Chapter 97
အခန်းတွင်းရှိ လေထုသည် ပွက်ပွက်ဆူနေသောရေထဲသို့ ရေခဲတုံးကြီးကို ပစ်ချလိုက်သလိုပင်။အအေးဓာတ်နှင့် အပူဓာတ်တို့ ပေါင်းမိပြီး ထူးဆန်းသော လေထုတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုစဉ် မြို့စားမင်းချမ်၏မြေးမလေးက ဝင်ပြောသည်။
"အဘိုး၊ ဒီနေ့ဧည့်သည်တွေ အများကြီး လာတာလေ၊ ဒါပေမယ့် အဘိုးက မြို့စားမင်းရုံကိုပဲ ဂရုစိုက်တယ်၊ကျွန်မတို့တောင် မနာလိုဖြစ်မိတယ်"
တော်ဝင်မင်းသမီး ကွယ်လွန်ချိန်တွင် အဖိုးဖြစ်သူ မြို့စားမင်းချမ်နှင့် အဖွားဖြစ်သူတို့သည် ကာလအတန်ကြာ ဝမ်းနည်းကြေကွဲခဲ့ကြသည်။ သို့ရာတွင် သိပ်မကြာခင်မှာ အဖိုးဖြစ်သူသည် တော်ဝင်မင်းသမီး လုပ်ကြံခံရသည်ကို မေ့သွားပုံရပြီး ရံဖန်ရံခါ အတိတ်ကိုသာ ပြန်ပြောပြတတ်သည်။တစ်မိသားစုလုံးကလည်း သူ့စကားကို သေချာနားထောင်ပေးသည်။သို့သော်လည်း ယခု ပန်းမိသားစုရှေ့မှာ ပြောလာသည်ဖြစ်၍ မဖြစ်သင့်သည်များ မဖြစ်အောင် မျှော်လင့်မိလေသည်။
မြို့စားမင်းချမ်၏ မိသားစုရှိ မျိုးဆက်သစ်လူငယ်များသည် ယင်းရှစ် နှင့် ပန်းဟွာကို တောင်းပန်ပြုံးပြုံးပြကြသည်။သူတို့အနေဖြင့်လည်း အကျပ်ရိုက်ကြရသည်။ပန်းမိသားစုက သူတို့အား အထင်မလွဲစေဖို့သာ မျှော်လင့်သည်။
လူငယ်များက သူတို့ရှေ့မှာ ဆိုးနွဲ့သည့်အခါ လူကြီးများ သဘောကျကြသည်။ယခုလည်း မြို့စားမင်းချမ်က အသာတကြည် ခေါင်းယမ်းပြီး "မဟုတ်ဘူးလေ၊ ငါက လူငယ်တွေရဲ့ အိမ်ထောင်ရေးရာကို စိတ်ပူမိလို့ပါ"
ရုံရှားက ပန်းဟွာကို လှည့်ကြည့်လိုက်သည်။ သူမ မျက်နှာက အဆင်မပြေဖြစ်နေသည်ကို တွေ့ရ၍ သူက ဆက်ပြောသည်။ "ကျွန်တော်တို့ လာမယ့်နွေဦးရာသီမှာ လက်ထပ်တော့မယ်၊ အဲဒီအချိန်မှာ အဘိုးလည်း လာရမယ်နော်"
"ဒီနှစ် အဆင်မပြေဘူးလား၊ ဘာလို့ နောက်နှစ်အထိ စောင့်နေရမှာလဲ၊မင်းတို့လူငယ်တွေဟာလေ ဒီအရေးကိစ္စတွေကို သိပ်ပြီးဂရုမစိုက်ကြတော့ဘူး၊ငါ မင်းအရွယ်တုန်းကဆို ငါ့သားအကြီးဆုံးတောင် ပြေးလွှားခုန်ပေါက်နိုင်နေပြီ"
ရုံရှားက စိတ်ရှည်ရှည်နှင့် ရှင်းပြရသည်။ "တော်ဝင်နက္ခတ္တဗေဒပညာရှင်ကို တွက်ချက်ခိုင်းထားပါတယ်၊နောက်နှစ်မှာ လက်ထပ်ဖို့က ကျွန်တော်နဲ့ကျွင်းကျူးအတွက် အကောင်းဆုံးပဲတဲ့"
တကယ်တမ်းတွင် တော်ဝင်မင်းသမီး ကွယ်လွန်သွားပြီးနောက် ပန်းဟွာသည် ဝမ်းနည်းပူဆွေးကာလကို တစ်နှစ်ကြာ ဖြတ်သန်းရမည်ဖြစ်သည်။ ယခုနှစ်က၊မည်မျှပင်ကောင်းပါစေ၊ အိမ်ထောင်မပြုနိုင်သေးပေ။သို့သော်လည်း ရုံရှား ကတော့ ဤကိစ္စကို မရှင်းပြနိုင်ပေ။ မြို့စားမင်းချမ်သည် တော်ဝင်မင်းသမီး ကွယ်လွန်သွားသည့် သတင်းဆိုးကို ယခုအချိန်ထိ လက်ခံနိုင်သေးမည်မဟုတ်။
မြို့စားမင်းရုံသည် ဤရှင်းပြချက်ကို အလွန်သဘောကျသည်။သူက ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်လေ၊ အိမ်ထောင်ရေးက ပေါ့ပေါ့တန်တန်ဆုံးဖြတ်လို့ မရဘူး၊နေ့ရက်တွေကို ဂရုစိုက်ပြီး ရွေးချယ်ရမယ်၊ ငါနဲ့ ငါ့ဇနီးနဲ့ လက်ထပ်တုန်းကလည်း တော်ဝင်နက္ခတ္တဗေဒပညာရှင်ကို တွက်ချက်ခိုင်းခဲ့တာ၊အခုဆို ကြည့်လေ ငါတို့ နှစ်ယောက်ရဲ့ အခြေအနေက ဘယ်လောက်ကောင်းသလဲလို့"
ရုံရှားသည် ငွေရောင်ဆံပင်ရှိသည့် အဘိုး၊အဘွားနှစ်ယောက်ကို ကြည့်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
မကြာခင် ရုံရှားသည် အပြင်ဘက်အဆောင်တစ်ခုသို့ ထွက်လာနေရင်း ရပ်လိုက်ပြီး အမျိုးသမီးများဘက်ကို ကြည့်လိုက်သည်။ ပန်းဟွာနှင့် ဝန်ကြီး ကျိုးပင်းအမ်၏သမီးမှာ အတူတူ ရပ်နေကြပြီး နှစ်ယောက်သား အလွန် ရင်းနှီးပုံရ၏။ ကျိုးပင်းအမ်သည် နန်းတွင်း၌ ဂုဏ်သိက္ခာအနည်းငယ်ရှိသူဖ့စ်သော်လည်း သူ၏သားနှစ်ယောက်နှင့် သမီးတစ်ဦးတို့တွင်၊ သားအကြီးဆုံးကသာ ရင့်ကျက်တည်ငြိမ်သည်။ ကျန်ကလေးများမှာ အလုပ်မလုပ်ဘဲ ပျော် ပျော်နေကြသူများပင်။
ထိုအချိန်တွင် ယန်မိသားစုသည် ပန်းမိသားစုနှင့် လက်ထပ်ရန် မဟာမိတ်ဖွဲ့လိုသောအခါ၊ ကျိုးပင်းအမ်၏ဇနီးက အောင်သွယ်ကာ ပြောဆိုပေးသူဖြစ်သည်။ ဤသည်ကိုကြည့်၍ ကျိုးမိသားစုနှင့် ပန်းမိသားစုတို့သည် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်ကို တွေ့မြင်နိုင်သည်။
ကျိုးပင်းအမ်သည် လွန်ခဲ့သော အနှစ် 20 ကျော်က တော်ဝင်စာမေးပွဲတွင် ဒုတိယနေရာကို ရရှိခဲ့သည်။ ပိုစိတ်ဝင်စားဖို့ကောင်းသည်က၊ကျိုးမိသားစု၏ ဘိုးဘေးများသည် ကိုယ်ခံပညာရှင်များပင်။ ကျိုးမိသားစု မှ ဆင်းသက်လာသူများသည် ကိုယ်ခံပညာမှ စာပေဘက်သို့ ပြောင်းလဲလိုကြသော်လည်း မည်သူမျှ မကျွမ်းကျင်ကြပေ။ ကျိုးပင်းအမ်၏ မျိုးဆက်တွင်သာ စာပေပညာရပ်ဆိုင်ရာ ဂုဏ်ထူးများ ရရှိခဲ့သည်ဟု ယူဆနိုင်သည်။
ကျိုးမိသားစုသည် အရပ်ဘက်အရာရှိများအဖြစ်သို့ အောင်မြင်စွာပြောင်းလဲခဲ့ပြီး ပန်းမိသားစုကလည်း အောင်မြင်သော ဆန်ကုန်မြေလေးမိသားစု ဖြစ်လာခဲ့သည်။ သို့သော်လည်း ကျိုးမိသားစုနှင့် ပန်းမိသားစုသည် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြ၏။ မိသားစုနှစ်စုသည် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း အိမ်ထောင်ရေးတွင် မည်သည့်အခါမျှ အဆက်အသွယ်မရှိခဲ့ကြပေ။မိသားစုနှစ်ခုက ပေါင်းသင်းဆက်ဆံရေးကောင်းနေသော်လည်း ခမည်းခမက်များ မဖြစ်လိုကြချေ။
အတွင်းဝင်းထဲက ထွက်လာသည်နှင့်၊ ရုံရှားသည် ပန်းဟမ်၊ ကျိုးချန်ရှောင်နှင့် တခြားဝတ်ကောင်းစားလှ လူငယ်တချို့ စုဝေးနေသည်ကို တွေ့လိုက်ရသည်။သူတို့ပုံစံက လူငယ်သဘာဝ ပေါ့ပါးလွတ်လပ်ပျော်ရွှင်နေကြသည်။သို့သော်လည်း ဟေးလားဝါးလား လုပ်နေသောကြောင့် ရာထူးကြီးသူများမဟုတ်မှန်း မြင်သာပေသည်။
ကျိုးချန်ရှောင်က ပန်းဟမ်ကို တစ်ချက်ပုတ်လိုက်ရင်း
"ဟိုမှာ မင်းရဲ့ ယောက်ဖ လာနေပြီ"
ပန်းဟမ် နောက်ပြန်လှည့်ကြည့်လိုက်လျှင် ရုံရှားသည် အတွင်းဝင်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ့လက်ကို ဝှေ့ယမ်းပြီး ခေါ်ဖို့ ပြင်သော်လည်း ကျိုးချန်ရှောင်က သူ့လက်ကို ပြန်ဆွဲချလိုက်သည်။
"ငါတို့က ကဗျာနဲ့ ပန်းချီပညာအကြောင်း မပြောတတ်ဘူးလေ၊ ဘာလို့ သူ့ကို ခေါ်လိုက်တာလဲ"
ထို့အပြင်၊ ရုံရှားလိုလူမျိုးက သူတို့နဲ့ ကြာကြာ စကားပြောနေနိုင်မှာမလို့လား...
"ညီလေး ပန်းဟမ်"
ရုံရှားက ပန်းဟမ်ရှေ့ကိုလာပြီး တခြားသခင်လေးများကိုလည်း နှုတ်ဆက်သည်။သူ့ပုံစံက အလုပ်မရှိသော လူငယ်များကို တမင်တကာ ကြွားလုံးထုတ်၍ စကားလာပြောနေခြင်းမျိုးမဟုတ်ပေ။တခြားပညာရှိများဆိုလျှင်လည်း ရုံရှားလိုမျိုး ဆက်ဆံနေမည်မဟုတ်ပေ။
ရုံရှားသည် သူတို့နှင့် အချိန်အတန်ကြာ စကားပြောပြီးမှ အလုပ်အကိုင်ရေးရာဝန်ကြီးဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ထွက်သွားသည်။သူ ထွက်သွားပြီးနောက် သခင်လေးများသည် ပန်းဟမ်ကို မနာလိုစိတ်ဖြင့် ကြည့်ကာ
"မင်းရဲ့ ယောက်ဖက သဘောထား သိပ်ကောင်းတာပဲ"
ပန်းဟမ်က မေးစေ့ကို အနည်းငယ်ချီထားလိုက်ပြီး
"မဟုတ်ရင် ငါတို့မိသားစုက သူနဲ့ ငါ့အစ်မ လက်ထပ်ဖို့ ဘယ်သဘောတူမှာလဲ"
ပန်းဟမ် နှင့် အနီးဆုံးရှိ သခင်လေးက ပန်းဟမ်၏ ပခုံးပေါ် လက်ကို တင်လိုက်ပြီး
“မင်း အစ်မလို သိပ်လှတဲ့မိန်းမလှလေးက လက်ထပ်သွားတာ သိပ်နှမြောဖို့ကောင်းတာပဲ"
သူတို့စိတ်ထဲတွင် ပန်းဟွာသည် ကြီးကျယ်ခမ်းနားသော အလှတရား၏ကိုယ်စားပြုသူဖြစ်သည်။ သူမကို တစ်ချက်လောက် ငေးကြည့်ရုံဖြင့် တစ်နေ့တာလုံး သူတို့ စိတ်ချမ်းသာရမည်ဖြစ်သည်။သူတို့က ပန်းဟွာကို ချစ်နေသည်ဟု မဆိုသာသော်လည်း၊ လူတိုင်း အလှအပကို မက်မောကြသူများပီပီ အလှကြိုက်သည့်မျက်စိနှင့်ကြည့်ကြခြင်းပင်။
မြို့တော်ရှိ မိန်းကလေးများသည်လည်း ချောမောခန့်ညားသော အမျိုးသားများထံ ပန်းနှင့် အသီးအနှံများ ပေးကမ်းခြင်းကို နှစ်သက်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ယခုလို ပိုးပမ်းနည်းမျိုးက တိုင်းပြည်၏ ဥပဒေကို မချိုးဖောက်ချေ။
"ငါ့အစ်မ အကြောင်းမပြောနဲ့" ပန်းဟမ်က ထိုကောင်လေး၏ လက်ထဲကို ဝိုင်ခွက်ထိုးထည့်လိုက်ပြီး "ဝိုင်ပဲ သောက်၊စကားမများနဲ့"
ထိုကောင်လေးကလည်း ဒေါသမထွက်သွားဘဲ၊ခပ်ပြုံးပြုံးပင် ဝိုင်ခွက်ကို ယူကာသောက်လိုက်သည်။
ဒုတိယမင်းသားနှင့် အိမ်ရှေ့စံတို့သည် အဆင့်အတန်းအမြင့်ဆုံးလူများဖြစ်၍ စားပွဲ၏ ဘယ်ညာ တစ်ဖက်စီမှာ ထိုင်ကြသည်။ဒုတိယမင်းသားက ပြုံးပြီး အိမ်ရှေ့စံကို စကားစ,လိုက်၏။ "အိမ်ရှေ့စံမင်းသမီး နေမကောင်းဘူးလို့ ကြားတယ်၊အိမ်ရှေ့စံ သူမကို ပိုဂရုစိုက်ရမယ်နော်"
အိမ်ရှေ့စံက ပြုံးပြီး "သတိပေးလို့ ကျေးဇူးပါ၊ ငါသေချာပေါက် သတိထားပါ့မယ်"
ဒုတိယမင်းသားက လှောင်ပြောင်ရယ်မောရင်း
"ဟားဟား...အိမ်ရှေ့စံက တကယ်ကို စေတနာကောင်းတာပဲ..."
ဒုတိယမင်းသားသည် အိမ်ရှေ့စံနှင့် စကားကြာကြာပြောလေလေ၊ စိတ်အားထက်သန်လာလေလေပင်။သူက စကားအပိုလည်း များစွာပြောတတ်သူဖြစ်၏။ ထို့ကြောင့် အိမ်ရှေ့စံကမူ ပြုံးရုံသာပြုံးပြီး ဘာမှ အထွေးအထူးပြန်မပြောပေ။
အိမ်ရှေ့စံက သူ့ကို စကားဆက်မပြောသဖြင့် ကျန်းလော ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားရသည်။သူ တစ်ချက် ရုံရှားကို လှည့်ကြည့်ပြီး အေးစက်စွာဖြင့်
"ဟိုမှာ အစ်ကိုတော် လေးစားရတဲ့ ချမ်အမ်မြို့စားမင်းလေ၊ သူဘာတွေလုပ်ဖို့ကြိုးစားနေလဲ ငါမသိဘူး၊အမြဲ ကျွန်တော်တို့ထက် နောက်ကျမှရောက်လာတယ်"
တရားရုံးအရာရှိများအပေါ် အမြင်မကြည်ဟန်ရှိသော ကျန်းလော၏ သဘောထားကို ကြားသောအခါ အိမ်ရှေ့စံ မျက်မှောင်ကြုတ်သွားမိသည်။
" ချမ်အမ်မြို့စားမင်း နောက်ကျတာက အလုပ်တစ်ခုခု နှောင့်နှေးခဲ့ရလို့ဖြစ်မယ်၊ သူက အခုအချိန်မှာ အလုပ်အကိုင် ဌာနက ဝန်ကြီးဖြစ်လာပြီဆိုတော့ စိုးရိမ်စရာတွေ အများကြီးရှိနေပြီလေ၊သူ့မှာ ဘယ်လိုလုပ် အားလပ်ချိန်ရနိုင်မှာလဲ"
ကျန်းလောက ရယ်မောလိုက်သည်။
"အစ်ကိုကလည်း ကျွန်တော့်မှာရော အားလပ်ချိန်တွေများတယ်လို့ ထင်နေတာလား၊ကျွန်တော်က ဝန်ကြီးဌာနခြောက်ခုမှာ ဘာမှမလုပ်ရဘဲ အမိန့်ထိုင်ပေးရတဲ့ အစ်ကို့ထက်တောင် ပင်ပန်းသေးတယ်"
အိမ်ရှေ့စံသည် အသက် 15 နှစ်ပြည့်ပြီးနောက် ဝန်ကြီးဌာနခြောက်ခုတွင် ကျင်လည်ခဲ့ရ၍ ဝန်ကြီးဌာနများ၏ လုပ်ငန်းအစီအမံများနှင့် ရင်းနှီးလာသည်။ ဒုတိယမင်းသားမှာတော့ အိမ်ထောင်ကျပြီးဖြစ်သော်လည်း သူ့မှာ ရာထူး အစစ်အမှန် ဟူ၍ မရှိခဲ့ချေ။ထို့ကြောင့် အိမ်ရှေ့စံအပေါ် သူ၏ မကျေနပ်မှုများ ကြီးထွားလာခြင်းဖြစ်သည်။
ဧကရာဇ်သည် ဘက်လိုက်သည်မှန်သော်လည်း ဒုတိယမင်းသားမှာ ဧကရာဇ်အား မုန်းတီးရန် မဝံ့ရဲသဖြင့် သူ၏ နာကြည်းမှုအားလုံးကို အိမ်ရှေ့စံထံသို့ ပြောင်းသွားခြင်းဖြစ်ပေသည်။ အိမ်ရှေ့စံသည် သဘောထား နူးညံ့သိမ်မွေ့ပြီး သူနှင့် အငြင်းပွားလေ့မရှိပေ။သို့သော်လည်း၊အိမ်ရှေ့စံက ဟန်ဆောင်နေခြင်းဖြစ်ကာ သူ ဘာပဲလုပ်လုပ် သူ့အား သဘောမတွေ့နိုင်မှန်း ခံစားလာရသည်။
"ကျွန်တော်မျိုး အိမ်ရှေ့စံနဲ့ ဒုတိယမင်းသားကို နှုတ်ဆက်ပါတယ်"
ရုံရှားက မျက်နှာပျက်နေသည့် ဒုတိယမင်းသားကို လျစ်လျူရှုကာ ညီအကိုနှစ်ယောက်ရှေ့သို့ လာ၍ နှုတ်ဆက်လိုက်သည်။
ကျန်းလောက သူ့ဘေးက ခုံကို လက်ညှိုးထိုးပြသည်။ " မြို့စားမင်းရုံ၊ ထိုင်ပါ"
"ကျေးဇူးတင်ပါတယ် အရှင့်သား"
ရုံရှားက ဒုတိယမင်းသား ညွှန်ပြသည့်ထိုင်ခုံမှာ မထိုင်ဘဲ တခြားခုံတစ်ခုကိုရွေးပြီး ထိုင်လိုက်သည်။
ကျန်းလောသည် ရုံရှား နှင့် အိမ်ရှေ့စံတို့မှာ တစ်ခါတစ်ရံ အတော်လေးတူသည်ဟု ခံစားမိသည်။ နှစ်ယောက်စလုံး သရုပ်ဆောင်ကောင်းလှသည်။ ခေါင်းမာပြီး လက်ပေါက်ကပ်သော ပညာရှိများ၏ အမြင်မှာတော့ သူတို့က ထူးချွန်ပြောင်မြောက်သည့် လူကြီးလူကောင်းများပင်။လူကြီးလူကောင်းများ၊ စေတနာကောင်းပြီး ကိုယ်ကျင့်သီလရှိသူများသည် သူ့အမြင်မှာတော့ သရုပ်ဆောင် ကောင်းနေသူများဟုသာ မြင်နိုငင်သည်။ကမ္ဘာပေါ်မှာ သူတော်စင်သာ အများကြီးရှိလျှင် ယုတ်မာသည့်အကြံအစည်များနှင့် အာဏာအတွက် တိုက်ပွဲဝင်နေကြမှာ မဟုတ်ချေ။
မြို့စားမင်းချမ်က အသက်ကြီးပြီမို့ အပြင်မှာ ဧည့်ခံသူများသည် သူ၏ သားသမီး၊ မြေးမြစ်များပင်။ အိမ်ရှေ့စံနှင့် စားပွဲတွင် အတူတူထိုင်သူမှာ မြို့စားမင်းချမ်၏ ဆက်ခံသူ၊ အိမ်ရှေ့စံနှင့် ဒုတိယမင်းသား၏ ဦးရီးတော်ဖြစ်သည်။ ဒုတိယမင်းသားက အိမ်ရှေ့စံအား မချေမငံပြောဆိုနေသည့်တစ်လျှောက် ထိုဦးရီးတော်သည် သက်သတ်လွတ်စားပြီး ဗုဒ္ဓကျမ်းဂန်များရွတ်ဆိုနေသည့် ဘုန်းကြီးတစ်ပါးလို အေးဆေးတည်ငြိမ်လျက်ရှိပေသည်။
ရုံရှား ထိုင်ပြီးနောက်တွင် သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ငြိမ်လာသည်။ရုံရှား ရောက်ရှိလာခြင်းက စားပွဲရှိ လေထုကို ကောင်းမွန်စေမည်ဟု သူမျှော်လင့်ခဲ့သည်။သို့သော်လည်း ရုံရှားအပေါ် ဒုတိယမင်းသား၏ သဘောထားသည် အလွန်ဖော်ရွေခြင်းမရှိကြောင်း သူ သိလိုက်ရသည်။ယခုမူ စားပွဲပေါ်ရှိ လေထုသည် ပို၍ပင် ငြီးငွေ့ဖွယ် ကောင်းလာသည်။
"ဝန်ကြီးယန်၊ ဒီဘက်ကိုလာပါ.... ကျေးဇူးပြုပြီး"
"ဝန်ကြီးရှစ် ဒီဘက်ကိုလာပါ....ကျေးဇူးပြုပြီး"
မကြာခင် ယန်ဟွေ့နှင့် ရှစ်ချုံးဟိုင် တို့လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ထို့နောက် သူတို့က အိမ်ရှေ့စံအား ဦးညွှတ်ပြီးနောက် စားပွဲတစ်ခုတည်းတွင် ထိုင်ကြသည်။
မြို့စားမင်းချမ်၏ ဆက်ခံသူခမျာ စားပွဲပေါ်မှ ထူးဆန်းသော လေထုကြောင့် စားချင်စိတ်ပင် ပျောက်နေရသည်။အိမ်ရှေ့စံနှင့် ဒုတိယမင်းသားကြားရှိ ခုံတစ်ခုတွင် သူ၏ အဖေဖြစ်သူ မြို့စားမင်းချမ် ရောက်လာမှသာ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ စားပွဲရှိလူများ မည်သို့ပင်တွေးနေပါစေ၊ သူ့အဖေရှေ့တွင်ဖြစ်၍ ပြုံးနေရတော့၏။
အသက်ကြီးလာ၍ ကလေးတစ်ယောက်လို ဖြစ်လာသော မြို့စားမင်းချမ်သည် မြေးနှစ်ယောက်နှင့် ရုံရှားကို တတွတ်တွတ်ပြောဆိုကာ ဟင်းများ ထည့်စားခိုင်းနေသည်။ စားပွဲရှိ အခြားလူများ မည်သို့တွေးနေသည်ကို သူ ဂရုမစိုက်။ သူ သဘောကျသူများကိုသာ ဂရုစိုက်နေတော့သည်။ ထို့ကြောင့် ဆက်ခံသူသည် အခြားသူများ အဆင်မပြေဖြစ်မည်ကို စိုးရိမ်သောကြောင့် လျစ်လျူရှုခံထားရသော စားပွဲတစ်ခုတည်းမှ ဧည့်သည်များကိုသာ နှုတ်ဆက်ရလေသည်။
ထမင်းစားပြီးနောက် မြို့စားမင်းချမ်က ရုတ်တရက် ပြောသည်။
"ရုံရှား၊ မင်းရဲ့ ဇနီးလောင်းကို ငါနဲ့ တွေ့ပေးပါလား၊ အိမ်နောက်ဖေးမှာ လူတွေ အရမ်းများနေလို့ သူမကို ကောင်းကောင်း မကြည့်မိဘူး"
မြို့စားမင်းချမ်၏ ဆက်ခံသူက ခပ်တိုးတိုး စုပ်သပ်ညည်းညူလိုက်သည်။ ပန်းဟွာသည် ကျွင်းကျူးတစ်ယောက်ဖြစ်ကာ၊ ကြောင်လည်းမဟုတ်၊ ခွေးလည်း မဟုတ်ပေ။ သူ အဖေဖြစ်သူအစား မျက်နှာပူလာကာ အိမ်နောက်ဖေးသို့ အစေခံများ လွှတ်ကာ ပန်းဟွာကျွင်းကျူးအား ကြိုတင်တောင်းပန်ရတော့သည်။
ပွဲအပြီးတွင် ပန်းဟွာသည် သူငယ်ချင်းများနှင့်စကားပြောနေခိုက် အိမ်ရှေ့စံ၏မြေးမဖြစ်သူက သူမဆီ ရောက်လာခဲ့သည်။မြို့စားမင်းချမ်သည် သူမကို တွေ့ချင်သဖြင့် လာခေါ်ရခြင်းဟု ဆိုသည်။
"စိတ်မကောင်းပါဘူး ကျွင်းကျူး"
မြို့စားမင်းချမ်၏ မြေးမဖြစ်သူက ပန်းဟွာကို အတွင်းခြံဝင်းအတွင်းရှိ ပင်မအခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"အဖိုးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကလေးလိုဖြစ်သွားတာ၊ သူ့မှတ်ဉာဏ်က သိပ်မကောင်းဘူး၊ ကျွင်းကျူးကို စိတ်ဆိုးစေတယ်ဆိုရင် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
မြို့စားမင်းချမ်၏ မြေးမလေးက ဦးညွှတ်ပြီးတောင်းပန်လာလျှင် ပန်းဟွာ ကလည်း အမြန်ပင် ပြောလိုက်၏။
"အိမ်မှာ အသက်ကြီးသူတစ်ယောက်ရှိရတာ ရတနာတစ်ခုလိုပါပဲ၊ကျဲကျဲရဲ့ အဘိုးနဲ့အဖွားက အသက်ရှင်နေသေးတာကိုက ပျော်စရာကောင်းနေပါပြီ"
တော်ဝင်မင်းသမီး အသက်ရှင်စဉ်အချိန်က ပန်းဟွာကို အလွန်ချစ်မြတ်နိုးကြောင်း မြို့စားမင်းချမ်၏ မြေးမလေး သိသည်။ ယခု ပန်းဟွာ၏ အဖွားဖြစ်သူအား လွမ်းဆွတ်နေဟန်ရှိသော စကားကို ကြားလိုက်ရသောကြောင့် သူမ အတော်ပင်စိတ်မကောင်းဖြစ်ရသည်။
နှစ်ယောက်သား ပင်မခြံဝင်းနားကို အမြန်ရောက်လာကြသည်။ မြို့စားမင်းချမ်၏မြေးသည် ပန်းဟွာကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။ အထဲမှာ ရယ်မောသံများ ထွက်ပေါ်လာသဖြင့် ခြံဝင်းကြီးက အသက်ဝင်နေသည်။
" ကျွင်းကျူး ရောက်လာပါပြီလား...." အပြာရောင်ဝတ် အစေခံမိန်းကလေးက ရှေ့သို့ ထွက်လာပြီး ပန်းဟွာအား ဦးညွှတ်ကာ "ကျေးဇူးပြုပြီး ဒီကို လာခဲ့ပါ"
အစေခံမိန်းကလေးက ကန့်လန့်ကာကို ရုတ်လိုက်ရာ ပန်းဟွာ ဝင်သွားလိုက်သည်။မြို့စားမင်းချမ် နှင့် သူ့ဇနီး နှစ်ယောက်စလုံး အပြင် အိမ်ရှေ့စံ၊ ဒုတိယမင်းသားနှင့် ရုံရှားတို့လည်း နေရာတွင် ရှိနေ၍ သူမ အံ့ဩသွားမိသည်။ ဘာတွေဖြစ်နေတာလဲ...
"လာ၊ လာ"
မြို့စားမင်းချမ်၏ ဇနီးသည် အလွန်ကြင်နာတတ်သော အဘွားကြီးဖြစ်သည်။ ပန်းဟွာကို မြင်သောအခါတွင် သူမက ပြုံးပြီး ကြိုဆိုနေလေသည်။
"အဘွားနဲ့ အတူထိုင်ပါ"
အခန်းထဲက အစေခံမိန်းကလေးများသည် လက်ဖက်ရည်နှင့် အဆာပြေမုန့်များ ယူလာပေးသည်။
"ဒီမိန်းကလေးက အရမ်း လှမယ်ဆိုတာ ငါသိတယ်" မြို့စားမင်းချမ်က ကျေနပ်မှုအပြည့်ဖြင့် ရုံရှားကိုလှည့်ကြည့်ပြီး "ဒီလိုမိန်းကလေးမျိုးကို မင်း ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့"
ရုံရှား နှင့် ပန်းဟွာတို့မျက်လုံးချင်းဆုံသွားသည်။ ပြီးလျှင် ရုံရှားက ပြုံးပြီး သဘောတူလိုက်၏။
"ကျွန်တော် ကျွင်းကျူးကို ကောင်းကောင်း ဆက်ဆံမှာပါ"
အိမ်ရှေ့စံက တိုးတိုးလေးရယ်ပြီး ရုံရှား ကို
"နောက်ဆို မင်းက ငါ့ဝမ်းကွဲ ယောက်ဖ ဖြစ်လိမ့်မယ်၊ မင်းဟွာဟွာကို ကောင်းကောင်းမဆက်ဆံရင် ငါ မင်းကို ခွင့်မလွှတ်ဘူးနော်"
ဒုတိယမင်းသားသည် ဘေးနားထိုင်ကာ လက်ဖက်ရည်ကို မျက်နှာကြီး ရှုံ့မဲ့၍ သောက်လိုက်သည်။သူသည် စိတ်မြန်သော်လည်း အဘိုးဖြစ်သူရှေ့တွင် သူ့စကားနှင့် လုပ်ရပ်အား စောင့်ထိန်းရမည်ဖြစ်သည်။သူ့ဒေါသကြောင့် တစ်ခုခုဖြစ်ခဲ့လျှင် ဘိုးဘွားများ၏ အထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ ဒူးထောက်၍ အပြစ်ပေးခံရမည်ဖြစ်၏။
"အိမ်ရှေ့စံ၊ မြို့စားမင်းချမ်က ညီမကို အနိုင်ကျင့်ဝံ့မှာ မဟုတ်ပါဘူး၊ သူက ညီမကို မနိုင်ပါဘူးလေ"
ပန်းဟွာက ပြုံးရင်း ပြောလိုက်သည်။
မြို့စားမင်းချမ်က ရုတ်တရက် ပြောလိုက်သည်။
"မင်းရဲ့ အဖွားက ဒီလိုပြောဖူးတယ်ထအရင်တုန်းက ဧကရာဇ်က မင်းအဖွားနဲ့ ကျင့်ထင်နယ်စားမင်းတို့ လက်ထပ်ရင် အဆင်မပြေဖြစ်မှာကို စိုးရွံ့ခဲ့တယ်၊သူမကလည်း ပြန်ပြောတာပေါ့၊သူမလို ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးလူသားရဲ့ သမီးကို ခင်ပွန်းကလည်း အနိုင်မကျင့်နိုင်ဘူးလို့ ပြောခဲ့တာ၊ ဒါလည်း ဟုတ်တာပဲ၊မင်းအဘိုးက မင်းအဖွားအပေါ် နှစ်တွေအကြာကြီး ကောင်းခဲ့တာ၊သူမ ပြောခဲ့တာ သိပ်မှန်သွားတာပဲ"
မြို့စားမင်းချမ်၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးနေပြီး တစ်ပြိုင်နက်တည်း စိတ်ချမ်းသာနေပုံလည်းရသည်။သူက အိမ်ရှေ့စံနှင့် ဒုတိယ မင်းသားတို့ကို လှည့်ကြည့်လိုက်ပြီး ရုံရှားအနားကို တိုးကပ်လိုက်သည်။ပြီးလျှင် ပန်းဟွာကို ကြည့်၍ "သူက မင်းအဘိုးနဲ့ မတူပေမဲ့ မင်းကို ကောင်းကောင်း ဆက်ဆံပါလိမ့်မယ်၊ စိတ်မပူပါနဲ့"
ပန်းဟွာ ငြိမ်သက်သွားပြီး အဘိုးအိုကိုကြည့်ကာ
"ကျေးဇူးပါပဲ၊ကျွန်မလည်း စိတ်မပူပါဘူး"
"မင်း စိတ်မပူတာ ကောင်းပါတယ်" မြို့စားမင်းချမ်က ကလေးတစ်ယောက်လို ပြုံးကာ ရုံရှား ၏လက်ကို လွှတ်လိုက်ပြီး တစ်ချက်သမ်းဝေ၍ ပြောသည်။
"ငါ အိပ်ချင်နေပြီ"
ဤသည်ကိုကြားလျှင် အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့ နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြသည်။
"အဘိုး၊ အေးအေးဆေးဆေး အနားယူပါ၊အဘိုး အနားယူတာကို ကျွန်တော်တို့ မနှောင့်ယှက်ပါဘူး"
မြို့စားမင်းချမ်သည် ဇနီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီးပြောသည်။
"အင်း...သွားရအောင် အဘွားကြီး၊ ငါတို့ အိပ်တော့မယ်"
ပန်းဟွာသည် လက်ဆွဲကာထွက်သွားသော အဘိုး၊အဘွားနှစ်ယောက်ကို ကြည့်ပြီး ပြုံးမိတော့သည်။
လေးယောက်သား အဆောင်အပြင်ဘက်သို့ ထွက်လာရင်း ဒုတိယမင်းသားက ပန်းဟွာနှင့် ရုံရှားကို တစ်ချက်ကြည့်လိုက်ပြီး
"နောက်ကျနေပြီ၊ ငါလည်း နန်းတော်ပြန်သင့်ပြီထင်တယ်"
"ဂရုစိုက်ပါ၊ အရှင့်သား"
ရုံရှား အနည်းငယ် ရှေ့ကိုတိုးလာပြီး ပန်းဟွာအား သူ့နောက်မှာရှိစေ၍ ဒုတိယမင်းသားကို ဦးညွှတ်လိုက်သည်။ဒုတိယ မင်းသားကလည်း နောက်က ကွယ်နေသော ပန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
အိမ်ရှေ့စံကမူ သူတို့နှစ်ယောက်ကို နွေးထွေးစွာ ပြုံးပြပြီး နှုတ်ဆက်သည်။
"ညီတော်က ကလေးဆန်တာပါ၊သူ့လုပ်ရပ်တွေကို စိတ်ထဲမထားပါနဲ့"
ပန်းဟွာက မျက်ခုံးပင့်ကာ
"စိတ်မပူပါနဲ့ ကျွန်မလည်း အသားကျနေပါပြီ၊ ကျွန်မ ပြန်လိုက်ဦးမယ်၊ အမေက ကျွန်မကို စောင့်နေတာ"
ရုံရှားက အမြန်ပင်ပြောသည်။
"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်၊မင်း ဒီကို ခဏခဏ မလာဖူးဘူး ဆိုတော့ လမ်းကို ကိုယ်ပဲ သိတယ်"
အိမ်ရှေ့စံကလည်း ပြုံးပြီး ခွင့်ပြုပေးလေသည်။
"မြန်မြန်သွား၊ ငါ ဦးလေးနဲ့ စကားပြောဦးမယ်"
ပန်းဟွာ နှင့် ရုံရှား တို့သည် အိမ်ရှေ့စံအား ဦးညွှတ်ပြီးနောက် အစေခံ အမျိုးသမီးများ၏ လမ်းညွှန်မှုအတိုင်း လျှောက်လာခဲ့ကြသည်။
"ရှင်က ဒီကို ခဏခဏ ရောက်ဖူးလား"
ရုံရှားသည် မြို့စားမင်းချမ်၏ အိမ်တော်နှင့် ရင်းနှီးနေကြောင်း ပန်းဟွာ သိသွား၍ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
xxxxx