အပိုင်း၈၇
Viewers 4k


Chapter 87


ပန်းဟွိုက် လုပ်ကြံခံရမှုဖြစ်စဉ်သည် တစ်ရက်အတွင်း မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။ အာဏာလုံးဝမရှိသော ကျောက်ကျားနှင့်နှိုင်းယှဉ်ပါက ပန်းဟွိုက်က အတော်လေး အရေးပေးခံရ၏။သူ့မှာ အာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူ လုပ်ကြံခံရသည့်သတင်းသည် မှူးမတ်များအကြား အထိတ်တလန့်ဖြစ်စေလောက်အောင်ပင် အစွမ်းထက်လှ၏။


ကမ္ဘာပေါ်တွင် သေခြင်းတရားကို မကြောက်သူဟူ၍ မရှိ၊  အထူးသဖြင့် ပြည့်စုံစွာနေလာရသော မှူးမတ်များပင်။


ပန်းမိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော မှူးမတ်အချို့သည် သတင်းမေးရန် လာရောက်ကြသည်။  ပန်းဟွိုက်သည် စိတ်ဓာတ်ကျသောအသွင်အပြင်ဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်သောအခါတွင် အားပေးစကားဆိုကြ၏။အများစုက သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့နှင့် ဘေးဒုက္ခကြီးကနေ လွတ်မြောက်ပြီးဖြစ်၍ ကံကောင်းခြင်းများ ရလာလိမ့်မည်ဟု ဆိုကြသည်။


 တချို့က ရုံရှားလို အမှုကိုလိုက်စုံစမ်း‌ေပးပြီး ရာဇဝတ်ကောင်၏ ပုံတူကိုလည်း ဆွဲပေးသော သားမက်ကောင်း ရှာဖွေထားနိုင်သည့်အတွက် ကြံဖန်ချီးကျူးခဲ့ကြသည်။ သူလုပ်ကြံခံရသည့်ကိစ္စအတွက် ရုံရှားသည် ရာဇဝတ်သား၏ပုံတူကိုဆွဲကာ အလုပ်ကြိုးစားနေခြင်းဖြစ်သည်။ယခုမှပင် ရုံရှားသည် လူပုံများဆွဲ‌လေ့ဆွဲထမရှိသော်လည်း ပုံဆွဲကျွမ်းကြောင်း အားလုံး နားလည်လာကြသည်။အနာဂတ်ယောက္ခမအတွက် ရာဇ၀တ်ကောင်ကို ရှာဖွေနိုင်ရန် ပုံကြိုးစားပမ်းစား ဆွဲပေးသည့်အတွက် ပြောမဆုံးပေါင် ဖြစ်နေကြတော့သည်။ 


စည်းမျဥ်းစည်းကမ်းများ ကောင်းမွန်သော လူကြီးလူကောင်းကို အများက လေးစားသော်လည်း၊ အသက်ကြီးသူများအတွက် စာနာထောက်ထားသော လူငယ်များကိုလည်း တရေးတယူနိုင်လှသည်။ မူလက ပန်းဟွိုက်သည် ပန်းမိသားစုထက် နှိမ့်ချသော သားမက် ရှာထားခြင်းအတွက် သူ့နောက်ကွယ်တွင် လှောင်ပြောင်သူများစွာရှိခဲ့သည်။  


အခုတော့ ဒီသားမက်က ဘန်မိသားစုကို လေးစားရုံမက ပန်းဟွိုက်ကိုပါ သိပ်ပြီး ရိုသေလေးစားမယ်လို့ ဘယ်သူထင်မှာလဲ။  


ရုံရှားသည် ပန်းမိသားစုမှမိန်းကလေးနှင့်တရားဝင် လက်မထပ်ရသေးသော်လည်း ပန်းမိသားစု၏ကိစ္စများကို သူ့ကိုယ်ရေးကိုယ်တာလိုပင် သဘောထားနေပြီဖြစ်သည်။


ယခုတော့ လူတိုင်းက ပန်းဟွိုက်ကို မနာလိုဖြစ်နေကြရပြီ။ ကောင်မလေးရဲ့ မိဘတွေအပေါ် ရိုသေလေးစားတဲ့ သားမက်ကောင်းကို သူရှာတွေ့ခဲ့တာလေ၊ဘယ်လောက်တောင် ကံကောင်းတဲ့ခွေးမျိုးလဲ...ဒါကြောင့် သူ့ကို လုပ်ကြံချင်သူတွေ ရှိခဲ့တာ အံ့ဩစရာ မရှိပါဘူး၊ သူ့ကံက အရမ်းကောင်းနေတော့ လူတွေက သည်းမခံနိုင်တော့တာလေ...


ဧကရာဇ်သည် အမှုကို အမြန်ဆုံး စုံစမ်း စစ်ဆေးရန် တရားရုံးချုပ်ကို အမိန့်တော် နှစ်ကြိမ် ထုတ်ပြန်ခဲ့သည်။  စုံစမ်းစစ်ဆေးရေးတွင် ကူညီပေးရန် တရားရေးဝန်ကြီးဌာနကိုပင် တောင်းဆိုခဲ့သည်။  ယင်းကြောင့် မြို့တော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။  ပန်းမိသားစုသည် ဧကရာဇ်အပေါ် မည်မျှအရေးပါ လွှမ်းမိုးနိုင်ကြောင်းကိုလည်း လူတိုင်းသိမြင်လာရသည်။


ရုံရှား ရေးဆွဲထားသော ပုံတူသည် ရာဇဝတ်ကောင်နှင့် အလွန်နီးကပ်စွာ တူသောကြောင့် ရာဇဝတ်ကောင်၏ ရုပ်ရည်အသွင်အပြင်သည် သာမာန်သာ ဖြစ်သော်လည်း ငွေတုံးငါးဆယ်ဆုငွေ ထုတ်ထားသည့် အတွက် ရာဇ၀တ်ကောင်ကို ရှာဖွေနေသူများလည်း ရှိနေသေးသည်။


ထိုအခါ ရာဇဝတ်ကောင်သည် မင်းသားဟွေ့စံအိမ်၏ ဘဏ္ဍာစိုးများထဲမှ တစ်ဦးဖြစ်သည်ကို သိလာရသည်။  သို့သော်လည်း မင်းသားဟွေ့နှင့် သူ၏ ကြင်ယာတော် မီးလျှံထဲတွင် သေဆုံးသွားပြီး အမွေဆက်ခံသူ နှင့် ခန်းနင်ကျွင်းကျူးတို့အား နန်းတော်သို့ ခေါ်ထားချိန်မှစ၍ မင်းသားဟွေ့ စံအိမ်ရှိ ကျွန်အများအပြားကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။


သို့သော်လည်း မီးလောင်မှုမှာ သေဆုံးသွားသင့်သည့် ထိုဘဏ္ဍာစိုးက ကျင့်ထင်ကောကုန်းကို သတ်ဖို့ကြိုးစားခြင်းပင်။ ဤနောက်ကွယ်မှာ ပူးပေါင်းကြံစည်သူ မရှိမှန်း ဘယ်သူမဆိုသိပေသည်။


 ကံမကောင်းစွာပင်၊ နန်းတော်မှာနေထိုင်ကြသာ ကျန်းခန်းနင် နှင့် ကျန်းယွီချမ်တို့သည် ဤအဖြစ်အပျက်အပြီးမှာ နန်းတော်မှာ ပို၍ အနေကျဉ်းကြပ်လာတော့သည်။


မင်းသားဟွေ့သည် တော်ဝင်မင်းသမီး လုပ်ကြံခံရမှုနောက်ကွယ်တွင် ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ သို့သော်လည်း မင်းသားဟွေ့သည် မီးထဲတွင် သေဆုံးသွားခဲ့ပြီးဖြစ်၍ ဧကရာဇ်သည် ဤကိစ္စကို တစ်ခါမျှ ထုတ်မပြောခဲ့ပေ။ထို့ကြောင့်  သံသယရှိလျှင်ပင် ထိုကိစ္စကို ကျယ်လောင်စွာ မပြောဝံ့ကြပေ။


ယခုမူကား မင်းသားဟွေ့စံအိမ်၏ လက်အောက်ငယ်သားဟောင်းများသည် ကောကုန်းကျင့်ထင်ကို လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိနေကြသည်။ ဘာအကြောင်းကြောင့်လဲ။


အကြောင်းပြချက်တစ်ခုတည်းသာရှိနိုင်သည်၊ ယင်းမှာ မင်းသားဟွေ့၏ လက်အောက်ငယ်သားဟောင်းများသည် ဧကရာဇ်ကို လုပ်ကြံမည့် အကြံအစည်အား ပျက်ပြားစေသည့် တော်ဝင်မင်းသမီးကို မုန်းတီးခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း တော်ဝင်မင်းသမီးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်၍ သူတို့လက်စားချေနိုင်သည့် တစ်ဦးတည်းသောလူမှာ တော်ဝင်မင်းသမီး၏သားတော် ကောကုန်းကျင့်ထင်ဖြစ်သည်။


တခြားလူများသည် ပန်းမိသားစုကို ဂရုဏာသက်လာကြသည်။ဧကရာဇ်ကို ကယ်တင်ရန် သူတို့၏ အကြီးမားဆုံး ကျောထောက်နောက်ခံ ကွယ်လွန်သွားခဲ့ရသည်။ယခုအခါလည်း နောက်ကွယ်မှ ကြိုးကိုင်သူသည် ပန်းမိသားစုကို မုန်းတီးသွားခဲ့သည်။ ဘယ်လောက်တောင် ကံမကောင်းလိုက်သလဲ။


နောက်တစ်နေ့တွင် အရာရှိများသည် မင်းသားဟွေ့၏ လက်အောက်ငယ်သားဖြစ်သူ၏ ရုပ်အလောင်းကို ပျက်စီးနေသော ဘုရားကျောင်းတစ်ခုတွင် တွေ့ရှိခဲ့သည်။ သေသေချာချာ စစ်ဆေးပြီးနောက် ဘဏ္ဍာစိုးသည် အနည်းဆုံး နာရီနှစ်ဆယ်အကြာက သေဆုံးသွားခဲ့ကြောင်း တွေ့ရှိခဲ့သည်။


နောက်ကွယ်က ကြိုးကိုင်သူသည် သူ၏ အောက်လက်ငယ်သားများကြောင့် အချက်အလက်တစ်ခုခု ပေါက်ကြားမည်စိုး၍ နှုတ်ပိတ်ခြင်းပင်။ 


 ထို့နောက် စစ်ဆေးသူသည် ဘဏ္ဍာစိုး၏ပါးစပ်ထဲတွင် ပုလဲတစ်လုံးကို တွေ့ရှိခဲ့သည်။ပုလဲသည် အရည်အသွေးကောင်းမွန်ပြီး ၎င်းကို အမျိုးသမီးများအဝတ်အစား သို့မဟုတ် ဖိနပ်များတွင်သာ တပ်ဆင်အသုံးပြုပုံရသည်။


ဘဏ္ဍာစိုးက ပုလဲကို သွားပိုးပေါက်ထဲမှာ ဝှက်ထားခဲ့သည်။ ဂရုတစိုက်မကြည့်လျှင် သူ့ပါးစပ်ထဲမှာ ပုလဲရှိနေမှန်း ဘယ်သူမှသိမှာမဟုတ်။ သူ သေရတာက မတရားသတ်ခံရတာဖြစ်လို့ သဲလွန်စအနေနဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ တမင်ချန်ထားခဲ့တာ ဖြစ်နိုင်လား။


တရားရုံးချုပ်အရာရှိများ ရုတ်တရက် ခေါင်းကိုက်လာသည်။ ဘယ်လိုဖြစ်ပြီး  အမျိုးသမီးတစ်ယောက်နဲ့ ပတ်သတ်ပြန်တာလဲ....


 သို့သော် ဤပုလဲဖြင့် သူတို့အမှုကို စုံစမ်းရန် သဲလွန်စတစ်ခု ရခဲ့သည်။  ထို့ကြောင့် တရားရုံးချုပ်သည် မြို့တော်ရှိ ပုလဲများ ကုန်သွယ်သည့် လမ်းကြောင်းများအားလုံးကို စုံစမ်းရန် လူများကို စေလွှတ်သည်။ အထူးသဖြင့် မှူးမတ်များကို ပုလဲကုန်သွယ်သည့် လမ်းကြောင်းများ ဖြစ်သည်။


ပညာရှိများသည် လူအများကြားတွင် အမြဲရှိနေသည်ဟု ဆိုရိုးစကားရှိသည်။  ဤပုလဲသည် ပင်လယ်ကမ်းစပ်မှထွက်လာသော ပုလဲအမျိုးအစားဖြစ်ကြောင်း လက်သမားဆရာတစ်ဦးက အသိအမှတ်ပြုခဲ့သည်။အလွန်ရှားပါးသည်။ အရည်အသွေးမြင့် ပုလဲများကို ကုန်သည်များက နန်းတော်သို့ ပို့ခဲ့ကြပြီး အနည်းငယ် ညံ့ဖျင်းသော ပုလဲများကို မှူးမတ်များက ဝယ်ယူခဲ့ကြသည်။ ယခုနှစ်တွင် ဤအရည်အသွေးရှိသော ပုလဲများကို မိသားစုသုံးစုကိုသာ ရောင်းချခဲ့သည်။


ကောကုန်းကျင့်ထင်၊ကျုံးဖျင်နယ်စားမင်းနှင့် ဝန်ကြီးချုပ်ရှစ် မိသားစုတို့ပင်။


တရားရုံးချုပ်မှလူများသည် ကျုံးဖျင်နယ်စားမင်းကို ပထမဆုံးစုံစမ်းစစ်ဆေးပြီးနောက် အဆိုပါပုလဲများကို ဒုတိယမင်းသား၏ ဇနီးဖြစ်သူ၏ ခန်းဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့သည်။


ကောကုန်းကျင့်ထင် အိမ်တော်နှင့်ပတ်သက်ပြီး တရားရုံးချုပ်သည် သွားရောက်မေးမြန်းခဲ့သော်လည်း သူတို့သည် အဆိုပါပုလဲများကို ဝယ်ယူခဲ့ခြင်း ရှိ၊ မရှိကိုပင် မမှတ်မိခဲ့ပေ။အဆုံးတွင်၊ ဤပုလဲသေတ္တာကို ဂိုထောင်စာရင်းထဲတွင် တွေ့ရှိခဲ့သည်။ပန်းမိသားစုသည် ဤပုလဲသေတ္တာကို တစ်ခါမှ မဖွင့်ဖူးဟုဆိုသည်။ 


အကြောင်းမှာ ဧကရီသည် ပိုကောင်းသည့် ပုလဲများကို ပေးသနားလိုက်တာကြောင့် အရည်အသွေးနည်းနည်းညံ့သော ပုလဲများကို မေ့သွားတာကြောင့်ပင်။


တရားရုံးချုပ်အရာရှိများသည် ပန်းမိသားစု၏ အခြေအနေကို နောက်ဆုံးတွင် တွေ့ခဲ့ရသည်။ သူတို့သည် သာမာန်လူများ မတတ်နိုင်သော အရာကိုပင် မေ့လျော့တတ်ကြသည်အထိချမ်းသာကြသည်။ အရည်အသွေးကောင်းသာ အရာများကို သုံးနေကျဖြစ်နေကြောင်းမှာ ထင်ရှားသည်။


 "ကောကုန်းကျင့်ထင် အိမ်တော်က လူတွေကို မနာလိုဖြစ်လောက်အောင် ချမ်းသာတာပဲ" 


တရားရုံးချုပ် အရာရှိတစ်ဦးသည် ပန်းမိသားစု၏ တံခါးမှ ထွက်လာပြီး လျှိုပန်းရှန် နောက်သို့ လိုက်သွားခဲ့သည်။


 "သူတို့အိမ်မှာရှိတဲ့ ပန်းအိုးတွေမှာတောင် အဖိုးတန်ကျောက်တွေနဲ့ မြှုပ်ထားတယ်၊ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ အိမ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"


သူ့မှာ သမီးမရှိခြင်းကပင် နှမြောစရာကောင်းနေသည်။မဟုတ်လျှင် ပန်းမိသားစုဝင်နှင့် လက်ထပ်ပေးနိုင်၏။


"ငါလည်း အရင်က မြင်ဖူးတယ်" လျှိုပန်းရှန်သည် တစ်ခုခုကို တွေးနေပုံရသည်။ သူက ပြုံးပြီး "ပန်းမိသားစုက နှစ်ရာနဲ့ချီပြီး ချမ်းသာတဲ့ မိသားစုတစ်ခုပါ၊ သူတို့အိမ်မှာ သိပ်ကောင်းတဲ့ပစ္စည်းတွေ ရှိနေတာ မထူးဆန်းပါဘူး"


 "ဒါပေမယ့် ကမ္ဘာကြီးကို သိမ်းပိုက်ခဲ့တဲ့ ဘိုးဘေးဧကရာဇ် လက်ထက်တုန်းက သူတို့သိပ်ပြီး ကံဆိုးခဲ့ကြတာမဟုတ်လား၊အခုတောင် လွန်ခဲ့တဲ့ အနှစ်နှစ်ရာကျော်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြတဲ့ ပုံပြင်ပြောသူတွေ ရှိပါသေးတယ်၊ ပန်းမိသားစုရဲ့ ဘိုးဘေးတွေက နေရာရဖို့အရမ်းကြိုးစားခဲ့ကြရတာ၊ ဒါပေမယ့် သူတို့ အခုတော့ ကံကောင်းလိုက်တာ"


လျှိုပန်းရှန်က သူ့လုပ်ဖော်ကိုင်ဖက်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ 


 "သခင်ဝမ်၊ ငါတို့ရှစ်မိသားစုဆီကို ဘယ်လိုပုံစံနဲ့ သွားလည်သင့်တယ်လို့ မင်းထင်သလဲ"


စိတ်အားထက်သန်စွာ စကားပြောနေသော သခင်ရှစ် ရုတ်တရက် တိတ်ဆိတ်သွားသည်။နယ်စားမင်းရှစ်သည် ယခုအခါ နန်းတွင်းတွင် သြဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အိမ်ရှေ့စံမင်းသမီးသည် သူ၏အကြီးဆုံးသမီးဖြစ်သည်။  အရာရှိငယ်တွေက သူ့ကို ဘယ်လိုလုပ် စော်ကားဝံ့ကြမလဲ။ သူတို့ အခုလေးတင် ရှဲ့မိသားစုရဲ့အိမ်ကို သွားတုန်းကတော့ သူတို့မှာ ယုံကြည်မှုတွေ ရှိနေတုန်းပဲ၊ဒါပေမယ့် ရှစ်မိသားစုနှင့် ရင်ဆိုင်ရမယ်ဆိုရင် ...


"သွားကြစို့၊ ဧကရာဇ်ရဲ့ အမိန့်အရ ဒီအမှုကို စုံစမ်းစစ်ဆေးနေတာကြောင့် ဧကရာဇ်အပေါ် သစ္စာစောင့်သိတဲ့ နယ်စားမင်းရှစ်က ငါတို့ အခက်အခဲဖြစ်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"


လျှိုပန်းရှန်သည် သူ့အဝတ်အစားများကို ကျကျနန ဆွဲဆန့်ပြီး သူ့နောက်ကလူများကို


 "နယ်စားမင်းရှစ်က ငါတို့ရဲ့ကြိုးစားအားထုတ်မှုကို နားမလည်ဘူးဆိုရင် ငါတို့ ဧကရာဇ်ဆီကိုပဲ သတင်းပို့လို့ရတယ်လေ"


တရားရုံးချုပ် အရာရှိများ: ' ဒီလောက်လည်း အထင်မကြီးပါနဲ့ဦး....နယ်စားမင်းရှစ်က တော်ရုံလူဆိုတာ မေ့နေပြီထင်ပါရဲ့...'


ရှစ်ချုံးဟိုင်သည် ပန်းဟွိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သူ့သားအကြီးဆုံးနှင့် စကားပြောနေစဉ်တွင် တရားရုံးချုပ်၏ ဒုဝန်ကြီးက သူ့ကိုတွေ့လိုကြောင်း အစေခံတစ်ဦးက လာပြောသည်။


 "လျှိုပန်းရှန်က ဘာလို့ ဒီအချိန်ကြီး ငါ့အိမ်ကို လာတာလဲ" 


ရှစ်ချုံးဟိုင် မျက်မှောင်ကြုတ်ပြီး သူ့သားအကြီးဆုံးကို ပြောလိုက်သည်။


 "သွားပြီး မင်း တွေ့လိုက်၊ ငါအိပ်နေတယ်လို့ သူ့ကိုပြောပြလိုက်"


 "ဟုတ်ကဲ့"


ရှစ်ကျင်း စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်ကို ခံစားနေရသော်လည်း ရှစ်ချုံးဟိုင် ရှေ့မှာ အကျယ်ကြီး မပြောရဲပေ။ ထို့နောက် သူ့အဖေ၏ ခြံဝင်းထဲမှ‌နေ၍ ဒုတိယတံခါးမှ ထွက်သွားသောအခါ၊ အပြင်မှပြန်လာသော ရှစ်ဖေးရှန့် နှင့်တွေ့ရသည်။


 "ဖေးရှန့်၊ အပြင်က ပြန်လာတာလား"


ရှစ်ဖေးရှန့်သည် အပြင်မှ ကောလဟာလများကြောင့် အပြင်မထွက်သည်မှာ ကြာပြီဖြစ်၏။


ရှစ်ဖေးရှန့်က အတင်းအားယူပြုံးပြရင်း "မနေ့က ကဗျာအသင်းမှာ ညီအစ်မတချို့နဲ့ တွေ့ဖို့ ချိန်းထားတာလေး သွားပြီပြန်လာတာပါ"


 တစ်နေကုန် အိမ်မှာနေမည်ဆိုလျှင်လည်း မကောင်းနိုင်၍ လမ်းလျှောက်ထွက်ခြင်းက ကောင်းမှန်းသိသောကြောင့် ရှစ်ကျင်း ခေါင်းညိတ်ပြီး "မြို့တော်က ရုန်းရင်းဆန်ခတ်ဖြစ်ထားတာ မကြာသေးဘူး၊မင်း သတိထားရမယ်နော်"


ရှစ်ဖေးရှန့် အသာအယာ ခေါင်းညိတ်လိုက်သည်။ ယနေ့ သူမနှင့် မကြာခဏ တွဲနေကြသော ညီအစ်မများနှင့် စကားပြောခဲ့ရာ၊ သူမကို သူတို့က အနေစိမ်းလာပြီး မရင်းနှီးတော့သလို ခံစားရ၏။သို့သော်လည်း စကားအပြောအဆိုတို့က ယခင်လို ယဉ်ကျေးသိမ်မွေ့နေဆဲဖြစ်၍ သူမ စိတ်ဆိုးပြီး ဝမ်းနည်းနေသော်လည်း ဘာမှ မလုပ်နိုင်ခဲ့ချေ။


သူမအကြောင်း မကောင်းသတင်း ကောလာဟလများ ပြန့်နှန့်နေသည့်အတွက် ပန်းဟွာနှင့် တခြားလူများကို မုန်းတီးခဲ့သော်လည်း သူမအတွက် မရပ်တည်ပေးသော ဒုတိယမင်းသားကို ပို၍ပင် မုန်းတီးမိသည်။ကမ္ဘာပေါ်ရှိ ယောက်ျားတိုင်းသည် ဤအတိုင်းပင်။သာမာန်ဆိုလျှင် သူမက ဘယ်လောက်လှကြောင်း၊ အရည်အချင်းရှိ ကြောင်း ၊ဘယ်လောက်ချစ်ကြောင်း စသဖြင့် လာပြောကြသော်လည်း လိုအပ်ချိန်များဆိုလျှင် သူတို့ ပေါ်တောင် ပေါ်မလာကြချေ။


 ဒုတိယမင်းသားလည်း ဒီလိုပါပဲ၊ရှဲ့ချီလင်းလည်း ဒီလိုပါပဲ။


လျှိုပန်းရှန် နှင့် တရားရုံးချုပ်မှ အရာရှိအများအပြားသည် ဧည့်ခန်းမတွင် နှစ်နာရီကြာ စောင့်ဆိုင်းခဲ့ကြသည်။ နောက်ဆုံးတွင် ရှစ်မိသားစုဝင်တစ်ဦး ရောက်လာသည်။သို့ရာတွင်  ရှစ်ချုံးဟိုင် ပေါ်လာခြင်းမဟုတ်ဘဲ ရှစ်ကျင်း  ရောက်လာခြင်းဖြစ်သည်။


" သခင်လျှို....တရားရုံးချုပ်အရာရှိတွေရော၊  ဒီနေ့ ဘာအတွက် လာကြတာပါလဲ"


 "သခင်လေးရှစ်ကို နှောင့်ယှက်သလိုဖြစ်ရင် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ"


နှုတ်ခွန်းဆက်စကား ဖလှယ်ပြီးနောက် ရှစ်ကျင်းက အားလုံးကို ထိုင်ရန် ဖိတ်ကြားခဲ့သည်။ တရားရုံးချုပ်အရာရှိများ၏ အနေအထိုင်က မူပျက်နေပြီး လျှိုပန်းရှန်၏ မျက်နှာ အမူအရာကလည်း ပျက်ယွင်းနေမှန်း သူ အစကတည်းက ရိပ်မိသည်။ 


 “အကြောင်းမရှိဘဲ ဘုရားကျောင်းကို ဘယ်သူမှ မသွားကြပါဘူး၊ ပြောစရာရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ"


 "ကျွန်တော်တောင်းဆိုစရာရှိပါတယ်၊မိန်းကလေးတွေ သုံးတတ်တဲ့ ဒီလိုပုလဲမျိုးကို သခင်လေးရှစ် မြင်ဖူးပါသလား"  


လျှိုပန်းရှန်သည် သေတ္တာကိုဖွင့်လိုက်သည်။ အထဲမှာ ပုလဲတစ်လုံးရှိနေ၏။


ရှစ်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။


  "ပုလဲတွေက အရမ်းဈေးပေါတယ်၊ပြီးတော့ ကျွန်တော်က ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ် စိုက်ကြည့်ပါ့မလဲ၊ သခင်လျှို ဘာကိုဆိုလိုတာလဲ"


 "သခင်လေးရှစ် နားလည်မှုလွဲနေပါပြီ၊ ဒီပုလဲကို ကောကုန်းကျင့်ထင်ကို လုပ်ကြံသတ်ဖြတ်တဲ့လူရဲ့ ပါးစပ်ထဲမှာ တွေ့ခဲ့လို့ပါ"  


လျှိုပန်းရှန်သည် လူသေတစ်ဦး၏ပါးစပ်တွင် ဤပုလဲကိုတွေ့ရှိကြောင်း ပြောလိုက်၏။  


"ဒီပုလဲက ကုံးပုလဲ အမျိုးအစားအသစ်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်၊ မြို့တော်တစ်ခုလုံးမှာ မိသားစုသုံးစုကပဲ ဝယ်ထားတာပါ"


ရှစ်ကျင်း၏ မျက်နှာက မည်းမှောင်သွားသည်။ 


 "သခင်လျှို၊ ကျွန်တော်တို့ရှစ်မိသားစုက အဲ့ဒီမိသားစုသုံးစုထဲက တစ်ခုလို့ ဆိုလိုတာလား"


 "မှန်ပါတယ်"


ရှစ်ကျင်း၏ စိတ်ဆိုးနေသောအမူအရာကြောင့် လျှိုပန်းရှန် မတုန်လှုပ်သွားသလို၊ နောက်ပြန်မဆုတ်ချေ။


" သခင်လေးရှစ်တို့ မိသားစုအပြင် ကျုံးဖျင်နယ်စားမင်းနဲ့ ကောကုန်းကျင့်ထင်  မိသားစုတို့လည်း ဝယ်ထားပါတယ်"


ရှစ်ကျင်းသည် ကောကုန်းကျင့်ထင် ဟူသော နာမည်ကိုကြားသောအခါ ငုံ့ကာ လက်ဖက်ရည်ကို အလောတကြီး သောက်လိုက်သည်။  


"သခင်လျှိုက ပုလဲကိစ္စကို သိချင်နေတာဆိုတော့ အိမ်တော်ထဲက အသုံးအဆောင်တွေကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါဦးမယ်"


ချမ်းသာသော မိသားစုအားလုံးတွင် ကိုယ်ပိုင်ဘဏ္ဍာစိုးနှင့် ကြီးကြပ်ရေးမှူးများရှိသည်။ သူတို့ဝယ်ခဲ့သည့် ဈေးစာရင်းမှတ်တမ်းများ၊ ဘယ်သူက ဘာသုံးခဲ့သည်ဆိုတာကို မှတ်တမ်းတင်ထားကြ၏။ရှစ်ကျင်း စကားပြောပြီး နာရီဝက်မပြည့်မီတွင် အစေခံတစ်ဦးသည် ရှစ်မိသားစုမှ ဤပုလဲမျိုး အမှန်တကယ် ဝယ်ခဲ့ကြောင်း သတင်းပို့သည်။ ဤပုလဲမျိုးသည် ရှားပါးသော်လည်း၊သခင်မကြီးနှင့် အိမ်ရှေ့စံမင်းသမီးတို့က အလွန်သေးငယ်သည်ဟု ထင်သောကြောင့် ဆံထိုးပြုလုပ်ရန် မသုံးခဲ့ကြပေ။လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ ဒုတိယသခင်မလေးကသာ ဖိနပ်တွင် အလှဆင်ရန် မှာယူခဲ့၏။


 'ပုလဲဖိနပ်' ဟူသော စကားကို ကြားသောအခါ တရားရုံးချုပ်အရာရှိများ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ထိုစဉ် အရာရှိတစ်ဦးက "သခင်လေးရှစ်၊ အဲ့ဒီပုလဲဖိနပ်ကို ကြည့်ခွင့်ပြုပါလား"


ရှစ်ကျင်း သူ့လက်ဖက်ရည်ခွက်ကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်။  


"အတင့်ရဲလှချည်လား၊ခင်ဗျားက ရှစ်မိသားစုကို အရှက်လာခွဲတာလား ဒါမှမဟုတ် အမှုစုံစမ်းဖို့လား"


မိန်းကလေးတစ်ယောက်ရဲ့ ဖိနပ်ကို ဒီလူတွေ မြင်အောင် ဘယ်လိုလုပ် ပြသရမှာလဲ...


 "ခင်‌ဗျားတို့အားလုံးဟာ စာတတ်ပေတတ်တွေပါ၊ ဒီလို အဓိပ္ပါယ်မဲ့တဲ့ တောင်းဆိုမှုမျိုးကို ဘယ်လိုလုပ် တောင်းဆိုရတာလဲ"


လျှိုပန်းရှန် မတ်တပ်ထရပ်ပြီး ရှစ်ကျင်း ဆီသို့ ဦးညွတ်ရင်း


 "သခင်လေးရှစ်၊ စိတ်အေးအေးထားပါ၊ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်က စိတ်မရှည်ဖြစ်ပြီး စကားပြောမှားသွားတာပါ၊ သူ့ကို ခွင့်လွှတ်လိုက်ပါ၊ သခင်လေးရှစ် စိတ်ချပါ၊တရားရုံးချုပ်မှာ အမျိုးသမီးအရာရှိတွေရှိပါတယ်၊ သခင်မလေးရှစ်ကို ဘယ်လိုလုပ် ကျွန်တော်တို့ ယောက်ျားသားတွေက အရှက်ရစေဝံ့ပါ့မလဲ"


 ပြစ်တင်ရှုတ်ချသော တာဝန်ရှိသူက နောက်ဆုံးတွင် ကမန်းကတန်း မတ်တတ်ထရပ်ပြီး တောင်းပန်စကားဆို၏။


 "ကျွန်တော် ပြောလိုက်တာ အရမ်းမြန်ပြီး ကိုယ့်ကိုကိုယ် ရှင်းမပြတတ်လို့ ခွင့်လွှတ်ပါ"


လျှိုပန်းရှန်သည် ရှစ်ကျင်း ပြန်ပြောရန် မစောင့်ချေ။သူသည် တရားရုံးချုပ်၏ အရာရှိအမျိုးသမီးတစ်ဦးကို ထွက်လာရန် ပြောလိုက်ပြီး ရှစ်ကျင်းအား ပြောလိုက်၏။


 "သခင်လေးရှစ်၊ ကျေးဇူးပြုပြီး လမ်းပြပါ" 


ရှစ်ကျင်းသည် လျှိုပန်းရှန်ကို အေးစက်စွာကြည့်ကာ ဘာမှပြန်မပြော။လျှိုပန်းရှန်ကလည်း ပြုံးပြီး ရှစ်ကျင်း ၏မျက်လုံးကို စေ့စေ့ကြည့်နေတော့သည်။


 "သခင်လျှိုက အစကတည်းက ပြင်ဆင်ထားပုံရတယ်၊တရားရုံးချုပ်မှာ အမျိုးသမီးအရာရှိတွေရှိတယ်ဆိုတာ ကျွန်တော် မသိရပါလား"

 

လျှိုပန်းရှန်က ပြုံးပြုံးလေးပြောသည်။


"သခင်လေးရှစ်က ပြီးခဲ့တဲ့နှစ်တွေက တခြားနေရာတွေမှာ အလုပ်လုပ်နေတာ၊ မြို့တော်က ကိစ္စတွေကို မသိဘူးဖြစ်မယ်၊ တရားရုံးချုပ်မှာ တချို့အမှုတွဲတွေက အမျိုးသမီးတွေ ပါ၀င်တဲ့အတွက် အရာရှိတွေကြား သေသေချာချာ ဆွေးနွေးပြီးတဲ့ နောက်မှာ ဧကရာဇ်ကိုယ်တိုင်က ဌာနတချို့မှာ ပညာတတ်တဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ"




xxxxxx