Chapter 88
ရှစ်ကျင်းသည် တရားရုံးချုပ်၏ ယူနီဖောင်းဝတ် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် အသက် 30 ခန့်ရှိပြီဖြစ်ပြီး ဆံပင်ကို ရိုးရှင်းသောပုံစံဖြင့် ဖြီးသင်ထုံးဖွဲ့ထားသည်။ သူမ၏ ရုပ်ရည်က သာမာန်သာဖြစ်သော်လည်း မျက်လုံးများသည် ကြောက်ရွံခြင်းမရှိ၊ရဲဝင့်ဟန်တို့ ပေါ်လွင်နေသည်။သူမသည် မိန်းမနှင့်မတူဘဲ ယောက်ျားနှင့် ပိုတူသည်။
ဒုတိယညီမလေး၏ အဆောင်ထဲသို့ ဤလူများဝင်သွားပါက၊သူမသည် ဤအမှုနှင့် ဆိုင်သလိုလိုဖြစ်လာသည်။ သူမသည် အပြင်ပန်းတွင် သဘောကောင်းသလိုရှိသော်လည်း အလွန်ခေါင်းမာပြီး တစ်ယူသန်စိတ်ရှိသူပင်။
ပန်းဟွာ၏ ဖခင်သေဆုံးပါက၊နောက်ထပ်သုံးနှစ်ကြာသည်အထိ ပန်းဟွာတစ်ယောက် ဝမ်းနည်းပူဆွေး နေရမည့်ကာလ ပြုလုပ်ရမည်။ထိုအခါ ပန်းဟွာသည် ရုံရှားနှင့် လက်ထပ်ဖို့ နောက်သုံးနှစ်စောင့်ရမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ မင်္ဂလာပွဲက အချိန်နောက်ဆုတ်သွားမည်ဖြစ်သည်။သိုါဖြစ်၍၊ သူ၏ဒုတိယညီမသည် ကောကုန်းကျင့်ထင်ကိုသတ်ရန် လူငှားရမ်း၍ ကြံစည်ချင် ကြံစည်နိုင်သည်။သူ ဤအကြောင်းကို ပိုတွေးလေ၊ တရားရုံးချုပ်က လူများကို အထဲသို့ ခွင့်မပြုနိုင်လေလေပင်။
သို့သော် လျှိုပန်းရှန် ဖက်မှ လက်လျှော့မည် မဟုတ်ချေ။ ဤကိစ္စသည် အသေးအမွှားကိစ္စမဟုတ်။ ငါးရက်အတွင်း အမှန်တရားကို မရှာနိုင်လျှင် ရှစ်မိသားစုကို စော်ကားသည့်ကိစ္စဖြင့် သူတို့ အရင် ဒုက္ခရောက်လိမ့်မည်။ထို့အပြင်၊ ဤအမှုသည် ချမ်အမ်မြို့စားမင်း၏ အနာဂတ်ယောက္ခမနှင့်ပတ်သက်သည်။မည်သို့ပင်ဆိုစေ၊ သူ ဤကိစ္စကိုအောက်ခြေအထိ စုံစမ်းရပေမည်။
"သခင်လေးရှစ်၊ အမိန့်အရ ဒီအမှုကို စစ်ဆေးနေပါတယ်၊ကျေးဇူးပြုပြီး ကျွန်တော်တို့ အခက်အခဲ ဖြစ်အောင်မလုပ်ပါနဲ့"
"ဒါက နည်းနည်းရယ်စရာကောင်းတယ်၊ သခင်လျှိုက ဧကရာဇ်အမိန့်အရ ကျွန်တော်တို့ရှစ်မိသားစုကို စုံစမ်းနေတာလား"
"သခင်လေးရှစ်တို့မိသားစုက လိပ်ပြာလုံရင် ကျွန်တော်တို့ကို ဘာလို့ကြောက်နေရတာလဲ"
ရှစ်ကျင်းက ရှုံ့တွနေသည့် မျက်နှာနှင့် ပြောသည်။
"ရှဲ့မိသားစု နဲ့ ပန်းမိသားစုကို စုံစမ်းတဲ့အခါလည်း ဒီလိုပဲလား"
"သခင်လေးရှစ် အရမ်းတွေးနေပါပြီ၊ ကျုံးဖျင်နယ်စားမင်းနဲ့ ကောကုန်းကျင့်ထင်က ကျွန်တော်တို့တောင်းဆိုတာကို မငြင်းပါဘူး၊ပုလဲတွေရဲ့ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်းပြောပြပြီး ဘာမှဖုံးကွယ်မထားခဲ့ပါဘူး"
လျှိုပန်းရှန်အတွက် တရားရုံးချုပ်မှ လူများအားလုံး ချွေးသီးများ ထွက်လာကြတော့သည်။သူက ရှစ်မိသားစုကို တိုက်ရိုက်ဆန့်ကျင်လိုက်တာမလား....
"သခင်လေး၊ပန်းဟွာကျွင်းကျူး ဒီမှာ ရောက်နေပါတယ်"
ထိုစဉ် အစေခံ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အထဲသို့ အမောတကော ပြေးဝင်လာသည်။
ရှစ်ကျင်း သူ့ထိုင်ခုံမှ ထရပ်လိုက်ပြီး "မင်း ဘယ်သူ့ကိုပြောတာလဲ"
"ပန်းဟွာကျွင်းကျူးပါ"
အစေခံသည် ပန်းဟွာကျွင်းကျူး ခေါ်ဆောင်လာသော အစောင့်များကို တွေးကာ ကျောရိုးထဲက အေးစက်သွားသလိုခံစားလိုက်ရသည်။ သူတို့ကြည့်ရသည်မှာ အလည်အပတ် လာခြင်းမဖြစ်နိုင်၊ဒုက္ခပေးဖို့လာခြင်းဖြစ်မည်။
ရှစ်ကျင်း ဘာမှပြန်မပြောခင် အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသံများကို ကြားလိုက်ရသည်။ပြီးလျှင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ဒေါသတကြီး လျင်မြန်စွာ ပြေးဝင်လာ၏။
"သခင်လေးရှစ် ကျွန်မက မဖိတ်ထားတဲ့ ဧည့်သည်ပါ၊ကျွန်မကို မကြိုဆိုဘူးမဟုတ်လား"
ပန်းဟွာသည် လက်ထဲတွင် ကြာပွတ်ကိုကိုင်၍ လျှောက်လာခဲ့သည်။ သူမ နောက်မှာ ဓားရှည်များကိုင်ထားသည့် အစောင့်များ ရှိသည်။ သူမသည် ဤနေရာသို့ လာရောက်လည်ပတ်ရန် ရောက်နေခြင်းမျိုးမဟုတ်၊ ပြဿနာလာရှာဖို့ ရောက်နေခြင်းဖြစ်လိမ့်မည်။
တရားရုံးချုပ်က လူများသည် အခြေအနေတင်းမာတော့မည်ဟု တွေးနေကြသော်လည်း ရှစ်ကျင်းက တစ်ချက်မှ စိတ်မဆိုးပေ။
"ကျွင်းကျူး ထိုင်ပြီး စကားပြောကြရအောင်၊ကျွန်တော်က အရမ်းကြိုဆိုပါတယ်"
ပန်းဟွာက ကုလားထိုင်တစ်ခုပေါ်ထိုင်ချလိုက်ပြီး
"မြို့တော်ကလူတွေက ပြောတယ်၊ကျွန်မက ရိုင်းစိုင်းပြီး အရည်အချင်းမရှိဘူးတဲ့...ဟုတ်တယ် ဒါဆို သခင်လေးရှစ်လည်း ကျွန်မကို သိပ်ယဉ်ကျေးနေဖို့ မလိုဘူး၊ဒီအိမ်ကြီးမှာ ပုလဲဝယ်ထားတယ်လို့ ကြားပေမယ့် တရားရုံးချုပ်က လူတွေကို မစစ်ဆေးခိုင်းတာ ဘာသဘောလဲ"
"ကျွင်းကျူး နားလည်မှုလွဲနေပြီထင်တယ်၊ ကျွန်တော့်ရဲ့ ညီမဟာ မိန်းမသားပါ၊ သူမရဲ့ အဝတ်အစားတွေကို တရားရုံးချုပ်က စစ်ဆေးတယ်လို့ သူများတွေသာကြားရင် သူမအတွက် မကောင်းပါဘူး၊ ကျွင်းကျူးလည်း မိန်းမသားပဲ၊ မိန်းမတွေရဲ့ အခက်အခဲကို နားလည်သင့်ပါတယ်"
ပန်းဟွာက ရှစ်ကျင်း၏မျက်လုံးကို စူးစိုက်ကြည့်ပြီး
"သခင်လေးရှစ်ရဲ့ ညီမလုပ်ခဲ့တာကို မေ့သွားတယ်ထင်တယ်၊ မိန်းကလေးတစ်ယောက်ကလည်း တခြားမိန်းမတစ်ယောက်ကို အခက်အခဲ ဖြစ်အောင်မလုပ်သင့်ဘူး၊ ဘာဖြစ်လို့ သူမကကျ ကျွန်မကို ပြဿနာရှာနေတာလဲ....သခင်လေးရှစ်က ကျွန်မတို့ကို မစစ်ဆေးစေချင်ဘူးဆိုလည်း ရပါတယ်၊သခင်လေးရှစ်သာ ရှင့်ညီမနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ကျိန်ဆိုပြီး ပြောရင် ကျွန်မ ဘာမှ မပြောဘဲ ဒီအိမ်ကြီးကနေ ထွက်သွားမယ်"
ရှစ်ကျင်းသည် ပန်းဟွာ၏ ဒေါသမျက်လုံးများကို ကြည့်ကာ တစ်ဖက်သို့ လှည့်လိုက်သည်။လွန်ခဲ့သည့် လေးနှစ်က သူသည် တက်ကြွလန်းဆန်းသော မိန်းကလေးတစ်ဦးအား ချစ်မိသွားသည်။သို့သော် ထိုကောင်မလေးမှာ စေ့စပ်ထားသူရှိနေ၏။သူ စိတ်ပျက်လက်ပျက်ဖြင့် နယ်စပ်ကိုထွက်သွားပြီး မနှစ်ကမှ မြို့တော်ကို ပြန်လာခဲ့၏။
သူ ပြန်လာသောအခါ အိမ်ထောင်ပြုခဲ့လောက်ပြီဟု သူ ထင်ထားသော မိန်းကလေးက အပျိုဖြစ်နေဆဲပင်။သို့သော်လည်း သူမသည် လွန်ခဲ့သော လေးနှစ်ကထက် ပိုမိုတက်ကြွပြီး လှပနေခဲ့သည်။သူမကို သူ တည့်တည့်မကြည့်ရဲအောင်ပင် ဖြစ်ခဲ့ရသည်။ယခုလည်း တခြားသူနှင့် လက်ထပ်တော့မည့် ဤကောင်မလေးက သူ့ကို ပထမဆုံးအကြိမ် အလေးအနက်ထားကြည့်နေတော့သည်။ သို့သော် သူမ၏မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာမရှိ၊ ဒေါသနှင့် မုန်းတီးမှုများသာရှိနေသည်။
လွန်ခဲ့သည့် လေးနှစ်လောက်က သူ့ခံစားချက်များသည် အတိတ်မှာသာကျန်နေခဲ့ပြီဟု သူထင်ခဲ့သည်။ သို့သော် သူမကိုတွေ့တိုင်း သူတစ်ချိန်က ခံစားခဲ့ဖူးသော ခံစားချက်များကို သတိရနေတော့၏။
"ကျွင်းကျူးက ဘာလို့ ဒီလောက် ရက်စက်ရတာပါလဲ၊ ရှစ်မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး၊ တကယ်လို့ ကျွင်းကျူးသာ သက်သေမပြနိုင်ရင် နောက်ကျရင် ဘယ်လို ရင်ဆိုင်မလဲ"
"ကျွန်မ မိသားစုအတွက် စွန့်စားရတာ ဘာမှားနေလို့လဲ၊ကျွန်မ မှားတာရှိရင် မြို့တော်မှာရှိတဲ့ လူတိုင်းရှေ့မှာ ရှစ်မိသားစုကို တောင်းပန်မယ်၊ ကျွန်မ မျက်နှာပျက်ရမှာ မကြောက်ပါဘူး၊ တရားခံ ရှာမတွေ့ရင် နောက်ဆို ကျွန်မ မိသားစု ထိခိုက်မှာကိုပဲစိုးတယ်"
ရှစ်ကျင်း သူမကို ကြောင်စီစီကြည့်ကာ ဘာမှပြန်မပြောမိ။
"ဒီလိုလား..."
ဒီလိုမိန်းမမျိုး ကမ္ဘာမှာ ဘယ်လိုရှိနိုင်မလဲ။
ရှစ်ကျင်း၏ နှလုံးသားသည် ရှုပ်ထွေးပြီး ဖော်ပြ၍မရသော ခံစားချက်များဖြစ်တည်နေရသည်။ ထို့နောက် ပန်းဟွာကိုကြည့်ကာ သူ မမေးသင့်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ချမ်အမ်မြို့စားမင်းက ကျွင်းကျူးကို ဘယ်လိုမြင်မလဲဆိုတာ စဉ်းစားပြီးပြီလား"
ကမ္ဘာပေါ်မှာ ဒီလိုမိန်းမမျိုးကို ဘယ်ယောက်ျားက လက်ခံနိုင်မလဲ။
လောကကြီး၏ မျက်လုံးများနှင့် အခြားသူများ၏စကားများသည် လင်နှင့်မယားကြားဆက်ဆံရေးကိုပင် ပျက်စီးစေတတ်သော သွေးစွန်းဓားများဖြစ်သည်။ နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်ပြီး သွေးထွက်အောင် လုပ်နိုင်သည်အထိ ထက်သော ဓားများပင်။
ပန်းဟွာက ရယ်မောရင်း "ဒီနေ့ ဒီကိုလာပြီး ရှင်တို့မိသားစုကို နှောင့်ယှက်တာကို သူများတွေ ကျွန်မကို ဘယ်လိုမြင်ကြမလဲ ဆိုတာကို မတွေးခဲ့မိဘူး၊ ဒီဘဝမှာ ကျွန်မအတွက် အဖေနဲ့အမေပဲရှိတယ်၊ သူတို့က ကျွန်မကို ရတနာလေးလို သိပ်ပြီး တန်ဖိုးထားတာ၊တခြားသူတွေ ကျွန်မကို ဘယ်လိုမြင်သလဲဆိုတာကို ကြည့်နေရင်း သမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မကိုယ်ကျွန်မ ဘယ်လိုမျက်နှာနဲ့ အသက်ဆက်ရှင်ရမလဲ"
ထိုစကားများကို ကြားနာပြီးနောက် ပန်းဟွာက ရိုင်းစိုင်းသည်ဟု ယူဆခဲ့သော တရားရုံးချုပ်အဖွဲ့ဝင်များ အနည်းငယ် တုန်လှုပ်သွားကြသည်။ သူမ၏မိသားစုအတွက် မိန်းကလေးတစ်ယောက်ဟာ ကမ္ဘာကြီးကိုပင်ဂရုမစိုက်ဘူးတဲ့... သူများတွေ သူမကို ဘယ်လိုမြင်သလဲဆိုတာတောင် ဂရုမစိုက်ဘူး။ ဒီလို ရိုးသားတဲ့ နှလုံးသားမျိုး သူမမှာ ရှိတာပဲ...
ရှစ်ကျင်း ဘာမှမပြောဘဲ ဆက်ရပ်နေသော်၊ ပန်းဟွာက ပြောသည်။
"သခင်လေးရှစ်၊ ကျွန်မရဲ့ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်"
ထို့နောက် သူမက လက်ဟန်အမူအရာလုပ်လိုက်ရာ၊ နောက်ကွယ်မှ အစောင့်အများအပြားသည် တရားရုံးချုပ်မှ အမျိုးသမီးအား အတွင်းဝင်းအတွင်းသို့ ပို့ပေးခဲ့သည်။ ရှစ်မိသားစုကသာ ဆက်ပြီးခွင့်မပြုလျှင် ခြံဝင်းထဲအထိ လိုက်ပါသွားမည်ဖြစ်၏။
တရားရုံးချုပ်အဖွဲ့ဝင်များသည် ရှစ်ကျင်းကို ထိတ်လန့်တကြားကြည့်နေကြသည်။ သူရုတ်တရက် ပေါက်ကွဲသွားမှာကို စိုးရိမ်နေကြသည်။ဒီလိုဖြစ်ခဲ့ရင် သူတို့ ပန်းဟွာကျွင်းကျူးကို ကူညီသင့်သလား။မကူညီရဘူးလား...
သို့သော် ရှစ်ကျင်းက ဘာမှ မလုပ်ခဲ့ပေ။ ပန်းဟွာ၏ လူများအား တားပင်မတားချေ။တည်ငြိမ်သော မျက်နှာထားဖြင့်သာ ကြည့်ပြီး ဘာမှပြန်မပြောပေ။
တရားရုံးချုပ်အဖွဲ့ဝင်များသည် ဒုဝန်ကြီး လျှိုပန်းရှန်အား အားကိုးရာမဲ့ ကြည့်နေခဲ့ကြသည်။ သို့သော် လျှိုပန်းရှန်သည် စကားတစ်ခွန်းမှ မပြောပေ။ ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်လျက်ရှိသည်။သူ့လက်ထဲက လက်ဖက်ရည်မှာ ဗုဒ္ဓဖန်ဆင်းထားသော တောင်ပေါ်က လက်ဖက်ရွက်နှင့် ပြုလုပ်ထားသလိုပင်။ တစ်ကျိုက်တည်းနှင့် အသက်တစ်ရာလောက် ရှည်သွားစေနိုင်၏။
"ကျွင်းကျူးက ဘယ်လိုလက်ဖက်ရည်မျိုးကို ကြိုက်လဲ" ရှစ်ကျင်းက ပြန်ထိုင်ပြီး ပန်းဟွာကိုကြည့်ရင်း "ကျွင်းကျူးက တာဟုန်ပေါင် လက်ဖက်ရည်ကို အရမ်းကြိုက်တယ်လို့ ပြောသံကြားတယ်၊ ကျွန်တော်တို့မှာ အဲ့ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်မရှိပေမယ့် ပိထန်းပေါင်ရွှယ် လက်ဖက်ရည်တော့ ရှိပါသေးတယ် စိတ်မဆိုးပါနဲ့၊ မြည်းစမ်းကြည့်ပါ"
ပန်းဟွာ၏ မျက်တောင်များ အနည်းငယ် တုန်သွားပြီး "ဟင့်အင်း၊မမြည်းတော့ပါဘူး ကျေးဇူးတင်ပါတယ်"
ရှစ်ကျင်း ပြုံးပြပြီး လက်မြှောက်ပြလိုက်ရာ အစေခံက လက်ဖက်ရည်တစ်ခွက် ယူလာပေးသည်။
လျှိုပန်းရှန်သည် သူ့လက်ထဲက မောင်ကျန်း လက်ဖက်ရည်ကို ချလိုက်ပြီး ရှစ်ကျင်းနှင့် ပန်းဟွာကို ကြည့်လိုက်သည်။ သူ့မျက်ခုံးများ အနည်းငယ်လှုပ်သွားပြီး အဆင်မပြေသော လေထုအား လစ်လျူရှုကာ တံခါးအပြင်ဘက်သို့ ကြည့်လိုက်၏။
အချိန်က တဖြည်းဖြည်း ကုန်သွားသည်။ လူအများစု၏ လက်ဖက်ရည်ခွက်များသည် ဗလာဖြစ်နေပြီး သူတို့စိတ်ထဲမှာလည်း ပို၍ပင် စိတ်မသက်မသာ ဖြစ်လာရသည်။အထဲကိုဝင်သွားသူများကလည်း ကြာနေပြီဖြစ်ကာ အခုထိ အပြင်မထွက်လာသေးပေ။ဤကိစ္စသည် ထင်သလောက် မရိုးရှင်းလှပေ။ သို့သော် ရှစ်မိသားစုနှင့် အမှန်တကယ် ပတ်သက်မှု ရှိခဲ့ပါက၊ဘာဆက်ဖြစ်မည်ဆိုသည်ကို ပြော၍မရ။
ရှစ်မိသားစုသည် ယခုအခါ အလွန်ဩဇာကြီးပြီး သူတို့၏သမီးတော်မှာလည်း အိမ်ရှေ့စံမင်းသမီးဖြစ်သည်။ ပန်းမိသားစုသည် ပျင်းရိသော မျိုးနွယ်တစ်ခုမျှသာဖြစ်ကာ ရှစ်မိသားစုနှင့် အာဏာလုဘက်လည်း မဟုတ်။ ဒါဆို ရှစ်မိသားစုက ပန်းဟွိုက်ကို လုပ်ကြံသတ်ဖြတ်ရင် သူတို့အတွက် ဘာတွေ ရနိုင်မှာလဲ။ ထို့အပြင် ဝန်ကြီးချုပ်မိသားစုသည် လူသတ်သမား ကောင်းကောင်းကိုပင် မငှားရမ်းထားပေ။ဖြစ်ကတတ်ဆန်းနိုင်သော လူသတ်သမားများကိုသာ ငှားရမ်းခဲ့၏။
ရှစ်မိသားစုရဲ့ ဒုတိယသခင်မလေးက ပန်းဟွာရဲ့အဖေကို မနာလိုစိတ်ကြောင့် သတ်ပစ်ချင်တယ်ဆိုတာကလည်း ယုတ္တိမရှိဘူး...သတ်ချင်းသတ် ပန်းဟွာကို သတ်မှာပေါ့၊ ပြိုင်ဘက်ရဲ့အဖေကို သတ်လိုက်တာက ဘာသဘောလဲ။
"သခင်လျှို"
တရားရုံးချုပ်မှ အစောင့်တစ်ယောက်က ပြေးဝင်လာပြီး ရှစ်ကျင်းကို မရဲတရဲ စိုက်ကြည့်နေသည်။ "မနေ့ညနေခင်းက ပျက်စီးနေတဲ့ ဘုရားကျောင်းနားမှာ အစေခံမိန်းကလေးတစ်ယောက်နဲ့ အမျိုးသမီးငယ်တစ်ဦး ဖြတ်သွားခဲ့တယ်လို့ တစ်စုံတစ်ယောက်က သတင်းပို့ပါတယ်၊ အဲဒီအမျိုးသမီးဟာ ရှစ်မိသားစုရဲ့ ဒုတိယသခင်မလေးဆိုတာပါပဲ"
လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ရှစ်ကျင်း၏လက်သည် တုန်လှုပ်သွား၍ ခွက်ထဲက လက်ဖက်ရည်က သူ့လက်ဖမိုးကို စင်သွားတော့သည်။
ထိုစဉ် ရှစ်ဖေးရှန့် ဝင်လာပြီး ပန်းဟွာကို လက်ညှိုးငေါက်ငေါက်ထိုးကာ "ပန်းဟွာ၊ နင်က ငါ့ကို ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ၊နင့်အဖေကို ငါက ဘာကိစ္စသတ်ရမှာလဲ၊ ငါတကယ် လူတစ်ယောက်ကိုသာ သေစေချင်ရင်၊အဲ့ဒီလူက ကောကုန်းကျင့်ထင် မဟုတ်ဘူး"
"ဟုတ်တယ်... ငါပဲ မဟုတ်လား...." ပန်းဟွာက လှောင်ပြောင်ကာ ရှစ်ဖေးရှန့်ကို ပြန်ကြည့်သည်။
"နင်ငါ့ကိုအရမ်းမုန်းနေရက်နဲ့ အပေါ်ယံမှာ ဘာလို့ ငါ့ကိုအမြဲတမ်းပြုံးပြနေရတာလဲ ငါတွေးဖူးတယ်"
"ငါ နင်နဲ့ စကားမပြောချင်ဘူး၊ နင် ဘာလိုချင်သလဲ..."
ရှစ်ဖေးရှန့် ဒေါသထွက်နေပြီဖြစ်သည်။ ပန်းဟွာက အစောင့်များအား သူမ၏ အဆောင်ထဲအထိ ခေါ်သွင်းလာမည်ဟု တွေးပင်မတွေးဖူးချေ။သူမကို အလေးအနက်မထားသည်မှာ သေချာ၏။
“ဘယ်သူက ကြိုးကိုင်နေတာလဲဆိုတာ ငါ သိချင်တယ်၊ နင်က ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး ဆိုရင် အရမ်းဒေါသထွက်နေစရာ မလိုဘူးမလား"
ရှစ်ဖေးရှန့်၏ ရင်ဘတ်သည် ဒေါသစိတ်ကြောင့် ပြင်းထန်စွာ တုန်ခါသွားသည်။ သူမ ခေါင်းကို လှည့်ကာ ရှစ်ကျင်းကို ကြည့်လိုက်သည်။
"အစ်ကို၊ သူမကို မောင်းထုတ်လိုက်ပါ၊ ဒါက ရှစ်မိသားစုပါ၊ သူမလုပ်ချင်တာမှန်သမျှ လုပ်နိုင်တဲ့ ပန်းမိသားစု မဟုတ်ဘူး"
" ဒါ လုံးဝမဖြစ်နိုင်ပါဘူး"
လျှိုပန်းရှန်က သူ့လက်နှစ်ဖက်ကိုပိုက်ထားပြီး ရှစ်ဖေးရှန့်ကို အပြုံးမပျက် ကြည့်နေသည်။
"ပုလဲတွေ ပြုတ်ပျက်ထွက်နေတဲ့ မင်းရဲ့ဖိနပ်တစ်ရံကို ကျွန်တော့် လက်အောက်ငယ်သားတွေက တွေ့ခဲ့ပါတယ်၊ဖိနပ်မှာ ဘုရားကျောင်းက ဖုန်မှုန့်တွေ၊ မြက်ပင်တွေ ကပ်နေတယ်၊ မင်းလို ကောင်မလေးက ဘာလို့ ဒီလိုနေရာကို သွားတာလဲလို့ မေးလို့ရမလား"
ရှစ်ဖေးရှန့် အံ့အားသင့်သွားသည်။ သူမသည် လျှိုပန်းရှန်ကို ပြတ်ပြတ်သားသားကြည့်ကာ
"ရှင် ဘာကိုဆိုလိုတာလဲ"
လျှိုပန်းရှန်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်း တရားရုံးချုပ်မှာ ရက်အနည်းငယ်ကြာအောင် နေရဦးမယ်"
"ရှင်က ကျွန်မကို တရားရုံးချုပ်ကို ခေါ်သွားဖို့ ဘာအခွင့်အရေးရှိလို့လဲ...ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေတာလဲ"
သူမသည် ဝန်ကြီးချုပ်၏သမီးဖြစ်သည်။ ဒီလူတွေက သူမရဲ့ ဖိနပ်တစ်ရံကို အကြောင်းပြပြီး တရားစွဲ ချင်နေကြတာလား၊ ရယ်စရာကောင်းလိုက်တာ...
ပန်းဟွာက ဝင်ပြီးပြောသည်။
"သခင်မလေးရှစ်က ဘာလို့ မသွားရမှာလဲ"
xxxxx