အပိုင်း၉၂
Viewers 4k


Chapter 92


သုံးရက်အကြာတွင် ကောကုန်းကျင့်ထင်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သော လူသတ်သမားလေးဦးအား ခေါင်းဖြတ်ကွပ်မျက်ရန် သေဒဏ်ချမှတ်ခဲ့သည်။ ရှစ်ဖေးရှန့်ကိုတော့ တရားရုံးချုပ်၏ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားဆဲပင်ဖြစ်၏။


အိမ်ရှေ့စံမင်းသမီးသည် ဝမ်းပမ်းတနည်းငိိုယိုပြီး အိမ်ရှေ့စံကို ရက်အတော်ကြာ တောင်းပန်ရှာသည်။ဤကိစ္စကို သူမ၏ ညီမ လုပ်ခြင်းမဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောနေသည်။ရှစ်မိသားစုသည် ဧကရာဇ်အပေါ် သစ္စာရှိပြီး သစ္စာရှိသဖြင့် မင်းသားဟွေ့၏ လက်အောက်ငယ်သားဟောင်းများနှင့် ပတ်သက်ရန် မဖြစ်နိုင်ပေ။ကောကုန်းကျင့်ထင်ကို လုပ်ကြံသတ်ဖြတ်ရန် ဤလူဆိုးများအား စီစဉ်ခြင်းမှာ သူတို့အတွက် ပို၍ပင် မဖြစ်နိုင်ပေ။အခြားတစ်ယောက်ယောက်က သူတို့ကို ထောင်ချောက်ဆင်ထားခြင်းဖြစ်မည်ဟု ငိုယိုကာ ပြောဆိုနေတော့၏။


 အိမ်ရှေ့စံမင်းသမီး၏ ငိုသံကြောင့် အိမ်ရှေ့စံလည်း စိတ်နှလုံး ပျော့ပျောင်းလာသဖြင့် ရှစ်မိသားစုကိုယ်စား ဧကရာဇ်အား တောင်းပန်ရန် မဟာရွှေလမင်းနန်းတော်သို့ သွားခဲ့သည်။


 "အိမ်ရှေ့စံ" ဧကရာဇ်သည် အိမ်ရှေ့စံကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လျက်ရှိသည်။


"မင်းက တယဲ့ရဲ့ အိမ်ရှေ့စံ၊ အနာဂတ်ဧကရာဇ်လည်း ဟုတ်တယ်....မင်းက ရှစ်မိသားစုရဲ့ သားမက်မဟုတ်ဘူး နော်"


အိမ်ရှေ့စံသည် စိတ်ထား နူးညံ့ပြီး သဘောရိုးသား တွေးတတ်သူဖြစ်သော်လည်း ဧကရာဇ်၏ စကားများသည် မသင့်လျော်မှန်း သူသိသည်။  


"ခမည်းတော်၊ကျွန်တော်က တခြားဘာကိုမှ ဆိုလိုတာမဟုတ်ပါဘူး၊‌ဒီကိစ္စမှာ  သံသယဖြစ်ဖွယ်အချက်တွေ ရှိပါတယ်၊ဒါကြောင့် သေချာစုံစမ်းစစ်ဆေးသင့်တယ်လို့ ထင်ပါတယ်၊ ခမည်းတော် ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ"


 "ဒီကိစ္စကို ရှစ်မိသားစုက လုပ်တာမဟုတ်ကြောင်း မင်းက ဘယ်လိုလုပ် သေချာသိသလဲ၊ ပန်းမိသားစုကို လုပ်ကြံဖို့ အသုံးမကျတဲ့ လူမိုက်တွေကို သူတို့က ရည်ရွယ်ချက်ရှိရှိ ငှားလိုက်ကြတာ၊ ပန်းဟွိုက်ကို သူတို့လုပ်ကြံတဲ့ ကိစ္စသာ မကျရှုံးရင် ပန်းဟွိုက် သေမယ်၊ဒါ သူတို့အတွက်တော့ အမြတ်ပဲ၊အခုလို လုပ်ကြံမှုမအောင်မြင်တော့လည်း သူတို့ရှစ်မိသားစုကို သံသယမဝင်အောင် အသုံးမကျတဲ့ ကျပ်မပြည့်လူမိုက်တွေကို တမင်တကာ ရွေးခေါ်ထားတာ၊ဒါပေမယ့် မမေ့နဲ့၊ လုပ်ကြံသူတွေ ဘယ်လောက်ပဲ ဉာဏ်နည်းပါစေ၊ ပန်းဟွိုက်သာ အမှတ်တမဲ့ လှည့်မထွက်ခဲ့ဘူးဆိုရင် အခုအချိန်မှာ သူ သေသွားလိမ့်မယ်" 


 ဧကရာဇ်ယွင်ချင်သည် သူ့လက်ထဲက စုတ်တံကို လွှင့်ပစ်လိုက်ပြီး ဒေါသတကြီးနှင့် ဆက်ပြောသည်။


 "တော်ဝင်မင်းသမီးက ငါ့ကို ကယ်တင်ဖို့ သူ့အသက်ကို စတေးခဲ့တာ၊ အခု ဒီလူစုတ်တွေက သူမရဲ့ တစ်ဦးတည်းသောသားကို လုပ်ကြံချင်နေကြတယ်၊ ဒါဟာ ငါ့ကို အလေးအနက်မထားတာပဲ"


ဧကရာဇ်ယွင်ချင် ဒေါသအလွန်အမင်းထွက်နေသည်ဖြစ်၍ အိမ်ရှေ့စံ ဝတ်လုံကို ရုတ်သိမ်းလိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။


"ခမည်းတော်၊ စိတ်အေးအေးထားပါ၊ ကျွန်တော်က ဒီလို သဘောမျိုးပြောတာမဟုတ်ပါဘူး"


 "စိတ်အေးအေးထားပါ ဟုတ်လား...."  ဧကရာဇ်ယွင်ချင်သည် အိမ်ရှေ့စံ၏ ငုံ့ထားသော ခေါင်းကို ကြည့်ပြီး ဒေါသပိုထွက်လာပြန်၏။


 "စိတ်အေးအေးထားဖို့ မင်း ပြောရဲသေးလား၊ အဲဒါ မင်း ဖွားလေးရဲ့ တစ်ဦးတည်းသောသား၊ မင်းက သူတို့ကိုကျ ဂရုမစိုက်ဘဲ ရှစ်မိသားစုကို သနားညှာတာဖို့ လာပြောတယ်၊ မင်းရဲ့ဖွားလေး အနစ်နာခံခဲ့တာနဲ့ မင်း မထိုက်တန်ဘူး"


"ခမည်းတော်၊ ကောကုန်းကျင့်ထင်ကို ကျန်တော် မကျေနပ်စရာအကြောင်းမရှိပါဘူး၊ ကောကုန်းကျင့်ထင်က ကျွန်တော့်ရဲ့ ဆွေမျိုးပါပဲ... ကျေးဇူးပြုပြီး ခမည်းတော် ဒီကိစ္စကို သေချာစုံစမ်းပါ"


 "အိမ်ရှေ့စံ တစ်ယောက်အနေနဲ့ ငါ့စကားကိုနားမထောင်ဘဲ အတွင်းဆောင်က မင်းကြင်ယာတော် ပြောတာကိုသာ ‌နားထောင်နေရင် တိုင်းပြည်ကို မင်း လက်ထဲ ငါ ဘယ်လိုအပ်ရမလဲ၊ ဒီနေ့ ရှစ်မိသားစုကို အသနားခံဖို့ လာသင့်မသင့် ဆိုတာကို သေချာစဉ်းစားပြီးမှ ပြန်သွား"


အိမ်ရှေ့စံသည် ကြောက်လန့်တကြား နောက်ဆုတ်သွားကာ ရှစ်မိသားစုကိစ္စကို ထပ်၍ မပြောဝံ့တော့ပေ။


အိမ်ရှေ့စံ အလွယ်တကူ လက်လျှော့သည်ကို မြင်သောအခါ ဧကရာဇ် ပို၍ပင် စိတ်ပျက်သွားသည်။ အိမ်ရှေ့စံက ရှစ်မိသားစုအတွက် ဆက်ပြီး ကာကွယ်ပေးမည်ဆိုလျှင် သူ အိမ်ရှေ့စံအား အထင်ကြီးမိပေမည်။သို့သော်လည်း အိမ်ရှေ့စံက ရှေ့ဆက်၍ပင် မပြောတော့ဘဲ အလွယ်တကူ နောက်ဆုတ်သွားခဲ့သည်။ သူ့လို သူရဲဘောကြောင်တဲ့ကောင်က တယဲ့ရဲ့ ဧကရာဇ်ဘယ်လိုဖြစ်လာမှာလဲ...


သို့သော်လည်း သူ၏ ဒုတိယသားတော် ကျန်းလော၏ ဆင်ခြင်တုံတရားမဲ့ပုံကို တွေးတောမိသောအခါ၊သူ ပို၍ပင် စိတ်ဆိုးလာခဲ့သည်။ အိမ်ရှေ့စံသည် ဆုံးဖြတ်ချက် မချတတ်ရုံသာဖြစ်သော်လည်း သူ၏ဒုတိယသားတော်မှာ ဦးနှောက်ပင် ရှိသူမဟုတ်ပေ။ ကျန်းလောကိုသာ တိုင်းပြည်အား လွှဲပြောင်းပေးလိုက်လျှင် အနှေးနှင့်အမြန်ဆိုသလို တစ်တိုင်းပြည်လုံး ပရမ်းပတာ ဖြစ်သွားလိမ့်မည်။


 အစောပိုင်းနှစ်များတွင် သူ အိမ်ရှေ့စံဖြစ်ခဲ့စဉ်က ဖခမည်းတော်သည် တရားမ၀င်သားများကို မျက်နှာသာပေးခဲ့သောကြောင့် သူ့မှာ မျက်နှာငယ်ခဲ့ရသည်။ ထို့ကြောင့် သူ နန်းတက်ပြီးနောက်တွင် တခြားတရားမ၀င်သားတော်များ၏ အစွယ်အပွားများကို အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။သို့သော် သူ၏ တရားဝင်သားနှစ်ယောက်မှာလည်း စိတ်ပျက်စရာ ဖြစ်နေတော့သည်။


ဧကရာဇ် ယွင်ချင် ထိုအကြောင်းကိုတွေးရင်း စိတ်ဆင်းရဲလာတာကြောင့် မိုက်ကနဲ မူးဝေသွားကာ အမြင်အာရုံကလည်း မှောင်မိုက်သွားခဲ့သည်။ သူ စားပွဲကိုသာ တင်းတင်းကိုင်ထားပြီး လဲကျမသွားအောင် လုပ်‌ရလေတော့သည်။


မကြာသေးမီက သူသည် မကြာခဏ ခေါင်းမူးတတ်လာသည်။ တော်ဝင်သမားတော်က သူ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ ရောက်လာသော်လည်း  သမားတော်က ဘာမှ မပြောပေ။ အလုပ်ကြိုးစားလွန်း၍ အေးအေးဆေးဆေး အနားယူရန် လိုအပ်သည်ဟုသာ ပြောခဲ့သည်။


 အနားယူရမယ် ဟုတ်လား.. ဧကရာဇ်ဖြစ်တဲ့ သူက ဘယ်လိုလုပ် အနားယူနိုင်မှာလဲ...


အစောပိုင်းနှစ်များတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် သူ့အတွက် သေဆုံးသွားသော အရီးတော်ဖြစ်သူကို တွေးတောရင်း သက်ပြင်းချလိုက်သည်။ ဤသည်များက ကောင်းကင်ဘုံထံမှ လက်စားချေခြင်းပေလော။


အိမ်ရှေ့စံကို ဧကရာဇ်က ဆူပူငေါက်ငမ်းလိုက်သော သတင်းက မပြန့်နှန့်သွားသော်လည်း အရှေ့နန်းတော်၏ အငွေ့အသက်ကတော့ သိပ်မကောင်း‌ပါချေ။ အိမ်ရှေ့စံ မင်းသမီးသည် စိတ်ဆိုးနေပြီး အိမ်ရှေ့စံသည် တစ်နေ့လုံး စာပေကိုသာ လေ့လာနေခဲ့သည်။အိမ်ရှေ့စံမင်းသမီး၏ အခန်း သို့မဟုတ် မောင်းမမိဿံများ၏ အခန်းသို့ပင် မသွားချေ။ အစေခံတွေခမျာ ဘယ်လိုလုပ် သက်သာရှာပါ့မလဲ..


အိမ်ရှေ့စံသည် မဟာရွှေလမင်းနန်းတော်သို့ သွားပြီးနောက်ပိုင်း သူမအား လျစ်လျူရှုလိမ့်မည်ဟု အိမ်ရှေ့စံမင်းသမီး မထင်ခဲ့ပေ။ သူမသည် အိမ်ရှေ့စံအား အသနားခံကာ ရှစ်မိသားစုအား ကူညီပေးရန်သာ တောင်းဆိုခဲ့သည်။ အေးစက်စက်နိုင်သော ခင်ပွန်းဖြစ်သူနှင့် သူမ၏ မိသားစုများကလည်း ဒုက္ခရောက်နေတာကြောင့် သူမ စိတ်အတော်ဆင်းရဲနေရသည်။ညတိုင်းလိုလို သူမ၏ ခေါင်းအုံးပေါ်မှာ မျက်ရည်များ ရွှဲနစ်နေရ၏။


ထိုမျက်ရည်များက အချစ်အတွက် ရင်ဆိုင်ရသော တိုက်ပွဲတစ်ခုသာဆိုလျှင် တော်သေးသည်။ သို့သော်လည်း မင်းသားဟွေ့ ၏ လက်အောက်ငယ်သားဟောင်းများက ပြဿနာ၏ဇာစ်မြစ်ဖြစ်နေသည်။  နန်းတော်အပြင်ကလူများ မသိနိုင်သော်လည်း၊ တော်ဝင်မင်းသမီးကိုသတ်ဖို့ လုပ်ကြံသတ်ဖြတ်သူများ စေလွှတ်သူအား သူမ ကောင်းကောင်းသိသည်။ သူမ၏မိသားစုသည် ထိုပြဿနာကိုသာ မရှင်းလင်းပါက ဧကရာဇ်၏အမြင်တွင် မင်းသားဟွေ့ နှင့် ကြံရာပါဟု ထင်မြင်သွားပေမည်။


 ပုန်ကန်တာတောင် မအောင်မြင်တဲ့ မင်းသားတစ်ပါးနဲ့ ပတ်သက်လိုက်ရင် သူမရဲ့မိသားစုအတွက် ဘာများကောင်းနိုင်မှာလဲ။


 "အိမ်ရှေ့စံက မနေ့ညက စာကြည့်ခန်းမှာ အိပ်နေတာလား"  


အိမ်ရှေ့စံမင်းသမီးက မှန်ထဲမှာ သူ့ကိုယ်သူ စိုက်ကြည့်ရင်း မျက်လုံးထောင့်များကို ပွတ်ကာာမေးလိုက်၏။


 “အိမ်ရှေ့စံ မင်းသမီး…အိမ်ရှေ့စံက မနေ့ညက တခြား မောင်းမမိဿံတွေရဲ့ အခန်းကို မသွားခဲ့ပါဘူး”


အိမ်ရှေ့စံမင်းသမီးက ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ မောင်းမမိဿံများ၏ အခန်းတွေကို ရောက်သွားခြင်းက ပိုကောင်းမည်ဖ သို့သော် စာကြည့်ခန်းမှာ အိပ်သည်ဆိုခြင်းက အခြေအနေသိပ်မကောင်းပေ။သူ သူမကို အပြစ်တင်နေသလား၊ ဒါမှမဟုတ် ရှစ်မိသားစုအပေါ် ငြိုငြင်တာလား...


"ကောကုန်းကျင့်ထင် အိမ်တော်ကို လက်ဆောင်ပေးဖို့ လူတွေနဲ့ သေချာစီစဉ်လိုက်ကြပါ" 


 အိမ်ရှေ့စံမင်းသမီးသည် မတ်တပ်ထရပ်ကာ ပြတင်းပေါက် အပြင်ဘက်တွင် ဖူးပွင့်နေသည့် အပင်ငယ်များကို ကြည့်လိုက်သည်။ပန်းမိသားစုဘက်က အပေးအယူလုပ်ရန် ဆန္ဒရှိလျှင် ရှစ်မိသားစုကလည်း ထိုအတိုင်း မီးစင်ကြည့်ကရပေမည်။ ပန်းမိသားစု၏ လုပ်ရပ်များသည် တစ်ကိုယ်ကောင်းဆန်ပြီး ထင်ရာစိုင်းသည်။မင်းသားဟွေ့ စံအိမ်က ပုန်ကန်ရန် ကြိုးပမ်းနေမှန်းပင် သူတို့ မသိခဲ့ကြပေ။ ပန်းမိသားစုကသာ ရှစ်မိသားစုဘက်သို့ပါလျှင် ဧကရာဇ် မည်မျှပင် မကျေနပ်နေပါစေ၊ ရှစ်မိသားစုအတွက် ဧကရာဇ်ဘက်မှ ခက်ခဲအောင်လုပ်မည်မဟုတ်။ 


 ဤနည်းအားဖြင့် ရှစ်မိသားစုသည် အနည်းဆုံး အချိန်တစ်ခုအထိ သက်သာရာရပေလိမ့်မည်။


 မကြာခင်မှာပင် အရှေ့နန်းတော်က ပြင်ဆင်ထားသည့် လက်ဆောင်အထုပ်အပိုးများအား အိမ်ရှေ့စံအမည်နှင့် ပန်းမိသားစုထံ ပေးပို့ခဲ့သည်။


ပန်းမိသားစုသည် ရောက်ရှိလာသော လက်ဝတ်ရတနာများ၊ ဆေးဖက်ဝင်အပင်များ၊ကဗျာစာအုပ်၊ ပန်းချီကားများဖြင့် ပြည့်နေသော အခန်းကို ကြည့်လိုက်သည်။ သူတို့ စိတ်လည်း ရှုပ်ထွေးနေရသည်။အရှေ့နန်းတော်က ဂိုထောင်တစ်ခုလုံး ဒီကို လာပေးတာများလား...


မူလက သူတို့သည် နောက်ထပ်မေးခွန်းအချို့ကို မေးချင်သော်လည်း အရှေ့နန်းတော်မှ လူများသည် ပစ္စည်းများချပြီးနောက် ချက်ချင်းထွက်သွားကြ၏။ သူတို့ပြန်‌ပေးသော သွားရည်စာများကိုပင် မစားကြချေ။ သူတို့၏ကြောက်လန့်သောအမူအရာကြောင့် ပန်းမိသားစုဝင်များ အံ့သြနေခဲ့သည်။


ယင်းရှစ်သည် လက်ဆောင်စာရင်းကို လှန်ကြည့်လိုက်သည်။


 "ဒီလက်ဆောင်တွေက အိမ်ရှေ့စံဆီက မဖြစ်နိုင်ဘူး၊သူက သဘောကောင်းပေမယ့် သူက ဒီလို စေ့စေ့စပ်စပ် ပေးမယ့်သူ မဟုတ်ဘူး”


အိမ်ရှေ့စံက ဒီအရာတွေကို ပြင်ဆင်ဖို့ ဘယ်လိုများ စဉ်းစားနိုင်မတဲ့လဲ။


ပန်းဟွာက ချက်ချင်းတုံ့ပြန်သည်။


 "အိမ်ရှေ့စံမင်းသမီးဆီကလား၊ အိမ်ရှေ့စံမင်းသမီးက ဒါကို သမီးတို့မိသားစုနဲ့ ချစ်ကြည်ရေးပြဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးချင်တာများလား"


"ငါတို့မိသားစုအပေါ်  သူမက ဘာလို့ စေတနာထားပြရတာလဲ...ဒီနေ့ကိစ္စက ရှစ်မိသားစုနဲ့ ငါတို့မိသားစုကြားက ကိစ္စလေ၊ပြီးတော့ နိုင်ငံရေးသဘောလည်း ပါနေတယ်၊ ငါတို့မိသားစုကို ငတုံးတွေများမှတ်လို့လား၊ဒါမှမဟုတ် ငါတို့အရင်က ပစ္စည်းကောင်းတွေကို မမြင်ဖူးဘူးလို့ ထင်နေတာလား၊ ဒီလက်ဆောင်တွေရလို့ ရှစ်မိသားစုကို ကျေအေးမယ်လို့ သူမ ထင်နေတာလား"


 "ဒါဆို ဒီလက်ဆောင်တွေကို သမီးတို့ ဘာလုပ်ရမလဲ၊ သူမကို ပြန်​ပို့​ပေးရမလား"


ယင်းရှစ်က တခစ်ခစ် ရယ်မောလိုက်သည်။


 "ဒါတွေက သမီးအဖေကို ပေးတဲ့ အိမ်ရှေ့စံရဲ့ လက်ဆောင်တွေဆိုတော့ ငါတို့ ကောင်းကောင်း စောင့်ရှောက်ရမယ်၊ ဒါပေမယ့် ရှစ်မိသားစုနဲ့ ဘာမှမဆိုင်ဘူး"


 လက်ဆောင်တွေတော့ လက်ခံမယ်။  ကျန်တာကရော.... ဝမ်းနည်းပါတယ်၊ ကျန်တာတော့ လိုက်လျောမပေးနိုင်ဘူး...


 "မနက်ဖြန်၊ နန်းတော်ကိုသွားပြီး အိမ်ရှေ့စံကို လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်းပြောလိုက်ပါ၊ နားလည်လား"


  "ဟုတ်ကဲ့၊သမီး နားလည်ပါတယ်၊ မောင်လေးဟမ်ကို လွှတ်လိုက်ပါ့မယ်"


 ဤလက်ဆောင်များသည် အိမ်ရှေ့စံထံမှမဟုတ်လျှင်ပင်၊ တစ်စုံတစ်ယောက်သည် အိမ်ရှေ့စံပေးသယောင် ထင်အောင် ဟန်ဆောင်ပေလိမ့်မည်။


ပန်းဟွာ အကြာကြီး တုံ့ဆိုင်းသွားပြီးနောက် ယင်းရှစ်ကို လှမ်းကြည့်လိုက်ကာ "အမေ၊ ဒါက  ရှစ်မိသားစုကများ ပေးတာလား"


ယင်းရှစ်က သက်ပြင်းချလိုက်ပြီး ပန်းဟွာ၏ ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။


 "ရှစ်မိသားစုဟုတ်လား၊ မဟုတ်လား မသိဘူး…အရေးကြီးတာက ရှစ်မိသားစုလုပ်တယ်လို့ ‌ဧကရာဇ် ထင်နေတာပဲ"


ပန်းဟွာ တခဏ တိတ်ဆိတ်နေပြီးမှ   “ဒါပေမဲ့ ဒီနောက်ကွယ်က ချုပ်ကိုင်ထားသူကို လက်မလွှတ်ချင်ဘူး”


 ဖခင်ဖြစ်သူ သေဆုံးလုနီးပါးဖြစ်ခဲ့သည့်အကြောင်း တွေးလိုက်သောအခါတ၊ ပန်းဟွာ၏ စိတ်ထဲတွင် ဒေါသများ ပြည့်နှက်နေရသည်။


 အင်ပါယာတရားရုံးမှာ ဖြစ်ပျက်ခဲ့သည်များက သူတို့ကိစ္စပင်။သူမနှင့်ဆိုင်သည်က သူမတို့ပန်းမိသားစု၏ ကိစ္စပင်ဖြစ်ပေသည်။


"သူတို့ကို လွှတ်ထားမယ်လို့ ဘယ်သူပြောလဲ"


 ဒီလူတွေအားလုံးက ပန်းမိသားစုဟာ လူမိုက်လို့ ထင်နေကြတာ။ဒါပေမယ့် ဘယ်သူကများ သူတို့ကို တကယ် အနိုင်ကျင့်နိုင်မှာတဲ့လဲ။


ချမ်အမ်မြို့စားမင်း၏အိမ်တော်...


သာမန်အဝတ်အစားဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စာကြည့်ခန်းထဲသို့ လျှောက်သွားကာ ရုံရှား သို့ ရောက်လာသည်။  


"မြို့စားမင်း၊ကျွန်တော် သိသွားပြီ!"


"ပြောပါ"


 "ရှဲ့မိသားစုရဲ့ အကြီးဆုံးသား ပါ"


 "သူလား...." ရုံရှား၏ မျက်ခုံးများ တွန့်ကုပ်သွားသည်။  "ရှစ်မိသားစုက ဘယ်တုန်းက ဒီလောက် တန်ခိုးကြီးလာတာလဲ"


 လူလတ်ပိုင်းအရွယ် အမျိုးသား တုံ့ဆိုင်းသွားသည်။  "ဧကရာဇ်ရဲ့ တခြားလျှို့ဝှက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကိစ္စမှာ ပါဝင်ပတ်သက်နေပုံရတယ်ဆိုတာလည်း သိရပါတယ်"


 "ကောကုန်းကျင့်ထင်ကို မတိုက်ခိုက်ခင် ဒါမှမဟုတ် နောက်မှလား"


 "တိုက်ခိုက်ပြီးမှပါ...."


 "သူက ဒီလောက်ရက်စက်တဲ့ပုံမပေါ်ပါဘူး"


"သံသယဖြစ်စရာ အချက်တွေကို ကျွန်တော် ပြရမှာပါလား မြို့စားမင်း"


ရုံရှားသည် ပြတင်းပေါက်ရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက “မလိုပါဘူး”


ထို့နောက် သူ၏ လက်ဖြူဖြူလေးအား  ပြတင်းပေါက်ပေါ်တင်ပြီး အပြင်မှ ငှက်တစ်ကောင်၏ တေးဆိုသံကို နားထောင်နေမိသည်။


"ပန်းဟွာကျွင်းကျူးကို ကာကွယ်ဖို့ လူတွေစီစဉ်ထားလိုက်ပါ၊ သူမ ဘာမှ မဖြစ်ပါစေနဲ့၊ ပန်းမိသားစုကိုလည်း ဒီကိစ္စမှာ မပါစေနဲ့...ဘာပဲဖြစ်ဖြစ်... သူတို့ကလည်း ငါတို့ကို အများကြီး မကူညီနိုင်ပါဘူး"


 "ဟုတ်ကဲ့" ထိုလူရွယ်၏ မျက်နှာသည် အံ့အားသင့်သွားသော်လည်း ခေါင်းကို အမြန်ငုံ့ချလိုက်သည်။


ပန်းမိသားစု၏ လက်အောက်ခံ စစ်သူကြီးဟောင်းများနှင့် လက်အောက်ငယ်သားများ အားလုံးသည် ရှားပါးသော အချိတ်အဆက်ရှိသူများဖြစ်သည်။သူတို့က ဘယ်လိုလုပ် မကူညီနိုင်မှာလဲ...မြို့စားမင်းက ဘာကိုဆိုလိုတာလဲ။ပန်းမိသားစုကို ဝင်မပါစေချင်တာ ဘာကြောင့်လဲ...


xxxx