Chapter 89
မိန်းမချင်း ဖြစ်သောရန်ပွဲတွင် ယောက်ျားများ မနှောင့်ယှက်သည်မှာ အကောင်းဆုံးဟူ၍ ဆိုရိုးစကားရှိခဲ့ဖူးသည်။သို့မဟုတ်လျှင် ယောက်ျားများသာ ထိခိုက်နစ်နာရပေမည်ဟု ပြောစမှတ်ပြုကြသည်။
ယခုလည်း တရားရုံးချုပ်မှလူများသည် ပန်းဟွာကျွင်းကျူးနှင့် သခင်မလေးရှစ်တို့ အချေအတင်ဖြစ်နေကြသည်ကို မြင်သောအခါ တိုးတိုးလေးပင် သက်မရှိုက်လိုက်ကြ၏။
"ပန်းဟွာ၊ သိပ်မောက်မာမနေပါနဲ့၊ ပန်းမိသားစုဟာ ဒီကမ္ဘာမှာ ဘာမှဩဇာမရှိဘူး... နင် ငါ့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရဘူး..."
ရှစ်ဖေးရှန့်က ပြောသည်။
"သေချာတာပေါ့၊ ပန်းမိသားစုမှာ ဩဇာမရှိဘူး၊ ဒါပေမယ့် ဧကရာဇ်မှာတော့ အားလုံးရှိတယ်"
ပန်းဟွာသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှစ်ဖေးရှန့်ကို လက်ပြန်ကြိုးတုပ်လိုက်သည်။
"ဧကရာဇ်က သေချာအာဏာနဲ့ ပြောထားတာမို့ အခု နင်က တရားခံဖြစ်သွားပြီ၊ နင် တရားရုံးချုပ်ကို သွားပြီးတော့ ရှင်းပြသင့်တယ်"
"ငါ့ကိုလွှတ်!"
ရှစ်ဖေးရှန့်သည် ပန်းဟွာ ဤမျှ အထိရဲတင်းမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ လွတ်မြောက်ရန် ကြိုးစားသော်လည်း လက်ကိုရုန်း၍မရဘဲ ဖြစ်နေရသည်။ ရှစ်ကျင်းကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သော်လည်း ပန်းဟွာက သူမကို တားလိုက်သည်။
"သခင်မလေးရှစ် ကျေးဇူးပြုပြီး...."
တရားရုံးချုပ်ရှိလူများ- ပန်းဟွာကျွင်းကျူးက အိမ်ထဲအထိ လာပြီး အိမ်ရှင်ကိုတောင် အစ်ကိုဖြစ်သူရှေ့မှာ ကြိုးနဲ့တုပ်နိုင်တာပဲ...
"ကျွင်းကျူး"
ရှစ်ကျင်းသည် ပန်းဟွာကို လက်ဆွဲ၍ တားမည်ပြုစဉ် ပန်းဟွာက "ရှင်ဘာလုပ်နေတာလဲ၊ ယောက်ျားနဲ့ မိန်းမက တစ်ယောက်ကိုတစ်ယောက် မထိရဘူးဆိုတာ မသိဘူးလား"
ရှစ်ကျင်း သူ့လက်ကို အဆင်မပြေစွာ ရုတ်သိမ်းလိုက်သည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။ သူ့မျက်နှာတွင် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခံပြင်းနေဟန်လည်း ရှိနေ၏။
တစ်ဖက်က လျှိုပန်းရှန်သည် ခြောက်ကပ်စွာ ချောင်းဆိုးရင်း
"သခင်လေးရှစ် စိတ်မပူပါနဲ့၊သူမကသာ အဖြစ်အပျက်ကို ပြောပြရင် သူမကို လွှတ်ပေးမှာပါ၊ သူမကို ဒုက္ခမပေးပါဘူး"
"သူမကို တရားရုံးချုပ်ကိုတောင် ခေါ်သွားမယ်ဆိုမှ သူမကို ဒုက္ခမပေးဘူးလို့ ဘယ်လိုပြောနိုင်တာလဲ"
ထိုစဉ် ရှစ်ချုံးဟိုင်သည် အပြင်ဘက်မှ ဝင်လာခဲ့သည်။ သူ့သမီး၏ လက်ကို ကြိုးဖြင့်ချည်ထားသည်ကို မြင်သော် သူ့မျက်နှာက မည်းမှောင်သွားရ၏။
"သခင်လျှို၊ မင်းဘာကို ဆိုလိုတာလဲ"
ပန်းဟွာက ရှစ်ချုံးဟိုင်ကို အလေးပြုရင်း ဖြတ်ပြောလိုက်သည်။
"နယ်စားမင်းရှစ်၊ နားလည်မှုမလွဲပါနဲ့၊ သခင်မလေးရှစ်က တရားရုံးချုပ်နဲ့ စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပါတယ်၊ ဒါကြောင့် သူမကို ကြိုးနဲ့ချည်နှောင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး၊ကျေးဇူးပြုပြီး စိတ်ဆိုးမနေပါနဲ့"
သို့သော်လည်း ရှစ်ချုံးဟိုင်သည် ပန်းဟွာကို ယဉ်ကျေးစွာ မပြောဆိုပေ။
"ဒီအမှုကို တရားရုံးချုပ်က ကိုင်တွယ်တာဆို၊ ပန်းဟွာကျွင်းကျူးက ဘာလို့ ကြားဝင်တာလဲ၊ဒါက စည်းမျဥ်းနဲ့ မလျော်ဘူးမလား"
"နယ်စားမင်းရှစ် စိတ်မပူပါနဲ့၊ ကျွန်မ ဘုရင်မင်းမြတ်ကို ညွှန်ကြားချက်တွေတောင်းပြီးပါပြီ၊ ဒီကိစ္စကို ကျွန်မလည်း ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ်"
ပန်းဟွာ၏ လှပသော မျက်လုံးများသည် လူအုပ်ကို ဖြတ်ကျော်ကာ ရှစ်ချုံးဟိုင်ဆီသို့ ကျရောက်သွားသည်။
" ကျွန်မ လုပ်ရပ်ကို မကျေနပ်ရင် ခွင့်လွှတ်ပါလို့ ပြောဖို့ပဲ ရှိပါတယ်"
သူမ၏ စကားများသည် ရှစ်ချုံးဟိုင်ကို တမင်တကာ ရန်စ,နေသလိုပင်။ဧကရာဇ်တောင်မှ ကန့်ကွက်ခြင်းမရှိဘူးဆိုတော့ သူဘာကြောင့် ကန့်ကွက်ရမှာလဲ...
ရာထူးကြီးသူအများစုမှာ လူအများက ကြောက်လန့်တကြား ဖြစ်အောင် ကြီးကျယ်ခမ်းနားသော ရောင်ဝါရှိကြသည်။ ထိုအတိုင်းပင် တရားရုံးချုပ်ရှိ အဆင့်နိမ့်အရာရှိအချို့သည် ရှစ်ချုံးဟိုင်ကို တည့်တည့်ကြည့်ရန်ပင် မဝံ့ရဲကြပေ။
ဒါပေမယ့် ပန်းဟွာက ဘယ်သူလဲ...
သူမသည် ဧကရာဇ်ရှေ့တွင်ပင် အော်ဟစ်ပြီး ဝုန်းဒိုင်းကြဲနေမည့်သူဖြစ်သည်။ရှစ်ချုံးဟိုင်ရဲ့ ဩဇာအရှိန်အဝါကို သူမ ဘယ်လိုလုပ် ကြောက်ရမှာလဲ....
သူမက ရှစ်ဖေးရှန့် ကို တရားရုံးချုပ်အစောင့်များရှေ့သို့ရောက်အောင် တွန်းလိုက်ပြီး
"သခင်လေးရှစ်၊ ကျွန်မမှာ သခင်မလေးရှစ်တို့ကို စော်ကားဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး"
"ပန်းဟွာကျွင်းကျူး!"
ရှစ်ချုံးဟိုင် မျက်နှာကြီး မှုန်သုန်နေကာ သူ့သမီးကို ဆွဲထုတ်ဖို့ပြင်သော်လည်း ပန်းဟွာက လှမ်းတားသည်။
"သခင်လေးရှစ်က ဘာလဲ၊ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားနေရတာလား"
"ပန်းဟွာကျွင်းကျူး ကျေးဇူးပြုပြီး စကားကို သတိထားပြောပါ!"
"သခင်လေးရှစ်သာ အမှန်တရားကို မကြောက်ရင် သခင်မလေးရှစ်ကို မခေါ်သွားအောင် ဘာလို့ တားမှာလဲ၊သခင်မလေးရှစ်ဟာ အိမ်ထောင်မရှိသူပါ၊ သူမကို အပြစ်ရှိတယ်လို့ စွပ်စွဲခံရတာလည်း နာမည်ပျက်ပါတယ်၊ ဒီတော့ အမှုကို စောစောစီးစီး စုံစမ်းစစ်ဆေးပြီး သက်သေပြတာက ပိုကောင်းပါတယ်..."
ပန်းဟွာ ပုံစံက တစ်လက်မခန့်တောင် မတုန်လှုပ်ပေ။ ရှစ်ချုံးဟိုင်ကသာ ရှစ်ဖေးရှန့်ကို ယခု တားထားလိုက်မည်ဆိုလျှင် နောင်မှာ ရှစ်ဖေးရှန့်ကို ပြန်ထုတ်ဖို့ သူတို့အတွက် ခက်ခဲပါလိမ့်မည်။
"ပန်းဟွာကျွင်းကျူး တကယ် ဒီလိုလုပ်မှာလား"
ပန်းဟွာက "ကျွန်မ ဒါကို မလုပ်ချင်ပါဘူး၊ ဒါက တရားရုံးချုပ်ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ထုံးလုပ်နည်းပါ"
ရှစ်ချုံးဟိုင်က လျှိုပန်းရှန်ကို လှည့်ကြည့်လိုက်သည်။
"သခင်လျှို ဒါက တရားရုံးချုပ်ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ထုံးလုပ်နည်းပဲလား"
သူ့မျက်လုံးထဲတွင် ခြိမ်းခြောက်မှုတစ်ခု ရှိနေသည်။သူ့အမြင်အရ လျှိုပန်းရှန်သည် တတိယအဆင့် အလယ်တန်း တရားရုံးချုပ် အဓိပတိတစ်ဦးမျှသာ ဖြစ်သည်။ သူ့ကို မလွန်ဆန်ဝံ့နိုင်ပေ။
လျှိုပန်းရှန်က ပြုံးပြီး ရှစ်ချုံးဟိုင်ကို အလေးပြုရင်း
"ဒါက တရားရုံးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းပါ၊ခွင့်လွှတ်ပါ ဝန်ကြီးချုပ်"
ရှစ်ချုံးဟိုင် ဘာမှပြန်မပြောဘဲ မျက်စောင်းထိုးပြီး လျှိုပန်းရှန်ကိုသာ ကြည့်လိုက်သည်။ လျှိုပန်းရှန်ကမူ သူ့ကို တလေးတစား ပြန်ကြည့်နေကာ မျက်နှာပေါ်က အပြုံးကလည်း မပြောင်းလဲသေး။
"သခင်လေးရှစ်က တွေ့ခွင့်တောင်းနေပါတယ်"
"မဟုတ်ဘူး!"
ချမ်အမ်မြို့စားမင်းဆိုသည့် နာမည်ကို ကြားလိုက်ရလျှင် ရှစ်ချုံးဟိုင်၏ မျက်နှာက မည်းမှောင်သွားသည်။
"ကျေးဇူးပြုပြီး ချမ်အမ်မြို့စားမင်း ပြန်ခိုင်းလိုက်ပါ"
"ခဏနေဦး"
ရှစ်ချုံးဟိုင်က ငိုနေသည့် သမီးလေးကို ကြည့်ပြီး ဤကိစ္စသာအပြင်သို့ပြန့်သွားလျှင် ဖြစ်နိုင်ခြေရှိသည့် အကျိုးဆက်များကို တွေးလိုက်မိပြီး…
“ဟင့်အင်း သူ့ကိုဝင်ခွင့်ပြုလိုက်ပါ”
သမီးဖြစ်သူက အရေးကြီးသော်လည်း ရှစ်မိသားစုက ပိုအရေးကြီးသည်။
ပန်းဟွာသည် ရုံရှား လိုက်လာမည်ဟု မမျှော်လင့်ထားချေ။သူမ ခေါင်းကို လှည့်ကာ အပြင်သို့ကြည့်လိုက်သည်။ အရောင်ဖျော့ဖျော့အင်္ကျီဝတ်ထားသည့် ရုံရှားသည် သူမဆီသို့ ခပ်မြန်မြန် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ပုံမှန်ဆို ရုံရှားသည် အလွန်လျင်မြန်စွာ လမ်းလျှောက်ခဲသည်။
"ဝန်ကြီးချုပ်ရှစ်"
ရုံရှားသည် အတွင်းခန်းထဲသို့ဝင်ကာ ရှစ်ချုံးဟိုင်နှင့် ရှစ်ကျင်းတို့ကို နှုတ်ဆက်လိုက်သည်။
"ဝန်ကြီးချုပ်ရှစ်၊ ရုတ်တရတ်ရောက်လာတာ ခွင့်လွှတ်ပါ၊ ဝန်ကြီးချုပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့"
ရှစ်ချုံးဟိုင်က ခပ်တည်တည်ပင်
"ရပါတယ် ၊မြို့စားမင်းရုံက ဧကရာဇ်ရဲ့ အချစ်တော်ပါ၊မြို့စားမင်းရုံကို အပြစ်မတင်ဝံ့ပါဘူး"
ရုံရှားသည် ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားပြီး ပြုံးလိုက်သည်။
"ကောကုန်းကျင့်ထင်ရဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ တရားရုံးချုပ်ကို ကူညီပေးဖို့ ဧကရာဇ်က ကျွန်တော့်ကို အမိန့်ပေးခဲ့တာပါ"
ရှစ်ချုံးဟိုင် မျက်ခုံးပင့်လိုက်သည်။
"အို၊မြို့စားမင်းရုံက အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနရဲ့ဝန်ကြီးလေ၊ဘာလို့ တရားရုံးချုပ်ကို တာဝန်ယူရတာပါလဲ"
"ကျွန်တော်တာဝန်မယူပါဘူး၊ ကူညီနေတာပါ၊ ဧကရာဇ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးဖို့က ကျွန်တော့်တာဝန်ပဲ၊ ကျွန်တော်က ဘယ်ဌာနမှာမှ ကျောက်ချမနေပါဘူး"
"အဖေ၊ ကျွန်မ မဟုတ်ပါဘူး၊ ကျွန်မ ဒီလိုမျိုး မလုပ်ခဲ့ဘူး"
ရှစ်ဖေးရှန့်သည် ရုံရှား ဝင်လာသည်ကိုမြင်ပြီး ပို၍ပင် ရုန်းကန်နေသည်။
"ကျွန်မကို မှားပြီးစွပ်စွဲတာပါ၊ ပန်းဟွာ လုပ်တာပါ"
ရုံရှား၏ မျက်နှာပေါ်ကအပြုံးသည် ပျောက်ကွယ်သွားသည်။
"သခင်မလေးရှစ်၊ ဒီအမှုကို တရားရုံးချုပ်က အမြဲတမ်း စုံစမ်းစစ်ဆေးနေပါတယ်၊ဒီမှာလည်း သက်သေတွေ ရှိတယ်၊ ပန်းဟွာကျွင်းကျူးနဲ့ ဘာဆိုင်လို့လဲ"
ရှစ်ဖေးရှန့်သည် ရုံရှား ကို ကြောင်စီစီ စိုက်ကြည့်နေကာ
"မြို့စားမင်းက ကျွန်မကိုမယုံဘူးလား"
"တရားရုံးချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်နဲ့ သက်သေအထောက်အထားတွေကိုပဲ ကျွန်တော်ယုံကြည်ပါတယ်၊ သခင်မလေးရှစ်ကို ကျွန်တော် ပြောစရာရှိတယ်၊စိတ်မဆိုးပါနဲ့"
"ဘာပြောချင်တာလဲ"
ရှစ်ဖေးရှန့် အနည်းငယ် စိတ်ပျက်နေ၏။ ချောမောပြီး စိတ်ခံစားချက်ကင်းမဲ့သည့် သူ့ကို ကြည့်ပြီး သူမက ဟာသတစ်ခုလို ခံစားရသည်။
"လူသားတစ်ယောက်အနေနဲ့ ကိုယ်ပြောတဲ့စကားကို သတိထားရပါမယ်"
ရုံရှား၏ လေသံမှာ အေးစက်လျက်ရှိသည်။ "ကျွန်တော့်ရဲ့ စေ့စပ်ထားသူက သိပ်တော်တဲ့ မိန်းကလေးပါ၊သခင်မလေးရှစ် ကျေးဇူးပြုပြီး စကားကို သတိထားပြီး ပြောဆိုပါ"
ရှစ်ဖေးရှန့် အံ့ဩသွားသည်။ ဒါဆို သူက ပန်းဟွာကို ကာကွယ်ပြောဆိုပေးနေတာလား...
သူမကို ပန်းဟွာက ချည်နှောင်ထားခဲ့ပြီး တခြားလူများကလည်း ခြံဝင်းထဲကို ဖောက်ထွင်းဝင်ရောက်ပြီး နေရာအနှံ့ ရှာဖွေခဲ့ကြသည်။ ပန်းဟွာက ဒါတွေအားလုံးကို ကျူးလွန်ခဲ့တာ မဟုတ်လား... ပန်းဟွာကြောင့်သာ မဟုတ်ရင် ဒီနေ့ သူမ အခုလို အရှက်ရမှာ မဟုတ်ဘူး...
ရုံရှားက ပြောပြီးပြီးချင်း အပြင်မှ အစောင့်များကို
" မိန်းကလေးရှစ်.... ကျေးဇူးပြုပြီးတော့ စိတ်မရှိပါနဲ့... အစောင့်တွေ သူမကို ခေါ်သွားလိုက်ပါ"
“မင်း…”
ရှစ်ချုံးဟိုင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"သခင်လေးရှစ်၊ ဧကရာဇ်ရဲ့ အမိန့်ကို မနာခံဖို့ အကြံပေးပါတယ်"
ရုံရှား ခြေလှမ်းကိုရပ်တန့်ပြီး ရှစ်ချုံးဟိုင်ကို တစ်ဖန်ပြန်ကြည့်သည်။
"အသတ်ခံရသူက မင်းသားဟွေ့ စံအိမ်ရဲ့ ဘဏ္ဍာစိုးပါ"
ရှစ်ချုံးဟိုင် တစ်ခုခုကို တွေးမိပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ဖန် အသနားခံနေရှာသည့် သမီးဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ တစ်ဖက်သို့လှည့်လိုက်၏။
"အဖေ"
ရှစ်ဖေးရှန့် အဖေဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူမရဲ့ အဖေတောင် သူမကို ကူညီချင်စိတ်မရှိဘူးလား။
သူမ ထိတ်လန့်တကြားဖြင့် လှည့်ပတ်ကြည့်ကာ နောက်ဆုံးတွင် ရှစ်ကျင်းကို တွေ့သွားသည်။
"အစ်ကို၊ ညီမက အပြစ်ကင်းပါတယ်၊ တကယ် အပြစ်ကင်းပါတယ်"
ရှစ်ကျင်း တစ်ခုခု ပြောချင်သော်လည်း အဖေဖြစ်သူက ခေါင်းကို ဖြည်းညှင်းစွာ ခါပြနေတာကြောင့် သူ့ပါးစပ်ကို ခက်ခက်ခဲခဲ ပိတ်ထားလိုက်သည်။ သို့သော် ရှစ်ဖေးရှန့်၏ အသနားခံနေသော မျက်လုံးများကို သူ မရှောင်ခဲ့ပေ။ထိုအစား သူ ရှေ့ကိုလျှောက်လာပြီး သူမခေါင်းကို ညင်သာစွာ ထိကိုင်လိုက်သည်။
"ညီမ စိတ်မပူပါနဲ့၊အဖေနဲ့ အစ်ကိုက ညီမကို အမြန်ဆုံး ခေါ်ထုတ်မှာပါ"
ရှစ်ဖေးရှန့် လိုချင်သည်က၊သူမ အဖမ်းမခံရအောင် အဖေဖြစ်သူနှင့်အစ်ကိုထံမှ တားဆီးသော စကားလုံးများပင်။ သို့သော်လည်း မိသားစု၏ အကျိုးစီးပွားအတွက် သူမအဖြစ်က အရေးမကြီးတော့ကြောင်း သိလိုက်သည်။ ဤသည်ကို သူမ ငယ်ငယ်လေးကတည်းက သိသင့်ခဲ့၏။ သူမသည် အရန်လူအဖြစ်သာ မွေးဖွားလာခဲ့သည်။ ရှစ်မိသားစု၏သမီးဖြစ်သောကြောင့် သူမ စိတ်ဆန္ဒအတိုင်း ဘာမှ မဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူက အမြဲပြောခဲ့သည်။
မင်းမျိုးမင်းနွယ်များဖြစ်သည့် ပန်းမိသားစုကသာ ပန်းဟွာကို လိုလေသေးမရှိ ထားနေခြင်းပင်။
xxxxxx