရာဇ်နှင့် ဧကရီတို့သည် ပန်းမိသားစုအား အလွန်စိုးရိမ်ကြသည်ကို မြင်သောကြောင့် အိမ်ရှေ့စံမင်းသမီးက နှစ်သိမ့်စကားဆိုသည်။
"အရှင်မင်းကြီးနဲ့ ဧကရီတို့က ပန်းမိသားစုအတွက် အရမ်းစိုးရိမ်ကြတာကို ကောင်းကင်ဘုံက သိပါတယ်၊ပန်းမိသားစုဝင်တစ်ယောက် တစ်ခုခုဖြစ်သွားမှာကို ကောင်းကင်ဘုံက လက်မခံနိုင်လို့ ပန်းမိသားစုကို ကာကွယ်ပေးခဲ့တာဖြစ်မယ်"
ရှဲ့ဝမ်ယွီကလည်း ဝင်ပြောသည်။
"အိမ်ရှေ့စံမင်းသမီး ပြောတာမှန်တယ်…ကောကုန်းကျင့်ထင်က တကယ်ကံကောင်းတာပါ"
ဧကရာဇ် ယွင်ချင် ဤသည်ကို မငြင်းချင်ပေ။သူ့မှတ်ဉာဏ်ထဲမှာလည်း ပန်းဟွိုက်၏ကံတရားက အမြဲကောင်းနေခဲ့သည်။ပန်းဟွိုက် ဒုက္ခရောက်တိုင်း သူ့ခမည်းတော်က ကူညီဖေးမတတ်သည်။မင်းသားဟွေ့က သူ့ကို မကောင်းကြံတိုင်း ပန်းဟွိုက်နှင့်အတူ ရှိနေပါက၊ မင်းသားဟွေ့လည်း အကောက်ကြံ၍မရချေ။ထိုသို့တွေးပြီး ဧကရာဇ် ပြုံးလိုက်သည်။
"သူက အရီးတော်ရဲ့သားနဲ့ တော်ဝင်မျိုးနွယ်ရဲ့ မြေးတော်စပ်တာလေ၊ သူ့ကို ကောင်းကင်ဘုံကတောင် ကာကွယ်ထားတယ် ဆိုတဲ့သဘောပဲ"
ဧကရီက သက်ပြင်းချလိုက်ရင်း
"ဟုတ်တယ်၊ ပျင်းရိတဲ့သူတွေက သိပ်ကံကောင်းတယ်လို့ ကြားဖူးတယ်"
"အရှင်မင်းကြီး၊ ဧကရီ....ကျွန်မ ပြန်ရောက်လာပါပြီ"
ထိုစဉ် ပန်းဟွာ အမြန်ထွက်လာသည်။ ယခုဆို သူမသည် အဝတ်အစားလဲပြီး ဖြစ်ကာ ဆံပင်ကိုလည်း ကောင်းစွာဖြီးသင်ထားသည်။ဧကရီပြောသလိုပင်၊ဤဝတ်စုံက သူမနှင့် အလွန်လိုက်ဖက်သည်။သူမအတွက် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားသလိုပင်။
"ထိုင်ပြီး စကားပြောပါဦးကွယ်၊ဖြစ်ပျက်ခဲ့တာကို ဧကရီ ကြားပြီးပါပြီ၊ သမီး သိပ်ကြောက်သွားတယ်မလား"
ဧကရီက ပန်းဟွာကို ထိုင်ခိုင်းရင်း နှစ်သိမ့်စကားဆိုလေသည်။
ပန်းဟွာက နန်းတော်အစေခံထံမှ နို့လက်ဖက်ရည်တစ်ကျိုက်ကို သောက်လိုက်ပြီး တိုးတိုးလေးပြောသည်။
“ကျွန်မ စိတ်ဆိုးလွန်းလို့ လူသတ်သမားကို အရိုက်ခိုင်းမိပါတယ်"
"သူတို့က အရာရှိတစ်ယောက်ရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေတဲ့ လုပ်ကြံသတ်ဖြတ်သူတွေမို့လို့ သမီးကိုယ်တိုင် ရိုက်လိုက်မိရင်တောင် မလွန်ပါဘူး၊ သူတို့အသက်ရှင်နေရင် အမှုမှန်ပေါ်မှာပါပဲ"
ဧကရာဇ်က ထိုသို့ ပြောပြီးသည့်အခါ သူ့ချွေးမနှစ်ယောက် ရှိသေးသည်ကို သတိပြုမိပြီး
"မင်း အဖေ သိပ်ကြောက်နေပြီထင်တယ်၊ ဒီရက်ပိုင်းအပြင်မထွက်မိအောင် သတိထားပါ၊မဟုတ်ရင် သူ တစ်ခုခုဖြစ်မှာစိုးတယ်"
ဧကရီသည် တော်ဝင်မင်းသမီး၏ ကျေးဇူးများအတွက် အမြဲကျေးဇူးတင်နေခဲ့သည်။ သူမ အသက်ဆယ့်ငါးနှစ်တွင် လက်ရှိဧကရာဇ်နှင့် လက်ထပ်ခဲ့သည်။ ထိုအချိန်တွင် ဧကရာဇ်ယွင်ချင်ကို ယခင်ဧကရာဇ်က တန်ဖိုးမထားခဲ့ကြပေ။ သူ့ကို အိမ်ရှေ့စံဟု ခေါ်သော်လည်း သူ့ဘဝက မင်းသားတစ်ပါးလိုပင် ခံစားပိုင်စိုးခွင့်မရှိ။အိမ်ရှေ့စံဖြစ်လျက် ယခင်ဧကရာဇ်က မျက်နှာသာမပေးတာကြောင့် အားလုံးက သူ့ကို အေးစက်စွာ ဆက်ဆံလေ့ရှိကြသည်။
တော်ဝင်မင်းသမီးသာလျှင် သူ့ကို ရိုးသားစွာဆက်ဆံပြီး သူ၏ အိမ်ရှေ့စံရာထူးကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ကောကုန်းကျင့်ထင်သည် အလုပ်မလုပ်သော လူပျင်းတစ်ယောက်ဖြစ်သော်လည်း၊ဧကရာဇ်ယွင်ချင် နန်းမတက်မီက ဒုတိယမင်းသား၏ အနိုင်ကျင့်ခြင်းမှ မကြာခဏဆိုသလို ဧကရာဇ်အား အကာအကွယ်ပေးခဲ့သည်။
တော်ဝင်မင်းသမီး ကြောင့်သာမဟုတ်လျှင် ယနေ့ သူတို့ရောက်နေသည့်နေရာကို ရောက်လာမှာမဟုတ်ပေ။ကမ္ဘာပေါ်ရှိလူတိုင်းသည် အခွင့်အရေးယူရာတွင်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော်လည်း အချင်းချင်း လိုအပ်လာသော် ကူညီချင်သူဟူ၍ မရှိချေ။ ဧကရီသည် ပန်းမိသားစု၏ ကျေးဇူးကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။ ပန်းမိသားစုသည် အရည်အချင်းမရှိသော်လည်း သူမ၏အမြင်အရ တခြားလူများထက် သာလွန်နေသေးသည်။
"ဟုတ်ကဲ့....မောင်လေးဟမ်ကလည်း အဖေ့နားမှာ အမြဲရှိနေပါတယ်"
ပန်းဟွာ နာခံစွာ ခေါင်းညိတ်လိုက်သည်။
ဧကရီသည် အများအားဖြင့် ရွှင်မြူးတက်ကြွနေသော ကလေးမလေး၏ စိတ်ပျက်အားငယ်နေသည့်အသွင်အပြင်ကို မြင်ရ၍ ကိုယ်ချင်းစာနာစိတ်များဖြစ်သွားသည်။သူမ ပန်းဟွာ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပွတ်သပ်လိုက်ကာ
"စိတ်မပူပါနဲ့၊ဧကရာဇ်နဲ့ ဧကရီ ဒီမှာ ရှိနေပြီပဲ၊ သမီးတို့ကို ဘယ်သူ့ဆီကမှ အမှားလုပ်ခွင့် မပေးပါဘူး၊ လောလောဆယ် ထမင်းအရင်စားပါကွယ်၊မီးဖိုချောင်ကလူတွေကို သမီး စိတ်ကြိုက်ဟင်းချက်ခိုင်းလို့ရတယ်"
ဧကရီသည် ပန်းဟွာ၏ ရိုကျိုးလျက်ရှိသော အသွင်အပြင်လေးကို တစိမ့်စိမ့်ကြည့်ပြီး သူမ၏ ချောမွေ့နေသည့် နဖူးကို ထိလိုက်သည်။
"သွားကြရအောင်၊ ထမင်းစားပြီးရင် လုပ်ကြံသူတွေကို ရင်ဆိုင်ဖို့ ခွန်အားတွေ ရလာပါလိမ့်မယ်"
"ဟုတ်ကဲ့..."
ပန်းဟွာက လေးနက်စွာ ခေါင်းညိတ်ပြပြီး ဧကရီဘေးတွင် ဝင်ထိုင်လိုက်သည်။ဧကရီက လွတ်နေသည့် ထိုင်ခုံနှစ်ခုကို ညွှန်ပြပြီး အိမ်ရှေ့စံမင်းသမီးနှင့် ရှဲ့ဝမ်ယွီကို ပြော၏။
"ဒီက သမီးတို့ကလည်း ဧကရီ့ကို ဘာမှလုပ်ပေးစရာမလိုပါဘူး၊ဒီမှာထိုင်ပြီး မုန့်တွေစားပါကွယ်"
"ကျေးဇူးတင်ပါတယ်"
အိမ်ရှေ့စံမင်းသမီးသည် ပန်းဟွာထက်နိမ့်သည့်ခုံတွင် ထိုင်နေသည်။ ရှဲ့ဝမ်ယွီ သည် အိမ်ရှေ့စံမင်းသမီးထက် နိ့မ်သောခုံတွင် ထိုင်နေသည်။ သို့ဖြစ်၍ ပန်းဟွာသည် အိမ်ရှေ့စံမင်းသမီးထက် ပို၍ ရာထူးကြီးမြင့်ဟန်ဖြစ်နေလေသည်။
ရှဲ့ဝမ်ယွီကတော့ ထိုနေရာထိုင်ခင်းများအား ဂရုမစိုက်ချေ။ အိမ်ရှေ့စံမင်းသမီး စိတ်ဆိုးနေသည်ကို တွေ့ရ၍ သူမ ဝမ်းသာသည်။ သူမသည် ပန်းမိသားစုကို မုန်းတီးခဲ့ဖူးသည်။ ယခုမူ ရှစ်မိသားစုသည် ပန်းမိသားစုထက်ပင် ပို၍ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ ထို့ကြောင့် ရှစ်မိသားစုနှင့်ယှဉ်လျှင် ပန်းမိသားစုက တော်သေးသည်ဟု ဆိုရမည်။
ထူးထူးခြားခြား စားချင့်စဖွယ် ဟင်းလျာများကို စားပွဲပေါ်တွင် တင်ထားသည်။ အိမ်ရှေ့စံမင်းသမီးသည် ဤဟင်းပွဲများတွင် ဧကရီစားလေ့မရှိသော ဟင်းပွဲပေါင်းများစွာ ပါနေမှန်း သိလိုက်သည်။ထို့အပြင် ဟင်းပွဲအားလုံးကို ပန်းဟွာရှေ့မှာပင် စုပြုံချထား၍ သူမ အစာစားချင်စိတ်ပင် ပျောက်သွားရ၏။သူမ ထမင်းနှင့်ဟင်းများအား တစ်လုတ်၊နှစ်လုတ် ဖြစ်ကတတ်ဆန်း စားပြီးနောက် နောက်ထပ်စားချင်စိတ်မဖြစ်လာတော့ချေ။
ပန်းဟွာသည် အိမ်ရှေ့စံထက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်ငယ်ပါက ဧကရီက ပန်းဟွာအား အိမ်ရှေ့စံနှင့် လက်ထပ်ပေးနိုင်သည်ဟု သူမ တွေးခဲ့ဖူးသည်။ ဧကရီက ပန်းဟွာအား ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် မင်းသမီး အန်လဲ့တမျှ အရေးတယူ အသားပေးလေ့ရှိကြောင်း တွေ့နိုင်၏။
ထမင်းစားပြီးနောက် ဧကရီသည် ပန်းဟွာ မငြိမ်မသက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ပန်းဟွိုက်အတွက် ပန်းဟွာ စိတ်ပူနေမှန်း သူမ သိလိုက်သည်။
"အိမ်ပြန်သွားပြီး သမီးမိဘတွေဆီ ပြန်တော့လေ၊ ဧကရီမှာ စိတ်ငြိမ်ဆေး ရှိတယ်၊ ဆေးတွေလည်း ယူသွားပါ"
ပန်းဟွာ ငြင်းပယ်ချင်သော်လည်း ဧကရီက တားလိုက်သည်။
"သမီး ငြင်းစရာ မလိုဘူး၊ အိမ်ကိုသာ မြန်မြန်ပြန်သွားပါကွယ်"
"ကျေးဇူးတင်ပါတယ် ဧကရီ"
ထို့နောက် ပန်းဟွာသည် ဧကရာဇ်နှင့် ဧကရီထံပါးမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် ဧကရီက ဧကရာဇ်ယွင်ချင်အား ပြောလိုက်သည်။
"သူမက သိပ်ပြီးရိုးသားတာပဲ"
ဧကရာဇ် ယွင်ချင်ကလည်း ခေါင်းညိတ်သည်။
"ဒီကလေးက ဖြူစင်ပြီး ကြင်နာတယ်၊ ဒေါသ နည်းနည်းတော့ ပြင်းထန်တယ်၊ တော်သေးတာက ရုံရှားက စိတ်ရှည်တာပဲ၊ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်မှာသေချာတယ်"
"ဒါအမှန်ပါပဲ၊မြို့တော်တစ်ခုလုံးကိုကြည့်ရင် ချမ်အမ်မြို့စားမင်းက ဟွာဟွာအတွက် အသင့်တော်ဆုံးပါ၊ အရှင်မင်းကြီးက သိပ်အောင်သွယ် တော်တာပဲ၊ မြို့စားမင်းရုံက ကျန်တဲ့နှစ်ယောက်ထက် သိပ်ကိုလိုက်ဖက်ပါတယ်"
ဧကရီ ပြောသည့် ကျန်နှစ်ယောက်ဆိုသည်မှာ ကျောက်မိသားစုက ကောင်လေး မပါဝင်ချေ။ ထိုကျောက်မိသားစုက ကောင်လေးသည် ငယ်ငယ်ကတည်းက သေဆုံးသွားပြီးဖြစ်၍ ထိုကလေး၏ ကောင်းသလား၊ဆိုးသလား မသိရပေ။
ဧကရီဘေးမှာ ထိုင်နေသည့် အိမ်ရှေ့စံမင်းသမီးနှင့် ရှဲ့ဝမ်ယွီ ကြားသောအခါ စိတ်မသက်မသာ ခံစားရ၏။ သို့သော် ဧကရီသည် သူမတို့၏ခံစားချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိချေ။
ယခင်က အိမ်ရှေ့စံမင်းသမီးသည် ညီမဖြစ်သူ ရှစ်ဖေးရှန့်က မြို့စားမင်းရုံကို နှစ်သက်ကြောင်း ကြားသိခဲ့ရ၏။ ဧကရာဇ်သည် ချမ်အမ်မြို့စားမင်းကို တန်ဖိုးထားသလို၊ အိမ်ရှေ့စံကလည်း သူ့ကို သဘောကျနှစ်သက်သည်။ထို့ကြောင့် ညီမဖြစ်သူ ရှစ်ဖေးရှန့်နှင့်မြို့စားမင်းရုံက လိုက်ဖက်သည်ဟု သူမခံစားရသည်။ ထို့ကြောင့် ချမ်အမ်မြို့စားမင်းနှင့် ရှစ်ဖေးရှန့်အား ထိမ်းမြားလက်ထပ်ဖို့ စီစဉ်ရန် သူမကိုယ်တိုင် မိသားစုနှင့် ဆွေးနွေးခဲ့သေးသည်။သို့သော်လည်း ချမ်အမ်မြို့စားမင်းက တုံ့ဆိုင်းမနေဘဲ ချက်ချင်းငြင်းပယ်ခဲ့၏။
သူမ၏အမြင်အရ ပန်းဟွာသည် ရှစ်ဖေးရှန့်နှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ရှစ်ဖေးရှန့်သည် မကြာသေးမီက ကောလဟလများစွာ ထွက်ပေါ်ခဲ့၏။ ဒုတိယမင်းသားနှင့် ရှဲ့ချီလင်းလည်း ကောလဟာလထဲတွင် ပါဝင်နေသည်။
ချမ်အမ်မြို့စားမင်းက သူမကို ငြင်းပယ်ခဲ့တာကြောင့် သူမ ထင်ရာစိုင်းနေတာများလား...
အိမ်ရှေ့စံမင်းသမီးနှင့် ယှဉ်လျှင် ရှဲ့ဝမ်ယွီက ပိုရှက်ရွံ့စိတ်ဖြစ်နေရသည်။ ချမ်အမ်မြို့စားမင်းသည် ပန်းဟွာ၏ ယခင်က စေ့စပ်ထားသူ နှစ်ဦးထက် သာလွန်ကြောင်း ဧကရီက ပြောကြားခဲ့သည်။ ထိုလူနှစ်ယောက်သည် သေချာပေါက် သူမ၏ ဒုတိယအစ်ကိုနှင့် ရှန်းယွီ ဖြစ်သည်။ ညီမတစ်ယောက်အနေနှင့် သူမ အစ်ကိုဖြစ်သူအတွက် ရှက်စိတ်ဝင်နေမိသည်မှာ မမှားချေ။
ဧကရီက သူမရှေ့မှာ ဒီလိုပြောတာဆိုတော့၊ ဧကရီက သူမရဲ့ ဒုတိယအစ်ကို ဒါမှမဟုတ် ရှဲ့မိသားစုကို သဘောမကျဘူးလို့ ဆိုလိုတာလား။
ဧကရာဇ်၏ ချွေးမတော်နှစ်ယောက် ဘယ်လောက်ပဲ စိတ်ပူနေပါစေ၊ပန်းဟွာသည် ဧကရီပေးခဲ့သော ဆေးဖက်ဝင်အပင်များ တစ်ပုံတစ်ပင်နှင့် အိမ်ပြန်လာခဲ့၏။ အိမ်ပြန်ရောက်သောအခါ သူမ၏ အဖေက ခေါက်ဆွဲများအား ခေါင်းမဖော်တမ်း စားနေသည်ကို မြင်လိုက်ရသည်။စားပွဲပေါ်တွင် ခေါက်ဆွဲပန်းကန်လွတ် ဆယ်လုံးနီးပါးရှိသည်။အသက်ဘေးက လွတ်လာ၍ အတိုးချပြီး စားသောက်နေခြင်းလား မသိတော့။
သူမ ပန်းဟမ်ကို တစ်ချက်ကြည့်လိုက်သည်။
ဘာဖြစ်တာလဲ...
ပန်းဟမ်က ယင်းရှစ်ကို မေးငေါ့၍ပြလိုက်၏။ ပန်းဟွာ ချက်ချင်း သဘောပေါက်သွားပြီး ယင်းရှစ်ဆီကို လျှောက်သွားရင်း
"အမေ၊ စားပြီးပြီလား"
"ငါ ဒေါသတွေနဲ့ပြည့်နေတာ၊ ငါ ဘာစားလို့ရမှာလဲ"
တူကိုင်ထားသည့် ပန်းဟွိုက်၏ လက်က ရပ်သွားပြီး တူကိုချဖို့ပြင်လိုက်သည်။
"အစားကို သေချာစားလေ"
ယင်းရှစ်က ပန်းဟွိုက်ကိုကြည့်ရင်း အော်ပြောလိုက်၏။ သူတို့နှစ်ယောက်လုံး စိတ်ဆင်းရဲပြီး ဒေါသထွက်နေကြရသည်။ အကယ်၍ ကံသာမကောင်းပါက၊ ပန်းဟွိုက် ဘယ်လိုမှပြန်မလာနိုင်တော့ဘူးဆိုသည်ကိုတွေးရင်း ယင်းရှစ် ဒေါသများ အလိပ်လိုက်ထွက်နေရပေသည်။
ယင်းရှစ် အလွန်အမင်း ဒေါသထွက်နေသည်ကို မြင်လိုက်ရလျှင် ပန်းဟွိုက် မစားနိုင်တော့ဘဲ လက်ကိုင်ပုဝါကို ထုတ်ကာ ပါးစပ်သုတ်လိုက်သည်။ ထို့နောက် သူက ယင်းရှစ် ဆီကို လျှောက်သွားပြီး
"ကိုယ် နေကောင်းပါတယ်၊ စိတ်မဆိုးပါနဲ့၊ နောက်ရက်အနည်းငယ်ကြာတဲ့အထိ ကိုယ် အပြင်မထွက်တော့ပါဘူးကွာ၊ မင်း စိတ်မပူရတော့ဘူးဆိုတာ သေချာပါတယ်"
"ကျွန်မ တကယ်နားမလည်ဘူး၊ ကျွန်မတို့မိသားစုက နိုင်ငံရေးမှာလည်း ၀င်မစွက်ဖက်ဘူး၊ အာဏာလည်း မလိုချင်ဘူး၊ ဘာလို့ ဒီလူတွေက ကျွန်မတို့ကို ရန်ငြိုးထားနေတာလဲ၊ဒီနှစ်တွေအတွင်း ကျွန်မတို့ ဒုက္ခခံလာရတာ မလုံလောက်သေးဘူးလား"
သူတို့မှာ အာဏာသာ ရှိနေလျှင် တော်ဝင်မိသားစု၏ သံသယစိတ်ကို ဆွဲဆောင်နိုင်မှာပင်။ ယခုတော့ သူတို့သည် အရည်အချင်းမရှိသော မိသားစု ဖြစ်သော်လည်း သူတို့ကို ဆန့်ကျင်ရန် ကြံစည်နေသူများ ရှိနေသေးသည်။သူတို့ ဘာလုပ်သင့်သလဲ။
"အမေ" ပန်းဟမ်က ယင်းရှစ်ရှေ့တွင် လက်ဖက်ရည်ကို ယူလာခဲ့သည်။
"စိတ်မဆိုးပါနဲ့၊ ကျွန်တော်တို့ ဦးနှောက်တွေ သိပ်မကောင်းဘူးဆိုပေမယ့် ကျွန်တော်တို့မိသားစုမှာ ထက်မြက်တဲ့ အနာဂတ် သားမက်တစ်ယောက်ရှိပါသေးတယ်"
ယင်းရှစ် တစ်ခုခုပြောချင်သော်လည်း ပန်းဟွာကိုကြည့်ပြီးနောက် သူမ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
ပန်းဟွာသည် ပန်းဟမ်ကို စိုက်ကြည့်နေလျက်၊
"နင် ရူးနေတာလား၊ဘယ်သားမက်က စည်းစိမ်နဲ့ ဂုဏ်သိက္ခာကို လဲလှယ်ပြီး ငါတို့ဘက်ကို ရပ်တည်မှာလဲ"
"အစ်မ မြို့စားမင်းရုံ ရှေ့မှာ ဒီလိုကြီး ပြောလို့ မရဘူး"
"ငါကလည်း သူ့ရှေ့မှာ မပြောပါဘူး၊ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုကိစ္စတွေကို သူ့ကိုပြောပြဖို့ မသင့်တော်ဘူး"
ပန်းဟမ်က တိုးတိုးလေးပြောသည်။
"တကယ်တော့ မြို့စားမင်းရုံက တော်တော် စိတ်ထားကောင်းတယ်၊ တကယ်လို့ တခြား တစ်ယောက်ကသာ အစ်မ အဲ့ဒီလုပ်ကြံသူတွေကို နှိပ်စက်လိုက်တာကိုသာ မြင်ရင်၊ သူတို့ အရမ်းကြောက်ပြီး အစ်မအကြောင်းကို ပြောတောင်ပြောရဲတော့မှာမဟုတ်ဘူး၊သူက တခြားပညာရှိတွေထက် ပိုလည်းတော်တယ်၊ လုပ်ကြံသူရဲ့ ပုံတူကို ဆွဲဖို့တောင် ကူညီပေးတယ်လေ"
"သူက အသက်ဆယ့်ခုနစ်နှစ်မှာတင် ထိပ်တန်းပညာရှိ ဖြစ်လာခဲ့တာပဲ၊ တခြားသူတွေထက် ဘယ်လိုလုပ် မတော်ဘဲနေမလဲ"
ပန်းဟွိုက် ထိုသို့ပြောပြီး သူ့သားကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။
"မင်းကိုကြည့်စမ်း၊ စာမေးပွဲတောင် မဖြေနိုင်ဘူး"
“အဖေကလည်းဗျာ၊ကိုယ့်သားကို ဘာပြောလိုက်တာလဲ…"
မသိရင် အဖေလည်း စာမေးပွဲ အောင်တာကျလို့.....
သို့သော် ပန်းဟမ် ကျန်စကားများကိုမပြောရဲ။ ပြောသာပြောပါက ဘိုးဘေးများ၏ အထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ သူ တစ်နေကုန် ဒူးထောက်ပြီး အပြစ်ပေးခံရလိမ့်မည်။
သားအဖများ စကားနိုင်လုကြပြီးနောက် ယင်းရှစ်လည်း စိတ်ပြန်လည်တည်ငြိမ်လာသည်။
"လောလောဆယ် ကျွန်မတို့မိသားစုလေးယောက် အပြင်ထွက်တာ လျှော့သင့်တယ်၊လူဆိုးတွေက ကျွန်မတို့ကိုအခွင့်ကောင်းယူမှာစိုးတယ်၊ ရှင်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ဘယ်လိုလုပ်မလဲ"
ပန်းဟွိုက် ခဏလောက် စဉ်းစားလိုက်ကာ
"ကိုယ်တို့ ဒီနေ့တော့ အပြင်မထွက်ဘဲ နေမယ်လေ၊မနက်ဖြန်ကျရင် အစောင့်တွေကိုပါ ခေါ်သွားပြီး ရေပူစမ်း ဗီလာမှာ ရက်အနည်းငယ်လောက် နေလိုက်မယ်"
ယင်းရှစ် ခေါင်းညိတ်လိုက်သည်။
"ဗီလာကို သွားတာ ကောင်းပါတယ်၊ ဒါပေမယ့် အစောင့်တွေ ထပ်ခေါ်ရဦးမယ်၊ဒါဆို လူတွေကို ကျွန်မ စီစဉ်လိုက်မယ်"
"သခင်ကြီးနဲ့ သခင်မကြီး....ချမ်အမ်မြို့စားမင်းက တွေ့ခွင့်တောင်းဆိုနေပါတယ်"
"သူ့ကို မြန်မြန်ခေါ်လိုက်ပါ"
ပန်းဟွိုက်က အစေခံများအား စားပွဲပေါ်မှ ပန်းကန်များအား ဖယ်ခိုင်းလိုက်ဟည်။ ထို့နောက် သူ့အဝတ်အစားများကိုသချာသပ်ရပ်အောင် ပြုပြင်ဆွဲဆန့်ကာ စားပွဲခေါင်းရင်းပိုင်းတွင် အကျအနထိုင်လိုက်သည်။
ရုံရှားသည် ပန်းမိသားစု၏ ခြံဝင်းထဲသို့ လျှောက်လာရင်း စားစရာဟင်းပွဲများ သယ်လာသော အစေခံ ပေါင်းများစွာက သူ့အား ကမန်းကတန်း ရှောင်နေသည်ကို တွေ့လိုက်ရ၏။
"ကျေးဇူးပြုပြီး ဒီကိုလာပါ"
အိမ်တော်ထိန်းက သူ့ကို ဒုတိယတံခါးတစ်ခုဆီ ခေါ်သွားမည်ပြု၍ သူ တုံ့ဆိုင်းသွားသည်။
"ဧည့်ခန်းဆောင်က ဒုတိယ တံခါးထဲမှာလား"
"မြို့စားမင်း၊စိတ်မပူပါနဲ့၊ ကျွန်တော်တို့ရဲ့သခင်ကြီးနဲ့သခင်မ နှစ်ယောက်လုံးက အဲ့ဒီဧည့်ခန်းဆောင်မှာ ရှိပါတယ်၊ အိမ်မှာ တခြားမိန်းကလေးတွေလည်း မရှိပါဘူး၊မြို့စားမင်းကလည်း ဒီအိမ်တော်ရဲ့ မိသားစုဝင်ပဲဆိုတော့ ဓလေ့ထုံးစံတွေကို အာရုံစိုက်နေစရာ မလိုပါဘူး"
ရုံရှားသည် ရာဇ၀တ်ကောင်များကိုဖမ်းရန် ပုံတူများဆွဲ၍ ကူညီခဲ့ပုံကို အိမ်တော်ထိန်း ကြားသိထားပြီးဖြစ်သည်။ ထို့ကြောင့် ရုံရှားကို သူ ပို၍ကြည်ညိုလေးစားမိသည်။
ရှန်းယွီဘက်မှစ၍ စေ့စပ်ကြောင်းလမ်းခြင်း ပြတ်စဲပြီးကတည်းက ပန်းမိသားစု၏ အစေခံများသည် ပညာရှင်များအပေါ် မလိုမုန်းထားမှုများ ရှိခဲ့သည်။ ကံကောင်းထောက်မစွာ၊ ရုံရှား ၏ လုပ်ရပ်များသည် ပန်းမိသားစု၏ကျေးကျွန်များအား ပညာရှိများအပေါ် အထင်ကြီးလေးစားမှုကို ထပ်မံရရှိစေခဲ့သည်။
ပန်းမိသားစု၏ ဒုတိယတံခါးအတွင်းမှ ရှုခင်းသည် ရုံရှား စိတ်ကူးထားသည်ထက် ပိုမိုနွေးထွေးသည်။ တခြားမိသားစုများလောက် သပ်သပ်ရပ်ရပ်ဖြစ်ကာ သားနားမနေပေ။သို့သော် ပိုမိုအသက်ဝင်သည်။တစ်ချက်ကြည့်လိုက်သည်နှင့် ဤမိသားစုသည် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ကိုသာ အာရုံစိုက်ထားမှန်း သိသာလှပေ၏။
xxxxx