Chapter 94
"သမီးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေတို့ရဲ့ကြင်နာမှုကို ကျေးဇူးဆပ်တဲ့ သမီးတစ်ယောက်အနေနဲ့ပဲ မှတ်ယူလိုက်ပါ"
သခင်မကြီးရှစ် ငိုယိုပြီး ရင်ဘတ်ကိုစည်တီးနေတော့သည်။
"မလိုချင်ဘူး၊ မလိုချင်ဘူး၊ အမေက အသုံးမကျတဲ့ အမေပါ၊ ကိုယ့်သားသမီးတောင် မကာကွယ်နိုင်ဘူး"
နောက်တနေ့တွင် မဟာရွှေလမင်းနန်းတော်၌ တရားရုံးချုပ် အဓိပတိသည် ဧကရာဇ်ယွင်ချင်အား ဦးညွှတ်ကာ
"အရှင်မင်းကြီး၊ ရှစ်ဖေးရှန့်က ဝန်ခံပါတယ်"
"သူမ ဘာပြောလိုက်တာလဲ"
တရားရေးရာဝန်ကြီးချုပ်သည် ဝန်ခံချက်ကို လက်နှစ်ဘက်ဖြင့် ကိုင်ကာတင်ပြသည်။
"သခင်မလေးရှစ်က ပန်းဟွာကျွင်းကျူးကို မနာလိုစိတ်ရှိပြီး မြို့စားမင်းရုံနဲ့ပန်းဟွာကျွင်းကျူးလက်ထပ်ဖို့ မလိုလားကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်၊ ဒါကြေင့် ကောကုန်းကျင့်ထင်မှာရှိတဲ့ လူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ လူသတ်သမားကို ငှားရမ်းချင်ခဲ့တာပါ၊ ဒါပေမဲ့ ဝန်ကြီးချုပ်က အရမ်းတင်းကျပ်ထားပြီး သူမကို လုပ်ခွင့်မပြုပါဘူး၊ဒါနဲ့ သူမက တိတ်တဆိတ် ပန်းဟွာကျွင်းကျူးကို လုပ်ကြံဖို့ ကြံစည်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်ကောင်းကို ရှာမတွေ့လို့ အစီအစဉ်ပြောင်းပြီး လူဆိုးတွေကို ငှားရမ်းပြီး ကောကုန်းကျင့်ထင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာပါ၊ ဒီလိုနည်းနဲ့ ပန်းဟွာကျွင်းကျူးဟာ ဝမ်းနည်းပူဆွေးခြင်း ကာလကို သုံးနှစ်ကြာအောင် ဖြတ်သန်းရပါလိမ့်မယ်"
ဧကရာဇ် ယွင်ချင်သည် သူ့လက်ထဲရှိစာရွက်လိပ်ကို အသာအယာ ချလိုက်ပြီး
"မင်းသားဟွေ့ စံအိမ်က ဘဏ္ဍာစ်ိုးနဲ့ ဘယ်လို တွေ့ခဲ့တာဆိုတာကို သူမ ပြောခဲ့လား"
"အဲ့ဒီလူဟာ မင်းသားဟွေ့စံအိမ်က ဘဏ္ဍာစိုးဖြစ်ကြောင်း မသိခဲ့ဘူးလို့ သခင်မလေးရှစ်က ပြောပါတယ်၊ သူမကို လုပ်ကြံသူနဲ့ မိတ်ဆက်ပေးတဲ့ ကြားလူတစ်ယောက်လို့ပဲ ထင်ခဲ့တာပါ”
တရားရေးရာဝန်ကြီးချုပ်သည် ဤအကြောင်းပြချက်က အနည်းငယ်မသင့်လျော်ဟု ယူဆမိသည်။သခင်မလေးရှစ်သည် ရှစ်မိသားစု ဒုက္ခမရောက်စေရန် အားလုံးကိုယ်စား အပြစ်ခံယူလိုသည်မှာ ထင်ရှားသည်။
ဧကရာဇ်သည်လည်း ဤကဲ့သို့ အဓိပ္ပါယ်မရှိသော အကြောင်းပြချက်ကို ယုံကြည်မည်မဟုတ်ဟု သူထင်ခဲ့သည်။သို့သော် ဧကရာဇ်က ဘာမှမပြောဘဲ ဝန်ခံချက်ကို ချထားခိုင်းကာ သူ့ကို ပြန်သွားစေသည်။
ရက်အနည်းငယ်ကြာလျှင် ကောကုန်းကျင့်ထင် လုပ်ကြံခံရမှု၏ အမှန်တရားကို ထုတ်ဖော်ခဲ့သည်။အကြောင်းပြချက်ကတ မိန်းမတစ်ယောက်၏ မနာလိုစိတ်ကြောင့်ဆိုသည်လည်း ပေါ်လာတော့၏။ဤကိစ္စကြောင့် မြို့စားမင်းရုံလည်း နာမည်ကြီးသွား၏။ မိန်းကလေးတစ်ယောက်ကို မျက်ကန်းသည်ပမာ ဖြစ်စေသည့် မြို့စားမင်းရုံ၏ အရည်အချင်း၊ချောမောမှုတို့ကား ပြောမဆုံးပေါင်ဖြစ်သွားစေသည်။
မြို့တော်ရှိ ရုံရှား၏ကျော်ကြားမှုသည် အချိန်အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခြင်းမရှိပေ။ပို၍ပင် ကျော်ကြားလာသေးသည်။သူသာ စေ့စပ်ကြောင်းလမ်းခြင်းမပြုထားပါက မိန်မပျိုများပေးသော ပန်းများ၊ လက်ကိုင်ပုဝါများ၊ သစ်သီးများနှင့် အခြားလက်ဆောင်များသည် တောင်ပုံယာပုံ ပေါများနေပေလိမ့်မည်။
ရှစ်ချုံးဟိုင်သည် သမီးဖြစ်သူ၏ ရာဇ၀တ်မှုကို ကြားသည်နှင့် ဧကရာဇ်ရှေ့မှာ လူးလဲငိုယိုပြပြီး ပန်းမိသားစုဆီကိုလည်း အသနားခံနေတော့သည်။သူ့သမီး၏ လုပ်ရပ်ကို မဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်စေသည့် သူ့လုပ်ရပ်ကြောင့် ပညာရှင်အချို့ဆီမှ ချီးကျူးမှုလည်း ရရှိခဲ့သည်။
ရှစ်ချုံးဟိုင်သည် သူ့ကို နုတ်ထွက်ခွင့်ပေးဖို့အထိ တောင်းဆိုခဲ့သည်။သမီးဖြစ်သူအား လုံလောက်စွာ စည်းကမ်းမတင်းကြပ်မိ၍ သူ့မှာ ဝန်ကြီးချုပ်ဖြစ်ဖို့ အရည်အချင်းမရှိကြောင်း ပြောဆိုလေသည်။ ဧကရာဇ်သည် သူ၏ရိုးသားသော သဘောထားကြောင့် ရင်ထဲထိမိသွားကာ၊သမီးဖြစ်သူ၏ အမှားများအတွက် အဖေဖြစ်သူအား တာဝန်မယူခိုင်းသင့်မှန်း ခံစားခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ဒဏ်ငွေငါးထောင် ဒဏ်ရိုက်ခံရပြီး ကောကုန်းကျင့်ထင်ကို တောင်းပန်ရန် တောင်းပန်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။ သူ့လစာကိုလည်း တစ်နှစ်ခွဲ ဆိုင်းငံ့ထားပေမည်။
ရှစ်ချုံးဟိုင် မကန့်ကွက်ချေ။ နောက်တစ်နေ့တွင် သူကိုယ်တိုင် ကြီးမားသော တောင်းပန်ပွဲတစ်ခု ကျင်းပခဲ့သည်။ပန်းဟွိုက်အား ဂုဏ်ပြုဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ရုံသာမက ထင်ရှားကျော်ကြားသူများကိုလည်း ဧည့်သည်တော်များအဖြစ် ဖိတ်ကြားခဲ့သည်။သူ့လုပ်ရပ်ကြောင့် မြို့တော်မှ လူများက သူ့ကို ချီးမွှမ်းကြပြန်သည်။
ပန်းဟွိုက်သည် သားသမီးများနှင့်အတူ ရောက်လာသောအခါ အိမ်တော်ထဲမှာ လူတော်တော် ရောက်နေပြီဖြစ်၏။ ဒုတိယထပ်တွင် ဧည့်ခံပွဲကျင်းပသော်လည်း ပင်မခန်းမအောက်ထပ်တွင် လူအများအပြား ရှိနေသေးသည်။ ပန်းမိသားစုက တောင်းပန်ခြင်းအား မည်သို့တုံ့ပြန်မည်ကို လူတိုင်းက စောင့်မျှော်နေကြသည်။
ပန်းဟွာသည် အောက်ထပ်မှ စိတ်လှုပ်ရှားနေသော ဧည့်သည်များကို ကြည့်လိုက်သည်။အောက်ထပ်ကလူများက သူမကို ဝံပုလွေများလို စိုက်ကြည့်နေကြသဖြင့် ပန်းဟမ်က သူမရှေ့ကနေ ပိတ်ကာထားလိုက်သည်။
"ကောကုန်းကျင့်ထင်"
ရှစ်ချုံးဟိုင်သည် ပန်းဟွိုက်ကိုမြင်သည်နှင့် ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးများနီရဲလာပြီး ပန်းဟွိုက်ကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။
"ကျွန်တော့်သမီးကို ကောင်းကောင်းမသင်ပေးခဲ့မိဘူး၊ ကျွန်တော် တကယ်ရှက်မိပါတယ်၊ဒီက ကောကုန်းကျင့်ထင်ကို ကြည့်တောင်မကြည့်ရဲပါဘူး"
ပန်းဟွိုက်သည် သူတို့အားကြည့်နေသော ဧည့်သည်များကို တစ်ချက်ကြည့်လိုက်ကာ
"ရပါတယ်၊ မင်းရဲ့ သမီးကို ကောင်းကောင်း မသင်ပေးပေမဲ့ သူမ အသက်ရှင်နေသေးတာကပဲ ကံကောင်းတယ်လို့ ဆိုရမှာ"
ထိုသို့ပြောပြီးနောက် အနီးနားရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီး ရှက်ကိုးရှက်ကန်းပုံစံဖြင့်
"ကျုပ်ကလည်း သူရဲဘောကြောင်တာပါပဲ၊ ဒီအဖြစ်အပျက်က ကျုပ်ကို အရမ်းကြောက်သွားစေတယ်၊ ဒီနေ့လည်း ကျုပ် အပြင်ကိုတောင် မထွက်ချင်ဘူး၊ ဒါပေမယ့် မထွက်လို့မဖြစ်ဘူးလေ၊နယ်စားမင်းရှစ် စိတ်မကောင်းဖြစ်မှာစိုးလို့ လာခဲ့တာပါ၊ကျွန်တော့်ဘက်က ရိုင်းပြမိတာရှိရင်လည်း ခွင့်လွှတ်ပါ"
ပန်းဟွိုက်စကားကြောင့် လူအုပ်ကြီးက တပြိုင်နက် စကားများ ညံနေအောင်ထွက်လာကြလေသည်။
ရှစ်ချုံးဟိုင်က ပြုံးပြီး တောင်းပန်စကားဆိုသော်လည်း ပန်းဟွိုက် ကျေနပ်စေရန်သာ ဧည့်သည်များက ဖြောင်းဖျနေကြတော့သည်။သူ့ကို ဂရုပင်မစိုက်ကြ။
ပန်းဟွာသည် သူတို့ကို စိတ်ပင်မဝင်စားပေ။သူမ တစ်ဖက်ကိုလှည့်လိုက်သည်နှင့် ရှစ်ကျင်း၏ မျက်လုံးကို တွေ့လိုက်ရသည်။ သူတို့မျက်လုံးချင်း တခဏ ဆုံသွားကြ၏။ပန်းဟွာကလည်း စကားစမပြောသလို ရှစ်ကျင်းသည်လည်း ခဏမျှ တုံ့ဆိုင်းကာ ငေးကြည့်နေတော့သည်။ ထို့နောက် သူက သူမနှင့် ခြေလှမ်း နှစ်လှမ်းဝေးသည့် နေရာကို လှမ်းပြီး
"ကျွင်းကျူး နေကောင်းရဲ့လား"
ပန်းဟွာက ဘာမှမထူးခြားသလိုပုံနှင့်...
"အဖေမှ နေမကောင်းတာ၊ ကျွန်မလည်း ဘယ်လိုလုပ် နေကောင်းနိုင်မှာလဲ၊သခင်လေးရှစ်က ကိစ္စရှိလို့လား"
ရှစ်ကျင်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေ၏။ပန်းဟွာသည် ခေါင်းကို လှည့်ကာ VIP ထိုင်ခုံတွင် ထိုင်နေသော အဖေဖြစ်သူကို ကြည့်လိုက်သည်။
"သခင်လေးရှစ်၊သခင်မလေးရှစ် ဘယ်လိုနေလဲ"
"ကျွန်တော့်ညီမဟာ ကြီးလေးတဲ့ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဆိုတော့ တရားရုံးချုပ်က သူမကို စစ်မှုထမ်းဖို့ အချိန်ဆယ့်ငါးနှစ် ချမှတ်ခဲ့ပါတယ်...."
"သူမက ဘယ်မှာတာဝန်ကျတာလဲ"
ပန်းဟွာ အမေးကြောင့် ရှစ်ကျင်း အတော်အံ့ဩသွားမိသည်။
"ရှီကျိုး ပြည်နယ်ပါ"
"ရှီကျိုးက အဝေးကြီးမှာ၊ အရမ်းလည်းအေးတယ်၊ လေထန်ပြီး သဲလည်းထူတယ်၊ ရှင့်ညီမက အဲဒီရာသီဥတုကို ခံနိုင်ရည်ရှိပါ့မလား၊ ရာသီဥတု ပိုကောင်းတဲ့ နေရာကို ဘာလို့ မပြောင်းရတာလဲ"
"သူမရဲ့အမှားအတွက် အပြစ်ပေးသင့်ပါတယ်၊ ရှစ်မိသားစုက ဒီကိစ္စအတွက်နဲ့ ရောင့်မတက်ရဲပါဘူး"
ရှစ်ကျင်းက ပြောရင်း ခေါင်းငုံ့ကာ ပန်းဟွာ၏ မျက်လုံးများကို မကြည့်တော့ပေ။
"ဟုတ်ပါတယ် ဘာမှ စောဒကတက်စရာ မရှိပါဘူး"
ပန်းဟွာသည် ရှစ်မိသားစုကို ငြီးငွေ့လာသည်။ ရှစ်ဖေးရှန့်ကို သူမဘက်က ရန်ငြိုးထားသော်လည်း၊ သူမ၏ အဖေကိုတိုက်ခိုက်ခြင်းနှင့် အမှန်တကယ် ဘာမှမပတ်သက်ပါက ရှစ်ဖေးရှန့်အား မနစ်နာစေလိုပေ။
ရှစ်ချုံးဟိုင်သည် ပန်းဟွိုက်အား လက်ဖက်ရည်ဖြင့် တောင်းပန်ခဲ့သည်။ပန်းဟွိုက်ကလည်း လက်ဖက်ရည်ကို အေးဆေးသောက်လိုက်၏။မကြာမီ တရားဝင်ပွဲစတော့မည့်ဆဲဆဲ ပန်းဟွိုက်၏ မျက်နှာက ရုတ်တရက် ဖျော့တော့ပြီး မူးလဲသွားတော့သည်။ အားလုံး လန့်သွားပြီး သမားတော်ကို အမြန်ခေါ်လိုက်ကြသည်။ထိုမှသာ သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေသေးပြီး ပင်ပန်းလွန်းသည့် အကြောင်းကို သိခဲ့ကြသည်။
ထို့ကြောင့် ပွဲကို ဖျက်သိမ်းလိုက်ပြီး လူတိုင်း ပန်းဟွိုက်ကို အိမ်ပြန်ပို့ပေးသည်။လူအုပ်ကြီးသည် ရှစ်မိသားစု၏ တံခါးမှ ထွက်သွားချိန်၌ ပန်းဟွိုက်သည် ရှစ်ချုံးဟိုင်၏ တောင်းပန်မှုကို လက်ခံသလား၊လက်မခံဘူးလားဆိုသည်ကို တွေးတောမိကြ၏။
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ထိုကိစ္စသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။အပေါ်ယံတွင် ရှစ်ချုံးဟိုင် နှင့် ယန်ဟွေ့တို့သည် ၀န်ကြီးချုပ်များဖြစ်ကြပြီး သူတို့၏ အဆင့်အတန်းများမှာ ထိခိုက်ခြင်းမရှိကြပေ။ သို့သော် လက်တွေ့တွင်မူ ထိုမိသားစုနှစ်စုသည် ယခင်ကကဲ့သို့ ဘုန်းတန်ခိုးကြီးခြင်းမရှိတော့ဘဲ ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ နေထိုင်ခဲ့ရသည်။
အပြင်ပန်းတွင် ရှစ်ဂိုဏ်းနှင့် ယန်ဂိုဏ်းသည် တရားရုံးတွင် မရှိကြတော့ပေ။ သို့သော် ငြိမ်သက်သော မျက်နှာပြင်အောက်တွင် လျှို့ဝှက်ရေစီးကြောင်းတစ်ခု ရှိနေပုံရသည်။ တစ်စုံတစ်ယောက်ကသာ ဖော်ပြားလာပါက၊ကမ္ဘာကြီးသည် ဇောက်ထိုးဖြစ်သွားပြီး အရောင်ပြောင်းသွားမည်ဖြစ်သည်။
ရှစ်ချုံးဟိုင်သည် ပန်းဟွိုက်အား တောင်းပန်ပြီး သုံးရက်အကြာတွင်.....
ရှစ်ဖေးရှန့်ကို သံခြေချင်းများ ဝတ်ဆင်ပေးထားပြီး ခေါင်းစွပ်ကိုလည်း ၀တ်ထားသည်။ ရှီကျိုးထံ ပို့လိုက်သော အကျဉ်းသားတစ်စုနှင့်အတူ သူမသည် သစ်သား မြင်းလှည်းပေါ်တွင် ထိုင်နေခဲ့သည်။
ကျဉ်းမြောင်းပြီး ယိုင်တိုင်တိုင် ဖြစ်နေသော သစ်သားမြင်းလှည်းသည် ထူးဆန်းသောအနံ့များနှင့် ပြည့်နေသည်။မြင်းလှည်းပေါ်ရှိအမျိုးသမီးများက သူမကိုကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။ ဒီလို နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးကို ရှီကျိုးလို ခါးသီးပြီး အေးစက်တဲ့ အရပ်ဆီ ပို့တယ် ဆိုတော့ သူမက ဘယ်လို ရာဇ၀တ်မှုမျိုး ကျူးလွန်ခဲ့တာလဲ...
မြင်းလှည်းပေါ်ရှိ အသက်အကြီးဆုံး အမျိုးသမီးသည် အသက်လေးဆယ်ကျော်ရှိဟန်တူသော်လည်း တကယ်တမ်းတွင် သူမသည် အသက်သုံးဆယ်ကျော်အရွယ်ဖြစ်သည်။ သူမအား တစ်နေ့လုံး ညှဉ်းပန်းနှိပ်စက်ခဲ့သော ခင်ပွန်းဖြစ်သူနှင့် ယောက္ခမတို့ကို သတ်ပစ်ခဲ့သည်။ သို့သော် သူမ ငယ်စဉ်က အရာရှိတစ်ဦး၏သမီးကို ကယ်တင်ခဲ့သောကြောင့် သူမသည် မျက်နှာသာရခဲ့သည်။ ထို့ကြောင့် သူမအား သေဒဏ်မချမှတ်ဘဲ ပြည်နှင်ဒဏ်သာ ပေးခဲ့သည်။သူမက ရှစ်ဖေးရှန့်ကို သွားပြီးမေးလိုက်၏။
"မိန်းကလေးက ဘာပြစ်မှုကျူးလွန်ခဲ့တာလဲ"
"ကျွန်မလား"
ရှစ်ဖေးရှန့်သည် ဘဝ၏ဘေးဆိုးများကြုံတွေ့ခဲ့ရသော သူမရှေ့မှ အိုချာချာ အမျိုးသမီးကို စိုက်ကြည့်နေပြီး ခဏအကြာတွင်...
"ကျွန်မက ခန္ဓာကိုယ် မှားပြီး မွေးလာလို့ အမှားကြီးတစ်ခု ကျူးလွန်ခဲ့တယ်"
မြင်းလှည်း၏ ဘေးဘက်နှစ်ဖက်တွင် သံမှိုဖြင့် ခိုင်ခံ့စွာရိုက်ထားပြီး၊လှည်းပေါ်ရှိလူများ အသက်ရှူနိုင်ရန် အပေါက်ငယ်များသာ ချန်ထားသည်။ အပြင်မှာ ဆူညံပွက်လောရိုက်နေသည့် အသံများကို နားထောင်ရင်း မြို့တော်ကြီး၏ စည်ကားသော အသံများကို သူမ နောက်ဆုံးအကြိမ် ကြားလိုက်ရတော့မည်ဟု သူမ တွေးမိသေးသည်။
ရှီကျိုးမှာ လေပြင်းတိုက်ပြီး မိုးလည်းရွာတတ်သည်။ပူပြင်းသော နေရောင်သည် သူမ၏ အသားအရေကို လောင်ကျွမ်းစေလောက်အောင်ပင် ပြင်းထန်လှ၏။သူမ ခံနိုင်ရည်ရှိမရှိ မသိပေ။
သစ်သားမြင်းလှည်းဖြင့် မြို့မှ ထွက်ခွာပြီးနောက် လမ်းနှစ်ဘက်ရှိ အကျဉ်းသားများ၏ မိသားစုများသည် အဝတ်အစားများ လာပေးကြသည်။ တစ်ချို့က ငိုယိုပြီး တစ်ချို့က ကြောင်စီစီနှင့် အသိစိတ်မကပ်ကြချေ။သို့သော်လည်း အကျဉ်းသားများကို လိုက်ပါပို့ဆောင်ပေးသော အရာရှိများသည် ထိုလူများထံမှ ငွေများကို ယူကာ ဤအခြေအနေကို မျက်ကွယ်ပြုထားကြသည်။
ရှစ်ဖေးရှန့်မှလွဲ၍ ၊မြင်းလှည်းပေါ်ရှိ အမျိုးသမီး အကျဉ်းသားအားလုံး သည် မိသားစုများထံမှ ပစ္စည်းများကို လက်ခံရရှိခဲ့သည်။
သူမသည် ကျဉ်းမြောင်းသော သစ်သားချပ်ကြားမှ အပြင်ဘက်ကိုကြည့်ရင်း သူမ ရင်ထဲမှာ ထုံကျင်ကိုက်ခဲနေတော့သည်။
မြင်းစီးလာသည့် အစောင့်တစ်ဦးသည် လက်ထဲတွင် အထုပ်ကြီးတစ်ခုကို ကိုင်ဆောင်ကာ မြို့ပြင်သို့ ပြေးထွက်လာခဲ့သည်။
"ဟေး မြင်းလှည်း ရပ်ပါဦး..."
ရှစ်ဖေးရှန့်၏ မျက်လုံးများ လင်းထိန်သွားသော်လည်း အစောင့်၏မျက်နှာကို မြင်လိုက်သောအခါ၊သူမ၏မျက်လုံးထဲမှ အလင်းရောင် ပျောက်ကွယ်သွားခဲ့သည်။ ထိုသူ့ကို သူမ တစ်ခါမှ မမြင်ဖူးပေ။ သူသည် ရှစ်မိသားစုဝင်မဟုတ်သည်မှာ သေချာသည်။
"တောင်ကြီးကလည်း မြင့်ပြီး လမ်းက ရှည်တယ်လို့ သခင်ကြီးက ပြောပါတယ်၊ အခုချိန်ကစပြီး ကမ္ဘာကြီးရဲ့အဆုံးနှစ်ဖက်မှာ ငါတို့အချင်းချင်း ကွဲကွာသွားလိမ့်မယ်၊ အတိတ်က နာကျည်းမှုတွေကို ရှင်းပစ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါတဲ့"
ပြောပြီး အစောင့်သည် ရှစ်ဖေးရှန့် ၏လက်ထဲသို့ အထုပ်ကိုထည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်"
"နေပါဦး"
ရှစ်ဖေးရှန့်က အထုပ်ကို ကိုင်လိုက်ပြီး သာမန်အစောင့်ကို ကြည့်လိုက်သည် ။
"ရှင့်ရဲ့သခင်က ဘယ်သူလဲ"
ထိုအစောင့်က အလေးပြုပြီး
"ဒီမေးခွန်းကို မဖြေနိုင်တာ ခွင့်လွှတ်ပါ၊ နှုတ်ဆက်ပါတယ်"
ရှစ်ဖေးရှန့်သည် ကြီးမားသော အထုပ်ကြီးကို ကိုင်ထားပြီး မြင်းစီး၍သွားသော အစောင့်၏ ကျောပြင်ကို စိုက်ကြည့်လိုက်သည်။မကြာခင်မှာပင် အခြားအမျိုးသမီး အကျဉ်းသားများကို မြင်းလှည်းထဲသို့ ပြန်ခေါ်ကြသည်။သူတို့အားလုံးက သူတို့မိသားစုများ ပြင်ဆင်ထားသည့် အထုပ်များကို စပြီးဖြည်ကြသည်။ရှစ်ဖေးရှန့်ကသာ အထုပ်ကိုမထိသူ ဖြစ်သည်။
အထဲမှာ ဘာရှိမှန်းလည်း သူမ မသိ။သူမကို ကံဆိုးစေနိုင်သော အရာတစ်ခုခု ဖြစ်နိုင်သလို ကြွက်သေတစ်ကောင်လည်း ဖြစ်နိုင်သည်။
မြို့တော်ရှိ မိန်းမပျိုအချို့က သူမကို တိတ်တဆိတ် မနာလိုဖြစ်တတ်သည်။သို့သော် သူတို့ မည်မျှပင် မနာလိုဖြစ်နေစေကာမူ၊သူမရှေ့မှာ ထုတ်မပြရဲမှန်း သူမ သိသည်။ သူမကိုတော့ အပြင်ပန်းကနေ၍ စိတ်ကျေနပ်အောင် အစွမ်းကုန်ကြိုးစားကြသေးသည်။ သူမကို ချစ်ခင် မြတ်နိုးသူများကတော့ သူမနှင့် မပတ်သတ်ကြတော့။သူမ၏ မိသားစုကပင် သူမကို အရေးမလုပ်တော့ချေ။
အကျဉ်းသား အမျိုးသမီးတစ်ဦးက
"ဒီအထုပ်ရဲ့ ပိတ်သားက အရမ်းကောင်းတယ်၊နှစ်ပေါင်းများစွာ အသုံးပြုရင်တောင် ပျက်သွားမှာ မဟုတ်ဘူး"
ရှစ်ဖေးရှန့် အံကိုတင်းတင်းကြိတ်ပြီး အထုပ်ကို စတင်ဖွင့်လိုက်သည်။
ဘယ်သူက သူမကို ဘယ်လောက်ရန်ငြိုးထား၍၊ ဤအရေးကြီးသော အခိုက်အတန့်တွင် ပစ္စည်းတစ်ခု ပေးပို့ဝံ့သည်။ရှစ်မိသားစုကတောင် ဘယ်အရာမှ မပေးပို့ပေ။
အထုပ်ကိုဖွင့်လိုက်သောအခါ အတွင်း၌ ကြွက်သေလည်း မရှိသလို၊ ညစ်ပတ်သောအရာများလည်း မရှိပေ။ ရေဘူးတစ်ဘူး၊ လေးရာသီစာ အဝတ်အစားအနည်းငယ်၊ အစာခြောက်တစ်ထုပ်နှင့် ပိုက်ဆံအိတ်ငယ်တစ်ခုသာရှိသည်။ သူမ အိတ်ကိုဖျစ်ညှစ်ကြည့်ရာ အထဲမှာ ကြေးဒင်္ဂါးပြားနှင့် ငွေထည်တစ်ချို့အား စမ်းမိသည်။
မကြာမီ သူမ၏ အမြင်အာရုံများ မှုန်ဝါးကာ မျက်ရည်များ အထုပ်ပေါ် ကျဆင်းလာသည်။
xxxxxx