၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၈၉)
စွင်းမင်ဖန်းက ချင်းမျန့်ဘေးမှာ ထိုင်နေတဲ့လူကို သတိပြုမိသားပင်။ "ဒါက နင့်ညီမလား?"
"အင်း ဒါ ငါ့ညီမလေ၊ သူမက အခု ကြေညာသူတစ်ယောက်ဖြစ်နေပြီ"
စွင်းမင်ဖန်းက ချင်းမျန့်မှာ ကြေညာသူအဖြစ် အလုပ်လုပ်နေတဲ့ ညီမလေးတစ်ယောက်ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒီလှပတဲ့အမျိုးသမီးဟာ ကွမ်တုန်းပြည်နယ်မှ ရောက်လာတဲ့ ပညာတတ်လူငယ်တစ်ယောက်လို့ ထင်ထားခဲ့တာဖြစ်ပြီး ချင်းမျန့်ရဲ့ ညီမ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့။
ဒီမျက်လုံးလေးတွေဟာ သူမကလေးတုန်းကတည်းက လှပပြီး ချစ်စရာကောင်းတဲ့ မြေခွေးမလေးရဲ့ မျက်လုံးတွေဆိုတာ အမှန်ပါပဲလေ။
သူမက တကယ်ပဲ ကြေညာသူဖြစ်လာခဲ့တယ်ပေါ့?!! ကြေညာသူအလုပ်က အလုပ်ကောင်းတစ်ခုပဲဟ။
ဒါပေမယ့် ချင်းမျန့်ရဲ့ ညီမက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမရဲ့ ညီမနဲ့တော့ ယှဥ်လို့မရပါဘူးလေ။
"အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ထောင်ကျကံကောင်းပြီးတော့ ယောကျ်ားကောင်းတစ်ယောက်ကို ရွေးဖို့ပါပဲ။ ငါ့အထင်တော့ စစ်သားတစ်ဦးနဲ့ လက်ထပ်တာ ကောင်းတယ်လေ။ အခုဆို ငါ့ညီမက စစ်သားတစ်ယောက်ရဲ့ ဇနီးမယားဖြစ်သွားပြီ။ နင့်ညီမကိုရော တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား?"
ချင်းရို့: "မလိုပါဘူး၊ ကျွန်မက အိမ်ထောင်ကျပြီးသား၊ ကျွန်မယောကျ်ားကလည်း သင်္ဘောပေါ်မှာ အလုပ်လုပ်ပါတယ်"
"အာ... သင်္ဘောပေါ်မှာ အလုပ်လုပ်ရတာက ခက်ခဲ..."
"ဇနီးလေး ဒီကိုလာပြီး ကြည့်ပါဦး၊ ဒီပြတင်းပေါက်ဆို ဘယ်လိုလဲ..." လုယန်က သူ့လက်ထဲမှာ ဒီဇိုင်းပုံကြမ်းတစ်ခုကို ကိုင်ထားရင်း အပြင်ဘက်မှ ဝင်လာခဲ့သည်။
စွင်းမင်ဖန်းက အပြင်ဘက်မှ ဝင်လာတဲ့ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသားကို ကြည့်လိုက်၏။ ဇနီးလေး? သူက ချင်းမျန့်ရဲ့ မတ်လေးလားဟ?!
သူမက ထိုလူကို သေချာကြည့်ရှုလိုက်၏။ အနှီအမျိုးသားဟာ မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးတွေရှိပြီး အလွန်တရာ ချောမောကာ သူ့ရဲ့ လက်မောင်းကြီးတွေကလည်း ပိုလို့တောင် သန်မာနေသော်လည်း စစ်ယူနီဖောင်းအဟောင်းကို ဝတ်ဆင်ထားပြီး နဖူးပေါ်မှာ ချွေးတွေရွှဲနေလျက် မျက်နှာပေါ်မှာလည်း ရွှံ့တွေ ပေကျံနေလျက်။
- ဒီလူဟာ ကြမ်းတမ်းသော်လည်း ရုပ်ရည်ချောမောသူပင်။
ချင်းမျန့်ရဲ့ ညီမက ဒီလူနဲ့လက်ထပ်ထားတာလား?
အနှီလူက ချောမောသော်လည်း သူ့ရဲ့ချောမောတဲ့မျက်နှာနဲ့ စားသောက်လို့ရလားနော်? သူက သူမရဲ့ "မတ်လေး"နဲ့ ယှဥ်လို့တောင်မရပါဘူး။
စွင်းမင်ဖန်းရဲ့ မျက်နှာပေါ်ရှိ အပြုံးမှာ အနည်းငယ်အင်တင်တင်ဖြစ်နေကာ ဒီလူရဲ့ အခြေအနေက နည်းနည်းဆိုးရွားနေသော်ငြား သူလည်းပဲ သင်္ဘောသားတစ်ဦးဖြစ်နေ၏။ သူ့ရုပ်ရည်က အလွန်ကောင်းမွန်နေပြီး ဒီလိုစစ်ယူနီဖောင်းအဟောင်းနဲ့တောင်မှ ကြည့်ရှုသူတွေရဲ့ မျက်လုံးတွေကို တောက်ပလာစေနိုင်သူတစ်ယောက်ပင်။
စွင်းမင်ဖန်းက ခပ်တောင့်တောင့်ကြီး ပြုံးနေစဥ် သူမရဲ့ ညီမဖြစ်သူ စွင်းမင်လိကတော့ ဖြူဖျော့သွားကာ နေရာမှာတင် ရူးသွပ်လုနီးပါးဖြစ်သွားရ၏။
သူမက တုန်တုန်ယင်ယင်ဖြင့် "...စစ်ဦးစီးချုပ်လု"
စွင်းမင်လိဟာ သူမရဲ့ အစ်မ ခုနက ပြောလိုက်တာတွေကို ပြန်တွေးမိသွားရင်း သူမရဲ့ မျက်နှာမှာ နီမြန်းသွားရကာ ရှက်လွန်းလို့ ထပ်မနေနိုင်တော့ပေ။ သူမရဲ့ အစ်မကတော့ လေထုကို သတိမပြုသေးသဖြင့် သူမကို ဆွဲခေါ်ကာ အမြန်ထွက်လာခဲ့၏။
သူမရဲ့ အစ်မက မထွက်သွားချင်သေးသောကြောင့် စွင်းမင်လိက စွင်းမင်ဖန်းကို လျစ်လျူရှုကာ ထွက်ပြေးသွားပါတော့သည်။
စွင်းမင်ဖန်းက သူမနောက်ကို လိုက်သွားကာ "နင်အဝတ်အစားလုပ်ဖို့ မလိုတော့ဘူးလား?"
"အစ်မရေ သွားရအောင်၊ အရမ်းရှက်စရာကောင်းတာပဲ။ အဲ့ဒါ စစ်ဦးစီးချုပ်လုပဲ" စွင်းမင်လိကတော့ များစွာနောင်တရနေခဲ့၏။ သူမရဲ့ အစ်မဖြစ်သူအရှေ့မှာ အဲဒီအကြောင်းတွေကို မပြောပြထားသင့်ဘူးဟာ။
စွင်းမင်လိက စစ်ဦးစီးချုပ်လင်း လက်အောက်ရှိ အရာရှိဖြစ်တဲ့ သူမယောကျ်ား ရှောင်းဝူရဲ့ နေရာမှာ လုယန်ကို တွေ့ဆုံခဲ့ဖူးကာ ဒီအရာရှိကို အထူးသဘောကျမိသွားခဲ့၏။ ထို့ကြောင့် သူမက ရှောင်းဝူကို မေးခွန်းတစ်ချို့မေးမြန်းခဲ့ရာ ရှောင်းဝူက လုယန်အကြောင်း ပြောပြခဲ့လေသည်။
စွင်းမင်လိက သူမရဲ့ အစ်မနှင့် နှစ်ယောက်တည်းစကားပြောချိန်တွင် စစ်ဦးစီးချုပ်လုလိုလူမျိုးကို လက်ထပ်နိုင်ရင် ကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။ လုယန်ရဲ့ နာမည်သည်လည်း ထူးခြားသည်မို့ မှတ်မိဖို့ လွယ်ကူလေရာ စွင်းမင်ဖန်းက ဒီနာမည်ကို မှတ်မိနေခဲ့သည်။ စွင်းမင်ဖန်းက အခြားအရာရှိတွေကို မသိသော်လည်း ဒီလူတစ်ဦးတည်းကိုသာသိ၍ ချင်းမျန့်အရှေ့မှာ ပေါက်ကရတွေ ပြောနေခဲ့ခြင်းပင်။
သူမ မဟုတ်တာတွေပြောနေချိန်မှာ လူအစစ်ကြီးနဲ့ သူတို့တွေ့လိုက်ရလိမ့်မယ်လို့ ဘယ်သူသိမှာလဲနော်။
"မင်း ဘာပြောလိုက်တာလဲ? ခုနက ဝင်လာတဲ့ လူငယ်က စစ်ဦးစီးချုပ်လုပေါ့လေ? ချင်းမျန့်ရဲ့ မတ်လေးပေါ့?" စွင်းမင်ဖန်းက ဒါကို ယုံကြည်ဖို့ ငြင်းဆန်နေဆဲဖြစ်ကာ "သူက အရမ်းငယ်တယ်လေ"
"သူ ဝတ်ထားတဲ့ စစ်ယူနီဖောင်းကို ကြည့်ပါဦး၊ သူက ဘယ်လိုလုပ်ပြီး စစ်ဦးစီးချုပ်လုဖြစ်နိုင်မှာလဲ? နင် လူမှားသွားတာလား?"
ထိုလူက စတိုင်ကျကျဝတ်စားထားသင့်တယ်မဟုတ်ဘူးလားနော်?
"အဲဒါက စစ်ဦးစီးချုပ်လုပဲ၊ ငါ ရှောင်းဝူဆီ သွားတုန်းက သူ့ကို ငါ့မျက်စိနဲ့ မြင်ဖူးခဲ့တာလေ။ ဘယ်လိုလုပ်ပြီး လူမှားနိုင်မှာလဲ?!"
"အိုး ဘုရားရေ! သူက ချင်းမျန့်ရဲ့ မတ်လေး၊ သူမညီမမြေခွေးမလေးရဲ့ ယောကျ်ားပေါ့လေ... ဘယ်လိုဖြစ်နိုင်မှာလဲဟ?"
ချင်းမျန့်ရဲ့ ညီမက ရေတပ်အရာရှိ စစ်ဦးစီးချုပ်နဲ့ လက်ထပ်ထားတာလား?! နောက်ပြီးတော့ သူက ငယ်ရွယ်ချောမောနေသေးတယ်?!
ချင်းညီအစ်မနှစ်ယောက်ဟာ ယောက်ျားတွေကို ဆွဲဆောင်တဲ့နေရာမှာတော့ တခြားသူတွေထက် တကယ်ပဲ ပိုကောင်းနေလိုက်တာဟယ်။
***
"အဲဒီမိန်းမနှစ်ယောက်ကို တွေ့ဖူးလား?"
"စစ်ဦးစီးချုပ်လင်းရဲ့ လက်အောက်က အရာရှိရှောင်းဝူရဲ့ လက်တွဲဖော်လား?" လုယန်သည် ထိုအမျိုးသမီးထဲမှ တစ်ဦးအပေါ် အထင်အမြင်တစ်ချို့ရှိနေဆဲပင်။
"ဘာမှားလို့လဲ?"
"ဘာမှမဟုတ်ပါဘူး"
တကယ့်*လီခွေက လီခွေအတုနဲ့ တွေ့ခဲ့ပေမယ့် ရှက်ရွံ့ရမယ့်သူက သူတို့တွေ မဟုတ်ဘူးလေ။ စွင်းညီအစ်မတွေဟာ အနာဂတ်တွင် ချင်းမျန့်ရှေ့ ပေါ်လာရဖို့ ရှက်ရွံ့ရမည့်သူများပင်။
(*လီခွေဆိုတာက Water Marginဆိုတဲ့ စာအုပ်ထဲက ဇာတ်ကောင်ပါ။)
ချင်းရို့က သူမရဲ့ အစ်မနှင့် ခဲအိုတို့အတွက် ပျဉ်ထောင်အိမ်တစ်လုံးနှင့် သက်ကယ်တဲတစ်လုံးဆောက်ဖို့ လုယန်နှင့်အတူတူ ကူညီပေးခဲ့သည်။ ချင်းမျန့်က သူမခြံထဲက ထီးကြီးကို တွေ့တဲ့အခါ အရမ်းလှတာပဲလို့ ပြောခဲ့ပြီး သူမတို့ရဲ့မိသားစုအတွက်လည်း တစ်ခုလောက် ကူညီလုပ်ပေးဖို့ တောင်းဆိုခဲ့ရာ ချင်းရို့က သဘောတူလိုက်၏။
ယင်းမှာ သက်ကယ်တဲလေးတစ်လုံး ဖြစ်သော်လည်း လှလှပပဆောက်လုပ်ရန် နည်းလမ်းတွေရှိပေသည်။ သူမရဲ့ အရင်ဘဝတုန်းက ကမ်းခြေမှာ တွေ့ဖူးခဲ့တဲ့ သက်ကယ်တဲလေးတွေကို ပြန်တွေးကြည့်နေလျက် ချင်းရို့က သူမရဲ့ အစ်မအိမ်အတွက် သက်ကယ်တဲလှလှလေးတစ်လုံး ဆောက်ပေးချင်နေခဲ့၏။
အုတ်အိမ်ကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ဆောက်ကြတာပေါ့လေ။
Thanks for reading!