အပိုင်း၉၀
Viewers 4k


Chapter 90


ရှစ်ဖေးရှန့်သည် ရှစ်မိသားစု၏ တံခါးဝမှ ထွက်လာသည်နှင့် စိတ်ထဲမှာ ပကတိ ဗလာကျင်းသွားသည်။မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရင်း မျက်ရည်တို့က သူမ ပါးပြင်ပေါ်ကို စီးကျလာတော့သည်။


 "သခင်မလေးရှစ်၊မြင်းလှည်းပေါ်တက်ပါ"


 သူမ ရှေ့က မြင်းလှည်းသည် သပ်သပ်ရပ်ရပ်ပြင်ဆင်ထား၏။သို့သော် သူမသာ ဤမြင်းလှည်းပေါ်တက်လိုက်လျှင် သူမ နာမည်က ယခုထက်ပင် ပိုပျက်သွားနိုင်၏။သူမ ရပ်ပြီး ပန်းဟွာကို လှည့်ကြည့်လိုက်သည်။  


"အခု နင် သိပ်ပျော်နေလား"


ပန်းဟွာ အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် ရှစ်ဖေးရှန့် ၏ ဖြောင့်မတ်သောသဘောထားကိုလည်း သူမ သဘောကျသွားသည်။ 


 "ဘာပျော်စရာရှိလဲ၊ နင် ကောင်းတာ ၊ဆိုးတာက ငါ့အတွက် ဘာကွာခြားသွားမှာမလို့လဲ"


ရှစ်ဖေးရှန့်က ပန်းဟွာနောက်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။


 "နင်က ငါ့ကို အမြဲဆန့်ကျင်နေတာပဲ၊ ရှဲ့ချီလင်းက နင်နဲ့ စေ့စပ်ပြီးတာတောင် ငါ့ကို သဘောကျနေသေးလို့ပဲ မဟုတ်လား....ငါက သူ့ကို အပြတ်ပြောထားပြီးသား၊ ဒါပေမယ့် သူက နင့်ကို မကြိုက်တာ ငါဘာတတ်နိုင်မှာလဲ..."


ပန်းဟွာနောက်သို့ လိုက်လာနေသော ရုံရှားသည် ရှစ်ဖေးရှန့်ကို တိတ်တဆိတ်ကြည့်နေသည်။ ရှစ်ဖေးရှန့်၏ စကားကြောင့် သူ၏မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။


 "သူက နင့်ကို ကြိုက်နေတော့ ဘာဖြစ်လဲ၊ ငါနဲ့ ဘာဆိုင်လို့လဲ၊ငါ့ စေ့စပ်ထားသူက သူ့ထက် ရုပ်ပိုချောပြီး သူ့ထက် အဆင့်အတန်းမြင့်တယ်၊ သူက အရည်အချင်းရှိပြီး သိပ်လည်းစာနာတတ်တယ်၊ ဘာကြောင့် သူ့ကို ဂရုစိုက်ရမှာလဲ... အဲဒီလိုလူကို ပြောရတာ နင်နဲ့ တန်လို့လား၊  နင် ပျော်တယ်ဆိုရင်တော့ နင် အဲ့ဒီလိုဆက်တွေးနေလိုက်ပေါ့၊ ဒီလိုအသေးအဖွဲကိစ္စတွေကို ငါဂရုမစိုက်ဘူး"


ရှစ်ဖေးရှန့်သည် ရုံရှား၏ နူးညံ့သော အပြုံးကို မြင်လိုက်ရသဖြင့် သူမနှလုံးသားကို အပ်တစ်ချောင်းဖြင့် ထိုးလိုက်သလို ခံစားလိုက်ရသည်။ သူမ ချက်ချင်းလှည့်၍ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။ပန်းဟွာကို သူမ မကြည့်တော့။


ခွေးမ.…ခွေးမစုတ်


ရှစ်ဖေးရှန့် နှုတ်ခမ်းထောင့်ကို ပြင်းပြင်းထန်ထန် ကိုက်ထားလိုက်သည်။သူမ အရှက်ကွဲရသည့် ယနေ့ကို တစ်သက်လုံးမေ့မည်မဟုတ်ပေ။


ပန်းဟွာသည် မြင်းကို ရုံရှား နှင့်အတူယှဉ်တွဲစီးသည်။ ရုံရှား ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသဖြင့် ပန်းဟွာ မနေနိုင်ဘဲ မေးလိုက်မိ၏။


"ရှင်က ဘာပြုံးနေတာလဲ" 


ရုံရှား သူ့မေးစေ့ကို ထိလိုက်ရင်း


  "အင်း...စိတ်ထဲမှာ ပျော်နေလို့ ပြုံးတာပါ"


သူ့စကားကြောင့် ရှဲ့ချီလင်း နှင့် ရှန်းယွီ တို့သည် ယခုလို ထူးခြားသော သူမ၏ လုပ်ရပ်တိုင်းကို မြင်တိုင် ဘယ်တုန်းကမှ မရယ်ခဲ့ချေ။


 "ရှင်က ဘာလို့ စိတ်ထဲ ပျော်နေရတာလဲ....ရှစ်မိသားစုကို ကျွန်မ ဒုက္ခပေးဖို့လာတာကို ရှင် ဘယ်လိုထင်လဲ"


ရုံရှား မျက်မှောင်ကြုတ်လိုက်သည်။


 "မင်းလုပ်တာ မမှန်ဘူး၊ မင်းက စိတ်မြန်လက်မြန်ရှိလွန်းတယ်"


 "အိုး...."


"မင်းက သိပ်ပြီး ခံစားချက်ကို ဖုံးမထားတတ်ဘူး၊မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက်နဲ့တွေ့ရင် မင်း အားနည်းချက်ဖြစ်သွားမှာ စိုးတယ်၊ နောက်တစ်ခါ တစ်ခုခုဖြစ်ရင် ကိုယ့်ကို အရင်တိုင်ပင်ပါ၊ ကိုယ်က ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်မယ်၊ ကိုယ် ဖြေရှင်းပေးနိုင်တယ်"


ပန်းဟွာသည် ရုံရှား စကား၏ ဆိုလိုရင်းကို အံ့အားသင့်သွားသည်။


 "ကျွန်မက ဉာဏ်မမီဘူးလို့ စောဒကတက်ချင်တာလား၊ကျွန်မက ညံ့တယ်လို့ ပြောချင်တာလား...ဘာလဲ၊ ကျွန်မက ကိုယ်ခံပညာ ကောင်းကောင်းတတ်ပါတယ်"


ရုံရှား မရယ်ဘဲ မနေနိုင်တော့။ သူက ဘာလို့ သူမကို စောဒကတက်တယ် ဖြစ်ရတာလဲ...


"ယောက်ျားနဲ့ မိန်းမ အတူတူ တွဲပြီး အလုပ်လုပ်လုပ်လို့ မရဘူးလို့ ပြောကြပေမယ့် စာပေနဲ့ ကိုယ်ခံပညာ နှစ်ခုလုံးကို အာရုံစိုက်မှ ရန်သူကို တွန်းလှန်နိုင်မယ်၊ မင်းက ကိုယ်ခံပညာတတ်တယ်၊ ကိုယ်က စာပေတတ်ကျွမ်းတယ်၊ကိုယ်တို့ အတူတူ အလုပ်လုပ်ရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်နိုင်မှာသေချာတယ်"


ပန်းဟွာ ရုတ်တရက် သဘောပေါက်သွားသည်။ 


 "ရှင် ပြောတာ မှန်ပါတယ်၊ နောက်တစ်ခါ ဒါမျိုးဖြစ်တယ်ဆို ရှင့်ကို ကျွန်မဆီ လာခိုင်းရမလား"


 "ဟင်း... အဲ့ဒီလိုလည်း အဆင်ပြေပါတယ်" 


ရုံရှား ပြုံးပြီး သဘောတူလိုက်သည်။ ရုံရှား နောက်ကလိုက်နေသည့် တုကျိုးမှာတော့ ကြောင်စီစီနှင့် ဘာမှမကြားရသလို ဟန်ဆောင်နေရသည်။


သူ့ဆရာက မကောင်းတာလုပ်ဖို့ ကျွင်းကျူးနောက်ကို လိုက်မယ်ဆိုပါလား၊ပန်းမိသားစုက… တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။သူတို့မှာ တခြား လူတွေကို လမ်းလွဲရောက်သွားစေနိုင်တဲ့ မှော်အစွမ်းရှိတာပဲ...


ထို့နောက် ပန်းဟွာနှင့် ရုံရှားတို့သည် တရားရုံးချုပ်မှ လူများနှင့် တရားရုံးချုပ်သို့ သွားခဲ့ကြသည်။ရှစ်ဖေးရှန့်ကို သန့်ရှင်းသော အကျဉ်းခန်းထဲတွင် ပိတ်လှောင်ထားသည်ကို စောင့်ကြည့်နေမှသာ ပန်းဟွာ စိတ်ထဲ ခံစားချက်ကောင်းသွားသလို ရှိတော့သည်။ 


တရားရေးဝန်ကြီးချုပ်သည် ချမ်အမ်မြို့စားမင်းက စုံစမ်းစစ်ဆေးမှုတွင် အကူအညီပေးရန် ဧကရာဇ်၏ အမိန့်ကို လက်ခံရရှိထားပြီးဖြစ်သောကြောင့် အရာအားလုံးကို ရုံရှားထံ အပ်နှံထားခဲ့ကာ သူက စိတ်လွတ်လက်လွတ် အေးအေးဆေးဆေး နေနေတော့သည်။ သို့သော် ရှစ်မိသားစု၏သမီးအား ပိတ်လှောင်ထားသည်ကို မြင်လိုက်ရသောအခါတွင်၊ သူ့ခြေထောက်များမှာ ဂျယ်လီတုံးတစ်တုံးလိုပျော့တိပျော့ဖတ်ပင် ဖြစ်သွားရတော့သည်။


 ရှစ်မိသားစုရဲ့သမီးက ဒီကိစ္စမှာ ဘယ်လိုပါဝင်ခဲ့တာလဲ...


တရားရေးရာဝန်ကြီးချုပ်က လျှိုပန်းရှန်ကို ထောင့်တစ်နေရာသို့ တိတ်တဆိတ်ခေါ်သွားပြီး 


"ဘာဖြစ်နေတာလဲ၊ ရှစ်မိသားစုရဲ့သမီးကို ဘာလို့ ဖမ်းထားတာလဲ"


"ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ဘူး၊ရှစ်မိသားစုဘက်က ဒီလောက်အထိ ရဲရင့်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူးဗျာ"


"သူမက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ"  


တရားရေးရာဝန်ကြီးချုပ် အတော်လေးအကြပ်ရိုက်သွားရ၏။ ရှစ်မိသားစု၏သမီးသည် အလွန်သိမ်မွေ့ပုံရသော်လည်း ကောက်ကျစ်သောအကြံများ ကြံစည်ကာ လူသတ်သည်အထိ တွေးရဲပေသည်။ 


 "နားလည်မှုလွဲတာမျိုး ရှိနိုင်လား၊ငါတို့နောက်ထပ်စုံစမ်းရဦးမလား"


လျှိုပန်းရှန် သက်ပြင်းချရင်း သူ့မျက်နှာထက်မှာ အကူအညီမဲ့သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။


 "ဟုတ်ပါတယ်၊ စုံစမ်းရမှာပါ၊အရင်တုန်းကတော့ ဒီကိစ္စနဲ့ မပတ်သက်ပါဘူး၊ ဒါပေမယ့် ပန်းဟွာကျွင်းကျူးကို ချမ်အမ်မြို့စားမင်းက ကူညီပေးနေတာ၊ ဒီတော့ သခင်မလေးရှစ်ကို ခေါ်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ"


"ကျွန်တော်နားလည်ပါတယ်၊တရားရေးရာဝန်ကြီးချုပ် အတွက်လည်း မလွယ်ကူပါဘူး"  


တရားရေးရာဝန်ကြီးချုပ်သည် လျှိုပန်းရှန်၏ ပုခုံးကို ပုတ်ကာ ခါးသီးသော မျက်နှာဖြင့် ဆက်ပြောသည်။


"နောက်ရက်အနည်းငယ် ကြာတဲ့အထိ မင်း ကြိုးကြိုးစားစား လုပ်ရလိမ့်မယ်၊ ချမ်အမ်မြို့စားမင်းနဲ့ ပန်းဟွာကျွင်းကျူးလည်း ပါဝင်ပတ်သတ်နေတယ်မလား... "


လျှိုပန်းရှန်က လှည့်ပတ်ကြည့်ရင်း တိုးတိုးလေးပြောသည်။


"စိတ်ချပါ၊စိတ်ချပါ ကျွန်တော် ကောင်းကောင်း ကိုင်တွယ်ပါ့မယ်...ချမ်အမ်မြို့စားမင်းကလည်း ဒီကိစ္စမှာ ပါဝင်နေတာ ဆိုတော့ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေအတွက် ချမ်းအမ်မြို့စားမင်းမှာပဲ တာဝန်ရှိတယ်လေ၊ တရားရုံးချုပ်နဲ့ ပတ်သက်တာတွေ ရှိရင်တောင်  ပြဿနာကြီးကြီးမားမားတော့ မဟုတ်နိုင်ဘူး... ဝန်ကြီးချုပ် စိတ်ချပါ"


တရားရေးရာဝန်ကြီးချုပ်က လျှိုပန်းရှန်၏ လိမ္မာပါးနပ်မှုကို အလွန်ကျေနပ်နေကာ ပြုံးလိုက်သည်။ 


"ငါ နေမကောင်းဖြစ်နေတယ်လို့ မြို့စားမင်းရုံကိုသွားပြော၊သူက ဒီကိစ္စအတွက် အပြည့်အဝတာဝန်ယူရမှာ၊ သူ တစ်ခုခုလိုအပ်ရင် မင်းလည်း ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံးကြိုးစားပါ"


 ထို့နောက် သူသည် လျှိုပန်းရှန်၏ ပခုံးကို နောက်တစ်ကြိမ် ပုတ်ကာ ထွက်ခွာသွားခဲ့သည်။


"ဝန်ကြီးချုပ် ဂရုစိုက်ပါ" 


လျှိုပန်းရှန်သည် တရားရေးရာဝန်ကြီးချုပ်အား တလေးတစား ဦးညွှတ်ပြီးနောက် ထောင်ဘက်သို့ လျှောက်သွားခဲ့သည်။


ထောင်ထဲကို လှမ်းကြည့်လိုက်ပြီး တစ်ဖက်သို့ကြည့်လိုက်လျှင် ရုံရှားနှင့် ပန်းဟွာတို့သည် လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။ရုံရှား မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် တင်းမာနေသည်။  


"မြို့စားမင်းရုံ၊ တစ်ခုခု ရှာတွေ့ထားပါသလား"


ရုံရှား လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ 


"သခင်လျှို ရှိနေတာပဲ၊ ကျွန်တော် ဝင်မစွက်ဖက်ဝံ့ပါဘူး"


 "မြို့စားမင်းရုံ သိပ်ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်တော့်ရဲ့ အထက်လူကြီးက နေမကောင်းဖြစ်နေလို့ နောက်ထပ် ရက်အနည်းငယ် အနားယူဖို့ လိုပါတယ်၊ ဒီကိစ္စကို မြို့စားမင်းရုံ တာဝန်ယူလို့ ဖြစ်ပါသလား"


ရုံရှားက ခေါင်းခါရင်း


 "ဒါက သိပ်တော့ မသင့်တော်ဘူးထင်ပါတယ်...ကျွန်တော်က ကောကုန်းကျင့်ထင် အိမ်တော်က သမီးနဲ့ စေ့စပ်ထားတာပါ၊ ဒီကိစ္စကို ကျွန်တော် တစ်ယောက်တည်း တာဝန်ယူဖို့ မသင့်တော်ဘူး၊ တရားရေးရာဝန်ကြီးဌာနက လက်ထောက်ဝန်ကြီးလီကို ဘာလို့ မခေါ်တာပါလဲ"


လက်ထောက် ၀န်ကြီး လီချမ်ခိုင်သည် စိတ်ဓာတ်ပျော့ညံ့ပြီး ပြဿနာများကို မဖြေရှင်းရဲဘဲ ကြောက်ရွံ့သူ ဖြစ်သည်။ရှစ်မျိုးနွယ်စုတွင် အဆိုးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။ အထူးသဖြင့် သူ တရားရေးဌာနသို့ ပြောင်းရွှေ့ပြီးနောက်၊ရှစ်ချုံးဟိုင်က သူ့ကိုပင် ဂရုမစိုက်တော့ချေ။ ဤကိစ္စတွင် ရှစ်မျိုးနွယ်ဘက်တော်သားများကို ပါဝင်ခွင့်ပေးခြင်းက၊ နှောင့်ယှက်နိုင်သော ပါးစပ်များကို ပိတ်လိုက်ခြင်းပင် ဖြစ်ပေသည်။


"မြို့စားမင်းရုံ ပြောတာ မှန်ပါတယ်၊ဒါဆို လက်ထောက်ဝန်ကြီးလီကို ဖိတ်ဖို့ တစ်ယောက်ယောက် စေလွှတ်လိုက်ပါမယ်"


လီချမ်ခိုင်သည် သူ့သားကို အိမ်မှာ စာသင်ပေးနေလျက်ရှိသည်။ဘာကြောင့်မှန်းမသိသော်လည်း၊ သူ၏ အဖိုးတန်သားက ယခုတလော လိမ္မာရေးခြားရှိလာသည်။သူလည်း ဝမ်းသာလွန်း၍ သားဖြစ်သူအတွက် စာကိုကြိုးစားသင်ယူပေးနေသည်။ သူသည် တရားရေးရာဌာနတွင် လက်ထောက်ဝန်ကြီးတစ်ဦးဖြစ်သော်လည်း သူ့အလုပ်က အရေးမပါသောကြောင့် ပျင်းရိရသည်ကိုသာ ကျေနပ်နေတော့သည်။


တရားရုံးချုပ်က လူများက သူ့ကို လာခေါ်မည်ဟုဆို၍ သူ ပဟေဠိဖြစ်မိသော်လည်း ငြင်းဖို့ မဝံ့ရဲခဲ့။သူ၏ တရားဝင်ယူနီဖောင်းကိုသာ ပြောင်းလဲဝတ်ဆင်ပြီး သွားဖို့ ပြင်ဆင်ရသည်။


 "အဖေ" 


လီရှောင်ရူ အပြင်မှပြန်ရောက်လာပြီး လီချမ်ခိုင်သည် တရားဝင်ယူနီဖောင်းကိုဝတ်ဆင်ကာ အပြင်ထွက်ရန်ပြင်ဆင်နေသည်ကိုမြင်လျှင် 


"အဖေ အပြင်သွားမလို့လား"


 "ဟုတ်တယ်၊အဖေ တရားရုံးချုပ်ကို သွားတော့မယ်၊ သမီး မောင်လေးက ခြံထဲမှာ စာကျက်နေတာ၊ သူ့ကို စောင့်ကြည့်လိုက်ပါဦး"


 "တရားရုံးချုပ်..."


လီရှောင်ရူသည် မကြာသေးမီက တုန်လှုပ်ချောက်ချားစေခဲ့သော ကိစ္စများအား တွေးတောကြည့်မိသည်။ သူမ လှည့်ကြည့်လိုက်ရာ တရားရုံးချုပ်က လူများသည် ခြံအပြင်ဘက်မှာ စောင့်နေကြသည်ကို တွေ့ရ၏။


" အဖေ အဲဒီကိုသွားတဲ့အခါ သတိထားပါ၊တရားရုံးချုပ်က လူတွေက နယ်စားမင်းရှစ်ရဲ့အိမ်ထဲကို ဝင်ပြီး သခင်မလေးရှစ်ကို ခေါ်သွားတယ်လို့ ကြားတယ်"


လီချမ်ခိုင်၏ မျက်နှာသည် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။


"ဘယ်လိုမှမဖြစ်နိုင်ဘူး၊တရားရေးရာဝန်ကြီးချုပ်က ဒီလောက်ထိ ရဲတင်းနိုင်ပါ့မလား"


 ယခင်က သူလည်း တရားရေးရာဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူ့လိုလူက နယ်စားမင်းရှစ်ရဲ့အိမ်ကို လူတွေနဲ့ဝင်လာပြီး သခင်မလေးရှစ်ကို ခေါ်ဝံ့တယ်လား... ဒါက သူလုပ်သင့်တဲ့ အရာလို့ မထင်ဘူးနော်။


 "တရားရေးရာဝန်ကြီးချုပ် မဟုတ်ဘူး၊ တရားရုံးချုပ်ရဲ့ ဒုတိယဝန်ကြီးပါ"  


သတင်းက အပြင်မှာ ပြန့်နေပြီဖြစ်သည်။ လီရှောင်ရူလည်း သတင်းကြားကြားချင်း အိမ်သို့ အမြန်အပြေးပြန်ခဲ့သည်။ 


 "ပန်းဟွာကျွင်းကျူးက ရှစ်မိသားစုရဲ့ အိမ်ထဲကို အစောင့်တွေနဲ့အတူ ဝင်သွားတာလို့ ပြောလို့ရတယ်၊နောက်တော့ ချမ်အမ်မြို့စားမင်းလည်း ရောက်လာတယ်တဲ့" 


 "ပန်းဟွာကျွင်းကျူး...သူမက ဒေါသသိပ်ကြီးတာပဲ... နောက်ဆို သမီး သူမနဲ့ တွေ့ရင် ခပ်ခွာခွာနေဖို့ မမေ့နဲ့၊ မဟုတ်ရင် သမီး ဒုက္ခရောက်လိမ့်မယ်"


လီရှောင်ရူသည် ပန်းဟွာကျွင်းကျူးနှင့် ထိပ်တိုက်တွေ့ဖူးပြီးဖြစ်သည်ကို အဖေဖြစ်သူအား ပြောပြမနေတော့ချေ။


လီချမ်ခိုင်သည် သမီးဖြစ်သူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကာ၊


 "ဒါပေမယ့် ချမ်အမ်မြို့စားမင်းက ဘာလို့ သွားတာလဲ၊သူ့ရည်းစားဘက်က လိုက်တာလား"


လီရှောင်ရူက ရယ်ရင်း 


 "ရှစ်မျိုးနွယ်နဲ့ ချမ်အမ်မြို့စားမင်းက ပြေလည်မှု မရှိဘူးလေ၊ နောက်ပြီးတော့ ချမ်အမ်မြို့စားမင်းကို ဒီကိစ္စကို  အမိန့်ပေးထားတယ်လို့ ကြားတယ်"


 "သခင်လီ"  


တရားရုံးချုပ်မှ အရာရှိသည် တံခါးအပြင်ဘက်တွင် ရပ်ကာ လီချမ်ခိုင်ကို ဦးညွတ်လိုက်သည်။  


"အဆင်သင့်မဖြစ်သေးဘူးလား"


လီချမ်ခိုင်က ကမန်းကတန်း ပြုံးလိုက်ရင်း ပြန်ဖြေ၏။


 "ဟုတ်ကဲ့... ပြီးပါပြီ"    


လီရှောင်ရူသည် အဖေဖြစ်သူ၏ ကျောပြင်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ဤကိစ္စကြီး မကြာခင် ပြီးဆုံးကာ သူမ၏အဖေလည်း ဝင်မပါစေဖို့ သူမ မျှော်လင့်မိသည်။ နိုင်ငံရေးအကြောင်း များများစားစား မသိသော်လည်း၊ သူမ၏ ပင်ကိုယ်အသိက ဤကိစ္စသည် အလွန်ဒုက္ခများလိမ့်မည်ဆိုသည်ကို ကြိုသိနေ၏။


တရားရုံးချုပ်၏ အကျဉ်းထောင်သည် အဓိကအမှုများရှိ သံသယရှိသူများကိုသာ သော့ခတ်ထားရာ ဖြစ်သည်။  သာမန်ရာဇ၀တ်ကောင်များကို တရားရုံးချုပ်၏ အကျဉ်းထောင်တွင် အကျဉ်းမချထားပေ။ ပန်းဟွာသည် တရားရုံးချုပ်၏ အကျဉ်းထောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်၍ အကျဉ်းခန်းကို သေချာ ကြည့်ရှုမိသည်။


 နံရံများပေါ်တွင် သွေးစွန်းထင်းစရာများ မရှိသလို နံရံပေါ်တွင်လည်း ညှဉ်းပန်းနှိပ်စက်သော ကိရိယာများ ချိတ်ဆွဲမထားပေ။အခန်းက နည်းနည်းမှောင်ပြီး ပြတင်းပေါက်က ကျဉ်းသည်။ သံတိုင်များကလည်း အေးစက်နေသည်။ မီးသာလောင်လျှင် ဤအခန်းသို့ မီးမလောင်နိုင်ချေ။


 သူမ အပြင်မှာထိုင်ပြီး လက်ဖက်ရည်သောက်နေစဉ် ရှစ်ဖေးရှန့်ကမူ ကြောင်စီစီနှင့် သော့ပိတ်ခံထားရ၏။မူလက ရှစ်ဖေးရှန့်သည် အော်ဟစ်သောင်းကြမ်းပြီး သူမအား ဆဲဆိုမည်ဟု ထင်ထားသည်။သို့သော်၊ အကျဉ်းခန်းထဲသို့ဝင်ပြီးနောက် ရှစ်ဖေးရှန့်သည် ငြိမ်သက်သွားသော်လည်း မျက်နှာမှာ အနည်းငယ်ဖြူဖျော့၍ ထိတ်လန့်သွားပုံရသည်။


 သူမ အဝေးကို မျှော်ကြည့်နေခိုက်၊ ရှစ်ဖေးရှန့်က ရုတ်တရက် ခေါင်းမော့ပြီး သူမကို ကြည့်သည်။ ရှစ်ဖေးရှန့်၏ မျက်လုံးထဲတွင် ယနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် ပန်းဟွာကြောင့် ဖြစ်ပေါ်လာသည့်အတွက် အမုန်းတရားများဖြင့်သာ ပြည့်နှက်နေသည်။ပန်းဟွာ တခဏမျှ ကြောင်သွားပြီးနောက် တောက်ပစွာ ပြန်ပြုံးလိုက်၏။


 "မြို့စားမင်းရုံ၊သခင်လျှို" 


လီချမ်ခိုင်သည် ထောင်ထဲသို့ ၀င်လာပြီး ရုံရှားနှင့် လျှိုပန်းရှန်ကို အပြုံးဖြင့်နှုတ်ဆက်သည်။ ထို့နောက် သူသည် အကျဉ်းခန်းအတွင်းရှိ ရှစ်ဖေးရှန့်ကို အံ့သြသည့်အမူအရာဖြင့် ကြည့်လိုက်သည်။


"ဒါ သခင်မလေးရှစ်လား၊ ဟာ မဟုတ်ဘူး၊ ဘာဖြစ်နေတာလဲ"


လျှိုပန်းရှန်သည် မပါးနပ်သော မြေခွေး လီချမ်ခိုင်အား စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ရှစ်မိသားစု၏သမီးကို တရားရုံးချုပ်ထောင်သို့ ခေါ်ဆောင်သွားကြောင်း သူ မသိခဲ့ပေ။သို့သော် သူသည် အပြင်ပန်းကမူ ပြုံး၍..


 "ဒီကိစ္စက အရမ်းခက်ခဲတယ်၊ ဒါကြောင့် မြို့စားမင်းရုံနဲ့ အတူတူ စုံစမ်းစစ်ဆေးဖို့ သခင်လီကို ဖိတ်ခေါ်ချင်ပါတယ်၊ဧကရာဇ်က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တရားရေးရာဝန်ကြီးဌာနကို အမိန့်ပေးထားပြီးဖြစ်လို့ မကြာခင်မှာ သခင်လီလည်း ကူညီပေးရမှာပါ"


လီချမ်ခိုင်က သူ့လက်ကို ဝှေ့ယမ်းပြီး 


"ကျွန်တော်က ခင်ဗျားကို မကူညီနိုင်ဘူးထင်တယ်..."


ရုံရှားက လီချမ်ခိုင်ကို လှည့်ကြည့်လိုက်သည်။ 


 "သခင်လီက တရားရေးရာ ဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးပဲ၊ အရည်အချင်း မပြည့်မီတာမျိုးမဖြစ်နိုင်ပါဘူး"


လီချမ်ခိုင် အေးခဲသွားသည်။ရုံရှားသည် ဝန်ထမ်းရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်ကြောင်း သူ အမြဲသိနေပါ၏။ဤကိစ္စကို သဘောမတူလျှင် တရားရေး ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ရာထူးက ဆုံးရှုံးသွားနိုင်သည်။


 "ဒါဆိုလည်း ကျွန်တော်က သိပ်အရည်အချင်းမရှိပေမယ့် မြို့စားမင်းရုံက ကျွန်တော့်အကူအညီလိုရင် အစွမ်းကုန်ကူညီပါ့မယ်" 


လျှိုပန်းရှန် က ပြုံးပြီး "ကျွန်တော်တို့အားလုံးလည်း ဒီမှာရှိနေမှာဆိုတော့ အကူအညီလိုရင် ပြောပါ"


ပြောပြီးသည်နှင့် တပြိုင်နက် ထောင်တံခါးဆီသို့ လှည့်ကြည့်လိုက်ကာ  ရှစ်ဖေးရှန့် ကို ပြောလိုက်၏။


 "သခင်မလေးရှစ် မနေ့က နေ့လည်ပိုင်းက ပျက်စီးယိုယွင်းနေတဲ့ ဘုရားကျောင်းကို ဘာကြောင့်သွားတာလဲလို့ မေးလို့ရမလား"


ရှစ်ဖေးရှန့် က သူ့ကိုကြည့်ကာ ဘာမှပြန်မပြောချေ။ဤသည်ကို သူ ဒေါသ  ဒေါသမထွက်ဘဲ ထပ်မေးသည်။


 "အရမ်းထူးဆန်းတယ်၊ မင်းက ဝန်ကြီးချုပ်ရဲ့သမီးမို့လို့ လွတ်လွတ်လပ်လပ် ခရီးသွားသင့်တယ်၊ ဘာလို့ ဘုရားကျောင်းကို တစ်ယောက်တည်း သွားတာလဲ"


 "ဟုတ်​တယ်​ ကျွန်မ တွေ့ချင်​တဲ့သူတစ်​​ယောက်​ရှိတယ်​" ရှစ်ဖေးရှန့်သည် ရုံရှား ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။  


"ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကျွန်မကို စာတစ်စောင်ပို့ပြီး အဲဒီမှာ သူ့ကိုစောင့်နေဖို့ ချိန်းထားလို့ပဲ"


 "မင်းနဲ့ချိန်းထားတဲ့သူက ဘယ်သူလဲ"  


လျှိုပန်းရှန်က မေးသည်။


ရှစ်ဖေးရှန့် တိတ်ဆိတ်သွားပြန်သည်။


"သခင်မလေးရှစ်၊ အမှန်အတိုင်းမပြောရင် အပြစ်မရှိဘူးဆိုတာကို ကျွန်တော်တို့ဘယ်လိုသက်သေပြနိုင်မှာလဲ"


 "ချိန်းဆိုထားတဲ့သူက သူဘယ်သူလဲဆိုတာ မပြောပါဘူး"


 "သခင်မလေးရှစ်၊ ဘာလို့ အမည်မသိလူနဲ့ ချိန်းထားတာလဲ"


 "ဘာလို့လဲဆို​တော့ ကျွန်​​မ သူ့လက်​​ရေးကို သိတယ်​‌ေလ...."


ပြောပြီး ရှစ်ဖေးရှန့်က ရုံရှားကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။  


"သူ့လက်ရေးကို ကျွန်မ အကြိမ်ပေါင်းများစွာ မြင်ဖူးတယ်၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူရေးထားတယ်ဆိုတာကို သိတယ်"


 "အဲဒါဘယ်သူလဲ" 


လျှိုပန်းရှန် သည် ရုံရှားကိုပြန်ကြည့်ကာ ထပ်မေးသည်။


 "ချမ်အမ်မြို့စားမင်း ရုံရှားပါ"




xxxxxx