အပိုင်း၉၃
Viewers 4k


Chapter 93


ဧကရာဇ်သည် အိမ်ရှေ့စံအား ပြစ်တင်ကြိမ်းမောင်းကြောင်းကို ဧကရီကြားသောအခါ၊ သူမသည် သားဖြစ်သူအတွက် အသနားမခံသလို၊ ဧကရာဇ်ရှေ့တွင်လည်း ထိုကိစ္စကို မပြောဖြစ်ခဲ့ပေ။  


ထို့နေ့တွင်ပင် ပန်းဟမ်သည် ဧကရာဇ်အား ကျေးဇူးတင်စကားပြောကြားရန် နန်းတော်သို့ဝင်ရောက်လာသည်။ ထိုအခါ ပန်းဟမ်နှင့် အိမ်ရှေ့စံကို ဧကရီက သူမ၏ရှေ့မှောက်သို့ ခေါ်လိုက်သည်။


 "မင်းက ကျေးဇူးတင်စကားဆိုဖို့ နန်းတော်ကို လာတယ်လို့ သိရတယ်၊ ဘာလို့များ ကျေးဇူးတင်ရတာလဲ"


 "ကျွန်တော် ဧကရီကို နှုတ်ဆက်ပါတယ်" 


ပန်းဟမ် ပြုံးပြီး ဧကရီကို ဦးညွှတ်သည်။ 


"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်ရှေ့စံက နန်းတော်က လူတွေနဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီး ပို့ခဲ့ပါတယ်၊ကျွန်တော်တို့ မိသားစုရဲ့ အကြီးအကဲ နှစ်ယောက်က အရမ်း ကျေးဇူးတင်နေလို့ ကျေးဇူးတင်စကားဆိုဖို့ ကျွန်တော် လာရတာပါ၊ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ နန်းတော်ထဲကို လာမလို့ပါ၊ ဒါပေမယ့် ကျွန်တော့် အဖေ နေမကောင်းဘူး ဖြစ်နေလို့ ဒီနှစ်ရက်လုံးလုံး အိမ်မှာ ရက်အနည်းငယ်ပဲ နေခဲ့ရပါတယ်"


 "ငါတို့က မိသားစုပဲ၊ ကျေးဇူးတင်စရာ မလိုပါဘူး" 


ဧကရီက ပြုံးပြီး တစ်ဖက်သို့ လှည့်လိုက်ရာ အိမ်ရှေ့စံ၏ မျက်နှာ အမူအရာ အပြောင်းအလဲကို မြင်လိုက်ရ၍


 "အိမ်ရှေ့စံက ကောကုန်းကျင့်ထင်ရဲ့ မိသားစုကို ဘာများ ပေးခဲ့တာလဲ"


"…ဪ တကယ်တော့ ဘာမှလည်း သိပ်အထွေအထူးမဟုတ်ပါဘူး၊ဦးရီးတော်တို့ မိသားစုက သိပ်ယဉ်ကျေးလွန်းနေတာပါ" 


အိမ်ရှေ့စံခမျာ ဧကရီ၏ မျက်လုံးကို တည့်တည့်ပင် မကြည့်ရဲတော့ပေ။ ဧကရီက သူ့ကိုတစ်ချက်ကြည့်ကာ ပန်းဟမ်ကို ပြုံးပြလိုက်ပြီး


"အိမ်ရှေ့စံ ပြောတာကို ကြားလား၊မင်းတို့သာ အခုလိုမျိုး သိပ်ယဉ်ကျေးပြီး သူစိမ်းဆန်သလိုပြုမူနေရင် နောက်တစ်ခါဆို ငါလည်း ဒေါသထွက်မိလိမ့်မယ်"


ပန်းဟမ်က ရှက်ရွံ့စွာ ပြုံးပြီး "ဒီတစ်ခါတော့ အဖေ့ကိစ္စကြောင့် အိမ်ရှေ့စံ ဒုက္ခရောက်နေရတာပါ၊အဲ့ဒီကိစ္စလည်း ပါပါတယ်..."  ထို့နောက် သူက အိမ်ရှေ့စံကိုကြည့်လိုက်ပြီး " ဒီလိုဖြစ်မယ်မှန်းသာ အစက သိခဲ့ရင် ကျွန်တော်လည်း မိသားစုကို အကြံပေးမိလိမ့်မယ်"


 "ဘာအကြံလဲ၊ အမှားတစ်ခုခုလုပ်မိရင် အဲ့ဒီလူကို အပြစ်ပေးသင့်တာပေါ့၊ မင်းက ဧကရာဇ်ရဲ့ ဆွေမျိုးသားချင်းပဲ၊ ဒီလိုသာ မကိုင်တွယ်ရင် နောက်ဆို မကောင်းကြံသူတွေက အနှေးနဲ့အမြန်ဆိုသလို မင်းအဖေကို လုပ်ကြံကြလိမ့်မယ်"


အိမ်ရှေ့စံသည် ထိုစကားကိုကြားသောအခါ မျက်နှာပျက်သွား၏။ သို့သော် ဧကရီက မမြင်ယောင်ဆောင်ကာ


"နောင်မှာ မင်းငါ့ကို ဒီလိုစကားတွေ လာမပြောနဲ့၊ မဟုတ်ရင် မင်းကို ငါဒေါသထွက်မိလိမ့်မယ်"


ပန်းဟမ်သည် တခြားဘာကိုမှ မကျွမ်းကျင်သော်လည်း အမေဖြစ်သူနှင့်အစ်မဖြစ်သူတို့ကြားမှာ ကာလကြာရှည်စွာနေခဲ့ရတာကြောင့် မိန်းမများ၏အထာကို နပ်နေလေပြီ။ထို့ကြောင့် ဧကရီ စိတ်ပြန်ကြည်လာပြီး ဘေးနားက အိမ်ရှေ့စံ ဘေးမှာရှိနေသည်ကိုပင် မေ့သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။


အိမ်ရှေ့စံသည် စိတ်ထားနူးညံ့သိမ်မွေ့သူဖြစ်သည်။ ဧကရီက သူ့အား ယခုလို ဆက်ဆံလိုက်သောအခါ သူပထမဆုံးတွေးခဲ့သည်က မုန်းတီးခြင်းမဟုတ်၊မိခင်ဖြစ်သူ စိတ်မချမ်းသာအောင် သူ ဘာလုပ်ခဲ့သလဲဆိုတာပင်။အိမ်ရှေ့စံမင်းသမီး၏ အဆိုအရ  ရှစ်မိသားစုက အမှန်တကယ် အပြစ်ကင်းသည်ဟု သူ ထင်ခဲ့သည်။ထို့ကြောင့် သူတို့ကိုယ်စား အသနားခံခဲ့ခြင်းပင်။


လွန်ခဲ့သည့် ရက်အနည်းငယ်က သူ စာကြည့်ခန်းထဲတွင် သေချာ စဉ်းစားနေခဲ့သည်။ ရှစ်မိသားစုသည် အကောက်ကြံခံရခြင်း ဖြစ်နိုင်သော်လည်း၊သူတို့ကိုယ်တိုင်က လိမ်လည်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။  အိမ်ရှေ့စံမင်းသမီးက သူမ၏ညီမဖြစ်သူ ရှစ်ဖေးရှန့်သည် ကဗျာနှင့် ပန်းချီကိုသာ သိသည့် နူးညံ့သိမ်မွေ့သော မိန်းကလေးဟု ပြောခဲ့သည်။သို့သော်လည်း သူက လူများကို စေလွှတ်ပြီးနောက် စုံစမ်းကြည့်ရာ အိမ်ရှေ့ စံမင်းသမီး၏ ညီမဖြစ်သူမှာ ထိုကဲ့သို့ မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။


 ရှစ်ဖေးရှန့်သည် ယောက်ျားများစွာနှင့် ဆက်ဆံရေးရှိခဲ့ပြီး ဟွာဟွာ၏ ယခင် စေ့စပ်ထားသူနှင့်ပင် မရှင်းလင်းသော ဆက်ဆံရေးရှိခဲ့သည်။ ယခု ဟွာဟွာသည် ချမ်အမ်မြို့စားမင်း နှင့် စေ့စပ်လိုက်ပြီဖြစ်ကာ၊ယခု ရှစ်ဖေးရှန့်က ချမ်အမ်မြို့စားမင်းကိုပါ သဘောကျနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေပြန်သည်။ ယင်းကြောင့် သခင်မလေးရှစ်သည်  ဟွာဟွာကို တမင်တကာ ပစ်မှတ်ထားနေသည်ဟု သံသယဖြစ်ခဲ့သည်။ သို့မဟုတ်ပါက မြို့တော်ရှိ ယောက်ျားများစွာထဲမှ၊ဟွာဟွာနှင့် စေ့စပ်ထားသည့် အမျိုးသားတစ်ဦးကို သူမက ဘာကြောင့် ရွေးပြီးစိတ်ဝင်စားရတာလဲ...


အရေးကြီးဆုံးက သူ၏ ဒုတိယညီတော် မင်္ဂလာဆောင်သည့်နေ့မှာတောင် သူမကို သွားတွေ့ခဲ့ခြင်းပင်။ ဒုတိယမင်းသားက သတို့သမီးကို စွန့်လွှတ်ဖို့အထိ လုပ်ရလောက်အောင် သူမက ဘယ်လိုမျိုး ဆွဲဆောင်ခဲ့တာလဲ။  ဒုတိယညီတော်က ဟွာဟွာနဲ့ အမြဲပြဿနာတက်နေပြီး ဟွာဟွာ့ကို တမင်တကာ အနိုင်ကျင့်တာတောင်၊ သူက အိမ်ရှေ့စံမင်းသမီးရဲ့ ဒုတိယညီမရဲ့ စကားကိုကျမှ ဘာလို့ နားထောင်သွားတာလဲ...


လူ့စိတ်က အလွန်ထူးဆန်းသည်။ တစ်စုံတစ်ခုကို ယုံကြည်လိုက်သည်နှင့် အဓိပ္ပါယ်မရှိသည့်တိုင်၊လိုအပ်နေသော ကွက်လပ်များကို အလိုအလျောက် ဖြည့်ပြီး ကျိုးကြောင်းဆီလျော်အောင် ဇာတ်လမ်းဆင်ပေလိမ့်မည်။


အိမ်ရှေ့စံမင်းသမီး၏ မကြာသေးမီက လုပ်ရပ်များက အိမ်ရှေ့စံကို စိတ်မချမ်းသာစေခဲ့ပေ။ သို့သော် သူသည် နူးညံ့ပျော့ပျောင်းသောကိုယ်ရည်ကိုယ်သွေးရှိသူပီပီ မိတ်ဟောင်း ဆွေဟောင်းများကို သတိရသောကြောင့် ဤမကျေနပ်မှုများကို သူ့နှလုံးသားအောက်ခြေတွင် အမြဲဖုံးကွယ်ထားခဲ့သည်။ ဤမကျေနပ်မှုအရိပ်အယောင်ကို သူ သတိမထားမိသလို သဘောထားလိုက်သည်။ သို့သော်လည်း ရှစ်မိသားစုကြောင့် ဖခင်ဖြစ်သူ၏ ဆူပူပြစ်တင်ခြင်းကို ခံရချိန်၌ သူ့အသိစိတ်က ရုတ်တရက် နိုးထလာခဲ့သည်။ယခု သူလုပ်ခဲ့သော အရာများစွာ၊ ဆုံးဖြတ်ချက်များစွာသည် ရှစ်မိသားစုနှင့် ဆက်စပ်နေသည်။သူ၏ ယောက္ခမများ၏ မိသားစုက ပြဿနာကိုဖန်တီးသူများလားဟုပင် သံသာဝင်လာရလေ၏။


သို့သော် သူ၏ယောက္ခမဖြစ်သူသည် သူ့ကို မွေးထုတ်ထားသော ခမည်းတော်မဟုတ်၊သူ့မျိုးရိုးအမည်မှာ ရှစ်မဟုတ်၊ကျန်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ဖခမည်းတော်ကိုယ်တိုင်က သူ့ကို စိတ်ပျက်သွားခြင်းဖြစ်မည်။


 ဤအချက်ကို နားလည်လိုက်ကာ ပန်းဟမ်ကို မြင်ပြီးနောက် အိမ်ရှေ့စံသည် ပန်းမိသားစုအပေါ် အပြစ်ရှိသလို ခံစားမိသည်။ဧကရီက သူ့ကို ပန်းဟမ်ရှေ့မှာ အေးစက်စက်ဆက်ဆံပြီး၊ ပန်းဟမ်က သူ့ကို ဆူပူကြိမ်းမောင်းနေလျှင်တောင်မှ သူ ပြန်ပြောလိုစိတ်မရှိချေ။


ပန်းဟမ်သည် တစ်နာရီပြည့်လုနီးပါး ဧကရီနန်းတော်တွင် ထိုင်နေခဲ့သည်။  ယောက်ျားတစ်ယောက်အနေနှင့် နန်းတော်ထဲမှာ အကြာကြီးနေဖို့ မသင့်တော်ပေ။ ဧကရီက သူ့ကို အစေခံတစ်ယောက်နှင့်အတူ နန်းတော်ထဲက ပြန်လွှတ်လိုက်သည်။ 


ပန်းဟမ် ထွက်သွားပြီးနောက် ဧကရီ၏ မျက်နှာသည် မည်းမှောင်သွားသည်။


 "အိမ်ရှေ့စံ"


 "မယ်တော်...." အိမ်ရှေ့စံသည် ဧကရီရှေ့တွင် ရပ်လိုက်၏။


 “မင်း၊မင်း.....သိပ်မိုက်တယ်"


အိမ်ရှေ့စံ ပျာပျာသလဲဖြင့် ဧကရီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး


"ကျွန်တော် မယ်တော့်ကို စိတ်ပျက်စေမိပြီ၊ မယ်တော် ကျန်းမာရေးကို မထိခိုက်စေဖို့ သိပ်ပြီးစိတ်မဆိုးဖို့ပဲ ကျွန်တော် တောင်းဆိုပါတယ်"


ဧကရီက သူ့နောက်ကျောကို အသာပုတ်ပြီး သက်ပြင်းချကာ


 "မင်းရဲ့ ပင်ကိုယ်စရိုက်ကို ပြောင်းလဲသင့်တယ်၊ မင်းက အိမ်ရှေ့စံ၊ နောင်တက်ရမယ့် ဧကရာဇ်ပဲ၊မင်းရဲ့ အိမ်နောက်ဖေးကို ဂရုမစိုက်လို့မရဘူး၊ပန်းမိသားစုဆီကို ပို့တဲ့လက်ဆောင်က  မင်းက ပို့လိုက်တာလား၊ ဒါမှမဟုတ် မင်းနာမည်နဲ့ အိမ်ရှေ့စံမင်းသမီးက ပို့လိုက်တာလား"


 "အဲဒါက အိမ်ရှေ့စံမင်းသမီးပါ ……"


ဧကရီ အကြိမ်ပေါင်းများစွာ သက်ပြင်းချရင်း 


 "ဒါ မယ်တော့်ရဲ့အမှားပဲ၊ အရင်တုန်းကတော့ ရှစ်ရှစ်ဟာ ဂုဏ်သိက္ခာရှိပြီး နာမည်ကောင်းရှိခဲ့တော့ သူမက အိမ်ရှေ့စံမင်းသမီးရာထူးအတွက် အကောင်းဆုံးလို့ ခံစားခဲ့ရတယ်၊ အခုတော့ သူမက ဒီလိုဖြစ်မယ်မှန်းမသိခဲ့ဘူး...ဒီကိစ္စကို အပြင်လုံးဝ မထွက်စေနဲ့၊ အိမ်ရှေ့စံမင်းသမီးက ဒီလိုလုပ်လိုက်တာကိုလည်း တခြားသူတွေလုံးဝ မသိစေနဲ့၊ သူမက သိပ်စဉ်းစားဉာဏ်နည်းပေမယ့် မင်းကတော့ အဲ့ဒီလို ဉာဏ်နည်းနေလို့မရဘူး"


 "ကျွန်တော် မှတ်သားထားပါ့မယ်"


 “သူတို့မိသားစုထဲက ဘယ်သူမှ အကျင့်မကောင်းဘူး..." ထိုသို့ပြောပြီး ဧကရီက သူ့နဖူးကို ပွတ်ကာ “ကဲ မင်းလည်း ထွက်သွားလို့ရပြီ”


"မယ်တော့်မျက်နှာက သိပ်မကောင်းပါဘူး၊ သွေးခုန်နှုန်း ထိန်းဖို့ သမားတော်ကောင်းတစ်ယောက် ကျွန်တော် ရှာတွေ့ထားပါတယ်"  


အိမ်ရှေ့စံက ဧကရီ၏ ပင်ပန်းနွမ်းနယ်သည့် အမူအရာကို မြင်သော် သူ့ကိုယ်သူ ပိုအပြစ်ကြီးသလို ခံစားလိုက်ရသည်။


 "ဒါမှမဟုတ်ရင် သားတော်လည်း စိတ်သက်သာရာရမှာမဟုတ်ဘူး"


 "ကောင်းပြီ၊ မယ်တော့် ကျန်းမာရေးက အရင်ကတည်းက ပြဿနာရှိခဲ့တာ၊ မင်းနဲ့ မင်းရဲ့ညီသာ ငါ့ကို ပြသနာမရှာရင် ငါလည်း အဲ့ဒီလိုဖြစ်မှာ မဟုတ်ဘူး"


 "ဟုတ်ကဲ့"


အိမ်ရှေ့စံသည် အရှေ့နန်းတော်သို့ ပြန်သွားသောအခါ အိမ်ရှေ့စံမင်းသမီးကို အမှုထမ်းသော မိန်းမစိုးသည် စာသင်ခန်းတံခါးအား လှည့်ပတ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မယ်တော်၏စကားများကို ပြန်လည် တွေးတောကြည့်ရင်း သူ့နောက်ကွယ်မှ နန်းတော်အစောင့်အကြပ်များအား  စေခိုင်းလိုက်သည်။


“ခေါင်းငုံ့ထားတဲ့ မိန်းမစိုးကို ဖမ်းပြီး ဆယ်ကြိမ်ရိုက်နှက်လိုက်ကြ” 


 "အိမ်ရှေ့စံ... အဲဒါ အိမ်ရှေ့စံ မင်းသမီးရဲ့......"


 "ငါ့စကားကို မင်းတို့ နားမထောင်ဘူးလား"


 "ဟုတ်ကဲ့"


အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီး လက်ထပ်ပြီးသည့် နှစ်များတွင် အိမ်ရှေ့စံမင်းသမီးသည် သားတစ်ယောက်မျှ မထွန်းကားခဲ့ချေ။ဤသည်ကို အိမ်ရှေ့စံကလည်း အပြစ်မတင်ပေ။ ယခုမှပင် အိမ်ရှေ့စံမင်းသမီး၏ ဂုဏ်သိက္ခာက ပျက်ယွင်းရပေတော့သည်။ သို့ရာတွင် အိမ်ရှေ့စံက ဘုရင့်သားတော်အရင်းဖြစ်၍ အစေခံများအနေနှင့် အမိန့်ကိုနာခံခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။


ရှစ်ချုံးဟိုင်အား စွပ်စွဲပြစ်တင်ရန် မှတ်တမ်းများ တရားရုံးတွင် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ရှစ်မျိုးရိုး အဖွဲ့က ထွက်ပေါက်ရှာဖို့ ကြိုးစားသည်။  ယန်မိသားစု အာဏာ ဆုံးရှုံးသွားသော မနှစ်ကလိုမျိုး သူတို့ ထိတ်လန့်တုန်လှုပ်နေကြသည်။ကံမကောင်းစွာဖြင့်၊ယန်ဟွေ့၏ စံနမူနာသည် သူတို့အတွက် အသုံးမဝင်ခဲ့။ယင်းအစား၊ ယန်ဟွေ့ အာဏာဆုံးရှုံးခြင်းကြောင့် သူတို့သည် ပို၍ပင် မာနထောင်လွှားလာတာကြောင့်၊ နောက်ဆုံးတွင် ယနေ့လို ဘေးဒုက္ခမျိုး ဖြစ်ပေါ်စေခဲ့သည်။


အင်ပါယာတရားရုံး၏ ကောကုန်းကျင့်ထင်ကိုလုပ်ကြံသတ်ဖြတ်ရန် လုပ်ကြံသတ်ဖြတ်သူများ ငှားရမ်းသည့် ပြစ်မှုကို ရှစ်ချုံးဟိုင် ကျူးလွန်းခဲ့ပါလျှင်၊မည်သို့မျှ ဝန်ခံမည်မဟုတ်ပေ။ထို့ကြောင့် နှစ်ဦးနှစ်ဖက် ငြင်းခုံစရာကိစ္စရပ်ကြီးဖြစ်သည်။


တရားရုံးချုပ်၏ အကျဉ်းထောင်တွင် ရှစ်ဖေးရှန့် သည် လွတ်လပ်မှုဆုံးရှုံးပြီး ရေကောင်းကောင်းမချိုးနိုင်ရုံမှတပါး အခြားဖိအားများ ခံစားခဲ့ရခြင်းမရှိပေ။  ထောင်စောင့်များကလည်း သူမကို ယဉ်ကျေးစွာဆက်ဆံသည်။အစားအစာများမှာ အရသာသိပ်မကောင်းသော်လည်း သန့်ရှင်းပြီး မျိုချရလွယ်ကူသည်။ ဝန်ကြီးချုပ်နေအိမ်မှ လူများကိုလည်း သူမထံ လာရောက်လည်ပတ်ခွင့်ကိုပင် တားမြစ်ခဲ့ကြသည်။သို့ဖြစ်၍ သူမသည် ထောင်တစ်ခုလုံးတွင် အကောင်းမွန်ဆုံး ဆက်ဆံခံရသူအဖြစ် သတ်မှတ်ခံရနိုင်သည်။


သူမ မျှော်လင့်ထားသည်က ဤသို့မဟုတ်။ ရုံရှားသည် ပန်းဟွာ နှင့် သူမ၏ဆက်ဆံရေးကြောင့် သူမကို တမင်တကာ ညှဉ်းပန်းမည်ဟု ထင်ထားတာပင်။ သူမ အတွေးများက သိပ်ဖျင်းလွန်းသည်ကိုတွေ့ရ၏။ သို့သော် သူသည် သူမရှေ့တွင်ပင် တစ်ခေါက်မျှ မပေါ်လာတော့။ သူမသည် တရားရုံးချုပ်ရှိ အခြားအကျဉ်းသားများနှင့် မခြားနားဘဲ ဂရုစိုက်ရန် မထိုက်တန်သလိုပင်။


သူမ အတွေးနယ်ချဲ့နေစဉ် ထောင်စောင့်‌ ရောက်လာပြီး သူမကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။


 "မိန်းကလေးရှစ်ရဲ့ အမေက လာတွေ့ပါတယ်"


 "အမေ"


ရှစ်ဖေးရှန့် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်သောအခါ သခင်မကြီးရှစ်ကို တွေ့လိုက်ရသည်။  


"အမေ"


 "သမီး...." 


သခင်မကြီးရှစ်သည် ပိန်လှီသွားသည့် သမီးဖြစ်သူကို ကြည့်ပြီး ထောင်တံခါးဆီသို့ လျှောက်သွားသည်။ ထို့နောက် သမီးဖြစ်သူ၏ လက်ကို သံတိုင်များအတွင်းမှ ကိုင်ကာ "သမီးလေး တော်တော်ဒုက္ခခံစားရမှာပဲ"


သားအမိနှစ်ယောက် လက်ချင်းကိုင်ပြီး  တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်ရည်များဝဲကာ ကြည့်နေကြသည်။  ခဏကြာ ငိုပြီးနောက် သခင်မကြီးရှစ် သည် မိသားစုအတွင်းရှိ အသေးအဖွဲကိစ္စများကို စတင်ပြောဆိုသည်။အိမ်ရှေ့စံမင်းသမီးကို အိမ်ရှေ့စံက မထီမဲ့မြင်ပြုပုံ၊ရှစ်ချုံးဟိုင်သည် အင်ပါယာတရားရုံးတွင် ရုန်းကန်နေရပုံ၊ ယခင်က ရှစ်မိသားစု၏ ခြံစောင့်သာသာရှိသော စုံစမ်းရေးအရာရှိက မထီမဲ့မြင်ပြုပုံ၊စသည့် အကြောင်းများကို ပြောပြခဲ့သည်။


ရှစ်ဖေးရှန့်သည် မိခင်ဖြစ်သူ၏ တိုင်ကြားချက်များကို နားထောင်ရင်း အချိန်အတော်ကြာ ဂရုမစိုက်သောကြောင့် ညစ်ပတ်နေသော သူမ၏လက်များကို ကြည့်လိုက်သည်။  ထို့နောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။


 "အမေ၊ သမီးကို ဒီအကြောင်းတွေ ပြောပြဖို့ လာခဲ့တာလား"  


သခင်မကြီးရှစ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း မေးလိုက်သော သူမအသံက တုန်ယင်နေတော့သည်။ 


 “သမီး…” 


သခင်မကြီးရှစ် သမီးဖြစ်သူကို ကြည့်ပြီး တစ်ခုခု ပြောချင်သော်လည်း ထုတ်ပြော၍မရချေ။


"အမေက သမီး တစ်ယောက်တည်း အားလုံးကိုယ်စား အပြစ်ခံစေချင်တာလား"  


ရှစ်ဖေးရှန့်၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေသော်လည်း လှောင်ပြုံးလေးပြုံးနေသေးသည်။

 

"သမီးက နာမည်ပျက်သွားပြီ၊ လွတ်လာရင်တောင် သမီးနဲ့လက်ထပ်ဖို့ဆိုရင် အသုံးမကျတဲ့လူတစ်ယောက်ကိုပဲ ရနိုင်တော့မယ်၊ ဒါ့အပြင် ရှစ်မိသားစုတစ်ခုလုံးကိုလည်း ထိခိုက်စေမယ်၊ သမီးကိုသာ ဘာလို့ အပြစ်မပုံချတာလဲ၊ဒါဆို အဖေ၊ အစ်မ၊ အစ်ကိုတို့နဲ့လည်း ပတ်သက်မှု ရှိမှာ မဟုတ်ဘူး"


သခင်မကြီးရှစ်သည် ပါးစပ်ကိုပိတ်ကာ ရှိုက်ကြီးတငင်ငိုရင်း ခေါင်းကိုသာ ယမ်းလျက်ရှိသည်။ သူမ ဘာပြောရမှန်းမသိတော့အောင်ပင် ဖြစ်နေရ၏။


 "ဒါပေမယ့် သမီး တစ်ခုမှမလုပ်ထားဘူး၊ မိသားစုအနေနဲ့ သမီးအတွက် တရားမျှတမှုကို မရှာသင့်ဘူးလား"  


ရှစ်ဖေးရှန့်၏ အသံသည် ပို၍ပင်ကျယ်လောင်လာသည်။  


"ကောကုန်းကျင့်ထင်လိုပဲ၊ သူ့သမီးကို အနိုင်ကျင့်တဲ့ သူတိုင်းကို အပြစ်ပေးပါတော့လား၊ သူ့ဂုဏ်သိက္ခာက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ သူ့သမီးလေး မျက်နှာမငယ်ရအောင် ထားသလိုမျိုး၊အမေတို့လည်း သမီးကာကွယ်သင့်တယ်၊မိဘတွေနဲ့ မိသားစုတွေ လုပ်သင့်တာ ဒါမျိုး မဟုတ်ဘူးလား"


သခင်မကြီးရှစ်သည် လက်ရန်းကို မှီ၍ အသက်ရှုမဝ ဖြစ်ကာ သမီးဖြစ်သူ၏မျက်နှာကို မကြည့်ဝံ့ပေ။သူမကို ရင်ဆိုင်ရန် ရှက်လွန်းလှသည်။


 "သမီး သိပါပြီ"  


ရှစ်ဖေးရှန့် သည် ငိုနေသော သခင်မကြီးရှစ်ကိုကြည့်ပြီး မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။  


"အခု အမေပြန်လို့ရပြီ"


 "သမီး…"


 "စိတ်မပူနဲ့၊သမီး အပြစ်ကို ခံယူမယ်"


ရှစ်ဖေးရှန့် တစ်ချိုးတည်းပင် နောက်ပြန်လှည့်သွားပြီး သခင်မကြီးရှစ်ကို မကြည့်တော့။



xxxx