Chapter. 86
ခြံဝင်းထဲကို ထပ်လျှောက်လာလေလေ၊ တခြားသူများ၏အိမ်မှာ မရှိနိုင်သော အရာများကို ပိုမြင်ရလာလေလေပင်။
ပျော့ပျောင်းသော ကူရှင်များ၊ ကြိုးပုခက်များ၊ ကူရှင်တပ်ကုလားထိုင်များနှင့် စားပွဲပေါ်ရှိ လတ်ဆတ်သော သစ်သီးများလည်း တွေ့ရသည်။ အထင်ရှားဆုံးအရာမှာ ခြံဝင်းအလယ်ရှိ စင်မြင့်တစ်ခုဖြစ်သည်။
"အိမ်တော်ထဲမှာ အဆိုတော်နဲ့ ပုံပြင်ပြောသူလည်း ရှိပါတယ်၊ တစ်ခါတလေ သခင်မကြီးနဲ့ ကျွင်းကျူးက သူတို့ကို ဖျော်ဖြေခွင့်ပေးပါတယ်"
အိမ်တော်ထိန်းက ရုံရှား၏ အကြည့်ကို သတိပြုမိကာ ပြောပြသည်။
ရုံရှားက ခေါင်းညိတ်အသိအမှတ်ပြုပြီး
"အရမ်းကောင်းတယ်၊ ငါပြန်သွားတဲ့အခါ ခြံဝင်းထဲမှာ ဇာတ်ခုံတစ်ခုလောက် ဆောက်ခိုင်းဦးမယ်"
အိမ်တော်ထိန်းက ပြုံးပြီး ဘာမှပြန်မပြောချေ။ သူ့လို အစေခံတစ်ယောက်အနေဖြင့် မပြောသင့်သော အရာများစွာရှိသည်။ အများအားဖြင့် အိမ်ပိုင်ရှင်သခင်များသည် ဧည့်သည်လာသောအခါ အစေခံများကို အနားမှာမရှိစေချင်ကြချေ။သူလည်း ရုံရှားကို အတွင်းခန်းထဲသို့ ခေါ်သွားကာ ကျောက်လှေကားထစ်ပေါ်တွင် ရပ်လိုက်သည်။
"ချမ်အမ်မြို့စားမင်း ရောက်ရှိလာပါတယ်"
ရုံရှားသည် အခန်းဝ,မှာ ချိတ်ထားသည့် ကမ္ဗည်းပြားကို မော့ကြည့်လိုက်သည်။ "ကျက်သရေမင်္ဂလာ" ဟူသော စကားလုံးကို ၎င်းပေါ်တွင် ရေးထားသည်။ လက်ရေးက မိန်းကလေး လက်ရေးလို အနုစိတ်လျက်ရှိသည်။
"ကျေးဇူးပြုပြီး ဝင်ပါ"
ပန်းဟွိုက်၏ အသံသည် အတွင်းမှ ထွက်ပေါ်လာ၍ ရုံရှား အင်္ကျီကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ဝင်လိုက်သည်။
"ကျွန်တော် ဦးရီးတော်နဲ့ အရီးတော်ကို နှုတ်ဆက်ပါတယ်"
ရုံရှားက လူကြီးနှစ်ယောက်ကို ဦးညွှတ်ပြရင်း ပန်းဟွာ သူ့အား ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။သူလည်း မကူညီနိုင်ဘဲ သူမကို ပြန်ပြုံးပြလိုက်သည်။ပြုံးရယ်ပြီးနောက်မှ သူ အသိပြန်ဝင်လာရသည်။သူ ဒီလိုမျိုး မလုပ်တာ ဘယ်လောက်ကြာပြီလဲ။
"ထိုင်ပါ၊ ငါတို့မိသားစုက ဒီဓလေ့တွေကို ဂရုမစိုက်ပါဘူး"
ရုံရှား အဝတ်အစား မလဲလာမှန်း ပန်းဟွိုက် မြင်လိုက်သည်။သူ စောစောက ဝတ်ထားသည့် အဝတ်အစားပင် ဖြစ်ပေသည်။
"စားပြီးပြီလား"
ပညာရှိတစ်ယောက်၏ စည်းမျဉ်းအရ ဤစကားများက အသုံးမဝင်ဘူးဆိုလျှင်တောင် အိမ်ရှင်များ၏ ဝတ္တရားအရမေးမြန်းရပေသည်။
ရုံရှားက ပန်းဟွိုက်နှင့် ပန်းဟွာကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ကျွန်တော် တရားရုံးချုပ်ကို သွားရတာမလို့ အခုထိ မစားရသေးပါဘူး"
"မင်းလိုလူငယ်လေးက ဘယ်လိုဖြစ်လို့ မစားဘဲ နေရမှာလဲ"
ပန်းဟွိုက် ပြောရင်း အစေခံများအားထမင်းဟင်း ချက်ချင်းပြင်ခိုင်းလိုက်သည်။
"ဦးရီးတော်၊ဘယ်လိုလုပ်ရမလဲ၊ကျွန်တော် မစားတော့ပါဘူး"
"ငါတို့မိသားစုက အဲဒီအသုံးမဝင်တဲ့ စည်းကမ်းတွေကို မလိုက်နာဘူးလို့ ငါပြောတယ် မဟုတ်လား၊မင်းဗိုက်ဆာရင် စားရမယ်၊ရေငတ်ရင် သောက်ရမယ်၊ ဘယ်လောက်ပဲ တာဝန်တွေပြောပြော ကျန်းမာရေးကိုမပေါ့ဆရဘူး၊ ငါတို့မိသားစုလည်း ထမင်းကောင်းကောင်း မစားဖြစ်တာကြာပြီ၊ လာ မင်း ငါတို့နဲ့လိုက်ခဲ့"
တစ်နာရီကြာပြီးနောက် ပန်းကန်လုံးအနည်းငယ်နှင့် သက်သတ်လွတ် ခေါက်ဆွဲပူပူနွေးနွေးများ၊ အရံဟင်းအမယ်အစုံ စားပွဲပေါ်ရောက်လာရသည်။
ရုံရှားသည် အစားအသောက်နှင့်ပတ်သက်ပြီး အထူးတလည် ချေးမများသော်လည်း အကောင်းကိုတော့ ကြိုက်သည်။သူ တခြားသူများနှင့် ကောင်းကောင်းထိုင်မစားရသည်မှာ ကြာပေပြီ။သူသည် ခေါက်ဆွဲတစ်ပန်းကန်ကို စားနေစဉ် စကားမပြောရန် စည်းကမ်းကိုပင် ဂရုမစိုက်ဘဲ ထမင်းစားနေရင်း စကားများပင် ပြောမိသေးသည်။
"အစ်မ၊ ဘာလို့ နည်းနည်းစားနေတာလဲ၊ နန်းတော်မှာ စားလာလို့လား"
ပန်းဟမ်သည် ရုံရှား နှင့် ခွဲကာ ပန်းဟွာဘေးတွင် ထိုင်နေခြင်းဖြစ်သည်။
ပန်းဟွာက ခေါင်းညိတ်လိုက်ကာ
"ငါက ပျင်းလို့သာ ဒီတိုင်းလိုက်စားပေးတာ၊စားချင်စိတ်ရယ်လို့ မရှိပါဘူး...." တစ်ဖန် သူမ ခေါင်းမော့ပြီး ရုံရှားကို ကြည့်လိုက်သည်။
"ရှင် တရားရုံးချုပ်ကို သွားခဲ့တာလား"
"ဟုတ်တယ်၊ တရားရုံးချုပ်က လူတွေနဲ့ အဆက်အသွယ်ရှိတယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့နဲ့ စကားနည်းနည်းပြောခဲ့တာပါ၊မင်းရော နန်းတော်ကို ချောချောမောမော ရောက်သွားရဲ့လား"
"ဧကရာဇ်နဲ့ ဧကရီတို့ နှစ်ယောက်စလုံးက ဒီကိစ္စကို သေသေချာချာ စုံစမ်း စစ်ဆေးမယ်လို့ ပြောပါတယ်"
ရုံရှား ရယ်မောလိုက်သည်။
"ဟွာဟွာကသာ အရမ်းအစွမ်းထက်တယ်ဆိုတာ ကိုယ်သိရင် တရားရုံးချုပ်ကို အရင်သွားခဲ့မှာမဟုတ်ဘူး"
"ဒါကတော့ အဆင်ပြေပါတယ်၊ အကြံနှစ်ခုကြံတော့ ပိုအောင်မြင်တာပေါ့"
ရုံရှားက သူမ၏အဖေကို စိတ်ပူနေသည်ကို မြင်ရ၍၊ပန်းဟွာ စေတနာတရားများထက်သန်လာကာ သူ့ရှေ့သို့ အရံဟင်းလျာများကို တွန်းပို့လိုက်သည်။
"ဒီမှာ၊ ဒါက ရှင့်အတွက်"
"ကျေးဇူးတင်ပါတယ်"
နှစ်ယောက်ကြားတွင် ထိုင်နေသော ပန်းဟမ် ဟိုကြည့်သည်ကြည့်နှင့် စကားမပြောနိုင်တော့။ဤအခိုက်အတန့်တွင် သူသည် ကိန္နရီနှင့်ကိန္နရာကို ပိုင်းခြားထားသည့် ချောင်းကြီးတစ်ခုကဲ့သို့ ခံစားရသည်။
ထမင်းစားပြီးနောက် ပန်းမိသားစုဝင်လေးဦးသည် ပျော့ပျောင်းသောကုလားထိုင်များပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်ကြသည်။ရုံရှား သည်ပင် သူတို့နှင့်အတူ ထိုင်လုနီးပါးဖြစ်သွားရသည်။ ကံကောင်းထောက်မစွာပင်၊ နှစ်ပေါင်းများစွာ အရိုးစွဲလာသော သူ၏နေထိုင်မှုအလေ့အထများက သူ့အား အချိန်မီတားဆီးခဲ့သည်။ သူ မထိုင်ဖြစ်ဘဲ ကျက်သရေရှိသော လူကြီးလူကောင်း လို ကိုယ်ဟန်အနေအထားကို မတ်မတ်ထားလိုက်သည်။
အမှုက ယခုမှဖြစ်ပြီးကာစဖြစ်၍ လူသတ်သမားက ဘယ်သူမှန်း သူ ခန့်မှန်း၍မရချေ။ ပန်းဟွိုက်ကို လုပ်ကြံသူသည် ကျောက်ကျားကို လုပ်ကြံသူနှင့် အတူတူပင်ဖြစ်မည်ဟု ယခင်က သူ မှန်းဆခဲ့သည်။သို့သော် သူ ထိုအတွေးကို အမြန်ပယ်ချလိုက်သည်။ကျောက်ကျားကို လုပ်ကြံသတ်ဖြတ်ခဲ့သော လုပ်ကြံသူသည် အလွန်ကျွမ်းကျင်သည်။ လူသတ်လက်နက်ကိုပင် အထူးရွေးချယ်ပြီး နိုင်ငံခြားသားများ အသုံးများသည့် ပစ္စည်းမျိုး သုံးထားတာပင်။ထိုသို့ သုံးရခြင်း၏ ပထမအချက်မှာ တရားခံအား ခြေရာခံ၍မရအောင် တားဆီးရန်ဖြစ်သည်။ ဒုတိယအချက်မှာ ဧကရာဇ်ကိုယ်တိုင် ဝင်၍မစုံစမ်းရအောင် ဖြစ်သည်။
အိုက်ပိုသည် သေးငယ်သောတိုင်းပြည်ဖြစ်သော်လည်း တယဲ့နှင့် ဆက်စပ်နေရာများစွာရှိသည်။ ဤကိစ္စကို အလွန်အမင်း စုံစမ်းမည်ဆိုလျှင် တယဲ့၏ တည်ငြိမ်မှုကို ကြီးကြီးမားမား ထိခိုက်စေပါလိမ့်မည်။တယဲ့၏ စစ်တပ်သည် ယခင်ကလောက် အင်အားမတောင့်တော့ပေ။ နိုင်ငံအများအပြားသည် တယဲ့ကို တိုက်ဖျက်ရန် အင်အားစုများ ပေါင်းစည်းမည်ဆိုပါက တယဲ့မှ အနိုင်ယူဖို့ဆိုသည်က ပြောရခက်သည်။အောင်ပွဲရခဲ့သော်ငြားလည်း အကြိတ်အနယ်တိုက်မှသာ အောင်ပွဲခံရပေလိမ့်မည်။ ထို့ကြောင့် ဧကရာဇ်သည် စစ်မတိုက်ဝံ့ပေ။
ယခုတစ်ကြိမ်တွင် ပန်းဟွိုက်ကို လုပ်ကြံသတ်ဖြတ်ခဲ့သော လုပ်ကြံသတ်ဖြတ်သူများသည် ကွဲပြားသည်။ သူတို့အားလုံးက လူမြင်ကွင်းမှာ မမြင်နိုင်သောသူများပင်။အများအားဖြင့်၊ သူတို့သည် လျှို့ဝှက်စွာ လှုပ်ရှားတတ်ကြသည်။လုပ်ကိုင်စားသောက်၍မရသောကြောင့် ပိုက်ဆံရဖို့ စွန့်စားခဲ့ကြသည်။လူသတ်ဖို့ သူတို့ တီထွင်ထားသည့်နည်းလမ်းက အတော်လေး ပေါသွပ်သွပ်နိုင်သည်။ အကြံအစည်ကြီးကြီး ကြံစည်သူတိုင်းသည် ဤကဲ့သို့သော ပေါကြောင်ကြောင် လုပ်ကြံသမားများကို အသုံးမပြုကြပေ။
ကျောက်ကျား၏ အမှုသည် အမျိုးသားရေးကိစ္စနှင့် ပတ်သက်နိုင်သော်လည်း ပန်းဟွိုက်၏အမှုသည် သီးသန့်အာဃာတရန်ငြိုးကိစ္စမျိုး ဖြစ်ဖွယ်ရှိသည်။
ပန်းဟွိုက်က ဘယ်လိုလူမှန်း ရုံရှား သိပြီးသားပင်။ သူသည် ပျင်းရိပြီး မတိုးတက်ချင်သူဖြစ်သော်လည်း လိမ္မာပါးနပ်သူဖြစ်ပြီး အလွန်ထင်ရှားသည့်အင်္ဂါရပ်တစ်ခုလည်း ရှိ၏။၎င်းက သူ မလုပ်သင့်သည့်အရာကို တစ်ခါမှမလုပ်ဖူးခြင်းပင်။ သူသည် သနားကြင်နာတတ်သူမဟုတ်သော်လည်း မကောင်းမှုတစ်ခုကို တစ်ခါမျှ မလုပ်ဖူးပေ။ သူသည် ပြည့်တန်ဆာများနှင့်ပင် တစ်ခါမှ ပျော်ပါးဖူးသူမဟုတ်။
တကယ်တော့ ပန်းဟွိုက်လိုလူမျိုးက ပြည့်တန်ဆာများနှင့် တစ်ခါမှ မပျော်ပါးဖူးမှန်း သိလိုက်သောအခါ ရုံရှား မယုံနိုင်အောင်ဖြစ်သွားရ၏။တယဲ့တိုင်းပြည်၏ နာမည်ကြီးပေါ်ကြော့လူချမ်းသာ တစ်ယောက်က ပြည့်တန်ဆာအိမ်များ၊ လောင်းကစားအိမ်များသို့ မရောက်ဖူးသလို၊အရက်လည်း မသောက်ဘူးဆိုတော့ ဘာလို့ သူ့လိုလူမျိုးကို လူ့ပေါ်ကြော့လို့ ခေါ်ရတာလဲ...
ရုံရှား နားမလည်နိုင်။တော်ဝင်မင်းသမီးကို သွားတွေ့ပြီးမှ အရာအားလုံးကို နားလည်သွားခဲ့သည်။
ဧကရာဇ်နှင့် နီးကပ်စွာအတူရှိရခြင်းသည် ကျားတစ်ကောင်နှင့် အတူနေရခြင်းနှင့် တူသည်။ သို့သော် ပန်းမိသားစုက ငြိမ်းချမ်းသည့်ဘဝကိုသာ လိုချင်သူများပင်။
ပန်းမိသားစုသည် နွေးထွေးဖော်ရွေလွန်းလှသည်။ရုံရှားသည် ပန်းမိသားစုနှင့် တစ်နေကုန်လုံး အချိန်ကုန်သွားမှန်းမသိလိုက်ဘဲ နေဖြစ်ခဲ့သည်။ ပန်းမိသားစုနှင့်အတူ ညစာစားပြီးနောက်မှ သူထကာ နှုတ်ဆက်လေသည်။
သူ တံခါးဆီကို သွားနေရင်း ပန်းဟွာက သူ့နောက်မှ လိုက်နေသည်ကို တွေ့လိုက်ရသည်။
"ခဏစောင့်ပါဦး"
သူနှင့်အတူ အစောင့်အနည်းငယ်သာ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရ၍ ပန်းဟွာက "ပန်းမိသားစုကို ဘယ်သူက ကြံစည်နေတာလဲ မသိဘူး၊ သူဘာလုပ်ချင်မှန်း မသိရဘူး၊ရှင်က ကျွန်မနဲ့ စေ့စပ်ထားပြီးပြီမို့ ရှင်လည်း သတိထားရမယ်"
ပန်းဟွာသည် ဤအကြောင်းပြောဖို့ သူ့နောက်ကို လိုက်လာလိမ့်မည်ဟု ရုံရှား မမျှော်လင့်ထားချေ။ သူက ခေါင်းတညိတ်ညိတ်နှင့် “ကောင်းပါပြီ"
ပန်းဟွာ ပြုံးပြီး လက်ခုပ်တီးလိုက်ရာ အစောင့်လေးယောက် အနောက်ကနေ ထွက်လာသည်။
"ဒီလေးယောက်ကို ကျွန်မ အဖိုးက ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ၊ လမ်းက အမှောင်ထဲမှာ ဆိုတော့ သိပ်အန္တရာယ်များတယ်၊ ရှင် ခေါ်သွားလိုက်ပါ"
ရုံရှားသည် ပန်းဟွာနောက်မှ အစောင့်လေးယောက်ကို ကြည့်လိုက်သည်။ သူတို့လေးယောက်စလုံး အသက် 25 နှစ် 26 နှစ် အရွယ်များပင်။ငယ်စဉ်ကတည်းက ကိုယ်ရံတော်အစောင့်များအဖြစ် လေ့ကျင့်သင်ကြားခဲ့ကြရသောကြောင့် ပန်းဟွာအပေါ် ထားသည့် သူတို့၏သဘောထားက အလွန်လေးစားစရာကောင်းသည်။ ကျင့်ထင် နယ်စားမင်းဟောင်းသည် ၎င်းကို စဉ်းစားထားပြီးသားဖြစ်သဖြင့် သူ၏သားစဉ်မြေးဆက်များအတွက် ဤသစ္စာစောင့်သိသော အစောင့်များကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
သူ ခေါင်းညိတ်ပြီး ပန်းဟွာ၏ စေတနာကို မငြင်းပယ်ရက်ပေ။
"လမ်းမှာ သတိထားပါနော်"
"ကောင်းပါပြီ၊ စိတ်မပူပါနဲ့.."
ရုံရှားသည် ရုတ်တရက် ခေါင်းငုံ့ကာ သူမ၏ပခုံးပေါ်ရှိ သစ်ရွက်တစ်ရွက်ကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။
ပန်းဟွာက တောက်ပသော မျက်လုံးအစုံဖြင့် ဘာမှမပြောဘဲ သူ့ကို ကြည့်လိုက်သည်။ထို့နောက် ရုံရှားသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မျက်လုံးများကို ညင်သာစွာ ဖုံးအုပ်လိုက်သည်။
"ဟွာဟွာရဲ့ မျက်လုံးတွေက အရမ်းလှတယ်"
ပန်းဟွာ မျက်တောင်ခတ်လိုက်သည်နှင့် သူမ၏ မျက်တောင်ရှည်များက သူ့လက်ဖဝါးပေါ်တွင် တင်ကျန်ငြိတွယ်သွားရသည်။
"ကျွန်မ မျက်လုံးတွေက လှတယ် လို့ ပြောပေမယ့် ရှင်က ကျွန်မ မျက်လုံးတွေကို ဖုံးထားတာပဲ"
ပန်းဟွာက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီးဆွဲဖယ်လိုက်သည်။
"ကျွန်မ မျက်လုံးတွေက ရှင့်ထက်လှလို့ မနာလိုဖြစ်နေတာမလား"
"ဟွာဟွာရဲ့ မျက်လုံးတွေက အရမ်းလှတယ်၊တခြားသူတွေကို မမြင်စေချင်လို့ ကိုယ်က အုပ်ထားတာပါ"
ပန်းဟွာ: ???
ဟင်.... ဘယ်လို ထူးဆန်းတဲ့ စိတ်ကူးကြီးလဲ။
ထို့နောက် သူမကလည်း စိတ်ကူးတစ်ခုရကာ ခြေဖျားထောက်ပြီး ရုံရှား ၏မျက်နှာကို လက်နှင့်အုပ်ထားလိုက်သည်။
"ရှင့်မျက်နှာကလည်း အရမ်းလှတယ်နော်၊ဒီတော့ ကျွန်မလည်း ရှင့်မျက်နှာကို ဖုံးထားမယ်"
ရုံရှား ရယ်မောလိုက်ရာ သူ့နှာခေါင်းဖျားမှ လေပူများက ပန်းဟွာ၏ လက်ဖဝါးဆီသို့ ပြေးကပ်လာသည်။ သူမလည်း လက်ဖဝါး အနည်းငယ် ယားယံလာသည်ကို ခံစားလိုက်ရ၍ ရုံရှား၏ နှာခေါင်းကို ဆွဲညှစ်၍ပိတ်ထားလိုက်သည်။ထိုအခါမှ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ၊နှာခေါင်းပိတ်ထားပါက ထင်သလောက် မချောမောတော့ကြောင်း သိလာရသည်။
"ဟီးဟီး ဝက်နှာခေါင်းကြီး"
သူမ သူ့နှာခေါင်းကို အကြိမ်အနည်းငယ် ညှစ်ပစ်လိုက်သည်။ ချောမောလှပသော ယောကျာ်းတစ်ယောက်၏ နူးညံ့သိမ်မွေ့သော အသားအရေကို အပြည့်အဝ ခံစားပြီးနောက်မှ သူမ လက်ကို ကျေနပ်စွာ ဆုတ်ခွာသွားခဲ့သည်။
"ဟွာဟွာ" ရုံရှားသည် မက်မွန်ပွင့်လိုလှပသော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။
"ဒီအပြုအမူက ကိုယ့်ကို ရင်ခုန်စေအောင် ပရောပရည်လုပ်နေတာလား"
ပန်းဟွာ မျက်နှာလွှဲလိုက်ပြီး
"ကျွန်မနဲ့ စေ့စပ်ထားသူရဲ့နှာခေါင်းကို ထိလိုက်တာက ဘယ်လိုများ ပရောပရီလုပ်တယ် ဖြစ်ရတာလဲ"
"ဟုတ်လား"
ရုံရှား သူ့နှာသီးဖျားကို ညင်သာစွာ ကုတ်လိုက်ရင်း ပြုံးနေတော့သည်။
"မင်းက ကိုယ့်ကိုထိလိုက်တာ ဆိုတော့ မင်း ကိုယ့်ကိုပိုင်သွားပြီ၊ ကိုယ့်ကိုတာဝန်ယူရမှာပေါ့"
ပန်းဟွာသည် ရုံရှား၏ ချစ်စရာကောင်းသော မျက်လုံးများကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ရုံရှား မြင်းပေါ်မတက်မချင်း သူမ အသိစိတ်ပြန်မကပ်နိုင်သေး။ သူမသည် ရုံရှား၏ မျက်လုံးများကို မကြာခဏကြည့်ဖူးသော်လည်း ယခုလောက် လှပသည်ဟု တစ်ခါမျှမခံစားခဲ့ရပေ။
သူ့မျက်လုံးများက နက်မှောင်တောက်ပြောင်နေပြီး သူမ၏ ရောင်ပြန်ပုံရိပ်ကိုပင် အထင်းသား မြင်နေရသည်။သူ ပြုံးလိုက်၍ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားသောအခါ သူမ၏နှလုံးသားတစ်ခုလုံး ခုန်ပေါက်လာတတ်၏။သူ့လို အံ့မခန်းသော အလှတရားရှိသူကို တစ်ချက်ကြည့်မိပါက တခြားယောက်ျားများကို ကြည့်ပင်ကြည့်တတ်တော့မည်မဟုတ်။
အိမ်အပြန်လမ်းတွင် တာဝန်ချိန်ပြီးဆုံးသွားသော ရုံရှားနှင့် ရှစ်ကျင်းတို့ အချင်းချင်း ဆုံဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီးစကားများများစားစား မပြောဖြစ်ဘဲ ဆက်ထွက်ခွာလာကြ၏။
ထိုစဉ် ရှစ်ကျင်းနောက်မှ လိုက်လာသော တော်ဝင်အစောင့်တစ်ဦးက ပြောသည်။ "ချမ်အမ်မြို့စားမင်းရဲ့နောက်လိုက် အစောင့်အကြပ်တွေထဲမှာ တစ်ချို့က ပန်းဟွာကျွင်းကျူးရဲ့ ကိုယ်ရံတော်တွေပါ"
ရှစ်ကျင်း ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့လက်အောက်ငယ်သားကို လှည့်ကြည့်ကာ
"မင်းက ဘယ်လိုသိတာလဲ"
"ပန်းဟွာကျွင်းကျူး က အရမ်းလှတယ်လေ၊ သူမ အပြင်ထွက်ရင် ကျွန်တော်တို့ ညီအစ်ကိုတွေက သူမကို တစ်ချက်လောက် ခိုးကြည့်မိကြတာပါပဲ၊ဒါကြောင့်မို့ သူမရဲ့ ကိုယ်ရံတော်တွေရဲ့ မျက်နှာတွေကို ကျွန်တော်တို့ ရင်းနှီးပြီးသားပါ"
ထိုသို့ပြောပြီးနောက်မှာတော့ ရှစ်ကျင်က သူ့အား အပြစ်ပေးမှာ စိုးရိမ်သည့်အတွက်
"သခင်၊ ကျွန်တော်တို့က သူမကို ကြာကြာကြည့်တာ မဟုတ်ပါဘူး၊မျက်လုံးကို ထိန်းမရဖြစ်သွားတာပါ၊တကယ့်ကို နည်းနည်းလေး၊ နည်းနည်းလေးပဲ ကြည့်မိတာပါ"
"လူတိုင်းက အလှအပကို မြတ်နိုးတာ သဘာဝပါပဲ၊ မင်းကို အပြစ်မတင်ပါဘူး"
ရှစ်ကျင်းသည် အေးစက်သော ညချမ်းလေကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်သည်။
"ပန်းဟွာကျွင်းကျူးက သူ့ကို စိတ်ပူနေတယ်ထင်တယ်၊ ဒါကြောင့် သူ့ကို အိမ်ပြန်ပို့ဖို့ ကိုယ်ရံတော်တွေ ထည့်ပေးတာဖြစ်မယ်"
တော်ဝင်အစောင့်က သူ့မေးစေ့ကို ထိပြီး "ဟင် မိန်းကလေးက ယောက်ျားလေးကို စိတ်မချဖြစ်စရာမလိုပါဘူး၊ ဒါပေမယ့် ချမ်အမ်မြို့စားမင်းက ပန်းဟွာကျွင်းကျူးရဲ့ စေ့စပ်ထားသူဖြစ်ရတာ တကယ်ကို ကံကောင်းပါတယ်"
သူတို့သည် စာပေပညာများကို နားမလည်ကြချေ။သူတို့ထင်မြင်ချက်အရ ပန်းဟွာကျွင်းကျူး သည် အလွန်လှပတာကြောင့် သူမကို လက်ထပ်နိုင်သူတိုင်း ကံကောင်းမည်ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ အရာရှိတစ်ယောက်နှင့် စာပေပညာရှင်တစ်ယောက်၏ အကြိုက်သဘောထားက ကွဲပြားလှပေ၏။
xxxxxx