အပိုင်း၉၈
Viewers 4k


Chapter 98


ရုံရှားက ခေါင်းညိတ်ရင်း 


"ငယ်ငယ်တုန်းက ဒီက အဘွားနဲ့ ကိုယ်ရဲ့အဘွားက အရမ်းရင်းနှီးတယ်လေ၊ကိုယ့် မိဘတွေနဲ့ အစ်ကို ဆုံးပါးသွားတဲ့အခါ အဘွားက ကိုယ့်ကို ဆော့ဖို့ ဒီကို ခေါ်လာတတ်တယ်၊ ဒါကြောင့် မြို့စားမင်းချမ်ရဲ့မြေးတွေက ကိုယ်နဲ့ ညီအစ်ကိုတွေလို ဖြစ်နေတာ"


ဧကရာဇ်သည် ရုံရှားကို အလွန်ယုံကြည်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ရုံရှားသည် မိဘညီအစ်ကိုမောင်နှမများ ဆုံးရှုံးခဲ့ရပြီး ကြီးပြင်းလာခဲ့သည့် မိဘမဲ့တစ်ဦးဖြစ်သည်။ ဧကရာဇ်ကသာ သူ၏ စရိုက်နှင့် စိတ်နေစိတ်ထားကို အခြားသူများထက် ကောင်းစွာ သိနိုင်ပေမည်။


 "တောင်းပန်ပါတယ် ရှင့်ကို ဒီလိုဝမ်းနည်းစရာတွေ ပြောဖို့ မသင့်ဘူး"


ပန်းဟွာ အားတုံ့အားနာဟန်ဖြင့် ပြောမိလေသည်။ဤအရာများသည် ရုံရှား၏ နာကျင်ဖွယ်အတိတ်များနှင့် ပတ်သက်နေမည်ကိုသာ သိပါက၊ သူမ စကားစ,မိမှာ မဟုတ်ပေ။


 "ရပါတယ်၊ အားလုံးက အတိတ်မှာ ဖြစ်ခဲ့တာပဲ၊အဆင်ပြေတယ်၊ ပြီးတော့  မြို့စားမင်းချမ်က ကိုယ့်ကို အရမ်းကောင်းပေးတယ်၊ ဝမ်းနည်းစရာ ဘာမှ မရှိပါဘူး"


ပန်းဟွာ၏ ပါးစပ်ထောင့်များ အနည်းငယ်လှုပ်ခတ်သွားကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။


ထိုစဉ် ရုံရှား ရုတ်တရက် ရပ်လိုက်ပြီး ပန်းဟွာကို လှည့်ကြည့်ကာ


 "ကိုယ်တို့ရောက်ခါနီးပြီ၊ဟွာဟွာ"


 "ဟင်..."  ပန်းဟွာ ခေါင်းကိုမော့လိုက်ရာ ရုံရှား၏ လှပသော မျက်လုံးများသည် သူမ၏ ပုံရိပ်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။  


 "မင်း ဝမ်းနည်းပူဆွေးတဲ့ကာလ ပြီးဆုံးသွားရင် ကိုယ့်ကို လက်ထပ်မှာလား"


ပန်းဟွာ အေးခဲသွားပြီး ဘာပြန်ပြောရမှန်းမသိ။ သူမ ချီတုံချတုံဖြစ်နေတာကိုမြင်တော့ ရုံရှားက ညင်ညင်သာသာ ပြုံးပြီး သူမ၏နဖူးကို သူ့လက်ဖြင့် ထိစေလိုက်၏။


"မင်း ဝင်သွားလိုက်ပါ၊ ဒီတံခါးကနေ ဝင်သွားပြီးရင် အမျိုးသမီးတွေပဲ ခြံဝင်းထဲမှာရှိတော့မှာ၊ကိုယ် ဝင်လာဖို့ မသင့်တော်ဘူး"


ပန်းဟွာသည် မှင်တက်စွာ လှည့်ထွက်သွားသည်။ ခြေလှမ်းအနည်းငယ်ကြာပြီးနောက် သူမ နောက်ပြန်လှည့်ကြည့်လိုက်လျှင် ရုံရှားသည် နွေဦးလေပြေကဲ့သို့ အပြုံးတစ်ခုဖြင့် တစ်နေရာတည်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။  သူမလည်း ခြေလှမ်းကိုရပ်ပစ်မိ၏။


ရုံရှားသည် သူမ ခြေလှမ်းရပ်သွားသည်ကို မြင်လိုက်ရ၍ ရှေ့ကို လျှောက်လာရင်း "ဘာဖြစ်နေတာလဲ"


“ဘာမှမဖြစ်ပါဘူး” ပန်းဟွာက ခြေဖျားထောက်ပြီး သူ့နဖူးကိုထိလိုက်ရင်း"ရှင့်နဖူးကိုလည်း ကျွန်မ ပြန်ထိမှရမယ်" ထိုသို့ပြောပြီးနောက် သူမ လှည့်ပြီး အတွင်းတံခါးထဲကို ပြေးသွားလိုက်လေသည်။


ရုံရှားသည်လည်း သူ့နဖူးကိုထိကာ ပြုံး၍မဆုံးနိုင်တော့။


 "အရှင့်သား" ရုံရှား ခေါင်းကိုလှည့်ပြီး ထောင့်မှာရပ်နေသည့်လူကို ကြည့်လိုက်ကာ "နန်းတော်ကို မပြန်သေးဘူးလား"


ဒုတိယမင်းသားက သစ်ပင်တစ်ပင်ကိုမှီ၍ ရုံရှား ကို မျက်နှာမူကြည့်ကာ


 "ငါသွားချင်တဲ့နေရာကို မင်းကိုသတင်းပို့စရာမလိုပါဘူး၊မိန်းမတွေကို  ဂရုမစိုက်တတ်တဲ့ သိပ်ကို ခန့်ညားတဲ့  မြို့စားမင်းရုံမှာ ဒီလို နူးညံ့သိမ်မွေ့တဲ့ဘက်ခြမ်းရှိနေမယ်လို့ပေါ့"


"အဖက်ဖက်က ပြည့်စုံတဲ့မိန်းကလေးလူကြီးလူကောင်းနဲ့ပဲ လိုက်ဖက်ပါတယ်၊ဒီအရာရှိက ပန်းဟွာကျွင်းကျူးကို သဘောကျနေတာဆိုတော့ သူမကို တခြားအမျိုးသမီးတွေနဲ့ မတူအောင် ပြောဆိုဆက်ဆံတာပါ" 


 “ဒါပဲလား၊မင်းကို သိပ်စွဲလန်းနေတဲ့ မြို့တော်က အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက မင်းမျက်လုံးထဲမှာတော့ ဖုန်မှုန့်တစ်မှုန်လောက်တောင် အရေးမပါဘူးပဲကိုး၊ သနားစရာပဲ”


 "အရှင့်သား ဒီလိုသဘောပေါက်တာမြန်တဲ့အတွက် ကျွန်တော် အံ့ဩမိပါတယ်၊ပန်းဟွာကျွင်းကျူးက ကမ္ဘာပေါ်က အမျိုးသမီးတော်တော်များများနဲ့ နှိုင်းယှဉ်လို့မရတဲ့ အသွင်အပြင်မျိုး ရှိတယ်၊ကျွန်တော်ကလည်း လှပပြီးသွက်လက်ချက်ချာတဲ့ သူမျိုးကိုပဲ သဘောကျတာ၊ဘာသနားစရာရှိလို့လဲ"


စကားပြောတတ်လွန်းသော ရုံရှားကို ကျန်းလော စိတ်မရှည်ဖြစ်ကာ အေးစက်စက်ပြောလိုက်၏။ “နောက်ဆုံးတော့ မင်းက မိန်းကလေးတွေကို စိတ်ဝင်စားရက်နဲ့ စိတ်မဝင်စားချက်‌ယောင်ဆောင်ပြီး လူကြီးလူကောင်းဆန်ပြနေတာပဲ"  


 "အရှင့်သားရဲ့စကားက မှားနေပါတယ်၊ကျွန်တော်က ပန်းဟွာကျွင်းကျူးကို သဘောကျတယ်၊ သူမက ကမ္ဘာပေါ်မှာ ဘာ်လိုမိန်းကလေးမျိုးနဲ့မှ မယှဉ်နိုင်တဲ့ အရည်အချင်းတွေကိုပိုင်ဆိုင်ထားတာပါ" 


စာပေ ပညာတတ်သူများအား ကျန်းလော မကြိုက်သော အကြောင်းရင်းတစ်ခုမှာ သူတို့၏ပါးစပ်ကြောင့်ဖြစ်သည်။ အဖြူရောင်ကိုပင် အနက်ရောင်ဖြစ်အောင် ပြောတတ်သလို၊ကြမ်းပိုးကို လိပ်ဖြစ်အောင်လည်း ပြောတတ်ကြသူများပင်။


 "မြို့စားမင်းရုံက သိပ်ထက်မြက်တာကိုး၊ဧကရာဇ်နဲ့ အိမ်ရှေ့စံ ရှေ့မှာလည်း ဒီလိုမျိုးစကားအဆန်းတွေ ပြောပြီး သိမ်းသွင်းထားတယ်ထင်ပါ့"


"ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ကျွန်တော် ဘယ်တုန်းကမှ မလိမ်ညာခဲ့ဖူးပါဘူး...ဒုတိယမင်းသားရဲ့ရှေ့မှာလည်း ကျွန်တော် မလိမ်ညာရဲပါဘူး"


 "လုံလောက်ပြီ၊ မင်း ငါ့ရှေ့မှာ ဟန်ဆောင်နေစရာမလိုဘူး၊မြေခွေးရဲ့အမြီးဆိုတာ တစ်နေ့မှာ သေချာပေါက် ပေါ်လာမှာပါပဲ"


ရုံရှားလည်း ခပ်ဖျော့ဖျော့ပြုံးပြီး ကျန်းလောကို ဦးညွှတ်လိုက်သည်။


ကျန်းလောသည် ထိုသို့ပြောပြီး ချာကနဲ လှည့်ထွက်သွားသည်။ သူ့စိတ်ထဲတွင် ရုံရှားကို ပို၍ပင် ကြောက်စိတ်ဖြစ်ကာ သတိပိုထားမိလာသည်။ ရုံရှားလို ဣန္ဒြေစောင့်ထိန်းနိုင်သည့် လူတစ်ယောက်အပေါ် တခြားသူများ၏အမြင်မှာသာ လူကြီးလူကောင်းတစ်ယောက်သာာဖြစ်နိုင်‌ပေ၏။ ကမ္ဘာပေါ်ရှိ ပညာရှင်အားလုံးက သူ့အား ချီးမွမ်းရန် ရုံရှား မည်သည့်နည်းလမ်းအား အသုံးပြုခဲ့မှန်း သူနားမလည်ချေ။ ခမည်းတော်နှင့် အိမ်ရှေ့စံတို့ပင်လျှင် ရုံရှားကို ချီးမွှမ်းစကား ဆိုကြသည်။

ရုံရှားသည် အလွန်ပင် ရည်မှန်းချက်ကြီးသူဖြစ်သည်။သူသာ နန်းတက်လျှင် ရုံရှားလိုလူမျိုးအား အရှင်မထားမည်မှာ သေချာသည်။ 


ပန်းဟွာသည် မြို့စားမင်းချမ်၏ မြေးဖြစ်သူနှင့် နေရာမှ ထွက်ခွာသွားသည်ကို ပွဲရှိလူအများ သတိပြုမိကြသည်။ယခု သူမ ပြန်ရောက်လာသောအခါ၊ သူတို့ နှုတ်ကထုတ်မမေးသော်လည်း စိတ်ထဲတွင် ဖြစ်နိုင်ချေအကြောင်းရင်းတို့အား မရေမတွက်နိုင်အောင် တွေးနေခဲ့သည်။အထူးသဖြင့် ဒုတိယမင်းသား၏ဇနီး ရှဲ့ဝမ်ယွီ ဖြစ်သည်။ ပန်းဟွာနှင့် သူမသည် ဆက်ဆံရေး မကောင်းချေ။ ရှစ်ဖေးရှန့် အဖြစ်အပျက်ကြောင့်၊ ပန်းဟွာအား အမြင်မဆိုးတော့သလို၊ပန်းဟွာက သူမအား နာခံစွာ ဦးညွှတ်နှုတ်ဆက်သည့်အခါ ဒေါသစိတ်တို့ ပြေပျောက်သွားသလို ခံစားရ၏။


မူလက ပွဲအပြီးတွင် သူမသည် ပန်းဟွာ အနေကြပ်စေအောင် သကားနာထိုးမည်ဟု တွေးထားသေးသည်။သို့သော်လည်း သူမ ပြောချိန်ပင်မရလိုက်၊ ပန်းဟွာကို မြို့စားမင်းချမ်၏ မြေးဖြစ်သူက ခေါ်ဆောင်သွားလေသည်။ သို့သော်လည်း ပန်းဟွာက သူမအား အဖက်မလုပ်တာကြောင့်၊ယခင်လိုမတည်ငြိမ်နိုင်တော့။ ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ပန်းဟွာကိုရှာဖွေပြီး သူမ၏ ဒေါသကိုဖြေဖျောက်ရန်ဖြစ်သည်။ထိုသို့တွေးကာ သူမ

 လက်ဖက်ရည်တစ်ငုံသောက်ရင်း 


 "ပန်းဟွာကျွင်းကျူး မတွေ့တာကြာပြီနော်၊အရမ်းပိန်သွားသလိုပဲ" 


ပန်းဟွာက အပြစ်ကင်းစွာ ပြုံးလိုက်ရင်း


 "အခုတလော ကောင်းကောင်းမစားရလို့ ဖြစ်နိုင်တယ်၊တော်ဝင်ကြင်ယာတော် စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်" 


ရှဲ့ဝမ်ယွီက အေးစက်စွာပြုံးပြီး "ဟုတ်တယ်၊ ငါ နန်းတော်ထဲဝင်ကတည်းက နင့်ကို စိတ်ပူနေခဲ့တာ"


သူတို့ပြောနေပုံက ယခင်က သူငယ်ချင်းဖြစ်ခဲ့ဖူးသလိုမျိုး ပြောဆိုနေခြင်းပင်။သို့သော် သူမတို့နှစ်ဦးသည် ဆက်ဆံရေး မကောင်းမှန်း လူအတော်များများ သိကြသည်။ရန်ဖြစ်လိုက်သည့်အချိန်တိုင်း၊ ဒုတိယမင်းသား၏ကြင်ယာတော်သည် အမြဲ ဒုတိယနေရာတွင်သာ ရှိနေသည်။


ယခုလည်း ဒုတိယမင်းသား၏ ကြင်ယာတော်သည် ပန်းဟွာအား မကျေနပ်ချက်များစွာကြောင့် လက်စားချေရန် ရောက်နေသည်မှာ ထင်ရှားသည်။ကံမကောင်းစွာပင်၊ ပန်းဟွာကျွင်းကျူး၏ စိတ်ဓာတ်ကြံ့ခိုင်မှုက ပြင်းထန်လွန်းလှ၏။သူမသည် တော်ဝင်ကြင်ယာတော်၏ ဒေါသကို ဂရုမစိုက်ဘဲ အဆုံးထိ ရန်ဖြစ်စေမည့်စကားကို တစ်ခွန်းမှမချေပပေ။


ပန်းဟွာသည် ဧကရာဇ်နှင့် ဧကရီ၏ ပံ့ပိုးကူညီမှုကြောင့် ဤနေရာအထိ ရောက်လာမှန်း လူတိုင်းသိကြသည်။  ဒုတိယ ကြင်ယာတော်မင်းသမီး၏ ရာထူးမှာ ပန်းဟွာထက် မြင့်မားသော်လည်း၊ သူမသည် ဧကရာဇ်မိသားစု၏ချွေးမဖြစ်တာကြောင့် ဧကရာဇ်နှင့် ဧကရီတို့၏မျက်နှာကိုသာ ကြည့်နေရသူပင်။


ပန်းဟွာသည် ဒုတိယ ကြင်ယာတော်မင်းသမီး၏ စကားများကို တုန့်ပြန်လက်မခံသရွေ့ ဒုတိယ ကြင်ယာတော်မင်းသမီးအတွက် အကြောင်းပြချက်ရှာ၍ မရပေ။


ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆင့်အတန်းသည် အရာအားလုံးမဟုတ်သည်ကို မြင်နိုင်သည်။  အရေးကြီးဆုံးက ဧကရာဇ်နှင့် ဧကရီက ဘယ်သူ့ကို ပိုနှစ်သက်သဘောကျသလဲ ဆိုသည်ကိုပင်။ ရှဲ့ဝမ်ယွီသည် နန်းတော်သို့ ဝင်ရောက်ပြီးနောက်၊ သူမသည် ဒုတိယမင်းသား၏ ကြင်ယာတော်မင်းသမီးအဖြစ် အခြားသော တော်ဝင်မိသားစုများနှင့် ကောင်းမွန်သောဆက်ဆံရေးမရှိခဲ့ပေ။ သူမ၏ အစ်ကိုတစ်ယောက်ကလည်း ရာထူးအချထားခံရကာ၊ကျန်အစ်ကိုတစ်ယောက်ကလည်း မျက်လုံးတစ်ဖက်လပ်နေရှာသည်။သူမလို နောက်ခံအင်အားမတောင့်တင်းသူအဖို့ မောက်မာနေ၍လည်းမရပေ။ပန်းဟွာကို ကောင်းကောင်း အနိုင်ကျင့်ချင်လျှင် တစ်လမ်းသာ ရှိသည်။


ဒုတိယမင်းသား နန်းတက်ပြီး သူမကလည်း ဧကရီဖြစ်လာချိန်မှပင်ညဖြစ်သည်။ထိုအချိန်တွင် ပန်းဟွာအား သူမ လုပ်ချင်သလို လုပ်နိုင်မည်ဖြစ်၏။


ရှဲ့ဝမ်ယွီ အပါအဝင် တခြားသူများကလည်း ဤသည်ကို နားလည်ကြသည်။ထို့ကြောင့် ပန်းဟွာသည် သူမကို ကြောက်ရွံ့ဟန်မပြသောအခါ သူမကိုယ်သူမ အရှက်မကွဲချင်ပေ။ သူမအလိုကို လိုက်သော အခြား သခင်မလေးများနှင့်သာ ဆက်လက်၍စကားပြောနေလိုက်တော့သည်။


 အစမှအဆုံးတိုင် ယင်းရှစ် စကားတစ်ခွန်းမှ မပြောချေ။ သူမ၏ အမြင်အရတော့ ကလေးဆန်သည့် ရန်ပွဲမျိုးမှာ ဝင်ပါလိုစိတ်မရှိချေ။အနာဂတ်တွင်၊ ဟွာဟွာသည် ချမ်အမ်မြို့စားမင်းနှင့် အိမ်ထောင်ပြုသောအခါ၊တခြားမသိနားမလည်သောလူအချို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ သူမသည် ဟွာဟွာကို အရာအားလုံးအတွက် ကူညီနိုင်မည်မဟုတ်တော့ပေ။


မြို့စားမင်းချမ်၏ မွေးနေ့ပွဲသည် အလွန်အသက်ဝင်၍ ပြီးပြည့်စုံစွာပြီးဆုံးသွားခဲ့သည်။သူ၏ မြေးနှစ်ယောက်က သူ့ကို ချီးကျူးဂုဏ်ပြုဖို့ လူကိုယ်တိုင်လာရောက်ကြပြီး တရားရုံးမှ ၀န်ကြီးများကလည်း စုံလင်စွာ ရောက်ရှိလာသည်။ဧကရာဇ်ပင်လျှင် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရန် သံတမန်များ စေလွှတ်ခဲ့၏။


မကြာသေးမီနှစ်များအတွင်း ဤပွဲနှင့်နှိုင်းယှဉ်နိုင်သည့် တစ်ခုတည်းသောမွေးနေ့ပွဲမှာ တော်ဝင်မင်းသမီး သက်ရှိထင်ရှားရှိစဉ်ကဖြစ်သည်။ တော်ဝင်မင်းသမီး ကွယ်လွန်သွားသော်လည်း မြို့စားမင်းချမ်သည် အသက်ရှင်နေသေး၏။ သူ၏ သမီးက ဧကရီဖြစ်သလို၊မြေးဖြစ်သူကလည်း အိမ်ရှေ့စံဖြစ်သည်။သို့ဖြစ်၍ မြို့စားမင်းချမ်တို့ မိသားစုသည် လက်ရှိ ကောကုန်းကျင့်ထင် ထက် ပိုအာဏာရှိသည်။


 သို့သော်လည်း ပန်းမိသားစု ထွက်ခွာသွားသောအခါ မြို့စားမင်းချမ်၏ အိမ်သူအိမ်သားများက သူတို့အား တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ကြသည်။သို့ဖြစ်၍၊ ဧကရီတို့ မိသားစု၏သဘောထားသည် ဧကရီ၏သဘောထားဖြစ်သည်ကို လူတိုင်း နားလည်သဘောပေါက်ခဲ့ကြသည်။ပန်းမိသားစုသည် ဧကရာဇ်ထံမှ မျက်နှာသာအရဆုံး မိသားစုအဖြစ်ဆက်တည်ရှိနေမည်ပင်။


ရုတ်တရက် မြို့စားမင်းချမ်၏ မွေးနေ့ပွဲညတွင် နန်းတော်ထဲတွင် ရုန်းရင်းဆန်ခတ်အကြီးအကျယ်ဖြစ်ခဲ့သည်။ယင်းမှာ ဧကရာဇ်သည် နေထိုင်မကောင်းဖြစ်ကာ သွေးစိမ်းများအန်ခြင်းပင်ဖြစ်သည်။



xxxxxx