Chapter 91
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အချို့က ရုံရှားကို ကြည့်နေကြပြီး အချို့က ပန်းဟွာကို ကြည့်နေကြသည်။
ပန်းဟွာသည် ရုံရှားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ လက်ဖက်ရည်ကို ဆက်သောက်လိုက်သည်။
ရုံရှားက မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်ကာ
"ကျွန်တော်လား..."
ရှစ်ဖေးရှန့်က မရယ့်ချင့်ရယ်ချင့်ဟန်မျိုး ရယ်မောလိုက်သည်။
"ရှင့်အတွက်မဟုတ်ရင် ကျွန်မက ဘာလို့ အဲ့ဒီကန္တာရဘုရားကျောင်းကို သွားရမှာလဲ"
ရုံရှားသည် ရှစ်ဖေးရှန့် ကို ငြိမ်သက်စွာ ကြည့်နေသည်။
"ဒါပေမယ့် ငါ မင်းဆီကို စာတစ်ခါမှ မရေးပေးဖူးဘူး၊ မင်း ပြောတဲ့ စာကို ပြလို့ရမလား"
"အခု ဒီလိုမျိုး ဖြစ်သွားပြီးပဲ၊ ရှင်က ကျွန်မဆီကို စာရေးခဲ့တယ်ဆိုတာကို ဝန်ခံမှာ မဟုတ်ဘူးလေ"
သူမလို မာနကြီးသူမျိုးအား ယခုလို လုပ်စေသူမှာ ရုံရှားပင်ရှိသည်။
ယခုဆိုလျှင် လီချမ်ခိုင် အပါအဝင် တခြားလူများလည်းရှိနေ၍ ရှစ်ဖေးရှန့်သည် သက်သေခံစာအား ရုံရှား ဖျက်ဆီးမှာကို မစိုးရိမ်ဘဲ အဝတ်အစားအတွင်း၌ ဝှက်ထားသော စာရွက်ကို ထုတ်ပေးလိုက်သည်။
ရုံရှားက လှမ်းမယူသဖြင့် လျှိုပန်းရှန်သည် လီချမ်ခိုင်ကို ကြည့်လိုက်သည်။ လီချမ်ခိုင်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီး သပ်ရပ်စွာခေါက်ထားသော စာရွက်ကို ယူလိုက်သည်။ရုံရှား၏ လက်ရေးနှင့် ပန်းချီကားများကို သူမြင်ဖူးသောကြောင့် စာရွက်အားဖွင့်ပြီး တစ်ချက်ကြည့်လိုက်သောအခါ၊ ဤစာများသည် ရုံရှား အမှန်တကယ်ရေးသားသည်ဟု နားလည်လိုက်သည်။သို့သော် သူ့နှုတ်ကမူ ထုတ်မပြောဝံ့၍ လျှိုပန်းရှန်အား
"သခင်လျှို၊ ဒါကိုကြည့်ပါဦး..."
လျှိုပန်းရှန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။
"ဒါက မြို့စားမင်းရုံ ရေးတာမဟုတ်ဘူး"
ရှစ်ဖေးရှန့်သည် လျှိုပန်းရှန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
"ဘာ....မဖြစ်နိုင်ဘူး"
ရုံရှား၏ လက်ရေးမူကို သူမ,မမှတ်မိခြင်းက မဖြစ်နိုင်ပေ။ ဤသည်က ရုံရှား ၏ လက်ရေးမှန်း သိသာလှ၏။တစ်ဖက်က လျှိုပန်းရှန်သည် ရုံရှားကို လှည့်ကြည့်ရင်း
"သခင်မလေးရှစ်၊ ကျွန်တော်က မြို့စားမင်းရုံရဲ့ လက်ရေးကို အရမ်းကြိုက်တယ်၊ ဒါကြောင့် နှစ်တွေကြာလာသည်အထိ မြို့စားမင်းရုံရဲ့ လက်ရေးစာတွေကို စုဆောင်းခဲ့တယ်..တကယ်တော့၊ မြို့စားမင်းရုံရဲ့ လက်ရေးက သိပ်နာမည်ကြီးတယ်လေ၊ အပြင်မှာ ပြန့်နေတဲ့ မြို့စားမင်းရုံရဲ့ လက်ရေး တော်တော်များများက မိတ္တူတွေပါ.....ဒီလက်ရေးကို မြို့စားမင်းရုံ ရေးထားပုံရပေမယ့်၊ ပညာရှင်တွေကို တစ်ချက်လောက်ကြည့်ပေးဖို့ ပြောရင် ဒါဟာ မြို့စားမင်းရုံ ရေးထားတာမဟုတ်ကြောင်း သက်သေပြနိုင်မှာပါ....သခင်မလေးရှစ်၊ တရားရုံးချုပ်မှာ လက်ရေးကိုကြည့်ပြီး အကဲဖြတ်နိုင်တဲ့ အရာရှိတစ်ယောက်ရှိတယ်၊ ဧကရာဇ်ကတောင် သူ့ကို ချီးကျူးထားတာဆိုတော့ အခုပဲ အကဲဖြတ်ခိုင်းလိုက်ပါမယ်"
လျှိုပန်းရှန်က အလွန်သေချာသည်ကိုတွေ့လိုက်ရသဖြင့် ရှစ်ဖေးရှန့် တစ်ဝက်ခန့် ယုံကြည်နေပြီဖြစ်သည်။ရုံရှားသည် အများအားဖြင့် သူမကို သိပ်ဂရုမစိုက်ချေ။ဒါဆို သူမနဲ့တွေ့ဖို့ သူ့ဘက်က စာရေးတာဟာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။
ထို့နောက် သူမ တစ်ကိုယ်လုံး တုန်ယင်လာပြီး အေးစက်နေသော ကြမ်းပြင်ပေါ်တွင် ပျော့ညံ့စွာ ထိုင်ချလိုက်မိသည်။
မကြာခင် လက်ရေး အကဲဖြတ်နိုင်သည့် အဘိုးကြီး ရောက်လာသည်။ သူက ရုံရှား၏ လက်ရေးမူရင်းနှင့် ရှစ်ဖေးရှန့် ပေးသည့် စာရွက်ကို အတူတူ ကိုင်ထားပြီးမှ ခေါင်းယမ်းလိုက်သည်။
"ဒါကို လူနှစ်ယောက်က ရေးတာပါ၊ မြို့စားမင်းရုံရဲ့ လက်ရေးက သန်စွမ်းပြီး ခွန်အားလည်း ကြီးတယ်၊ ဒါ့ပြင် သူ့လက်ရေးအဆုံးမှာ နဂါးနဲ့ ဖီးနစ်ငှက်လေးတွေ ကပြနေသလို ခံစားရစေမယ့် အချိတ်အဆက်လေးတွေ ရှိတယ်၊ ဒါပေမယ့် ဒီမှတ်စုမှာပါတဲ့ လက်ရေးက ပုံပန်းသဏ္ဌာန်ချင်း ဆင်တူပေမယ့် အထဲက စွမ်းအားချင်းမတူပါဘူး၊ ဒါ့အပြင် ဒီလူရဲ့ လက်ရေးဟာ မတည်မငြိမ်ဖြစ်နေတယ်၊ ကြည့်ရတာ လက်ကောက်ဝတ်က အားသိပ်မကောင်းလို့ ဖြစ်မယ်၊ဒီစာကို ရေးတဲ့သူက ကျန်းမာရေး အားနည်းတဲ့ပညာရှင် ဒါမှမဟုတ် မိန်းမပဲ"
အဘိုးအိုသည် စာရွက်ကို ချလိုက်ပြီး အရာရှိ သုံးဦးအား အလေးပြုသည်။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ သဘောထားပါ၊ ဒါပေမယ့် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ သေသေချာချာအကဲဖြတ်ဖို့ တောင်းဆိုချင်ပါတယ်"
"ကျေးဇူးတင်ပါတယ်...." လျှိုပန်းရှန် သည် အဖိုးအိုအား ဦးညွှတ်ပြီး ရှစ်ဖေးရှန့်ထံ လှည့်လိုက်သည်။ "သခင်မလေးရှစ်..."
ရှစ်ဖေးရှန့်က မျက်နှာထားတင်းနေဆဲဖြစ်ကာ
"မလိုပါဘူး၊ ကျွန်မ ယုံပါတယ်"
လျှိုပန်းရှန် ပြုံးလိုက်သည်။
"ဒါဆိုရင် သခင်မလေးရှစ်က ပျက်စီးနေတဲ့ ဘုရားကျောင်းကို သွားတယ်ဆိုတာ ဟုတ်တယ်မဟုတ်လား"
ရှစ်ဖေးရှန့် ပြန်မဖြေသောအခါ လီချမ်ခိုင် တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ ရှစ်မိသားစု၏ သခင်မလေး၏ ကိစ္စကို ရှင်းရှင်းလင်းလင်း အဖြေမရှာနိုင်မည်ကို သူ ကြောက်သည်။ ရှစ်မိသားစု၏ ဒုတိယသမီးတော်သည် လက်ရေးလှကြောင်း မြို့တော်ရှိလူတိုင်း သိကြသည်။ ထို့ကြောင့် သူမသည် ဤမှတ်စုကို တမင်ကူးယူခဲ့ခြင်းဖြစ်နိုင်သည်။
ထို့အပြင်၊ သူမသည် မြို့စားမင်းရုံ အတွက် ခံစားချက်အချို့ရှိကြောင်း လူတိုင်းနီးပါး သိကြသည်။ သူမ လူသတ်ခဲ့သည် ဟူသောအချက်ကိုဖုံးကွယ်ရန်ဤအကြောင်းပြချက်ကိုလည်း သုံးနိုင်သည်။ မှန်မမှန် ဆိုတာကို ဘယ်သူက ပြောနိုင်မလဲ...
"သခင်မလေးရှစ်၊ ဒီကိစ္စကို မရှင်းခင် ဒီမှာ ရက်အနည်းငယ်လောက်နေဖို့ ပြောချင်ပါတယ်"
လျှိုပန်းရှန်သည် ရုံရှားနှင့် ပန်းဟွာကို တစ်လှည့်စီကြည့်လိုက်သည်။
"ဒါပေမယ့် ကျွန်တော်တို့က လူဆိုးကိုလည်း ထွက်ခွင့်မပြုသလို၊ လူကောင်းတစ်ယောက်ကိုလည်း မှားယွင်းစွပ်စွဲမှာ မဟုတ်ဘူးဆိုတာလည်း စိတ်ချပါ"
ရှစ်ဖေးရှန့် ဘာမှ မပြောချေ။ မှတ်စုကို မြင်လိုက်ရုံဖြင့် ရုံရှား ရေးသည်ဟု ယုံကြည်သော သူမကိုယ်သူမသာ အပြစ်တင်မိသည်။ သူမကိုယ်တိုင်က လက်ရေးကို သေသေချာချာ မခွဲခြားမိခဲ့ပေ။
ယခု သူမ၏ တစ်ခုတည်းသောလမ်းက သူမကိုကယ်တင်ဖို့ သူမ၏ အဖေနှင့် အစ်ကိုကို စောင့်ဖို့သာ ရှိတော့သည်။ သို့သော် သူမကို ခေါ်ဆောင်သွားချိန်မှာ အဖေဖြစ်သူ၏ မျက်နှာမူရာကို ပြန်စဉ်းစားမိပြီး ယခုလို တွေးနေခြင်းက ရယ်စရာကောင်းသည်ဟု ခံစားရ၏။ တကယ်တမ်း ရှစ်မိသားစုမှ မိန်းကလေးများသည် မိသားစုအတွက် အနစ်နာခံရန် မွေးဖွားလာကြခြင်းပင်။
သူမ၏ တစ်ခုတည်းသော အလွန်ကြီးမားသည့် မျှော်လင့်ချက်မှာ သူမ နှစ်သက်သော ယောက်ျားကို လက်ထပ်ရန်ဖြစ်သည်။ သို့သော် ထိုလူက သူမကို မကြိုက်သောကြောင့် ကြီးမားသော မျှော်လင့်ချက်လည်း ပျက်ဆီးသွားခဲ့သည်။
ရှစ်ဖေးရှန့်၏ နှုတ်ခမ်းများသည် လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။
"မြင်တယ်၊ရှင်တို့ သွားလို့ရပြီ.... ကျွန်မကို ဒီလို အရေခြုံမျက်နှာထားမျိုးနဲ့ ကောင်းပြနေစရာ မလိုဘူး"
သူတို့ဘေးမှာထိုင်ပြီး ဘာမှဝင်မပြောရသေးသည့် ပန်းဟွာက ရုတ်တရက် ထရပ်ပြီး ရုံရှားကို
"ကျွန်မ ပြန်သင့်ပြီ"
ရုံရှား လည်း ထရပ်လိုက်သည်။
"ကိုယ် မင်းကို လိုက်ပို့မယ်"
"မြို့စားမင်းရုံ" ရှစ်ဖေးရှန့်က ရုံရှားကို လေးလေးနက်နက် ကြည့်လိုက်ရင်း
"ကျွန်မကို ဂရုမစိုက်ဘဲ ပန်းဟွာလို မိန်းမနဲ့ ဘာလို့ လက်ထပ်ချင်သလဲဆိုတာကို ရှင် ပြောပြနိုင်မလား"
ပန်းဟွာ ရပ်လိုက်ပြီး ရှစ်ဖေးရှန့်ကို အေးစက်စက်လှည့်ကြည့်လိုက်သည်။
ကမ္ဘာပေါ်မှာ သူတို့ကိုယ်သူတို့ ကောင်းကြောင်း၊ တော်ကြောင်း ၊ချောမောလှပကြောင်း ယုံကြည်သူအချို့ ရှိစမြဲပင်။မိမိဘက်က ခံစားချက်တစ်ခု စတင်မိ၍ တစ်ဖက်က မကြိုက်နှစ်သက်ဘူးဆိုလျှင်တောင် အကြောင်းပြချက်တောင်းတတ်သူများလည်း ရှိကြ၏။တစ်ဖက်မှာ ချစ်သူ (သို့) ဇနီးရှိနေပြီဆိုလျှင်တောင် အနည်းဆုံး အကြောင်းပြချက် အဖြေတစ်ခုတော့ လိုချင်ကြ၏။
ရုံရှားက ခြေလှမ်းကို ခဏရပ်လိုက်ပြီး
"ငါ့မျက်လုံးထဲမှာ မင်းက မြို့တော်က တခြားမိန်းကလေးတွေနဲ့ အတူတူပါပဲ၊ ဒါပေမယ့် ပန်းဟွာကျွင်းကျူးက မတူဘူး၊အထူးသဖြင့် ငါ့ဇနီးလောင်းရှေ့မှာ ဒီလိုမေးခွန်းမျိုးကို နောင်မှာ မမေးမိတော့ဘူးလို့ မျှော်လင့်ပါတယ်၊ ဒီလိုမေးခွန်းမျိုးက ဘေးလူတွေကို ရှက်ရွံ့စေသလို ငါ့ဇနီးလောင်းကိုလည်း စိတ်မချမ်းသာစေပါဘူး...ကဲ ငါတို့ သွားတော့မယ်"
ရုံရှားနှင့် ပန်းဟွာ ထွက်ခွာသွားသည့်အချိန်မှ လူအုပ်ကြီးသည် တဖြည်းဖြည်း အသိစိတ် ပြန်လည်ခံစားလာရသည်။
" ဟုတ်တယ်၊ ဒီသခင်မလေးရှစ်က မြို့စားမင်းရုံနဲ့ ပန်းဟွာကျွင်းကျူး စေ့စပ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိပေမယ့် သူတို့ရှေ့မှာ ဒီလိုမေးခွန်းမျိုး မေးနေရသလား၊ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား... ပန်းဟွာကျွင်းကျူးနှင့် မြို့စားမင်းရုံတို့က သိပ်အဆင်ပြေနေပုံရပေမယ့် သူမရဲ့ မေးခွန်းကြောင့် ပြဿနာတက်သွားနိုင်တယ်..."
လီချမ်ခိုင် သူ့စိတ်ထဲတွင် ညည်းညူလိုက်သည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။သူ အကျပ်ရိုက်နေပြီး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတော့၏။သူသည် ရှစ်ချုံးဟိုင်တို့ မိသားစုတွင် အရေးပါသောရာထူးမျိုး မရှိပေ။ယခုဆိုလျှင် ရှစ်မိသားစုအတွက် အကောင်းဆုံးလုပ်ဆောင်ရန် သူ့အတွက် ခက်ခဲနေရသည်။
တရားရုံးချုပ်က ထွက်လာသော် ပန်းဟွာ ကောင်းကင်ကို မော့ကြည့်သည်။ ကောင်းကင်က အနည်းငယ် အုံ့မှိုင်းနေသေးသည် မြင်လိုက်ရလျှင် သူမက ရုံရှားကို
"ရှင် အခု အိမ်တော်ကို ပြန်မှာလား"
"ကိုယ်က မင်းကို အရင်ပြန်ပို့ပေးမယ်၊ ကိုယ် မင်းကိုပြောစရာရှိတယ်"
ပန်းဟွာက မျက်ခုံးပင့်လိုက်သည်။
"သခင်မလေးရှစ် အကြောင်းလား... မလိုပါဘူး၊ ရှင်နဲ့ သူမကြားမှာ ဘာမှမရှိဘူးလို့ ကျွန်မ ယုံကြည်တယ်"
ရုံရှားက သူမကို အံ့သြစွာ ကြည့်လိုက်သည်။
"ယောက်ျားပျိုတစ်ယောက်က တခြား မိန်းမပျို တစ်ယောက်ကို ကြည့်တဲ့ပုံစံကိုကြည့်ပြီး ဝေခွဲလို့ရပါတယ်၊ကျွန်မ အမြင်အရတော့ သခင်မလေးရှစ်ကို ရှင် ကြည့်တဲ့ပုံစံက လက်ထောက်ဝန်ကြီးလီကို ကြည့်တဲ့ပုံစံနဲ့ အတူတူပါပဲ"
ရုံရှား အံ့ဩသွားသည်။ခဏအကြာတွင် သူက ရယ်ပြီး
"ဟွာဟွာက ကိုယ့်ကို ဒီလောက်တောင် ယုံတာလား"
ပန်းဟွာက လေးလေးနက်နက် ခေါင်းညိတ်သည်။ ရုံရှား သည် သူ၏ မျက်လုံးများကို ကြည့်ကာ တဟက်ဟက်ရယ်မောလိုက်၏။
ဝန်ကြီးချုပ်၏သမီးကို တရားရုံးချုပ် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည့် သတင်းသည် မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။ အချို့သော သာမန်ပြည်သူများပင်လျှင် ကိစ္စတစ်ခုလုံးကို နားလည်သဘောပေါက်ကာ ပြောဆိုလာကြသည်။ သခင်မလေးရှစ်သည် ပန်းဟွာကျွင်းကျူး၏အလှကို မနာလိုသောကြောင့် ပန်းဟွာကျွင်းကျူးကို လုပ်ကြံရန် လုပ်ကြံသူများ ငှားရမ်းခဲ့ကြောင်း...ဤကိစ္စကို ဖော်ထုတ်နိုင်ပြီးနောက် ချမ်အမ်မြို့စားမင်းက ဒေါသတကြီးဖြင့် သခင်မလေးရှစ်ကို ဧကရာဇ်ထံ အစီရင်ခံကြောင်း၊ ယခုလို သခင်မလေးရှစ်ကို ထောင်ထဲထည့်လိုက်ခြင်းက အင်အားကြီးသည့် နယ်စားမင်းရှစ်ကို စော်ကားလိုသည့်သဘောမျိုးဖြစ်ကြောင်း စသည်ဖြင့် သတင်းမျိုးစုံပျံ့နှံ့လာကြ၏။
နောက်ဆုံး အကျဉ်းချုပ်ရသော် နာမည်ဆိုးတွင်သွားသည်က သခင်မလေးရှစ်ပင်။ချမ်အမ်မြို့စားမင်းသည် ပန်းဟွာကျွင်းကျူးကို စွဲလန်းမြတ်နိုးခဲ့သည်။ သနားစရာ ပန်းဟွာကျွင်းကျူးခမျာ ရုပ်ရည်ရူပကာ လှပလွန်းတာကြောင့် မနာလိုဖြစ်ခံနေရသည်။ဤဇာတ်လမ်းမှာ ပန်းဟွိုက်နှင့် ဤအရာတို့ ဘာမှ မသက်ဆိုင်ချေ။
သခင်မလေးရှစ်သည် တယဲ့မှာ နံပါတ်တစ်အလှဆုံးသူဟု ပြောသူများလည်း ရှိသည်။ ပန်းဟွာကျွင်းကျူးကို သူမက ဘယ်လိုများ မနာလိုဖြစ်နိုင်ရသလဲ။ သို့သော် သိပ်မကြာလိုက်၊ သခင်မလေးရှစ်လည်း အရှက်ကွဲခဲ့ရသည်။အကြောင်းရင်းမှာ အိုက်ပိုမင်းသားသည် မိန်းကလေးရှစ်က နံပါတ်တစ်အလှဆုံးဖြစ်ကြောင်း ကြားသိရသောအခါ၊သူ၏ ကြင်ယာတော်အဖြစ် လက်ထပ်လိုခဲ့သည်။သို့သော် သူ ထင်နေသော အလှဆုံးသူက ပန်းဟွာကျွင်းကျူး ဖြစ်နေသောအခါ အထင်နှင့်အမြင်တို့ တက်တက်စင်အောင် ကွဲလွဲရတော့၏။
သခင်မလေးရှစ်ဟာ ကမ္ဘာမှာ နံပါတ်တစ်အလှဘုရင်မလို့ လူတိုင်းက ဘာလို့ချီးမွမ်းနေကြတာလဲ....သခင်မလေးရှစ်က အမျိုးသားတွေကို ဆွဲဆောင်နိုင်လို့ပဲလား...ပန်းဟွာကျွင်းကျူးရဲ့ ခင်ပွန်းလောင်းကိုတောင် သူမက တစ်ဖက်သတ်ကြိုက်နေတာမဟုတ်လား....
မြို့တော်ရှိ ပြည်သူများ၏ ပါးစပ်ထဲတွင် ချစ်ခြင်း၊ မုန်းတီးခြင်း နှင့် အာဃာတစိတ်များသည် စာအုပ်တစ်အုပ်ထဲတွင်ပင် မရေးမှတ်နိုင်သည့်ဇာတ်လမ်း သန်းပေါင်းများစွာ ဖြစ်တည်လာကြတော့၏။အချို့လက်ဖက်ရည်ဆိုင်များတွင် ဤအကြောင်းအရာကို အခြေခံ၍ ဇာတ်လမ်း ထွင်ပြောသည့် ပုံပြင်ပြောသူများပင် ရှိနှင့်နေပြီဟု ဆိုသည်။သူတို့သည် ပုံပြင်ပြောရန် ဤဇာတ်လမ်းများကို အသုံးပြုကာ ပြောဆိုနေကြတော့သည်။
ရှစ်ချုံးဟိုင်သည် ထိုကောလာဟလများကို သည်းမခံနိုင်တော့သဖြင့် ဧကရာဇ်ထံ တိုင်ကြားခဲ့သည်။ သို့သော်လည်း ဧကရာဇ်ကို တိုင်တန်းရုံမျှဖြင့် သူ့အတွက် အခြေအနေ မထူးခြားသွားပေ။အကျိုးခံစားခွင့်များ ရရှိနိုင်သည့် ပန်းဟွာနှင့် သူသည် လားလားမျှ မတူညီချေ။
ယခုတစ်ကြိမ်တွင် ဧကရာဇ်သည် အိမ်ရှေ့စံ၏ မျက်နှာကိုပင်မထောက်ထားဘဲ ရှစ်မိသားစု၏ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့သည်။အရာရှိအားလုံးရှေ့မှာရှစ်ချုံးဟိုင်ကို ပြစ်တင်ရှုတ်ချသည်။သားသမီးများကို ကောင်းကောင်းမသွန်သင်တတ်ဘဲ ပျင်းရိနေသည်ဟု ဆိုသည်။
ရှစ်ချုံးဟိုင် အကြာကြီးနေမှ ယခုလို အကြီးအကျယ် မျက်နှာပျက်သွားရတော့သည်။တရားရုံးမှ ထွက်သွားသောအခါ သူ၏ ခြေထောက်များက တုန်ခါနေသည်ဖြစ်၍ ဝေါယာဉ်ပေါ်သို့ တက်ရန် အမှုထမ်း နှစ်ဦး၏ အကူအညီကိုပင် ယူခဲ့ရသည်။
ရှဲ့ဝမ်ယွီသည် နန်းတော်အစေခံ ပြောပြ၍ ရှစ်မိသားစု၏ ဝမ်းနည်းကြေကွဲစရာ အခြေအနေအကြောင်း သိရသည်။သူမသည် မှန်ရှေ့တွင်ထိုင်ကာ မျက်ခုံးမွှေးများကို စုတ်တံသေးသေးလေးဖြင့် ညင်သာစွာ ပွတ်သပ်ရင်း
"ဒီကိစ္စက ဘာများထူးခြားလို့လဲ၊ဧကရာဇ်က အိမ်ရှေ့စံကို ပိုသဘောကျတယ်၊ ရှစ်မိသားစုရဲ့ အခြေအနေကလည်း လောလောဆယ် အခြေအနေနည်းနည်းဆိုးနေတာပါပဲ၊ သူတို့က အခြေ ခိုင်သူတွေ ဖြစ်တော့ တော်ရုံပြိုလဲမှာမဟုတ်ဘူး"
ရှဲ့ဝမ်ယွီ၏ စကားများသည် အေးစက်နေသော်လည်း သူမ မျက်နှာထက်မှာ အပြုံးတစ်ခုရှိနေသေးသည်။
"ကြင်ယာတော် မသိဘူးနော်.... သခင်မလေးရှစ်နဲ့ ပတ်သက်ပြီး အပြင်မှာထွက်ပေါ်နေတဲ့ ကောလဟာလတွေက သိပ်ကို စိတ်မသက်မသာဖြစ်စရာ ကောင်းတယ်၊ ကျွန်မသာ အကုန်ပြောရရင် ကြင်ယာတော် နားခံသာမှာမဟုတ်တော့ဘူး"
ရှဲ့ဝမ်ယွီ နောက်လှည့်ကာ နန်းတော်အစေခံကို ကြည့်ရင်း "အို....အပြင်ကလူတွေက ဘာတွေပြောနေကြလို့လဲ"
အစေခံသည် နန်းတော်၌ ပြောဆိုဖို့ သင့်တော်သော ကောလာဟလအချို့ကိုသာ ထုတ်နှုတ်၍ ပြောကြားခဲ့သည်။ သူမ စကားဆုံးသွားသောအခါ ရှဲ့ဝမ်ယွီက သိပ်မအံ့ဩသလို ဖြစ်နေသောကြောင့် သူမက ဆက်ပြီး...
"သခင်မလေးရှစ်က ချမ်အမ်မြို့စားမင်းရှေ့မှာတင် ပြောတယ်၊ ဘာလို့ သူမကို အဖက်မလုပ်ဘဲ ပန်းဟွာကျွင်းကျူး လို အမျိုးသမီးနဲ့လက်ထပ်ရတာလဲလို့ မေးတယ်လေ"
ရှဲ့ဝမ်ယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
"ချမ်အမ်မြို့စားမင်းက ဘာပြောလိုက်သလဲ"
"ချမ်အမ်မြို့စားမင်းက သူ့မျက်လုံးထဲမှာ သခင်မလေးရှစ်က မြို့တော်မှာရှိတဲ့ တခြားအမျိုးသမီးတွေနဲ့ အတူတူပါပဲလို့ ပြောတယ်....ဒါက သခင်မလေးရှစ်က သူ့အတွက် သိပ်မထူးခြားတဲ့မိန်းမတစ်ယောက်လို့ ဆိုလိုတာ ဖြစ်နိုင်တယ်"
ရှဲ့ဝမ်ယွီက တိုးတိုးလေးရယ်ပြီး
"မဟုတ်ဘူး၊ အစကနေ အခုချိန်ထိ သူ့မျက်လုံးထဲမှာ သူမ မရှိခဲ့ဘူးလို့ ဆိုလိုတာပါ"
ချမ်အမ်မြို့စားမင်းသည် အမျိုးသမီးများနှင့် အလွန်ဝေးကွာသူဖြစ်သည်။ သူ့ကို ဘယ်မိန်းမနှင့်မှ နီးနီးကပ်ကပ် တွဲ၍မမြင်ဖူးချေ။ ဧကရာဇ်၏ မွေးနေ့ပွဲကျင်းပရာ နှင်းကျချိန်၌သာ မိန်းမတစ်ယောက်နှင့်တွဲ၍ သူမ မြို့စားမင်းရုံကို မြင်ဖူးခြင်းပင်။ သူနှင့် ပန်းဟွာတို့ ဘေးချင်းကပ် လျှောက်လာကြခြင်းဖြစ်သည်။သူတို့နှစ်ယောက်ကြားမှာ တစ်နည်းတစ်ဖုံ ထူးဆန်းနေသည်ဟု သူမ အစကတည်းက ရိပ်မိခဲ့၏။ထိုနေ့က သူမသည် ရှစ်ဖေးရှန့်ကိုပြောမည့်အစား တိတ်ဆိတ်စွာနေဖို့သာ ရွေးချယ်ခဲ့သည်။
ရှစ်ဖေးရှန့်က သူမကိုယ်သူမ သိပ်ချစ်စရာကောင်းပြီး ကမ္ဘာပေါ်က ယောက်ျားအားလုံးက သူမကို လိုချင်နေကြတယ်လို့ တွေးနေတာမဟုတ်လား.... အခုလည်း သူမကို ဘယ်ယောက်ျားကများ လိုချင်တပ်မက်နေသလဲဆိုတာ ကြည့်ချင်မိသေးရဲ့....
ထိုအကြောင်းကိုတွေးရင်း ရှဲ့ဝမ်ယွီသည် ကြွေပန်းအိုးထဲမှ နူးညံ့လှပသော ပန်းတစ်ပွင့်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ပွင့်ဖတ်များကို လက်ဖြင့်ဆွဲချေပြီး တခစ်ခစ်ရယ်လိုက်သည်။
"ဘာလို့ ရယ်နေတာလဲ"
ကျန်းလော အခန်းထဲကို ဝင်လာပြီး စားပွဲတင်ခုံရှေ့မှာ ထိုင်နေသည့် ရှဲ့ဝမ်ယွီကို တွေ့လိုက်သည်။သူက ကုလားထိုင်နောက်ကို ပျင်းရိစွာ ပြန်လှဲလိုက်ပြီး
" နောက်ရက်အနည်းငယ်ကြာရင် မြို့စားမင်းချန်ရဲ့ မွေးနေ့ကို ရောက်တော့မယ်၊ မွေးနေ့လက်ဆောင် ပြင်ဆင်ဖို့ မမေ့နဲ့ဦး"
ရှဲ့ဝမ်ယွီသည် ပန်းပွင့်များကို ကြမ်းပြင်ပေါ်သို့ ကြဲချလိုက်သည်။ထို့နောက် သူမလက်ဖဝါးမှ ပန်းပွင့်ဖတ်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။
"အရှင့်သားရဲ့ အဘိုးမွေးနေ့ဆိုတော့ အရှင့်သား လူကိုယ်တိုင်သွားမှဖြစ်မယ်"
"ဒါကို ကိုယ်သိပါတယ်၊ မင်း ကိုယ့်ကို သင်ပေးစရာ မလိုဘူး၊မင်း မွေးနေ့ လက်ဆောင်တစ်ခု ပြင်ဆင်ပြီး ကိုယ်နဲ့အတူ သွားရမယ်"
သူသည် လှပသော မိန်းမများကိုသာ နှစ်သက်သည်။ရှဲ့ဝမ်ယွီကိုလက်ထပ်ပြီးနောက်တွင် သူမက သိပ်မလှကြောင်း အမြဲခံစားခဲ့ရသောကြောင့် သူတို့နှစ်ဦးသည်အခန်းတစ်ခန်းကို အတူသိပ်မသုံးဖြစ်ပေ။ ယခုတော့ သူမ၏ ရှည်လျားသော ဆံပင်ရှည်ကို မြင်လိုက်ရ၍ သူ ရုတ်တရက် စိတ်ဝင်စားလာပြီး သူမအနားကိုတိုးလာကာ
"ဝမ်ယွီ ဒီနေ့ အရမ်းလှတယ်"
"ဟုတ်လား" ရှဲ့ဝမ်ယွီက ကျန်းလော ကို မော့ကြည့်ပြီး "ကျွန်မ စိတ်ကောင်းဝင်နေလို့ဖြစ်မယ်"
"ဒါဆို မင်း မကြာခဏ ပြုံးပြုံးလေးနေပါ"
ပြောရင်းဆိုရင်း ကျန်းလောသည် ရှေ့သို့ လျှောက်သွားပြီး သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထိုအခါ နန်းတော်အစေခံတို့သည် အလိုက်တသိ ခေါင်းငုံ့ကာ တိတ်ဆိတ်စွာဆုတ်ခွာသွားကြ၏။
xxxxxx