Chapter 95
"ဂလောက်.....ဂလောက်....ဟိုက်ရား....."
မြင်းလှည်းသည် လမ်းမကြီးပေါ်တွင် ဒုန်းစိုင်းလျက်ရှိပြီး လမ်းဘေး၌ လမ်းသွားလမ်းလာများ သွားလာလျက်ရှိသည်။မြင်းလှည်းထဲက ဘယ်လိုအရာရှိကများ မည်မျှစိတ်ဆိုးနေ၍ ယခုလို အသော့နှင်နေရမှန်း လမ်းသွားလမ်းလာများ တွေးတောနေကြပေ၏။
သို့သော် လူချမ်းသာများပီပီ မြင်းလှည်းအမြန်မောင်းမိ၍ ဒဏ်ငွေ တစ်ရာစီ ပေးဆောင်ရမည်ဆိုလျှင်ပင် ကျေကျေနပ်နပ် ပေးဆောင်ကြမည် ဖြစ်သည်။လူချမ်းသာများကို သူတို့လို သာမာန်လူများ နားမလည်နိုင်ပေ။
ရှစ်ကျင်းသည် မြို့ပြင်သို့စီးလာကာ ဟိုမှသည် လှည့်ပတ်ကြည့်သော်လည်း ညီမဖြစ်သူကို ရှာမတွေ့ပေ။ ဤသို့ဖြင့် မြို့တံခါးမှာရပ်နေသော အစောင့်အကြပ်များအား မေးလိုက်သည်။
"အနောက်ပြည်နယ်က အမျိုးသမီး အကျဉ်းသားတွေကို ဒီနေ့ မြို့တော်ကနေ ပို့တာလား”
အစောင့်က လူသစ်ဖြစ်သည်။
မေးသူသည် ဘရိုကိတ်ပိတ်သားဝတ်စုံဝတ်ထားပြီး ခံ့ညားသော ရောင်ဝါရှိနေသည်ကို မြင်လိုက်ရသဖြင့် ဖုံးကွယ်ဝံ့ခြင်းမရှိပေ။
“လွန်ခဲ့တဲ့ လေးနာရီလောက်က မြို့ကနေ ထွက်သွားကြပါတယ်”
"လွန်ခဲ့တဲ့ လေးနာရီက...."
ရှစ်ကျင်းသည် အစောင့်၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်သည်။
“မွန်းတည့်အချိန်ကျမှ အကျဉ်းသားတွေကို မြို့ထဲက လွှတ်မယ်လို့ ပြောတာမဟုတ်ဘူးလား"
"သခင်လေး ကျွန်တော် ဒီအကြောင်း မကြားမိပါဘူး”
ရှစ်ကျင်းက ဘယ်လောက်တောင် ရူးသွပ်နေသလဲဆိုသည်ကို သိလိုက်ရလျှင် အစောင့်မှာ ဒေါသမထွက်ရဲတော့ဘဲ သေသေချာချာပြောလေသည်။
“ကျွန်တော် အထက်လူကြီးတွေဆီက စာရွက်စာတမ်းတစ်ခု ရထားပါတယ်၊ အမျိုးသမီး အကျဉ်းသားတစ်စုကို အနောက်ပိုင်းခရိုင်ကို မနက် ၇ နာရီမှာ ပို့ထားတယ်လို့ ရေးထားပါတယ်”
“မနက် ခုနစ်နာရီ…”
ရှစ်ကျင်းသည် အစောင့်ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်ကာ လွှတ်လိုက်သည်။ ယခုတော့ ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်မှုရပ်တန့်သွားသလို ခံစားရလေ၏။
"သခင်လေး"
ရှစ်မိသားစု၏ ကိုယ်ရံတော်က သူ့နောက်ကို လိုက်လာခဲ့သည်။
"ဝန်ကြီးချုပ်က သခင်လေးကို ချက်ချင်းပြန်သွားဖို့ ပြောပါတယ်"
"မင်းတို့ ထွက်သွားကြ"
ရှစ်ကျင်းက သူ့အနီးဆုံးမှ အစောင့်ကို နှင်ထုတ်လိုက်ပြီး သူတို့ကို အကြာကြီး အေးစက်စွာ စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ့အသက်ဝိညာဉ် ဆုံးရှုံးသွားသလို အသိစိတ်ကင်းလွတ်သွားသည်။
"မင်းတို့ဘာသာပြန်သွားတော့ ငါ ဆက်သွားမယ်"
အရိုက်ခံရသည့် အစောင့်က မြေပြင်ပေါ်ကနေ ထပြီး စိုးရိမ်တကြီးနှင့်
“သခင်လေး၊ ဝန်ကြီးချုပ်ကပြောတယ် သခင်လေး စိတ်မြန်လို့ မရဘူးတဲ့၊ သခင်လေးရဲ့ အပြောအဆိုနဲ့ လုပ်ရပ်က တစ်မိသားစုလုံးကို ထိခိုက်စေပါတယ်”
ရှစ်မိသားစုကို မှီခိုအားထားရသည့် အကိုင်းအခက် ဆွေမျိုးများစွာရှိသည်။ ရှစ်ချုံးဟိုင် အာဏာမှ ပြုတ်ကျပါက၊ ရှစ်မိသားစု၏ အတောင်ပံအောက်တွင် ရှိနေသည့် လူတိုင်း ဒုက္ခရောက်ကြမည်ဖြစ်သည်။
ရှစ်ကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားရသည်။ သူ ခါးသီးစွာ ရယ်မောပြီး အစောင့်များကို တစ်ချက်တောင် လှည့်မကြည့်ဘဲ သူ့မြင်းကို မြို့ထဲသို့ အပြေးနှင်သွားလိုက်သည်။ သူမွေးကတည်းက သူ့မိဘများသည် မိသားစုကိုသာ ဦးစားပေးဖို့ အမြဲသတိပေးခဲ့သည်။ သူ၏အစ်မအကြီးဆုံးသည် အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ခဲ့ပြီး ဒုတိယညီမကိုလည်း မိဘများကိုယ်တိုင်က အလိုလိုက်ထားတာပင်။သူသည် အဖေဖြစ်သူ၏ ဆန္ဒကို အတိအကျ လိုက်နာရမည်။ မဟုတ်ပါက သူ့ကို သစ္စာမဲ့သူအဖြစ် သတ်မှတ်ပြီး ရှစ်မိသားစုတစ်ခုလုံး၏ ချမ်းသာကြွယ်ဝမှုကို ဟာသသာဖြစ်သွားမည်ဖြစ်သည်။ဤကဲ့သို့ သူ့မိသားစုကို ပြန်ငဲ့ကြည့်နေရသည်က ပင်ပန်းလွန်းလှ၏။
သူသည် စည်ကားနေသော လူအုပ်ထဲသို့ လျှောက်သွားကာ သွားလာနေသော လူများကို ကြည့်နေမိသည်။အသက်ရှူလည်း မဝသလို ခံစားရပေ၏။
လမ်းဘေးမှာ အဖေဖြစ်သူ၏ လက်ကို ကိုင်ထားသည့် ကလေးမလေးတစ်ယောက်ကို တွေ့ရသည်။ ထို့နောက် သူမက ဖခင်ဖြစ်သူအား ပွေ့ဖက်ရန်ပြင်လိုက်သည်။ သူ့အဖေက ခေါင်းငုံ့ပြီး တစ်ခုခုပြောလိုက်ကာ ကလေးမလေးကို ပွေ့ဖက်လိုက်သည်။ ကလေးမလေးသည် ဖခင်ဖြစ်သူ၏ လည်ပင်းကို ပျော်ရွှင်စွာ ပွေ့ဖက်ထားသည်။သူမ၏ ပါးပြင်ပေါ်က ပါးချိုင့်လေးများက အတော်ပင် ချစ်စရာကောင်းလှပေ၏။
ဒီလိုမျိုးကမှ… မိသားစုလို့ ခေါ်တာ...
ရှစ်ကျင်းသည် ထိုသားအဖနှစ်ယောက် အဝေးသို့ ရောက်သွားသည့်တိုင်အောင် သူ မတ်တပ်ရပ်နေမိသေးသည်။ ခဏကြာမှသာ သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။တစ်ဖက်သို့ လှည့်ကြည့်လိုက်သော် ပိုးထည်ဖြင့်လုပ်ထားသည့် ပန်းများရောင်းသည့် အဘွားအိုကို တွေ့လိုက်ရ၏။ ရုတ်တရက် အဘွားကြီးကို သနားသွားပြီး ပန်းတောင်းတစ်ခုလုံးဝယ်ဖို့ ပိုက်ဆံလက်တစ်ဆုပ်စာ ထုတ်လိုက်သည်။
"သခင်လေး ဒီနေ့ဘာလို့တစ်ယောက်တည်း လာတာလဲ"
အဘွားကြီးသည် သိမ်မွေ့သော အပြုံးဖြင့် ခြင်းတောင်းနှင့် ပန်းများကို ပေးလိုက်သည်။
"သခင်လေးရဲ့ ဇနီးလောင်း မပါဘူးလား"
ရှစ်ကျင်း အံ့ဩသွားရသည်။ အဘွားကြီးက သူ့ကို တခြားတစ်ယောက်နဲ့ အထင်မှားနေတာလား...
အဘွားကြီး၏ဆံပင်များသည် ဖြူဖွေးနေပြီး သူမ၏အရေပြားသည် သစ်ပင်အခေါက်အိုများလို ရှုံ့တွနေသည်။သူလည်း သူမကို မရှင်းပြချင်သောကြောင့် ပြုံးပြီး ပန်းခြင်းတောင်းကို ယူလိုက်သည်။
"ဒီမှာ အဘွား ပန်းရောင်းနေတာကြာပြီ၊ ဒါပေမယ့် သခင်လေးထက် ပိုချောတဲ့ သူမျိုး ဘယ်သူမှ မတွေ့ဖူးဘူး"
အဘွားကြီးသည် ပိုက်ဆံအိတ်ထဲသို့ ပိုက်ဆံများ ဂရုတစိုက်ထည့်လိုက်သည်။
"နောက်တစ်ခါ မင်း ပန်းတွေလာဝယ်ရင် မင်းကို အဘွား အလကားပေးမယ်၊ ဒီပန်းတွေက ပိုက်ဆံသိပ်မတန်ဘူး၊ ပြီးခဲ့တဲ့အခေါက်က သခင်လေးက အဘွားကို ပိုက်ဆံအများကြီးပေးခဲ့တယ်မလား၊ ဒါကြောင့် အဘွား မြေကွက်လေးတစ်ခုဝယ်ခဲ့တယ်....အခု အဘွားတို့မိသားစုမှာ မျှော်လင့်ချက်တစ်ခု ရှိနေပြီ”
"အဘွား လူမှားနေပြီ..."
"အမယ် ပြောရင်းဆိုရင်း သူမ ရောက်လာပြီပဲ...."
ထိုသို့ ပြောလိုက်ရင်း အဘွားကြီး၏ အပြုံးသည် ပို၍ပင် နူးညံ့လာသည်။
"သခင်လေးရဲ့ ဇနီးလောင်းက သိပ်တော်တဲ့ မိန်းကလေးပဲ၊အဆင့်အတန်းလည်း မြင့်တယ်၊သခင်လေးတို့ နှစ်ယောက်က ကံကြမ္မာတူတယ်ဆိုတာ သေချာတယ်"
ရှစ်ကျင်းသည် အဘွားကြီး၏ အကြည့်နောက်သို့ လိုက်ကာ ကြည့်လိုက်သည်။
ပန်းဟွာသည် အဖြူရောင်တိမ်တိုက်ပုံစံများ ဖော်ထားသည့် ရိုးရှင်းသော ၀တ်စုံကို ၀တ်ဆင်ထားပြီး မြင်းစီးလာသည်။ သူမ၏ဆံပင်ကို မြင့်မြင့်လေးထုံးဖွဲ့ထား၍ လှပပြီး အပြစ်ကင်းစင်သောပုံပေါက်သည်။
ရှစ်ကျင်းသည် ပန်းဟွာကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ သူ့နှလုံးသားမှာလည်း ခါးသီးမှုများနှင့် ပြည့်နေရသည်။
ထိုခဏဝယ် ပန်းဟွာက သူ့ကို လှမ်းကြည့်လာ၍ သူသည် မှုန်ကုပ်ကုပ်နှင့် အဝေးကို လှမ်းကြည့်လိုက်သည်။ယခုဆို ရှစ်မိသားစု၏ အစောင့်များသည် သူ့နောက်သို့ လိုက်၍မှီလာကြသည်။သူသည် ပန်းခြင်းတောင်းကို အစောင့်တစ်ဦးအား ပေးကာ မြင်းပေါ်သို့ ပြန်တက်ခဲ့သည်။ သူမကို တွေ့ချင်သော်လည်း မတွေ့ ချင်တာကြောင့်၊ အဝေးသို့ထွက်သွားခြင်းကသာ ပိုကောင်းပေသည်။
သို့သော် သူ့ဆန္ဒအတိုင်း ဖြစ်မလာပေ။ သူထွက်သွားခါနီးမှာ ပန်းဟွာက သူ့ရှေ့ကို ရောက်လာသည်။
"မင်္ဂလာပါ သခင်မလေး.."
အဘွားကြီးသည် အိတ်ကပ်ထဲမှ အနီရောင်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ဒါကို လမင်းဘုရားကျောင်းကနေ ယူလာတာပါ၊စိတ်မရှိရင် သခင်မလေး ကျေးဇူးပြုပြီး လက်ခံပါ"
အဘွားကြီး၏ လက်ဖဝါးများသည် ထူထဲသော အရေခွံဟောင်းများဖြင့် ဖုံးအုပ်ထားသော်လည်း လက်ထဲက အနီရောင်ကြိုးသည် အလွန်တောက်ပနေသည်။ ပန်းဟွာသည် မြင်းပေါ်မှ ခုန်ဆင်းကာ အနီရောင်ကြိုးကို လက်ခံကာ အဘွားအိုအား လေးနက်စွာ ကျေးဇူးတင်စကားဆိုသည်။
"သခင်မလေးက သိပ်ကို ကြင်နာလွန်းနေပါပြီ၊ သခင်မလေးနဲ့ သခင်လေးတို့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ပြီး အသက်ရှည်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပါတယ်"
ကလေးမလေးက သူမ၏လက်ဆောင်ကို မကြိုက်ပါဟု မပြော၍ အဘွားကြီးက တောက်ပသည့်အပြုံးနှင့် ကျေနပ်စွာထွက်သွားလေသည်။
ရှစ်ကျင်းသည် ပန်းဟွာကို မြင်သောအခါတွင် အဘွားကြီးသည် သူ့ကို မြို့စားမင်းရုံ ဟူ၍ အထင်မှားသွားသည်ကို သူ သိလိုက်သည်။ သူ့ကို အထင်မှားနေသော်လည်း ပန်းဟွာကိုတော့ အဘွားကြီးက မှတ်မိပုံရသည်။ တန်ဖိုးမရှိသော အနီရောင်ကြိုးတစ်ချောင်းကို အိတ်ကပ်ထဲသို့ ထည့်ထားလိုက်ပြီး ခပ်ပြုံးပြုံးလေးဖြစ်နေသည့် သူမကို သူ မြင်လိုက်ရ၏။သူ အမြန်ပင် ပန်းဟွာကို ဦးညွတ်ကာ
"သူက ကျွန်တော့်ကို တခြားတစ်ယောက်အတွက် အထင်လွဲနေတာပါ.... တောင်းပန်ပါတယ်"
ပန်းဟွာက မြင်းပေါ်တက်ရင်း အထွေအထူးမဟုတ်သော လေသံဖြင့်
"ဒါက ရှင်နဲ့မဆိုင်ပါဘူး....သခင်လေးက ဘာလို့ အစောင့်အကြပ်တွေ အများကြီးထွက်လာတာလဲ"
ရှစ်ကျင်း နှုတ်ခမ်းများ လှုပ်ခါသွားသည်။ ရှီကျိုးသို့ တစ်ယောက်တည်းသွားခဲ့သော ညီမဖြစ်သူအကြောင်း တွေးလိုက်မိကာ မြင်းကျောပေါ်ရှိ အထုပ်ကို ပြန်ကြည့်ရင်း သူ့နှလုံးသားထဲမှာ ခါးသီးမှုများ ပိုလေးလံလာတော့၏။
ပန်းဟွာသည်လည်း အထုပ်ကိုမြင်သော် မျက်ခုံးပင့်လိုက်သည်။
"သူမက မနက် ခုနစ်နာရီကတည်းက မြို့ကနေ ထွက်သွားတာ၊ရှင် အခုမှ လာတော့ ဘာတွေ့ရမှာလဲ"
"ပန်းဟွာကျွင်းကျူး ၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့၊ ကျွန်တော်တို့ရဲ့သခင်လေးက သခင်မလေးရှစ်ကို လာရှာတာမဟုတ်ပါဘူး"
ရှစ်ကျင်းနောက်ကွယ်က အစောင့်သည် ဒုက္ခရောက်မှာကြောက်၍ အမြန်ရှင်းပြသည်။
"ရှင်က ဘယ်သူလဲ၊ ရှင့်သခင်ပြောနေတဲ့အချိန်မှာ ဘာလို့ ရှင်က ဝင်ပြောသလဲ"
ပန်းဟွာသည် လှပသော သမင်မျက်လုံးများဖြင့် အစောင့်ကို ကြည့်လိုက်သည်။ အစောင့်ခမျာ ချက်ချင်းပင် သူမကို စကားမပြောဝံ့ပေ။
"ဒါဆို သူ စောစောလာပို့သင့်တာမဟုတ်လား၊ အကျဉ်းသားတောင်မှ ခေါင်းဖြတ်မခံရခင် အစားစားခွင့် ရှိသေးတယ်၊ရှင်တို့ ဂုဏ်သိက္ခာရှိတဲ့ ဝန်ကြီးချုပ်ရဲ့ အိမ်တော်က သိပ် ရယ်စရာကောင်းတယ်မလား"
ရှစ်ကျင်းသည် ပန်းဟွာ၏ မျက်လုံးများတွင် သရော်လှောင်ပြောင်မှုကို မြင်လိုက်ရ၍ စကားအမြန်ပြောင်းလိုက်၏။
"မွန်းတည့်ပြီထင်တယ်..."
မနေ့က သတင်းစုဆောင်းဖို့ သူ စေလွှတ်ထားသည့် အစောင့်က အမျိုးသမီး အကျဉ်းသားများကို မွန်းတည့်ချိန်၌ မြို့ပြင်ကို ပို့မည်ဟု ပြောသည်။သူ့ဒုတိယညီမကို ရှာမတွေ့ချိန်၌ အဖေဖြစ်သူက သူ့အား လိမ်လိုက်ပြီဆိုသည်ကို သိလိုက်ရ၏။အသတ်ခံရသူမှာ မင်းသားဟွေ့၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည်။ သူ့အဖေကလည်း တစ်မိသားစုလုံး မရင်းနိုင်သည့်အတွက် သူ့ညီမကို မလွှတ်ပေးချေ။
သို့သော် သူ၏ညီမသည် ဤမျှလောက် ဒုက္ခမပေးခဲ့ဖူးပေ။ သူမကို ဘာပစ္စည်းမှလည်း မပေးလိုက်ရဘူး၊ အနာဂတ်မှာ သူမ ဘယ်လို ရှင်သန်မလဲ။
ပန်းဟွာက ခပ်တိုးတိုး ပြုံးလိုက်သည်။
"သားတစ်ယောက်အနေနဲ့ ရှင့်မှာ ဆုံးဖြတ်ချက်ချဖို့ လုံလောက်တဲ့ အခွင့်အာဏာရှိမှ ရှင် ပြောတဲ့စကားကို လူတွေက ဂရုစိုက်ကြလိမ့်မယ်၊သခင်လေးရှစ်က တကယ်တော်တဲ့သားပဲ"
ရှစ်မိသားစု၏ အစောင့်များသည် ထိုစကားကိုကြားပြီးနောက် စကားတစ်ခွန်းမှ မပြောရဲကြပေ။ သူတို့ လှည့်ကြည့်လိုက်ရာ သူတို့၏ သခင်လေးက ဘာမှပြန်မပြောတာကြောင့် သူတို့လည်း ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။ထိုစဉ် ရုတ်တရက် ရှစ်ကျင်းက ပန်းဟွာကို ဦးညွှတ်လိုက်သည်။
"ပန်းဟွာကျွင်းကျူးရဲ့စကားတွေက ကျိုးကြောင်းဆီလျော်ပါတယ် ဒါကို နားလည်ပါတယ်"
ပန်းဟွာ၏ မျက်ခုံးများ တွန့်သွားသည်။ သူမ ဘာပြောလိုက်တာမလို့လဲ။ သူမ သူ့ကို လှောင်တာလေ ၊သူက စိတ်မဆိုးဘူးလား..
သူမ ရှစ်ကျင်းကို တစ်ချက် ခိုးကြည့်လိုက်သည်။ သူ့မျက်နှာကတော့ နောက်ပြောင်နေပုံမပေါ်ပေ။ထိုကဲ့သို့ လေးနက်သောလူကို ရင်ဆိုင်လိုက်ရ၍ သူမ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သူမလည်း ချက်ချင်းပင် အကြောင်းပြချက်ရှာပြီး ထွက်သွားလိုက်၏။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူမ လှည့်ကြည့်လိုက်ရာ ရှစ်ကျင်းက သူမအား စိုက်ကြည့်နေသေးသည်ကို တွေ့လိုက်ရသည်။
သူက သူမကို မုန်းနေတာတော့မဟုတ်ဘူးမလား...
"မင်းသမီး" ပန်းဟွာ၏ အစောင့်တစ်ယောက်က တိုးတိုးပြောသည်။
"ပြန်ပြီး မနက်စာသွားစားသင့်ပါတယ်"
ပန်းဟွာ သက်ပြင်းချလိုက်ပြီး မြို့တံခါးကို လှမ်းကြည့်လိုက်သည်။ "ဟုတ်ပြီ"
မြို့တော်ရှိ အလှဆုံး အမျိုးသမီး ရှစ်ဖေးရှန့် မရှိသော်လည်း၊ မြို့တော်သည် များစွာ ပြောင်းလဲခြင်းမရှိပေ။ ဒုတိယမင်းသားကလည်း မပြောင်းလဲသလို ရှဲ့မိသားစုကလည်း မပြောင်းလဲချေ။ တစ်ချိန်က တယဲ့တွင်အလှဆုံးအမျိုးသမီး သခင်မလေးရှစ်ကိုလက်ထပ်ချင်သည်ဟုပြောခဲ့သော အိုက်ပို မင်းသားပင်လျှင် ဤကိစ္စကိုမေ့သွားပုံရပြီး တယဲ့၏ ယဉ်ကျေးမှုကို မြတ်နိုးသည်ဟူသော အကြောင်းပြချက်ဖြင့် မြို့တော်တွင် ဆက်လက်နေထိုင်ခဲ့သည်။
လောကကြီးတစ်ခုလုံးမှာ သူမသည် မိန်းမပေါင်းများစွာထဲက မိန်းမ တစ်ယောက်သာ ဖြစ်သည်။ သူမ ဘယ်လောက်ပဲ လှပနေပါစေ၊ သူမဟာ ရာဇ၀တ်မှု မှတ်တမ်းရှိသည့် မိန်းမတစ်ယောက်သာ ဖြစ်၍ သူမအကြောင်းပြောဖို့ ရှက်စရာကောင်းလှပေသည်။
xxxxx