အပိုင်း၉၆
Viewers 4k


Chapter 96


နောက်တစ်နေ့သည် ဧကရီ၏ယောက္ခမတော်စပ်သူ၊ ဧကရာဇ်၏ဖခင် မြို့စားမင်းချမ်၏မွေးနေ့ဖြစ်သည်။ပန်းမိသားစုသည် ဝမ်းနည်းပူဆွေးဆဲ ကာလဖြစ်သော်လည်း မြို့စားမင်းချမ်သည် ဤဓလေ့ထုံးစံများကို ဂရုမစိုက်ဘဲ သူတို့ဆီသို့ လာလည်ဖို့ ဖိတ်စာ အများအပြား ပို့ခဲ့ကြသည်။


တစ်ဖက်က စိတ်အားထက်သန်နေသည့်အတွက် ပန်းမိသားစုမှာ ငြင်းလို့မရချေ။ပန်းဟွာသည် ရိုးရိုးသာမာန် ဂျင်ကိုပိတ်သားဝတ်စုံကိုသာ ပြောင်းလဲဝတ်ဆင်ခဲ့သည်။ဂျင်ကိုပိတ်သားသည် ကံကောင်းခြင်း၏ သင်္ကေတဖြစ်သောကြောင့် မွေးနေ့ကို တက်ရောက်ရန် သင့်တော်သည်။ အရောင်ကလည်း မျက်စိထဲ စွဲမနေသဖြင့် ဝမ်းနည်းနေဆဲကာလမှာ ရှိနေသေးသော သူမအတွက် သင့်လျော်သည်။


သူတို့သည် မြင်းလှည်းဖြင့် မြို့စားမင်းချမ်၏ စံအိမ်သို့ ရောက်ရှိလာကြသည်။  မြင်းလှည်းပေါ်ကဆင်းပြီးသည်နှင့် မြို့စားမင်းချမ်၏ အိမ်တော်ကလူများမှ သူတို့ကိုကြိုဆိုသည်။ ထို့နောက် ယင်းရှစ်နှင့် ပန်းဟွာကို အိမ်နောက်ဖေးတွင် ကြိုဆိုလက်ခံကြသည်။


တံခါးဝသို့ ရောက်သည်နှင့် အထဲမှ ရယ်မောသံများ ကြားလိုက်ရသည်။ အတွင်းရှိလူများက ယင်းရှစ်နှင့် ပန်းဟွာတို့ကို တွေ့သောအခါ အားလုံး မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။


 "နောက်ဆုံးတော့ ရောက်လာပြီလား၊ကျွန်မတို့က သခင်မကြီးအကြောင်းပြောနေကြတာ"


 "ကောကုန်းကျင့်ထင် ဘယ်လိုနေသေးသလဲ"


"ကျွန်မအိမ်မှာ စိတ်အာရုံစူးစိုက်နိုင်စေတဲ့ ဆေးညွှန်းတစ်ခုရှိတယ်၊ ဆေးညွှန်းအတိုင်း ဆေးဝါးလေးဖော်စပ်ပြီး သောက်ကြည့်လိုက်ပါလား" 


ယင်းရှစ်နှင့် ထိုအမျိုးသမီးများက တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီး အပြန်အလှန် မေးနေကြသည်။လေထုသည် လိုက်လျောညီထွေရှိပြီး သက်ဝင်လှုပ်ရှားနေသော်လည်း အမျိုးသမီးများသည် ယင်းရှစ်ကို မျက်နှာသာပေးရန် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ကြိုးစားနေကြသည်ကို တွေ့မြင်နိုင်သည်။


ပန်းဟွာသည် လူငယ်များနှင့်အတူ ထိုင်နေသည်။  သူမသည် မြို့တော်တွင် ကျော်ကြားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမနှင့် ရင်းနှီးသော အမျိုးသမီး အများစုသည် အကျင့်ကောင်းသူသူများဖြစ်၍ စကားစမြည် ကောင်းစွာပြောဖြစ်ကြသည်။ သူမတို့ ပျော်ပျော်ပါးပါး စကားစမြည်ပြောနေရင်း မျက်နှာချိုချိုနှင့် ကောင်မလေးတစ်ယောက် လမ်းလျှောက်လာသည်။  


“ထိုင်လို့ရမလား” 


ကျိုးချမ်ရှောင်၏ အမွှာညီမဖြစ်သူ  သခင်မလေးကျိုးက ခေါင်းကို မော့ပြီး ဦးညွတ်ကာ "ညီမက သခင်မလေးယောင် မဟုတ်လား၊ ငါတို့ကို အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး၊ လာထိုင်"


ယောင်လင်းက သခင်မလေးကျိုးကို ကျေးဇူးတင်စွာ ပြုံးလိုက်ကာ ပန်းဟွာ၏ နံဘေးသို့ ရွှေ့ရင်း တရိုတသေဝင်ထိုင်လိုက်သည်။


ဤသည်ကို သခင်မလေးကျိုး မြင်သည့်အခါ ချက်ချင်းပြုံးပြီး


 "ကြည့်စမ်း၊ဟွာဟွာ့ရဲ့ မျက်နှာမျိုးက အသက်ငယ်ငယ် မိန်းကလေးတွေကြားမှာ ရေပန်းစားနေတာပဲ၊ မြို့တော်ကို အခုမှ ပြန်ရောက်လာတဲ့ ညီမလေးယောင်တောင်မှ ဟွာဟွာ့ကို စိုက်ကြည့်နေတာ"


သခင်မလေးယောင်သည် အနေစိမ်းကာ ခပ်တန်းတန်းဖြစ်နေတာကြောင့်  ပန်းဟွာက စားပွဲပေါ်မှ သစ်သီးတစ်လုံးကို ယူ၍ သူမလက်ဖဝါးထဲသို့ ထည့်လိုက်သည်။


"ညီမကျိုးကို စိတ်မဆိုးပါနဲ့၊ သူက နင့်လို ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို ကျီစား နောက်ပြောင်တတ်တယ်"


ပန်းဟွာ စကားကြောင့် အားလုံး ရယ်မောလိုက်ကြသည်။သခင်မလေးကျိုးကလည်း 


"ငါက လိမ်နေတာမဟုတ်ဘူး နော်၊ ဟွာဟွာ အပြင်ထွက်ရင် ကြောင်တွေ၊ ခွေးတွေတောင် ဝိုင်းကြည့်ကြရတာမလား၊တခြားအပြင်ကလူတွေဆိုလည်း ငေးကြည့်နေကြရတာတဲ့" 


ပန်းဟွာက သူမမျက်နှာကို ထိလိုက်ကာ မျက်ခုံးပင့်လိုက်သည်။ 


 "သဘာဝအလှကိုတော့ ငြင်းဖို့ခက်တယ်လေ၊ ဒါက ကံကြမ္မာပဲ"


 "ဒါဆို ဟွာဟွာ့ရဲ့ အသားအရေက ဘယ်လောက်ကောင်းသလဲဆိုတာ ကြည့်ကြည့်မယ်" 


သခင်မလေးကျိုးသည် ပန်းဟွာ၏ ပါးကို ညင်သာစွာ ကိုင်ကြည့်လိုက်သည်။ ပန်းဟွာ၏အသားအရည်က နူးညံ့ချောမွေ့လွန်းတာကြောင်း မိန်းမချင်းပင်လျှင် နောက်ထပ် အကြိမ်များစွာ ထိကိုင်ချင်စိတ်ဖြစ်စေသည်။


ယောင်လင်းသည် ပန်းဟွာကို တိတ်တဆိတ်ကြည့်နေရင်း အလွန်ချောမောသည်ဟု ခံစားရသည်။ကမ္ဘာပေါ်ရှိ ရှုခင်းအားလုံးပင်လျှင် ပန်းဟွာ၏ ပြုံးနေသော မျက်နှာနုနု ကလေးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သူမသာ ယောက်ျားဖြစ်လျှင် ပန်းဟွာနှင့် လက်ထပ်မည်မှာ သေချာသည်။ပန်းဟွာအတွက် သက်တောင့်သက်သာ အရှိဆုံးဘဝမျိုးကို သူမ မရရ‌အောင် ပေးစွမ်းမိမည်ဖြစ်သည်။ပန်းဟွာ၏အလှက အသက်ကြီးလာ၍ အဘွားအိုဖြစ်လာလျှင်တောင်မှ ကျက်သရေရှိနေမည့်အလှမျိုးပင်။ 


ပန်းဟွာသည် သခင်မလေးယောင်က သူမအား တိတ်တဆိတ်ကြည့်နေသည်ကို သတိပြုမိ၍ မပြုံးဘဲ မနေနိုင်တော့။


  "သခင်မလေးယောင် ဘာကြည့်နေတာလဲ"


 “ကျွန်မ……” ယောင်လင်းသည် သူမလက်ထဲက လက်ကိုင်ပုဝါကို လိမ်ကျစ်လိုက်ရင်း  "ကျွင်းကျူးက သိပ်လှလို့ပါ"


 "ကြားရတာ တကယ်ဝမ်းသာပါတယ်"


 "အင်း...."  


ယောင်လင်း စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်မှ အာမေဍိတ်သံ လွှတ်ကနဲ ထွက်မိလိုက်သည်။ တကယ်က လှတယ်လို့ ချီးကျူးနေတာကို ရှက်သွေးလေး ဖြာနေရမှာမဟုတ်လား...ပန်းဟွာကျွင်းကျူးက သိပ်ပွင့်လင်းတာပဲ


"ဪ ကျွင်းကျူးက သိပ်ပွင့်လွန်းတာလေ..."  


သခင်မလေးကျိုးက ယောင်လင်းကို ရှင်းပြသလိုပြောလိုက်၏။ 


"သူမက အရမ်းလည်း တော်တယ်"


တခြားသူများက ဆက်ပြီးနောက်ပြောင်နေမည်ဖြစ်၍ ပန်းဟွာ ကိုယ်ရှိန်သပ်စေလိုက်သည်။ 


"ကောင်းပြီ၊ ဒီကလေးမလေးကို သိပ်လည်းမနောက်ကြပါနဲ့၊ နောက်ချင်ရင် ငါ့ကိုနောက်ကြ..."


 မူလက အနည်းငယ်ရှက်ရွံ့ကာ မပြောရဲမဆိုရဲဖြစ်နေသော ယောင်လင်းသည် ထိုစကားကိုကြားလိုက်ရလျှင် နှလုံးက ဒိတ်ကနဲခုန်သွားသည်။သူမ ပန်းဟွာကို ခပ်ကြာကြာငေးစိုက်ကြည့်မိသည်အထိပင်။ပန်းဟွာကျွင်းကျူးသည် အလွန်နူးညံ့သိမ်မွေ့သည်ဟု ခံစားမိသည်။ ပန်းဟွာကျွင်းကျူး ပြောပြီးနောက်မှာ၊ တခြားသခင်မလေးများသည် အမှန်ပင် သူမအား ဆက်မနောက်ကြတော့ချေ။ ဆက်၍ စကားစမြည်ပြောကြပြီး အချင်းချင်းအဖော်ပြုဖြစ်ကြသည်။ယခုလို သခင်မလေးများနှင့် အတူထိုင်ကာ စကားဝိုင်းက စိုပြေနေ၍ စောစောကဖြစ်နေသော မသက်မသာ ခံစားချက်များက မကြာခင် ပျောက်ကွယ်သွားရသည်။


မြို့တော်မှာ ပျော်စရာနေရာ အများကြီးရှိသည်။ ထို့ကြောင့် အပြင်ပန်းက ကြည့်ပါက ဂုဏ်သရေရှိသော လူကြီးမင်းများပင်လျှင် ဆိုးဝါးလှသည့် ကိုယ်ကျင့်စရိုက်၊ ဝါသနာရှိကြသည်။ယောင်လင်းသည် မြို့တော်သို့ပြန်ရောက်ပြီးနောက် ပျင်းစရာကောင်းခဲ့၏။ယခုမှပင် သူမလည်း ပျော်ရတော့၏။


 "နင်က ရွှယ်ကျိုးမှာနေဖူးတာလား"  


ပန်းဟွာသည် ရုံရှား နှင့်အတူ ခေါက်ဆွဲဆိုင်သို့ သွားစားကြသည်ကို ရုတ်တရက် သတိရမိသွား၍ စကားစလိုက်သည်။ ဆိုင်ပိုင်ရှင်မှာ ရွှယ်ကျိုးမှဖြစ်သည်။ 


"အဲဒီက ဘယ်လိုနေလဲ"


ယောင်လင်းက..."အရင်တုန်းကတော့ လူတွေက မကောင်းတာတွေပြောကြတာ ကြားဖူးတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြည်နယ်အုပ်ချုပ်ရေးမှူးပြောင်းပြီးကတည်းက ရွှယ်ကျိုးနယ်ခံလူတွေရဲ့ဘဝတွေက ပိုကောင်းလာပါတယ်၊ညီမ တစ်ခါက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဆီကို အလည်သွားခဲ့တယ်၊ သူမက သဘောကောင်းပြီး အရမ်းနူးညံ့တဲ့ မိန်းမတစ်ယောက်ပါ"


ထိုစဉ် သခင်မလေးကျိုးက သခင်မလေးကျောက်ကို ဖျတ်ကနဲ လှည့်ကြည့်လိုက်ရင်း


"ရွှယ်ကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူးလား၊သူက နင့်ရဲ့အစ်ကိုကြီးမဟုတ်ဘူးလား"


သခင်မလေးကျောက်၏ မျက်နှာပေါ်ရှိ အပြုံးကလည်း ပိုမိုတောက်ပ အသက်ဝင်လာသည်။


 "ဟုတ်တယ်၊ ငါ့အစ်ကိုနဲ့ ယောင်းမက ရွှယ်ကျိုးမှာနေတာလေ၊သခင်မလေးယောင် သူတို့ နေကောင်းကြရဲ့လား၊ငါ့တူလေးရော နေကောင်းလား"


ယောင်လင်းသည် ကျင်းမြို့တော်ကို ယခုမှ ပြန်ရောက်စဖြစ်၍၊ အနေစိမ်းသက်လျက်ရှိသောကြောင့် ရွှယ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဤ သခင်မလေးကျောက်၏ အစ်ကိုဖြစ်သူမှန်း သူမ မသိခဲ့ပေ။ 


“ညီမက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို အကြိမ်ကြိမ် မရောက်ဖူးပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးကျောက် ကျန်းမာရေး မကောင်းဘူးလို့ တစ်ခါမှ မကြားဖူးပါဘူး၊ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ကလေးကလည်း အသက် နှစ်နှစ် သုံးနှစ်ပဲ ရှိသေးတယ်၊ ကလေးက အရမ်းလည်ပြီး ချစ်ဖို့ကောင်းတယ်၊ညီမ မြို့ကို မပြန်လာခင်က သူ  ကောင်းကောင်း စကားပြောတတ်နေပြီ"


 "ကောင်းတာပေါ့၊ ကောင်းတယ်"  


သခင်မလေးကျောက်၏ မျက်နှာပေါ်ရှိအပြုံးသည် ပိုမိုတောက်ပလာတော့သည်။ ထို့နောက် သူမသည် ယောင်လင်းအား ရွှယ်ကျိုး၏ ဒေသဓလေ့ထုံးစံများအကြောင်းမေးသည်။


ဤသို့ဖြင့် ယောင်လင်းနှင့် သခင်မလေးကျောက်တို့ အလျဉ်းသင့်ကာ စကားပြောဖြစ်ကြသည်။မွေးနေ့ပွဲက မစသေးသော်လည်း ယောင်လင်းကို အခြားသခင်မလေးများက ညီမယောင် ဟုပင် ပွင့်လင်းရင်းနှီးစွာ ခေါ်နေကြလေပြီ။ 


 "ဟွာဟွာ" 


သခင်မလေးကျိုးက ပန်းဟွာကို ထောင့်တစ်နေရာသို့ ခေါ်ဆောင်ကာ သူမအား တိုးတိုးပြောသည်။  "ရှစ်မိသားစုကို သတိထားပါ"


ပန်းဟွာက ခေါင်းကိုအသာအယာ ညိတ်ပြလိုက်သည်။


ကျိုးမိသားစုသည် ပန်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း၊ရှစ်မိသားစုနှင့် ကျိုးမိသားစု၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်သော်လည်း ဆိုးရွားလှသည်တော့မဟုတ်ပေ။ ရှစ်မိသားစုသည် ဤမျှကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပြီးဖြစ်၍ လူအများရှေ့တွင် မျက်နှာပျက်ခဲ့ရသည်။ သို့ဖြစ်၍ သူတို့ဘက်က ပန်းမိသားစုအား ပြန်လည် လက်စားချေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။


ကျိုးမိသားစု၏ သခင်မလေးက ဟိုသည်လှည့်ပတ်ကြည့်ရင်း


 "ကျွင်းကျူးနဲ့ ပတ်သက်တဲ့ အရာအားလုံးက ကောင်းပါတယ်၊ဒါပေမယ့် ကျွင်းကျူးရဲ့ ပင်ကိုယ်စရိုက်က နည်းနည်းရိုးသားလွန်းနေတယ်၊ ယောင်လင်းက တော်တော် ပေါင်းသင်းလို့ အဆင်ပြေပေမယ့် မြို့တော်ကို ပြန်ရောက်ပြီးနောက်ပိုင်း ရှစ်ဖေးရှန့်နဲ့ အမြဲတွဲနေတာ၊ရှစ်‌ဖေးရှန့် ခေါင်းဆောင်တဲ့ ဝါးတောက နတ်သမီး ၇ဖော်ကလည်း အခုဆို ကွဲနေကြတာ၊ ဘာပဲဖြစ်ဖြစ် ကျွင်းကျူး သတိထားလို့ အကျိုးမယုတ်ပါဘူး "


ပန်းဟွာသည် သခင်မလေးကျိုး၏လက်ကို ညှစ်ထားကာ


 "နင်က ငါ့အတွက် ပြောပေးနေတာကို သိပါတယ်..ငါကတော့ ဘာမှ သိပ်မတွေးထားပါဘူး"


ကျိုးဝမ်ပီးက ပန်းဟွာ၏ ငွေရောင်ဆံထိုးကို လှမ်းထိလိုက်သည်။


"ဟွာဟွာသာ ငါ့ကို စိတ်မပူတာ ပိုကောင်းမယ်"


ပန်းဟွာသည် ကျိုးဝမ်ပီးကို ဖျတ်ခနဲ ပြုံးပြလိုက်သည်။ သူမ အသိစိတ်ပြန်ကပ်သောအခါ အပြင်မှာ ဆူပူသံများ ကြားလိုက်ရသည်။အရေးကြီးသော တစ်စုံတစ်ယောက် ရောက်လာပုံရသည်။ နှစ်ယောက်သား လှမ်းကြည့်လိုက်ရာ ဒုတိယမင်းသားနှင့် ကြင်ယာတော်ကို တွေ့ရသည်။ သူတို့ နှစ်ယောက်ပုံစံက အဆင်ပြေနေပုံပေါက်၍ ကောလာဟလများလို ဆိုးရွားသည့် ဆက်ဆံရေး ရှိပုံမပေါ်ပေ။ဒုတိယမင်းသားသည် အထဲကိုဝင်လာပြီးနောက်တွင်


အဖိုးနှင့်အဖွားတို့အား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

သူ့အကြောင်း ကောလဟာလတများသာ မထွက်လာလျှင် သူ့ကို လူယုတ်မာဟု ဘယ်သူကမှ ယုံမှာမဟုတ်ပေ။သူ၏ အကျင့်စရိုက်နှင့်ဆိုလျှင်၊ သူသည် မင်းသားမဟုတ်ပါက၊ အဆင့်အတန်းရှိ သခင်မတစ်ယောက်အတွက် အသုံးတော်ခံ ယောက်ျား ဖြစ်နေမှာသေချာသည်။


 ဦးညွှတ်ပြီးနောက် ကျန်းလောသည် အပြင်သို့ထွက်ကာ ဧည့်သည်များနှင့်အတူ ထိုင်လိုက်သည်။ မမျှော်လင့်ဘဲ လှည့်ကြည့်လိုက်ရာ လူအုပ်ထဲမှာ ပန်းဟွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။


သူ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ပန်းဟွာ ရှေ့တွင် ရပ်လိုက်ကာ လှောင်ပြောင်သံဖြင့်


 "မင်းက အိမ်မှာ ငိုကြွေးနေရမှာ မဟုတ်ဘူးလား၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ"


ပန်းဟွာ အပြင်ပန်းက မဟုတ်ဘဲ စိတ်ထဲက မျက်စောင်းထိုးလိုက်သည်။ 


 "မြို့စားမင်းချမ်ရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ လာတာလေ"


 "ကျွတ် ဟန်ဆောင်နေတာ..."  ဒုတိယမင်းသားက လှောင်ပြုံးဖြင့် ပြောရင်း  လှည့်ထွက်သွားသည် ။


ထိုအခါ ကျိုးဝမ်ပီးက ပန်းဟွာကိုပြောသည်။  "ဒုတိယမင်းသားက ကျွင်းကျူးအပေါ် အမြင်မကောင်းနေတာလား"


ပန်းဟွာက မျက်ခုံးပင့်လိုက်သည်။  "သူ့မှာ ဦးနှောက်ရောဂါရှိတယ်လေ၊ သူ့ကို ခွင့်လွှတ်ထားတယ်"


ဒုတိယမင်းသား ထွက်သွားပြီး သိပ်မကြာခင်မှာပင် အိမ်ရှေ့စံ ရောက်လာသည်။သို့သော် ဒုတိယမင်းသားလို မဟုတ်၊ သူက တစ်ယောက်တည်း လာသည်။သူနှင့်အတူ တခြား ဘယ်အမျိုးသမီးမျှ မပါလာပေ။


 အနည်းငယ် တက်ကြွနေသော ဒုတိယမင်းသားနှင့် ယှဉ်လျှင် အိမ်ရှေ့စံသည် ပို၍ ကိုယ်ကျင့်သီလ သန့်စင်ပြီး တည်ငြိမ်သည်။ပန်းဟွာ၏ အမြင်အရ မြို့စားမင်းချမ်တို့ မိသားစုသည် အိမ်ရှေ့စံကို ပို၍နှစ်သက်ပုံရသည်။ တစ်နည်းဆိုရသော် သူတို့သည် ဤကဲ့သို့ ကျက်သရေရှိသော  မြေးမျိုးကို ပိုနှစ်သက်သည်။


 နှုတ်ဆက်ပြီးနောက် မြို့စားမင်းချမ်၏ဇနီးက "အိမ်ရှေ့စံမင်းသမီးဘယ်မှာလဲ"


အိမ်ရှေ့စံက ပြန်ဖြေသည်။ “အိမ်ရှေ့စံမင်းသမီး နေမကောင်းလို့ နန်းတော်မှာ အနားယူခွင့် ပေးထားပါတယ်၊ ဒါပေမယ့် သူမက မယ်တော်ကြီးတို့ အတွက် လက်ဆောင်လည်း ပြင်ထားပေးပါ၊ အဖိုးနဲ့ အဖွား ကျေးဇူးပြုပြီး လက်ဆောင်ကို သဘေကျပေးပါ"


 "အိမ်ရှေ့စံမင်းသမီးက သိပ်သဘောကောင်းတာပဲ၊ကိုယ်တိုင်တောင် လက်ဆောင်ပြင်ရတယ်လို့ ပင်ပန်းနေတော့မှာဘဲ၊အိမ်ရှေ့စံကလည်း သူမကို ဂရုစိုက်လိုက်ပါကွယ်"


မြို့စားမင်းချမ်၏ဇနီးသည် ပြုံးပြီး အိမ်ရှေ့စံကို စိုက်ကြည့်နေသည်။  


 "ကျွန်တော် မစာနာလို့ မဟုတ်ပါဘူး၊ အိမ်ရှေ့စံမင်းသမီးက အဘွားတို့ နှစ်ယောက်ကို သတိရနေတော့ သူမကို  တားလို့ မရဘူးလေ"


အိမ်ရှေ့စံသည် အလွန်ယဉ်ကျေးပျူငှာစွာ ပြောဆိုနေ‌တာကြောင့် လူတိုင်းသဘောကျမည်မှာ သေချာသည်။ 


ပန်းဟွာသည် သူမရှေ့က မြင်ကွင်းကို ကြည့်ပြီး သူမသာ အဖွားအိုတစ်ယောက်ဆိုလျှင် အိမ်ရှေ့စံလို မြေးတော်အား ပိုသဘောကျမည်ဟု တွေးမိသည်။ကြည့်ရသည်မှာ အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးကြားတွင် ပြဿနာရှိနိုင်သည်။သို့မဟုတ်ပါက၊ အိမ်ရှေ့စံက အိမ်ရှေ့စံမင်းသမီးကို သေချာပေါက် ခေါ်လာမည်ဖြစ်၏။ အိမ်ရှေ့စံမင်းသမီး ဖျားနာခြင်း ရှိမရှိ နှင့် ပတ်သက်၍ အိမ်ရှေ့စံသာ သိပါသည်။


 "မြို့စားမင်းချမ် ရောက်လာပါပြီ"


 "သူ့ကို အမြန်​လာ​ခေါ်လိုက်​"  


မြို့စားမင်းချမ် သည် မြို့စားမင်းရုံကို အလွန်ချစ်မြတ်နိုးပြီး သူ့မြေးအရင်းလို ဆက်ဆံသည်။မြို့စားမင်းရုံ ​ရောက်​လာ​ကြောင်းကြား​လျှင် သူ့မျက်​နှာထက်မှာ တောက်​ပသည့် အပြုံးတစ်​ခု ချက်​ချင်း ​ပေါ်လွင်လာသည်​။ လူကြီးများသည် အသက်ကြီးလာလေလေ၊ကလေးလို ဖြစ်သွားတာပင်။


ရုံရှားသည် အဝတ်အစားလဲဖို့ အချိန်မရှိသောကြောင့် တရားဝင် ယူနီဖောင်း၀တ်စုံကို ၀တ်ထားဆဲဖြစ်သည်။ သူက အထဲကို အမြန်ဝင်ပြီးသည်နှင့် မြို့စားမင်းချမ်အား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


"ကျွန်တော် ရောက်တာ နောက်ကျသွားတယ်၊ ခွင့်လွှတ်ပါ မြို့စားမင်းချမ်"


"မြန်မြန်ထပါကွယ်...."


မြို့စားမင်းချမ်က ရယ်ပြီး သူ့ကို ထခိုင်းလိုက်ကာ "မင်းက အခု ဝန်ကြီးဖြစ်နေပြ၊အလုပ်များတာ သာမာန်ပါပဲ၊ မင်းအလုပ်အားနေရင် တာဝန်မကျေတာပဲ"


ထိုသို့ပြောပြီးနောက် သူက ရုံရှားကိုကြည့်ပြီး "မင်း ပိန်သွားလိုက်တာ၊ မင်းဘယ်လောက်ပဲ အလုပ်များနေပါစေ ကောင်းကောင်းစားရမယ်၊မင်းလက်ထပ်ရင် ဒီလို တော့ မဖြစ်နိုင်ဘူး"


ရုံရှားက ခေါင်းငုံ့ပြီး လူအုပ်ထဲက ပန်းဟွာကို ကြည့်ကာ ပြုံးရင်း ပြန်ဖြေသည်။


 "ဟုတ်ကဲ့၊ကျွန်တော် မှတ်သားထားပါ့မယ်" 


"ဟုတ်တယ်၊ မင်း ပြီးခဲ့တဲ့ ရက်ပိုင်းက စေ့စပ်ထားတယ်မလား၊ဘယ်မိသားစုရဲ့ သမီးနဲ့လဲ"


"ကောကုန်းကျင့်ထင်ရဲ့သမီး ပန်းဟွာကျွင်းကျူးပါ"  


ရုံရှားသည် ပန်းဟွာ၏ နာမည်ကို ပြောရင်း ပြုံးနေသော မျက်နှာက ပို၍ပင် တောက်ပ‌လာလေ‌၏။


 "ပန်းဟွာကျွင်းကျူး" 


မြို့စားမင်းချမ်သည် အသက်ကြီးပြီး မေ့လျော့လာတတ်သော်လည်း ပန်းဟွာကို သတိရနေသေးသည်။သူ အချိန်အတော်ကြာအောင် တွေးပြီး ခေါင်းညိတ်ကာ "ကောင်းတယ်၊ ဒါကောင်းတယ်၊ သူမ အဖွားက တယဲ့ရဲ့ နံပါတ်တစ် မိန်းမလှလေးလေ၊ဒီကလေးက စိတ်ဓာတ်လည်းပြည့်ဝတယ်၊မင်း သူမကို လက်ထပ်ခွင့်ရတာ ကံကောင်းတယ်"


မြို့စားမင်းချမ်၏ နှလုံးသားထဲမှာ တယဲ့၏နံပါတ်တစ် မိန်းမလှက တော်ဝင်မင်းသမီး သဲနင် ဖြစ်နေဆဲပင်။ယ‌နေ့ခေတ် လူငယ်များအားလုံးသည် မကြီးထွားသေးသော ပဲပင်ပေါက်ငယ်များဖြစ်သည်။သို့ဖြစ်၍ ပန်းဟွာက မျိုးဆက်သစ်လူငယ်များ၏ "နံပါတ်တစ်အလှ" ဖြစ်သည်ကို သူဘယ်သောအခါမှ ဝန်ခံမည်မဟုတ်။


 "ဟုတ်တယ်၊ ပန်းဟွာကျွင်းကျူးနဲ့ စေ့စပ်ခွင့်ရတာက ကျွန်တော့်ရဲ့ ကံကောင်းခြင်းပါပဲ"  


ရုံရှား ပြုံးပြီး ပန်းဟွာကိုလှည့်ကြည့်လိုက်သည်။သို့သော်လည်း ပန်းဟွာက သူ့ကို မျက်နှာလွှဲလိုက်သည်။


"ဒါဆို မင်းက ဘယ်တော့ လက်ထပ်မှာလဲ၊ လွန်ခဲ့တဲ့ ရက်က ငါ အကြီးဆုံးမင်းသမီးဆီသွားပြီး မင်းတို့ရဲ့ မင်္ဂလာပွဲတက်ဖို့ပြောခဲ့သေးတယ်၊မင်း  မြန်မြန်လှုပ်ရှားပါ၊ ငါ့ကို သိပ်အကြာကြီး မစောင့်ခိုင်းပါနဲ့"


xxxx