အပိုင်း၉၉
Viewers 4k


Chapter 99


နောက်ဆုံးတွင်၊ ဧကရာဇ် ယွင်ချင်၏ ပြင်းထန်သောဖျားနာမှုသတင်းသည် နန်းတော်အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်းမရှိပေ။ ဧကရီက နန်းတော်တံခါးများကို ပိတ်ခိုင်းပြီး နန်းတော်ထဲမှနေ၍ မည်သူ့ကိုမျှ ထွက်ခွင့်မပေးချေ။ အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့၏ နေအိမ်ကိုပင် အစောင့်အကြပ်များ ထူထပ်စွာ ချထားခဲ့သည်။ ဧကရီသည် သားနှစ်ယောက်ကို ယုံကြည်သော်လည်း ပတ်ဝန်းကျင်ရှိလူများကို မယုံကြည်ရဲပေ။


ဤအချိန်မှာ ဧကရီတစ်ပါး၏ သတ္တိပြလာသည်။သူမ ဧကရာဇ်နှင့်လက်ထပ်သောအခါက၊ဧကရာဇ်၏ အိမ်ရှေ့စံ ရာထူးမှာ မရေရာသောအနေအထားဖြစ်သည်။ ယခုလို ဧကရာဇ်ဖြစ်လာသည်အထိ၊ သူမသည် ဧကရာဇ်၏ အယုံကြည်ရဆုံး အမျိုးသမီးဖြစ်နေဆဲပင်။ ယင်းက သူမ၏ အရည်အချင်းနှင့် စိတ်သဘောထားကို ပြသခြင်းဖြစ်သည်။


တော်ဝင်သမားတော်ကြီးသည် မဟာရွှေလမင်းနန်းတော်သို့ ဝင်ရောက်လာကတည်းက၊ အပြင်ထွက်ခွင့်မရှိခဲ့ပေ။  ဆေးဝါးလိုအပ်ပါက ဧကရီ၏လူများကိုယ်တိုင် တော်ဝင်သမားတော်အား အပြင်သို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။‌ တော်ဝင်ဆေးကုသဆောင်တစ်ခုလုံးကိုလည်း ချိတ်ပိတ်ထားခဲ့သည်။


 နှစ်နာရီကြာသောအခါ ဧကရာဇ် ယွင်ချင် နိုးလာသည်။ ကုတင်ဘေးမှာ ထိုင်ပြီး ငိုနေသည့် ဧကရီကို မြင်လျှင် သူ ထထိုင်ချင်သော်လည်း ခွန်အားများကုန်ခမ်းနေတာကြောင့် အသာပင်လှဲနေရသည်။


 "ဧကရီ ဘာဖြစ်နေတာလဲ"


 "အရှင်မင်းကြီး၊ အဆင်ပြေရဲ့လား"  


ဧကရာဇ်ယွင်ချင် နိုးလာသည်ကို ဧကရီ မြင်ရုံနှင့် သူမ မျက်နှာက တောက်ပလာသည်။ သူမသည် ဧကရာဇ်၏သွေးခုန်နှုန်းကို တိုင်းတာရန် သမားတော်ထံ အလျင်အမြန် လက်ပြလိုက်သည်။ထိုမှသာ ဧကရာဇ် ယွင်ချင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိခဲ့သည်။သို့သော်လည်း ယခုအချိန်မှာ သူ့စိတ်များက ရှုပ်ထွေးနေဆဲပင်။


 “ဧကရီ၊ ငါ့ပတ်ဝန်းကျင်မှာ ဘာလို့ လူတွေ အများကြီးရှိနေကြတာလဲ”


 "အရှင်မင်းကြီး၊ ကျွန်တော်မျိုး နှလုံးခုန်နှုန်းလေး စမ်းသပ်ကြည့်ပါရစေ"


 "မင်း ထွက်သွားလို့ရတယ်၊ ငါအဆင်ပြေတယ်၊ ငါ့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ကြည့်စရာမလိုဘူး"  


ဧကရာဇ်သည် သူ့ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေသည်ဟု ပြောလာမည်ကို မကြိုက်ပေ။ သူ စိတ်ဆိုးပြီး ဆူပူကြိမ်းမောင်းချင်စိတ်ဖြစ်လာ၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။


"မင်း ငါ့ရဲ့သွေးခုန်နှုန်းကို စမ်းဖို့ မလိုဘူး...မင်းတို့အားလုံး ထွက်သွားနိုင်တယ်"


 ဧကရာဇ်ယွင်ချင်၏ စကားအသုံးအနှုန်းမှာ  ရှေ့နောက်မညီဖြစ်ပြီး ဒေါသထွက်နေတာကြောင့် ဧကရီ  တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ သူမသည် ဧကရာဇ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး


 "အရှင်မင်းကြီး၊ သမားတော်ကို ကြည့်ခွင့်ပြုလိုက်ပါ၊ကျွန်မဆန္ဒကို မဆန့်ကျင့်ပါနဲ့လား" 


နောက်ဆုံး ဧကရာဇ်သည် ဧကရီ၏ မျက်ရည်စက်များကို ကြည့်ကာ သူ့စိတ်ထဲမှ ဒေါသကို တဖြည်းဖြည်း မျိုသိပ်ထားသည်။ ဧကရာဇ်၏ဘေးတွင် ရပ်နေသောသူနှင့် ယုံကြည်ရသော ဧကရီကို ကြည့်လိုက်ကာ ဘာမှဆက်မပြောဖြစ်တော့။ ဧကရီသည် သူ စိတ်သဘောထား ပျော့ပျောင်းလာသည်ကို မြင်ပြီး တော်ဝင်သမားတော်အား လှည့်ကြည့်လိုက်သည်။


တော်ဝင်သမားတော်သည် ဂရုတစိုက် တရိုတသေလျှောက်လာကာ ဧကရာဇ်အား ဦးညွှတ်၍ လက်ကောက်ဝတ်ပေါ်သို့ လက်တင်၍ စမ်းသပ်လိုက်၏။ပြီးလျှင် ဧကရာဇ်၏ လက်ကို ဂရုတစိုက်ဆုပ်ကိုင်ကာ မျက်လုံးများကို စိုက်ကြည့်နေသည်။ ထို့နောက် သမားတော်သည် ဧကရာဇ်အား အနားယူရန် လိုအပ်ကြောင်း လျှောက်တင်လိုက်လေသည်။


ဧကရာဇ် ဒေါသတကြီး ဆူပူကြိမ်းမောင်းသည်။


"ပြန်ကောင်းအောင် အနားယူရမယ်၊ မင်းဒါပဲ ပြောတတ်တာလား...ငါက ဧကရာဇ်ပါ...ဘယ်လိုလုပ် နားလို့ရမှာလဲ"


 ဧကရာဇ်သည် အကြောင်းပြချက်မရှိဘဲ ဒေါသအမျက်ထွက်သွားလိမ့်မည်ဟု ဧကရီ မမျှော်လင့်ခဲ့ပေ။ ချက်ချင်း သူမ ဧကရာဇ်၏ ခံစားချက်များကို ဖြည်းညှင်းစွာ နှစ်သိမ့်ပေးကာ အားပေးစကားဆိုရသည်။  ဧကရာဇ် အိပ်ပျော်သွားပြီးနောက်၊သူ့အား စောင်တစ်ထည် ခြုံပေးကာ သူမ  အခန်းထဲမှ ထွက်သွားလေသည်။ထိုမှသာလျှင် ဧကရာဇ်၏ သွေးခုန်နှုန်းကို စစ်ဆေးနေသော တော်ဝင်သမားတော်ကို သူမ သေချာမေးမြန်းဖြစ်သည်။ 


"ဧကရာဇ်ရဲ့ ကျန်းမာရေး ဘယ်လိုရှိပါသလဲ"


သမားတော်က ဧကရီ၏ ရှေ့တွင် ဒူးထောက်ကာ


 “အရှင်မင်းကြီးက အခု သိပ်ကို ပင်ပန်းနွမ်းနယ်နေတာဆိုတော့ လေဖြတ်သွားနိုင်ချေရှိပါတယ်"


 "မင်း ဘာပြောလိုက်တာလဲ"  


ဧကရီသည် ထိုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်ကို မခံနိုင်သလိုမျိုးဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။


"ပျောက်ကင်းနိုင်ရဲ့လား"


"အရှင်မင်းကြီးရဲ့ တုံ့ဆိုင်းနေတဲ့အကြောတွေ ပြန်ကောင်းလာဖို့ ဒီအပ်စိုက်ကုထုံးကို အစွမ်းကုန် အသုံးချပြီး ဧကရာဇ်ကလည်း ပူးပေါင်း အကုသခံရင် အရှင်မင်းကြီး ထထိုင်ပြီး ခြေလှမ်း လှမ်းနိုင်မှာပါ...ဒါပေမယ့်လည်း ဧကရာဇ်က ကုသခံချင်မယ်လို့ မထင်ပါဘူး" 


အခန်းတစ်ခုလုံး တိတ်ဆိတ်သွားရသည်။ ဧကရီသည် ပြတင်းပေါက်အပြင်ဘက်တွင် ယိမ်းယိုင်နေသော နန်းတော်မီးပုံးများကို ကြည့်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး


 “ငါ နားလည်ပါတယ်”


 "တစ်ယောက်ယောက် လာကြစမ်း"


ထိုအချိန်တွင် ဧကရာဇ် ယွင်ချင်၏ အသံကို ရုတ်တရက်ကြားလိုက်ရသည်။ သူမ လှည့်ကြည့်ကာ အခန်းထဲသို့ အမြန်ပြေးသွားလျှင် ဧကရာဇ်၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးများနီရဲနေသည်ကို မြင်လိုက်ရသည်။ သူမ အမြန်ပင် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး 


"အရှင်မင်းကြီး၊ ဘာဖြစ်နေတာလဲ"


ဧကရာဇ်သည် အပြင်ကသစ်ပင်ရိပ်ကို လက်ညှိုးထိုးပြပြီး ကယောင်ကတမ်းအော်ဟစ်နေတော့သည်။


 "အပြင်မှာ တစ်ယောက်ယောက်က ငါ့ကို သူလျှိုလုပ်နေတယ် မြန်မြန်သွားသတ်ပစ်စမ်း...ဧကရီ မင်းလည်း လူလွှတ်ပြီး အကြည့်ခိုင်းစမ်းပါဦး" 


ဧကရီသည် ၎င်းအရိပ်က သစ်ပင် အရိပ်မျှသာဟု ဆိုချင်သော်လည်း ဧကရာဇ်၏ ရူးသွပ်သောအသွင်အပြင်ကို မြင်လိုက်ရသဖြင့် သူမ ချက်ချင်း ခေါင်းညိတ်ကာ ချော့မော့ရတော့သည်။


 “အခုသွားပြီး ကြည့်လိုက်ပါမယ်နော်" 


နောက်ဆုံးမှာတော့ တရားခံဖမ်းမိသွားပြီဟု ဧကရာဇ်ယုံကြည်သွားအောင် အစောင့်များသည် သစ်ပင်အားခုတ်လှဲခဲ့ရသည်။သို့သော် ထိုညတွင် ဧကရာဇ်ကောင်းကောင်း မအိပ်ပျော်ခဲ့ပေ။ သူသည် ခဏခဏ လန့်နိုးပြီး ဧကရာဇ်၏ သားမက်တော်အကြောင်း၊ ချမ်အမ်မြို့စားမင်း အကြောင်း စသည်ဖြင့် ရောက်တတ်ရာရာ ရေရွတ်နေတော့သည်။ သူ့မျက်နှာမှာလည်း ကြောက်စိတ်တို့ ပြည့်နှက်နေသည်။


ဧကရီ၏ လက်ဖဝါးများသည် ပကတိ အေးစက်နေ၏။ ဧကရာဇ်၏သားမက်တော်နှင့် ချမ်အမ်မြို့စားမင်း မည်သူမည်ဝါမှန်း သူမ သိသည်။ ထို့ကြောင့်လည်း သူမ၏ နှလုံးသားထဲတွင် အေးခဲသွားရခြင်းပင်။


 တော်ဝင်မင်းသမီး၏ သားမက်တော်သည် ဧကရာဇ်ကို ကောင်းစွာစောင့်ရှောက်ခဲ့သည်။ ဧကရာဇ်သည် မြှားပစ်အတတ်ကို မတော်သောကြောင့် သားမက်တော်က တိတ်တိတ်လေး သားကောင်ရှာပေးဖူးသည်။ရုံရှား၏ဖခင် ချမ်အမ်မြို့စားမင်းသည် ငယ်စဉ်ကပင် ဧကရာဇ်၏ အဖော်ဖြစ်ခဲ့သည်။ ဧကရာဇ်၏ အခက်ခဲဆုံးအချိန်တိုင်း သူနှင့်အတူ အမြဲ ရှိနေပေးခဲ့သည်။


 နောက်ပိုင်းမှာတော့ ချမ်အမ်မြို့စားမင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့ပြီး သူ့သားအကြီးဆုံးလည်း ဆုံးပါးသွားခဲ့သည်။ယခုဆို ချမ်အမ်မြို့စားမင်း၏ စံအိမ်ကြီးထဲမှာ ရုံရှား တစ်ယောက်သာ ကျန်တော့သည်။ ယခင်က မိတ်ဆွေဟောင်း ဖြစ်သူကြောင့် ဧကရာဇ်သည် ရုံရှားကို ဂရုစိုက်သည်ဟု သူမ အမြဲတွေးခဲ့သည်။


 ဒါပေမဲ့ ဧကရာဇ်ရဲ့ မျက်နှာက အဲ့ဒီလူနှစ်ယောက်အကြောင်းကို ပြောတဲ့အခါ ဘာလို့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတာလဲ....  ဧကရာဇ်… သူတို့နှစ်ယောက်ကို ဘာလုပ်ခဲ့တာလဲ...


ဧကရီသည် နဂါးကုတင်ဘေးတွင် တစ်ညလုံး ထိုင်နေ၏။မနက်လင်းစအချိန်၌ သူမ နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းနေကာ ပြတင်းပေါက်မှ ဝင်လာသော နံနက်ခင်းအလင်းရောင်လေးကို ကြည့်ရင်း 


"တစ်ယောက်ယောက်လာစမ်း....အိမ်ရှေ့စံကို ဒီကို ခေါ်လာပါ"


 "ဟုတ်ကဲ့"


ဆီမီး အမွှေးတိုင်များ ပူဇော်ပြီးနောက် ဧကရာဇ် နိုးလာသည်။သူက အပြင်ဘက်တွင် မှုန်ဝါးနေသောအလင်းရောင်ကိုကြည့်ကာ တရားရုံးသွားချိန်သင့်ပြီဟု တွေးလိုက်သည်။ယနေ့ တရားရုံးမှာ အစည်းအဝေးရှိနေ၏။သို့သော် သူ တစ်ချက်မှ လှုပ်မရချေ။ သူ့ခန္ဓာကိုယ်မှာ ဘာခံစားချက်မှ မရှိတော့။


 "ဧကရီ၊ ငါ ဘာဖြစ်နေတာလဲ"


 ဧကရီသည် ကန့်လန့်ကာကို ရုတ်ကာ ကုတင်ဘေးမှာ ထိုင်လိုက်သည်။ထို့နောက် ဧကရာဇ်၏ လက်ကိုကိုင်ထားရင်း


 "အရှင်မင်းကြီး နေမကောင်းဘူး၊ ဒီနေ့ တရားရုံကိုသွားဖို့ အဆင်ပြေပါ့မလား"


"ငါ ဘာဖြစ်နေတာလဲ၊ဝမ်ကုန်းကုန်းရော ဘယ်မှာလဲ" 


ဧကရာဇ်၏ အမူအရာမှာ ပျက်ယွင်းနေကာ ဧကရီကိုပင် ယုံမည့်ပုံမပေါ်ပေ။


 "အရှင်မင်းကြီး၊ကျွန်တော်မျိုး ရောက်လာပါပြီ"  


ဝမ်ကုန်းကုန်းသည် အပြင်ဘက်မှ ဝင်လာခဲ့သည်။သူ့မျက်နှာက တစ်ညလုံး အိပ်မပျော်ထား၍ထင်သည်၊ ပင်ပန်းနွမ်းနယ်နေ၏။


 "ပြောစမ်း၊ငါဘာဖြစ်နေတာလဲ"


ဝမ်ကုန်းကုန်းသည် ဧကရီ၏ရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့နဖူးက အေးစက်နေသည့် ကြမ်းပြင်ကို လုံးဝနီးကပ်ထားကာ စကားတစ်ခွန်းမှ မပြောရဲချေ။


 "ခွေးကောင်၊ မင်း ငါ့စကားနားမထောင်ဘူး၊မင်း မပြောရင် ငါ့မှာ ဘာအကျိုးရှိမှာလဲ၊တစ်ယောက်ယောက် လာကြစမ်း!"


ထိုစဉ် ဧကရီက ဝင်ပြောသည်။

 

 “အရှင်မင်းကြီး၊ သမားတော်ကပြောပါတယ်၊ အရှင်မင်းကြီး စိတ်ဆိုး ဒေါသထွက်လို့မရပါဘူးတဲ့"


 ဧကရာဇ်သည် ဧကရီအား စိုက်ကြည့်လျက် 


"ဒါဆို ငါက ဘာလို့ မလှုပ်နိုင်ရတာလဲ"


 ဧကရီသည် ဧကရာဇ်ကို ကြည့်လိုက်ရင်း ဝေ့သီလာသော မျက်ရည်စ,များကို အသာအယာ သုတ်ဖယ်ပစ်လိုက်လေ၏။


"ငါ…” ဧကရာဇ် ယွင်ချင် တဖြည်းဖြည်း စိတ်ကမောက်ကမ ပိုဖြစ်လာကာ ပုခုံးများတုန်ယင်နေသည့် ဧကရီကို ကြည့်လိုက်ရင်း 


"ငါ လေဖြတ်သွားတာလား" 


 “အရှင်မင်းကြီး…” 


ဧကရီ မျက်လုံးထဲမှ မျက်ရည်များကို သုတ်လိုက်ပြီး 


“တော်ဝင်သမားတော် ပြောတာကတော့ ကောင်းကောင်း အနားယူနေသရွေ့ အရှင်မင်းကြီး တစ်နေ့ နေကောင်းသွားမှာပါတဲ့”


 ဧကရာဇ် ယွင်ချင် မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ခဏအကြာတွင် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားသည်။


 "ရုံရှား၊ ကျန်းချီဟွိုက်၊ ကျိုးပင်းအမ် နဲ့ ကျောက်ဝေ့ရှန်းကို ခေါ်ခိုင်းလိုက်စမ်း..."


ရုံရှားသည် အလုပ်အကိုင်ရေးရာဌာန၏ ၀န်ကြီးဖြစ်သည်။ ကျိုးပင်းအမ် သည် အတွင်းဝန်ကြီးဖြစ်သည်။ ကျန်းချီဟွိုက်သည် ဝန်ကြီးချုပ်ဖြစ်သည်။  ကျောက်ဝေ့ရှန်းသည် စစ်မက်ရေးရာ ဝန်ကြီးဖြစ်သည်။ဤလူများသည် ဧကရာဇ် ယွင်ချင်၏ နှလုံးသားထဲတွင် အယုံကြည်ရဆုံးလူများဖြစ်သည်။


 ဧကရီကလည်း မြန်မြန် သဘောတူလိုက်၏။ ထိုအရာရှိများကို ဆင့်ခေါ်ရန် အမတ်ကြီး ထွက်သွားသည်နှင့် အိမ်ရှေ့စံ နန်းတွင်းသို့ ဝင်လာသည်။သူကမူ နန်းတော်၌ ဘာဖြစ်ခဲ့မှန်း မသိသေး။ အရှေ့နန်းတော်တစ်ခုလုံး လေထုက တစ်မျိုးကြီးဖြစ်နေ၍ သူ စိတ်မသက်မသာ ခံစားခဲ့ရသည်။ ဧကရာဇ်နှင့် ဧကရီကို မြင်သောအခါမှ သူ သက်ပြင်းချမိသည်။


"သားတော်၊ ဧကရာဇ် ဒီနေ့ နေမကောင်းဘူး၊တိုင်းပြည်ကို ကြီးကြပ်ကွပ်ကဲဖို့ မင်းကပဲ ယာယီကူညီပေးလိုက်ပါ" 


ဧကရာဇ် ယွင်ချင်၏ ဖျားနာမှုက ဘယ်လောက်ပြင်းထန်သည်ကို ဧကရီ ထုတ်မပြောခဲ့ချေ။


"ခမည်းတော် ဘာဖြစ်နေတာလဲ" 


အိမ်ရှေ့စံသည် တိုင်းပြည်အား ယာယီကြီးကြပ်ရမည် ဆိုသည်ကို စိတ်လှုပ်ရှားပုံမပေါ်ဘဲ ဧကရီကိုသာ စိုးရိမ်တကြီး ကြည့်ပြီး


 "သားတော် တာဝန်မကျေပါဘူး၊ခမည်းတော် နေမကောင်းဘူးဆိုတာ ကျွန်တော် မသိလိုက်မိဘူး" 


သူ့မျက်လုံးများက နီရဲလာပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ဧကရာဇ်ကို ကြည့်ပြီး အလွန်အပြစ်ရှိသလို ခံစားရသည်။


 "ငါကိုယ်တော် နေကောင်းပါတယ်၊ အနားယူဖို့လိုတယ်လို့ သမားတော်ကြီးက ပြောတာပဲ၊ငါကိုယ်တော် တရားရုံးရဲ့ အရေးကြီးတဲ့ အရာရှိ တော်တော်များများကို ဆင့်ခေါ်ထားတယ်၊မင်း ဘုရင်ခံဖြစ်ပြီးရင် ဒီအရာရှိတွေနဲ့ နိုင်ငံတော် ကိစ္စတွေကို ဆွေးနွေးရမယ်"


အိမ်ရှေ့စံက ခေါင်းယမ်းပြီး


 "ခမည်းတော် သားတော်က ခမည်းတော်လောက် မတော်ပါဘူး၊တိုင်းပြည်ကို ကျွန်တော် ဘယ်လို ကြီးကြပ်ရမှာလဲ၊ ခမည်းတော် မြန်မြန်နေကောင်းလာမှာပါ" 


ပုံမှန်ဆိုလျှင် အိမ်ရှေ့စံက ဤကဲ့သို့ ပြောလာပါက၊အားနည်းပြီး အရည်အချင်းမရှိသည့် သားတော်အား ဧကရာဇ် မုန်းတီးမိလိမ့်မည်။ သို့သော် ယခုအချိန်တွင် အိမ်ရှေ့စံကို သူကိုယ်တိုင် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်မိသည်။တိုင်းပြည်အား ကြီးကြပ်ကွပ်ကဲရန်ပင် တပ်မက်စိတ်မရှိရှာသော သားတော်အား သဘောကျနှစ်သက်မိ၏။သို့ဖြစ်၍ သူလည်း ဝမ်းသာအားရဖြင့် နောက်ထပ် အမိန့်အနည်းငယ် ပေးခဲ့သည်။


ဝမ်ကုန်းကုန်း ဝင်လာပြီး အရာရှိများ ရောက်လာကြောင်း ပြောသည့်အခါ၊ ဧကရာဇ်ကို ဧကရီနှင့် အိမ်ရှေ့စံက ငုတ်တုတ်ထထိုင်ဖို့ ကူညီပေးကြသည်။ဧကရာဇ်သည် ဆံပင်ကို သေချာဖြီးသင်ပြုပြင်ပြီး ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို ထိန်းထားလိုက်သည်။ ထို့နောက် ဝမ်ကုန်းကုန်းကို အရာရှိများဝင်လာစေဖို့ အပြောလွှတ်လိုက်သည်။ 


စတုတ္ထလ သို့မဟုတ် ပဉ္စမလ၏ နံနက်ခင်းသည် အလွန်မအေးသော်လည်း သူတို့သည် အိပ်ယာမှ အမြန်ထကာ အဝတ်အစားများကို အလျင်စလိုဝတ်ခဲ့ကြရသည်။ထို့အပြင် ခြေလှမ်း သုံးလှမ်းတိုင်းတွင် ကင်းစောင့်များရှိပြီး ခြေလှမ်းငါးလှမ်းတိုင်းတွင် အစောင့်အကြပ်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့် နန်းတော်ထဲတွင် တစ်ခုခုဖြစ်နေပြီဟု မှန်းဆလိုက်ကြသည်။လေးယောက်ထဲတွင် အငယ်ဆုံး ရုံရှားသည် နောက်ဆုံးမှ လျှောက်သွားသည်။ ကျန်သုံးယောက်က သူ့ကို မေးခွန်းအနည်းငယ်မေးချင်သော်လည်း မရေမတွက်နိုင်သော မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် နောက်သို့လှည့်၍ မမေးနိုင်ပေ။သူတို့ကိုယ်သူတို့သာ အေးအေးဆေးဆေးနေပြီး မဟာ ရွှေလမင်းနန်းတော်၏ အပြင်ဘက်သို့သာ လျှောက်သွားရသည်။


နန်းတော်၏ လုံခြုံရေးကိုလည်း ပိုမိုတင်းကြပ်ထားသည်။ လေးယောက် ဘေးချင်းကပ်ရပ်သာ တိတ်တဆိတ် လျှောက်လာကြ၏။ ကျိုးပင်းအမ်က ရုံရှားကို လှည့်ကြည့်လိုက်သည်။ရုံရှားကမူ သူ့ကို မျက်လွှာပင်မော့မကြည့်ပေ။ ရုံရှား၏ ငြိမ်သက်မှုသည် ဤအရာရှိအိုကြီးများကို ရှက်ရွံ့စေသည်။


 "သခင်ကျိုး၊ သခင်ရုံ၊ သခင်ကျောက်၊သခင်ကျန်း.... ဧကရာဇ်က ဆင့်ခေါ်လိုက်ပါတယ်" 


ဝမ်ကုန်းကုန်း ထွက်လာပြီး သူတို့လေးယောက်ကို ဦးညွှတ်ကာ ပြောလိုက်၏။ 


 "ကျေးဇူးတင်ပါတယ်"


ဝမ်ကုန်းကုန်း၏ မျက်နှာအမူအရာသည် လေးနက်နေကြောင်း ကျိုးပင်းအမ် မြင်လိုက်ရပြီး ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်ရမည်ဟု စိတ်ထဲမှာ  တွေးတောနေမိသည်။




xxxxx