၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၀)
လုယန်က ချင်းရို့ကို နောက်ထပ်ဆေးစစ်ရန်အတွက် ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ရာ ယခုတစ်ကြိမ်မှာတော့ အမြွှာလေးတွေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ရလေပြီ။
- တစ်ချိန်တည်းနဲ့ တကယ်ပဲ ဝက်ဝံကလေးနှစ်ကောင် ရောက်လာတာပဲဟေ။
ချင်းရို့က သူမရဲ့ ဘေးနားက လူရဲ့ခါးကို ပွေ့ဖက်လိုက်ပြီး စိတ်ခံစားချက်အပြည့်နဲ့ ပြောလိုက်လေ၏။ "လုကောရေ ရှင်က အရမ်းအစွမ်းထက်တာပဲနော်"
တစ်ကြိမ်တည်းနဲ့ ကလေးနှစ်ယောက်တဲ့။
လုယန်က သူ့ဇနီးလေးကို ပွေ့ဖက်လိုက်ပြီး မယုတ်မလွန် ပြန်ပြောလိုက်၏။ "မဟုတ်ပါဘူးကွာ... ဒီနူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးကသာ ပိုပြီးအစွမ်းထက်တာပါကွာ"
"လုကောရေ ရှင် အနာဂတ်မှာ အလုပ်ပိုကြိုးစားရမယ်နော်။ ရှင်လည်း ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ကူညီပေးရမယ်။ ကလေးလေးတွေက ယောက်ျားလေးတွေလား မိန်းကလေးတွေလားဆိုတာ ကျွန်မတို့ အခုထိမသိရသေးဘူး..."
ဒဏ္ဍာရီလာ သားရဲလေးနှစ်ကောင် တစ်ချိန်တည်းရောက်လာတာကို တွေးကြည့်ရရင်တော့ အနှီပြဿနာဟာ နွားတစ်ကောင်နီးနီး ကြီးမားတယ်လို့ ခံစားသိရှိနိုင်၏။ သူတို့လေးတွေဟာ ကြောက်စရာကောင်းလှတဲ့ အဖျက်စွမ်းအားရှိတဲ့ ဒဏ္ဍာရီလာ သားရဲလေးနှစ်ကောင်ပဲဟ!
လုယန်အသေးစားနှစ်ယောက်ရှိလာခဲ့ရင် အကြီးတစ်ယောက်၊ အသေးလေးနှစ်ယောက်နှင့် ပေါင်းသုံးယောက်သားအတူတူ မိသားစုကို ဖျက်ဆီးဖို့ ကြိုးစားကြတော့မှာပဲဟယ်၊ အနာဂတ်မှာ ဘယ်လိုများဖြစ်လာလိမ့်မလဲနော်?
(ချင်းရို့က ဟိုသုံးယောက်ကို သူ့ပန်းပင်တွေ စိုက်ခင်းတွေ ဖျက်ဆီးမယ့်သူတွေလို့ ပြောနေတာနော် 😆)
ယခုအခါ သူမဆီမှာ အမွှာကိုယ်ဝန်ရှိလာပြီဆိုတော့ ဖြစ်နိုင်ခြေသုံးခုရှိလေပြီ - ယောက်ျားလေးနှစ်ယောက်ဖြစ်မယ်၊ မိန်းကလေးနှစ်ယောက်ဖြစ်လိမ့်မယ်၊ မဟုတ်ရင် နောက်ဆုံးတစ်ခုကတော့ တစ်ယောက်စီဖြစ်လိမ့်မယ်။
ချင်းရို့: "…"
ကိုးလတိုင်သည်အထိ ဘာလေးတွေဖြစ်မလဲဆိုတာ သူမစောင့်ကြည့်ရတော့မှာပဲ။
"လုယန်ရေ ရှင် သားလိုချင်လား၊ သမီးလိုချင်လား၊ အမြွှာဖြစ်နေတော့ ကျွန်မတို့ဆီမှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရနိုင်တယ်နော်"
"ကိုယ်တို့ကလေးတွေဖြစ်နေသရွေ့ သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် အကုန်လုံးအဆင်ပြေပါတယ်ကွာ"
"မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ ကိုယ့်ဇနီးလေး"
လုယန်သည် အမျိုးသမီးတစ်ဦးအတွက် ဆယ်လကြာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားရသည်မှာ မလွယ်ကူကြောင်း သိထားပြီးဖြစ်၏။ သူ့ဇနီးလေးရဲ့ အမြွှာကိုယ်ဝန်ဆို ဖော်ပြလို့တောင်မရနိုင်ပါချေ။ သူမကို ပိုပြီးဂရုတစိုက် ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေပြီဖြစ်သလို သူ့ဇနီးလေး ဒုက္ခခံစားရမှာကို စိုးရွံ့မိနေ၏။
သူတို့နှစ်ယောက် မိသားစုခြံဝင်းဆီသို့ ပြန်လာခဲ့ကြပြီး ဘေးအိမ်မှ အစ်မဟွမ်က ဆေးစစ်တဲ့ရလဒ်အကြောင်းကို မေးမြန်းရန် ရောက်လာခဲ့သည်။ သူမဟာ အမြွှာကိုယ်ဝန်ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် သူတို့နှစ်ဦးစလုံးအတွက် အလွန်ပျော်ရွှင်ခဲ့လေ၏။ "အမြွှာတွေဆိုတော့ ကောင်းတာပေါ့"
ဟွမ်ရှင်းရင် တကယ့်ကို ပျော်ရွှင်နေလေ၏။ ဘေးအိမ်က ရှောင်ချာကျင်းမှာ အမြွှာကိုယ်ဝန်ရှိနေပြီ၊ သူမဆီမှာ ယောက်ျားလေးနှစ်ယောက်ရှိလာဖို့ သူမ ဆုတောင်းရမယ်!!
ယောက်ျားလေးတစ်ယောက်နဲ့ဆို မလုံလောက်သေးဘူး၊ ယောကျ်ားလေးနှစ်ယောက်ဆို ကွက်တိပဲဟ!! ကောင်လေးတွေက သူတို့ငယ်ရွယ်စဥ်မှာ အဆိုးသွမ်းဆုံးပဲလေ။ သူမဆီမှာ သွက်လက်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးနှစ်ယောက် ရှိလာရမယ်ကွာ။
ဟွမ်ရှင်းရင်က သူမရဲ့ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
ဘေးအိမ်က ရှောင်ချာကျင်းတစ်ယောက် ယောကျ်ားလေးနှစ်ယောက်မွေးလာတဲ့အခါ သူမရဲ့ လှပတဲ့ ခြံဝင်းလေးဟာ စုတ်ပြတ်သတ်သွားမှာပဲ။ သူမရဲ့သားတွေက သူမစိုက်ပျိုးထားသမျှ ပန်းပင်တွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆွဲနှုတ်ပစ်ကြမှာပဲလေ။
နောက်ဆို သူမက လက်ဖက်ရည်လေးသောက်ပြီး ချင်းရို့တို့ကို ပျော်ပျော်ကြီးကြည့်ရတော့မှာပေါ့ဟယ်။
ဟားဟား...
ဟွမ်ရှင်းရင် အိမ်ပြန်ရောက်တဲ့အခါ ပျော်ရွှင်နေဆဲဖြစ်လျက် သူ့ခင်ပွန်း ကျန်းချန်ပေ့အား ထိုအကြောင်းကို ပြောပြလိုက်သည်။
ကျန်းချန်ပေ့က နားမလည်နိုင်စွာဖြင့် "သူမဆီမှာ ကိုယ်ဝန်ရှိတာလေ၊ မင်းက ဘာလို့ပျော်နေရတာတုန်း? မင်းက သူမရဲ့ ယောက္ခမ မဟုတ်ဘူးလေ"
"ကျွန်မ ပျော်လို့မရဘူးလား?" ဟွမ်ရှင်းရင် သူ့ကို စိုက်ကြည့်ပြီးနောက် ခြံအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူမ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် သူမရဲ့ မျက်လုံးတွေကို တိတ်တဆိတ်ပြန်ရုပ်သိမ်းလိုက်ကာ သူမကိုယ်သူမအတွက် လက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သလို သူမရဲ့ ခင်ပွန်း ကျန်းချန်ပေ့အတွက်လည်း တစ်ခွက်ထည့်ပေးလိုက်သည်။
ဟွမ်ရှင်းရင်က လက်ဖက်ရည်ပူပူလေး တစ်ငုံသောက်ပြီးနောက် ရိုးရိုးသားသား ပြောလာလေ၏။ "လောင်ကျန်းရေ ကျွန်မမှားခဲ့တာကို ဝန်ခံရမယ်"
"မင်းဘာဖြစ်နေတာလဲ? ဘေးအိမ်က အဲဒီမိသားစု ပြောင်းလာပြီးကတည်းက မင်း တစ်နေ့မှာ သုံးလေးငါးခါလောက် စိတ်အခြေအနေတွေပြောင်းနေလိုက်တာ"
"အဲဒါတွေကလည်း ရှင့်ကြောင့်ပဲလေ"
"ဟမ် ?"
"လောင်ကျန်းရေ တော်လိုက်တော့၊ ခြံကိစ္စကို စိတ်မပူနဲ့တော့၊ ဆက်မလုပ်နဲ့တော့" ဟွမ်ရှင်းရင် မကြာသေးမီက သူမလုပ်ခဲ့တဲ့ နောင်တအရဆုံးအရာမှာ လောင်ကျန်းကို ခြံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်ပျိုးဖို့ သွားခွင့်ပေးလိုက်ခြင်းပင်။
အခုဆို ကောင်းမွန်နေခဲ့တဲ့ ခြံဝင်းဟာ ကျင်းတွေ၊ ချိုင့်တွေချည်းဖြစ်လာရာ ခွေးတစ်ကောင်က ပြေးလွှားထားသလိုမျိုး ရှုပ်ပွနေချေပြီ။ ဟွမ်ရှင်းရင် အိမ်ပြန်လာပြီး ခြံဝင်းကို မြင်လိုက်ရတဲ့အချိန်တိုင်း သူမရဲ့မျက်လုံးတွေ နာကျင်နေခဲ့ရ၏။
မလုပ်တာပဲ ပိုကောင်းပါတယ်လေ။
ဘေးအိမ်က ရှောင်ချာကျင်းရဲ့ ခြံဝင်းဟာ အရမ်းလှပတင့်တယ်နေပြီး သူမရဲ့ ခြံဝင်းကတော့ ဖော်မပြနိုင်လောက်အောင်ပါပဲ။
အဲဒါက... အရင်ကလောက်တောင် ကောင်းမနေတော့ဘူးဟ!
ဟွမ်ရှင်းရင်က ဘာမှမလုပ်တော့ဘဲနေတာဟာ ပိုကောင်းမယ်လို့ တွေးမိသွားကတည်းက ဘာမှထပ်မလုပ်တော့တာပဲ ပိုကောင်းတယ်လေနော်။
သူမတို့ရဲ့ ခြံဝင်းလောက် ဘယ်သူ့ခြံဝင်းက သနားစရာကောင်းနေလို့လဲ?
"မဟုတ်ဘူး! မင်း ဘာမှမလုပ်နဲ့တော့ဆိုတာ ဘာကိုဆိုလိုတာလဲ?" ယခုဆို ကျမ်းချန်ပေ့ဟာ ရည်မှန်းချက်တစ်ခု ချမှတ်ပြီးဖြစ်၏။ သူက ခြံထဲမှာ ပန်းပင်တွေ စိုက်ချင်တာလေ၊ နောက်ဆုံးမှာတော့ အခုမှစလုပ်ရုံရှိသေးတာကို၊ မိန်းမက မလုပ်နဲ့တော့လို့ လာပြောနေတယ်။
"မလုပ်ရဘူး၊ ရှင် မလုပ်နိုင်ဘူး"
"'မလုပ်နိုင်ဘူး' ကနေ 'လုပ်တတ်တယ်'လို့ ပြောင်းသွားမှာပေါ့ကွာ ဟုတ်ပြီလား? ငါ့ကိုလာပြီး တိုက်ခိုက်မနေနဲ့တော့၊ ဒီမှာ ငါ စိတ်အားထက်သန်နေတာကို လာမနှောင့်ယှက်ပါနဲ့ကွာ"
"ငါ မင်းကို ပြောထားတယ်လေ၊ ငါက ပန်းပင်တွေစိုက်ချင်ရုံတင်မကဘူး၊ ဟင်းသီးဟင်းရွက်တွေလည်းစိုက်ချင်တယ်ဆိုတာ"
"ငါ စိုက်ပြီးသွားရင် ရှောင်လုဆီ သွားကြွားဦးမှာ"
ဟွမ်ရှင်းရင်: "…"
***
လုကျုံးရီနှင့် ကျန်းဖျင်တို့က တောင်ဘက်သို့ ခရီးထွက်ခဲ့ကြသည်။ လူအိုကြီးစုံတွဲဟာ နှစ်ဦးတည်းလာတာမဟုတ်ဘဲ ဆွေမျိုးဆီသွားလည်ကြမယ့် ဘေးအိမ်က လောင်ဝမ်တို့စုံတွဲနှင့် အတူတူလာခဲ့ကြသည်ပင်။
ယင်းသည်လည်း မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတစ်ခုကြောင့်ပဲဖြစ်၏။ သူတို့အိပ်ဆောင်မှာ စစ်အကယ်ဒမီဘေးမှာ ရှိနေသောကြောင့် သင်္ဘောတစ်စီးဟာ တောင်ဘက်သို့သွားမည့်အကြောင်း သူတို့ကြားလိုက်ရ၍ လိုက်ခဲ့ခြင်းဖြစ်လေ၏။
မိတ်ဟောင်းဆွေဟောင်းတွေဟာ တောင်ဘက်သို့ အတူတူခရီးထွက်ခဲ့ကြပြီး သင်္ဘောပေါ်မှာ အတိတ်အကြောင်း ပြန်ပြောနေခဲ့ကြလေသည်။
သူတို့အားလုံးဟာ အခေါင်းထဲသို့ ခြေတစ်ဝက်လှမ်းနေသူများဖြစ်နေခဲ့ကြပြီ။ အတိတ်အကြောင်းတွေကို ပြန်ပြောကြတဲ့အပြင် သူတို့ရဲ့ သားသမီးတွေ၊ မြေးတွေအကြောင်းလည်း ပြောဖြစ်ကြလေ၏။
လုကျုံးရီမှာ အရင်တုန်းကတော့ လောင်ဝမ်ဆီက လှောင်ပြောင်သရော်ခြင်းခံခဲ့ရဖူးကာ အလယ်တွင် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပေမဲ့ သူ့သားငယ် လုယန်က သူ့မျက်နှာကို ပြန်အဖတ်ဆယ်ပေးခဲ့၏။ နောက်ဆုံးတွင်မူ ရဲဘော်လုကျုံးရီသည် အသက်၂၅နှစ်အရွယ်မှာ အောင်အောင်မြင်မြင် အိမ်ထောင်ကျသွားခဲ့တဲ့ သားတစ်ယောက်ရှိလာခဲ့ပြီဖြစ်သည်။
— သူက လုမိသားစုရဲ့ နောက်ကျမှအိမ်ထောင်ပြုနိုင်တဲ့ ဘိုးဘေးအစဥ်အလာကျိန်စာကို ပြောင်းလဲပေးလိုက်တာပဲ။
ယင်းမှာ သူ့ကို မျက်နှာရစေသော်လည်း လုယန်လက်ထပ်လိုက်တဲ့ မိန်းကလေးမှာ ဒေါသကြီးတဲ့မိန်းကလေးဖြစ်နေတော့... ဒါပေမဲ့လည်း ဒုက္ခခံရမယ့်သူက သူ့သားပဲလေ၊ သူနဲ့ ဘာဆိုင်တာမှတ်လို့။
နောက်ဆုံးတွင်မူ သူက ပြောစရာခေါင်းစဥ်တစ်ခု ရလာခဲ့ပြီ -
"ဒါက ငါ့သားနဲ့ ချွေးမလေးတို့ရဲ့ ဓာတ်ပုံလေ"
"ငါ့ချွေးမလေးက လှတယ်မဟုတ်လား? လောင်ဝမ်ရေ မင်းရဲ့ချွေးမက ငါ့ချွေးမလောက် မလှဘူးပဲ ဟားဟား ငါ့သားအငယ်ဆုံးက အမြင်ကောင်းရှိတာပဲကွာ... ဟားဟားဟား..."
"ငါ့သားက ဒီလောက်ချောမောလှပတဲ့ မိန်းကလေးနဲ့ လက်ထပ်လိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ"
လှေပေါ်၌ လုကျုံးရီက ဂုဏ်ယူစွာ ပြောနေခဲ့၏။ သူ့ချွေးမလေးဟာ ဒေါသကြီးလွန်းတယ်ဆိုတဲ့ မကောင်းကွက်သာမရှိခဲ့ရင် ရုပ်ရည်ကတော့ ပထမတန်းစားပဲ။ ဆိုတော့ သူ့သားရဲ့ အမြင်က တကယ်ပဲ ကောင်းပါတယ်လေ။
သူတို့ရဲ့ လုမိသားစုမှာလည်း ချောမောလှပတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိလာချေပြီ။
ဒါက သူ့ကို ဂုဏ်တက်စေတယ်ကွ!
"ငါ မင်းကို မနာလိုမဖြစ်တော့ဘူးကွာ။ လောင်ဝမ်ရေ ငါ့ချွေးမလေးက အရမ်းလှတာဆိုတော့ သူမဆီမှာ သမီးလေးရှိလာခဲ့ရင် ငါ့မြေးမလေးကလည်း သေချာပေါက်ကို လှပနေမှာပဲ..."
Thanks for reading!